အခန်း (၃၈၃)
Vol. 38 Ch. 383
အခန်း။၃၈၃
"ဘာတွေများ ဒီလောက်တောင် သဘောတကျ ပြောနေကြတာလဲ"
ဒေါက်တာဖန်ကလည်း ကြည်နူးပီတိဖြစ်နေသော မျက်နှာဖြင့် အခန်းထဲသို့ ပြန်လည်ဝင်ရောက်လာသည်။
“ဒေါက်တာဖန်... နန်းတွင်းဆေးဆရာမကြီးကို သေချာဂရုစိုက်ပေးလိုက်ပါဦး။ ကျွန်မကို ခွင့်ပြုပါဦးရှင်”
ယွင်ရှန်းက ပြုံးပြုံးလေးနှုတ်ဆက်ကာ ထွက်ခွာသွားသော်လည်း ဒေါက်တာဖန် သတိမထားမိလိုက်သည့်အရာမှာ ယွင်ရှန်း၏ သားရဲဘာသာစကားလက်စွပ်အတွင်းသို့ မြေပုံတစ်ခု ရောက်ရှိသွားခြင်းပင်။ ဤမြေပုံမှာ ယောင်ရုံက ပေးအပ်လိုက်ခြင်းဖြစ်ပြီး မဟာကျိုးပြည်ထောင်စုတစ်ဝန်းရှိ ဆေးဧကရာဇ်ခန်းမ၏ အဓိကဆေးဆိုင်ကြီးပေါင်း ၁၈၀ ၏ တည်နေရာနှင့် အမည်နာမများကို အတိအကျ ဖော်ပြထားသည်။
မြေပုံရရှိသည်နှင့် ယွင်ရှန်းသည် ကျုံးရန်ထံသို့ ချက်ချင်း သွားရောက်တွေ့ဆုံတော့သည်။
“ဘာ... အတောင်ပံပါ လင်းနို့ကြီး အကောင်တစ်ရာကျော်လောက် ထပ်သွင်းချင်တယ် ဟုတ်လား။ ငါ့တပည့်လေး... မင်း သင်ခန်းစာ မရသေးဘူးလား။ ကျိုးချူရွာမှာ ဘာဖြစ်ခဲ့လဲဆိုတာ ပြန်ကြည့်ဦး။ ငါ့အထင်တော့ မင်း ပျံသန်းနိုင်တဲ့ မိစ္ဆာသားရဲကိုပဲ သုံးချင်တယ်ဆိုရင်တောင် ပိုပြီး ကြောက်စရာကောင်းတဲ့ အမျိုးအစားကိုပဲ ရွေးသင့်တယ်”
ကျိုးချူရွာ အဖြစ်အပျက်ကြောင့် ဒေါသထွက်နေသော ကျုံးရန်က ကန့်ကွက်လိုက်သည်။ သူကိုယ်တိုင်ပင် ဆေးဧကရာဇ်ခန်းမကို သွားရောက်ဖျက်ဆီးပစ်ချင်နေမိသည်။
“မဟုတ်ဘူး ဆရာ... ဒီလင်းနို့ကြီးတွေကိုပဲ ဆက်သုံးမှာပါ။ ဘာလို့လဲဆိုတော့ တခြား ကြောက်စရာကောင်းတဲ့ သားရဲတွေကို ရွာသားတွေ ထိန်းနိုင်မှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ဒီတစ်ခါတော့ ဒီလင်းနို့ကြီးတွေကို ပိုကောင်းအောင် ကျွန်မ ပြုပြင်မွမ်းမံဖို့ လိုမယ်”
ယွင်ရှန်း၏ မျက်လုံးများအတွင်း၌ ကောက်ကျစ်သော အလင်းတန်းတစ်ခု ဝင်းလက်သွားသည်။
ကျိုးချူရွာ အဖြစ်အပျက်ပြီးကတည်းက ချီဖန်းဖေးသည် အတော်လေး သတိကြီးစွာ ထားရှိနေထိုင်နေသည်။ ယောင်ရုံမှာ သူမ၏ အဆိပ်ဒဏ်ကြောင့် သေချာပေါက် သေဆုံးမည်ဟု ထင်မှတ်ထားသော်လည်း အသက်ရှင်နေသည့်အပြင် ယန်ချန်းလန်တို့၏ အစောင့်အရှောက်များကြောင့် ထပ်မံလုပ်ကြံရန်မှာလည်း မလွယ်ကူတော့ပေ။ ယောင်ရုံမှာ ဒေါက်တာဖန်နှင့်မတူဘဲ ဆေးဧကရာဇ်ခန်းမ၏ အချက်အချာကျသူဖြစ်ရာ လျှို့ဝှက်ချက်များစွာ သိရှိထားသည်ကို ချီဖန်းဖေး အတော်လေး စိုးရိမ်နေမိခြင်းပင်။
"ချီဖန်းဖေး... နင်က ငါ့ရွာသားတွေကို သွေးမြေကျအောင် လုပ်ခဲ့တယ်ဆိုတော့... နင် တန်ဖိုးအထားဆုံး ဆေးဧကရာဇ်ခန်းမကြီး တစ်စစီ ဖြစ်သွားတာကိုပဲ ထိုင်ကြည့်နေလိုက်တော့"
ယွင်ရှန်းက တိုးညှင်းစွာ ရေရွတ်လိုက်သည်။
သုံးလနီးပါး ကြာမြင့်ခဲ့သော်လည်း စီအန်း ဆေးခန်းဘက်မှ ထူးခြားသော လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။ တစ်ဖက်တွင်လည်း ကျိုးချူရွာသားများသည် ပုံမှန်အတိုင်းပင် လယ်ယာလုပ်ငန်းများကို လုပ်ကိုင်နေကြပြီး အရာအားလုံးက အေးအေးဆေးဆေးပင် ရှိနေပုံရသည်။
အခြားကျေးရွာများမှာမူ စီအန်းအတွက် ဆေးဘက်ဝင်အပင်များ စိုက်ပျိုးပေးရန် မဝံ့ရဲကြတော့ပေ။ ၎င်းမှာ ချီဖန်းဖေး လိုလားသော ခြောက်လှန့်တုန်လှုပ်စေသည့် အကျိုးသက်ရောက်မှုပင်။
ယခုအခါ ကျိုးချူရွာရှိ ဆေးဘက်ဝင်အပင်များမှာ တစ်ဖန်ပြန်လည် ရင့်မှည့်လာပြန်ပြီဖြစ်သည်။ ချီဖန်းဖေးသည် ကျိုးချူရွာ၏ အခြေအနေကို အနီးကပ် စောင့်ကြည့်နေခဲ့ပြီး ရွာသားများမှာ အကြီးအကျယ် ထိုးနှက်ချက် ခံထားရသော်လည်း မိုက်မဲစွာဖြင့် ဆေးပင်များကို ဆက်လက်စိုက်ပျိုးနေဆဲ ဖြစ်ကြောင်း သိလိုက်ရသောအခါ သူမက အေးစက်စွာ လှောင်ပြုံးလိုက်မိသည်။
"ချန်းစီဟိုင်... ပြီးခဲ့တဲ့တစ်ခေါက်က မုဆိုးအဖွဲ့ကိုပဲ ပြန်ရှာလိုက်။ ဒီည သန်းခေါင်ကျော် သုံးချက်တီးအချိန်မှာ ကျိုးချူရွာထဲကို တိတ်တဆိတ် ဝင်ရောက်ကြမယ်"
"ကျိုးချူရွာထဲကို တိတ်တဆိတ် ဝင်ရမယ် ဟုတ်လား ဆေးဆရာမချီ... ဒါက ဘာကို ဆိုလိုတာလဲ"
ယောင်ရုံနှင့် ဖန်ကျိတို့ ပြန်လည်သင့်မြတ်သွားပြီးနောက်တွင် ချန်းစီဟိုင်သည် မနာလိုဝန်တိုစိတ်ဖြင့် ချီဖန်းဖေး၏ ခိုင်းဖတ်အဖြစ် အပြည့်အဝ ခံယူထားသူဖြစ်သည်။
"သင်ခန်းစာ မရသေးတဲ့ အဲဒီရွာသားတွေက အပိုတွေပဲ။ လူတွေကို ခေါ်သွားပြီး ကျိုးချူရွာတစ်ရွာလုံးကို အကုန်သတ်ပစ်လိုက်။ ဆေးစိုက်ခင်းတွေကိုလည်း အကုန်ဖျက်ဆီးပစ်ဖို့ မမေ့နဲ့ဦး။ ပြီးရင်တော့ ဓားပြတွေ ဝင်တိုက်သွားသလိုမျိုး ပုံစံဖျက်လိုက်"
ချီဖန်းဖေးက ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် အမိန့်ပေးလိုက်သည်။
ဤစကားကို ကြားလိုက်ရသောအခါ ချန်းစီဟိုင်မှာ ရွာသား ရာပေါင်းများစွာကို အကုန်သတ်ဖြတ်ရမည်ဟူသော အတွေးဖြင့် ကြက်သီးမွေးညင်းပင် ထသွားမိသည်။ သို့သော် ယောင်ရုံ၏ ဖြစ်ရပ်ကို သင်ခန်းစာယူထားသဖြင့် ချီဖန်းဖေးကို မဆန့်ကျင်ရဲပေ။
ချန်းစီဟိုင်သည် ငွေအမြောက်အမြား အသုံးပြုကာ ယခင်မုဆိုးအဖွဲ့ကိုပင် ထပ်မံငှားရမ်း၍ ကျိုးချူရွာအတွင်းသို့ တိတ်တဆိတ် ချဉ်းကပ်လာခဲ့သည်။ ညအချိန်ရောက်သော် ရွာသားအားလုံး မီးမှိတ်၍ အိပ်မောကျနေချိန်တွင် မုဆိုးစစ်သည် တစ်ရာနီးပါးမှာ ရွာအဝင်သို့ ငြိမ်သက်စွာ ရောက်ရှိလာကြသည်။
တစ်ရွာလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး ရံဖန်ရံခါကြားရသော တောကြောင်အော်သံများမှလွဲ၍ အရာအားလုံးမှာ အေးစက်နေသည်။
"ဒေါက်တာချန်း... ကျွန်တော်တို့ တကယ်ပဲ သူတို့အားလုံးကို သတ်ပစ်ရမှာလား"
မုဆိုးအဖွဲ့ခေါင်းဆောင်ကိုယ်တိုင်ပင် စိတ်မသက်မသာ ဖြစ်လာသည်။ သူတို့သည် သားရဲလိုက်ရှာသည့် မုဆိုးများသာဖြစ်ပြီး လူသတ်သမားများ မဟုတ်ကြပေ။
"အကုန်သတ်ပစ် တစ်ယောက်မှ အရှင်မထားနဲ့။ ဒီလို အမြင်ကျဉ်းတဲ့ ရွာသားတွေက ဆေးဧကရာဇ်ခန်းမကို အကြိမ်ကြိမ် စိန်ခေါ်နေကြတာ။ ဒီတစ်ခါတော့ တခြားသူတွေပါ သင်ခန်းစာရသွားအောင် သူတို့ကို အပြတ်အသတ် နှိမ်နင်းပြရမယ်"
ချန်းစီဟိုင်က လည်ပင်းဖြတ်သည့် အမူအရာဖြင့် အမိန့်ပေးလိုက်သည်။
မုဆိုးစစ်သည်များသည် ရွာ၏ အဝင်အထွက်လမ်းတိုင်းကို ပိတ်ဆို့ကာ စတင်လှုပ်ရှားကြတော့သည်။
"ဒေါက်တာချန်း... တစ်ခုခုတော့ မှားနေပြီထင်တယ်။ ရွာထဲက ဆေးပင်တွေ အကုန်ရင့်မှည့်နေပြီလို့ ပြောခဲ့တာမလား အခု ဆေးစိုက်ခင်းထဲမှာ ဘာမှမရှိတော့ဘူးဗျ"
ဆေးစိုက်ခင်းထဲသို့ ကင်းထောက်ရန် ရောက်သွားသော မုဆိုးအချို့က အော်ပြောလိုက်ကြသည်။
ချီဖန်းဖေးသည် လူသတ်ရုံတင်မက ရွာရှိ ဆေးစိုက်ခင်းများကိုပါ ဖျက်ဆီးရန် အမိန့်ပေးထားခြင်းဖြစ်သည်။ ယနေ့သည် လပြည့်ညဖြစ်၍ လရောင်မှာ အလွန်တောက်ပနေသည်။ လရောင်အောက်တွင် ချန်းစီဟိုင်သည် ဆေးစိုက်ခင်းရှိရာသို့ လှမ်းကြည့်လိုက်သောအခါ ဆေးပင်အားလုံးမှာ ရိတ်သိမ်းပြီးသား ဖြစ်နေသည်ကို အံ့ဩဖွယ် တွေ့လိုက်ရသည်။
တစ်စုံတစ်ယောက်က ညဘက်တွင် ဝင်ရောက်တိုက်ခိုက်မည်ကို ကြိုတင်သိရှိနေသဖြင့် ကြိုတင်ရိတ်သိမ်းထားသည့် ပုံစံမျိုး ဖြစ်နေသည်။ ချန်းစီဟိုင်၏ မျက်ခွံများမှာ ဆတ်ခနဲ တုန်ရင်သွားပြီး အန္တရာယ်ကို အာရုံခံမိလိုက်ကာ အော်ဟစ်လိုက်တော့သည်။
"မဖြစ်နိုင်ဘူး... ဒါ ထောင်ချောက်ပဲဖြစ်ရမယ် အားလုံးပဲ... ရွာသားတွေကို မြန်မြန်သွားဖမ်းကြ..."
ချန်းစီဟိုင် စကားမဆုံးသေးခင်မှာပင် သူ့ခေါင်းပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော အသံတစ်သံကို ကြားလိုက်ရသည်။ မုဆိုးစစ်သည်များလည်း ထိုအသံကြောင့် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။ လပြည့်ဝန်းကြီးသည် ကောင်းကင်ယံတွင် မြင့်မားစွာ သာထွန်းနေသော်လည်း ထိုလမင်းကြီး၏ ဘေးပတ်ပတ်လည်တွင်တော့ မည်းမှောင်နေသော တိမ်တိုက် အုပ်စုကြီးများ ဝန်းရံနေသည်။
ကောင်းကင်ယံမှ အုပ်မိုးလာသော အရာများသည် သာမန်တိမ်တိုက်များမဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းသည့် မိစ္ဆာသားရဲ အုပ်ကြီး ဖြစ်နေတော့သည်။
အရေအတွက် တစ်ရာကျော်ရှိသော အတောင်ပံပါ လင်းနို့ကြီးများသည် ကောင်းကင်ယံတစ်ခုလုံး ပိတ်သိပ်နေအောင် ပျံသန်းလာကြသည်။ ထိုအုပ်စု၏ ရှေ့ဆုံးတွင်မူ နဂါးလက်သည်း လင်းနို့ဘုရင်ကြီး ရှိနေပြီး ၎င်း၏ကျောပေါ်တွင် မှော်လှံတံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည့် လူတစ်ဦးက မတ်မတ်ရပ်နေသည်။
အပေါ်စီးမှ ငုံ့ကြည့်နေသော ကျုံးရန်သည် အောက်ခြေတွင် ကြောင်အမ်းနေကြသည့် ပုရွက်ဆိတ်အလား လူအုပ်စုကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်မိသည်။
“တကယ့်ကိုပဲ... ငါ့သခင်မလေး ခန့်မှန်းတာ ကွက်တိပဲ။ မင်းတို့လို အသုံးမကျတဲ့ကောင်တွေက နောင်တမရနိုင်ကြသေးဘူးပေါ့။ ဒီတစ်ခါ ကျိုးချူရွာကို သွေးပင်လယ် ဝေစေမလို့လား။ ဒီနေ့တော့ ဒီအဖိုးကြီးက မင်းတို့ဆန္ဒကို ဖြည့်ဆည်းပေးပြီး တကယ်ပဲ သွေးချောင်းစီးအောင် လုပ်ပေးလိုက်မယ်”
ကျုံးရန်က လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ကောင်းကင်ယံမှ လင်းနို့အုပ်ကြီးက ချက်ချင်းပင် စစ်ဗျူဟာပုံစံ ပြောင်းလဲလိုက်တော့သည်။
“ဆင့်ခေါ်မှော်ဆရာ တစ်ယောက်လား”
သို့သော် သူက တကယ်ပဲ တိုက်ခိုက်ရေးနှင့် ခုခံရေးတွင် အသုံးမကျလှသည့် လင်းနို့အုပ်စုကိုသုံးပြီး သူတို့ကို ရင်ဆိုင်ရန် ကြိုးစားနေတာလားဟု မုဆိုးစစ်သည်တို့က သက်ပြင်းချလိုက်ကြသည်။ သူတို့သည် အရင်ကလည်း ဤလင်းနို့များနှင့် ရင်ဆိုင်ဖူးပြီးသားပင်။ ယခု အရေအတွက် ပိုမိုများပြားလာသည် ဆိုသော်လည်း သူတို့ဘက်မှ အင်အားကလည်း အရင်ကထက် အဆပေါင်းများစွာ သာလွန်နေသည်ဟု ယူဆထားကြသည်။
“ခေါင်းဆောင်... ဒေါက်တာချန်း... ရွာထဲမှာ လူတစ်ယောက်မှ မရှိတော့ဘူး။ ရွာသားတစ်
ယောက်ရဲ့ အရိပ်အယောင်တောင် မတွေ့ရဘူးဗျ”
ရွာသားများကို ဖမ်းဆီးရန် အိမ်အတွင်း ဝင်သွားသော မုဆိုးတစ်ဦးက အပြေးအလွှား ပြန်လာသတင်းပို့သည်။
“အားလုံးပဲ မထိတ်လန့်ကြနဲ့။ တစ်ဖက်မှာ ဆင့်ခေါ်မှော်ဆရာ တစ်ယောက်ပဲ ရှိတာ။ ဒီလင်းနို့တွေကို ငါတို့ ကိုင်တွယ်နိုင်ပါတယ်။ အားလုံး ကောင်းကင်ပေါ်ကို အတူတူ ပစ်ခတ်ကြစို့”
ချန်းစီဟိုင်သည် ယွင်ရှန်း၏ ထောင်ချောက်အတွင်း ရောက်နေပြီမှန်း သိလိုက်ရသော်လည်း ရွာကို ဖောက်ထွက်၍ ထွက်ပြေးရန်သာ စဉ်းစားနေတော့သည်။
“တစ်ခုခုတော့ မှားနေပြီ ဒေါက်တာချန်း။ ဟိုလင်းနို့တွေရဲ့ ပါးစပ်နဲ့ ခြေထောက်တွေမှာ တစ်ခုခု ပါလာပုံပဲ”
မုဆိုးအဖွဲ့ခေါင်းဆောင်က မျက်စိလျင်သူပီပီ သတိထားမိသွားသည်။ အရင်က လင်းနို့စိမ်းများနှင့်မတူဘဲ ယခုလင်းနို့များ၏ ခြေသည်းများတွင် တစ်စုံတစ်ခုကို မြဲမြဲဆုပ်ကိုင်ထားကြခြင်းဖြစ်သည်။ ရုတ်တရက် လင်းနို့အကောင် တစ်ရာနီးပါးသည် တစ်ပြိုင်နက်တည်း ခြေလွှတ်လိုက်ကြရာ မှော်အရှိန်အဝါများ တောက်ပနေသည့် အရာဝတ္ထုများသည် ကောင်းကင်မှ မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျလာသည်။ ထိုအချိန်မှာပင် ကျုံးရန်သည် လင်းနို့အုပ်ကို ဦးဆောင်ကာ ကောင်းကင်ယံသို့ အမြန်ဆုံး ပြန်လည်ပျံတက်သွားသည်။
“ဝုန်း... ဒိုင်း... ဝုန်း”
ခဏချင်းမှာပင် တစ်ရွာလုံးမှာ မီးတောက်မီးလျှံများနှင့် ပေါက်ကွဲမှုများကြားတွင် နစ်မြုပ်သွားတော့သည်။ ပေါက်ကွဲသံမှာ ဟိန်းထွက်သွားပြီး မီးရောင်ကမူ အနီးနားရှိ တောင်တန်းများကိုပင် ထိန်လင်းသွားစေသည်။ မုဆိုးစစ်သည်များမှာ ဘာဖြစ်မှန်းပင် မသိလိုက်ရဘဲ ပြင်းထန်သော အပူလှိုင်းများနှင့် မှော်ဒြပ်စင် ပေါက်ကွဲမှုများကြားတွင် ပြာအဖြစ် ပြောင်းလဲသွားကြရသည်။
ဤမျှအထိ ပြင်းထန်သော အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေသည်မှာ ယွင်ရှန်း မကြာသေးမီကမှ မှော်ပစ္စည်းကျမ်းစာများကို လေ့လာပြီး ပထမဆုံး ဖန်တီးလိုက်သည့် ဝေဟင်ဗုံးဆိုသော မှော်လက်နက်ကြောင့်ပင်။