အခန်း (၃၈၂)
Vol. 38 Ch. 382
အခန်း။ ၃၈၂
ချီဖန်းဖေးသည် အဆင့်မြင့်ဆေးဆရာကြီးဝမ်၏ တပည့်ရင်းတစ်ဦးဖြစ်သည့်အပြင် သူမ၏ အဆိပ်အတတ်မှာလည်း ပြင်းထန်လှသည်။ ထိုအဆိပ်မှာ ထိတွေ့ရုံမျှဖြင့် လူတစ်ကိုယ်လုံးကို ပြည်ပုပ်များအဖြစ် ချက်ချင်း အရည်ပျော်ကျသွားစေနိုင်လောက်အောင် ယုတ်မာလှသည်။
ယောင်ရုံသည် ဆေးဆရာမတစ်ဦးဖြစ်ပြီး ဆေးဘက်ဝင်အပင်မျိုးစုံနှင့် အမြဲမပြတ် ထိတွေ့နေရသူဖြစ်၍ သာမန်လူတို့ထက် အဆိပ်ဒဏ်ခံနိုင်ရည် ရှိနေခြင်းကြောင့်သာ ယခုအချိန်အထိ အံတုကာ တောင့်ခံထားနိုင်ခြင်း ဖြစ်သည်။ သို့သော် အခုတော့ သူမလည်း အဆုံးစွန်သို့ ရောက်ရှိလို့လာသည်။
“ရုံရုံ... ရုံရုံ... ဘာလို့ ဒီလောက်တောင် မိုက်မဲရတာလဲ။ ဘာလို့ ငါ့အတွက် အကာအကွယ်ပေးခဲ့ရတာလဲ။ ဒီနှစ်တွေတစ်လျှောက်လုံး ငါ မင်းကို အထင်လွဲခဲ့မိတယ်”
ဒေါက်တာဖန်သည် နောင်တနှင့် သနားဂရုဏာတို့ ရောပြွမ်းနေသော လေသံဖြင့် ယောင်ရုံကို ပွေ့ပိုက်ရင်း ကြေကွဲစွာ ပြောရှာသည်။
“ဖန်... ကျိ... ဒါ ကျွန်မရဲ့ အမှားပါ။ အရင်ကတည်းက ရှင့်စကားကို နားထောင်ခဲ့သင့်တာ။ ဒါဆိုရင် ကျွန်မတို့ ကလေးလေးလည်း အခုလို...”
ယောင်ရုံ၏ မျက်နှာထက်၌လည်း မျက်ရည်များဖြင့် ဖုံးလွှမ်းသွားရသည်။ ဇနီးမောင်နှံနှစ်ဦးမှာ နှစ်ပေါင်းများစွာက အထင်လွဲမှုများကို နောက်ဆုံးအချိန်၌ ဖြေရှင်းနိုင်ခဲ့ကြသော်လည်း သူတို့ကို စောင့်ကြိုနေသည်မှာမူ ထာဝရခွဲခွာခြင်း ဖြစ်နေပေတော့သည်။
ဒေါက်တာဖန်သည် ဝမ်းနည်းခြင်းများစွာဖြင့် ကျိမော့ဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်ပြီး “မင်း... မင်း ဘယ်သူပဲဖြစ်ဖြစ် မင်း အလင်းမှော်အတတ်ကို သိတယ်မလား။ ငါ့ဇနီးကို မင်း ကယ်နိုင်မှာပါ။ ငါ တောင်းပန်ပါတယ်... သူမကို ကယ်ပေးပါဦး”
ကျိမော့မှာမူ ယောင်ရုံကို စိုက်ကြည့်ရင်း နှုတ်ဆိတ်နေမိသည်။ သူသည် ယောင်ရုံနှင့် အနည်းငယ်သာ ဆုံဖူးခဲ့သည်ဖြစ်ရာ ပင်ကိုယ်ကတည်းက အေးစက်တတ်သူပီပီ တစ်ပါးသူ၏ ခံစားချက်အပေါ် များစွာဂရုမစိုက်တတ်ပေ။ သို့သော် ယောင်ရုံကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ကတည်းက သူမသည် အသက်တိုမည့်လက္ခဏာရှိပြီး သေအံ့ဆဲဆဲ ဖြစ်နေသည်ကို သူ သိရှိနေခဲ့သည်။
သူ၏ ဆရာဖြစ်သူက တစ်ခါက သူ့အား မှာကြားခဲ့ဖူးသည်။
“ဝမ်ရွှီ... မင်းရဲ့ ကောင်းကင်ဘုံအမြင်နဲ့ လူတွေရဲ့ အသက်ရှင်ခြင်း၊ သေဆုံးခြင်းနဲ့ ကံကြမ္မာအဆိုးအကောင်းတွေကို ခွဲခြားမြင်နိုင်တယ်ဆိုတာ မင်းသိပါတယ်။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ ကံကြမ္မာဆိုတာ ကောင်းကင်ဘုံကပဲ သတ်မှတ်တာပါ။ တကယ်လို့ မင်းက ဒါကို ကိုယ်ကျိုးအတွက် ပြောင်းလဲပစ်မယ်ဆိုရင် နောက်ဆုံးမှာ မင်းရဲ့ ကံကြမ္မာကိုပဲ ပြန်ပြီး ထိခိုက်စေလိမ့်မယ်။ ဒီနေ့ မင်းရဲ့ ကံအနည်းငယ် ထိခိုက်သွားတာက အနာဂတ်မှာ ပိုကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရဖို့ လမ်းစပဲ။ ဒါကြောင့် ဘယ်သူ့ရဲ့ ကံကြမ္မာကိုမှ မလိုအပ်ဘဲ မပြောင်းလဲပါနဲ့။ အထူးသဖြင့် မကယ်တင်သင့်တဲ့သူတွေကိုပေါ့”
ကျိမော့၏ စိတ်ထဲ၌ ဆရာဖြစ်သူ၏ စကားသံများက ပဲ့တင်ထပ်နေသည်။ သူသည် ဒေါက်တာဖန်၏ တောင်းပန်တိုးလျှိုးနေသော မျက်လုံးများနှင့် ယောင်ရုံ၏ မှေးမှိန်လာသော အသက်ဓာတ်ကို ကြည့်ရင်း ဝေခွဲမရဖြစ်နေသည်။
ယနေ့ ရှောင်ယန်လေးကို သူကယ်တင်ခဲ့သည်မှာ သူမ၏ မျက်နှာသွင်ပြင်၌ ဘေးဒုက္ခကြုံရမည့် လက္ခဏာရှိသော်လည်း သေကံမရောက်သေးသည်ကို မြင်ခဲ့ရသောကြောင့်ပင်။ သို့သော် ယောင်ရုံမှာမူ မတူညီပေ။ သူမ၏ အကြည့်များက အသက်မဲ့နေပြီး မျက်နှာမှာလည်း ပြာနှမ်းနေခြင်းမှာ သေမင်းက ခေါ်ဆောင်တော့မည့် လက္ခဏာ အထင်အရှားပင်။
ကျိမော့ တုံ့ဆိုင်းနေသည်ကို မြင်သော် ဒေါက်တာဖန်၏ မျက်နှာမှာ ပိုမိုကြေကွဲဝမ်းနည်းစရာ ကောင်းလာတော့သည်။
"စိတ်မကောင်းပါဘူး... ကျွန်တော် သူမကို မကယ်နိုင်ဘူး။ သူမမိထားတဲ့ အဆိပ်က အရမ်းပြင်းထန်လွန်းတယ်။ ပြီးတော့ ကျွန်တော် ဒီနေ့ အလင်းမှော်ကို သုံးထားပြီးသားမို့လို့ ထပ်သုံးဖို့ မဖြစ်နိုင်တော့ဘူး"
ကျိမော့၏ စကားသည် ဒေါက်တာဖန်၏ ခေါင်းကို မိုးကြိုးပစ်ချလိုက်သလိုပင်။ ဒေါက်တာဖန်သည်လည်း မှော်ဆရာတစ်ယောက်ဖြစ်သဖြင့် အလင်းဒြပ်စင်မှော်ဆရာများသည် မှော်
အတတ်တစ်ခုသုံးတိုင်း မှော်အင်အားအမြောက်အမြား ကုန်ဆုံးရသည်ကို သိရှိနားလည်သည်။ တစ်နေ့တည်းတွင် နောက်တစ်ကြိမ် ထပ်မံသုံးစွဲရန်မှာ အလွန်ခက်ခဲလှသည့် ကိစ္စဖြစ်သည်။
"ငါ မင်းကို အပြစ်မတင်ပါဘူး... ဒါတွေအားလုံးက ကံကြမ္မာပဲ။ ရုံရုံ... ဒီဘဝမှာတော့ ငါ မင်းအပေါ် အကြွေးတင်သွားခဲ့ပြီ။ စိတ်ချပါ... နောက်ဘဝကျရင်တော့ ငါ မင်းကို ဘယ်တော့မှ အရှုံးမပေးတော့ဘူး"
ဒေါက်တာဖန်သည် မျက်ရည်များ ဖြိုင်ဖြိုင်ကျရင်း ယောင်ရုံကို ပွေ့ချီကာ ထွက်ခွာရန် ပြင်လိုက်သည်။
"နေဦး..."
ဒေါက်တာဖန်၏ စကားကြောင့် ကျိမော့၏ စိတ်ထဲ၌ တစ်ခုခု လှုပ်ခတ်သွားပြီး မမျှော်လင့်ဘဲ ဂရုဏာစိတ် ပေါ်လာသည်။
"ကျွန်တော် သူမကို မကယ်နိုင်ပေမဲ့... ကယ်နိုင်မယ့်သူ တစ်ယောက်တော့ ရှိနိုင်သေးတယ်"
"ရှန့်အာကလည်း မပြန်လာသေးဘူး ဘယ်သူမှ သူမကို မကယ်နိုင်တော့ပါဘူး"
ဒေါက်တာဖန်က ညည်းတွဲစွာ ပြောသည်။ ယွင်ရှန်းသာ ဤနေရာ၌ရှိလျှင် ယောင်ရုံအတွက် အခွင့်အရေး ရှိကောင်းရှိနိုင်သေးကြောင်း သူ ကောင်းကောင်းသိသည်။
"ဟိုအဆိပ်ကောင်လေးကို သွားရှာကြည့်ပါ။ သူက တခြားအရာတွေမှာ သိပ်မတော်ပေမဲ့ အဆိပ်သုံးတဲ့နေရာမှာဆိုရင် ယွင်ရှန်းထက်တောင် သာရင်သာနေဦးမှာ"
ကျိမော့၏ သတိပေးချက်ကြောင့် ဒေါက်တာဖန်သည် အိပ်မက်မှ နိုးလာသကဲ့သို့ ချီဆိုသော ကောင်လေးရှိသည်ကို သတိရသွားသည်။ အဆိပ်ကောင်လေးဟု လူသိများသည့် ချီသည် အဆိပ်ပိုင်းဆိုင်ရာတွင် တကယ့်ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ ဒေါက်တာဖန်သည် မဆိုင်းမတွဘဲ ယောင်ရုံကို ပွေ့ချီကာ ဝမ်လုံ လောင်းကစားရုံဆီသို့ အပြေးအလွှား သွားတော့သည်။ ဤအချိန်ဆိုလျှင် ချီသည် လောင်းကစားရုံ၌ ရှိနေလောက်သေးသည်။
ပြေးထွက်သွားသော ဒေါက်တာဖန်၏ ကျောပြင်ကို ကြည့်ရင်း ကျိမော့သည် “ဒီသံယောဇဉ်ဆိုတဲ့ အရာရဲ့ အနှစ်သာရက ဘာများလဲ။ ဘာဖြစ်လို့ ဒီအရာက လူတွေကို ဒီလောက်အထိတောင် ပြောင်းလဲသွားစေနိုင်တာလဲ” ဟု ဝေခွဲမရစွာ စဉ်းစားနေမိသည်။
ကျိမော့၏ အကြံပေးချက်မှာ မမှားပေ။ ဒေါက်တာဖန်က ချီကို ရှာတွေ့သွားသောအခါ ချီသည် ယောင်ရုံ၏ ဒဏ်ရာများကို အသေအချာ စစ်ဆေးကြည့်ရှုသည်။
ကျိရှောင်လင်းကို အသုံးပြုပြီး ယောင်ရုံ့ခန္ဓာကိုယ်ထဲမှ အဆိပ်အများစုကို ဖယ်ရှားပေးလိုက်သောအခါတွင်မူ သူမ၏ အသက်အန္တရာယ်မှာ စိုးရိမ်စရာ မရှိတော့ပေ။ ကျန်ရှိနေသည့် အဆိပ်ကြွင်းအကျန်များကိုမူ ဒေါက်တာဖန်ကိုယ်တိုင်ပင် ဖြည်းဖြည်းချင်း သန့်စင်ပေးရင်း ကုသပေးခဲ့သည်။
ခုနစ်ရက်အကြာတွင်မူ ယွင်ရှန်းတစ်ယောက် ယွီကျင်းမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူမနှင့် ကျုံးရန်တို့၏ မှော်ဆေးဖက်ဝင်အပင်စိုက်ခင်းအတွက် သင့်တော်မည့်နေရာ ရှာဖွေသည့် ခရီးစဉ်မှာ အတော်လေး အဆင်ပြေချောမွေ့ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမ စီအန်း ဆေးခန်းသို့ ပြန်ရောက်ချိန်တွင်မူ ကျိုးချူရွာ၏ ကြေကွဲစရာ သတင်းဆိုးနှင့် ဆေးခန်းတွင် ခိုလှုံနေသည့် ယောင်ရုံတို့အကြောင်းက စောင့်ကြိုနေလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့မိပေ။
အဖြစ်အပျက် အစအဆုံးကို သိရှိလိုက်ရသောအခါ ယွင်ရှန်း၏ မျက်နှာမှာ မှောင်မှောင်မှိုင်းမှိုင်း ဖြစ်သွားတော့သည်။ သို့သော် အားလုံး ထင်မှတ်ထားသကဲ့သို့ ဒေါသတကြီးဖြင့် ဆေးဧကရာဇ်ခန်းမသို့ ပြေးသွားပြီး ရှင်းပြချက်တောင်းခံခြင်းမျိုးကိုမူ သူမ မပြုလုပ်ခဲ့ပေ။ ယွင်ရှန်း ကောင်းကောင်း နားလည်ထားသည်မှာ ချီဖန်းဖေးသည် ဤသို့လုပ်ဝံ့သည်ဆိုပါက သူမဘက်မှ အစစအရာရာ ပြင်ဆင်ထားပြီးသား ဖြစ်ရပေမည်။ မည်သည့်မုဆိုးအဖွဲ့ကို ငှားရမ်းခဲ့သည်ဆိုသည်မှာ ရှာဖွေရန် ခက်ခဲသကဲ့သို့ ချီဖန်းဖေး၏ ရက်စက်သော စရိုက်အရ ထိုမုဆိုးအဖွဲ့ကိုလည်း အစဖျောက်ထားပြီးလောက်ပြီ ဖြစ်သည်။ အစိုးရထံ တိုင်တန်းရန်မှာလည်း ပို၍ပင် မဖြစ်နိုင်သေးပေ။
ယောင်ရုံ ထွက်ခွာသွားပြီး မကြာမီမှာပင် ဆေးဧကရာဇ်ခန်းမက သူမ၏ နန်းတွင်းဆေးဆရာမ ဂုဏ်ပုဒ်ကို ရုပ်သိမ်းကြောင်း ကြေညာခဲ့ပြီး ချန်းစီဟိုင်ကို နန်းတွင်းဆေးဆရာအသစ်အဖြစ် ထောက်ခံပေးလိုက်သည်။ ယွီကျင်းမြို့ရှိ ဆေးဧကရာဇ်ခန်းမ၏ အမြစ်မှာ အလွန်နက်ရှိုင်းလွန်းလှပြီး မဟာကျိုးနန်းတွင်းထဲ၌လည်း သူတို့၏လူများ အမြောက်အမြား ရှိနေနိုင်သည်။
"ဒါဆို ဒီအတိုင်းပဲ လွှတ်ထားလိုက်တော့မှာလား။ ကျိုးချူရွာက ကိစ္စကြောင့် ကျွန်မတို့အတွက် ဆေးပင်စိုက်ပေးဖို့ သဘောတူထားတဲ့ တခြားရွာတွေကလည်း အခု လက်ရှောင်ကုန်ကြပြီ"
လင်းယောင်အာက ဒေါသတကြီး ပြောလိုက်သည်။ လပေါင်းများစွာ ကြိုးစားခဲ့ရသည်များနှင့် ရွာသားတို့၏ သွေးကြွေးအတွက် ဆေးဧကရာဇ်ခန်းမကို ကိုယ်တိုင်သွားရောက် တိုက်ခိုက်ချင်စိတ်များ တဖွဖွ ဖြစ်ပေါ်နေခြင်းပင်။
"မဟုတ်ဘူး... အဲဒီလိုမဟုတ်ဘူး။ ငါတို့က လူသိရှင်ကြားကြီးတော့ ဘာမှလုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့ အမှောင်ထဲကနေတော့ လှုပ်ရှားလို့ရတယ်"
ယွင်ရှန်းသည် ပထမဆုံးအဖြစ် ယောင်ရုံထံ သွားရောက်တွေ့ဆုံခဲ့ပြီး ဇနီးမောင်နှံနှစ်ဦး ပြန်လည်သင့်မြတ်သွားသည်ကို သိလိုက်ရသဖြင့် အလွန်ဝမ်းသာသွားသည်။
"ဒေါက်တာဖန်... ဒီတစ်ခေါက်တော့ ရှင့်ကို ကျွန်မတို့ အများကြီး အကြွေးတင်သွားပြီ။ ရှောင်ယန်လေးရဲ့ ဒဏ်ရာတွေကလည်း သိပ်မပြင်းထန်တော့ဘူးဆိုတော့ တော်သေးတာပေါ့။ အခု နန်းတွင်းဆေးဆရာမကြီးပါ ကျွန်မတို့ စီအန်းဘက်ကို ရောက်လာပြီဆိုတော့ ကျွန်မတို့ ဆေးခန်းလေးက ပိုပြီး အင်အားတောင့်တင်းသွားတာပေါ့"
ယွင်ရှန်းက အတူတူရှိနေကြသည့် ဇနီးမောင်နှံနှစ်ဦးကို ကြည့်ကာ စနောက်လိုက်သည်။ ရှောင်ယန်လေး၏ ဒဏ်ရာများမှာ အမာရွတ်ပင် မကျန်တော့လောက်အောင် ပျောက်ကင်းနေသည်ကို မြင်သောအခါ ၎င်းမှာ ဒေါက်တာဖန်၏ လက်ရာဟုသာ သူမက ယူဆလိုက်ခြင်းဖြစ်သည်။ ဒေါက်တာဖန်၏ မျက်ဝန်းများမှာ ခဏတာ တုန်လှုပ်သွားသော်လည်း ကျိမော့၏ အကူအညီပါဝင်မှုကိုတော့ သူ အဆုံးအထိ ထုတ်မပြောခဲ့ပေ။
"ကျေးဇူးတင်ပါတယ် ဒေါက်တာယန်... ကျွန်မလည်း ရှင့်ကို ရှန့်အာလို့ပဲ ခေါ်ပါရစေ။ အရင်က ရှင့်အပေါ် စော်ကားမိတာတွေအတွက် တောင်းပန်ပါတယ်။ အဲဒါတွေကို စိတ်ထဲမထားပါနဲ့နော်"
ယောင်ရုံက ယွင်ရှန်းကို ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။
"ဖန်ကျိ... ကျွန်မ နည်းနည်း ရေငတ်လို့ ရေတစ်ခွက်လောက် သွားခပ်ပေးပါဦးလား"
ယောင်ရုံက ယွင်ရှန်းကို တစ်ချက်ကြည့်လိုက်ပြီး ဒေါက်တာဖန်ကို အပြင်သို့ လွှတ်လိုက်သည်။ ဒေါက်တာဖန် ထွက်သွားသည်နှင့် ယောင်ရုံသည် ကုတင်ပေါ်တွင် မတ်မတ်ထိုင်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်ထဲမှ အဆိပ်အများစုမှာ စင်ကြယ်သွားပြီ ဖြစ်သော်လည်း အနည်းငယ်တော့ အားနည်းနေဆဲပင်။
"ရှန့်အာ... ဒီနေ့ မင်းလာတာက ကျွန်မကို တွေ့ဖို့သက်သက်ပဲတော့ မဟုတ်လောက်ဘူးမလား"
ယောင်ရုံသည် ဒေါက်တာဖန်ထက် ပို၍ ပါးနပ်သူဖြစ်သည်။ ဆေးဧကရာဇ်ခန်းမတွင် တတိယမြောက် အမြင့်ဆုံးရာထူးကို ရယူနိုင်ခဲ့ခြင်းမှာ သူမ၏ ဆေးပညာအပြင် နည်းပရိယာယ်များကလည်း ထူးကဲလှသောကြောင့် ဖြစ်သည်။ ယွင်ရှန်းသည် အရာရာကို ဒီအတိုင်း လွယ်လွယ်နှင့် လက်လျှော့မည့်သူ မဟုတ်ကြောင်း သူမ သိနေသည်။
"မှန်ပါတယ် ဆေးဆရာမကြီး... ရှင်က တကယ့်ကို ထက်မြက်တာပဲ။ ကျွန်မ ဘာကြောင့်လာတယ်ဆိုတာ ရှင် ရိပ်မိမှာပါ။ ဒါပေမဲ့ ရှင်ကရော ကျွန်မကို ကူညီဖို့ ဆန္ဒရှိပါ့မလား"
ယွင်ရှန်းက သာယာစွာ ပြုံးလိုက်သည်။ အသက်အရွယ် ကွာခြားသော အမျိုးသမီးနှစ်ဦးကြားတွင် ထိုအပြုံးဖြင့်ပင် နားလည်မှုတစ်ခု တည်ဆောက်လိုက်ကြသည်။ ထိုနားလည်မှုထဲတွင် တစ်ဦးကိုတစ်ဦး လေးစားအားကျမှုများလည်း ပါဝင်နေသည်။
"မင်းက ဆေးဧကရာဇ်ခန်းမရဲ့ အားနည်းချက်တွေကို ကျွန်မဆီကနေ သိချင်တာမလား"
ယောင်ရုံက ခပ်တိုးတိုး ရယ်မောလိုက်ပြီး "တကယ်တော့ မင်း တုံ့ဆိုင်းနေဖို့ မလိုပါဘူး။ ချီဖန်းဖေးက ကျွန်မကို သတ်ဖို့ ကြိုးစားခဲ့ကတည်းက ကျွန်မက တစ်ကြိမ် သေဆုံးသွားခဲ့ပြီးသားလို့ ပြောလို့ရတယ်"
ယောင်ရုံသည် သူမ၏ ဆရာဖြစ်သူ အဆင့်မြင့်ဆေးဆရာကြီးဝမ်က သူမကို ကယ်တင်ဖို့ ကြားဝင်ခြင်း မရှိခဲ့သည့်အပေါ် စိတ်ပျက်နေမိသည်။ ဆေးဧကရာဇ်ခန်းမသည် သူမ၏ အမှတ်တရထဲက နေရာမျိုး မဟုတ်တော့သည့်အတွက် သူမ ဘာလို့ ညှာတာနေရမှာလဲ။
ယောက်ျားတွေပဲ ရက်စက်တတ်တာ မဟုတ်ပါဘူး။ အမျိုးသမီးတွေသာ ရက်စက်ဖို့ ဆုံးဖြတ်
လိုက်ရင် ယောက်ျားတွေထက်တောင် ပိုပြီး ပြတ်သားတတ်ကြတယ်။
ဒေါက်တာဖန် ပြန်ရောက်လာချိန်တွင်တော့ ယွင်ရှန်းနှင့် ယောင်ရုံတို့မှာ ရင်းနှီးသော သူငယ်ချင်းများကဲ့သို့ ရယ်မော စကားပြောနေကြသည်ကိုသာ တွေ့ရတော့သည်။