ပညာရှင်တွေရဲ့အလုပ်ကို ဘယ်နှယ် ခိုးတယ်လို့ ပြောရသလဲ
Vol. 30 Ch. 422
အခန်း (၄၂၂) ပညာရှင်တွေရဲ့အလုပ်ကို ဘယ်နှယ် ခိုးတယ်လို့ ပြောရသလဲ
ထိုသူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှိနေသည့် အလင်းသင်္ကေတများက ပို၍ပို၍ ကြီးမားသိပ်သည်းလာပြီး ‘ခြေထောက်ခြောက်ချောင်းလျှပ်စီးပျံကျားသစ်’ အဖြစ် အပြည့်အဝ ပြောင်းလဲသွားကာ စွမ်းအားများ မရပ်မနား မြင့်တက်လာသည်။
အဆုံးသတ်မှာတော့ သားရဲတစ်ကောင်အသွင် အပြည့်အဝ ပြောင်းလဲသွားပြီး လူသားအသွင် လုံးဝ မရှိတော့ပေ။ သူ၏စွမ်းအားများကလည်း ဒီရေအလား မြင့်တက်လာပြီး ပိုမိုရိုင်းစိုင်းကြမ်းတမ်းလာသည်။
လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် နှစ်ရှည်လများ အကျဉ်းချခံထားရသဖြင့် အလွန်တရာ ဒေါမာန်ကြီးမားနေသည့် သားရဲတစ်ကောင်အလား ထင်မှတ်ရသည်။
ယနေ့တော့ သားရဲက လှောင်အိမ်ကိုချိုးဖျက်ကာ ထွက်ပေါ်လာပေပြီ။
တောင်ငယ်တစ်လုံးပမာ ကြီးမားလွန်းသော ‘ခြေထောက်ခြောက်ချောင်းလျှပ်စီးပျံကျားသစ်’ နှင့် ရင်ဆိုင်ရသည့်တိုင် ရန်ကျောက်ကဲက ထိတ်လန့်သွားခြင်း မရှိပေ။ သူက ပြုံးလိုက်ရင်း လက်ဖဝါးတစ်ဖက်ကို မြှောက်လိုက်သည်။
ကျားသစ်တစ်ကောင်အဖြစ်ပြောင်းလဲသွားပြီးနောက် ထိုသူ၏ ခန္ဓာကိုယ်က တောင်ငယ်တစ်လုံးပမာ မြင့်မားနေလေရာ မတ်တတ်ရပ်လျှင်မဆိုထားနှင့် မြေပြင်ထက်ဝပ်နေလျှင်ပင် ရန်ကျောက်ကဲထက် များစွာ အရပ်မြင့်မားနေပေသည်။
သို့သော် ရန်ကျောက်ကဲက လက်ဝါးကိုမြှောက်ပြီး အောက်သို့ရိုက်ချလိုက်သည်နှင့် သူ့အရှေ့မှ သတ္တဝါကြီးထက် အရပ်ပိုမိုမြင့်မားနေသည့်အလား အားလုံး ခံစားလိုက်ကြရသည်။
သူ့အသွင်က နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်ပမာဖြစ်ပြီး ၊ သူ၏လက်ဝါးရိုက်ချက်ကလည်း ကောင်းကင်ကိုပင် ပြိုကျစေမည့်အလား ထင်မှတ်ရသည်။
ထိုလက်ဝါးရိုက်ချက်ကို ရင်ဆိုင်ရသည်နှင့် ‘ခြေထောက်ခြောက်ချောင်းလျှပ်စီးပျံကျားသစ်’ ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အမွှေးအမျှင်များ ထောင်တက်သွားသည်။
သူ၏ရှေ့ခြေနှစ်ချောင်းမှာ ရန်ကျောက်ကဲလက်ချက်ဖြင့် ကြေမွပျက်ဆီးနေပြီဖြစ်သလို ယခု ကြောက်မက်ဖွယ်ရာ လက်ဝါးရိုက်ချက်ဖြင့်ဖြင့်ရင်ဆိုင်လိုက်ရသည့်အခါ သူ့စိတ်တစ်ခုလုံး အေးခဲသွားသည်။
လူသားအဖြစ်ကို ဆုံးရှုံးပြီး သားရဲအသွင်ပြောင်းလဲသွားပြီးနောက် ကျားသစ်ကြီးက အန္တရယ်အငွေ့အသက်ကို ပိုမိုမြင့်မားစွာ အာရုံခံနိုင်လာဟန်ရှိသည်။
ရန်ကျောက်ကဲ လက်ကိုမြှောက်လိုက်သည်နှင့် ကျားသစ်ကြီးသည် အလွန်အန္တရယ်များသော သေခြင်းတရား၏ခြိမ်းခြောက်မှုအငွေ့အသက်ကို ခံစားမိပြီး ချက်ချင်းပင် နောက်လှည့်ကာ ထွက်ပြေးလေတော့သည်။
လူတိုင်းတွေ့မြင်ခဲ့ကြသည့်အတိုင်း စောစောက လှောင်အိမ်အတွင်းမှ ဖောက်ထွက်လာသည့် သားရဲကြီးသဖွယ် ရန်သူကို သေသည်အထိ တစ်စစီဆွဲဖြဲတော့မည့်အလား ကြုံးဝါးနေသော ‘ခြေထောက်ခြောက်ချောင်းလျှပ်စီးပျံကျားသစ်’ သည် ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ကို ရင်ဆိုင်ရသည့်တစ်ခဏတွင် ချက်ချင်းပင် ထွက်ပြေးသွားလေပြီ။
သူပြေးသည့်အရှိန်အဟုန်က စောစောက ရန်ကျောက်ကဲကို ဝင်ရောက်တိုက်ခိုက်သည့်အရှိန်အဟုန်ထက်ပင် လျှင်မြန်နေသေးသည်။
ဒါကိုမြင်တော့ ရန်ကျောက်ကဲက ရယ်မောရင်း...
“လူမဟုတ်ဘဲ သားရဲဖြစ်သွားတော့မှ နည်းနည်းပိုပြီး ဉာဏ်ကောင်းသွားသလားပဲ”
ရန်ကျောက်ကဲမှာ ဒေါသလည်းထွက် ရယ်လည်းရယ်ချင်ဖြစ်နေသည့်တိုင် ရန်သူကိုတော့ အလွတ်ပေးဖို့ စဉ်းစားမထားပေ။ သူက မိုးမြေတုန်လှုပ်စေသော လက်ဝါးရိုက်ချက်ဖြင့် ‘ခြေထောက်ခြောက်ချောင်းလျှပ်စီးပျံကျားသစ်’ ကို ကျောရိုးကြေမွသည်အထိ ရိုက်ချလိုက်၏။
ကျားသစ်ကြီးထံမှ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာပြီး မြေပြင်ထက်သို့ ပြုတ်ကျလာသည်။ သို့သော် သူ့ခန္ဓာကိုယ်က တဆတ်ဆတ်တုန်လျှက် ကျယ်လောင်သောမိုးခြိမ်းသံများလည်း ထွက်ပေါ်နေဆဲပင်။
မြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲ သက်ပြင်းချလိုက်သည်။
“တိုက်ခိုက်တဲ့နည်းလမ်းက ပိုထိရောက်တာတော့ အမှန်ပဲ ၊ ဒါပေမဲ့ ဘာသာစကားနဲ့သာ ဆက်သွယ်လို့ရရင် အေးအေးဆေးဆေး ခင်ခင်မင်မင်နဲ့ ပြီးသွားရမှာကွာ ၊ ဒီလိုလုပ်ဖို့တောင် မလိုအပ်ပါဘူး”
ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ကြောင့် ခန္ဓာကိုယ် နှစ်ပိုင်းကျိုးမတတ်ဖြစ်သွားသည့်တိုင် နဂိုကပင် အားကောင်းသော အသက်ဓာတ်စွမ်းအားကို ပိုင်ဆိုင်ထားသည့် ‘ခြေထောက်ခြောက်ချောင်းလျှပ်စီးပျံကျားသစ်’ မှာ သေဆုံးခြင်းမရှိသေးဘဲ ခန္ဓာကိုယ်အနှံ့ လျှပ်စီးကြောင်းများ စီးဆင်းကာ ခွန်အားအချို့ ကျန်ရှိနေသေးကြောင်း တွေ့ရ၏။
သို့သော် မြေပြင်ထက် ဘုန်းဘုန်းလဲကျနေပြီဖြစ်ရာ နောက်ဆုံးခွန်အားဖြင့် ခုခံရန် ဆန္ဒမရှိတော့ဘဲ ရန်ကျောက်ကဲကိုသာ အသနားခံသည့်မျက်ဝန်းများဖြင့် ကြည့်နေလေသည်။
ရန်ကျောက်ကဲက အရေးမစိုက်ဟန်ဖြင့် ကျားသစ်ကြီး၏ ကျောပြင်ထက် ထိုင်ချလိုက်ရာ ထိုသားရဲကြီးက နာကျင်စွာ အော်ညည်းလိုက်သည်။
“မင်းမှာ အဖိုးတန်တဲ့ ပစ္စည်းတစ်ခုခုများရှိလား ကြည့်ရအောင်”
ရန်ကျောက်ကဲက သူ့အောက်မှ ကျားသစ်ကြီးကို ငုံ့ကြည့်ရင်း ဆိုသည်။
ထိုသူက ‘ခြေထောက်ခြောက်ချောင်းလျှပ်စီးပျံကျားသစ်’ အဖြစ် မပြောင်းလဲမီ လျှပ်စီးမိုးကြိုးစွမ်းအားများ ပြင်းထန်စွာ ရိုက်ခတ်မှုကြောင့် သူနှင့်အတူပါလာသည့်အိတ်မှာ အပိုင်းပိုင်း ပျက်ဆီးသွားခဲ့သည်။
အိတ်အတွင်းမှ အရာဝတ္ထုများက မြေပြင်ထက်ပြန့်ကျဲနေပြီး အချို့က အကောင်းအတိုင်းကျန်ရှိသေးသည့်တိုင် အချို့ကတော့ လျှပ်စီးစွမ်းအားများကြောင့် အခိုးအငွေ့အဖြစ် လွင့်စင်သွားကြပေပြီ။
ရန်ကျောက်ကဲက အကောင်းတိုင်းကျန်ရှိနေသည့် ပစ္စည်းများကို ချီစွမ်းအားအသုံးပြုကာ သူ့လက်ထဲသို့ ဆွဲယူလိုက်ပြီး စစ်ဆေးကြည့်လိုက်သည်။
ဖန်းယွင်ရှန်း ၊ ရွှီဖေး ၊ အားဟူနှင့် ယင်လုန်ထူတို့သည်လည်း သူ့အနားသို့ရောက်လာကြပြီး ရန်ကျောက်ကဲ တက်ထိုင်နေသော သားရဲကြီးကို အကဲခတ်ကြည့်ရှုလိုက်ကြသည်။
“ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ၊ ဟိုလူကြီးက ဒီကျားသစ်ပုံစံ ပြောင်းသွားတာလား”
ဟန်လုန်အာက ‘ခြေထောက်ခြောက်ချောင်း လျှပ်စီးပျံကျားသစ်’ ကို စူးစူးစိုက်စိုက် ကြည့်ရင်း မေးသည်။
ရန်ကျောက်ကဲက သူ့လက်ထဲမှ အရာဝတ္ထုများကို စစ်ဆေးနေရင်း ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေသည်။
“ဟုတ်ပ...”
ဖန်းယွင်ရှန်းက...
“သူက လူသားမဟုတ်ဘူးလား ၊ သူ့ရဲ့ အသွေးအသားတွေအကုန်လုံးက ဝိညာဉ်စွမ်းအားပြည့်ဝတဲ့ နတ်မိစ္ဆာတစ်ကောင် ဖြစ်သွားတယ်နော်”
ရန်ကျောက်ကဲက တံဆိပ်တစ်ခုကို အကဲဖြတ်စစ်ဆေးနေရင်း...
“ဒါက အထူးကျင့်စဉ်တစ်မျိုး ဖြစ်နိုင်တယ် ၊ ပထမအဆင့်အနေနဲ့ သားရဲတွေရဲ့သွေးတွေကို ခန္ဓာကိုယ်ထဲ ထည့်သွင်းပေါင်းစည်းလိုက်တယ် ၊ နောက်တော့ သားရဲသွေးတွေကိုသန့်စင်ပြီး စွမ်းအားမြှင့်တင်ဖို့အတွက် အခြေခံအုတ်မြစ်အဖြစ် အသုံးပြုလိုက်တာပဲ”
“ဒါပေမဲ့ ဒီနည်းလမ်းက လူတစ်ယောက်ရဲ့ စွမ်းအားကို မြှင့်တင်ပေးရုံပဲ တတ်နိုင်တယ် ၊ ပြီးတော့ ခန္ဓာကိုယ်ထဲပေါင်းစပ်ထားတဲ့ သားရဲသွေးတွေက ကျင့်ကြံသူရဲ့ဆင်ခြင်တုံတရားကိုလည်း သေချာပေါက် ထိခိုက်စေနိုင်တယ် ၊ လူစိတ်ပျောက်ပြီး သတိလွတ်သွားတဲ့အချိန်မှာဆို နတ်မိစ္ဆာသားရဲစွမ်းအားက အဲဒီလူကို လွှမ်းမိုးသွားပြီး အဆုံးသတ်မှာ ဘယ်တော့မှ လူသားတစ်ယောက်ပုံစံ ပြန်မဖြစ်နိုင်တော့တာမျိုးလည်း ရှိနိုင်တယ် ၊ ဒီ ‘ခြေထောက်ခြောက်ချောင်းလျှပ်စီးပျံကျားသစ်’ လိုမျိုးပေါ့”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...
“ဒီလူက ငါ့ကြောင့်ဒဏ်ရာရသွားတော့ သိစိတ်ပျောက်သွားတယ် ၊ အမုန်းတရားနဲ့ ဒေါသတွေကြောင့် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းလည်း မရှိတော့ဘူး ၊ သူ့ရဲ့ အသက်ရှင်ချင်တဲ့စိတ် ၊ ခုခံချင်တဲ့စိတ်နဲ့ လက်စားချေချင်တဲ့စိတ်တွေပေါင်းစည်းပြီး နောက်ဆုံးအကန့်အသတ်ကိုကျော်လွန်ပြီး ဒီလိုဖြစ်သွားတာပဲ”
ရွှီဖေးနှင့် အခြားသူများမှာ အလွန်အမင်း အံ့အားသင့်စွာဖြင့် စုပ်သပ်မိကြသည်။
“ဒါက တကယ့်ကို ထူးခြားတဲ့နည်းလမ်းတစ်ခုပဲ ၊ သူက အမတဝိညာဉ် သိုင်းဆရာသခင်အဆင့်ကို မရောက်သေးဘဲ ပကတိလျှပ်စီးစွမ်းအားကို ထိန်းချုပ်နိုင်စွမ်း ရှိနေတယ် ၊ ပြီးတော့ စွမ်းအားလည်း ကြီးမားလွန်းတယ်”
ရန်ကျောက်ကဲက ပြုံးရင်း...
“အမှန်ပဲ ၊ ပြီးတော့ ‘ခြေထောက်ခြောက်ချောင်း လျှပ်စီးပျံကျားသစ်’ ရဲ့ အတောင်ပံနှစ်ခုက မိုးကြိုးလျှပ်စီးစွမ်းအားတွေကို ထိန်းချုပ်နိုင်စွမ်းရှိတယ် ၊ ပန်ပန်က မီးနဲ့ရေကို မွေးရာပါ ထိန်းချုပ်နိုင်သလိုမျိုးပေါ့ ၊ အဲဒီကျားသစ်က မိုးကြိုးလျှပ်စီးစွမ်းအားကို မွေးရာပါ ထိန်းချုပ်နိုင်တယ်”
ထိုစကားကိုကြားတော့ ဖန်းယွင်ရှန်းရင်ခွင်ထဲမှ ပန်ပန်အသေးစားလေးက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။
ရန်ကျောက်ကဲက ပြုံးရင်း ပန်ပန်၏ခေါင်းကို လှမ်းပုတ်လိုက်သည်။
ထို့နောက် သူက တစ်ချက်စဉ်းစားရင်း...
“အစောကတည်းက ဒီကမ္ဘာရဲ့ ဝိညာဉ်စွမ်းအားစီးကြောင်းတွေက မတည်ငြိမ်ဘဲ အရမ်းပါးလွှာတယ်လို့ ခံစားရတယ် ၊ ပါးလွှာရုံတင်မကဘူး သူတို့ရဲ့ လည်ပတ်ပုံနည်းလမ်းက သိုင်းကျင့်ကြံသူတွေအတွက် ချီစွမ်းအားစုပ်ယူကျင့်ကြံဖို့ မသင့်တော်ဘူးလို့ ဆိုနိုင်တယ်”
ထိုစကားကိုကြားတော့ ရွှီဖေးက ‘ခြေထောက်ခြောက်ချောင်း လျှပ်စီးပျံကျားသစ်’ ကို လှမ်းကြည့်ရင်း...
“ဒါဖြင့် ဒီကမ္ဘာက ဝိညာဉ်စွမ်းအားစီးကြောင်းတွေက သားရဲတွေ နတ်မိစ္ဆာတွေ စုပ်ယူကျင့်ကြံဖို့အတွက်ပဲ သင့်တော်တယ်လို့ မင်း သံသယရှိနေတာလား ၊ ဒီလိုဆိုရင် ဒီကမ္ဘာက ကျင့်ကြံသူတွေက သားရဲတွေ ၊ နတ်မိစ္ဆာတွေရဲ့ သွေးတွေကို ခန္ဓာကိုယ်ထဲ ပေါင်းစပ်သန့်စင်ပြီး ကျင့်ကြံကြတာ လုပ်ရိုးလုပ်စဉ်လို ဖြစ်နေနိုင်တာပေါ့”
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် လုပ်ခုပ်တစ်ချက်တီးရင်း...
“အမှန်ပဲ ၊ ငါလည်း အဲဒီလိုဖြစ်မလားလို့ စဉ်းစားနေတာ”
ပြောပြီးသည်နှင့် သူက ‘ခြေထောက်ခြောက်ချောင်း လျှပ်စီးပျံကျားသစ်’ ၏ ကျောထက်မှ ခုန်ဆင်းလိုက်ရင်း ဦးခေါင်းကို လက်ဝါးဖြင့်ရိုက်ချကာ သုတ်သင်ပစ်လိုက်သည်။
ဘာသာစကားဖြင့် ပြောဆိုဆက်ဆံ၍ မရနိုင်ရုံသာမက လူစိတ်ပင်မရှိတော့သော ထိုသတ္တဝါကြီးကို မေးမြန်းစစ်ဆေးရန် မဖြစ်နိုင်တော့သည့်အတူတူ သတ်ပစ်လိုက်သည်က အကောင်းဆုံးပင်။
ရန်ကျောက်ကဲ ညွှန်ကြားနေစရာပင်မလို ၊ အားဟူက ချက်ချင်းပင် အရိပ်ကျုံ့အိတ်ဖွင့်ပြီး ကျားသစ်ကောင်အလောင်းကြီးကို ပျော်ရွှင်စွာပင် ထည့်သွင်းသိမ်းဆည်းလိုက်သည်။
“သခင်လေး... ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”
အားဟူ မေးခွန်းကိုကြားတော့ ရန်ကျောက်ကဲက သက်ပြင်းချရင်း...
“ဘာသာစကားကလည်း နားမလည်တော့ ဘာသတင်းအချက်အလက်မှလည်းမရနိုင်ဘူး ၊ ဒီတော့ လူတွေနေထိုင်တဲ့နေရာကို အရင်ရှာရမယ် ၊ ပြီးမှ သူတို့ရဲ့ဘာသာစကားကို လေ့လာပြီး ဒီကမ္ဘာရဲ့အခြေအနေကို တီးခေါက်ကြည့်ရမယ်”
ခဏနားပြီးမှ သူက ဆက်ပြောသည်။
“ဒါပေမဲ့ မြန်မြန်တော့ လုပ်မှဖြစ်မယ်”
တောအုပ်ထဲတွင် အဖိုးတန်ပစ္စည်း ဘာတစ်ခုမှ မကျန်ရစ်တော့ကြောင်း သေချာသည်နှင့် သူတို့က ပတ်ဝန်းကျင်ကို သန့်ရှင်းရေးလုပ်ကာ ခြေရာဖျောက်လိုက်ကြပြီး နေရာမှ အလျှင်အမြန် ထွက်ခွာလာခဲ့ကြသည်။
တောအုပ်ထဲတွင် သားရဲများ ၊ နတ်မိစ္ဆာများ ရှိနေနိုင်သေးသည်ဖြစ်ရာ ထိုသတ္တဝါများ ထွက်ပေါ်လာပါက အချိန်နှောင့်နှေးမည်ကို ရန်ကျောက်ကဲက စိတ်ပူလေသည်။
တောအုပ်ကို ကျော်ဖြတ်ပြီးသည်နှင့် လွင်ပြင်ဒေသတစ်ခုသို့ ရောက်ရှိလာကြသည်။
တဖြည်းဖြည်း လမ်းလျှောက်လာရင်း လူနေထူထပ်သော မြို့တစ်မြို့သို့ ရောက်ရှိလာသည်။
သို့သော် ဘာသာစကားအခက်အခဲကြောင့် ရန်ကျောက်ကဲတို့အုပ်စုမှာ ခပ်ကုတ်ကုတ်ဖြင့် သိုသိုသိပ်သိပ်သာလျှင် သွားလာခဲ့ကြရ၏။
မကြာမီ အလွန်တရာကြီးမားသော စံအိမ်ကြီးတစ်ခု သူတို့မျက်စိရှေ့တွင်ပေါ်လာသည်။ ထိုစံအိမ်ကြီးကိုတွေ့သည်နှင့် ရန်ကျောက်ကဲမျက်ဝန်းများ လင်းလက်သွားသည်။
ထိုစံအိမ်ခြံဝန်းထဲတွင် အဆောက်အဦတစ်ခုရှိနေပြီး ဖွင့်ထားသော ပြတင်းတံခါးမှတစ်ဆင့် စာအုပ်စင်များနှင့် မရေမတွက်နိုင်သော စာအုပ်များကို တွေ့မြင်လိုက်ရသည်။ ရန်ကျောက်ကဲက ထိုအဆောက်အဦကို စူးစိုက်ကြည့်နေသည်ပင်။
အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း...
“သခင်လေး... စာအုပ်ခိုးမလို့လား”
ရန်ကျောက်ကဲက အားဟူကို စိတ်ဆိုးမာန်ဆိုးဖြင့် ဘုန်းကနဲ ရိုက်လိုက်ရင်း...
“ပညာရှင်တွေရဲ့အလုပ်ကို ဘယ်နှယ် ခိုးတယ်လို့ ပြောရသလဲ”