← Chapters

အခန်း (၃၇၉)

Vol. 38 Ch. 379

အခန်း (၃၇၉)

Vol. 38 Ch. 379

အခန်း။ ၃၇၉

ယွင်ရှန်း၏ ငြင်းပယ်ခြင်းကို ခံခဲ့ရပြီးနောက်ပိုင်း ချီဖန်းဖေးသည် စီအန်း ဆေးခန်း၏ ဆေးဖက်ဝင်အပင် ထောက်ပံ့ရေးလမ်းကြောင်းများကို ပိုမိုပြင်းထန်စွာ ပိတ်ဆို့ခဲ့သည်။ သို့သော် ထူးဆန်းသည်မှာ စီအန်းဘက်က မည်သို့မျှ တုန်လှုပ်ခြောက်ခြားခြင်း မရှိဘဲ ပုံမှန်

အတိုင်းရှိနေခြင်းပင်။

သူမ ဇဝေဇဝါဖြစ်နေစဉ်မှာပင် ချန်းစီဟိုင် ယူဆောင်လာသော သတင်းစကားက သူမကို အံ့အားသင့်သွားစေသည်။ အစပိုင်းတွင် ထိုသတင်းကို သူမ မယုံကြည်ခဲ့ပေ။ ဝေးလံခေါင်ဖျားသော ကျေးရွာလေးတွင် ဆေးပင်များ စိုက်ပျိုးရန်မှာ လူအင်အား၊ အရင်းအမြစ်နှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများစွာ ရှိသောကြောင့်ပင်။

ထို့ပြင် သူမသည် နိုင်ငံအတွင်းရှိ ဆေးဆိုင်အားလုံးကို စီအန်း ဆေးခန်းထံ ဆေးပင်

အစေ့အဆန်များ မရောင်းချရန် အမိန့်ထုတ်ထားခဲ့ပြီး ဖြစ်သည်။

ဒါဆိုရင် ယွင်ရှန်းက ဒီအစေ့အဆန်တွေကို ဘယ်နေရာကနေ ရခဲ့တာလဲ။

ချီဖန်းဖေးသည် နည်းလမ်းအမျိုးမျိုးဖြင့် စုံစမ်းကြည့်သောအခါမှ စီအန်း ကို အစေ့အဆန် ထောက်ပံ့ပေးနေသူမှာ ဝူကျီတိုက်ကြီး၏ အကြီးဆုံး ကုန်သွယ်ရေးအဖွဲ့အစည်းဖြစ်သော ဝူကျီ ကုန်သွယ်ရေးဖြစ်ကြောင်း သိလိုက်ရသည်။ ဤအချက်က ချီဖန်းဖေးကို စီအန်း၏ အင်အားကို ပြန်လည်သုံးသပ်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဝူကျီကုန်သွယ်ရေးသည် ငွေနောက်သာ လိုက်တတ်ပြီး လူမျက်နှာမထောက်သည့် အဖွဲ့အစည်းဖြစ်ရာ သူတို့၏ အကူအညီကို ရရှိထားခြင်းက ယွင်ရှန်းတွင် သူမထင်ထားသော အဆက်အသွယ်များ ရှိနေသည်ကို သက်သေပြနေသောကြောင့်ပင်။

ချီဖန်းဖေးသည် နောက်ထပ် လျှော့မတွက်ရဲတော့ဘဲ ချန်းစီဟိုင်ရှိရာ မုဆိုးအဖွဲ့ကို ငှားရမ်းကာ ကျိုးချူရွာအနီးတွင် ချောင်းမြောင်းစေခဲ့သည်။ ထိုအခါမှ ပို၍ ကြောက်စရာကောင်းသော လျှို့ဝှက်ချက်ကို သူမ ထပ်မံသိရှိခဲ့ရသည်။

မှော်ပညာသုံး ဆေးစိုက်ခင်းနှင့် မိစ္ဆာသားရဲများကိုသုံးသော သယ်ယူပို့ဆောင်ရေး

ဤအချက်နှစ်ခုကို သိလိုက်ရချိန်တွင် ချီဖန်းဖေး ဆက်လက်ငြိမ်မနေနိုင်တော့ပေ။ သူမကိုယ်တိုင် ထိုမုဆိုးအဖွဲ့နှင့်အတူ လိုက်ပါလာပြီး ကျိုးချူရွာမှ ယွီကျင်းမြို့သို့သွားရာ လမ်းခုလတ်တွင် ချောင်းမြောင်းတိုက်ခိုက်ရန် ပြင်ဆင်တော့သည်။

ချီဖန်းဖေးသည် ယွင်ရှန်းနှင့် တိုက်ရိုက်ရင်ဆိုင်ရန်မှာ မလွယ်ကူကြောင်း ကောင်းစွာနားလည်သည်။ ယွင်ရှန်း၏ နောက်ကွယ်တွင် ယန်အိမ်တော်၊ ကောင်းကင်မုဆိုးအဖွဲ့နှင့် အစွမ်းထက်သော သန့်စင်မွန်မြတ်သားရဲ ဆင့်ခေါ်သူတို့ ရှိနေသောကြောင့်ပင်။

ထို့ကြောင့် ချီဖန်းဖေးသည် စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့သည်။ ယွင်ရှန်းနှင့် ကျုံးရန်တို့ နှစ်ဦးစလုံး ယွီကျင်းမြို့တွင် မရှိသည့်အချိန်ကို စုံစမ်းမိသောအခါမှ သူမ၏ အစီအစဉ်ကို စတင်

အကောင်အထည်ဖော်ခြင်းပင်။ မှော်ပညာဖြင့် စိုက်ပျိုးထားသော ဆေးပင်များမှာ မကြာခင် ရင့်မှည့်လာမည်ဖြစ်ပြီး ထိုသို့ရင့်မှည့်လာလျှင် တောင်အောက်သို့ သယ်ဆောင်လာမည်မှာ သေချာသည်။

ထိုအချိန်က သူမအတွက် လက်စားချေရန် အကောင်းဆုံး အခွင့်အရေးပင်။

သုံးရက်နီးပါး စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပြီးနောက်တွင်မူ ယနေ့၌ပင် ချီဖန်းဖေးသည် ကောင်းကင်ယံရှိ အတောင်ပံပါသော လင်းနို့ကြီးများ၏ ပုံရိပ်ကို လှမ်း၍ မြင်တွေ့လိုက်ရသည်။

လင်းနို့ကြီးများ၏ ကျောပေါ်တွင်မူ ရွာသားအချို့နှင့်အတူ ခြောက်သွေ့နေသော ဆေးဘက်ဝင်အပင် အထုပ်ကြီးများကို တင်ဆောင်လာကြသည်။ အဝေးမှ ကြည့်ရှုနေရုံနှင့်ပင် ဤဆေးပင်များသည် အဆင့်မြင့် အရည်အသွေးကောင်းများ ဖြစ်ကြောင်း သိသာလှသည်။ ဤဆေးပင်များသာ စီအန်း ဆေးခန်းသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိသွားပါက နောက်ဆက်တွဲ အကျိုးဆက်မှာ သူမအတွက်မူ စိတ်ကူးကြည့်ရုံနှင့်ပင် ဆိုးဝါးလှတော့သည်။

“ဒီဆေးသယ်တဲ့ အဖွဲ့ကို အခုချက်ချင်း အကုန်သတ်ပစ်ကြ”

ချီဖန်းဖေးက အခြေအနေကို ခဏတာ စောင့်ကြည့်ပြီးနောက် ထူးခြားမှုမရှိသည်မှာ သေချာသည်နှင့် အမိန့်ပေးလိုက်တော့သည်။

“သတ်ပစ်ရမယ် ဟုတ်လား။ ဒါပေမဲ့ ဆေးဆရာမချီ... သူတို့က အားကိုးရာမဲ့တဲ့ ရွာသားတွေပဲလေ။ ပြီးတော့ ကလေးတွေလည်း ပါသေးတယ်”

မုဆိုးအဖွဲ့ သည် ဤအမိန့်ကို ကြားသိရသောအခါ တုံ့ဆိုင်းသွားကြသည်။ ဤချောင်းမြောင်းတိုက်ခိုက်မှုအတွက် သူတို့သည် မြားနတ်ရထားများနှင့် မှော်ဆရာများကို အင်တိုက်အားတိုက် ပြင်ဆင်လာခဲ့ကြခြင်း ဖြစ်သည်။ သို့သော် သူတို့၏ ပစ်မှတ်မှာ အပြစ်မဲ့သော ရွာသားများ ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။

“သတ်ဆို သတ်လိုက်စမ်းပါ။ ငါက ပိုက်ဆံမပေးမှာ ကြောက်နေတာလား”

ချီဖန်းဖေးက ဒေါသတကြီး အော်ဟစ်လိုက်သည်။ မုဆိုးများသည် တစ်ဦးမျက်နှာ တစ်ဦး ကြည့်လိုက်ကြသော်လည်း နောက်ဆုံးတွင်မူ မငြင်းဆန်ရဲကြတော့ပေ။ သူတို့သည် တစ်ဖက်လူထံမှ အခေးအကြေး ယူထားပြီးသား ဖြစ်သလို နေ့စဉ်နှင့်အမျှ ဓားသွားပေါ်တွင် သွေးစွန်းကာ အလုပ်လုပ်နေရသူများ ဖြစ်သဖြင့် ဆေးဧကရာဇ်ခန်းမကိုလည်း မဆန့်ကျင်ရဲကြချေ။

မြင့်မားသော ကောင်းကင်ယံတွင်မူ ကျိုးချူရွာသားများသည် သူတို့၏ ပထမဆုံးသော ဆေးပင်ရိတ်သိမ်းမှု အောင်မြင်သည့်အတွက် ပျော်ရွှင်ကြည်နူးနေကြဆဲပင်။ မြေပြင်ပေါ်တွင်မူ မြားနတ်ရထား အစင်းပေါင်းများစွာက သူတို့ထံသို့ ချိန်ရွယ်ထားသည်ကိုမူ လုံးဝ ရိပ်မိခြင်း မရှိကြသေးပေ။

“အစ်ကိုကြီး... ရှောင်ယန်လေးလည်း မှော်ဆရာမကြီး ဖြစ်ချင်တယ်”

ရှောင်ယန်လေးက သူမအစ်ကို၏ လည်ပင်းကို ဖက်တွယ်ထားရင်း မေးခွန်းများ တတွတ်တွတ် မေးမြန်းနေရှာသည်။ သူမ၏ မျက်လုံးထဲတွင်မူ နတ်ဆေးဆရာမလေး ယွင်ရှန်းကဲ့သို့သော မှော်ဆရာမျိုးမှာ အခန့်ညားဆုံးပင်။ တစ်နေ့တွင် သူမသည်လည်း ယွင်ရှန်းကဲ့သို့ လှပ၍ အစွမ်းထက်သော မှော်ဆရာမလေး ဖြစ်လာရမည်ဟု အိပ်မက်မက်နေခြင်းပင်။

“ဖြစ်ရမှာပေါ့... အစ်ကိုကြီးကိုယ်တိုင် ရှောင်ယန်လေးကို မှော်ပညာတွေ သင်ပေးမှာပေါ့”

ရှောင်ဟွာက သူ့ညီမလေး၏ နှာခေါင်းလေးကို အသာအယာ ဆွဲညှစ်ရင်း ချစ်စနိုး ပြောကြားလိုက်သည်။ သို့သော် ရုတ်တရက်ဆိုသလို ရှောင်ဟွာ တစ်စုံတစ်ခုကို သတိပြုမိသွားပြီး နားစွင့်လိုက်သည်...

လေဒြပ်စင်မှော်ဆရာတစ်ဦး၏ ထက်မြက်သော အာရုံခံစားမှုမှာ သာမန်လူတို့ထက် အဆပေါင်းများစွာ သာလွန်လှသည်။ ရှောင်ဟွာသည် လေထုအတွင်း၌ တစ်စုံတစ်ခု တိုးဝှေ့လာသည့် သိပ်မသိသာသော အသံကို ကြားလိုက်ရခြင်းပင်။

သူ အောက်သို့ ငုံ့ကြည့်လိုက်သောအခါတွင်မူ မျက်လုံးများ ပြူးကျယ်သွားရတော့သည်။ အဆိပ်လူးမြားများသည် အောက်ခြေမှနေ၍ အရှိန်အဟုန်ဖြင့် ပန်းထွက်လာနေသည်။ ထိုအချိန်မှာပင် အမျိုးမျိုးသော မှော်အတိုက်အခိုက်များကလည်း ကောင်းကင်ယံသို့ ဦးတည်လာနေကြသည်။

"မြန်မြန်... အားလုံးပဲ လင်းနို့ကြီးတွေကို ဒီနေရာကနေ မြန်မြန်ကျော်သွားအောင် မောင်းကြ"

ရှောင်ဟွာ သတိပြုမိချိန်တွင်မူ အတော်လေး နောက်ကျသွားခဲ့သည်။ သေဘေးကို နေ့တိုင်း ရင်ဆိုင်နေရသော ဝါရင့်မုဆိုးစစ်သည်များ၏ လက်ချက်ဖြစ်သည့် မြားနတ်ရထား အစင်းပေါင်းများစွာနှင့် မှော်အတတ်များကို သာမန်ရွာသားတွေက ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ။

ဤလင်းနို့ကြီးများသည်လည်း သာမန်မိစ္ဆာသားရဲများသာ ဖြစ်သဖြင့် တိုက်ခိုက်ရေးစွမ်းရည် မရှိသလို အကာအကွယ်ပေးနိုင်စွမ်းမှာလည်း ပျမ်းမျှအဆင့်၌သာ ရှိသည်။ လင်းနို့ကြီးများသည် လန့်ဖျပ်သွားကြပြီး သူတို့၏ ကျောပေါ်မှ ရွာသားများကို ခါချလိုက်သည်။

"ကယ်ကြပါဦး... အား..."

ရွာသားများသည် ကျိုင်းကောင်များအလား ကောင်းကင်ယံမှ ပြုတ်ကျလာကြပြီး ဆေးဘက်ဝင်အပင်များမှာလည်း ဇွန်လတွင် ကျရောက်သော နှင်းပွင့်များကဲ့သို့ နေရာအနှံ့ လွင့်စင်သွားကြတော့သည်။

"ရှောင်ယန်လေး... လင်းနို့စိမ်းကြီးကို အတင်းဖက်ထားနော် လုံးဝလက်မလွှတ်နဲ့"

ရှောင်ဟွာမှာ ရွာသားများ မြားမှန်၍ ကျဆုံးကုန်သည်ကို ကြည့်ရှုရင်း ရင်ထဲတွင် နေရထိုင်ရမကောင်းပေ။ သူသည် အသက်ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦးသာ ဖြစ်၍ ထိုကဲ့သို့ ထိတ်လန့်ဖွယ် အခြေအနေတွင် ဦးနှောက်မှာ ဗလာဖြစ်သွားသော်လည်း သူ၏ စိတ်အတွင်းရှိ တစ်ခုတည်းသော အတွေးမှာ ဘာပဲဖြစ်ဖြစ် သူ့ညီမလေးကို အသက်နှင့်လဲ၍ ကာကွယ်ရန်ပင်။

ထိုအချိန်မှာပင် ချောင်းမြောင်းပစ်ခတ်လိုက်သော မြားတစ်စင်းသည် သူ၏ ပခုံးသို့ လာရောက်မှန်ကန်ပြီး သွေးများ ဒလဟော စီးကျလာသည်။ ရှောင်ဟွာသည် အံကို တင်းတင်းကြိတ်ကာ သူစီးနင်းလာသော လင်းနို့စိမ်းကြီးထံသို့ လေဒြပ်စင်မှော် တစ်ခုကို အဆက်မပြတ် ရွတ်ဆို လိုက်သည်။

"ငါ နင်တို့ကို ပြန်တိုက်မယ်"

သူ၏ မှော်လှံတံအတွင်းမှ မီးလုံးတစ်လုံး ထွက်ပေါ်လာပြီး အောက်တွင် ချောင်းမြောင်းနေသော မုဆိုးများကို ပြန်လည်တိုက်ခိုက်လိုက်သည်။

"ဒီအထဲမှာ မှော်ဆရာတစ်ယောက် ပါနေတယ်။ သူ့ကို အရင်ဆုံး သတ်ပစ်ကြ"

အစောင့်အရှောက်အဖွဲ့အတွင်း မှော်ဆရာတစ်ဦး ပါဝင်နေသည်ကို မုဆိုးများ တွေ့ရှိသွားသောအခါ ရှောင်ဟွာ စီးနင်းလာသည့် လင်းနို့ကြီးဆီသို့သာ အဓိကထား၍ ပစ်မှတ်ထားလိုက်ကြသည်။ မြားများနှင့် မှော်အတတ်များသည် ကောင်းကင်မှ မိုးရွာသကဲ့သို့ ကျဆင်းလာပြီး သွေးမိုးများ ဖြိုင်ဖြိုင်ရွာကျနေသကဲ့သို့ပင်။

ရှောင်ယန်လေးသည် သူမ၏အစ်ကို မှာကြားခဲ့သည့်အတိုင်း လင်းနို့စိမ်းကြီး၏ ကျောပေါ်တွင် မလှုပ်မယှက် မှောက်လျက် လိုက်ပါလာခဲ့သည်။ လေဒြပ်စင်မှော်၏ အရှိန်ကြောင့် လင်းနို့ကြီးသည် ယိမ်းယိုင်ထိုးတက်ရင်း ယွီကျင်းမြို့တော်ရှိရာ အရပ်ဆီသို့ အသည်းအသန် ပျံသန်းလာခဲ့သည်။

ယွီကျင်းမြို့တော်အတွင်း နေဝင်ရိုးရီအချိန်တွင် လင်းယောင်အာသည် စီအန်း ဆေးခန်း၌ ထိုနေ့အတွက် ဝင်ငွေများကို စာရင်းတွက်ချက်နေပြီး ကျိမော့က ဘေးမှနေ၍ စာရင်းကူမှတ်ပေးနေသည်။ ထိုစဉ် ကျိမော့၏ မျက်မှောင်များ ရုတ်တရက် တွန့်ချိုးသွားပြီး သူသည် ဆေးခန်းအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

အပြင်ဘက်တွင် လေးလံသော အရာတစ်ခု ပြုတ်ကျလာသကဲ့သို့ ဘုန်းခနဲ အသံကြီး တစ်ချက်ကြားလိုက်ရပြီးနောက် ကလေးမလေးတစ်ဦး၏ ငိုသံစူးစူးမှာ ချက်ချင်းဆိုသလို လိုက်ပါလာတော့သည်။ လင်းယောင်အာနှင့် ကျိမော့တို့သည် အလန့်တကြားဖြင့် အပြင်သို့ ပြေးထွက်ကြည့်လိုက်ကြသည်။

စီအန်း ဆေးခန်း၏ အရှေ့တွင် ဒဏ်ရာအပြင်းအထန် ရထားသော အတောင်ပံပါ လင်းနို့ကြီး တစ်ကောင်မှာ ဗုန်းဗုန်းလဲနေပြီး ၎င်း၏ကျောပေါ်တွင်တော့ တုန်တုန်ရင်ရင်နှင့် ကလေးငယ်တစ်ဦး ပါလာခဲ့သည်။

"ရှောင်ယန်... ဘာဖြစ်လာတာလဲ"

လင်းယောင်အာ သတိရလိုက်သည်။ ဒီနေ့သည် ကျိုးချူရွာမှ ပထမဆုံး ဆေးပင်အသုတ်ကို သယ်ယူပို့ဆောင်ရမည့်နေ့ ဖြစ်ပြီး ရွာသားများ ရောက်ရှိနေရမည့် အချိန်လည်း ဖြစ်သည်။ မနက်ကတည်းက ညနေအထိ ရွာသားများ အရိပ်အယောင်ပင် မမြင်ရသဖြင့် သူမ စိတ်ထဲမှ တိတ်တဆိတ် ထူးဆန်းနေခဲ့ခြင်းပင်။

လမ်းခုလတ်မှာ ချောင်းမြောင်းတိုက်ခိုက်ခံရတာပဲ...

လင်းယောင်အာ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။

နတ်ဆေးဆရာမလေး ယွင်ရှန်း မြို့ထဲမှာ မရှိခိုက် ဘယ်သူကများ ဒီလောက်အထိ ယုတ်မာရက်စက်ရတာလဲ။

"ဘာမှ ထပ်မမေးနဲ့တော့ သူ ဒဏ်ရာရထားတယ်"

ကျိမော့က လျင်မြန်စွာပင် ရှေ့သို့ တိုးသွားလိုက်သည်။ ရှောင်ယန်လေးမှာ ကြောက်လန့်လွန်းသဖြင့် စကားပင် မပြောနိုင်ရှာတော့ဘဲ အစ်ကိုဖြစ်သူ မှာကြားခဲ့သည့်အတိုင်း လင်းနို့စိမ်းကြီးကိုသာ တင်းတင်းကြပ်ကြပ် ဖက်ထားဆဲပင်။

"ရှောင်ယန်... ဒါအစ်ကိုကြီး ကျိမော့လေ မကြောက်နဲ့တော့။ အခု ဘေးကင်းသွားပြီ လက်ကို လွှတ်လိုက်တော့နော်"

ကျိမော့က နူးညံ့သိမ်မွေ့သော လေသံဖြင့် ချော့မော့လိုက်ရာ မမြင်နိုင်သော နွေးထွေးမှုတစ်ခုသည် သူ့ထံမှ ပျံ့နှံ့သွားသကဲ့သို့ ခံစားရသည်။ ရှောင်ယန်လေးသည် ဝေဝေဝါးဝါးဖြင့် ကျိမော့ကို မှတ်မိသွားပြီးမှ လက်ကို လွှတ်လိုက်ကာ ကျိမော့ကို အတင်းဖက်တွယ်လိုက်တော့သည်။

သူမ၏ ကျောပြင်ကို ကြည့်လိုက်သောအခါ ကျိမော့သည် အသားထဲသို့ တစ်ဝက်ခန့် နစ်ဝင်နေသော မြားနတ်ရထားမြားတစ်စင်းကို တွေ့ရှိသွားသည်။

တောက် ကလေးတစ်ယောက်ကိုတောင် ဒီလောက်အထိ လုပ်ရက်ကြတယ်လား။

ကျိမော့ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သိလိုက်သည်။ အကယ်၍ ထိုမြားသည် နောက်ထပ် တစ်လက်မခန့်သာ ပိုနစ်သွားပါက ရှောင်ယန်လေး အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။ ဤမျှ ပြင်းထန်သော ဒဏ်ရာနှင့် မြို့တော်သို့ အရောက်ပြန်လာနိုင်ခြင်းမှာပင် အံ့ဩစရာ ကောင်းလှသည်။

အပြင်က ဆူညံသံများကြောင့် ဒေါက်တာဖန်လည်း ပြေးထွက်လာခဲ့သည်။ ရှောင်ယန်၏ ဖြူလျော်နေသော မျက်နှာကို မြင်လိုက်ရသောအခါ သူလည်း မျက်နှာပျက်သွားပြီး "မြန်မြန်... ကလေးကို အထဲခေါ်သွားကြ။ ဒဏ်ရာကို ချက်ချင်း ကုသရမယ်။ အချိန်မီ မြားကို မနှုတ်နိုငရင် ကလေးအသက် အန္တာရာယ်ရှိသွားလိမ့်မယ်"

ယွင်ရှန်း မရှိခိုက် သူသာလျှင် တာဝန်ယူ ဆောင်ရွက်ရမည်ပင်။

"နေပါဦး... အခု မြားကို နှုတ်လို့ မဖြစ်သေးဘူး"

ဆေးခန်းတွင် ပုံမှန်အားဖြင့် တိတ်တိတ်ဆိတ်ဆိတ်နှင့် အေးအေးဆေးဆေး နေတတ်သော ကျိမော့သည် ဤတစ်ကြိမ်တွင်တော့ ဒေါက်တာဖန်ကို တားဆီးရန် ရှေ့သို့ တိုးထွက်လာခဲ့သည်။

All Chapters