အခန်း (၃၈၄)
Vol. 38 Ch. 384
အခန်း။ ၃၈၄
ယခင်တစ်ခေါက်က လင်းနို့စိမ်းများသည် တိုက်ခိုက်နိုင်စွမ်းနှင့် ခုခံနိုင်စွမ်း အားနည်းလွန်းခြင်းကြောင့် အထိနာခဲ့ရသည်။ ၎င်းကို သင်ခန်းစာယူ၍ ယွင်ရှန်းသည် အတောင်ပံပါ လင်းနို့ကြီးများ ပျံသန်းပုံကို သေချာစွာ လေ့လာပြီးနောက် ခေတ်သစ် တိုက်လေယာဉ်များ၏ သဘောတရားကို သတိရသွားတော့သည်။
တကယ်လို့သာ ဖျက်အားပြင်းသည့် လက်နက်များကို ဤလင်းနို့ကြီးများတွင် တပ်ဆင်ပေးနိုင်မည်ဆိုပါက သယ်ယူပို့ဆောင်ရေးတွင်သာမက အန္တရာယ်ကြုံလာရသည့်အခါ ရန်သူအမြောက်အမြားကို တစ်ခဏချင်း အမြစ်ပြတ် ချေမှုန်းနိုင်မည် ဖြစ်သည်။
ယွင်ရှန်းက သူမ၏ စိတ်ကူးကို ကျုံးရန်နှင့် တိုင်ပင်လိုက်သောအခါ ကျုံးရန်က ဆင့်ခေါ်သားရဲများပေါ်တွင် မှော်လက်နက်များ တပ်ဆင်၍ရကြောင်း အကြံပြုခဲ့သည်။
တကယ်တော့ ဖုန်းလိုင်နိုင်ငံရှိ ဆင့်ခေါ်မှော်ဆရာအချို့သည် သူတို့၏ သားရဲများတွင် မှော်လက်နက်များ တပ်ဆင်လေ့ရှိကြသည်။ ဤလက်နက်များသည် ဆင့်ခေါ်မှော်ဆရာ အန္တရာယ်ရှိသည့်အခါ သားရဲများက မမျှော်လင့်ထားသော အခန်းကဏ္ဍမှ ကူညီပေးနိုင်အောင် စွမ်းဆောင်ပေးခြင်းပင်။ ယွင်ရှန်းမှာ ဆင့်ခေါ်မှော်ဆရာ တစ်ယောက်ဖြစ်သော်လည်း ဆင့်ခေါ်မှော်ဆရာ ရှားပါးလှသည့် မဟာကျိုးနိုင်ငံတွင် နေထိုင်သူဖြစ်ရာ ဤကဲ့သို့သော ဗဟုသုတမျိုး အကန့်အသတ် ရှိနေခဲ့ခြင်းပင်။
ဖုန်းလိုင်နိုင်ငံမှ လာသော ကျုံးရန်မှာမူ ယွင်ရှန်းထက် အများကြီး ပိုမိုသိရှိနားလည်သည်။ ဆင့်ခေါ်ဧကရာဇ်က ယွင်ရှန်းကို ဒီအကြောင်းအရာတွေ ဘာလို့ မပြောပြခဲ့တာလဲဆိုသည်မှာ ကျုံးရန်အတွက် အံ့ဩစရာ ဖြစ်နေသော်လည်း သူကမူ အသေးစိတ် ရှင်းပြပေးခဲ့သည်။
ဉာဏ်ရည်ထက်မြက်လှသော ယွင်ရှန်းသည် ချက်ချင်းပင် နားလည်သွားပြီး ရက်အနည်းငယ်ကြာအောင် မှော်လက်နက်ကျမ်းစာများကို ရှာဖွေဖတ်ရှုခဲ့သည်။ နောက်ဆုံးတွင်မူ ဝေဟင်ဗုံးဟု ခေါ်သည့် မှော်ပစ္စည်းတစ်ခုကို ရှာတွေ့သွားတော့သည်။ ၎င်း၏ သဘောတရားမှာ ခေတ်သစ် အချိန်ကိုက်ဗုံးများကဲ့သို့ပင်။ ပြင်းထန်သော လျှပ်စီးမှော်များကို သီးသန့်မှော်ပစ္စည်းများအတွင်း ချိတ်ပိတ်ထားပြီး လိုအပ်သည့်အချိန်တွင် မှော်စက်ကွင်းကို အသက်သွင်းကာ ပေါက်ကွဲစေခြင်းပင်။
ယွင်ရှန်းသည် လျှပ်စီးမှော်ကို အခြေခံအားဖြင့် နားမလည်သော်လည်း သူမ၏ လျှပ်စီးပေါက်ကွဲမှု ဝဲကယက်မှာမူ သာမန်လျှပ်စီးမှော်ထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်လှသည်။
စမ်းသပ်မှုများစွာ ပြုလုပ်ပြီးနောက်တွင် ယွင်ရှန်းသည် ဝေဟင်ဗုံးကို အောင်မြင်စွာ ထုတ်ဖော်နိုင်ခဲ့သည်။ ထို့နောက် ၎င်းကို ကျုံးရန်ထံ လွှဲပြောင်းပေးခဲ့ပြီး ကျုံးရန်ကလည်း အတောင်ပံပါ လင်းနို့ကြီးများကို အသေအချာ လေ့ကျင့်ပေးခဲ့သည်။ ဆေးဘက်ဝင်အပင်များ မရင့်မှည့်မီမှာပင် ဤမှော်လက်နက်များကို လင်းနို့ကြီးများတွင် တပ်ဆင်နိုင်ခဲ့ခြင်းကြောင့် အစောပိုင်းက မြင်တွေ့ခဲ့ရသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာခြင်းပင်။
ဆေးပင်များ ရင့်မှည့်ရန် ရက်အနည်းငယ်အလိုတွင် ကျုံးရန်သည် ကျိုးချူရွာသို့ ရောက်ရှိလာပြီး ရွာသားများကို ဆေးပင်များ ကြိုတင်ရိတ်သိမ်းခိုင်းခဲ့သည်။ ထို့နောက် ထိုညမှာပင် ရွာသားများကို ရွာနောက်ဖေးရှိ လမ်းငယ်လေးမှတစ်ဆင့် တောင်ခြေသို့ တိတ်တဆိတ် ရွှေ့ပြောင်းပေးခဲ့သည်။ ရွာသားများသည် ကလဲ့စားချေနိုင်မည်ဟူသော သတင်းကြောင့် အစွမ်းကုန် ပူးပေါင်းခဲ့ကြသည်။ သူတို့သည် မီးမှိတ်၍ အိပ်ပျော်နေဟန် ဆောင်ခဲ့ကြသော်လည်း လက်တွေ့တွင်မူ ညတွင်းချင်းပင် တောင်အောက်သို့ ဆင်းသွားခဲ့ကြခြင်းပင်။
တောင်ခြေသို့ ရောက်ရှိပြီး မကြာမီမှာပင် ရွာသူကြီးနှင့် ရွာသားများသည် အထက်မှ ဟိန်းထွက်လာသော ပေါက်ကွဲသံကြီးနှင့်အတူ မီးခိုးလုံးကြီးများ ကောင်းကင်သို့ တက်သွားသည်ကို မြင်လိုက်ကြရသည်။ ကျုံးရန်က မုဆိုးစစ်သည်အားလုံးကို သုတ်သင်လိုက်ပြီဆိုသည်ကို သူတို့ နားလည်လိုက်ကြသည်။ အမြဲတမ်း ငြိမ်ကုပ်နေခဲ့ရသော ရွာသားများအဖို့ ထိုအခိုက်အတန့်တွင် အတိုင်းမသိ ကျေနပ်မှုကို ခံစားလိုက်ရသည်။ ရွာသူကြီးနှင့် ဇနီးသည်မှာ တစ်ဦးကိုတစ်ဦး ဖက်ထားရင်း "ရှောင်ဟွာလေး... အခုတော့ မင်း အေးအေးချမ်းချမ်း အနားယူလို့ ရပါပြီ။ နတ်ဆေးဆရာမလေး ယွင်ရှန်းက မင်းနဲ့ အားလုံးအတွက် ကလဲ့စားချေပေးလိုက်ပြီ" ဟု တိုးတိုးလေး ရေရွတ်နေကြရှာသည်။
ထိုမီးတောက်ကြီးများ ကောင်းကင်သို့ ထိုးတက်သွားချိန်မှာပင် အခြားသော စစ်ဆင်ရေးတစ်ခုသည်လည်း တိတ်တဆိတ် စတင်နေပြီဖြစ်သည်။ ကျိုးချူရွာက မီးတောက်သည် တောမီးကဲ့သို့ ပြင်းထန်လှသော်လည်း မဟာကျိုးနယ်မြေတစ်ဝန်းရှိ ဆေးဧကရာဇ်ခန်းမ၏ ဆေးဆိုင်ရာပေါင်းများစွာ ကြုံတွေ့နေရသည့် အခြေအနေမှာမူ မီးပွားလေးမှတစ်ဆင့် လောင်မြိုက်မည့် ဘေးဒုက္ခနှင့် တူနေသည်။
ဆေးဧကရာဇ်ခန်းမသည် တိုက်ကြီးပေါ်တွင် အရှိန်အဝါ အကြီးဆုံး ဆေးခန်းကြီးဖြစ်ရခြင်းမှာ ဆေးပညာရှင်များ ပေါများရုံတင်မကဘဲ သူတို့၏ အသက်သွေးကြောဖြစ်သော ဆေးဘကဝင်အပင်ထောက်ပံ့မှုကြောင့်ပင်။ သူတို့၏ ဆေးဆိုင်များကို နိုင်ငံအသီးသီး၏ အမြေဩဇာ အကောင်းဆုံးနေရာများတွင် တည်ထောင်ထားပြီး ကျွမ်းကျင်ဆေးပင်စိုက် တောင်သူများက စနစ်တကျ စိုက်ပျိုးစီမံပေးနေကြခြင်းပင်။
နှစ်စဉ် ဇွန်လနှင့် ဒီဇင်ဘာလတိုင်းသည် ဆေးဧကရာဇ်ခန်းမ၏ ဆေးဘက်ဝင်အပင်များ ရိတ်သိမ်းချိန် အထွတ်အထိပ်သို့ ရောက်ရှိသော ကာလများဖြစ်သည်။
ထိုညတွင် ဆေးဧကရာဇ်ခန်းမ၏ အကြီးဆုံးသော ဆေးဆိုင်ကြီးမှ ဆေးပင်စိုက်တောင်သူများမှာ အလုပ်ပန်းသဖြင့် စောစီးစွာ အိပ်မောကျနေကြသည်။ ထိုဆေးဆိုင်ကြီးသည် ဆေးဧကရာဇ်ခန်းမ၏ အဖိုးတန်လှသော လိုလန် ဂျင်ဆင်းနီအပြင် အခြားသော ရတနာသဖွယ် အဖိုးထိုက်သည့် ဆေးပင်များကို အဓိက စိုက်ပျိုးရာနေရာ ဖြစ်သည်။
ဇွန်လရိတ်သိမ်းချိန်ရောက်ရန် ရက်သတ္တပတ် နှစ်ပတ်ခန့်သာ လိုတော့သဖြင့် ဆေးပင်များ၏ ကြီးထွားမှုကို ကြည့်ခြင်းအားဖြင့် ယခုနှစ်သည် ဆေးဧကရာဇ်ခန်းမအတွက် ဆေးပင်များ အထွက်နှုန်း အကောင်းဆုံးနှစ်တစ်နှစ် ဖြစ်လာမည်မှာ အသေအချာပင်။
ရိတ်သိမ်းချိန်တိုင်းတွင် ဆေးပင်များကို ခိုးယူရန် ကြိုးပမ်းသူများ ရှိတတ်သဖြင့် ဆေးစိုက်ခင်းများ၏ ပတ်ပတ်လည်တွင် မှော်ဆရာများက အထူး မှော်စောင့်ကြည့်စက်ကွင်းများကို တပ်ဆင်ထားကြသည်။ တစ်စုံတစ်ယောက် သို့မဟုတ် သားရဲတစ်ကောင်ကောင် ဝင်ရောက်လာသည်နှင့် ဤမှော်စက်ကွင်းများက ချက်ချင်း သတိပေးချက် ထုတ်ပြန်မည်ဖြစ်သည်။
ထိုညသည် အလွန်ပင် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
နောက်တစ်နေ့ နံနက်တွင်တော့ ဆေးပင်စိုက်တောင်သူများသည် နှင်းစိုနေသော မြေဆီလွှာကို ပြုပြင်ရန် စောစောစီးစီး ထလာကြသည်။ တောင်သူတစ်ဦးသည် အိပ်ချင်မူးတူးဖြင့် သူ တာဝန်ယူထားရသော လိုလန် ဂျင်ဆင်းနီ စိုက်ခင်းဆီသို့ လျှောက်သွားလိုက်သည်။
သူ စိုက်ခင်းထဲသို့ ကြည့်လိုက်မိချိန်တွင်တော့ ထိတ်လန့်လွန်းသဖြင့် အသက်ရှူပင် မှားသွားကာ မြေပြင်ပေါ်သို့ ဘုန်းခနဲ ထိုင်ကျသွားတော့သည်။
"မဖြစ်နိုင်ဘူး... ဒုက္ခပါပဲ ဆေးစိုက်ခင်းကြီး... စိုက်ခင်းကြီးကို တစ်ယောက်ယောက်က ဖျက်ဆီးသွားပြီ"
ထိုအချိန်မှာပင် ဆေးဧကရာဇ်ခန်းမ၏ ဆေးစိုက်ခင်း ထက်ဝက်ကျော်တွင်လည်း ဤကဲ့သို့သော အဖြစ်အပျက်မျိုး တစ်ပြိုင်နက်တည်း ဖြစ်ပွားနေခဲ့သည်။ စိုက်ခင်းထဲရှိ ဆေးပင်များမှာ ဖရိုဖရဲ ဖြစ်နေပြီး အရွက်များနှင့် အသီးများမှာလည်း တစ်ခုမကျန် ကိုက်ဖြတ်စားသောက်ခြင်း ခံထားရသည်။ မြင်ကွင်းမှာ ကျိုင်းကောင်အုပ်ကြီး ကျရောက်သွားသကဲ့သို့ပင်။
အဆန်းကြယ်ဆုံးအရာမှာ ဆေးစိုက်ခင်းရှိ မှော်စက်ကွင်းများမှာ တစ်ခုမှ ပျက်စီးခြင်း မရှိသလို လူ သို့မဟုတ် သားရဲများ ကျူးကျော်ဝင်ရောက်သည့် အချက်ပေးသံလည်း တစ်ချက်မျှ ထွက်မလာခဲ့ခြင်းပင်။ သို့သော် ဆေးစိုက်ခင်းများမှာတော့ လုံးဝဥဿုံ ပျက်စီးသွားခဲ့သည်။
တစ်ညတာအတွင်းမှာတင် ဆေးဘက်ဝင်အပင်အားလုံးသည် သူတို့၏ ဆေးဖက်ဝင်အာနိသင်များ ဆုံးရှုံးသွားပြီး တန်ဖိုးမရှိသော ပေါင်းပင်များအဖြစ် ပြောင်းလဲသွားခဲ့ရသည်။
ဆေးဧကရာဇ်ခန်းမ အတွင်း၌မူ ချီဖန်းဖေးသည် ကျိုးချူရွာထံမှ သတင်းကို စိုးရိမ်တကြီး စောင့်ဆိုင်းနေဆဲပင်။ ချန်းစီဟိုင် ထွက်ခွာသွားသည်မှာ တစ်ရက်နှင့် တစ်ည ရှိနေပြီဖြစ်ရာ ယခုအချိန်ဆိုလျှင် သူတို့ ပြန်လည်ရောက်ရှိနေသင့်သည်။
“ဆေးဆရာမကြီးချီ...”
ဆေးဧကရာဇ်ခန်းမမှ ဆေးဆရာတစ်ဦးသည် ထိတ်လန့်တုန်လှုပ်နေသော မျက်နှာဖြင့် ပြေးဝင်လာသည်။
“မနက်စောစောစီးစီး ဘာတွေ အော်ဟစ်နေတာလဲ”
ချီဖန်းဖေးက စိတ်မရှည်စွာဖြင့် မေးမြန်းလိုက်သည်။
“ဆေးစိုက်ခင်း... ဆေးစိုက်ခင်းကြီးက...”
ဆေးဆရာမှာ အမောတကော ဖြစ်နေရှာသည်။
“အစီအစဉ်အတိုင်း ဖြစ်သွားပြီလား”
ဆေးစိုက်ခင်းအကြောင်း ကြားလိုက်ရသော် ချီဖန်းဖေး၏ မျက်နှာတွင် ဝမ်းသာရိပ်လေး သန်းသွားသည်။ ယွင်ရှန်းတစ်ယောက် ယွီကျင်းမြို့သို့ ပြန်လည်ရောက်ရှိနေသည်ကို သူမ သိရှိပြီးသား ဖြစ်သည်။ သုံးလခန့် ကြာမြင့်သွားသည်အထိ ထိုကောင်မလေးထံမှ ဘာလှုပ်ရှားမှုမျှ မတွေ့ရသဖြင့် ဆေးဧကရာဇ်ခန်းမကို သူမ မယှဉ်နိုင်မှန်း သိသွားပြီဟု ချီဖန်းဖေးက ထင်မှတ်နေခြင်းဖြစ်သည်။ ယခု ကျိုးချူရွာကို အမြစ်ပြတ်ချေမှုန်းပြီး ယွင်ရှန်းကို လုံးဝ နာလန်မထူနိုင်အောင် လုပ်ဆောင်ရန် သူမ ကြံစည်ထားခြင်းပင်။
“မရှိတော့ဘူး... အကုန်မရှိတော့ဘူး ကျွန်တော်တို့ရဲ့ ပြည်တွင်းပြည်ပမှာရှိတဲ့ အဓိကဆေးဆိုင်ကြီးတွေက အဖိုးတန်ဆေးပင်တွေနဲ့ ရိတ်သိမ်းခါနီး ဆေးပင်တွေ အားလုံး တစ်ညတည်းနဲ့ ပျက်စီးကုန်ပြီ”
ထိုဆေးဆရာမှာ ငိုတော့မည့်အတိုင်းပင်။ ဆေးဧကရာဇ်ခန်းမ စတင်တည်ထောင်ကတည်းက ဤမျှအထိ ကြီးမားသော ဆုံးရှုံးမှုမျိုး တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။
“ဆေးဆိုင်တွေက”
ချီဖန်းဖေးမှာ ကြောင်အမ်းသွားရသည်။ သူမသည် သတင်းလာပို့သော ဆေးဆရာကို ဆွဲလှည့်ကာ “မင်း ဘယ်နှစ်ဆိုင်လို့ ပြောလိုက်တာလဲ”
တကယ်လို့ ဆေးဆိုင်တစ်ဆိုင်တည်းတွင် ဖြစ်ပွားခြင်းဆိုလျှင် တစ်မျိုးတစ်ဖုံ ရှင်းပြ၍ ရနိုင်ပါသေးသည်။ သို့သော် တိုက်ကြီးတစ်ခုလုံးရှိ ဆေးဆိုင်ပေါင်း ဒါဇင်နှင့်ချီ၍ တစ်ညတည်းနှင့် အကုန်ဖျက်ဆီးခံလိုက်ရသည်ဆိုခြင်းမှာ...
မုဆိုးစစ်သည်များကို ငှားရမ်းလျှင်ပင် ဤမျှတိုတောင်းသော အချိန်အတွင်း ဤမျှများပြားသည့် ဆေးဆိုင်များကို ဖျက်ဆီးရန်မှာ မဖြစ်နိုင်ပေ။
ဆေးပင်အားလုံး ပျက်စီးသွားသော်လည်း မည်သူဝင်ရောက်ဖျက်ဆီးသွားတာလဲဆိုသည့် ခြေရာလက်ရာကိုမူ လုံးဝ ရှာမတွေ့ခဲ့ပေ။ ဤအရာများသည် ဆေးဧကရာဇ်ခန်းမ၏ နောက်ထပ် ခြောက်လစာအတွက် အဓိက ဆေးပင်အရင်းအမြစ်များ ဖြစ်နေခြင်းက ပို၍ဆိုးဝါးလှသည်။
“ဒါကို ဘယ်သူလုပ်တာလဲ ဘယ်သူလဲလို့ ခြေရာလက်ရာ လုံးဝကို မကျန်ခဲ့ဘူးလား”
ချီဖန်းဖေး၏ စိတ်ထဲတွင် ပထမဆုံး ပေါ်လာသောအရာမှာ စီအန်းပင်။