ကိုယ့်လက်နှင့်ကိုယ် သေတွင်းတူးခြင်း
Vol. 114 Ch. 1710
“မင်းတို့ကို ငါ့ဆွေမျိုးလို့ သဘောထားခဲ့လို့ပဲ ငါ မင်းတို့ကို နေရာတိုင်းမှာ သည်းခံခဲ့တာ၊ ဒါပေမဲ့ မင်းတို့က ငါ့ကို သေစေချင်နေခဲ့တာပဲ”
ယဲ့ဖန် လှောင်ရယ်လိုက်ပြီး သူတို့အား အရူးကို ကြည့်သကဲ့သို့ ကြည့်နေလိုက်သည်။
“မင်းတို့ နတ်ဘုရားမျိုးနွယ်နဲ့ ပူးပေါင်းထားတာကို ငါ မသိဘူးများ ထင်နေလား”
ထိုစကားသံ ထွက်လာသည်နှင့် လူအုပ်ထဲ၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။
လူတိုင်း အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့အား မယုံနိုင်သလို ကြည့်နေကြသည်။ အိုးရန်ကျန်း၏ မြေးနှစ်ယောက်က အဘိုးဖြစ်သူနှင့် အိုးရန်မျိုးနွယ်တစ်ခုလုံးကို သစ္စာဖောက်လိမ့်မည်ဟု သူတို့ ထင်မထားမိပါ။
မယုံနိုင်စရာ ကောင်းလှပေသည်။
အိုးရန်မိန်လင်၏ မျက်နှာက ချက်ချင်း ဖြူရော်သွားပြီး နူးညံ့သိမ်မွေ့သော သူမခန္ဓာကိုယ်က တုန်ယင်လာပြီး ကြမ်းပြင်ပေါ် လဲကျမတတ် ဖြစ်လာသည်။ ထို့နောက် သူမ မချိပြုံး ပြုံးလိုက်မိသည်။
*သူ သိနေတယ်*
*သူ အားလုံးကို သိနေတယ်*
*သူ သိနေပင်မယ့် မပြောခဲ့တာ၊ သူ ငါတို့ကို အခွင့်အရေး ပေးခဲ့ပြီးတော့ ရပ်လိုက်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာပဲ*
မနေ့ညက မိသားစုခေါင်းဆောင် ငါးယောက်ကို သူ အနိုင်ယူလိုက်ခြင်းက ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။
မနေ့ညက သူတို့ အစေခံများကို သူ သတ်လိုက်ခြင်းက သတိပေးခြင်း ဖြစ်၏။
သူတို့ကို သူ အခွင့်အရေးများစွာ ပေးခဲ့သော်လည်း သူတို့ တစ်ကြိမ်တစ်ခါမှ မဆုပ်ကိုင်ခဲ့မိပေ။
သူတို့ကို ချောက်နက်ထဲသို့ တွန်းချသူက သူတို့ကိုယ်တိုင် ဖြစ်နေခဲ့သည်။
အိုးရန်မိန်လင်သည် အိုးရန်ရှန့်ဖုန်းထံမှ လှည့်ကွက်များစွာနှင့် ဉာဏ်များသော စိတ်တို့ကို ရရှိထားသောကြောင့် သာမန်လူများထက် ဉာဏ်ထက်သည်။ ထို့ကြောင့် သူမ တစ်ကြိမ်တည်းနှင့် အားလုံးကို နားလည်သွားလေသည်။
သူတို့ကို မသတ်ခြင်းက ရပ်တန့်ရန် အခွင့်အရေး ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် သူတို့က အလွန် ရူးမိုက်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့ကာ ယဲ့ဖန်၏ ကြင်နာမှုကို အကြိမ်ကြိမ် နင်းချေခဲ့သည်။
ယနေ့ အခြေအနေအား မည်သူ့ကိုမှ အပြစ်တင်၍ မရနိုင်ပါ။ အပြစ်တင်ခြင်းတင် ရူးမိုက်ခဲ့သော သူတို့ကိုသာ အပြစ်တင်ရပေမည်။
“အရေးမပါတာတွေ၊ သက်သေ ဘယ်မှာလဲ၊ ငါ့ကို သက်သေ ပြလေ”
အိုးရန်ရှောက်ကျွင်း သံကုန်အော်ဟစ်လိုက်သည်။ ယခုကဲ့သို့သောအချိန်တွင် သူ ဝန်ခံ၍ မဖြစ်မှန်း သူ သိနေသည်။ သူ ဝန်ခံလိုက်သည်နှင့် ယဲ့ဖန်၌ သူတို့ကို သတ်နိုင်မည့် အကြောင်းပြချက် ရသွားပေလိမ့်မည်။
လက်ရှိတွင် သေခြင်းနှင့် ရင်ဆိုင်ရသောအခါ အိုးရန်ရှောက်ကျွင်းသည် ဉာဏ်ထက်လာလေတော့သည်။
အိုးရန်မိန်လင်က အောင့်သက်သက် ပြုံးလိုက်ပြီး အိုးရန်ရှောက်ကျွင်းကို အထင်သေးသော အကြည့်ဖြင့် ကြည့်လေသည်။
“အော်မနေနဲ့ ဝန်ခံလိုက်တော့”
အိုးရန်ရှောက်ကျွင်းက သူ လွတ်မြောက်နိုင်လိမ့်မည်ဟု ထင်နေသည်က အဓိပ္ပာယ် မရှိပေ။
“မိန်လင် မင်း …”
အိုးရန်ရှောက်ကျွင်းက အိုးရန်မိန်လင်ကို မယုံနိုင်သလို ကြည့်လိုက်သည်။ အိုးရန်မိန်လင်က သူမကံကြမ္မာကို လျင်မြန်စွာ လက်ခံလိုက်ပြီး လိုလိုလားလား ဝန်ခံလိမ့်မည်ဟု သူ မထင်ထားသည့်ပုံပင်။
*မင်း ရူးနေတာလား*
အိုးရန်မိန်လင်က ယဲ့ဖန်ကို သေသေချာချာ ကြည့်လေသည်။
“အခု ငါတို့ ဘယ်လိုပဲ အပြောကောင်းကောင်း သူ ငါတို့ကို ကျင်းဟွာလမ်းက အသက်ရှင်လျက် ထွက်သွားခွင့် ပေးမှာ မဟုတ်ဘူး၊ အငြင်းအခုန်လုပ်လို့ အသုံးဝင်မယ် ထင်နေလား”
ထိုစကားကြောင့် အားလုံး ထပ်၍ အံ့ဩသွားပြန်သည်။
*အိုးရန်မိန်လင်က လက်ခံလိုက်တာလား*
*သစ္စာဖောက်တွေ၊ ဒါ မလုပ်သင့်တဲ့အရာလေ*
အိုးရန်ကျန်းက သူတို့ကို ခွင့်လွှတ်သည်ဖြစ်စေ မခွင့်လွှတ်သည်ဖြစ်စေ၊ အိုးရန်မျိုးနွယ်ဝင်များက သူတို့ကို ဆက်၍ အသက်ရှင်ခွင့်ပေးမှာ မဟုတ်ပါ။
ထို့နောက် အိုးရန်မိန်လင်က ယဲ့ဖန်ကို ကြည့်လိုက်သည်။
“ဝမ်းကွဲအစ်ကို ကျွန်မတို့ ရှုံးသွားပြီ၊ ကျွန်မတို့ ရှုံးသွားတာကို ဝန်ခံပါတယ်”
ဤလူသည် မနက်ကတည်းက အားလုံးကို သိနေခဲ့သော်လည်း သူတို့ကို ထုတ်မပြခဲ့ဘဲ သူတို့အား မျောက်များသဖွယ် သဘောထားခဲ့သည်။
သူတို့ ယဲ့ဖန်ကို အသာလေး လှည့်စား၍ သတ်နိုင်လိမ့်မည်ဟု အစက ထင်ခဲ့မိသည်။ ယခုအခါတွင်မူ သူတို့ တကယ်ကို ရူးမိုက်ခဲ့သည့်ပုံပင်။
ယဲ့ဖန်ရှေ့၌ အမြဲတမ်း ဉာဏ်များ၍ စဉ်းလဲတတ်သော အိုးရန်မိန်လင်သည် ခွန်အားမဲ့ခြင်းက ဘာလဲ ဆိုသည်ကို သိလိုက်ရသည်။
ယဲ့ဖန်၏ ထက်မြက်မှုနှင့် မောက်မာမှုတို့အောက်တွင် သူမ၏ ဉာဏ်များမှုက အဆင့်နိမ့်သော လှည့်ကွက်လေး ဖြစ်လာခဲ့သည်။
ယဲ့ဖန် သူမကို ကြည့်နေသောအချိန်တွင် အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေခဲ့လေမလားဟု သူမ တွေးမိသည်။
“ရူးနေပြီ မင်း ရူးနေပြီ”
အိုးရန်ရှောက်ကျွင်းက ရုတ်တရက် ထအော်သည်။ အိုးရန်မိန်လင်က သူမကံကြမ္မာကို လိုလိုလားလား လက်ခံ သော်လည်း သူကတော့ လက်မခံနိုင်ပါ။
သူသည် အိုးရန်မျိုးနွယ်၏ ပါရမီရှင်ဖြစ်ပြီး မိသားစုခေါင်းဆောင် အလောင်းအလျာ ဖြစ်ကာ သူတော်စင်အဆင့် အလောင်းအလျာလည်း ဖြစ်သည်။ သူ၏ အောင်မြင်မှုများက နောင်တွင် သူ့အဘိုးထက်ပင် သေချာပေါက် ကျော်လွန်မည် ဖြစ်ပြီး တစ်လောကလုံးကို စိုးမိုးနိုင်မှာပင်။
ထို့ကြောင့် သူ ဤနေရာ၌ မသေနိုင်ပါ။ သူ လူအများ၏ လေးစားခြင်း မခံရသေးသလို သက်ရှိအားလုံး အပေါ်တွင် သူ အထက်စီးဖြင့် မကြည့်ရသေးပါ။ ဘယ်လိုလုပ် သူ ယခုအချိန်မျိုး၌ သေနိုင်ပါမည်နည်း။
“ဝှစ် ဝှစ် ဝှစ်”
အိုးရန်ရှောက်ကျွင်းက ချက်ချင်း တံခါးဝသို့ အလွန် လျင်မြန်သော နှုန်းဖြင့် ထွက်ပြေးလေသည်။ သူ တံခါးနားသို့ ရောက်တော့မည့်အချိန်၌ လူရိပ်တစ်ခုက ရုတ်တရက် ခုန်ထွက်လာသည်။ ထိုသူမှာ အိုးရန်ယွင်ပင်။
“ပြန်သွားလိုက်စမ်း”
ထိုစဉ် အိုးရန်ယွင်က သရော်ပြုံး ပြုံးနေပြီး အိုးရန်ရှောက်ကျွင်း၏ ရင်ဘတ်အား ဘာမပြော ညာမပြောနှင့် ကန်ကျောက်လေသည်။
အိုးရန်ရှောက်ကျွင်း နောက်သို့ ကန်ထုတ်ခံလိုက်ရပြီး ယဲ့ဖန်၏ ခြေထောက်နားသို့ လဲကျသွားသည်။ အိုးရန်ရှောက်ကျွင်း နောက်သို့ လှည့်ကြည့်လိုက်သောအခါ အလွန် အေးစက်နေသော ယဲ့ဖန်၏ မျက်နှာထားကို မြင်ပြီး ချက်ချင်း မျက်နှာ ဖြူရော်လာပြီး အော်ဟစ်လိုက်သည်။
“ယဲ့ဖန် ငါက မင်းရဲ့ ဝမ်းကွဲနော်၊ မင်း ငါ့ကို သတ်ရဲလို့ကတော့ အဘိုးက မင်းကို ဒီအတိုင်း ထားမှာ မဟုတ်ဘူး”
ထိုစကားကိုကြားသော် ယဲ့ဖန်က အထင်သေးသော အပြုံးမျိုး ပြုံးလာသည်။
“မင်းတို့ အခုထိ သတိမထားမိသေးဘူးလား၊ မင်းတို့က တကယ် အရူးတွေပဲ”
*ဘာ*
*ဘာကို သတိထားမိရမှာလဲ*
အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့ မှင်တက်နေကြသည်။ သူတို့ ယဲ့ဖန်အား မယုံသင်္ကာဟန်ဖြင့် ကြည့်နေ ကြပြီး သူ ဘာကို ပြောချင်သလဲ နားမလည်နိုင် ဖြစ်နေ၏။
သူတို့နှစ်ယောက်၏ မယုံသင်္ကာဟန်ကို မြင်လိုက်သောအခါ ယဲ့ဖန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ရယ်သံထဲမှ သရော်ဟန်က ပိုပိုပီပြင်လာပြီး မသိလျင် အရူးနှစ်ယောက်ကို ရယ်နေသည်ဟုပင် ထင်မှတ်ရသည်။
အိုးရန်မိန်လင်တို့ နှစ်ယောက်လုံး ဘာလုပ်ရမှန်းမသိ ဖြစ်နေလေသည်။
“မင်းတို့နှစ်ယောက် ဘာကြံနေသလဲ အဘိုး မသိဘူးလို့ ထင်နေတာလား၊ သူ ဘာလို့ မင်းတို့ကို ကျင်းဟွာလမ်းဆီ အသာတကြည် လိုက်ခွင့်ပေးတယ်လို့ ထင်လဲ”
ယဲ့ဖန် ခနဲ့လိုက်သည်။ ထိုအခိုက်တွင် အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့၏ မျက်လုံးများ ရီဝေလာပြီး အမူအရာ ပျက်ယွင်းလာသည်။
“မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး”
“မင်း ငါတို့ကို လိမ်နေတာ”
သူတို့ မယုံကြည်နိုင်ပါ။ အဘိုးဖြစ်သူက သူတို့ကို စွန့်လွှတ်လိုက်သည့်အဖြစ်အား မယုံကြည်နိုင်ပါ။
“မင်းတို့ အဖေနှစ်ယောက်ရဲ့ လုပ်ရပ်တွေကြောင့် အဘိုးက ဘာကာကွယ်မှုမှ မလုပ်ဘူးလို့ ထင်နေတာလား”
“အဲ့နေ့က မင်းတို့ကို နောက်ဆုံး အခွင့်အရေး ပေးချင်လို့ မင်းတို့ကို သူ တားခဲ့တာ၊ ဒါပေမဲ့ မင်းတို့ လက်မခံခဲ့တာ ကတော့ စိတ်မကောင်းစရာပဲ”
အစကတည်းက အိုးရန်ကျန်း လက်လျှော့လိုက်ရန် ဆုံးဖြတ်ခဲ့သည်။ ယဲ့ဖန်သည်လည်း ထိုအချက်ကို သတိထားမိချိန်တွင် အံ့ဩသွားခဲ့သည်။
ထို့ကြောင့်လည်း အိုးရန်ကျန်းက အချိန်ကြာအောင် စောင့်မေးနေခြင်း ဖြစ်သည်။ သူ့အပြုအမူ ပြောင်းလဲလာ လေမလားဟု မျှော်လင့်ခဲ့လေသည်။
အိုးရန်ကျန်း သူတို့အပေါ် လက်လွှတ်လိုက်ရန် ဆုံးဖြတ်လိုက်သည်က စိတ်မကောာင်းစရာပင်။
ယဲ့ဖန် အိုးရန်မိန်လင်တို့ကို ကြည့်၍ လှောင်ပြောလိုက်သည်။
“မင်းတို့အဘိုးက မင်းတို့အဖေတွေကို အရမ်း စိတ်ပျက်ခဲ့တယ်၊ အခုလည်း မင်းတို့ကို အရမ်း စိတ်ပျက်သွားပြီ, အဲ့ဒါကြောင့် မင်းတို့ကို စွန့်ပစ်လိုက်ဖို့ သူ ဆုံးဖြတ်လိုက်တာ”
“မင်းတို့အသက်တွေက ငါ့အပေါ် လုံးဝ မူတည်သွားပြီ”
ယဲ့ဖန်က သူတို့ကို စိတ်ဝင်တစား ကြည့်နေကြသည်။
“မင်းတို့တွေ ကိုယ့်လက်နဲ့ကိုယ် သေတွင်းတူးခဲ့တာပဲ”
“ဒုန်း”
အိုးရန်မိန်လင် ကြမ်းပြင်ပေါ် လဲကျသွားပြီး မျက်လုံးများ စိုစွတ်လာသည်။ လတ်စသက်တော့ အဘိုးက သူတို့ ယဲ့ဖန်အား သတ်တော့မည်ကို သိနေခဲ့သည်ပဲ။ ထို့ကြောင့် သူတို့ကို ကျင်းဟွာလမ်းသို့ လိုက်သွားရန် သဘောတူ ခဲ့ခြင်းပင်။
ရည်ရွယ်ချက်မှာ ယဲ့ဖန် သူတို့ကို သတ်လိုပါက သတ်လိုက်စေရန် ဖြစ်ပေသည်။
လူတစ်ယောက်အနေဖြင့် သူ့ကလေးများနှင့် မြေးများကို သေခိုင်းလိုက်ရအောင် အဘယ် အဆုံးစွန်ထိ စိတ်ပျက် သွားခဲ့လေသနည်း။
အိုးရန်ရှောက်ကျွင်းသည်လည်း အံ့ဩနေ၏။ ပြောရမည်ဆိုလျင် ယဲ့ဖန်က သူတို့ကို သတ်လျင်တောင်မှ အိုးရန်ကျန်းက ဘေးထွက်ရပ်၍ လျစ်လျူရှုထားမည်တဲ့လား။
ထို့နောက်တွင်မူ အိုးရန်ရှောက်ကျွင်းသည်လည်း ငိုကြွေးကာ ရင်ကွဲမတတ် အော်ဟစ်လေသည်။
“ငါ မယုံဘူး၊ မင်း ငါ့ကို လိမ်နေတာပဲ ဖြစ်မယ်၊ ငါ မယုံဘူးကွ”
“မင်း ယုံဖို့မလိုဘူး၊ မင်း သေဖို့ပဲလိုတာ”
ယဲ့ဖန် အေးစက်စွာ ပြန်ပြောလိုက်သည်။
“ဒုန်း”
အိုးရန်ရှောက်ကျွင်း ယဲ့ဖန်ရှေ့၌ အလျင်စလို ဒူးထောက်လိုက်ပြီး ကြမ်းပြင်နှင့် နဖူးတိုက်၍ အသည်းအသန် တောင်းပန်လေတော့သည်။
“ငါ့ကို မသတ်ပါနဲ့ ဝမ်းကွဲညီလေး ငါ မှားမှန်း သိပါပြီ၊ ငါ့ကို မသတ်ပါနဲ့၊ ငါ အခုချိန်ကစပြီး မင်းရဲ့ ခွေးလိုမြင်းလို နေပါ့မယ်၊ ငါ ဘယ်တော့မှ မင်းနဲ့လိုက်ပြီး မိသားစုခေါင်းဆောင် နေရာကို မလုတော့ပါဘူး”
“ငါ့ကိုသာ မသတ်ပါနဲ့၊ အီးဟီးဟီး …”
နောက်ဆုံးတွင် အိုးရန်ရှောက်ကျွင်း မထိန်းနိုင်တော့ဘဲ အော်ငိုလေသည်။
ယဲ့ဖန် မျက်နှာ သုန်မှုန်သွားလေသည်။
“အိုးရန်မျိုးနွယ်ရဲ့ ယောက်ျားသား တစ်ယောက်အနေနဲ့ ငါ မင်းကို မားမားမတ်မတ် အသေခံဖို့ မပြောဘူး၊ အနည်းဆုံးတော့ မင်း သွေးပဲ ထွက်သင့်တာကွ၊ မငိုသင့်ဘူး၊ အိုးရန်ကျန်းရဲ့ မြေးဖြစ်နေတာတောင် မင်းက အရမ်း ရွံဖို့ကောင်းတယ်”
“မင်းလို အမှိုက်ကောင်က မသေလည်း သုံးစားမရဘူး”
ယဲ့ဖန် ဖြောင်းခနဲ ရိုက်ချလိုက်သဖြင့် အိုးရန်ရှောက်ကျွင်း၏ ဦးခေါင်းက ဖရဲသီးသဖွယ် ကွဲထွက်သွားပြီး အသားစများ လွင့်စဉ်ကုန်သည်။
အိုးရန်ရှောက်ကျွင်း၏ မျက်နှာတွင် ဒေါသစိတ်တို့ ကပ်ညိနေဆဲဖြစ်သည်။ သူ သေခါနီးအချိန်အထိ အရှက်ခွဲ ခံလိုက်ရသည် မဟုတ်ပါတကား။ ဤအိုးရန်ရှောက်ကျွင်းသည် သုံးစားမရချေ။
ထို့နောက် ယဲ့ဖန်က အိုးရန်မိန်လင်ကို လှမ်းကြည့်၍ ပြုံးကာ မေးလိုက်သည်။
“မင်းကရော ဘယ်လိုလဲ”
အိုးရန်မိန်လင် လှောင်ရယ်လေသည်။
“ငါ ရူးမိုက်ရုံသာ ရူးမိုက်တယ်၊ ဒါပေမဲ့ ငကြောက် မဟုတ်ဘူး”
ထို့နောက်တွင်မူ သူမသည် ဓားအိမ်ထဲမှ ဓားကိုထုတ်၍ သူမလည်ပင်းကို ပြန်ဖြတ်တောက်လိုက်သည်။ သူမ နေရာမှာတင် ပွဲချင်းပြီး သေသွားလေသည်။
“ရယ်ချင်စရာပဲ”
ယဲ့ဖန် အေးတိအေးစက် ခနဲ့လိုက်သည်။ အိုးရန်မျိုးနွယ်က တကယ်ပင် ပြန်ပြုပြင်သင့်နေသည့်ပုံပင်။ မိန်းကလေး တစ်ယောက်ကတောင်မှ ယောက်ျားလေးထက် ပို၍ သတ္တိကောင်းနေသေးသည်။
ထိုအခိုက်တွင် လူတိုင်းက ယဲ့ဖန်ကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်နေကြသည်။ သူတို့အရှေ့မှ လူသည် တကယ်ပင် ကြောက်ရွံ့စရာ ကောင်းလှသည်။
သူ၏ သွေးရင်း ဆွေမျိုးများကိုပင် သတ်လိုက်ရန် တွေဝေခဲ့ခြင်းမရှိပေ။ ရက်စက်လွန်းပေ၏။
စာစဉ် ၁၁၄ ပြီးပါပြီ။