← Chapters

အခန်း (၆၄၃-၆၄၄)

Vol. 53 Ch. 643-644

အခန်း (၆၄၃-၆၄၄)

Vol. 53 Ch. 643-644

အခန်း ၆၄၃ မြောင်ကျန်းတာလော့အမတအဆင့် အထွတ်အထိပ်သို့ ချိုးဖျက်ဝင်ရောက်ခြင်း

"သက်တမ်း နှစ် ၁၀၀ ဘီလီယံ က ကပ်ဘေး တစ်ရာကို ဖြတ်ကျော်ခဲ့သည်" ကုအန်၏ မျက်စိရှေ့တွင် တွင် လျင်မြန်စွာပေါ်လာသော်လည်း ညွှန်ကြားချက်များ၏အရှည်မှာ မပြောင်းလဲဘဲ ကြိုးပမ်းမှုအားလုံး မအောင်မြင်ခဲ့ပေ။

ကုအန်မှာ အနည်းငယ်မျှ ထိတ်လန့်သွားခြင်း မရှိဘဲ သက်တမ်း နှစ် ၂၀၀ ဘီလီယံ ကို ဆက်လက် မြှုပ်နှံလိုက်၏။

သူ၏ မျက်လုံးများက သူ့ရှေ့ရှိ အသိပေးချက်များပေါ်တွင် အမြဲမပြတ် စူးစိုက်နေသည်။

လျှို့ဝှက်ဆန်းကြယ်ပြီး ခြောက်ခြားဖွယ် ကောင်းသော ဟုန်မုန့် မဟာကမ္ဘာ အတွင်း၌ ခရမ်းရောင် မြူခိုးများက လှိုင်းထန်နေ၏။

ကုအန်က သက်တမ်းများကို အဆက်မပြတ် မြှုပ်နှံနေခဲ့ရာ သက်တမ်း နှစ် ၅၀၀ ဘီလီယံ ထည့်ပြီးချိန်တွင် သူ၏ မျက်နှာပေါ်၌ နောက်ဆုံးတွင် အပြောင်းအလဲ တစ်ခု ပေါ်လာသည်။

သူက နိမိတ်မကောင်းသော ခံစားချက် တစ်ခုကို စတင် ရရှိလာသော်လည်း ကံကောင်းစွာဖြင့် သူ့တွင် သက်တမ်း ၁.၅ ထရီလီယံ ကျန်ရှိနေသေးသဖြင့် ထိတ်လန့်စရာ မလိုချေ။

နောက်ထပ် သက်တမ်း ၂၀၀ ဘီလီယံ နကို မြှုပ်နှံပြီးနောက် အသိပေးချက်များက နောက်ဆုံးတွင် ပြောင်းလဲသွား၏။

[သင်သည် ချီစုပ်ယူခြင်း ကျင့်ကြံမှုကို ၈၇ ဘီလီယံကြာကျင့်ကြံခဲ့ပါသည်... သင်၏ တာအိုအုပ်စိုးသူ ကျင့်စဉ် ကြီးမားစွာ အောင်မြင်မှုက မြောင်ကျန်းတာလော့အမတအဆင့်ကို အတင်းအကြပ် ထိုးဖောက်လိုက်ပါသည်... ကပ်ဘေး ဖြတ်ကျော်ခြင်းကို စတင်နေပါသည်... သင်သည် ဥပဒေသမဲ့ လွတ်လပ်သော ဖန်ဆင်းခြင်း မဟာကောင်းကင်ကပ်ဘေးကို မခံနိုင်ခဲ့ပါ... ကပ်ဘေး ဖြတ်ကျော်ခြင်း ကျရှုံးပါသည်]

[သင်သည် ချီစုပ်ယူခြင်း ကျင့်ကြံမှုကို ၈၈ ထရီလီယံ ကြာ ကျင့်ကြံခဲ့ပါသည်... သင်၏ တာအိုအုပ်စိုးသူ ကျင့်စဉ် ကြီးမားစွာ အောင်မြင်မှုက မြောင်ကျန်းတာလော့အမတအဆင့်ကို အတင်းအကြပ် ထိုးဖောက်လိုက်ပါသည်... ကပ်ဘေး ဖြတ်ကျော်ခြင်းကို စတင်နေပါသည်... သင်သည် ဥပဒေသမဲ့ လွတ်လပ်သော ဖန်ဆင်းခြင်း မဟာကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့ပါသည်... ကပ်ဘေး ဖြတ်ကျော်ခြင်း အောင်မြင်ပါသည်... သင်၏ ကျင့်ကြံခြင်းအဆင့်က မြောင်ကျန်းတာလော့အမတအဆင့် အစောပိုင်းသို့ ချိုးဖျက် ဝင်ရောက်သွားပါပြီ]

[သင်သည် ချီစုပ်ယူခြင်း ကျင့်ကြံမှုကို ၁၀၀ ဘီလီယံကြာ ကျင့်ကြံခဲ့ပါသည်... သင်၏ ကျင့်ကြံခြင်းအဆင့် မြင့်တက်သွားပါပြီ]

နောက်ဆုံးတော့ အဆင့်ချိုးဖျက်မှု အောင်မြင်သွားပြီပဲ။

ကုအန်၏ မျက်နှာပေါ်တွင် အပြုံးပန်း တစ်ပွင့် ပွင့်လန်းလာပြီး ဟုန်မုန့် မဟာကမ္ဘာ၏ ဝိညာဉ်စွမ်းအင်များက ရိုင်းစိုင်းစွာ ဆူပွက်လာကာ သူ့ကို တာအို အလင်းတန်းက ဝါးမျိုသွား၏။

သူက ဤနေရာတွင် ရပ်တန့်မသွားဘဲ သူ၏ ကျင့်ကြံခြင်း အတွင်းသို့ သက်တမ်းများကို ဆက်လက် မြှုပ်နှံလိုက်သည်။

ပြီးခဲ့သည့် အဆင့်ချိုးဖျက်မှုက အထွတ်အထိပ် အဆင့်သို့ တစ်ထိုင်တည်း မရောက်ရှိခဲ့သဖြင့် သူ့ကို အနည်းငယ် နောင်တရသွားစေခဲ့ရာ ယခုတစ်ကြိမ်တွင် သူ၏ စံသတ်မှတ်ချက်ကို မဖြစ်မနေ ပြည့်မီရမည် ဖြစ်၏။

အဆုံးတွင် ကုအန်က မြောင်ကျန်းတာလော့အမတအဆင့်၏ အထွတ်အထိပ်သို့ အောင်မြင်စွာ ရောက်ရှိသွားပြီး သက်တမ်း ၇၅၀ ဘီလီယံ ကျန်ရှိနေသေးသည်။

ကုအန်က မျက်လုံးများကို ကျေနပ်စွာ မှိတ်လိုက်ပြီး မြောင်ကျန်းတာလော့အမတက ယူဆောင်လာပေးသော ကံကြမ္မာ အထောက်အပံ့ အတွင်းသို့ နစ်ဝင်သွား၏။

ဟုန်မုန့် မဟာကမ္ဘာ အတွင်းရှိ ဝိညာဉ်စွမ်းအင်များ ဆူပွက်လာသည်နှင့်အမျှ မျက်စိဖြင့် မမြင်နိုင်သော တာအို နိယာမများကလည်း တုန်ခါလာပြီး အရောင်အသွေး စုံလင်သော နတ်ဘုရား မင်္ဂလာ အလင်းတန်းများက ဟင်းလင်းပြင်ထဲတွင် ထွက်ပေါ်လာသည်။

နောက်ပိုင်းတွင် ဟင်းလင်းပြင် အတွင်း၌ မိုးကြိုးများပင် ထွက်ပေါ်လာပြီး ဖျက်ဆီးခြင်း အရှိန်အဝါ တစ်ခုက စကြဝဠာ လေဟာနယ် တစ်ခုလုံးသို့ ပြန့်နှံ့သွား၏။

တစ်နာရီ ကြာပြီးနောက် ကုအန်က နောက်ဆုံးတွင် မြောင်ကျန်းတာလော့အမတအဆင့်သို့ ချိုးဖျက် ဝင်ရောက်သွားခဲ့သည်။

သူက တာအို အလင်းတန်းထဲတွင် စိမ်ဝင်နေဆဲ ဖြစ်ပြီး သူ၏ ဦးခေါင်းထက်မှ အညှောက်များ လျင်မြန်စွာ ထွက်ပေါ်လာကာ ပွင့်လန်း သီးပွင့်လာ၏။ အသီး ကြီးထွားလာပြီးနောက် ၎င်းက ရွှေရောင် အလင်းတန်း အဖြစ် ပေါက်ကွဲထွက်သွားပြီး ရေတွက်၍ မရနိုင်သော အလင်းစက်များ အဖြစ် ဖွဲ့စည်းသွားကာ သူ၏ ခေါင်းပေါ်တွင် လွင့်မျောနေသော ကြယ်တာရာစု တစ်ခုကဲ့သို့ ဖြစ်နေပေသည်။

သူက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

ကောင်းကင်ဖွင့် တာလော့အမတက ကမ္ဘာများကို ဖန်ဆင်းနိုင်ပြီး သာမန် မဟာကမ္ဘာထက်ပင် သာလွန်နိုင်သော်လည်း မြောင်ကျန်းတာလော့အမတကမူ ကမ္ဘာကို ၎င်း၏ ကိုယ်ပိုင် စွမ်းအား အဖြစ် ပြောင်းလဲနိုင်ပြီး အဆုံးအစမဲ့သော ဖန်ဆင်းနိုင်စွမ်း ရှိသည့် မြောင်ကျန်း ဓမ္မပုံရိပ်ကို စုစည်းနိုင်ပေသည်။

မြောင်ကျန်း ဓမ္မပုံရိပ်ကို မဟာတာအို သုံးထောင်ဖြင့် ဖွဲ့စည်းထားသော်လည်း တာအို တစ်ခုက ပင်မ ခန္ဓာကိုယ် အဖြစ် တည်ရှိနေပြီး ၎င်းက ကုအန် သိရှိထားသော တာအိုစကြဝဠာနှင့် အံ့ဖွယ်ကောင်းလောက်အောင် ဆင်တူနေ၏။

ဤဓမ္မပုံရိပ်က အမတတာအို ဓမ္မပုံရိပ်နှင့် မတူညီဘဲ မြောင်ကျန်းတာလော့အမတ အလိုရှိသမျှ အရာအားလုံးကို ပြီးမြောက်အောင်မြင်စေနိုင်ကာ အရာအားလုံးကို ဖန်ဆင်းနိုင်၊ ဖျက်ဆီးနိုင်ပြီး ဝါးမျိုနိုင်စွမ်းပင် ရှိသည်။

သူ၏ မြောင်ကျန်း ဓမ္မပုံရိပ်က အကြောင်းအကျိုး လမ်းစဉ်ကို အဓိက ထားရမည်လား သို့မဟုတ် စွမ်းအား လမ်းစဉ်ကို အဓိက ထားရမည်လားဟု ကုအန်က တွေဝေသွား၏။

အတော်ကြာ စဉ်းစားပြီးနောက် စွမ်းအား လမ်းစဉ်ကို ပင်မ အာရုံစိုက်မှု အဖြစ် ထားရှိရန် သူ ဆုံးဖြတ်လိုက်သည်။

သူက သန့်စင်သော ခွန်အားကို လိုအပ်ပြီး ထို့အပြင် သူက မြောင်ကျန်း ဓမ္မပုံရိပ်ကို ဖန်တီးနေခြင်းသာ ဖြစ်ကာ အကြောင်းအကျိုး လမ်းစဉ်ကို စွန့်လွှတ်လိုက်ခြင်း မဟုတ်ချေ။

ဆုံးဖြတ်ပြီးနောက် ကုအန်က မျက်လုံးများကို ထပ်မံ မှိတ်လိုက်ပြီး သူ၏ ဝိညာဉ် နက်ရှိုင်းသော နေရာတွင် မြောင်ကျန်း ဓမ္မပုံရိပ်ကို ဖန်တီးလိုက်၏။

သူ၏ စိတ် နက်ရှိုင်းသော နေရာမှ အမျိုးမျိုးသော အတွေးများ ပေါက်ကွဲထွက်လာပြီး သူ၏ စိတ်အခြေအနေကို ပို၍ တက်ကြွ ပျော်ရွှင်လာစေသည်။

ဖန်တီးခြင်း လုပ်ငန်းစဉ်က ပင်ပန်းခက်ခဲမှု မရှိချေ။ ၎င်းက လွယ်ကူပြီး လန်းဆန်းသည့် ခံစားချက်ကိုပင် ပေးစွမ်း၏။

အချိန်များက ဆက်လက် ကုန်ဆုံးသွားသည်။

မြောင်ကျန်းတာလော့အမတအဆင့် အလယ်လတ်။

မြောင်ကျန်းတာလော့အမတအဆင့် နှောင်းပိုင်း။

မြောင်ကျန်းတာလော့အမတအဆင့် အထွတ်အထိပ်။

ကုအန်က မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ သူငယ်အိမ်များတွင် ပုံရိပ်များ ထင်ဟပ်နေပြီး ၎င်းတို့ အားလုံးက သူ၏ ဝင်စားသော ခန္ဓာကိုယ်များ ဖြစ်ကြ၏။

မြောင်ကျန်း ဓမ္မပုံရိပ်ကို ဖန်တီးနေစဉ် ကုအန်က ကောင်းကင်တာအိုနှင့် ကောင်းကင်နန်းတော် ကြားရှိ ဆက်ဆံရေးကို တွေးတောမိသဖြင့် ကောင်းကင်နဂါး ဝင်စားခြင်း ဓမ္မပုံရိပ်ကို မြောင်ကျန်း ဓမ္မပုံရိပ် အတွင်းသို့ ပေါင်းစပ်ထည့်သွင်းလိုက်သည်။ သူ၏ ဝင်စားသော ခန္ဓာကိုယ်က မြောင်ကျန်း ဓမ္မပုံရိပ် အတွင်းရှိ နတ်ဘုရား တစ်ပါး ဖြစ်လာမည် ဖြစ်ပြီး ပိုမို ကြီးမားသော စွမ်းအားကို ဖန်တီးပေးမည် ဖြစ်၏။

တိုက်ပွဲတွင် မြောင်ကျန်း ဓမ္မပုံရိပ်ကို အသုံးပြုခြင်းက သတ္တဝါ အားလုံးအတွက် စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်သော နည်းလမ်း တစ်ခု ဖြစ်လာပေမည်။ သူသာ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကို ဆန့်ကျင်ချင်ပါက စိတ်ကူး တစ်ချက်လေးနှင့်ပင် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကို ဝါးမျိုရန် မြောင်ကျန်း ဓမ္မပုံရိပ်ကို အသုံးပြုနိုင်ပြီး သတ္တဝါ အားလုံးကို သူ၏ ကျွန်များ အဖြစ် ပြောင်းလဲကာ သူတို့၏ ဝိညာဉ်ရေး ဉာဏ်ပညာ အပါအဝင် သူတို့ ဘဝ၏ ကဏ္ဍပေါင်းစုံကို လွှမ်းမိုး ချုပ်ကိုင်နိုင်ပေသည်။

ဤသည်က ကြောက်မက်ဖွယ် ကောင်းသော စွမ်းရည် တစ်ခု ဖြစ်၏။ ထို့ပြင် မြောင်ကျန်းတာလော့အမတများ ကြားရှိ တိုက်ပွဲတွင် မြောင်ကျန်း ဓမ္မပုံရိပ်ကို ၎င်း၏ အဆုံးစွန်ထိ အသုံးပြုကြမည် ဖြစ်ရာ မဟာတာအိုနှင့် မဟာတာအိုတို့၏ တိုက်မိမှုက စကြဝဠာကို ခြေမွပစ်နိုင်လောက်အောင် အစွမ်းထက်ပေလိမ့်မည်။

ကုအန်က သူ့ကိုယ်သူ လုံးဝ မေ့လျော့မသွားချေ။ သူက သူ၏ အချက်အလက် မျက်နှာပြင်ကို ကြည့်လိုက်၏။

သူ့တွင် သက်တမ်း နှစ် နှစ်ထရီလီယံ တစ်ရာဘီလီယံ ကျန်ရှိနေသေးသည်။ မဆိုးဘူးပဲ။ ဤအဆင့်ချိုးဖျက်မှုက သက်တမ်း နှစ် တစ်ထရီလီယံ ရှစ်ရာဘီလီယံ ကုန်ကျသွားခဲ့သည်။

နောက်တစ်ကြိမ် အဆင့်ချိုးဖျက်မှုအတွက် အနည်းဆုံး သက်တမ်း ၅ ထရီလီယံ လိုပေအပ်လိမ့်မည်။ အသစ် ရရှိလာသော အစွမ်းထက် ကျင့်စဉ်စွမ်းအင်များ၏ ဆူပွက်မှုကို ခံစားရရင်း ကုအန်၏ နှုတ်ခမ်းများက အပေါ်သို့ ကွေးတက်သွားပြီး ပီတိဖြာနေ၏။

ဤအဆင့်ချိုးဖျက်မှုက သူ၏ မဟာတာအို အလိုဆန္ဒကိုလည်း အသွင်ကူးပြောင်းသွားစေခဲ့ပြီး သူ၏ စွမ်းအားများက ကမ္ဘာမြေကို တုန်လှုပ်သွားစေလောက်သည့် အပြောင်းအလဲ တစ်ခုကို ဖြတ်သန်းသွားခဲ့သည်။

ကောင်းကင်ဝိညာဉ်နတ်ဘုရားမှာ သူနှင့် ပိုပို၍ ဝေးကွာသွားခဲ့ပြီ ဖြစ်၏။

ကုအန်က ချက်ချင်း နေရာပြောင်းရွှေ့၍ ပြန်မသွားချေ။ ယင်းအစား သူက ဟုန်မုန့် မဟာကမ္ဘာ၏ အစွန်အဖျားဆီသို့ အကြည့်လွှဲလိုက်သည်။

ဟုန်မုန့် မဟာကမ္ဘာက မဟာတာအို လမ်းစဉ်နှင့် ဆက်စပ်မှု မရှိသလို မည်သည့် အချိန်နှင့် နေရာ လမ်းကြောင်းများနှင့်မျှလည်း မဆက်သွယ်ထားဘဲ အဆုံးအစမဲ့စွာ အဆက်မပြတ် ဆန့်ထွက်နေသော သီးခြား စကြဝဠာ တစ်ခုနှင့် တူနေ၏။

ဤနေရာတွင် သူ သိကျွမ်းသော သတ္တဝါများ မရှိသော်လည်း သူ၏ အဆင့်ချိုးဖျက်မှုကြောင့် ဖြစ်ပေါ်လာသော ပုံမှန်မဟုတ်သည့် ဖြစ်ရပ်များက စိတ်ဆန္ဒ တစ်ခုကို နှိုးဆွပေးလိုက်ပေသည်။

ကုအန်၏ အကြည့်အောက်တွင် မျက်စိဖြင့် မမြင်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခုက အမှောင်ထုထဲတွင် လှည့်လည် သွားလာနေပြီး တာလော့ တာအိုသီးကို ပိုင်ဆိုင်ထားသူများသာလျှင် ၎င်းကို ခံစားသိရှိနိုင်ပေသည်။

၎င်း၏ ပုံပန်းသဏ္ဌာန်က နဂါးတစ်ကောင်နှင့် တူပြီး ၎င်း၏ ရှေ့လက်များနှင့် လက်သည်းများက နဂါး၏ ခန္ဓာကိုယ် သဏ္ဌာန် ရှည်လျားကာ ၎င်း၏ ခေါင်းပေါ်တွင် တောင်ထွတ်များကဲ့သို့ မြင့်မားစွာ မတ်တတ်ရပ်နေသော သမင်ချိုနှင့် ဆင်တူသည့် အရာများ ရှိနေ၏။ ၎င်း၏ လည်ပင်း ပတ်လည်တွင် မြစ်များနှင့် ဆင်တူသော အရာ နှစ်ခု စီးဆင်းနေပြီး ၎င်းတို့၏ သဘာဝကို ကုအန်ပင်လျှင် ဖောက်ထွင်း မမြင်နိုင်ချေ။

[ကောင်းကင်တရားသူကြီး ချုံးလော့ (ကောင်းကင်ဖွင့်လစ် တာလော့အမတ အဆင့် အလယ်လတ်) :

၉၀၇,၈၇၂,၆၀၉,၃၂၇,၈၇၄ / ၂,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ / ၅,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀]

"အရမ်း ရှည်လျားတဲ့ ဂဏန်းတွေပဲ... အများဆုံး သက်တမ်းက နှစ်၅ ကွာဒရီလီယံ ပဲ... အကယ်လို့ ငါသာ သူ့ကို သတ်ပစ်လိုက်ရင်တော့ တကယ့် ကံထူးတာပဲ..." ကုအန်က သူ့ဘာသာ တွေးလိုက်သော်လည်း သူက ထိုသို့ ပြုလုပ်မည် မဟုတ်ချေ။ လုံကျန်း ကဲ့သို့ ဖြစ်လာရန် သူ ဆန္ဒမရှိပေ။

ထို့အပြင် လက်ရှိတွင် သူက သက်တမ်း လိုအပ်နေသော်လည်း အရေးတကြီးတော့ မဟုတ်သေးချေ။

ဟုန်မုန့် မဟာကမ္ဘာ အတွင်း၌ အခြားသော သတ္တဝါများ ရှိနေသေးသလား ဟု စူးစမ်းလိုစိတ်ဖြင့် ကုအန်က အခြား အရပ်မျက်နှာများဆီသို့ လှမ်းကြည့်လိုက်၏။

ကြည့်လိုက်သောအခါ အမှန်တကယ်ပင် စိတ်ဆန္ဒ များစွာကို သူ တွေ့ရှိလိုက်သည်။ သူတို့တွင် အသားစိုင် ခန္ဓာကိုယ် မရှိကြသော်လည်း တစ်ခုချင်းစီတိုင်းက အစွမ်းထက်ကြပြီး သူတို့ အထဲမှ အားအနည်းဆုံးသူကပင် ထိုက်ချင်း ရွှေအမတအဆင့် ကျင့်ကြံခြင်း အဆင့်ကို ပိုင်ဆိုင်ထားကြ၏။

ဟုန်မုန့် မဟာကမ္ဘာက တကယ့်ကို မရိုးရှင်းချေ။

ရုတ်တရက် ကုအန်၏ အကြည့်များက အရပ်မျက်နှာ တစ်ခုဆီသို့ စူးစိုက်သွားသည်။

အဝေး တစ်နေရာတွင် အဆုံးအစမဲ့သော ဟုန်မုန့် ခရမ်းရောင် ချီစွမ်းအင်များက ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ တစ်ခုလုံးထက်ပင် ကြီးမားသော ဧရာမ ဥကြီး တစ်လုံး အဖြစ် စုစည်းသွားကြပြီး ၎င်း၏ ပတ်လည်တွင် ဟုန်မုန့် ခရမ်းရောင် ချီစွမ်းအင်များက လှိုင်းထန်စွာ ရစ်ပတ်နေ၏။

ကုအန်က ၎င်းအပေါ်တွင် သက်တမ်း ရှာဖွေခြင်းကို အသုံးပြု၍ မရသလို ၎င်း၏ အစစ်အမှန် သဘာဝကိုလည်း ဖောက်ထွင်း မမြင်နိုင်ချေ။

စူးစမ်းလိုစိတ် ရှိသော်လည်း ၎င်းကို အနှောင့်အယှက် ပေးရန် သူ ရည်ရွယ်မထားပေ။

ဟုန်မုန့် မဟာကမ္ဘာက လျှို့ဝှက်ချက် များစွာကို ဖုံးကွယ်ထားပုံ ရ၏။

ကုအန်က သက်တမ်း အတားအဆီး အတွင်းမှနေ၍ ခဏကြာအောင် စောင့်ကြည့်ပြီးနောက် နေရာပြောင်းရွှေ့ ပြန်သွားရန် ရွေးချယ်လိုက်သည်။

ဤအပြန်ခရီးစဉ်က နောက်ထပ် သက်တမ်း ၁၀ ဘီလီယံကို ကုန်ဆုံးသွားစေခဲ့သည်။

ကောင်းကင်ဝိညာဉ် မဟာကမ္ဘာသို့ ပြန်ရောက်သောအခါ ကုအန်က တောအုပ်တစ်ခု အတွင်း၌ ရပ်နေပြီး မျက်လုံးများကို ဖွင့်လိုက်ရာ မဟာကမ္ဘာများ၊ စကြဝဠာ နယ်မြေများ၊ ကမ္ဘာငယ်များနှင့် သာမန် လူသားကမ္ဘာများက သူ၏ မြင်ကွင်းထဲသို့ တစ်ခုပြီးတစ်ခု ဝင်ရောက်လာသည်ကို မြင်လိုက်ရ၏။

သို့သော်လည်း ဟုန်မုန့် မဟာကမ္ဘာကိုမူ သူ မမြင်နိုင်ချေ။

ဤစကြဝဠာ၏ အလွန်တွင် အခြား စကြဝဠာ တစ်ခု ရှိနေပြီး ဤကောင်းကင်နှင့် မြေကြီး အထက်တွင် အခြား ကောင်းကင်နှင့် မြေကြီး ရှိနေကာ သူက အဆုံးအစမဲ့သော ကမ္ဘာတစ်ခု အတွင်း၌ တည်ရှိနေသကဲ့သို့ ဖြစ်နေသဖြင့် မဟာတာအို၏ ထာဝရ တည်တံ့သော သဘာဝကို သူ့အား ပြန်လည် တွေးတောမိသွားစေသည်။

အခန်း ၆၄၄ ကောင်းကင်နတ်ဘုရား ကပ်ဘေး

ကုအန်က တောအုပ်ထဲတွင် တစ်ခဏမျှ ရပ်နေပြီးနောက် သူ၏ အကြည့်များကို ရုပ်သိမ်း၍ ရှေ့သို့ လှမ်းထွက်လိုက်၏။

ခြေတစ်လှမ်းတည်းနှင့်ပင် သူက သက်တမ်းတာအိုနယ်မြေသို့ ပြန်ရောက်သွားသည်။

ထျန်ဟောင် ပြန်ရောက်လာသည့်အတွက် တပည့်များက ကုအန်၏ ခြံဝင်းထဲတွင် စုဝေးနေကြပြီး အတော်လေး စည်ကားနေ၏။ သူတို့က ထျန်ဟောင်၏ ဤနှစ်များအတွင်း အတွေ့အကြုံများကို နားထောင်ရင်း တစ်ခါတစ်ရံ အားကျချီးကျူးစကားများ ဆိုကြသဖြင့် ထျန်ဟောင်မှာ အတော်လေး မျက်နှာပွင့်နေပြီး သူ၏ အပြုံးများက မပျောက်နိုင်အောင် ဖြစ်နေတော့သည်။

ထျန်ဟောင်က ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးနှင့် တိုက်ခိုက်ခဲ့ရသည့် အကြောင်းကို ပြောပြနေစဉ် သူ၏ အကြည့်က ခြံတံတိုင်းဘက်သို့ ရုတ်တရက် ရောက်သွားပြီး ကုအန်၏ ပုံရိပ်ကို တွေ့လိုက်ရ၏။

"ဆရာ..."

ထျန်ဟောင်က အံ့ဩတကြီး အော်လိုက်သဖြင့် အခြားသူများ၏ အာရုံကို ဆွဲဆောင်သွားပြီး လှည့်ကြည့်လိုက်ကြသောအခါ ကုအန် ပြန်ရောက်နေသည်ကို တွေ့လိုက်ရ၍ လူတိုင်း မတ်တတ်ထရပ်လိုက်ကြသည်။

ကုအန် ခြံဝင်းထဲသို့ လျှောက်လာသောအခါ ထျန်ဟောင်က သူ၏အနားသို့ စိတ်လှုပ်ရှားစွာ တိုးကပ်သွားပြီး ပြောလိုက်၏။

"ဆရာ... ကျွန်တော် ဆန်းကြယ်တာအိုအမတအဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပြီ..."

ထိုစကားကို ကြားသောအခါ ကုအန်က ပြုံးလိုက်ပြီး ပြောလိုက်သည်။ "မဆိုးဘူး... မင်း ပေါ့ပေါ့ဆဆ မနေခဲ့ဘူးပဲ..."

တပည့်လေး... မင်းရဲ့ဆရာက မြောင်ကျန်းတာလော့အမတအဆင့်ကို ထိုးဖောက်ရောက်ရှိသွားပြီကွ။

ကုအန်က သူ၏ စိတ်ထဲတွင်သာ ကျိတ်၍ ပြောလိုက်၏။ သူက သူ၏ အစစ်အမှန် စွမ်းအားကို အခြားသူများအား မည်သည့်အခါမျှ ထုတ်ဖော်ပြသမည် မဟုတ်ချေ။ သူ့အနီးကပ်ဆုံး လူများကိုပင် ဖြစ်သည်။

ဆန်းကြယ်တာအိုအမတအဆင့်က အစွမ်းထက်သော်လည်း ကုအန်နှင့် ယှဉ်လျှင် အလှမ်းဝေးနေဆဲ ဖြစ်၏။

ကုအန်က လူအုပ်ကြီးရှိရာသို့ လျှောက်သွားရာ ထျန်ဟောင်က သူ၏ဘေးမှ လိုက်ပါလာပြီး သူ၏ ရရှိခဲ့မှုများကို ဆက်လက် ဝေမျှနေသည်။

အခြားသူများ၏ ရှေ့တွင် သူက နှိမ့်ချကောင်း နှိမ့်ချနေမည် ဖြစ်သော်လည်း ကုအန်၏ ရှေ့တွင်တော့ ချီးမွမ်းခံရရန် အမှန်တကယ် ဆန္ဒရှိနေ၏။

အတန်ကြာပြီးနောက် လူတိုင်းက လက်နက်သန့်စင်မီးဖိုကြီး၏ ဘေးတွင် ဝိုင်းထိုင်လိုက်ကြပြီး ရှန်ကျိန်းနှင့် အန်ရှင်းတို့လည်း ရောက်လာကြကာ သူတို့အားလုံး လောကီရေးရာ အဖြာဖြာကို အတူတကွ စကားစမြည် ပြောဆိုကြသည်။

ထျန်ဟောင်မှလွဲ၍ အန်ရှင်း၊ ရှန်ကျန်း၊ ထျန်းယောင်အာ၊ ထျန်းချင်နှင့် ထျန်းပိုင်တို့သာ တစ်ခါတစ်ရံ နယ်မြေအပြင်ဘက်သို့ ထွက်လေ့ရှိကြ၏။ ကျန်သော သူများက အမြဲတမ်း အထဲတွင်သာ နေထိုင်ကြသဖြင့် ပြင်ပလောကအကြောင်းကို သိရှိရန် ဤကဲ့သို့သော အခွင့်အရေးများကို တန်ဖိုးထားကြကာ အတော်လေး တက်ကြွနေကြသည်။

"ခုခေတ် လူသားကမ္ဘာမှာ အမတနတ်ဘုရားတွေကို ကိုးကွယ်တဲ့ ဂိုဏ်းတွေ အများကြီး ရှိနေတယ်... အရင်ကတော့ ဒီဂိုဏ်းတွေ အားလုံးက လိမ်ညာနေကြတာလို့ ကျွန်တော် ထင်ခဲ့တာ... ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက ဒီလိုဂိုဏ်းတစ်ခုက ပါရမီရှင်တစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရတယ်..သူ့ရဲ့ ကျင့်စဉ်အဆင့်ထက် ကျော်လွန်တဲ့ စွမ်းအားတွေကို ထုတ်သုံးပြသွားတာက ကျွန်တော့်ကိုတောင် တကယ် အံ့အားသင့်စေခဲ့တယ်..."

ထျန်ဟောင်က တွေးတောနေသည့် အမူအရာဖြင့် ဤအကြောင်းအရာကို ထုတ်ဖော်ပြောဆိုလာ၏။ သူက ကုအန်ဘက်သို့ လှည့်၍ မေးလိုက်သည်။ "ဆရာ... အမတနတ်ဘုရားတွေအပေါ် ဘယ်လို မြင်လဲ... အစစ်အမှန် အမတနတ်ဘုရားတွေက တကယ် ရှိတာလား... ကျွန်တော် ဆိုလိုတာက ကျင့်ကြံထားတဲ့ အစွမ်းထက်သူတွေ မဟုတ်ဘဲ အရာအားလုံးကို ထိန်းချုပ်နိုင်ဖို့ မွေးရာပါ နတ်ဘုရားတွေအဖြစ် မွေးဖွားလာသူတွေကို ဆိုလိုတာပါ..."

အခြားသူများကလည်း ကုအန်၏ အဖြေကို မျှော်လင့်တကြီးဖြင့် ကြည့်လိုက်ကြ၏။

ကုအန်က ပြန်လည် ဖြေကြားလိုက်သည်။ "မဟာတာအိုက တည်ဆောက်ထားတဲ့ ဒီကမ္ဘာကြီးမှာ မင်းတို့ စိတ်ကူးကြည့်လို့ရတဲ့ ဘယ်လို သက်ရှိမဆို တကယ် ရှိနေနိုင်တယ်... ဒါပေမဲ့ ဘယ်သူမှတော့ အကြွင်းမဲ့ စွမ်းအားကို မပိုင်ဆိုင်ထားကြဘူး..."

ထျန်ဟောင်က အတွေးနက်သွား၏။

အခြားသူများကလည်း အမတနတ်ဘုရားများနှင့် ယှဉ်လျှင် သူတို့၏ ဆရာနှင့် နတ်ဘုရားများအနက် မည်သူက ပို၍ အစွမ်းထက်မည်ကို တွေးတောနေကြသည်။

ထို့နောက် ကုအန်က လူတိုင်းကို မေးခွန်းတစ်ခု မေးလိုက်၏။

"နှစ်ပေါင်း ထောင်ချီ ကြာမြင့်သွားလို့ မင်းတို့ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာရဲ့ အထွတ်အထိပ်ကို ရောက်သွားခဲ့ရင် ဒီနေရာမှာပဲ ဆက်နေကြမှာလား... ဒါမှမဟုတ် ပိုမြင့်မားတဲ့ လမ်းစဉ်ကို ရှာဖွေကြမလား..."

ထျန်းယောင်အာက ချက်ချင်း ဖြေလိုက်သည်။ "ဆရာ ဘယ်သွားသွား ကျွန်မ လိုက်မှာ"

သွေးကျဉ်းထောင် သူတော်စင်က သူမကို စူးရှစွာ စိုက်ကြည့်လိုက်၏။ သူမက ဘယ်လိုလုပ် ဤမျှ မြန်မြန် ဖြေနိုင်ရသနည်းဟု သူ တွေးလိုက်မိသည်။

အခြားသူများလည်း သူမကဲ့သို့ မြှောက်ပင့်ပြောဆိုလာမည်ကို တားဆီးရန် ကုအန်က ခေါင်းယမ်း၍ ပြောလိုက်သည်။ "ဒီမေးခွန်းကို သေချာ စဉ်းစားကြပါ... ဖြေဖို့ မလောကြနဲ့..."

သူက မတ်တတ်ထရပ်၍ သူ၏ အိမ်ဆီသို့ လျှောက်သွားလိုက်၏။

အဆင့်ကို ယခုလေးတင် ထိုးဖောက်အောင်မြင်ထားသဖြင့် သူ၏ မြောင်ကျိန်းဓမ္မပုံရိပ်ကို ပြန်လည် အကဲဖြတ်ရန် ပြင်ဆင်လိုက်သည်။

သူ၏ မြောင်ကျိန်းဓမ္မပုံရိပ် စွမ်းအားကို ပထမဆုံး ခံစားခွင့်ရလောက်အောင် မည်သူက ကံကောင်းမည်ကို မည်သူ သိနိုင်မည်နည်း။

နေရောင်ခြည်အောက်တွင် နွေရာသီလေပြေက တောင်တန်းများပေါ်ရှိ ပန်းများနှင့် မြက်ခင်းများကို လှုပ်ခတ်သွားစေပြီး အစိမ်းရောင် လှိုင်းလုံးများ ဖန်တီးလိုက်ရာ မည်သူ့ဝိညာဉ်ကိုမဆို လန်းဆန်းသွားစေနိုင်လောက်အောင် တင့်တယ်လှပသော မြင်ကွင်းတစ်ခုပင် ဖြစ်၏။

လီယက တောင်ကြောတစ်ခုပေါ်တွင် ရပ်နေပြီး သူ၏ ရှေ့ရှိ လူကို ကြည့်နေသော သူ၏ အမူအရာက တစ်မျိုးလေး ဖြစ်နေသည်။

သူ၏ ရှေ့တွင် ရပ်နေသောသူမှာ အခြားသူ မဟုတ်ဘဲ ကောင်းကင်နန်းတော်မှ ရွှေရောင်အထွတ်အထိပ် နတ်ဘုရားပင် ဖြစ်၏။

လူသားကမ္ဘာတွင် လှည့်လည်သွားလာနေစဉ်ပင် ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက သူ၏ ရွှေရောင် နတ်ချပ်ဝတ်တန်ဆာကို ဖုံးကွယ်ထားခြင်း မရှိဘဲ မည်သည့် ရုပ်ဖျက်မှုမျိုးကိုမျှ ပြုလုပ်ထားခြင်း မရှိချေ။ နေရောင်ခြည်အောက်တွင် သူ၏ ချပ်ဝတ်တန်ဆာက ထူးခြားသော တောက်ပမှုတစ်ခုကို ရောင်ပြန်ဟပ်နေသည်။

"ဒါလာပြန်ပြီ... တစ်ချိန်က တာအိုဘုန်းကြီးအို တစ်ပါးကလည်း ငါ့ကို ဒီလိုပဲ ပြောခဲ့ဖူးတယ်... ခင်ဗျားတို့တွေက တကယ်ကို ထူးဆန်းတာပဲ..."

လီယက မနေနိုင်ဘဲ သရော်သည့်ဟန်ဖြင့် ပြောလိုက်၏။

သူက အမတအရက်တစက် ကမ်းလှမ်းခဲ့သော လနတ်ဘုရားကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ အစပိုင်းတွင် သူ အလန့်တကြား ဖြစ်ခဲ့ရသော်လည်း နှစ်ပေါင်းများစွာ ကြာသည့်တိုင် ဘာမှ ထူးခြားမလာသောအခါ သူ အလိမ်ခံလိုက်ရမှန်း သဘောပေါက်သွားခဲ့၏။

လီယ၏ တုံ့ပြန်မှုကို ကြားသောအခါ ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက မျက်ခုံးပင့်လိုက်ပြီး သူ၏ တွက်ချက်မှုများကြောင့် သူ၏ အမူအရာက စိတ်ဝင်စားဖွယ် ဖြစ်သွားသည်။

သူ ဟန်ရေးပြနေသည်ကို မြင်သောအခါ လီယမှာ ပို၍ပင် အမြင်ကပ်လာ၏။

ဤကမ္ဘာကြီးတွင် လူလိမ်လူညာများ တဖြည်းဖြည်း ပိုများလာသည်ပဲ။

လီယက ချက်ချင်းပင် လှည့်၍ ထွက်ခွာရန် ပြင်လိုက်သည်။

"မင်းက အမှန်တကယ်ပဲ မူလရုပ်ခန္ဓာကို ပိုင်ဆိုင်ထားတယ်... သင့်တော်တဲ့ ကျင့်စဉ်တစ်ခု လိုအပ်နေလို့ မင်းရဲ့ ကိုယ်ပိုင် အသွင်ပြောင်းလဲမှုကို မခံစားနိုင်သေးတာပဲ"

ရွှေရောင်အထွတ်အထိပ် နတ်ဘုရား၏ အသံက ထပ်မံ ထွက်ပေါ်လာသဖြင့် လီယ၏ ခြေလှမ်းများ ရပ်တန့်သွား၏။

လီယက ကိုယ်ကို တစ်ဝက်လှည့်၍ ရွှေရောင်အထွတ်အထိပ် နတ်ဘုရားကို မျက်စောင်းထိုး ကြည့်ကာ မေးလိုက်သည်။

"အို... ဒါဆို မူလရုပ်ခန္ဓာ ဆိုတာ ဘာလဲ ငါ့ကို ပြောပြနိုင်မလား..."

ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက အမူအရာ ကင်းမဲ့စွာဖြင့် ပြောလိုက်၏။ "အရာအားလုံးမှာ မူလအစဆိုတာ ရှိတယ်... လူသားမျိုးနွယ်လည်း အတူတူပဲ... ပထမဆုံး လူသားမျိုးနွယ်တွေက ပိုမြင့်မားတဲ့ ဘုံမှာ မွေးဖွားလာကြပြီး မဟာတာအိုကို နားလည်သဘောပေါက်နိုင်စွမ်းရှိတဲ့ မူလရုပ်ခန္ဓာတွေကို သဘာဝအလျောက် ပိုင်ဆိုင်ထားကြတယ်... အခု မင်းက မင်းရဲ့ ဘိုးဘေးတွေရဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားတာပဲ... ဒီနယ်ပယ်မှာ ဘယ်သူနဲ့မှ မယှဉ်နိုင်ဘူး..."

လီယက အံ့အားသင့်မသွားဘဲ စိတ်ဝင်တစား မေးလိုက်သည်။ "ဒါဆို မူလဘူတ လူသားမျိုးနွယ်ရဲ့ ကျင့်စဉ်ကို ငါ့ဆီ လက်ဆင့်ကမ်းပေးနိုင်မလား..."

"သေချာပေါက် ရတာပေါ့..." ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက ပြန်ဖြေလိုက်၏။ "ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လဲ..."

လီယ၏ ဇွတ်တရွတ် မေးမြန်းမှုကို ရင်ဆိုင်ရသော်လည်း ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက ဆက်မဖြေတော့ချေ။ ထို့အစား သူ၏ ညာလက်ကို မြှောက်လိုက်ရာ သူ၏ ဘေးတွင် အလင်းကွင်းတစ်ခု ဖြစ်ပေါ်လာပြီး အလျင်အမြန် ကျယ်ပြန့်လာကာ အတွင်းဘက်တွင် အမှောင်အတိ ကျသွား၏။

လီယက မျက်မှောင်ကြုတ်လိုက်သည်။ သူက အထိတ်တလန့် မဖြစ်ဘဲ သူ၏ နေရာတွင် ဆက်ရပ်၍ စောင့်ဆိုင်းနေ၏။

မကြာမီမှာပင် အလင်းကွင်းက ရွှေရောင်အထွတ်အထိပ် နတ်ဘုရားထက် ပို၍ မြင့်မားလာပြီး ၎င်း၏ အတွင်း၌ သွေးရောင် ပုံရိပ်တစ်ခုကို ဝိုးတဝါး မြင်တွေ့လိုက်ရသည်။

ဤပုံရိပ်ကို မြင်သောအခါ လီယက သူ၏ မျက်မှောင်များကို ပိုမို တင်းကျပ်စွာ ကုတ်လိုက်ပြီး ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်ကို ခံစားလိုက်ရ၏။

"သူက မူလဘူတ လူသားမျိုးနွယ်ထဲကပဲ... သူ့ကို မင်းရဲ့ ပြိုင်ဘက် ဖြစ်ခွင့်ပေးလိုက်... မင်းတို့က အဆင့်တူတွေပဲ... မင်း သူ့ကို အနိုင်ယူနိုင်ရင် မင်း လိုချင်တာ အားလုံးကို ရရှိဖို့ ထိုက်တန်တယ်..."

ရွှေရောင်အထွတ်အထိပ် နတ်ဘုရား၏ စကားသံ အဆုံးတွင် လီယ၏ မျက်လုံးအိမ်များက ရုတ်တရက် ကျယ်သွားသည်။

ချွင်...

လီယက ထာဝရကိုးပါးမြင့်မြတ်နှလုံးသား နတ်ဓားကို အံ့မခန်း မြန်နှုန်းဖြင့် ဆွဲထုတ်လိုက်ပြီး ငါးမန်းသွားနှင့် တူသော အခြားဓားတစ်လက်ကို သူ၏ ဓားဖြင့် ကာကွယ်လိုက်၏။

သွေးရောင် အငွေ့အသက်များ ရစ်သိုင်းနေသော ဆံပင်ရှည်နှင့် လူတစ်ယောက်က လီယ၏ ရှေ့တွင် ပေါ်လာသည်။ ဤလူက အပေါ်ပိုင်း ဗလာကျင်းနေပြီး သစ်မြစ်များကဲ့သို့ ကြွက်သားများက သူ၏ အသားစိုင်များပေါ်တွင် ရစ်ခွေနေကာ ပြင်းထန်သော မြင်ကွင်းတစ်ခုကို ဖန်တီးပေးနေ၏။

"ဘယ်လောက်တောင် အစွမ်းထက်တဲ့ ချီစွမ်းအင်လဲ..."

လီယမှာ စိတ်ထဲမှ ကြိတ်၍ အံ့ဩသွားပြီး သူ၏ လက်မောင်းများပင် တုန်ယင်သွားသည်။

ဘုန်းခနဲ အသံကြီး ထွက်ပေါ်လာ၏။

ထိတ်လန့်ဖွယ်ရာ စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး တောင်ကုန်းများတစ်လျှောက်ရှိ စိမ်းလန်းသော မြက်ခင်းများကို တစ်မုဟုတ်ချင်း ဖျက်ဆီးပစ်လိုက်ကာ ဆက်တိုက် တည်ရှိနေသော တောင်တန်းများကို တောရိုင်းမြေအဖြစ် ပြောင်းလဲသွားစေပြီး ကောင်းကင်နှင့် မြေကြီးကို မှောင်မိုက်သွားစေသည်။

လီယနှင့် ဆံပင်ရှည်နှင့် လူတို့က ဓားချီ ရောင်ခြည်တန်း နှစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး ကောင်းကင်ယံမှ မရေမတွက်နိုင်သော ဓားချီများ ကျဆင်းလာကာ မြေကြီးနှင့် တောင်တန်းများကို ဖျက်ဆီးပစ်လိုက်သည်။ ပေါက်ကွဲမှုများက တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေ၏။

ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက အေးစက်သော အကြည့်ဖြင့် မော့ကြည့်လိုက်သည်။

"အရမ်း နှေးလွန်းတယ်... သေမျိုးဝိညာဉ်တွေကို ဘယ်သူက သူတို့ကို ကာကွယ်ပေးနေလဲဆိုတာ သိစေဖို့ လူသားကမ္ဘာကို အနည်းငယ် တွန်းအားပေးဖို့ အချိန်တန်ပြီ ထင်တယ်..."

ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက သူ့ဘာသာ ရေရွတ်လိုက်၏။ သူ၏ ဘေးရှိ အလင်းကွင်းက ပိုမို ကြီးမားလာပြီး ၎င်း၏ အတွင်းမှ အရိပ်များ လျှောက်ထွက်လာကြကာ တစ်ယောက်စီတိုင်းက ဆံပင်ရှည်နှင့် လူထက် အားမနည်းကြချေ။

အဝေးတစ်နေရာရှိ သက်တမ်းတာအိုနယ်မြေ အတွင်းတွင် ကုအန် မျက်လုံးပွင့်လာသည်။

သူ၏ မျက်လုံးများက ရွှေရောင်အထွတ်အထိပ် နတ်ဘုရား၏ ပုံရိပ်ကို ရောင်ပြန်ဟပ်နေ၏။

ကောင်းကင်နှင့် မြေကြီး၏ ကံကြမ္မာက ပြောင်းလဲသွားခဲ့ချေပြီ။

အားလုံးက ရွှေရောင်အထွတ်အထိပ် နတ်ဘုရား၌ လျှို့ဝှက် ရည်ရွယ်ချက်များ ရှိနေခြင်းကြောင့် ဖြစ်၏။

သူက သူ မွေးမြူထားသော မူလဘူတ လူသားမျိုးနွယ်ကို အသုံးပြု၍ ကမ္ဘာကြီးကို ဖိနှိပ်ရန် ရည်ရွယ်ထားပြီး ထို့နောက် ကောင်းကင်နတ်ဘုရား ကယ်တင်ရှင်အဖြစ် သရုပ်ဆောင်ရန် ဖြစ်၏။ သို့သော်လည်း အရာရာက သူ လိုချင်သည့်အတိုင်း ဖြစ်မလာဘဲ ပြင်ပကောင်းကင်မှ အကျိုးဆက်များကို ပိုမို ဆွဲဆောင်မိသွားမည် ဖြစ်သည်။

"ဒီလိုစိတ်ထားနဲ့ နတ်ဘုရားအဖြစ် ဟန်ဆောင်တာက မဟာတာအိုအပေါ် ရိုသေလေးစားမှု ကင်းမဲ့နေတာကို ပြသနေတာပဲ..."

ကုအန်က တိုးတိုးလေး ရေရွတ်လိုက်၏။ သူက ရွှေရောင်အထွတ်အထိပ် နတ်ဘုရားကို အထင်ကြီး လေးစားခြင်း မရှိချေ။ သူက အနှောင့်အယှက် မခံချင်ရုံသာ ဖြစ်သော်လည်း အမှန်တကယ် ပြောင်းလဲမှုများ ရှိလာပါက သူက သက်တမ်းကို ရိတ်သိမ်းရန် အတင်းအကျပ် ဖိအားပေးခံရလိမ့်မည်။

အစွမ်းထက်သော ကောင်းကင်နတ်ဘုရား တစ်ပါးပင်လျှင် သူ၏ တစ်ကိုယ်ကောင်းဆန်မှုက သူ၏ အုပ်စိုးမှုကို မှောက်လှန်ပစ်နိုင်သည့် ဘေးဒုက္ခတစ်ခု ဆောင်ကြဉ်းလာမည်ကို ကြိုတင် မမြင်နိုင်ခဲ့ချေ။

အမည်ခံ စွမ်းအားဆိုသည်မှာ သူတို့၏ ကိုယ်ပိုင် မျက်လုံးများထဲတွင်သာ လုံလောက်အောင် အစွမ်းထက်နေပုံပေါ်ပြီး အစွမ်းအထက်ဆုံး ကျင့်ကြံသူများပင် သူတို့၏ ကိုယ်ပိုင် ကံကြမ္မာကို ထိုးထွင်း မမြင်နိုင်ကြပေ။

ကုအန်က ကံကြမ္မာနှင့် အကြောင်းအကျိုးတို့အပေါ် ပိုမို နက်ရှိုင်းသော နားလည်သဘောပေါက်မှုကို ရရှိသွား၏။

သူက ရွှေရောင်အထွတ်အထိပ် နတ်ဘုရား၏ လမ်းကြောင်းတစ်လျှောက် တွက်ချက်မှုများ စတင်လိုက်သည်။

သူက ပုံရိပ်များစွာကို မြင်တွေ့လိုက်ရ၏။

ရွှေရောင်အထွတ်အထိပ် နတ်ဘုရား၏ အတွင်း၌ ကမ္ဘာတစ်ခု ရှိနေပြီး မဟာကမ္ဘာတစ်ထောင်ကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည့် စစ်တပ်တစ်ခုကို ဖုံးကွယ်ထားသည်။

သူက ရွှေရောင်အထွတ်အထိပ် နတ်ဘုရား၏ ဘေးတွင် ထောင်ပေါင်းများစွာသော အပေါင်းအပါများကို တွေ့လိုက်ရ၏။

မဟာတာအိုအထက်တွင် ရပ်တည်ကာ ကောင်းကင်ဘုံအားလုံးကို စီးမိုးကြည့်နေသည့် ပုံရိပ်တစ်ခုကိုလည်း သူ မြင်တွေ့လိုက်ရသည်။

All Chapters