အခန်း (၆၄၅-၆၄၆)
Vol. 53 Ch. 645-646
အခန်း ၆၄၅ ဝူရှီ(သက်တမ်းမဲ့) ပေါ်ထွက်လာခြင်း
ကုအန်က လီယ၏ တိုက်ပွဲကို စောင့်ကြည့်နေ၏။ လီယ၏ တိုးတက်လာမှုကို အတော်လေး ကျေနပ်သွား၏။
ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက လီယကို သိမ်းသွင်းရန် ရည်ရွယ်ထားသဖြင့် သူ့ကို အသေခံမည် မဟုတ်သောကြောင့် ကုအန်က ဝင်ရောက် စွက်ဖက်ရန် ရည်ရွယ်ချက် မရှိချေ။
နှစ်သောင်းပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ လူသားကမ္ဘာကို ဂယက်ရိုက်ခတ်မှု အချို့ ခံစားခွင့်ပေးရန် အချိန်တန်ပြီလေချေပြီ။
စမ်းသပ်မှုများက သက်ရှိအားလုံးအတွက် အခွင့်အရေးများ ဖြစ်လာနိုင်၏။ ငြိမ်းချမ်းခြင်းက ဘေးကင်းလုံခြုံခြင်းဟု အမြဲတမ်း မဆိုလိုဘဲ ကြီးမားသော ပျက်စီးဆုံးရှုံးမှုကသာ နိဗ္ဗာန်မှတစ်ဆင့် ပြန်လည်မွေးဖွားခြင်းဆီသို့ ဦးတည်သွားစေနိုင်သည်။
ကုအန်က မျက်လုံးများကို ဆက်မှိတ်ထားလိုက်ပြီး သူ၏ မြောင်ကျိန်းဓမ္မပုံရိပ်ကို ဆက်လက် သန့်စင်နေလိုက်သည်။
ထိုနောက်ပိုင်း နှစ်များအတွင်း ဆယ်စုနှစ်တစ်ခုပင် မပြည့်မီမှာပင် ရွှေရောင်အထွတ်အထိပ် နတ်ဘုရား လွှတ်ပေးလိုက်သော မူလဘူတ လူသားမျိုးနွယ်က လောကကြီးတွင် အကြီးမားဆုံးသော ဘေးဒုက္ခကြီးတစ်ခု ဖြစ်လာခဲ့၏။
ဤမူလဘူတ လူသားမျိုးနွယ်တွင် ကောင်းကင်တက်လှမ်းခြင်းနှောင်ဖွဲ့ကင်းအမတ တစ်ပါး၊ မူလဘူတအနှောင်ဖွဲ့ကင်းအမတ ဆယ်ပါးကျော်နှင့် ထိုအောက်ရှိ အဆင့်အသီးသီးမှ ကျင့်ကြံသူများ ပါဝင်ကြပြီး ၎င်းတို့ထဲမှ အနိမ့်ဆုံးသူပင်လျှင် အမတတာအိုအဆင့်ကို ပိုင်ဆိုင်ထားကြသည်။
သူတို့က နေရာအနှံ့ သောင်းကျန်းကြပြီး သူတို့၏ နယ်မြေများကို တည်ထောင်ရန် သက်ရှိများကို သတ်ဖြတ်ကြသဖြင့် တစ်လောကလုံးကို တုန်လှုပ်သွားစေခဲ့၏။
ရွှေရောင်အထွတ်အထိပ် နတ်ဘုရား၏ အကျဉ်းသားများ ဖြစ်ခဲ့ကြသည့် သူတို့က ဤအရာကို သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်အဖြစ် ရှုမြင်ထားကြသဖြင့် တစ်လောကလုံးနှင့် ရန်သူဖြစ်ရမည် ဆိုလျှင်တောင်မှ ရူးသွပ်စွာဖြင့် အပြင်းအထန် တိုက်ခိုက်ကြသည်။
သို့သော်လည်း အစွမ်းအထက်ဆုံး ဖြစ်သည့် ကောင်းကင်တက်လှမ်းခြင်းနှောင်ဖွဲ့ကင်းအမတကမူ မည်သူ့ကို သတိထားနေမှန်း မသိရဘဲ မည်သည့်အခါမျှ ဝင်မပါဘဲ အသံတိတ် နေနေခဲ့၏။
အချိန်များက အလျင်အမြန် ကုန်ဆုံးသွားသည်။
ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက မူလဘူတ လူသားမျိုးနွယ်ကို လွှတ်ပေးခဲ့သည်မှာ နှစ်တစ်ရာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး သူတို့က လောကကြီး တစ်ခုလုံးတွင် လူကြောက်အများဆုံး မျိုးနွယ်စု ဖြစ်လာခဲ့၏။ သူတို့က လူသားမျိုးနွယ်များ ဖြစ်ကြသော်လည်း သူတို့၏ လုပ်ရပ်များက ရက်စက်ကြမ်းကြုတ်လှကာ မူလဘူတ အမြင့်မြတ်ဆုံး ဖြစ်သည်ဟု ကြွေးကြော်ထားကြသဖြင့် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာရှိ လူသားမျိုးနွယ်များ၏ မုန်းတီးမှုကို ရရှိခဲ့ကြသည်။
မူလဘူတ လူသားမျိုးနွယ်က သတ်ဖြတ်ရုံသာမက လူသားတို့၏ အင်ပါယာများနှင့် ဂိုဏ်းများကိုပါ သိမ်းပိုက်ကြပြီး သူတို့၏ မျိုးဆက်များကို ဖြန့်ကျက်ကာ လူသားကမ္ဘာတွင် အင်အားစုများစွာ ဖွဲ့စည်း၍ နေရာအနှံ့ ဘေးဒုက္ခများ ဆောင်ကြဉ်းပေးနေကြ၏။
ယနေ့ မွန်းတည့်ချိန်တွင် ရှောင်လန်က သူမ၏ လိုဏ်ဂူကမ္ဘာဆီသို့ ပြန်ရောက်လာသည်။
သူမက ကုအန်၏ အနားသို့ လျှောက်သွားလိုက်၏။ ကုအန်က ရေကန်ဘေးတွင် တရားထိုင်နေပြီး အာရုံစူးစိုက်နေပုံ ရသော်လည်း အမှန်တကယ်တော့ ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။
"အစ်ကိုကု... တာအိုခုံရုံးက မူလဘူတ လူသားမျိုးနွယ်ကို နှင်ထုတ်ဖို့ ပြင်ဆင်နေပြီ... ညီမလည်း စစ်ပွဲကို သွားရတော့မယ်... ညီမ ပြန်လာနိုင်ဖို့ နှစ်ပေါင်းများစွာ ကြာကောင်း ကြာလိမ့်မယ်..." ရှောင်လန်က ကုအန်၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး ပြောလိုက်၏။
သူမက ကြောက်ရွံ့နေခြင်း မရှိသကဲ့သို့ ကုအန်ကို ခွဲခွာရန် ဝန်လေးနေခြင်းလည်း မရှိချေ။ သူမ၏ နှလုံးသားက မျှော်လင့်ချက်များနှင့် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေ၏။
နှစ်သောင်းပေါင်းများစွာ ကျင့်ကြံပြီးနောက် နောက်ဆုံးတွင် သူမ၏ စွမ်းအားကို ပြသရန် အခွင့်အရေးတစ်ခု တွေ့မြင်လိုက်ရပြီ ဖြစ်သည်။
သူမက ပူပင်မဲ့အမတ အဆင့်တွင် ရှိနေဆဲ ဖြစ်သော်လည်း အံ့ဖွယ်ဓမ္မအမတ အဆင့်သို့ တက်လှမ်းရန် သိပ်မလိုတော့ချေ။
ကုအန်က သူမကို ကြည့်၍ သံယောဇဉ် ကြီးမားစွာဖြင့် ပြောလိုက်၏။ "ငါ့ရဲ့ လန်အာလေးက တကယ်ကို ကြီးပြင်းလာပြီပဲ...ကယ်တင်ရှင်တစ်ယောက် ဖြစ်တော့မယ်"
"အဲလိုလည်း မဟုတ်ပါဘူး... ညီမက စီနီယာတွေနောက်ကို လိုက်ပြီး တိုက်ခိုက်ရုံပါ... သေချာတာပေါ့... ဒုက္ခရောက်နေတဲ့ သူတွေနဲ့ ဆုံရင်တော့ ကူညီပေးမှာပါ..." ရှောင်လန်က ပြုံး၍ ပြောလိုက်သည်။
တာအိုခုံရုံး၏ စံနှုန်းများက ဖြောင့်မတ်မှန်ကန်ပြီး ဖြောင့်မတ်သော တာအို၏ ခေါင်းဆောင်များ ဖြစ်ရန် ထိုက်တန်ကာ တပည့်အများစုက ဒုက္ခများကို ကယ်တင်ရန် တာဝန်ယူထားကြ၏။
ဒုက္ခရောက်နေသူများနှင့် ဆုံတွေ့ပါလျက်နှင့် အကူအညီ မပေးခြင်းက တာအိုခုံရုံးမှ တပည့်တစ်ဦး၏ ဂုဏ်သိက္ခာနှင့် ဆန့်ကျင်ဘက် ဖြစ်နေလိမ့်မည်။
ရှောင်လန်နှင့် ပတ်သက်မှုကြောင့် ကုအန်က တာအိုခုံရုံးသို့ မကြာခဏ သွားရောက်လေ့ရှိပြီး ထိုနေရာတွင် အဆက်အသွယ်များစွာ တည်ဆောက်ထားခဲ့ရာ တာအိုခုံရုံးကို အောက်ခြေအဆင့်မှစ၍ နားလည်သဘောပေါက်စေခဲ့သည်။
တာအိုခုံရုံး အတွင်းတွင် မှောင်မိုက်သော ကိစ္စရပ်များ အမှန်တကယ် ရှိနေသော်လည်း ယင်းတို့ကို ဖော်ထုတ်နိုင်သရွေ့ တာအိုခုံရုံးက သူတို့ လိုချင်သော အဖြေများကို ပေးလိမ့်မည်ဟု တပည့်များက ယုံကြည်ထားကြ၏။
ရှောင်လန်က မူလဘူတ လူသားမျိုးနွယ်၏ လုပ်ရပ်များအကြောင်းကို စတင် ပြောပြတော့သည်။ ဤလူသားမျိုးနွယ်စုက ပြင်ပကောင်းကင်မှ လာခြင်း မဟုတ်ဘဲ လူသားကမ္ဘာတွင် ရုတ်တရက် ထွက်ပေါ်လာခြင်း ဖြစ်ရာ တာအိုခုံရုံးမှ အထက်လူကြီးများကို သတိဝင်သွားစေခဲ့၏။
လူသားကမ္ဘာရှိ လျှို့ဝှက်နယ်မြေတိုင်းကို တာအိုခုံရုံးက စတင် စစ်ဆေးနေပြီ ဖြစ်ကြောင်းကို သူမ၏ လွတ်ငြိမ်းရာအမတ အဆင့်ရှိ ဆရာများထဲမှ တစ်ဦးထံမှ ရှောင်လန် ကြားသိခဲ့ရပြီး ယင်းမှာ မူလဘူတ လူသားမျိုးနွယ်ကဲ့သို့ အနာဂတ် ကပ်ဘေးများကို ကာကွယ်ရန် ဖြစ်သည်။
ကုအန်က အလွန် သဘောပေါက်သွားသကဲ့သို့ ဟန်ဆောင်လိုက်ရာ ရှောင်လန်၏ မျှဝေလိုသော ဆန္ဒကို ပြည့်ဝသွားစေ၏။
"သူမရဲ့ အတိတ်ဘဝ မှတ်ဉာဏ်တွေကို ပြန်သတိရသွားရင် သူမ ဒီလောက် တက်ကြွနေတော့မှာ မဟုတ်ဘူး..."
ကုအန်က သူ၏ စိတ်ထဲတွင် ကျိတ်တွေးလိုက်ပြီး သူတို့ အတူတကွ ဖြတ်သန်းနေရသည့် လက်ရှိ အချိန်လေးကို တန်ဖိုးထားလိုက်သည်။
ဝိညာဉ်က မပြောင်းလဲသွားသော်လည်း မှတ်ဉာဏ်များက လူတစ်ယောက်၏ စရိုက်လက္ခဏာကို သက်ရောက်မှု ရှိနိုင်၏။ မပြောင်းလဲနိုင်သည်မှာ မွေးရာပါ ပင်ကိုယ်သဘာဝသာ ဖြစ်သည်။
သူတို့ နှစ်ယောက်က နာရီအတော်ကြာ စကားပြောပြီးနောက် နောက်ဆုံးတွင် ရှောင်လန်က သူမ၏ ပစ္စည်းများကို သိမ်းဆည်းရန် မတ်တတ်ထရပ်လိုက်ပြီး ကုအန်ကလည်း ကျင့်ကြံနေဟန် ဆက်လက် ဟန်ဆောင်နေလိုက်၏။
ရှောင်လန် ထွက်သွားသောအခါ သူကလည်း အခြားနေရာသို့ အာရုံစိုက်နိုင်သွားသည်။
...
တာအိုခုံရုံးက မူလဘူတ လူသားမျိုးနွယ်ကို တရားဝင် စစ်ကြေညာလိုက်သောအခါ ကောင်းကင်နှင့် မြေကြီးရှိ သတ္တဝါအားလုံး၏ စိတ်ဓာတ်ခွန်အားများ မြင့်တက်လာ၏။ ချမ့်ခွန်းဂိုဏ်း၊ ထိုက်ချန်းမင်းဆက်နှင့် အဓိပတိဂိုဏ်းတို့ အပါအဝင် မူလဘူတ လူသားမျိုးနွယ်ကို ဝိုင်းဝန်း တိုက်ခိုက်ရာတွင် ဂိုဏ်းများ၊ မင်းဆက်များနှင့် မျိုးနွယ်စုများ ပိုမို ပါဝင်လာကြသည်။
သို့သော်လည်း တစ်လောကလုံး၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ရင်ဆိုင်ရလျက်နှင့် မူလဘူတ လူသားမျိုးနွယ်က ထိတ်လန့်ဖွယ်ရာ စွမ်းအားကို ပြသခဲ့ကြ၏။ တာအိုခုံရုံးမှ မဟာကျင့်ကြံသူများပင်လျှင် မူလဘူတ လူသားမျိုးနွယ် တည်ထောင်ထားသော နယ်မြေများကို ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိကြချေ။
စစ်ပွဲများက ကောင်းကင်နှင့် မြေကြီး၏ အဓိက သံစဉ်တစ်ခုအဖြစ်သို့ စတင် ပြောင်းလဲလာခဲ့သည်။
ကုအန်က နေရာအနှံ့ရှိ နယ်မြေများသို့ မကြာခဏ သွားရောက်နေဆဲ ဖြစ်ပြီး ရင့်မှည့်နေသော ဆေးအပင်များကို ခူးဆွတ်နေ၏။
သူက မြောင်ကျန်းတာလော့အမတ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ကုအန်က သူ၏ သက်တမ်းကို တိုးမြှင့်ရန် တမင်သက်သက် မရှာဖွေဘဲ ပြဿနာများကို ဖိတ်ခေါ်ခြင်း မရှိသကဲ့သို့ သူ့ကိုယ်သူလည်း ဝန်ပိစေခြင်း မရှိသည့် ကျန်းမာရေးနှင့် ညီညွတ်သော အကျင့်တစ်ခုကို ထိန်းသိမ်းထားခဲ့သည်။
သူ၏ မိတ်ဆွေဟောင်းများကလည်း မူလဘူတ လူသားမျိုးနွယ်နှင့် ပဋိပက္ခတွင် ပါဝင်လာကြသဖြင့် သူ၏ ဘဝက စိတ်ဝင်စားဖွယ် ဖြစ်လာပြီး သူ၏ မိတ်ဆွေဟောင်းများ၏ အတွေ့အကြုံများကို စောင့်ကြည့်ရခြင်းက သူ၏ ဘဝကို မျှော်လင့်ချက်များ ပိုမို တိုးပွားလာစေ၏။
အစွမ်းအားကြီးသူများကြားရှိ စစ်ပွဲများက နာမည်ကြီးရန် အလွယ်ကူဆုံး နည်းလမ်း ဖြစ်သည်။ သေမျိုးဝိညာဉ်များအတွက် ကပ်ဘေးများက ဘေးဒုက္ခများ ဖြစ်သော်လည်း ရွေးချယ်ခံရသူများအတွက်မူ ၎င်းတို့က ဧရာမ စင်မြင့်ကြီးများပင် ဖြစ်၏။
ရွေးချယ်ခံရသူများ ပိုမို များပြားလာကာ တစ်လောကလုံးတွင် နာမည်ကြီးလာကြသည်။ ရွှေရောင်အထွတ်အထိပ် နတ်ဘုရား၏ လမ်းညွှန်မှုကို ခံရသူများ အားလုံးက ထကြွလာကြပြီး ဆန်းကြယ်ကြယ်တာရာ အမတအရှင်၏ ကောင်းကင်ဘွဲ့အမည်ကို ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ပေးကြရာ သတ္တဝါအားလုံး၏ နှလုံးသားထဲတွင် သူ၏ အဆင့်အတန်းကို မြင့်မားသွားစေခဲ့၏။
ရှောင်လန် စစ်ပွဲတွင် ပါဝင်ခဲ့သည်မှာ နှစ်သုံးရာ ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။
နံနက်စောစော အချိန်။
ကုအန်က အတိတ်ကထက် ပိုမို သေးငယ်သွားပြီး ကြောင်တစ်ကောင်စာခန့် အရွယ်အစား ရှိသော်လည်း ဆူဖြိုးနေဆဲ ဖြစ်သည့် ဝိညာဉ်ဖြူ ကြွက်လေးကို ရင်ခွင်ထဲတွင် ပိုက်ကာ သက်တမ်းတာအိုနယ်မြေသို့ ပြန်ရောက်လာ၏။
"မင်း သေမျိုးကမ္ဘာမှာ ပြဿနာ ထပ်ရှာရင် မင်းကို အပြင်ထွက်ခွင့် ပြုတော့မှာ မဟုတ်ဘူး..."
ကုအန်က လမ်းလျှောက်ရင်းနှင့် အနည်းငယ် တင်းကျပ်သော လေသံဖြင့် ပြောလိုက်သည်။
ဝိညာဉ်ဖြူ ကြွက်လေးက ခေါင်းကို ပုလိုက်ပြီး အသံပင် မထွက်ရဲချေ။
ရှေ့ရှိ သစ်ပင်တစ်ပင်အောက်တွင် ပုံရိပ်တစ်ခု ပေါ်လာ၏။ ယင်းမှာ ချန်ချွမ်ပင် ဖြစ်သည်။ သူက ကုအန်၏ အနားသို့ အလျင်အမြန် ရောက်လာပြီး အရိုအသေပေးလိုက်ကာ စကားပြောရန် တုံ့ဆိုင်းနေသည်။
ကုအန်က ပြုံး၍ ပြောလိုက်၏။ "မင်း ပြောချင်တာကို ပြောပါ..."
လမ်းခရီးတွင် ဤကိစ္စကို တွေးတောလာခဲ့သဖြင့် ချန်ချွမ် ရောက်လာသည့် ရည်ရွယ်ချက်ကို သူ ကြိုသိနေပြီး ဖြစ်သည်။
"အပြင်မှာ မူလဘူတ လူသားမျိုးနွယ်က ကမောက်ကမတွေ ဖြစ်အောင် လုပ်နေကြတယ်... ပြီးခဲ့တဲ့ နှစ်တွေတုန်းက မူလဘူတ လူသားမျိုးနွယ်က မိစ္ဆာဆိုးတွေက ချမ့်ခွန်းဂိုဏ်းကို လာတိုက်ခိုက်ကြတယ်... ကျွန်တော်တို့ အပြင်ထွက်ပြီး မူလဘူတ လူသားမျိုးနွယ်ကို နှင်ထုတ်ချင်ပါတယ်... မူလဘူတ လူသားမျိုးနွယ် မိစ္ဆာတွေကြောင့် ချမ့်ခွန်းဂိုဏ်းမှာ အသေအပျောက် အများကြီး ရှိခဲ့တယ်။ အောက်ခြေက သာမန်လူတွေဆိုရင် ပိုပြီးတော့တောင် ခက်ခက်ခဲခဲ နေထိုင်နေကြရမှာ သေချာတယ်..."
ချန်ချွမ်းက သတ္တိမွေး၍ ပြောလိုက်သော်လည်း သူ၏ လေသံက မလုံမခြုံ ဖြစ်နေ၏။
သက်တမ်းတာအိုနယ်မြေတွင် အနှစ်ခုနစ်သောင်းကြာ နေထိုင်ခဲ့သော်လည်း သူက အပြင်သို့ မထွက်ဖူးသေးသကဲ့သို့ သူ၏ လက်ရှိ စွမ်းအားက ဆရာဖြစ်သူကို ကျေနပ်စေရန် မလုံလောက်သေးကြောင်း သူ သိထားသည်။
ကုအန်က သူ့ကို ကြည့်၍ ပြောလိုက်၏။ "ဒါဆိုလည်း သွားလေ... ပြီးတော့ သွားချင်တဲ့သူတိုင်း သွားလို့ရတယ်လို့ အခြားသူတွေကိုပါ သွားပြောလိုက်ပါ... မင်းတို့ကို တာအိုရတနာတွေ အသုံးပြုဖို့ ခွင့်ပြုတယ်... ဒါပေမဲ့ ဒီကပ်ဘေး ပြီးသွားတာနဲ့ မင်းတို့ အားလုံး ပြန်လာခဲ့ကြရမယ်..."
ချန်ချွမ်မှာ အလွန် ဝမ်းသာသွားပြီး ကုအန်ကို အလျင်အမြန် ကျေးဇူးတင်လိုက်၏။ သူ၏ ဆရာက ဤမျှ လွယ်ကူစွာ သဘောတူလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
သူက သတင်းစကားပါးရန် ချက်ချင်း ပြန်သွားတော့သည်။
ကုအန်က ရှေ့သို့ သက်သောင့်သက်သာ ဆက်လျှောက်သွားလိုက်ပြီး ဝိညာဉ်ဖြူ ကြွက်လေးကို အဆက်မပြတ် ဆုံးမနေ၏။
အခြားတစ်နေရာတွင် တပည့်များက အတူတကွ စုဝေးနေကြပြီး ကုအန်က သူတို့ကို သွားခွင့်ပြုလိုက်ကြောင်း ကြားသောအခါ လူတိုင်း ဝမ်းသာပျော်ရွှင်သွားကြကာ ထျန်းယေင်အာ ပင်လျှင် သွားချင်နေ၏။
"တကယ်ပဲ... ငါတို့ဆရာက လောကကြီးက သက်ရှိအားလုံးကို ဂရုစိုက်နေတုန်းပဲ... ငါတို့တွေ စွမ်းဆောင်ရည် ကောင်းကောင်း ပြသပြီး ဝူရှီရဲ့ နာမည်ကို အကျည်းတန်အောင် မလုပ်ရဘူး" လုရှန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ သူက အပြင်သို့ ထွက်ကာ လောကကြီးရှိ အစွမ်းထက်သူများနှင့် တိုက်ပွဲများကို တွေ့ကြုံခံစားချင်နေခဲ့သည်မှာ ကြာပြီ ဖြစ်၏။
အခြားသူများက ခေါင်းညိတ်လိုက်ကြပြီး အတန်ကြာ စကားပြောပြီးနောက် ပြင်ဆင်ရန် အားလုံး ပြန်သွားကြရာ အန်ရှင်း၊ ရှန်ကျန်းနှင့် ဖူယိုသရဲမယ်တော် တို့သာ သွားရန် မပြင်ဆင်ဘဲ ကျန်ရစ်ခဲ့သည်။
ဖူယိုသရဲမယ်တော်က သူမကိုယ်သူမ သွားရန် အရည်အချင်း မပြည့်မီဟု ယုံကြည်ထား၏။
ရှန်ကျန်းက အန်ရှင်းဘက်သို့ လှည့်ကြည့်၍ သိချင်စိတ်ဖြင့် မေးလိုက်သည်။ "မင်းရော မသွားဘူးလား..."
အန်ရှင်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။ "ဆရာ သွားခွင့်ပြုမှပဲ ငါ သွားမယ်... သူ့အနားမှာပဲ နေပြီး ကျင့်ကြံချင်တယ်..."
အခန်း ၆၄၆ ထိုက်ရီ အမတအရှင်နှင့် ကျိန်စာ
အန်ရှင်း၏ စကားကို ကြားပြီးနောက် ရှန်ကျိန်းက သူမ၏ မျက်လုံးများထဲသို့ စူးရှစွာ ကြည့်လိုက်မိပြီး ဤတပည့်များထဲတွင် အန်ရှင်းက ကြီးမားသော အောင်မြင်မှုကို နောက်ဆုံးမှ ရရှိမည့်သူ ဖြစ်နိုင်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
သေမျိုးလောကကို တွေ့ကြုံခံစားပြီးနောက် စိတ်နှစ်၍ ကျင့်ကြံခြင်းဆီသို့ မည်သူများက ပြန်လာနိုင်မည်နည်း။
အန်ရှင်းက ရှန်ကျန်းဘက်သို့ လှည့်ကြည့်၍ ပြုံးကာ မေးလိုက်၏။ "အကြီးအကဲရှန်... ရှင်ကရော အပြင်ကို မထွက်ဘူးလား..."
ရှန်ကျန်း၏ အဆင့်က ထူးခြားမှု မရှိသကဲ့သို့ သူမတို့နှင့်လည်း သိုင်းဖလှယ်ဖူးခြင်း မရှိသော်လည်း တာအိုရတနာရှိသဖြင့် ရှန်ကျန်းက အပြင်ဘက် ခရီးစဉ်များတွင် ဘေးကင်းနေမည်မှာ သေချာသည်။
ထို့အပြင် သူတို့၏ ဆရာကလည်း ဒီအတိုင်း လက်ပိုက်ကြည့်နေမည် မဟုတ်ချေ။
"ဒီမှာ နေရင်တောင် ငါက သေမျိုးလောကကို ခံစားလို့ ရပါတယ်..." ရှန်ကျန်းက ရယ်မော၍ ညင်သာစွာ ပြောလိုက်၏။ ထို့နောက် သူမက လှည့်၍ ထွက်သွားသည်။
အန်ရှင်းက သူမ၏ ကျောပြင်ကို စိုက်ကြည့်နေပြီး ရှန်ကျန်းမှာ အနည်းငယ် နက်နဲပြီး နားလည်ရခက်ကြောင်း ခံစားလိုက်ရ၏။
"သူတို့ မရှိတုန်း ငါတို့ကြားက ကွာဟချက်ကို ချဲ့ထွင်ဖို့ ငါ့ရဲ့ ကျင့်ကြံခြင်းအပေါ် အာရုံစိုက်သင့်တယ်..." အန်ရှင်းက တိတ်တဆိတ် တွေးလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူမက အချိန်ဆွဲမနေဘဲ ဖူယိုသရဲမယ်တော်နှင့် စကားအနည်းငယ် ပြောပြီးနောက် သူမ၏ လေ့ကျင့်မှုဆီသို့ ပြန်သွားလိုက်၏။
သူမက ချန်ချွမ်၊ လုရှန်နှင့် အခြားသူများနှင့် မတူဘဲ ပိုမို ကြီးမားသော ရည်မှန်းချက်များကို ပိုက်ထွေးထားကာ ပိုမို ပြတ်သားသော လမ်းစဉ်တစ်ခုကို လျှောက်လှမ်းရန် သန္နိဋ္ဌာန် ချထားသူ ဖြစ်သည်။
...
ထိုက်ချန်း တိုက်ကြီး၊ မြောက်ပိုင်းပင်လယ် တောင်တန်း။
တောင်စောင့်နတ်ကျောင်းက တောအုပ်ထူထပ်သော နေရာတွင် တည်ရှိပြီး သူတော်စင်ရွှမ်မြှောင်က ဆေးဥယျာဉ်ထဲရှိ အပင်များနှင့် ပန်းများကို ရေလောင်းနေ၏။
နှစ်ပေါင်း ရှစ်သောင်းကျော် ကြာမြင့်သွားခဲ့ပြီးနောက် သူက မြေလျှောက်အမတ တစ်ပါး ဖြစ်လာခဲ့ကာ မြောက်ပိုင်းပင်လယ် တောင်တန်းရှိ သတ္တဝါအားလုံးက သူ့ကို အမတတစ်ပါးအဖြစ် သတ်မှတ်ထားကြသည်။ ဂိုဏ်းများနှင့် အင်ပါယာများက သူ့ကို ဖိတ်ခေါ်ခဲ့ကြသော်လည်း သူက အားလုံးကို ငြင်းပယ်ခဲ့၏။
သူက တောင်စောင့်နတ်ကျောင်းကို အဘယ်ကြောင့် စောင့်ရှောက်နေမှန်း မည်သူမျှ မသိကြဘဲ လူအများအပြားက သူသည် အမှန်တကယ်ပင် တောင်စောင့်နတ်ဘုရား ဖြစ်ပြီး ငြိမ်းချမ်းသော အချိန်များတွင် တိတ်ဆိတ်စွာ နေထိုင်ကာ လောကကြီး ဘေးဒုက္ခ ကြုံရသည့်အချိန်တွင် တောင်ပေါ်မှ ဆင်းလာရန် အသင့်ရှိနေသည်ဟု ထင်ကြေးပေးနေကြသည်။
ထိုအချိန်က မွန်းတည့်ချိန်သို့ နီးကပ်နေပြီ ဖြစ်၏။
ကျောင်းတော် အပြင်ဘက်မှ အထိတ်တလန့် ခြေသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် စုတ်ပြတ်နေသော အဝတ်အစားများနှင့် ပိန်ချုံးနေသည့် အမျိုးသားတစ်ဦး အထဲသို့ ပြေးဝင်လာသည်။ သူ၏ ဆံပင်များက ဖရိုဖရဲ ဖြစ်နေပြီး မျက်နှာပေါ်တွင် သွေးများ ပေကျံနေ၏။ ရွှမ်မြှောင်ကို မြင်သည်နှင့် သူက ဒူးထောက် ကျသွားသည်။
"အမတကြီး... ကျွန်တော့်ကို ကယ်ပါဦး..."
ပိန်ချုံးနေသော အမျိုးသားက အသနားခံ၍ အော်ဟစ်လိုက်ပြီး သူ၏ အသံက ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေ၏။
ရွှမ်မြှောင်က သူ့ကို မကြည့်ဘဲ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ "ထိုက်ချန်း အင်ပါယာရဲ့ စွမ်းအားကို အထင်မသေးပါနဲ့... ပြီးတော့ ငါ့မှာလည်း လောကကြီးကို ကယ်တင်နိုင်တဲ့ စွမ်းအား မရှိဘူး..."
ထိုစကားကို ကြားသောအခါ ပိန်ချုံးနေသော အမျိုးသားက ငိုကြွေးခြင်းကို ရပ်တန့်လိုက်ပြီး ရွှမ်မြှောင်ကို မော့ကြည့်ကာ မေးလိုက်၏။ "ဒါဆို တောင်စောင့်နတ်ဘုရားကို ကူညီခိုင်းလို့ ရမလား..."
ရွှမ်မြှောင်က သူ၏ အလုပ်ကို ရပ်တန့်လိုက်ပြီး လှည့်ကြည့်လိုက်ရာ သူ၏ အကြည့်များက တည်ငြိမ်နေ၏။
"မင်း ဒီနေရာကို လာတာ ဒါနဲ့ဆို သုံးကြိမ် ရှိပြီ... တောင်စောင့်နတ်ဘုရား တကယ် ရှိတယ်ဆိုတာ မင်း ဒီလောက်တောင် သေချာနေတာလား..." ရွှမ်မြှောင်က ခံစားချက် ကင်းမဲ့စွာဖြင့် မေးလိုက်သည်။
သူက အတိတ်ကလို အပြစ်ကင်းစင်သော လူတစ်ယောက် မဟုတ်တော့ချေ။ ယနေ့ခေတ်တွင် သူက တောင်စောင့်နတ်ဘုရား အကြောင်းကို ဒဏ္ဍာရီတစ်ခု အနေဖြင့်သာ ပြောဆိုလေ့ရှိပြီး ယခင်ကကဲ့သို့ ထိုသူ၏ တည်ရှိမှုကို ပြင်းပြင်းထန်ထန် ထုတ်ဖော်ပြောဆိုခြင်း မပြုတော့ပေ။
သူက တောင်စောင့်နတ်ဘုရားအပေါ် ရိုသေလေးစားမှု ကင်းမဲ့သွားခြင်း မဟုတ်ဘဲ တောင်စောင့်နတ်ဘုရား၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်သွားခြင်းကြောင့် ဖြစ်သည်။
တောင်စောင့်နတ်ဘုရား ဆိုသည်က ဆရာသခင်ဓားအရှင် ကဲ့သို့ပင် ထိုပုဂ္ဂိုလ်၏ အမည်ခံတစ်ခုသာ ဖြစ်၏။
သက်ရှိအားလုံးကို ထာဝရ ကာကွယ်ပေးနေမည့်အစား တောင်စောင့်နတ်ဘုရားက သူတို့ကို သူတို့၏ ကိုယ်ပိုင်ကမ္ဘာကို ကာကွယ်နိုင်စွမ်း ရှိစေရန်သာ ဆန္ဒရှိနေခြင်း ဖြစ်တန်ရာသည်။
ထို့အပြင် အတိတ်က စကြဝဠာ ကပ်ဘေးများနှင့် ယှဉ်လျှင် မူလဘူတ လူသားမျိုးနွယ်က ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုဟု ရွှမ်မြှောင် မယုံကြည်ချေ။ လက်ရှိ အခြေအနေက ကောင်းစွာ ပြင်ဆင်ထားသော စမ်းသပ်မှုတစ်ခုနှင့် ပိုတူနေသည်။
ယင်းက လောကကြီးတွင် ပြောဆိုနေကြသည့် အမတနတ်ဘုရားများ၏ လက်ချက်လည်း ဖြစ်နိုင်၏။
မည်သို့ပင်ဖြစ်စေ ရွှမ်မြှောင်က ဆန်းကြယ်ကြယ်တာရာ အမတအရှင် သို့မဟုတ် ရွှေရောင်အထွတ်အထိပ် နတ်ဘုရားကဲ့သို့သော အမတနတ်ဘုရားများ၏ ဒဏ္ဍာရီများကို မယုံကြည်ပေ။
ရွှမ်မြှောင်၏ အကြည့်ကို ရင်ဆိုင်ရသောအခါ ပိန်ချုံးနေသော အမျိုးသား၏ မျက်နှာပေါ်တွင် ထိတ်လန့်နေသည့် အမူအရာတစ်ခု ပေါ်လာသည်။
"ထပ်ပြီး ဟန်ဆောင်နေစရာ မလိုတော့ဘူး... ပြောစမ်း... မင်းရဲ့ ဇာစ်မြစ်က ဘာလဲ... ဒီနေရာကို လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ..."
ရွှမ်မြှောင်က အေးစက်စွာ မေးလိုက်ပြီး မြေလျှောက်အမတ တစ်ပါး၏ ကြီးကျယ်ခမ်းနားသော အငွေ့အသက်ဖြင့် ထိုအမျိုးသားကို ဖိအားပေးလိုက်၏။
ဘုန်း...
အဝေးမှနေ၍ ထိတ်လန့်ဖွယ်ရာ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး မော့ကြည့်လိုက်သောအခါ ကောင်းကင်ယံတွင် သွေးရောင် သက်တံအလင်းတန်းတစ်ခု ပေါ်လာသည်ကို မြင်တွေ့နိုင်သည်။
မူလဘူတ လူသားမျိုးနွယ်က ထိုက်ချန်း အင်ပါယာကို ပြင်းထန်စွာ တိုက်ခိုက်နေပြီး ဤပဋိပက္ခက ထိုက်ချန်း တိုက်ကြီး တစ်ခုလုံးကို ရိုက်ခတ်နေ၏။
အဝေးမှ လှိုင်းထနေသော အငွေ့အသက်က ရွှမ်မြှောင်အပေါ် သက်ရောက်မှု မရှိချေ။ သူက မြေပြင်ပေါ်တွင် ဒူးထောက်နေသော ပိန်ချုံးသည့် အမျိုးသားကို အေးစက်စွာ ငုံ့ကြည့်နေပြီး သူ၏ အကြည့်များက ဓားနှစ်လက်ဖြင့် ထိုအမျိုးသား၏ နှလုံးသားကို ထိုးဖောက်နေသကဲ့သို့ အေးစက်နေ၏။
ပိန်ချုံးနေသော အမျိုးသားက ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်ရင်း ခေါင်းငုံ့ထားသည်။
"လူသားကမ္ဘာမှာ မင်းလိုမျိုး ယုံကြည်ကိုးကွယ်သူ တစ်ယောက်ကို ရှာတွေ့ဖို့ဆိုတာ အရမ်းရှားပါးတယ်... နှစ်သောင်းပေါင်းများစွာ မရှိတဲ့ တောင်စောင့်နတ်ဘုရားကို ဒီနေရာမှာ ကိုးကွယ်နေတာ... မင်းရဲ့ ကိုးကွယ်မှုက ငါ့ကို တကယ် စိတ်လှုပ်ရှားစေတာပဲ"
ပိန်ချုံးနေသော အမျိုးသားက ပြောလိုက်၏။ သူ၏ လေသံက ပြောင်းလဲသွားကာ ယခင်က ထိတ်လန့်မှုမျိုး မရှိတော့ချေ။
သူက ဖြည်းညင်းစွာ မော့ကြည့်လိုက်ရာ သူ၏ မျက်လုံးအိမ်များက ထူးဆန်းသော ငွေရောင်စိမ်းပြာရောင်အဖြစ် ပြောင်းလဲသွားသဖြင့် ရွှမ်မြှောင်ကို မျက်မှောင်ကြုတ်သွားစေသည်။
"မင်း ကိုးကွယ်တဲ့ တောင်စောင့်နတ်ဘုရားက တကယ် မရှိဘူး... ဒါပေမဲ့ မင်းရဲ့ ကိုးကွယ်မှုနဲ့ ထိုက်တန်တဲ့ အစစ်အမှန် အမတနတ်ဘုရားတွေတော့ တကယ် ရှိတယ်..." ပိန်ချုံးနေသော အမျိုးသားက နက်နဲသော လေသံဖြင့် ပြောလိုက်၏။
ရွှမ်မြှောင်က လှောင်ရယ်၍ ပြောလိုက်သည်။ "အို... မင်းက ဆန်းကြယ်ကြယ်တာရာ အမတအရှင်ကို ယုံကြည်တာလား... ဒါဆို ဆန်းကြယ်ကြယ်တာရာ အမတအရှင် တကယ် ရှိတယ်ဆိုတာကို မင်း ဘယ်လို သက်သေပြမလဲ..."
ပိန်ချုံးနေသော အမျိုးသားက ခေါင်းယမ်း၍ ပြောလိုက်၏။ "မဟုတ်ဘူး... ငါက ဆန်းကြယ်ကြယ်တာရာ အမတအရှင်ရဲ့ နောက်လိုက် မဟုတ်ဘူး... ငါက ထိုက်ရီ အမတအရှင်လို့ ခေါ်တဲ့ အခြား အမတအရှင် တစ်ပါးကို ကိုးကွယ်သူပဲ... သူက ဆန်းကြယ်ကြယ်တာရာ အမတအရှင်ထက် အများကြီး ပိုပြီး ကြီးမြတ်တယ်... သူက ကမ္ဘာကြီးကို ဖန်ဆင်းပြီး ကယ်တင်ခဲ့တာ... အမတတွေကြားမှာ နေရာတစ်ခု ရခဲ့တာက သူ့ရဲ့ ကြီးမြတ်တဲ့ ကုသိုလ်တွေကြောင့်ပဲ... ဆန်းကြယ်ကြယ်တာရာ အမတအရှင်ကတော့ သူ့ရဲ့ အမတရာထူးကို အမွေဆက်ခံခဲ့ရုံပဲ..."
ထိုက်ရီ အမတအရှင်။
ရွှမ်မြှောင်က ဤနာမည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်၏။ သူက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ "မင်းက ဘယ်သူလဲ..."
ပိန်ချုံးနေသော အမျိုးသားက ပြန်ဖြေလိုက်၏။ "ငါက ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး... ငါက ထိုက်ရီ အမတအရှင်ရဲ့ နောက်လိုက် တစ်ယောက်ပဲ... ငါ့ဘဝက တစ်ချိန်တုန်းက မျှော်လင့်ချက်မဲ့တဲ့ အမှောင်ထုထဲ ကျရောက်ခဲ့ဖူးပြီး ငါ့ကို ကယ်တင်ခဲ့တာ သူပါပဲ... ဒီလောကမှာ ငါနဲ့တူတဲ့သူတွေ အများကြီး ရှိတယ်... မင်းက ငါ ပထမဆုံး ရှာတွေ့တဲ့သူ မဟုတ်ဘူး... ထိုက်ရီ အမတအရှင်ရဲ့ နောက်လိုက်တွေက ဆန်းကြယ်ကြယ်တာရာ အမတအရှင်ရဲ့ ခွေးတွေနဲ့ မတူဘူး... သူတို့က မသိနားမလည်ဘဲ သူ့ရဲ့ စွမ်းအားကို မျက်ကန်းယုံကြည် ကြေညာနေကြတာ..."
"မင်းကရော သူတို့နဲ့ အတူတူပဲ လုပ်နေတာ မဟုတ်ဘူးလား..." ရွှမ်မြှောင်က သရော်လိုက်၏။
ပိန်ချုံးနေသော အမျိုးသားက ပြုံး၍ ပြောလိုက်သည်။ "သဘာဝကျကျပဲ ကွာခြားတာပေါ့... ငါက ငါတို့ရဲ့ လမ်းစဉ်ကို မျှဝေတဲ့သူတွေကိုပဲ ထိုက်ရီ အမတအရှင် အကြောင်း ပြောပြတာ... အမတအရှင်က တစ်ခါပြောဖူးတယ်... သူက သက်ရှိအားလုံးကို အမှန်တကယ် ကယ်တင်တဲ့အခါမှ ငါတို့ သူ့နာမည်ကို ချီးမွမ်းလို့ ရမယ်တဲ့... သူနဲ့ ဆန်းကြယ်ကြယ်တာရာ အမတအရှင်ရဲ့ အကြီးမားဆုံး ကွာခြားချက်က သူက အရင်လုပ်ပြီးမှ အသိအမှတ်ပြုမှုကို ရှာဖွေတာပဲ..."
ရွှမ်မြှောင် တိတ်ဆိတ်သွား၏။
ထိုက်ရီ အမတအရှင်၏ အစစ်အမှန် ရည်ရွယ်ချက်က ဘာများဖြစ်မည်ကို သူ တွေးတောနေမိသည်။
ဆန်းကြယ်ကြယ်တာရာ အမတအရှင်နှင့် ထိုက်ရီ အမတအရှင် နှစ်ပါးစလုံး အမှန်တကယ် တည်ရှိနေပြီး သူတို့က သတ္တဝါအားလုံး၏ နှလုံးသားများကို အပြိုင်အဆိုင် လုယူကာ ပွင့်လင်းပြီး လျှို့ဝှက်သော တိုက်ပွဲတစ်ခုတွင် ပါဝင်နေကြခြင်းများ ဖြစ်နိုင်မည်လား။
အတော်လေး ဖြစ်နိုင်ချေ ရှိသည်ဟု သူ ခံစားလိုက်ရပြီး ဤအတွေးက သူ့ကို ထိုအမတနတ်ဘုရား နှစ်ပါးစလုံးအပေါ် အနည်းငယ် အထင်အမြင် သေးသွားစေ၏။
ဤကဲ့သို့သော အပြုအမူက သေမျိုးများနှင့် ဘာများ ကွာခြားနေမည်နည်း။
သူ၏ နှလုံးသားထဲရှိ အမတနတ်ဘုရားများဆိုသည်မှာ လောကီ ဆန္ဒများ ကင်းစင်ပြီး မြင့်မားသော နေရာတွင် ရှိနေသင့်သည်။
ပိန်ချုံးနေသော အမျိုးသားက ရှေ့သို့ တစ်လှမ်းတိုး၍ ပြောလိုက်၏။ "မူလဘူတ လူသားမျိုးနွယ်လို့ ခေါ်တဲ့ သူတွေက တကယ်တော့ ဆန်းကြယ်ကြယ်တာရာ အမတအရှင်ရဲ့ လက်အောက်ခံ ရွှေရောင်အထွတ်အထိပ် နတ်ဘုရား မွေးမြူထားတဲ့ ကျွန်တွေပဲ... သူတို့ရဲ့ ရူးသွပ်မှုက မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုကို ဆုပ်ကိုင်ဖို့ ကြိုးစားရာကနေ ပေါ်ပေါက်လာတာ... အခု လူသားကမ္ဘာက ဆင်းရဲဒုက္ခ ပင်လယ်ကြီး ဖြစ်နေပြီ... ငါတို့အတွက်ပဲဖြစ်ဖြစ်၊ မူလဘူတ လူသားမျိုးနွယ် အတွက်ပဲဖြစ်ဖြစ် အားလုံးက အသည်းအသန် ရုန်းကန်နေကြရတယ်... ထိုက်ရီ အမတအရှင် ဆင်းသက်လာမယ်ဆိုတာကို ယုံကြည်မှသာ မျှော်လင့်ချက် ရောင်ခြည်လေးကို မြင်တွေ့နိုင်မှာ..."
ရွှမ်မြှောင်က မေးလိုက်သည်။ "ထိုက်ရီ အမတအရှင်က ဒီကိစ္စကို တာဝန်ယူမယ် ဆိုရင် မင်းတို့ ငါတို့က ဘာလိုအပ်လို့လဲ..."
"ကောင်းကင်တာအိုမှာလည်း သူ့ရဲ့ ကောင်းကင်စည်းမျဉ်းတွေ ရှိတယ်... ဒီလောကမှာ သူ့ကို ယုံကြည်ပြီး ကောင်းကင်တာအိုကို ကြီးမားတဲ့ သစ္စာဆိုမှုတွေနဲ့ အသနားခံတဲ့သူတွေ မရှိရင် ထိုက်ရီ အမတအရှင်က တိုက်ရိုက် ဆင်းသက်လာလို့ မရဘူး... အဲဒီအခါကျမှ ကောင်းကင်တာအိုက သူ ဆင်းသက်လာခွင့် ပြုမှာ... ငါတို့ရဲ့ ကြီးမားတဲ့ သစ္စာဆိုမှုတွေက အရေအတွက် မလိုအပ်ဘူး...ကိုးကွယ်တဲ့ နှလုံးသားပဲ လိုအပ်တာ... ငါ့ရဲ့ ယုံကြည်မှုက မလုံလောက်ဘူး... ဒါက ငါ့ရဲ့ တာအိုကျင့်စဉ် မလုံလောက်လို့ ဒါမှမဟုတ် ငါ အသက်မရှည်သေးလို့ ဖြစ်နိုင်တယ်... မင်းက တောင်စောင့်နတ်ဘုရားကို နှစ်ပေါင်း ဘယ်လောက်ကြာအောင် ကိုးကွယ်ခဲ့မှန်း မသိပေမဲ့ မင်း ယူဆောင်လာနိုင်တဲ့ ကြီးမားတဲ့ သစ္စာဆိုမှုက ငါ့ထက် သာလွန်မှာ သေချာတယ်..."
ပိန်ချုံးနေသော အမျိုးသား စကားပြောနေစဉ် သူ၏ ရွှမ်မြှောင်အပေါ် အကြည့်များက ပိုမို ပြင်းထန်လာ၏။
ထိုစကားကို ကြားသောအခါ ရွှမ်မြှောင်က စိတ်ဝင်စားမှု ပျောက်ဆုံးသွားပြီး ပြောလိုက်သည်။ "မင်း ပြောတာ အမှန်ဖြစ်ဖြစ်၊ အမှားဖြစ်ဖြစ် ငါက တောင်စောင့်နတ်ဘုရားကိုပဲ ယုံကြည်တယ်... သွားပြီး တခြားလူကို ရှာလိုက်ပါ.."
ကောင်းကင်တာအိုက ထိုက်ရီ အမတအရှင်ကို ဆင်းသက်ခွင့် မပြုလျှင် အခြား အကြောင်းပြချက် တစ်ခုခု ရှိရပေမည်။
တောင်စောင့်နတ်ဘုရားမှာ ဤကဲ့သို့သော ကန့်သတ်ချက်များ မရှိချေ။
သူတို့နှစ်ယောက်ကို နှိုင်းယှဉ်ကြည့်လိုက်သောအခါ ရွှမ်မြှောင်၏ ကုအန်အပေါ် လေးစားမှုက အမြင့်ဆုံး အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွား၏။
အမတနတ်ဘုရားများက နာမည်ကို ရှာဖွေကြပြီး ယုံကြည်မှုကို ရှာဖွေကြသော်လည်း တောင်စောင့်နတ်ဘုရားက ဘာမှ မရှာဖွေချေ။
ပိန်ချုံးနေသော အမျိုးသား၏ မျက်မှောင်များ ကြုတ်သွားပြီး သူ၏ အကြည့်များက မကျေမနပ် ဖြစ်သွားသည်။
ရွှမ်မြှောင်က နှာမှုတ်လိုက်၏။ " ဘာလဲ... မင်းက ငါ့ကို အတင်းအကျပ် ခိုင်းဖို့ ရည်ရွယ်ထားတာလား..."
သူက ပိန်ချုံးနေသော အမျိုးသားကို လုံးဝ အလေးမထားချေ။
မဟာယာန ကျင့်ကြံသူ တစ်ဦးက သူ့ကို ခြိမ်းခြောက်နိုင်မည်လား။
ပိန်ချုံးနေသော အမျိုးသားက ရွှမ်မြှောင်ကို စိုက်ကြည့်ကာ သွားကြိတ်၍ ပြောလိုက်သည်။ "ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က မင်းထက် နိမ့်ပေမဲ့ ငါ မင်းကို ကျိန်စာတိုက်လို့ ရတယ်... ထိုက်ရီ အမတအရှင်အပေါ် မင်းရဲ့ ရိုသေမှု ကင်းမဲ့တာက မင်းဆီကို ဘေးဒုက္ခ ဆောင်ကြဉ်းလာမှာ သေချာတယ်... မင်း ချစ်ရတဲ့သူတွေက ဒီကပ်ဘေးမှာ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားလိမ့်မယ်... ပြီးတော့ မင်းရဲ့ ရိုသေမှု ကင်းမဲ့တာကြောင့် မင်းက နှလုံးသား မိစ္ဆာတွေရဲ့ အန္တရာယ်ပြုတာ ခံရပြီး မင်းရဲ့ နောက်ပိုင်းဘဝက ငရဲရဲ့ နာကျင်မှုတွေထဲမှာ နစ်မွန်းနေလိမ့်မယ်..."
သူ စကားပြောနေစဉ် သူ၏ ခန္ဓာကိုယ်က စတင် ကွဲအက်လာပြီး သွေးများ အဆက်မပြတ် ထွက်ကျလာကာ သွေးရောင် ပုံရိပ်တစ်ခုအဖြစ် အလျင်အမြန် ပြောင်းလဲသွားပြီး သူ၏ အဆစ်များရှိ ကြောက်မက်ဖွယ်ကောင်းသော အရိုးများပင်လျှင် ထုတ်ဖော်ပြသနေ၏။