← Chapters

ကမ္ဘာနှစ်ခုကြား ယဉ်ကျေးမှုဖလှယ် ၊ ဆက်သွယ်ရေးလမ်းကြောင်းတည်ဆောက်

Vol. 30 Ch. 423

ကမ္ဘာနှစ်ခုကြား ယဉ်ကျေးမှုဖလှယ် ၊ ဆက်သွယ်ရေးလမ်းကြောင်းတည်ဆောက်

Vol. 30 Ch. 423

အခန်း (၄၂၃) ကမ္ဘာနှစ်ခုကြား ယဉ်ကျေးမှုဖလှယ် ၊ ဆက်သွယ်ရေးလမ်းကြောင်းတည်ဆောက်

အားဟူက မျက်တောင်တစ်ချက်ခတ်ရင်း...

“ဒါဖြင့် ပညာရှင်တွေရဲ့အလုပ်ကို ဘယ်လိုခေါ်ရမလဲ”

ရန်ကျောက်ကဲက တည်ကြည်လေးနက်သော မျက်နှာထားဖြင့်...

“ကမ္ဘာနှစ်ခုကြားက ယဉ်ကျေးမှုတွေကိုဖလှယ်ပြီး ဆက်သွယ်ရေးလမ်းကြောင်း တည်ဆောက်တယ်လို့ ပြောလို့ရတယ်”

အားဟူ : “......”

အားဟူ ပါးစပ်အဟောင်းသားဖြင့် စကားမပြောနိုင်ဘဲ ဆွံ့အသွားသည်။

ဖန်းယွင်ရှန်းကတော့ တဟားဟား အော်ဟစ်ရယ်မောလိုက်ပြီး ရွှီဖေးကတော့ စိတ်ပျက်လက်ပျက်ဟန်ဖြင့် ခေါင်းခါယမ်းရင်း ပြုံးလိုက်စဉ် ဟန်လုန်အာတစ်ယောက်ကတော့ ဘာမှနားမလည်ဟန် အူတူတူ ဖြစ်နေဆဲပင်။

အဆုံးသတ်မှာတော့ “ကမ္ဘာနှစ်ခုကြား ယဉ်ကျေးမှုဖလှယ်ပြီး ဆက်သွယ်ရေးလမ်းကြောင်းတည်ဆောက်မည်” ဆိုသော စကားကြီးစကားကျယ်ကို ပြောဆိုလျှက် ရန်ကျောက်ကဲတစ်ယောက် အဆောက်အဦအတွင်းသို့ဝင်ရောက်ကာ “ကိုးကားရန်အတွက် စာအုပ်များငှားယမ်းသည်” ဟူသောခေါင်းစဉ်ဖြင့် စာအုပ်များကို အောင်မြင်စွာ ခိုးယူခဲ့လေတော့၏။

စာအုပ်များကို အချိန်အတန်ကြာအောင် ခွဲခြမ်းစိတ်ဖြာ စီစစ်လေ့လာပြီးနောက် ဤကမ္ဘာတွင် အသုံးပြုသော ဘာသာစကားနှင့် အက္ခရာစာလုံးများကို ရန်ကျောက်ကဲ နားလည်သဘောပေါက်လာသည်။

အရင်က သူမှန်းဆထားသလိုပင် ဤကမ္ဘာ၏ ယဉ်ကျေးမှုသည်လည်း မဟာကပ်ဘေးမတိုင်ခင်က ဆင်းသက်လာသော ယဉ်ကျေးမှုအပေါ်တွင် အခြေခံသည်။ သို့သော် မဟာကပ်ဘေးကြီးအလွန်ကာလ အနည်းငယ်သောအကြွင်းအကျန်များကိုသာ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး ပြန်လည်စတင်ရသည့်အတွက် ဘာသာစကားနှင့် ယဉ်ကျေးမှုက အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် အလွန်ကွာခြားသည်။

တူညီသည့်ရင်းမြစ်မှ ပေါက်ဖွားလာခဲ့သဖြင့် သူတို့ကမ္ဘာနှစ်ခုကြားတွင် ချိတ်ဆက်မှုများ ပြုလုပ်နိုင်သည်မှာ ကံကောင်းသည်ဟု ဆိုရမည်။

စမ်းတဝါးဝါး အမှားပေါင်းများစွာဖြင့် လေ့လာပြီးနောက် ရန်ကျောက်ကဲ သူတို့ရောက်နေသည့် ကမ္ဘာအကြောင်းကို အနည်းငယ် နားလည်လာသည်။

ဤကမ္ဘာကို “မျောလွင့်ဝိညာဉ်’ ကမ္ဘာဟု အများအားဖြင့် ခေါ်ဆိုကြသည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် မီးတောက်မိစ္ဆာကမ္ဘာကဲ့သို့ပင် မဟာကပ်ဘေးကြီးအပြီးတွင် ကွဲထွက်သွားခဲ့သော ကမ္ဘာတစ်ခု ဖြစ်၏။

မဟာကပ်ဘေးမတိုင်ခင်က ယဉ်ကျေးမှုများလည်း များစွာအကျန်ရှိတော့ဘဲ အနည်းငယ်မျှသော အကြွင်းအကျန်များကို အခြေခံပြီး ကိုယ်ပိုင်ယဉ်ကျေးမှုတစ်ရပ်ကို ပြန်လည်ထူထောင်ထားခဲ့ကြသည်။

မဟာကပ်ဘေးမတိုင်မီက ကမ္ဘာတစ်ခုတည်းအဖြစ် တည်ရှိခဲ့သော်လည်း ကွဲထွက်သွားပြီးသည့်နောက်ပိုင်း ‘မျောလွင့်ဝိညာဉ်ကမ္ဘာ’ က အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် မတူညီသောလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခဲ့သည်။

ဤနေရာတွင် သိုင်းပညာထွန်းကားသည်မှန်သော်လည်း သိုင်းတာအိုလမ်းစဉ်ကတော့ လုံးဝ မတူကွဲပြားသည်။

‘မျောလွင့်ဝိညာဉ်ကမ္ဘာ’ တွင် သိုင်းကျင့်ကြံသူများကို ‘မိစ္ဆာသွေးကျင့်ကြံသူ’ များဟု လူသိများကြသည်။ သူတို့က စွမ်းအားမြင့်မားလာစေရန် အခြေခံအုတ်မြစ်အဖြစ် သားရဲများ ၊ မိစ္ဆာများ၏ သွေးကို ခန္ဓာကိုယ်ထဲသို့ပေါင်းစပ်ပြီး ပြန်လည်သန့်စင်ကာ ကျင့်ကြံကြသည်။

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...

“စာအုပ်ထဲမှာ ရေးထားသလောက်ဆိုရင် ဒီ ‘မျောလွင့်ဝိညာဉ်ကမ္ဘာ’ က ငါတို့အစွန်းရောက်ရှစ်ပါးကမ္ဘာလောက် မကြီးဘူးပဲ...”

သူက ဆက်ပြောသည်။

“ဒါဆိုရင် ငါတို့ ကြေးမုံမှန်တစ်ခြမ်းကို ရှာဖို့နဲ့ ငါတို့ကမ္ဘာကိုပြန်ဖို့ လမ်းကြောင်းနေရာကို ပြန်တွေ့ဖို့ လွယ်ကူနိုင်တယ်”

ရွှီဖေးက...

“ဒါပေမဲ့ ငါတို့ အမြန်လှုပ်ရှားမှ ဖြစ်မှာကွ ၊ ဝင်ပေါက်ကိုပြန်ရှာဖို့က ဘယ်လောက်အချိန်ကြာမလဲ မသိနိုင်ဘူး”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အမှန်ပဲ...”

ထို့နောက် သူတို့ ခရီးဆက်လက်ထွက်ခွာလာပြီး မြို့ကြီးတစ်မြို့သို့ ရောက်ရှိလာသည်။

လူစည်ကားရာအရပ်များ ၊ စျေးလမ်းမများတွင် သူတို့နားမလည်သော ဘာသာစကားဖြင့် ပြောဆိုဆက်သွယ်နေကြသော လူအုပ်ကြီးများကိုတွေ့တော့ ရန်ကျောက်ကဲတို့အုပ်စု တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း မချိပြုံးပြုံးရုံသာ။

ရန်‌ကျောက်ကဲက ပခုံးတွန့်ရင်း...

“ငါတို့တွေ လူတွေနဲ့ စကားပြောကြည့်ဖို့တော့လိုတယ် ၊ ဘာလို့လဲဆိုတော့ စာအုပ်တွေက ဒီနေရာရဲ့ လက်ရှိအခြေအနေ ဘယ်လိုရှိလဲဆိုတာ နက်နက်ရှိုင်းရှိုင်း ပြောမပြနိုင်ကြဘူး”

ရွှီဖေးက မျက်မှောင်ကြုတ်ရင်း...

“စကားပြောတာတော့ ဟုတ်ပါပြီ ၊ သူတို့က ငါတို့ကို ဒီကမ္ဘာရဲ့ တခြားဒေသက လူမျိုးခြားလို့ တွေးရင်တော့ ပြဿနာမရှိဘူး ၊ တခြားကမ္ဘာကလာတာဆိုတာ သိသွားရင်တော့ သေချာပေါက် သောက်ပြဿနာတွေတက်မှာနော် ၊ အမှန်တော့ ငါတို့က မျက်နှာစိမ်းတွေ ဖြစ်နေတာနဲ့တင် လူတွေက အာရုံစိုက်နေကြတာ”

ရန်ကျောက်ကဲက ပြုံးရင်း...

“ရှေးဆိုရိုးစကားရှိတယ်မဟုတ်လား ၊ ‘ကလေးတွေက အမှန်ပြောတတ်တယ်’ ဆိုတာလေ”

ထို့နောက် ရန်ကျောက်ကဲက အေးအေးဆေးဆေးပင် လမ်းဆက်လျှောက်လာရင်း လမ်းဘေးမုန့်စျေးတန်းများရှိရာသို့ ရောက်လာသည်။ သူက ဤကမ္ဘာတွင်အသုံးပြုသည့် ငွေကြေးကို တစ်ချက်အကဲခတ်လိုက်၏။

ရွှေနှင့်ငွေကိုသာ အရောင်းအဝယ်လုပ်ရာတွင် အသုံးများကြောင်း သိရှိပြီးနောက် ရန်ကျောက်ကဲက မုန့်များနှင့် သကြားလုံးအချို့ကို တိတ်တဆိတ်ယူဆောင်ပြီး တန်ဖိုးထက်ပိုမိုများပြားသော ငွေစအချို့ကို ချန်ထားရစ်ခဲ့သည်။

ထို့နောက် မြို့ထဲလှည့်လည်ရင်း စာသင်ကျောင်းလိုက်ရှာလေသည်။ မကြာမီ ကလေးများ၏ စာအံသံများ ဆူညံစွာထွက်ပေါ်နေသည့် နေရာတစ်ခုသို့ ရောက်လာသည်။ ကိုယ်ပိုင်းကျောင်းတစ်ခု ဖြစ်ဟန်တူသည်။

ရန်ကျောက်ကဲက ပြတင်းတံခါးဘေးတွင် မတ်တတ်ရပ်ရင်း စာသင်ပေးနေသောဆရာကို တိတ်တဆိတ်ကြည့်နေရင်း သင်ပြပေးနေသောစာများကို ကလေးများကဲ့သို့ပင် စိတ်ဝင်တစား နားထောင်နေလေသည်။

မြင်ကွင်းက အနည်းငယ် ကြောင်တောင်တောင်နိုင်သည့်တိုင် ဖန်းယွင်ရှန်း ၊ ရွှီဖေးနှင့် အားဟူတို့မှာ ရန်ကျောက်ကဲကို မလှောင်ပြောင်ရက်ကြတော့ပေ။

စာသင်ချိန်ပြီး၍ ကျောင်းဆင်းသည့်အခါ ရန်ကျောက်ကဲက က‌လေးများကို မုန့်များနှင့် သကြားလုံးများ ဝေပေးပြီး ရင်းနှီးလာအောင် ကြိုးစားသည်။ ထို့နောက် ‘မျောလွင့်ဝိညာဉ်ကမ္ဘာ’ မှ ဘာသာစကားကို အသုံးပြုပြီး ကလေးများနှင့် စကားပြောဆိုရင်း သိချင်သည်များကို မေးမြန်းသည်။

ရွှီဖေးက ဟန်လုန်အာကို လှည့်ကြည့်ရင်း...

“ဒီနေရာမှာ ကလေးတွေ အများကြီးရှိရဲ့သားနဲ့ မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီး’ရန်’ က ဘာလို့ စာသင်ကျောင်းကကလေးတွေကို လာရှာရသလဲ မင်း သိလား”

ဟန်လုန်အာက နားမလည်နိုင်စွာ ခေါင်းခါယမ်းတော့ ရွှီဖေးက ဆက်ရှင်းပြသည်။

“က‌လေးတွေက အမှန်ကိုပြောတတ်ကြပေမယ့် ကလေးတွေကြားမှာလည်း မတူတာတွေရှိတယ် ၊ စျေးထဲမှာ ဆော့ကစားနေတဲ့ကလေးတွေက လူတွေအကြောင်းပိုသိကြတာမှန်ပေမယ့် ဒီကမ္ဘာလောကကြီးအကြောင်း သိချင်တယ်ဆိုရင်တော့ စာသင်ကျောင်းက ကလေးတွေကို ရှာဖွေဖို့လိုတယ်လေ”

ရွှီဖေးက သက်ပြင်းချရင်း...

“ပြီးတော့ စျေးထဲမှာ ကြီးပြင်းလာတဲ့ကလေးတွေက ပိုပြီး အတွေ့အကြုံများသလို လည်လည်းလည်တယ် ၊ ဒါကြောင့် မင်းအနေနဲ့ လွယ်လွယ်နဲ့ ချော့မော့မေးမြန်းလို့ရမှာ မဟုတ်ဘူး ၊ ပြီးတော့ အခန့်မသင့်ရင် ငါတို့ရောက်နေတဲ့သတင်းက လေလိုပဲ လျှင်လျှင်မြန်မြန် ပျံ့နှံ့သွားနိုင်တယ်”

“ကျောင်းတက်နေတဲ့ ကလေးတွေကတော့ များသောအားဖြင့် ကျောင်းကဆရာ ၊ အိမ်ကမိဘနဲ့ပဲ ထိတွေ့ကြတာများတယ် ၊ ဒါကြောင့် သူတို့တွေက လမ်းပေါ်ကကလေးတွေထက်ပိုပြီး ရိုး အ ကြတယ်”

သူက ကလေးတစ်သိုက်နှင့် စကားပြောနေသည့် ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း...

“ပြီးတော့ ကြည့်လိုက်... မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီး’ရန်’ က ရိုးရိုးသာမန်အဝတ်အစား ဝတ်ဆင်ထားတဲ့ ကလေးတွေကိုပဲ ရွေးပြီးစကားပြောနေတာ တွေ့တယ်မဟုတ်လား ၊ အဲဒီကလေးတွေရဲ့မိဘတွေက သားသမီးကို ပညာသင်ပေးဖို့ ပိုက်ဆံတတ်နိုင်ကြပေမယ့် အရမ်းကြွယ်ဝချမ်းသာတဲ့သူတွေ မဟုတ်ကြဘူး ၊ သူတို့က တည်ငြိမ်ရိုးသားတဲ့အသိုင်းအဝိုင်းကလူတွေ ဖြစ်ဖို့များတယ် ၊ ဒါကြောင့် ငါတို့သတင်း ပေါက်ကြားသွားစရာ အကြောင်းမရှိဘူး ၊ ကလေးတွေက ထူးဆန်းတဲ့ သူစိမ်းတွေနဲ့တွေ့ခဲ့တယ်လို့ မိဘတွေကို ပြန်ပြောရင်တောင်မှ သတင်းပြန့်သွားနိုင်ခြေက အရမ်းနည်းတယ်”

“နောက်တစ်ချက်ကတော့... မိဘတွေက သူတို့ကို မုန့်ဖိုးများများ မပေးနိုင်ဘူးလေ ၊ ဒီတော့ မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ပေးတဲ့မုန့်တွေကို သဘောကျကြတာပေါ့ ၊ ချမ်းသာတဲ့အိမ်က သားသမီးတွေကတော့ သူ့လက်ထဲက မုန့်နည်းနည်းပါးပါးကို ဘယ်စိတ်ဝင်စားမလဲ ၊ ဟုတ်တယ်မလား”

ယခု သူတို့အားလုံးက ‘မျောလွင့်ဝိညာဉ်ကမ္ဘာ’ သို့ မတော်တဆ ရောက်ရှိလာခဲ့ပြီး ပိတ်မိနေခဲ့သည်။ သူတို့နှင့်အတူ ဟန်လုန်အာလေးပါ ပါလာသည့်အတွက် ဤအခွင့်အရေးကို အသုံးချကာ ထိုကောင်လေးကို အတွေ့အကြုံများစွာ သင်ပြပေးရန် ရွှီဖေးက ရည်ရွယ်ထားသည်။

အသေးအဖွေဲကိစ္စလေးပင် ဖြစ်ပါစေ ရွှီဖေးက ယင်လုန်ထူကို သိမြင်စေချင်ပြီး ကမ္ဘာလောကကြီးအကြောင်း မျက်စိပွင့် နားပွင့် ဖြစ်စေချင်မိသည်။

သူ့စကားများကိုကြားတော့ ယင်လုန်ထူက ခဏမျှစဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

အားဟူက ပြုံးရင်း...

“သခင်လေးလုပ်နေပုံက မသိရင် လူကုန်ကူးတဲ့သူ ကျနေတာပဲ”

ဖန်းယွင်ရှန်းကလည်း ရယ်မောလိုက်ရင်း...

“အမှန်ပဲ ၊ ဒါပေမဲ့ ကလေးတွေနဲ့ ဒီလောက်မြန်မြန် ရင်းနှီးဖို့ဆိုတာ လွယ်တာမဟုတ်ဘူး”

အားဟူက ရိုးရှင်းစွာပြုံးရင်း...

“ဟုတ်ပ... ကျွန်တော်တော့ ဒီတစ်ခေါက် သခင်လေးကို ကုန်းဦးချချင်လောက်အောင် လေးစားမိတယ်”

သူတို့ကသာ ထိုသို့ ဝေဖန်လေကန်နေကြသည် ၊ ရန်ကျောက်ကဲကတော့ အဆင်ပြေမနေခဲ့ပေ။

အခြားကမ္ဘာတွင်အသုံးပြုသော ဘာသာစကားတစ်ခုလုံးကို အချိန်တိုအတွင်း သင်ယူတတ်မြောက်ရန်က လွယ်ကူသည် မဟုတ်ပေ။

ရန်ကျောက်ကဲမှာ သူပြောသည့်စကားကို ကလေးများနားလည်အောင်ပင် မနည်းကြိုးစားအားထုတ်နေရသည်။

ကလေးငယ်များသည်လည်း ရန်ကျောက်ကဲကို အလွန် အထင်သေး ကဲ့ရဲ့ ရှုတ်ချသောအကြည့်များဖြင့် ကြည့်နေကြလေ၏။

ထိုမျက်ဝန်းလေးများ၏ အဓိပ္ပါယ်က...

“အသက်ကဖြင့်ကြီးနေပြီ ၊ ငါတို့လောက်တောင် ချောချောမောမော စကားမပြောတတ်သေးဘူး”

ဟူ၍ပင်။

ရန်ကျောက်ကဲမှာတော့ ကလေးများပြောသည့်စကားကိုပင် အဓိပ္ပါယ်နားမလည်သဖြင့် သူတို့လေးများကို ချော့မော့ကာ မြေပြင်ထက်တွင် စာလုံးများချရေးခိုင်းပြီး ထိုစားလုံးများကို အလွတ်ကျက်ပြီး ဖြည်းညင်းစွာ တွေးတောနေရရှာသည်။

ထို့ပြင် သူမေးသည့်မေးခွန်းများကို ကောင်းစွာနားမလည်သဖြင့် ကလေးများက မှားယွင်းဖြေဆိုခြင်းများလည်း ရှိနိုင်လေရာ နောက်ပိုင်းမှ ဖြည်းဖြည်းချင်း ပြန်လည်စီစစ်ရမည် ဖြစ်သည်။

“ငါ့အတွက်တော့ သောက်ကျိုးနဲပဲ... ငါတော့...”

ရန်ကျောက်ကဲ စိတ်ထဲက ဆဲဆိုမိစဉ်...

ရုတ်တရက် အနောက်ဘက်မှ အော်ဟစ်သံများကြားရသဖြင့် လှည့်ကြည့်လိုက်မိသည်။

မြို့လမ်းမထက်တွင် ကြီးမားသော လှောင်အိမ်လှည်းကြီးများ ဖြတ်သန်းသွားလာနေပြီး လှောင်အိမ်အတွင်းမှ သားရဲတစ်ကောင်၏ ညည်းတွားအော်မြည်သံများ ထွက်ပေါ်လျှက်ရှိ၏။

“ကြည့်ရတာ... သားရဲတွေဆီက သွေးကိုထုတ်ယူပြီး ကျင့်ကြံဖို့အတွက် ထူးဆန်းတဲ့သားရဲတွေကို ဖမ်းလာတာ ဖြစ်ရမယ်”

ရန်ကျောက်ကဲ တွေးလိုက်သည်။

လှောင်အိမ်လှည်းများ ထွက်ပေါ်လာသည်နှင့် သူ့ဘေးနားမှ ကလေးငယ်များ ပြေးထွက်သွားကြပြီး မြင်ကွင်းကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြတော့သည်။

သူမေးချင်သည့်မေးခွန်းများ မေးမြန်းပြီးသွားပြီဖြစ်ရာ ကလေးများ ထွက်ခွာသွားခြင်းက ရန်ကျောက်ကဲအတွက် ပြဿနာ မရှိတော့ပေ။

သို့သော်...

သူ့မျက်ဝန်းထဲ ဝင်ရောက်လာသော လူတစ်ယောက်ကြောင့် ရန်ကျောက်ကဲ များစွာအံ့အားသင့်သွားရသည်။ ထိုသူက သူ၏စိတ်အာရုံကို အလိုအလျှောက်လွှမ်းမိုးသွားခဲ့ပြီး စူးစူးစိုက်စိုက်ပင် ကြည့်လိုက်မိ၏။

စစ်ခုန်ချင်း...။

“မဟုတ်ဘူး... အဲဒါ ချွိယန်ချီနဲ့ ချန်နင်လိုမျိုး စစ်ခုန်ချင်းနဲ့ ဆင်တူတဲ့သူတစ်ယောက်ပဲ”

ရန်ကျောက်ကဲ၏မျက်ဝန်းများ အတော်လေးပင် ပြူးကျယ်ဝိုင်းစက်သွားရလေသည်။

All Chapters