အခန်း (၆၅၁-၆၅၂)
Vol. 53 Ch. 651-652
အခန်း ၆၅၁ ဝူရှီ၏ နာမည်
ရွှေဂူ အမတ ၇၂ ပါးက ကုအန်ကို ရှာဖွေရန် ဆန္ဒရှိလာသည့်အတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကုအန်က အာရုံခံမိလိုက်၏။
သူက ဂရုမစိုက်ချေ။ သူက လောကကြီးတွင်ရှိသော သူ၏ အကြောင်းအကျိုးများကို သူ၏ တပည့်များနှင့် အသိအကျွမ်းများထံမှပင် ဖျက်ပစ်ပြီးပြီ ဖြစ်သည်။
သေချာသည်မှာ ရွှေဂူ အမတ ၇၂ ပါးက ချမ့်ခွန်းဂိုဏ်းသို့ လာလျှင်တော့ သူတို့ သူ့ကို ရှာတွေ့ကောင်း ရှာတွေ့နိုင်ပေလိမ့်မည်။
သို့သော်လည်း သူတို့ သူ့ကို ရှာတွေ့လျှင်တောင်မှ သူတို့အတွက် သတင်းကောင်း ဖြစ်လာမည် မဟုတ်ချေ။
ကုအန်က အန်ရှင်း သူမ၏ အမတကျင့်စဉ်ကို ပြန်လည် စတင်နေသည်ကို စောင့်ကြည့်လိုက်ပြီး သူ၏ အတွေးများက ထျန်ဟောင်ထံသို့ ရောက်သွား၏။
ယခုကြည့်ရသည်မှာ ကောင်းကင်ဝိညာဉ်အမတအရှင်က ကျီဝေ့ အမတနန်းတော်မှ ကမ္ဘာအပြစ်ပေး တာအိုပုလဲကိုသာ ခိုးယူခဲ့ခြင်း မဟုတ်ဘဲ အန်ဟောင်ကိုပါ ခိုးယူခဲ့ပုံရသည်။
သို့မဟုတ် အဓိကအားဖြင့် အန်ဟောင်ကြောင့် ဖြစ်နိုင်၏။
ကောင်းကင်ဝိညာဉ် နတ်ဘုရားက ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကို ဖျက်ဆီးမည့် အစီအစဉ်ကို အချိန်အကြာကြီး ဆိုင်းငံ့ထားခဲ့ပြီး ကောင်းကင်နန်းတော်ကလည်း အတင်းအကျပ် တောင်းဆိုခြင်း မရှိခဲ့ချေ။ ကျီဝေ့ ဧကရာဇ် ပါဝင်ပတ်သက်နေသည့် ပိုမို နက်ရှိုင်းသော အင်အားစုများက ကောင်းကင်ဝိညာဉ်မဟာကမ္ဘာကို တားဆီးနေခြင်းများ ဖြစ်နိုင်မည်လား။
ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကို မဖျက်ဆီးနိုင်ရန် ပိုမို အစွမ်းထက်သော အင်အားစုများက ကောင်းကင်နန်းတော်ကို တားဆီးထားခြင်းက ကုအန်ကို ကံကောင်းသည်ဟု မခံစားရစေချေ။
ဤအကြောင်းအကျိုးများသာ မရှိလျှင် ကုအန်က ဤမျှ စောစီးစွာ ကောင်းကင်နန်းတော်နှင့် ထိတွေ့ခွင့်ရမည် မဟုတ်ပေ။
သေချာသည်မှာ ဤအရာများက ယူဆချက်များသာ ဖြစ်၏။ သူက အန်ဟောင်၊ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာတို့နှင့် အဆက်အသွယ် တစ်ခုကို တည်ဆောက်ထားပြီးပြီ ဖြစ်သည်။ သူက အမှန်တကယ် ယှဉ်ပြိုင်နိုင်စွမ်း မရှိမှသာ ရှောင်လွှဲမည် ဖြစ်၏။
ရွှေဂူ အမတ ၇၂ ပါး ရောက်ရှိလာခြင်းနှင့်အတူ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ၏ ကံကြမ္မာက နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်သည်။
ဆန်းကြယ်ကြယ်တာရာ အမတအရှင်နှင့် ထိုက်ရီ အမတအရှင်တို့က ဤမဟာကမ္ဘာသို့ ဆင်းသက်လာလိမ့်မည်ဟု ကုအန် တွက်ချက်ထား၏။ သူတို့ ရောက်ရှိလာပြီးနောက် မဟာကမ္ဘာတစ်ထောင်က နိဂုံးချုပ်သွားပေလိမ့်မည်။
ကောင်းကင်တာအို ကံကြမ္မာကြောင့် အနာဂတ်တွင် ဝိုးတဝါး နေရာများစွာ ရှိနေသော်လည်း ယေဘုယျ လမ်းကြောင်းနှင့် အချိန်ကာလကို သူ မြင်တွေ့နိုင်ဆဲ ဖြစ်သည်။
"ကောင်းကင်နတ်ဘုရားတွေ... ကြယ်တာရာအရှင်တွေ... အမတအရှင်တွေ..."
ကုအန်က ကောင်းကင်နန်းတော် အတွင်းရှိ အဆင့်များကို တွေးတောလိုက်ပြီး နန်းတော်၏ ခြိမ်းခြောက်မှုများကို မကြောက်ရွံ့ရန် မည်သည့် အဆင့်အထိ ရောက်ရှိရန် လိုအပ်မည်ကို တွေးတောနေမိ၏။
သူက ကောင်းကင်တာအို ကံကြမ္မာကို စတင် ခံစားလိုက်ရသည်။
ရွှေဂူ အမတ ၇၂ ပါး ဆင်းသက်လာခြင်းနှင့်အတူ စကြဝဠာအတွင်းရှိ ကောင်းကင်တာအို ကံကြမ္မာက အတိတ်ကထက် သာလွန်သွားပြီး မဟာကမ္ဘာကို ဖုံးလွှမ်းထားသော ကောင်းကင်တာအို အလင်းလွှာက အဆုံးမဲ့ ရွှေရောင် အလင်းတန်းများကို စုစည်းကာ စကြဝဠာကို လင်းထိန်သွားစေပြီး စူးရှတောက်ပနေ၏။
ကုအန်က ကောင်းကင်တာအို ကံကြမ္မာနှင့် ပတ်သက်၍ အမြဲတမ်း သိချင်စိတ် ဖြစ်နေခဲ့သည်။ ဤအခိုက်အတန့်တွင် မဟာတာအိုမှာ ဆန္ဒမရှိသော်လည်း ကောင်းကင်တာအိုမှာ ဆန္ဒတစ်ခုခု ရှိနေပုံရပြီး ပြင်းထန်သော သီးသန့်ဖြစ်တည်မှု တစ်ခုကို ပိုင်ဆိုင်ထားသောကြောင့် ကောင်းကင်တာအို ကံကြမ္မာက မဟာတာအိုထက် နားလည်သဘောပေါက်ရန် ပိုခက်ခဲကြောင်း သူ သဘောပေါက်သွား၏။
...
ရွှေရောင်အထွတ်အထိပ် နတ်ဘုရားကို ရွှေဂူ အမတက ဝါးမျိုသွားသောလည်း မူလဘူတ လူသားမျိုးနွယ်က ပျောက်ကွယ်မသွားဘဲ လူသားကမ္ဘာကို ဆက်လက် ဒုက္ခပေးနေပြီး သူတို့ကို လုံးဝ အမြစ်ပြတ်အောင် မချေမှုန်းနိုင်ခဲ့ကြချေ။
မူလဘူတ လူသားမျိုးနွယ်ကို အချိန်တိုအတွင်း အမြစ်ပြတ်အောင် မချေမှုန်းနိုင်သော်လည်း သူတို့ကို ဆန့်ကျင်သူများက သူတို့၏ ဂုဏ်သတင်းကို ဆက်လက် တည်ဆောက်နေကြ၏။
ပါရမီရှင်များ ပိုမို များပြားလာ၏။ သေမျိုးဝိညာဉ်များ အတွက်တော့ ဤသည်က အဆိုးရွားဆုံး ခေတ်ဖြစ်သော်လည်း အမတကျင့်ကြံရေး ဂိုဏ်းများအတွက်မူ အကောင်းဆုံး ခေတ်ပင် ဖြစ်၏။ သူတို့က မူလဘူတ လူသားမျိုးနွယ်ကို သူတို့၏ တပည့်များ လေ့ကျင့်ပေးရန် စတင် အသုံးပြုလာကြသည်။
အချိန်များက အလျင်အမြန် ကုန်ဆုံးသွားပြီး နှစ်တစ်ထောင် ကြာမြင့်သွား၏။
လောကကြီး၏ မြောက်ဘက် အစွန်ဆုံး ဒေသများတွင် ဆီးနှင်းများက ကောင်းကင်ယံတွင် ပြည့်နှက်နေပြီး တောင်များနှင့် မြစ်များက ဆီးနှင်းများ ဖုံးလွှမ်းနေသည်။
လုရှန်၊ သွေးကျဉ်းထောင် သူတော်စင်၊ ချန်ချွမ်၊ ထျန်းယောင်အာ၊ ထျန်းချင်၊ ထျန်းပိုင်၊ အန်ရှန်ထျန့်နှင့် ကျန်းရှီတို့က တောင်ကြောတစ်လျှောက် လမ်းလျှောက်နေကြပြီး သူတို့အပေါ် ကျဆင်းလာသော ဆီးနှင်းများက အလျင်အမြန် အငွေ့ပျံသွားကာ အဖြူရောင် မြူခိုးများအဖြစ် ပြောင်းလဲ၍ လွင့်စင်သွားကြ၏။
"မင်း လာလိမ့်မယ်လို့ မထင်ထားဘူး..." ရှေ့မှ လျှောက်နေသော လုရှန်ကို ကြည့်၍ သွေးကျဉ်းထောင် သူတော်စင်က ပြုံးကာ ပြောလိုက်သည်။
လုရှန်က နှာမှုတ်လိုက်၏။ "အဓိပ္ပာယ် မရှိတာ... ငါလည်း ဝူရှီရဲ့ အစိတ်အပိုင်း တစ်ခုပဲလေ... သဘာဝကျကျပဲ မင်းတို့နဲ့ ပူးပေါင်းရမှာပေါ့..."
ဤနှစ်များအတွင်း သူက တစ်ယောက်တည်း တိုက်ခိုက်ခဲ့ပြီး ကြီးမားသော ဂုဏ်သတင်း တစ်ခုကို ဖန်တီးနိုင်ခဲ့၏။ ထျန်ဟောင် လောက် နာမည်မကြီးသော်လည်း သူက လောကကြီးရှိ ထိပ်တန်း ပါရမီရှင်များထဲတွင် ပါဝင်နေဆဲ ဖြစ်သည်။ ကမ္ဘာကို ကယ်တင်ရန် ဝူရှီမှ လူများ စုဝေးနေကြောင်း ကြားသောအခါ သူက အလျင်အမြန် ရောက်လာခဲ့ခြင်း ဖြစ်၏။
တာအိုရတနာများက အချင်းချင်း အာရုံခံနိုင်ပြီး ဆက်သွယ်နိုင်စွမ်းပင် ရှိသဖြင့် သူတို့ အတူတကွ စုဝေးရန်မှာ မခက်ခဲချေ။
လုရှန်၏ စကားကို ကြားသောအခါ အခြားသူများကလည်း စကားဝိုင်းတွင် ပါဝင်လာကြသည်။
"ဟုတ်တယ်... ငါတို့ ဝူရှီရဲ့ စွမ်းဆောင်ရည်ကို တစ်လောကလုံးက မဟာကျင့်ကြံသူတွေကို ပြသသင့်တယ်..."
"ချန်ဟိုင် ဆန်းကြယ်ယင် ဂိုဏ်းက ငါနဲ့ သွေးကျဉ်းထောင် သူတော်စင်ကိုတောင် ဝိုင်းတိုက်ရဲတယ်... သူတို့ကို သင်ခန်းစာ ပေးရမယ်..." လုရှန်က ပြောလိုက်၏။
"ငါတို့ရဲ့ အဓိက ပစ်မှတ်က မူလဘူတ လူသားမျိုးနွယ်ရဲ့ ကပ်ဘေးကို ဖယ်ရှားဖို့ပဲ... ဒီကပ်ဘေး ပြီးသွားရင် အဲဒီ ဂိုဏ်းတွေနဲ့ စာရင်းရှင်းကြတာပေါ့..."
"တာအိုရတနာ ရှစ်ခုရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ဆိုရင် ဒဖိလောကမှာ ဘယ်သူမှ ငါတို့ကို တားဆီးနိုင်မှာ မဟုတ်ဘူး... တစ်ခုတည်းသော နက်နဲတဲ့ အရာက မူလဘူတ လူသားမျိုးနွယ်ရဲ့ နောက်ကွယ်မှာ ဘယ်လို တည်ရှိမှုမျိုးက ပုန်းကွယ်နေလဲ ဆိုတာပဲ... အဲဒါက ဆရာ့ကို အနှောင့်အယှက် မပေးဖို့ပဲ မျှော်လင့်ရတာပေါ့..."
လူတိုင်းက တာအိုရတနာများမှ ပေးစွမ်းသော ယုံကြည်ချက်များဖြင့် ပြည့်နှက်စွာ ဆွေးနွေးနေကြ၏။
နှစ်ထောင်ပေါင်းများစွာ တိုက်ပွဲဝင်ပြီးနောက် သူတို့က သိသိသာသာ ကြီးထွားလာခဲ့ပြီး တစ်ယောက်စီတိုင်းက တိုးတက်မှုများ ရှိခဲ့ကြသည်။ သူတို့ထဲမှ အနိမ့်ဆုံးသူပင်လျှင် ပူပင်မဲ့အမတ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး သွေးကျဉ်းထောင် သူတော်စင်နှင့် ထျန်းယောင်အာ တို့က အံ့ဖွယ်ဓမ္မအမတ အဆင့်သို့ပင် တက်လှမ်းသွားခဲ့ပြီ ဖြစ်၏။
တာအိုရတနာများတွင် မတူညီသော မဟာတာအိုများ၏ ရည်ရွယ်ချက်များ ပါဝင်ပြီး ဉာဏ်အလင်းရရန် သူတို့ကို ကူညီပေးဖို့ အမြဲတမ်း အသင့်ရှိနေကြသည်။ တိုက်ပွဲများ အတွင်းတွင် ရည်ရွယ်ချက်က အမြင့်ဆုံး ဖြစ်သဖြင့် တိုက်ပွဲတိုင်းက သူတို့ကို နက်ရှိုင်းသော နားလည်သဘောပေါက်မှုများ ဆောင်ကြဉ်းပေး၏။
ဝူရှီ တပည့်များ ရှေ့သို့ ဆက်သွားနေစဉ် ပုံရိပ် အချို့က အဝေးရှိ နှင်းမြူများကြားမှ အလျင်အမြန် ဖြတ်ပြေးသွားပြီး ပျောက်ကွယ်သွားကြသည်။ သူတို့က ဝူရှီ တပည့်များနှင့် အရပ်မျက်နှာ တစ်ခုတည်းသို့ သွားနေကြသော်လည်း ဝူရှီ တပည့်များက သူတို့ကို ဂရုမစိုက်ကြချေ။
ထိုနောက်ပိုင်း အချိန်များတွင် လူများစွာက သူတို့ကို ကျော်တက်သွားပြီး ရှေ့ရှိ မြူခိုးများထဲတွင် ပျောက်ကွယ်သွားကြစဉ် သူတို့က ပုံမှန် အရှိန်ဖြင့်သာ ဆက်လျှောက်သွားကြပြီး သူတို့၏ ကိုယ်ပိုင် ရန်ငြိုးများနှင့် လောကီရေးရာ အဖြာဖြာကို ဆွေးနွေးနေကြ၏။
အတန်ကြာပြီးနောက် သူတို့က မြူခိုးတန်းများကို ဖြတ်သန်းသွားပြီး ကမ်းပါးစွန်းတစ်ခုသို့ ရောက်ရှိသွားကာ ရှေ့ရှိ ခမ်းနားထည်ဝါသော ရေခဲကန်ကြီးကို ယှဉ်လျက် ရပ်ကြည့်နေကြသည်။ တောင်တန်းများကြားတွင် တည်ရှိနေသော မြင့်မားသည့် ရေကန် မျက်နှာပြင်က တောင်ထွတ်များကို ရေလွှမ်းမိုးပြီး သူတို့၏ နောက်ကွယ်ရှိ နယ်မြေများသို့ ကပ်ဘေးတစ်ခု ဆောင်ကြဉ်းလာမည့်အလား ခြိမ်းခြောက်နေ၏။
ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ရေခဲကန်ကို ဝန်းရံထားသည့် ကမ်းပါးများပေါ်တွင် အင်အားစုအလိုက် စုဖွဲ့ထားသော မရေမတွက်နိုင်သည့် ပုံရိပ်များဖြင့် ပြည့်နှက်နေပြီး အထက်ရှိ တိမ်တိုက်များထဲတွင် ဧရာမ မိစ္ဆာကြီးများ လှည့်လည်သွားလာနေကြရာ မြင်ကွင်းက အမှန်တကယ်ပင် အံ့မခန်း ဖြစ်၏။
လုရှန်က အောက်ဘက်ရှိ ရေခဲကန်ကို ငုံ့ကြည့်၍ မေးလိုက်သည်။ "ဒါက မူလဘူတ လူသားမျိုးနွယ်ရဲ့ ဇာစ်မြစ်လား... ဒီရက်ပိုင်းအတွင်း ဒီနေရာကနေ ဘာလို့ မိစ္ဆာဆိုး တစ်ကောင်မှ ထွက်မလာတာလဲ..."
ထျန်းယေင်အာက ပြန်ဖြေလိုက်၏။ "သေချာတော့ မသိဘူး... ဒါပေမဲ့ လောကကြီးက ဒီသတင်းနဲ့ ပွက်လောရိုက်နေပြီး ဂိုဏ်းတွေ အများကြီး ဒီနေရာကို အလျင်အမြန် လာနေကြတယ်ဆိုတော့ အခြေခံ အကြောင်းပြချက် တစ်ခုခုတော့ ရှိရမယ်..."
အခြားသူများက သူတို့၏ နတ်အာရုံများကို ရေခဲကန်ဆီသို့ စေလွှတ်လိုက်ရာ အောက်ဘက်တွင် လှိုင်းထနေသော ကြီးမားသည့် အငွေ့အသက် တစ်ခုကို အလျင်အမြန် အာရုံခံလိုက်မိပြီး နတ်အာရုံဖြင့် စူးစမ်းရန် ကြိုးပမ်းမှု အားလုံးကို ပိတ်ဆို့ထား၏။
ဤနက်နဲလှသော အငွေ့အသက်ကို အာရုံခံမိသောအခါ ဝူရှီ အဖွဲ့၏ အမူအရာများက တည်ကြည်လေးနက်သွားသည်။
သူတို့သာမက အခြားဂိုဏ်းများမှ အသစ်ရောက်လာသော ကျင့်ကြံသူများလည်း ဤရှာဖွေတွေ့ရှိမှုကြောင့် မျက်နှာအရောင်များ ပြောင်းလဲသွားကြ၏။
ကောင်းကင်ယံမှ ပုံရိပ်တစ်ခု ဆင်းသက်လာပြီး အဖွဲ့၏ နောက်တွင် ကျဆင်းလာရာ သူတို့က လှည့်ကြည့်လိုက်ပြီး ဝမ်းသာအားရ ပြုံးလိုက်ကြသည်။
ယင်းက ထျန်ဟောင်ပင် ဖြစ်၏။
ထျန်ဟောင်က ရယ်မော၍ နှုတ်ဆက်လိုက်သည်။ "စီနီယာ အစ်ကို စီနီယာအစ်မအစ်မတို့... မတွေ့ရတာ ကြာပြီနော်... မင်းတို့ လာမယ်ဆိုတာ ငါ သိနေတယ်"
သူတို့က သူ၏ ဘေးတွင် ချက်ချင်း ဝိုင်းအုံသွားပြီး စကားများ ဖောင်ဖွဲ့နေကြ၏။
အဝေးတစ်နေရာတွင် ချမ့်ခွန်းဂိုဏ်းမှ တပည့်များက ဤမြင်ကွင်းကို စောင့်ကြည့်နေကြပြီး ထျန်ဟောင်နှင့် ဝူရှီ အဖွဲ့ကြားရှိ ဆက်ဆံရေးကို သိချင်စိတ်များဖြင့် အချင်းချင်း အကဲခတ်ကြည့်လိုက်ကြသည်။
ဦးဆောင်လာသော ကုချန်တောက်က မြင်ကွင်းကို စောင့်ကြည့်နေပြီး သူ၏ အမူအရာက မပြောင်းလဲဘဲ သူ၏ တပည့်များကို ပိုင်ရှင်မဲ့ တောင်ထွတ် တစ်ခုဆီသို့ ဦးဆောင်သွား၏။
ရေခဲကန် အောက်တွင် ဘာတွေ ပုန်းကွယ်နေနိုင်မည်ကို ဂိုဏ်းအသီးသီးက ဆွေးနွေးတိုင်ပင်နေကြသည်။ ထျန်ဟောင်ကြောင့် ဝူရှီ အဖွဲ့က အာရုံစိုက်မှု အတော်များများကို ဆွဲဆောင်နိုင်ခဲ့ပြီး မကြာမီမှာပင် ထျန်ဟောင်သည် ဝူရှီမှ ဆင်းသက်လာကြောင်း သတင်းများ ပျံ့နှံ့သွားရာ ဂိုဏ်းအားလုံးကို ပိုမို သတိထားလာစေပြီး ဝူရှီ အကြောင်းကို ပိုမို သိချင်လာစေ၏။
ဝူရှီ၏ တာအိုရတနာက လောကကြီး တစ်ခွင်တွင် နာမည်ကြီးနေပြီး ယနေ့တိုင် မည်သူကမျှ ဝူရှီ တာအိုရတနာကို အနိုင်မယူနိုင်ခဲ့ချေ။ ၎င်းတို့ကို ကိုင်ဆောင်ထားသော တပည့်များထက် အဆင့် အများကြီး မြင့်မားသူများပင် အနိုင်မယူနိုင်ခဲ့ပေ။
နှစ်များတစ်လျှောက် ဝူရှီ၏ လုပ်ရပ်များက အလွန် ထင်ရှားခဲ့၏။ ယခု ထျန်ဟောင်က ဝူရှီမှ လာကြောင်း ကြားသောအခါ ကြားရသူတိုင်းကို အံ့အားသင့်သွားကြသည်။
ဝူရှီက နံပါတ်တစ် ကောင်းကင်ပါရမီရှင်ကို မွေးထုတ်ပေးနိုင်စွမ်းရှိသည့် တာအိုခုံရုံးထက်ပင် ပိုမို အစွမ်းထက်သော အင်အားစု တစ်ခု ဖြစ်နိုင်မည်လား။
ရုတ်တရက် ကြီးမားသော ဖိနှိပ်မှု စွမ်းအားတစ်ခု ဆင်းသက်လာပြီးနောက် ရေခဲနှင့် ဆီးနှင်း ဖုံးလွှမ်းနေသော နယ်မြေတစ်လျှောက် ပဲ့တင်ထပ်သွားသည့် အသံတစ်ခု ထွက်ပေါ်လာ၏။
"ငါက တာအိုခုံရုံးရဲ့ အကြီးအကဲ ဖူချန်းပါ... ဒီနေ့ ဒီရေကန် အောက်က အတားအဆီးကို ငါ ဖွင့်ပေးမယ်... အမတလမ်းစဉ် ကိုးခုမြောက်ကို ရောက်ရှိထားတဲ့ တာအိုမိတ်ဆွေတွေပဲ ငါနဲ့အတူ ရေကန်ထဲကို ဝင်ခွင့်ရှိမယ်... တခြားသူတွေကတော့ မူလဘူတ လူသားမျိုးနွယ်ရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ အပြင်ဘက်မှာပဲ နေရစ်ခဲ့ရမယ်..."
အသံ ပျောက်ကွယ်သွားသည်နှင့် အထက်ရှိ တိမ်ပင်လယ်များက ပြင်းထန်စွာ လှုပ်ရှားလာပြီး ဧရာမ လေဆင်နှာမောင်းကြီး တစ်ခု အသွင် ဖန်တီးလိုက်သည်။ လေဆင်နှာမောင်း၏ ဗဟိုချက်တွင် တောင်များထက် ပိုမို ကြီးမားပြီး ထက်မြက်သော အသွားနှင့် ရှေးဟောင်း လက်ကိုင် ပါရှိကာ အဆုံးမဲ့ ရှေးဟောင်း အငွေ့အသက်များကို ထုတ်လွှတ်နေသည့် ဧရာမ ဓားကြီး တစ်လက် ပေါ်လာသည်ကို ဝူရှီ အဖွဲ့က မော့ကြည့်လိုက်ကြ၏။
ဓားကြီး ကျဆင်းလာသည်နှင့်အမျှ ၎င်း၏ လက်ကိုင်ကို မြင်တွေ့လာရပြီး အသက်ကြီးသော တာအိုဘုန်းကြီး တစ်ပါးက ၎င်း၏ အပေါ်တွင် ရပ်ကာ ညာလက်ကို ရင်ဘတ်ပေါ် တင်၍ ဂါထာ ရွတ်ဆိုနေသည်။
"အဲဒါ တာအိုခုံရုံးရဲ့ နတ်ဓား လေးလက်ထဲက တစ်လက် ဖြစ်တဲ့ ကောင်းကင်ခွဲ ဓားပဲ..."
တစ်စုံတစ်ယောက်က ဓား၏ ဇာစ်မြစ်ကို ဖော်ထုတ်ကာ အော်ဟစ်လိုက်၏။
အခန်း ၆၅၂ ရွှေဂူ ၇၂ ပါး၏ ဗျူဟာ
ခမ်းနားထည်ဝါသော ကောင်းကင်ခွဲ ဓားကို ကြည့်ပြီး ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများက အံ့အားသင့်သွားကြပြီး သက်တမ်းတာအိုနယ်မြေမှ လူများက ဤဓားကို သူတို့၏ တာအိုရတနာများနှင့် နှိုင်းယှဉ်ကြည့်လိုက်ကြ၏။
ဓားက ပိုမို အစွမ်းထက်သော်လည်း တာအိုရတနာများကဲ့သို့ မဟာတာအို ရည်ရွယ်ချက် မပါရှိကြောင်း သူတို့ တွေ့ရှိလိုက်ကြသည်။
သူတို့၏ တာအိုရတနာများက ကောင်းကင်ခွဲ ဓားလောက် မစွမ်းထက်ရသည့် အကြောင်းရင်းမှာ သူတို့၏ တာအိုကျင့်စဉ်က မလုံလောက်သေးသောကြောင့်သာ ဖြစ်၏။
သူတို့သာ တာအိုခုံရုံးမှ အကြီးအကဲ ဖူချန်း၏ ကျင့်ကြံခြင်းအဆင့် ရှိမည်ဆိုလျှင် သူတို့၏ လက်ထဲရှိ တာအိုရတနာများက ကောင်းကင်ခွဲ ဓားထက် သေချာပေါက် ပို၍ ကြောက်မက်ဖွယ် ကောင်းနေမည် ဖြစ်သည်။
သူတို့က ကောင်းကင်ခွဲ ဓားကို ကြည့်ကာ သူတို့၏ တာအိုရတနာများ အစွမ်းအထက်ဆုံး အဆင့်သို့ ရောက်ရှိလာသောအခါ မည်မျှအထိ အစွမ်းထက်လာမည်ကို စတင် စိတ်ကူးယဉ်နေကြ၏။
ထျန်ဟောင်ကလည်း သူ၏ တာအိုရတနာ သုံးခုဖြစ်သော နတ်ဘုရားအပြစ်ပေး၊ ကောင်းကင်အပြစ်ပေး၊ အမတအပြစ်ပေး တို့ကို ဆင့်ခေါ်လိုက်ရာ တာအိုလှံ သုံးလက်က သူ၏ ပတ်လည်တွင် ရစ်ဝဲနေပြီး ၎င်းတို့၏ အသီးသီးသော တောက်ပမှုများကို ပြသနေသည်။
သွေးကျဉ်းထောင် သူတော်စင်က သူ့ကို တစ်ချက် ကြည့်လိုက်ရာ သူ၏ မျက်လုံးများက မနာလိုမှုများဖြင့် ပြည့်နှက်နေ၏။
ဤတာအိုရတနာ သုံးခုက ဝင်္ကပါများကိုလည်း ဖန်တီးနိုင်ပြီး ၎င်းတို့၏ တိုက်ခိုက်ရေး စွမ်းအားက တာအိုရတနာများထဲတွင် အစွမ်းအထက်ဆုံး ဖြစ်သည်ဟု ဆိုကြသည်။
သွေးကျဉ်းထောင် သူတော်စင်က တိတ်တဆိတ်သာ မနာလို ဖြစ်နေနိုင်၏။ သူက ထျန်ဟောင်နှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိကြောင်း သိသော်လည်း တစ်နေ့တွင် ထျန်ဟောင်ကို သူ ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ထားသည်။
ထျန်ဟောင်က သူ၏ ကိုယ်ပိုင် ခြေထောက်ပေါ်တွင် ရပ်တည်နေပြီ ဖြစ်ပြီး ဤအခြေအနေအရ သူက သက်တမ်းတာအိုနယ်မြေသို့ မကြာခဏ ပြန်လာရန် မဖြစ်နိုင်တော့ချေ။ သူ၏ ကုအန်နှင့် ဆက်ဆံရေးက အဆုံးသတ်သွားမည် မဟုတ်သော်လည်း မလွဲမသွေ အလှမ်းဝေးသွားပေလိမ့်မည်။
သွေးကျဉ်းထောင် သူတော်စင်က ဤကဲ့သို့သော အခြေအနေများကို အကြိမ်အတော်များများ မြင်တွေ့ခဲ့ဖူး၏။
အန်ဟောင်၊ ယန်ကျန်း၊ လုံချင် အားလုံးက သူတို့ကိုယ်သူတို့ ထူးကဲသူများဟု သတ်မှတ်ထားကြသော်လည်း ကုအန်ထံမှ ထွက်သွားပြီးနောက် သူတို့က သေဆုံးသွားခဲ့ကြ သို့မဟုတ် သေမျိုးလောကထဲတွင် ပျောက်ကွယ်သွားခဲ့ကြသည်။
သူက ကုအန်၏ အနားတွင် အမြဲတမ်း နေထိုင်ခဲ့သဖြင့် ယခုအခါ အံ့ဖွယ်ဓမ္မအမတ ဖြစ်လာခဲ့ပြီး သူ့အတွက် သီးသန့်ဖြစ်သော တာအိုရတနာ တစ်ခုကို ကိုင်ဆောင်ထားနိုင်ပြီ ဖြစ်၏။
သူက စုံစမ်းကြည့်ခဲ့ရာ နှစ်တစ်သန်း အတွင်း အံ့ဖွယ်ဓမ္မအမတ အဆင့်သို့ ရောက်ရှိသူများကို ထူးချွန်သော ပါရမီနှင့် ကြီးမားသော ကံကြမ္မာ ရှိသူများအဖြစ် သတ်မှတ်ထားကြောင်း သိရှိခဲ့ရပြီး သူက ဤအဆင့်သို့ နှစ်တစ်သိန်းပင် မပြည့်မီ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ လောကကြီးတွင် ထျန်ဟောင်သာ မရှိခဲ့လျှင် သူက ကျင့်ကြံခြင်း အရှိန်အဟုန်၏ အထွတ်အထိပ်တွင် ရှိနေမည် ဖြစ်၏။
ဤအရာကို တွေးလိုက်မိသောအခါ သွေးကျဉ်းထောင် သူတော်စင်က ပြုံးလိုက်ပြီး ထျန်ဟောင်ကို မနာလို မဖြစ်တော့ဘဲ အနာဂတ်ကိုပင် စတင် မျှော်လင့်လာတော့သည်။
နှစ်ပေါင်း ဘီလီယံချီ ကြာပြီးနောက် ထျန်ဟောင်က သူ၏ လက်ရှိ ရွေးချယ်မှုကို နောင်တရနေမည်လား။
အဲဒီအချိန် ရောက်ရင် သူက အမတနတ်ဘုရားတွေကို အသေးအဖွဲ ကိစ္စလေးတွေလို သဘောထားနေမှာ သေချာတယ်။
သွေးကျဉ်းထောင် သူတော်စင်က ပိုတွေးလေလေ ပိုစိတ်လှုပ်ရှားလာလေလေ ဖြစ်ပြီး ရေခဲကန်ကိုပင် အာရုံစိုက်ရန် မေ့လျော့သွား၏။
ကောင်းကင်ခွဲ ဓားက ဆက်လက် ကျဆင်းလာပြီး ဧရာမ လက်ကြီး တစ်ဖက်က ကောင်းကင်ခွဲ ဓားကို ပိတ်ဆို့ချင်နေသည့်အလား ရေခဲကန်၏ မျက်နှာပြင်ပေါ်တွင် မီးတောက်များကဲ့သို့ ရေခဲအငွေ့များ လှိုင်းထလာသည်။
ကောင်းကင်ခွဲ ဓား၏ လက်ကိုင်ပေါ်တွင် ရပ်နေသော တာအိုခုံရုံး အကြီးအကဲ ဖူချန်း၏ မျက်လုံးများက အေးစက်သွားပြီး ကြီးမား၍ အဆုံးမဲ့သော အငွေ့အသက်တစ်ခု သူ၏ အတွင်းမှ ပေါက်ကွဲထွက်လာကာ ကောင်းကင်ခွဲ ဓားကို ဓားအလင်းရောင်များဖြင့် တောက်ပသွားစေ၏။
ဘုန်း...
ကောင်းကင်ခွဲ ဓားက တုန်ခါသွားပြီးနောက် အောက်ဘက်သို့ ပြင်းထန်စွာ ထိုးစိုက်သွားကာ ရေခဲကန်၏ မျက်နှာပြင်ကို ရိုက်ခတ်သွားရာ ထိတ်လန့်ဖွယ်ရာ နောက်ဆက်တွဲ ရိုက်ခတ်မှုက ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများကို အစုလိုက်အပြုံလိုက် နောက်ဆုတ်သွားစေပြီး ခုခံရန် သူတို့၏ မာနာစွမ်းအင်များကို ချက်ချင်း စုစည်းလိုက်ရသည်။
ဤနေရာသို့ လာနိုင်သည့် အားအနည်းဆုံး ကျင့်ကြံသူများပင်လျှင် မြေလျှောက်အမတ အဆင့်ရှိကြပြီး ပြင်ပကောင်းကင်သို့ ပျံသန်းနိုင်စွမ်း ရှိကြသော်လည်း ဤအခိုက်အတန့်တွင် ကောင်းကင်ခွဲ ဓား၏ စွမ်းအားကို ရင်ဆိုင်ရသောအခါ သူတို့ အားလုံးက အင်းဆက်ပိုးမွှားများကဲ့သို့ အားနည်းနေကြောင်း ခံစားလိုက်ရ၏။
တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် ကောင်းကင်ခွဲ ဓားက ရေခဲကန်ကို ရုတ်တရက် ထိုးဖောက်သွားရာ ထျန်းယောင်အာက သူမ၏ မျက်စိရှေ့ရှိ လောကကြီး ရုတ်တရက် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူမက မသိစိတ်ဖြင့် မျက်တောင်ခတ်လိုက်ပြီး မျက်လုံးများ ပြန်ဖွင့်ကြည့်လိုက်သောအခါ ကောင်းကင်ခွဲ ဓားက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
မရေမတွက်နိုင်သော တာအိုခုံရုံး ကျင့်ကြံသူများက ကောင်းကင်ယံမှ ငါးကြင်းအုပ်ကြီးကဲ့သို့ ကျဆင်းလာပြီး ရေခဲကန်ထဲသို့ ဒိုင်ဗင်ထိုးဆင်းသွားကြသည်ကို သူမ မြင်လိုက်ရသည်။
ငုံ့ကြည့်လိုက်သောအခါ ရေခဲကန်၏ မျက်နှာပြင်က အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး သွေးရောင် လျှပ်စီးများ လက်နေကာ ငရဲဝင်ပေါက်နှင့် တူသော ဧရာမ အနက်ရောင် တွင်းကြီး တစ်ခုကို ဖော်ထုတ်ပြသနေပြီး ကြည့်ရုံဖြင့် နှလုံးသားထဲသို့ ထိတ်လန့်မှုများ ရိုက်ခတ်သွားစေသည့် မြင်ကွင်းတစ်ခု ဖြစ်၏။
သွေးကျဉ်းထောင် သူတော်စင်၏ အသံက သူမ၏ ဘေးမှ ထွက်ပေါ်လာသည်။ "ငါတို့လည်း အောက်ဆင်းသင့်တယ်... နောက်ချန်ရစ်ပြီး စောင့်ကြပ်နေဖို့ဆိုတာ ငါတို့ ဝူရှီက လူတွေ အလုပ် မဟုတ်ဘူး..."
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူက ဦးဆောင်၍ အောက်သို့ ပြေးဆင်းသွားရာ လုရှန်၊ ချန်ချွမ်နှင့် အန်ရှန်ထျန့် တို့က အနီးကပ် လိုက်ပါသွားကြ၏။
ထျန်းယောင်အာက သတိပြန်ဝင်လာပြီး အခြားသူများနှင့်အတူ အောက်သို့ ပျံသန်းသွားသည်။
ထျန်ဟောင်က ချမ့်ခွန်းဂိုဏ်းဘက်သို့ အဝေးမှ ကြည့်လိုက်ရာ ကုချန်တောက်က သူ့ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် သူက ရေခဲကန်၏ အနက်ရောင် တွင်းကြီးထဲသို့ ဝင်သွားသော ဝူရှီ အဖွဲ့၏ နောက်သို့ ချက်ချင်း လိုက်သွား၏။
မှောင်မိုက်သော နေရာတစ်ခုကို ဖြတ်ကျော်ပြီးနောက် ထျန်းယောင်အာက ကောင်းကင်ယံမှ ဆင်းသက်လာစဉ် လောကကြီး လည်ပတ်နေသကဲ့သို့ ခံစားလိုက်ရ၏။
မြေကြီးက အနီရောင် သမ်းနေအောင် ကျွမ်းလောင်နေပြီး မြက်တစ်ပင်ပင် မတွေ့ရဘဲ ဆီးနှင်းများကဲ့သို့ အဖြူရောင် အရိုးများက မြေပြင်အနှံ့ ပြန့်ကျဲနေ၏။ အဝေးရှိ ဧရာမ တောင်ကြီးများက ပူပြင်းသော ချော်ရည်များကို မှုတ်ထုတ်နေပြီး ကောင်းကင်က လိပ်တက်နေသော အနက်ရောင် တိမ်တိုက်များဖြင့် ဖုံးလွှမ်းနေကာ ဖိနှိပ်ထားသည့်အလား မိုးမည်းနေပြီး ထျန်းယေင်အာ၏ ခေါင်းပေါ်ရှိ အနက်ရောင် တွင်းကြီးက ကောင်းကင်ခုံးတွင် ကြီးမားသော အပေါက်ကြီး တစ်ခု စုတ်ပြဲသွားသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းအောင် ကျယ်ပြောလှသည်။
"ဒီနေရာမှာ ငါတို့ အတူတူ နေသင့်တယ်... ဒီနေရာက တစ်ခုခုတော့ မှားနေတယ်..."
ကျန်းရှီက ပြောလိုက်ပြီး အခြားသူများကလည်း ကန့်ကွက်ခြင်း မရှိဘဲ အလျင်အမြန် စုစည်းလိုက်ကြ၏။
လောကကြီးထဲတွင် နှစ်ထောင်ပေါင်းများစွာ လှည့်လည်သွားလာခဲ့ပြီးနောက် ကျန်းရှီ၏ စွမ်းအားက သူတို့ထဲတွင် ထိပ်တန်း မဟုတ်သော်လည်း သူ၏ တည်ငြိမ်မှုနှင့် သေချာစေ့စပ်မှုတို့က သူတို့၏ လုပ်ရပ်များတွင် အဓိက ကျောရိုး ဖြစ်လာခဲ့သည်။
ချန်ချွမ်က အဝေးသို့ ကြည့်လိုက်ပြီး တာအိုခုံရုံး ကျင့်ကြံသူများက နဂါးတစ်ကောင်ကဲ့သို့ အဝေးရှိ နယ်မြေများဆီသို့ ပျံသန်းသွားနေသည်ကို စောင့်ကြည့်ရင်း သူ၏ ဓားကဲ့သို့ မျက်မှောင်များ ကုတ်သွား၏။
အကြောင်းပြချက် တစ်ခုခုကြောင့် ဤနယ်ပယ်သို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ဖော်ပြ၍ မရနိုင်လောက်အောင် ထိတ်လန့်မှုကို သူ ခံစားလိုက်ရပြီး သူ၏ ခံစားချက်များကို မထိန်းချုပ်နိုင်အောင် ဖြစ်နေသည်။
ထျန်းပိုင်က သတိထား၍ မေးလိုက်၏။ "ငါတို့ စောင့်ကြည့်ခံနေရသလို ခံစားရလား..."
အန်ရှန်ထျန့်က ပတ်ဝန်းကျင်ကို အကဲခတ်ပြီး ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်... အားလုံး သတိထားကြ... တာအိုရတနာတွေ ရှိနေလို့ဆိုပြီး ငါတို့ ပေါ့ပေါ့ဆဆ နေလို့ မရဘူး..."
"ငါ ရှေ့ကနေ သွားမယ်... ငါ့နောက်က လိုက်ခဲ့ကြ..."
သွေးကျဉ်းထောင် သူတော်စင်က ဝင်ပြောလိုက်ပြီးနောက် တာအိုခုံရုံး၏ အဓိက အင်အားစုနောက်သို့ မလိုက်ဘဲ အရပ်မျက်နှာ တစ်ခုဆီသို့ ပျံသန်းသွား၏။
အခြားသူများက သူတို့၏ ကိုယ်ပိုင် တာအိုရတနာများကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် အနီးကပ် လိုက်ပါသွားကြသည်။
မကြာမီမှာပင် သူတို့ ပျံသန်းနေဆဲ အချိန်တွင် အဝေးမှ လွှမ်းမိုးနိုင်ပြီး ထိတ်လန့်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာရာ သူတို့ကို အလန့်တကြား ဖြစ်သွားစေပြီး ချက်ချင်း ရပ်တန့်သွားစေ၏။
"မိုက်မဲတဲ့ သေမျိုးဝိညာဉ်တွေ... မင်းတို့က ငရဲထဲကိုတောင် တိုးဝင်လာရဲတယ်... တကယ်ပဲ သေချင်နေတာပဲ..."
အေးစက်သော အသံတစ်သံက ကောင်းကင်နှင့် မြေကြီးတစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ယင်းနောက် သွေးရောင် အလင်းတန်းတစ်ခုက ကောင်းကင်ခုံးကို ဖြတ်သန်းသွားပြီး အဆုံးမဲ့ တိမ်ပင်လယ်ကို မွှေနှောက်လိုက်၏။ ချက်ချင်းပင် ဝူရှီ အဖွဲ့၏ လက်ထဲရှိ တာအိုရတနာများက အကာအကွယ် ဒိုင်းလွှားများကို လင်းလက်သွားစေပြီး ဤရိုက်ခတ်မှု လှိုင်းလုံးကို ပိတ်ဆို့လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့ အားလုံးက ထိတ်လန့်မှုကို ခံစားနေရဆဲ ဖြစ်၏။ ကျန်းရှီ၊ ထျန်းချင်နှင့် ထျန်းပိုင်တို့၏ ပါးစပ်ထောင့်များမှ သွေးများ စီးကျနေပြီး မျက်နှာများက ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
လုရှန်က အလျင်အမြန် လက်မြှောက်လိုက်ရာ အထွတ်အထိပ် ကောင်းကင် ဆယ့်နှစ်ပါး ကမ္ဘာတည်ငြိမ်ရေး ပုတီးစေ့က လူတိုင်း၏ အထက်သို့ ပျံတက်သွားပြီး လျင်မြန်စွာ ကြီးထွားလာကာ ပြင်းထန်သော အလင်းရောင်များ ထုတ်လွှတ်ပြီး အလွှာတစ်ခုစီက မတူညီသော အရောင်များ ဖြစ်သည့် တာအိုအလင်း လွှာများကို ဖန်တီးလိုက်၏။ အလွှာများ တစ်ခုပြီးတစ်ခုက ဧရာမ မျှော်စင်ကြီး တစ်ခု၏ ပုံရိပ်ယောင်ကို ဖန်တီးလိုက်ပြီး သေချာ ကြည့်လိုက်မည် ဆိုလျှင် တာအိုအလင်း လွှာတစ်ခုစီက ကောင်းကင်နှင့် မြေကြီးကို ရောင်ပြန်ဟပ်နေသည်ကို တွေ့ရမည် ဖြစ်သည်။
ထျန်းချင်က စိမ်းပြာရောင် ဟုန်လင်လုံမျှော်စင်ကို မြှောက်လိုက်ပြီး ထျန်းပိုင်က ဝိညာဉ်ဖြူလင်လုံမျှော်စင်ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ အခြား လက်တစ်ဖက်ဖြင့် ၎င်းအပေါ်သို့ ဂါထာများ ရွတ်ဆိုလိုက်၏။
အမြွှာ မျှော်စင်များ အတွင်းမှ စိမ်းပြာရောင် တစ်ကောင်နှင့် အဖြူရောင် တစ်ကောင် ဖြစ်သော လျှို့ဝှက်ဆန်းကြယ်သည့် ငှက်နှစ်ကောင် ထွက်ပေါ်လာပြီး မြင့်မားစွာ ပျံတက်သွားစဉ် အချင်းချင်း ရစ်ပတ်လျက် မျှော်စင် ပုံရိပ်ယောင်ပေါ်တွင် သူတို့၏ အတောင်ပံများကို ဖြန့်ကြက်ကာ ဒုတိယမြောက် ကာကွယ်ရေး အလွှာတစ်ခုကို ဖန်တီးလိုက်သည်။
သူတို့၏ အခြေအနေကိုပင် မဆွေးနွေးနိုင်မီမှာပင် အဝေးမှ နားကန်းလောက်အောင် ကျယ်လောင်သော ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာပြီး တိုက်ပွဲ၏ ဖိနှိပ်ထားသော စွမ်းအားများက သူတို့အပေါ် လွှမ်းမိုးသွားကာ သူတို့၏ အမူအရာများကို ပြင်းထန်စွာ ပြောင်းလဲသွားစေ၏။
"ဒါက ဘယ်လို အဆင့်မျိုးလဲ..." အန်ရှန်ထျန့်က ရေရွတ် အလိုက်သည်။
ပြီးခဲ့သည့် ခေတ်အဆုံးသတ်တွင် လျှို့ဝှက်ဆန်းကြယ်သော ပြင်ပကောင်းကင် မိစ္ဆာဆိုးများက သက်ရှိအားလုံးထံသို့ ဆောင်ကြဉ်းလာခဲ့သည့် ဖိနှိပ်ထားသော စွမ်းအားကို သူ တွေးမိလိုက်၏။
တန်းတူ ထိုးဖောက်၍ မရနိုင်သကဲ့သို့ တန်းတူ အနိုင်မယူနိုင်ချေ။
လုရှန် စကားပြောရန် ပြင်လိုက်စဉ်မှာပင် အဝေးမှ ပြင်းထန်သော လေဆင်နှာမောင်း တစ်ခု တိုက်ခတ်လာပြီး မျက်စိကျိန်းလောက်သော အလင်းရောင် တစ်ခုက ကောင်းကင်နှင့် မြေကြီးကြားရှိ အရာအားလုံးကို ဖုံးလွှမ်းသွားကာ အရာအားလုံးကို အရောင်အသွေး ပျောက်ကွယ်သွားစေ၏။
တစ်ချိန်တည်းမှာပင် မြစ်ကြီး တစ်စင်း၏ ဘေးတွင် ရွှေဂူ အမတ ၇၂ ပါးက ရှေ့သို့ ချီတက်နေကြသည်။
ခရမ်းရောင်နဂါး ကြယ်တာရာအရှင်က ရှေ့ဆုံးမှ ဦးဆောင်လာပြီး သူ၏ ညာလက်ကို ကြည့်လိုက်ရာ သူ၏ လက်ဖဝါးထဲတွင် သွေးပုလဲ တစ်လုံး ပေါလောပေါ်နေပြီး ၎င်း၏ အတွင်း၌ ထျန်ဟောင်၏ ပုံရိပ် အပါအဝင် မဟာတိုက်ပွဲကြီး တစ်ခုကို ပြသနေ၏။
တာအိုခုံရုံးမှ မဟာကျင့်ကြံသူ သောင်းပေါင်းများစွာက မူလဘူတ လူသားမျိုးနွယ်မှ ကမ္ဘာ့အဆင့် မိစ္ဆာဆိုး တစ်ကောင်ကို ဝိုင်းရံထားကြပြီး အများစုက ဝင်္ကပါကိုသာ ထိန်းသိမ်းထားနိုင်ကြကာ တိုက်ပွဲတွင် မပါဝင်နိုင်ကြချေ။
ထျန်ဟောင်၏ ပုံရိပ်က ခရမ်းရောင်နဂါး ကြယ်တာရာအရှင်၏ မျက်လုံးများထဲတွင် ရောင်ပြန်ဟပ်နေ၏။
ရွှေရောင် ချပ်ဝတ်တန်ဆာနှင့် လူငယ်က သူ၏ ဘေးတွင် ပေါလောပေါ်နေပြီး သူ၏ လက်ထဲရှိ သွေးပုလဲကို သိချင်စိတ်ဖြင့် စောင့်ကြည့်နေသည်။
"ဒီထျန်ဟောင်က သာမန် ကံကြမ္မာပုံစံသာ ရှိပေမဲ့ သူ့အသက်အရွယ်နဲ့ စဉ်းစားရင် သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အတော်လေး အထင်ကြီးစရာပဲ..." ရွှေရောင် ချပ်ဝတ်တန်ဆာနှင့် လူငယ်က မှတ်ချက်ချလိုက်ပြီး အံ့အားသင့်စွာဖြင့် လျှာသပ်လိုက်၏။
အမတနတ်ဘုရား တစ်ပါး အနေဖြင့် ထျန်ဟောင်ကို တစ်ချက် ကြည့်လိုက်ရုံဖြင့် ထျန်ဟောင်၏ နောက်ခံကို သူ သိရှိရန် လုံလောက်နေပြီ ဖြစ်သည်။
ခရမ်းရောင်နဂါး ကြယ်တာရာအရှင်က ခံစားချက် ကင်းမဲ့စွာဖြင့် ပြောလိုက်၏။ '' ဒီလို ပါရမီနဲ့ သူ့ရဲ့ ကံကြမ္မာပုံစံက သာမန် မဖြစ်နိုင်ဘူး... တစ်ယောက်ယောက်က သူ့ရဲ့ ကံကြမ္မာပုံစံကို ဖုံးကွယ်ထားတာ ဖြစ်နိုင်တယ်..."
"အို... သူက ငါတို့ ရှာနေတဲ့သူ ဖြစ်နိုင်မလား... ကောင်းကင်ဝိညာဉ်အမတအရှင်ရဲ့ လက်ချက်များ ဖြစ်နိုင်မလား..."
ရွှေရောင် ချပ်ဝတ်တန်ဆာနှင့် လူငယ်က ဆက်မေးလိုက်သည်။
ခရမ်းရောင်နဂါး ကြယ်တာရာအရှင်က ပြန်ဖြေလိုက်၏။ "မကြာခင် ငါတို့ သိရမှာပါ..."
သူက ဘယ်ဘက်လက်ကို မြှောက်လိုက်ရာ သူ၏ လက်ချောင်းထိပ်များတွင် မီးတောက်များ လောင်ကျွမ်းလာပြီး ရွှေရောင်အထွတ်အထိပ် နတ်ဘုရား၏ ဝိညာဉ်ခန္ဓာကိုယ်ကို လျင်မြန်စွာ ဖန်တီးလိုက်သည်။
ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက သူ့ကို ကြောက်ရွံ့မှုများ အပြည့်ဖြင့် မော့ကြည့်လိုက်၏။
ခရမ်းရောင်နဂါး ကြယ်တာရာအရှင်က အများကြီး မပြောဘဲ သူ၏ ဝိညာဉ်ခန္ဓာကိုယ်ကို သွေးပုလဲထဲသို့ ပစ်ထည့်လိုက်သည်။
ရွှေရောင် ချပ်ဝတ်တန်ဆာနှင့် လူငယ်က နောက်ပြောင်သည့်ဟန်ဖြင့် ရယ်မောလိုက်၏။ "ရွှေရောင်အထွတ်အထိပ် နတ်ဘုရား လှုပ်ရှားဖို့ မလိုပါဘူး... အဲဒီ ကမ္ဘာမှာ ကောင်းကင်တက်လှမ်းခြင်းနှောင်ဖွဲ့ကင်းအမတ တစ်ပါး ပုန်းကွယ်နေတာမို့ နောက်ကွယ်က လူကို အပြင်ထွက်လာအောင် ဖိအားပေးဖို့ လုံလောက်ပါတယ်..."
ခရမ်းရောင်နဂါး ကြယ်တာရာအရှင်က ညင်သာစွာ ပြောလိုက်သည်။ "ငါက ကောင်းကင်ဝိညာဉ်အမတအရှင် ဒါမှမဟုတ် ဆရာသခင်ဓားအရှင်ကို ဖိအားပေးဖို့ ကြိုးစားနေတာ မဟုတ်ဘူး... ဆန်းကြယ်ကြယ်တာရာ အမတအရှင်ကို ဖိအားပေးဖို့ ကြိုးစားနေတာ..."
ရွှေရောင် ချပ်ဝတ်တန်ဆာနှင့် လူငယ်က တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
သူက သူ၏ နောက်ကွယ်ရှိ ရွှေဂူ အမတများဘက်သို့ လှည့်၍ အော်ဟစ်လိုက်သည်။ "ဟေး... ငါတို့ ဆန်းကြယ်ကြယ်တာရာ အမတအရှင်နဲ့ တိုက်ခိုက်ရတော့မယ်..."
ရွှေဂူ အမတများတွင် မတူညီသော အမူအရာများ ရှိနေကြသည်။ အချို့က ရွှေရောင် ချပ်ဝတ်တန်ဆာနှင့် လူငယ်ကဲ့သို့ စိတ်လှုပ်ရှားနေကြပြီး အချို့က စိုးရိမ်ပူပန်မှုများဖြင့် မျက်မှောင်ကြုတ်နေကြ၏။ သို့သော်လည်း မည်သူကမျှ ကန့်ကွက်ခြင်း မပြုကြဘဲ သူတို့၏ အကြည့်များကို ခရမ်းရောင်နဂါး ကြယ်တာရာအရှင် ဆီသို့သာ လွှဲလိုက်ကြသည်။