← Chapters

အခန်း (၃၈၀)

Vol. 38 Ch. 380

အခန်း (၃၈၀)

Vol. 38 Ch. 380

အခန်း။ ၃၈၀

"မြားကို မနှုတ်ရင် ဒီကလေး အသက်မရှင်နိုင်တော့ဘူး"

ဒေါက်တာဖန် စိတ်မရှည်တော့ဘဲ အော်ဟစ်လိုက်သည်။ စီအန်းဆေးခန်းသည် ယွင်ရှန်း၏ လက်အောက်တွင်ရှိသော်လည်း ယနေ့တွင် ယွင်ရှန်းမရှိသဖြင့် ရှိသမျှဆေးဆရာများထဲတွင် သူကသာ အတွေ့အကြုံအရှိဆုံးနှင့် အာဏာအရှိဆုံးဖြစ်သည်။

ဒေါက်တာဖန်သည် ကျိမော့ကို အငြိုးအတေးမရှိသော်လည်း ထိုလူငယ်လေးသည် စကားနည်းလွန်းပြီး အေးစက်လွန်းသည်ဟု သူ အမြဲထင်ခဲ့သည်။

"သူ အခုအခြေအနေနဲ့ မခံနိုင်ဘူး။ မြားခေါင်းက သူ့ရဲ့ နှလုံးနဲ့ အဆုတ်နားကို တစ်လက်မအကွာလောက်ပဲ လိုတော့တာ။ လမ်းခရီးမှာ သွေးတွေအများကြီး ဆုံးရှုံးထားလို့ သူ့ရဲ့ သက်စောင့်အားက ကုန်ခန်းနေပြီ။ အခုအချိန်မှာ မြားကို ဆွဲနှုတ်လိုက်တာက သူ့ကို ကျွန်တော်တို့ လက်နဲ့ကိုယ်တိုင် သတ်လိုက်တာနဲ့ အတူတူပဲ"

ကျိမော့က အေးဆေးတည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"မင်းက ဘယ်လိုလုပ်ပြီး..."

ဒေါက်တာဖန် မေးရန်ပြင်စဉ်မှာပင် ကျိမော့က ရှောင်ယန်လေးကို ပွေ့ချီကာ နောက်ဖေးဝင်းဆီသို့ လျင်မြန်စွာ လျှောက်သွားတော့သည်။

"ဟေ့ လူငယ်လေး... ဘယ်ကို သွားနေတာလဲ ဘာလုပ်မလို့လဲ စိတ်ထင်တိုင်း လျှောက်မလုပ်နဲ့ဦး"

ဒေါက်တာဖန်လည်း နောက်ကနေ လိုက်သွားရုံမှတစ်ပါး အခြားမရှိတော့ပေ။ သို့သော် သူ အံ့ဩသွားရသည်မှာ ကျိမော့သည် သူ့အခန်းထဲသို့ တိုက်ရိုက်ဝင်သွားပြီး တံခါးကို အတွင်းကနေ ဂျက်ထိုး ပိတ်လိုက်ခြင်းပင်။

"ဒေါက်တာဖန်... ကျိမော့ကို မတားပါနဲ့တော့။ နတ်ဆေးဆရာမလေး ယွင်ရှန်းက မှာသွားဖူးတယ်။ သူ မရှိတဲ့အချိန် တစ်ခုခုဖြစ်လာရင် ကျိမော့ကိုပဲ ကိုင်တွယ်ခိုင်းပါတဲ့"

လင်းယောင်အာသည် ယွင်ရှန်းက ကျိမော့၏ အထောက်အထားကို သံသယဝင်နေသည်ကို မသိရှာပေ။ သူမ သိထားသည်မှာ ယွင်ရှန်း မသွားခင်က "ဆေးခန်းမှာ ကုရခက်တဲ့ လူနာရှိလို့ ဒေါက်တာဖန် မယုံကြည်ရင် ကျိမော့ကို လွှဲပေးလိုက်ပါ" ဟု မှာကြားခဲ့သည်ကိုသာ ဖြစ်သည်။

အစပိုင်းတွင် လင်းယောင်အာလည်း ဇဝေဇဝါ ဖြစ်ခဲ့ရသည်။

သာမန်မှော်ဆရာလေး တစ်ယောက်က ဒေါက်တာဖန်ထက် ပိုတော်နိုင်ပါ့မလား။

ကျိမော့၏ အခန်းထဲမှ ဘာအသံမှ ထွက်မလာသဖြင့် လင်းယောင်အာနှင့် ဒေါက်တာဖန်တို့သည် ဒီအတိုင်း စောင့်မနေနိုင်ဘဲ ဆေးခန်းအပြင်ဘက်ရှိ ဒဏ်ရာပြင်းထန်နေသော လင်းနို့စိမ်းကြီးကို ဆေးခန်းထဲသို့ သယ်ဆောင်ခဲ့ကြသည်။ ဒေါက်တာဖန် စစ်ဆေးကြည့်လိုက်သောအခါ လင်းနို့ကြီးသည် မြားဒဏ်ရာများအပြင် မှော်အတိုက်အခိုက်များကိုပါ ခံထားရကြောင်း တွေ့ရှိရသည်။

"ဆေးဖက်ဝင်အပင်တွေ အကုန် ပျောက်သွားပြီ။ ဒီတစ်ခေါက် ပို့ဆောင်တာမှာ လင်းနို့ကြီး ဆယ်ကောင်တောင် ပါလာရမှာကို အခု တစ်ကောင်တည်းပဲ ကျန်တော့တယ်ဆိုတော့ ငါ စိုးရိမ်တာက..."

လင်းယောင်အာ စကားကို ဆုံးအောင် မပြောနိုင်တော့ပေ။

သယ်ယူပို့ဆောင်ရေး လမ်းခရီးမှာ ကြီးကြီးမားမား တစ်ခုခု ဖြစ်ခဲ့ပြီဆိုတာကို သူမနှင့် ဒေါက်တာဖန်တို့ ကောင်းကောင်း သိလိုက်ကြသည်။ ဒေါက်တာဖန်က ဆေးခန်းတွင် ဆက်လက်စောင့်ဆိုင်းနေပြီး လင်းယောင်အာကတော့ ကောင်းကင်မုဆိုးအဖွဲ့ မှ ယန်ချန်းလန်ကို အကူအညီတောင်းရန် ညတွင်းချင်း မြို့ပြင်သို့ ထွက်ခွာသွားတော့သည်။

သတင်းရရချင်းမှာပင် ယန်ချန်းလန်သည် မုဆိုးစစ်သည်တစ်စုကို ဦးဆောင်ကာ ကျိုးချူကျေးရွာရှိရာသို့ အမြန်ဆုံး ထွက်ခွာသွားခဲ့သည်။

ကျိုးချူရွာအနီး တောင်ခြေသို့ ရောက်ရှိသောအခါ သူတို့ မြင်လိုက်ရသည်မှာ စိတ်မကောင်းစရာ မြင်ကွင်းတစ်ခုပင်။ သေဆုံးနေသော ရွာသားများ၏ ရုပ်အလောင်းများစွာနှင့်အတူ လုယက်ဖျက်ဆီးခံထားရသော ဆေးဘက်ဝင်အပင် အထုပ်အပိုးများကို တွေ့ရှိခဲ့ရသည်။

ထိုအချိန်တွင် ဆေးခန်း၌ ဒေါက်တာဖန်သည် စိုးရိမ်တကြီးဖြင့် စောင့်ဆိုင်းနေဆဲပင်။ ရုတ်တရက် ကျိမော့၏ အခန်းတံခါး ပွင့်လာပြီး သူတစ်ယောက်တည်း ထွက်လာခဲ့သည်။ ပုံမှန်အားဖြင့် ဘာမှထူးခြားမှုမရှိသော သူ၏မျက်နှာတွင် ယခုအခါ မောပန်းနွမ်းနယ်သည့် အရိပ်အယောင်အချို့ ရှိနေသော်လည်း နှုတ်ခမ်းထောင့်တွင်တော့ သိပ်မသိသာသော အပြုံးတစ်ခု ရှိနေသည်။

"ရှောင်ယန်လေးရော"

ဒေါက်တာဖန်သည် အခန်းထဲသို့ စိတ်မရှည်စွာ ပြေးဝင်ကြည့်လိုက်ရာ ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ရှောင်ယန်လေးကို မြင်လိုက်ရသည်။ အစောပိုင်းက ဖြူလျော်နေသော သူမ၏မျက်နှာလေးမှာ ယခုအခါ ဆော့ကစားရင်း အိပ်ပျော်သွားသည့် ကလေးငယ်တစ်ဦးကဲ့သို့ ပန်းရောင်သန်းကာ ကျန်းမာရွှင်လန်းနေ၏။

သူမ၏ကျောပြင်တွင် စူးဝင်နေသော မြားမှာလည်း မရှိတော့သလို သွေးကွက်များနှင့် ဒဏ်ရာအမာရွတ်များပင် ရှာမတွေ့တော့ပေ။

ဤအချင်းအရာကို မြင်လိုက်ရသော ဒေါက်တာဖန်သည် ခဏတာ ကြောင်အမ်းသွားပြီးနောက် အခန်းပြင်သို့ ပြန်ထွက်လာခဲ့သည်။ ကျိမော့သည် ဆေးခန်းဝင်းထဲတွင် ရပ်နေသည်။ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော လရောင်သည် လူငယ်လေး၏မျက်နှာပေါ်သို့ ဖြာကျနေသည်။ နေ့ဘက်တွင် လူအများ သတိမထားမိလောက်အောင် သာမန်ကာလျှံကာ ရှိလှသော သူ၏မျက်နှာမှာ ညမှောင်မှောင် လရောင်အောက်တွင်တော့ ထူးခြားသော ဆွဲဆောင်မှုတစ်ခု ရှိနေသယောင်။

"မင်း တကယ်တော့ ဘယ်သူလဲ"

ဒေါက်တာဖန်သည် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ကျိမော့ကို စိုက်ကြည့်ရင်း မေးလိုက်သည်။

ဤကဲ့သို့သော ကုသမှုမျိုးမှာ ရှေးဟောင်းဆေးပညာ၏ စွမ်းဆောင်ရည်ထက် ကျော်လွန်နေသလို သာမန်မှော်ဆရာတစ်ဦး လုပ်နိုင်သည့်အရာမျိုးလည်း မဟုတ်ပေ။ တစ်ခုလုံးသော တိုက်ကြီးပေါ်တွင် ဤကဲ့သို့ အကျိုးသက်ရောက်မှုမျိုး ရရှိအောင် လုပ်ဆောင်နိုင်သည့် မှောအတတ်တစ်မျိုးသာ ရှိသည်။ ၎င်းမှာ အလင်းဒြပ်စင်မှော်ပင်။

ထိုတင်မကသေးဘဲ ရှောင်ယန်လေး၏ ပြန်လည်သက်သာလာသော အခြေအနေကို ကြည့်ခြင်းအားဖြင့် ကျိမော့၏ အလင်းဒြပ်စင်မှော် အဆင့်အတန်းမှာ လုံးဝအားမနည်းကြောင်း ဒေါက်တာဖန် ရိပ်မိလိုက်သည်။

“ကျိမော့...”

ကျိမော့ကမူ ဘာမျှ ထပ်မံပြောဆိုလိုခြင်း မရှိတော့သဖြင့် လှည့်ထွက်သွားရန် ပြင်ဆင်လိုက်သည်။

“မင်းက အလင်းမှော်ဆရာတစ်ယောက်လား။ မှော်ဗိမာန်က လာတာလား။ ယွင်ရှန်းကရော မင်းရဲ့ အထောက်အထား အစစ်အမှန်ကို သိရဲ့လား”

ဒေါက်တာဖန်က မလျှော့တမ်း မေးမြန်းနေသည်။ သူ့မျက်လုံးထဲတွင်မူ ယွင်ရှန်းသည် ဘယ်လောက်ပင် ဆေးပညာတော်စေကာမူ ကလေးငယ်တစ်ဦးသာ။ မရိုးသားသော ရည်ရွယ်ချက်ရှိသူတစ်ဦးကို ဆေးခန်းတွင် ဆက်လက်ရှိနေခွင့် မပေးနိုင်သကဲ့သို့ ကျိမော့ထံမှ ရန်လိုသည့် အရိပ်အယောင် မတွေ့ရသေးသော်လည်း ယွင်ရှန်းကို ဘေးအန္တရာယ်ပြုမည်ကိုမူ သူ လုံးဝခွင့်မပြုနိုင်ပေ။ အလင်းမှော်ဆရာများသည် များသောအားဖြင့် ဖြောင့်မတ်တည်ကြည်သူများ ဖြစ်တတ်ကြသော်လည်း ဒေါက်တာဖန်ကမူ ကြိုတင်ကာကွယ်ထားသည့် သဘောပင်။

“သူမက...”

ကျိမော့ ပြန်လည်ဖြေကြားရန် ပြင်ဆင်စဉ်မှာပင် ဆေးခန်းအပြင်ဘက်မှ တံခါးခေါက်သံနှင့အတူ ယန်ချန်းလန်၏ အသံ ထွက်ပေါ်လာသည်။ ဒေါက်တာဖန်က မျက်မှောင်ကြုတ်လိုက်ပြီး “ကောင်လေး... မင်း ဘယ်ကလာတယ်ဆိုတာ ငါ့အတွက် အရေးမကြီးဘူး။ ဒါပေမဲ့ မင်းကြောင့်နဲ့ ရှန့်အာ စိတ်ဆင်းရဲရမယ်ဆိုရင်တော့ ငါ ဖန်ကျိက မင်းကို ပထမဆုံး အပြစ်ပေးမယ့်သူ ဖြစ်လာလိမ့်မယ်” ဟု သတိပေးလိုက်သည်။

ဒေါက်တာဖန် တံခါးသွားရောက်ဖွင့်ပေးနေချိန်တွင် ကျိမော့မှာမူ တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့ပြီး ခဏအကြာ၌ သက်ပြင်းသဲ့သဲ့ ချလိုက်မိသည်။ တကယ်လို့သာ တခြားနည်းလမ်းမရှိတော့သည့် အခြေအနေမျိုး မဟုတ်ပါက သူသည် ယွင်ရှန်းနှင့် ရန်သူ မဖြစ်လိုပေ။ ပြီးခဲ့သည့် လအနည်းငယ်မှာ သူ့ဘဝတွင် အပျော်ရွှင်ဆုံး ရက်စွဲများ ဖြစ်ခဲ့သည်။ ထိုပျော်ရွှင်မှုများမှာလည်း လူတစ်ဦးကြောင့်သာ ဖြစ်သည်။

ယန်ချန်းလန်သည် ရှောင်ယန်လေး၏ ဖခင်နှင့် တခြားရွာသားအချို့ကို ခေါ်ဆောင်ကာ ရောက်ရှိလာသည်။

“ဆရာကြီး... ကျွန်တော့်သမီးလေးရော... သူမ...”

ရွာသူကြီး၏ မျက်လုံးများမှာမူ နီရဲနေကာ ရှောင်ဟွာ အပါအဝင် တခြားရွာသားများ၏ ကြေကွဲစရာ သတင်းဆိုးကို သူ သိထားသည်။

ရွာသူကြီးခမျာ မနက်ပိုင်းကတင် သူ့သားနှင့် သမီးလေးကို ကိုယ်တိုင်နှုတ်ဆက်၍ လွှတ်လိုက်ခြင်း ဖြစ်သော်လည်း တစ်နေ့တည်းအတွင်းမှာပင် သားဖြစ်သူ သေဆုံးကာ သမီးဖြစ်သူ ဒဏ်ရာအပြင်းအထန် ရရှိသွားသည်ဟူသော အဖြစ်မှန်ကို ဘယ်လိုမှ လက်မခံနိုင်ရှာပေ။ ဇနီးသည်အားလည်း ဤသတင်းကို မပြောရဲသေးသဖြင့် ထိခိုက်ဒဏ်ရာရသည့် တခြားရွာသားအချို့ကိုသာ ခေါ်ဆောင်၍ လိုက်ပါလာခဲ့ခြင်းပင်။

“ရှောင်ယန်လေးရဲ့ ဒဏ်ရာတွေကတော့ သက်သာသွားပါပြီ... ကျိမော့ရဲ့ ကျေးဇူးကြောင့်ပေါ့။ အားလုံး အထဲကို အရင်ဝင်ကြပါဦး။ ဒီဖြစ်စဉ်က တကယ်တော့ ဘာတွေဖြစ်ခဲ့တာလဲ”

ဒေါက်တာဖန်က အားလုံးကို အထဲသို့ ဝင်ခိုင်းပြီး မေးမြန်းလိုက်သည်။

ယန်ချန်းလန်က သူတွေ့ရှိခဲ့သမျှကို ဒေါက်တာဖန်အား ပြန်လည်ပြောပြသည်။ ရွာသားများ အသတ်ခံရသည့်နေရာကို သေချာစွာ ရှာဖွေခဲ့သော်လည်း ညအချိန်ဖြစ်နေသဖြင့် အကန့်အသတ်ရှိခဲ့သည်။ သို့သော် ချုံနွယ်များနှင့် တောအုပ်အတွင်း၌မူ ရှုပ်ထွေးနေသော ခြေရာများနှင့် စွန့်ပစ်ထားသည့် လက်နက်အချို့ကို တွေ့ရှိခဲ့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းမှာ ကောင်းမွန်စွာ လေ့ကျင့်ထားသည့် မုဆိုးစစ်သည်အဖွဲ့ တစ်ခု၏ လက်ချက်ဖြစ်ကြောင်း ထင်ရှားနေသည်။

ကျိုးချူရွာသားများမှာ အေးအေးဆေးဆေး နေထိုင်ကြသူများဖြစ်ပြီး ရွာမှာလည်း ဆင်းရဲလွန်းသဖြင့် သာမန်ဓားပြများပင် လုယက်ရန် စိတ်မဝင်စားကြချေ။ ယခုကဲ့သို့ မုဆိုးများက ရက်ရက်စက်စက် လုပ်ကြံခြင်းမှာ တစ်ဦးတစ်ယောက်၏ ခိုင်းစေမှုကြောင့်သာ ဖြစ်ရပေမည်။

“ဒေါက်တာဖန်... ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခု သိထားတာရှိလား။ ရှန့်အာကလည်း မြို့ထဲမှာမရှိဘူး။ ဆရာကြီးလည်း မရှိဘူး။ အဖြစ်မှန်ကို အမြန်ဆုံး ရှင်းလင်းမှဖြစ်မယ်”

ယန်ချန်းလန်က သူ့ကိုယ်သူလည်း အပြစ်တင်နေမိသည်။ ယွင်ရှန်းက မကြာသေးမီကမှ မှော်ဆေးဖက်ဝင်အပင်စိုက်ခင်းများကို စီမံခန့်ခွဲနေခြင်းဖြစ်ရာ သူကိုယ်တိုင်လည်း သတိထားရန် သတိပေးခဲ့သင့်သည်ဟု တွေးမိသည်။ ယွင်ရှန်း၏ စရိုက်အရ သူမ၏ ပေါ့ဆမှုကြောင့် ရွာသားများ ဒုက္ခရောက်ကုန်သည်ကို သိရှိပါက သူမကိုယ်သူမ အတော်လေး အပြစ်တင်နေမည်မှာ အသေအချာပင်။

ဒေါက်တာဖန်ကမူ ဘာမျှပြန်မပြောသော်လည်း သူ့စိတ်ထဲ၌ အဖြေတစ်ခု ရှိနေပြီးသားပင်။

“ရှန့်အာ ပြန်လာမှပဲ ဒါကို ဆွေးနွေးကြတာပေါ့။ အခုလောလောဆယ်တော့ အုပ်ချုပ်ရေးမှူးယန်အနေနဲ့ မုဆိုးအချို့ကို ရွာထဲမှာရော တောင်ခြေမှာပါ ကင်းစောင့်ဖို့ စီစဉ်ပေးပါ။ ရှောင်ယန်လေးကိုလည်း ခဏလောက် စောင့်ရှောက်ပေးဖို့ အပ်နှံပါရစေ”

ယန်ချန်းလန်လည်း အခြားနည်းလမ်းမရှိသဖြင့် သဘောတူလိုက်ရသည်။ သူက ရှောင်ယန်၏ဖခင်နှင့် ရွာသားများကို မြို့အတွင်း၌ နားခိုရန် စီစဉ်ပေးလိုက်ပြီး ယွင်ရှန်းပြန်လာမည့် ရက်အနည်းငယ်ကို စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။

ယန်ချန်းလန် ထွက်ခွာသွားပြီးနောက် လင်းယောင်အာက ဆေးခန်းတံခါးများကို ပိတ်လိုက်

သည်။ သူမလည်း တော်ဝင်မှော်သင်တန်းကျောင်းသို့ အမြန်ပြန်ရဦးမည်ဖြစ်သည်။ ဒေါက်တာဖန်ကလည်း ရှောင်ယန်လေး၏ အခြေအနေကို တစ်ခေါက်ပြန်လည်စစ်ဆေးပြီး စိတ်ချရပြီဆိုမှ ထွက်လာခဲ့သည်။

ညဉ့်နက်နေသော်လည်း ဒေါက်တာဖန်ကမူ အနားမယူပေ။ သူသည် ဆေးခန်းထဲမှ တစ်ယောက်တည်း ထွက်လာပြီး ယွီကျင်းမြို့၏ တစ်နေရာသို့ ဦးတည်လိုက်သည်။ အချိန်မှာမူ သန်းခေါင်ကျော် သုံးချက်တီးအချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။ လမ်းပေါ်၌ ကင်းစောင့်သမားတို့၏ မောင်းသံကိုသာ ကြားနေရသည်။ နောက်ဆုံးတွင်မူ ဒေါက်တာဖန်သည် ဆေးဧကရာဇ်ခန်းမ၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်။

All Chapters