အခန်း (၃၈၅)
Vol. 38 Ch. 385
အခန်း။ ၃၈၅
"ဆေးဆရာမကြီးချီ အခြေအနေတွေ အတော်လေး ဆိုးကုန်ပါပြီ"
နောက်ထပ် အရေးပေါ်သတင်းတစ်ခု အော်ဟစ်ကာ ရောက်ရှိလာပြန်သည်။
နန်းတွင်းဆေးဆရာတစ်ဦးသည် တစ်ကိုယ်လုံးနီးပါး မည်းတူးအောင် မီးလောင်ကျွမ်းထားသည့် လူတစ်ယောက်ကို တွဲကူရင်း အခန်းထဲသို့ ယိုင်တိယိုင်တိုင် ဝင်လာသည်။ ထိုမီးလောင်ထားသူမှာ ရုပ်ပင် မှတ်မရတော့သော်လည်း သေချာကြည့်လိုက်သောအခါ ချန်းစီဟိုင် ဖြစ်နေသည်။
"အားလုံး... အားလုံး သေကုန်ပြီ..."
ချန်းစီဟိုင်သည် ထိုစကားကို ပြောပြီးသည်နှင့် ရှေ့သို့ မှောက်ခုံလဲကျသွားကာ အသက်ပျောက်သွားတော့သည်။ မီးလောင်နံ့များနှင့် ထိတ်လန့်ဖွယ်ရာ ရုပ်အလောင်းမှာ ချီဖန်းဖေး၏ ရှေ့မှောက်တွင်ပင် ထင်ထင်ရှားရှား ရှိနေတော့သည်။
ချီဖန်းဖေးသည် တစ်စုံတစ်ယောက်က သူမ၏ နှလုံးသားကို ဆုပ်ညှစ်ထားသကဲ့သို့ ခံစားလိုက်ရကာ အသက်ရှူပင် ကျပ်လာသည်။
"သူ့ကို ဘယ်သူ လာပို့တာလဲ"
ချီဖန်းဖေးက သွားကို ကြိတ်ကာ မေးလိုက်သည်။
"ပျံသန်းနိုင်တဲ့ မှော်သားရဲတစ်ကောင်က ကျွန်တော်တို့ ယွီကျင်းမြို့ ဆေးဧကရာဇ်ခန်းမ အဝင်ဝမှာ လာချပေးသွားတာပါ။ အဲဒီသားရဲပေါ်မှာ ထိုင်နေတဲ့လူက ဆေးဆရာမကြီးချီကို စကားတစ်ခွန်း ပါးလိုက်ပါတယ်... ဒီသုံးလအတွက် ကျေးဇူးတင်ပါတယ်တဲ့"
ထိုသတင်းစကား၏ နောက်ကွယ်က အဓိပ္ပာယ်ကို သတင်းပို့သူက နားမလည်သော်လည်း ချီဖန်းဖေး၏ မျက်လုံးများမှာတော့ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားတော့သည်။
သုံးလ... သုံးလအတွင်းမှာ ဘာတွေ ဖြစ်ခဲ့တာလဲ။
သုံးလဆိုသည်မှာ အချိန်ကြာမြင့်လှသည် မဟုတ်သော်လည်း ဆေးဘက်ဝင်အပင် အချို့၏ ကြီးထွားနှုန်းနှင့် ကွက်တိပင်။ ထိုအချိန်အတွင်းမှာပင် ယွင်ရှန်းသည် အတောင်ပံပါ လင်းနို့ကြီး များ၏ စွမ်းအားကို မြှင့်တင်ရန် နည်းလမ်းကို ရှာဖွေနိုင်ခဲ့ရုံတင်မကဘဲ ပုရွက်ဆိတ်စစ်သည်များနှင့် ၎င်းတို့၏ မျိုးဆက်များကိုပါ စီမံခန့်ခွဲနိုင်ခဲ့ခြင်း ဖြစ်သည်။
ဤတိုက်ကြီးပေါ်တွင် အရေအတွက် အများဆုံးရှိသော မိစ္ဆာသားရဲမှာ ကြွက်များ မဟုတ်သလို ငှက်များလည်း မဟုတ်ပေ။ ၎င်းတို့မှာ ပုရွက်ဆိတ်မိစ္ဆာများသာ ဖြစ်ကြသည်။
သုံးလဆိုသည့် အချိန်ကာလသည် ပုရွက်ဆိတ်ကောင်ရေ ထောင်သောင်းချီကို ဝူကျိတိုက်ကြီး၏ တစ်ဝက်ကျော်အထိ ပျံ့နှံ့သွားစေရန် လုံလောက်သော အချိန်ဖြစ်သည်။ ပုရွက်ဆိတ်စစ်သည်များအတွက်မူ ဆေးဆိုင် ဒါဇင်ဝက်မက ရာနှင့်ချီသော ဆေးစိုက်ခင်းများကို ဖျက်ဆီးရန်မှာ ခဲရာခဲဆစ် မဟုတ်ပေ။ သာမန်မုဆိုးစစ်သည်များ မလုပ်ဆောင်နိုင်သော အရာကို ဤသေးငယ်သော သတ္တဝါလေးများက အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြသည်။
မြေပြင်ပေါ်တွင် အသက်မဲ့နေသော ချန်းစီဟိုင်၏ ရုပ်အလောင်းနှင့် ထိတ်လန့်နေသော ဆေးဆရာကို ကြည့်ရင်း ချီဖန်းဖေးမှာ ခေါင်းတရိပ်ရိပ် မူးလာကာ အတော်ကြာမှ စကားတစ်
ခွန်းကို ခက်ခဲစွာ ပြောလိုက်နိုင်သည်။
"သွား... အဆင့်မြင့်ဆေးဆရာကြီးဝမ်ကို သွားခေါ်ချေ"
ယွီကျင်းမြို့ ဆေးဧကရာဇ်ခန်းမသည် မကြုံစဖူးသော အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် စီအန်း ဆေးခန်း၌မူ ပထမဆုံးအကြိမ် ရိတ်သိမ်းရရှိသော ဆေးဘက်ဝင်အပင်များကြောင့် ပျော်ရွှင်စရာ အခိုက်အတန့် ဖြစ်နေသည်။
လင်းယောင်အာနှင့် ကျိမော့တို့မှာ တစ်နေကုန် ပင်လယ်သစ်ဆီးသီးများကို ဆေးကြောသန့်စင်ရင်း အလုပ်ရှုပ်နေကြသည်။
"ဒီပင်လယ်သစ်ဆီးသီးတွေရဲ့ အရည်အသွေးက ထိပ်တန်းပဲ။ ဆယ်ရာခိုင်နှုန်းလောက်က အဆင့်မြင့်ဆေးဖက်ဝင်အပင် အဆင့်အထိ ရောက်နေတယ်။ မှော်ပညာသုံးပြီး ဆေးပင်စိုက်တာက တကယ်ပဲ ထိရောက်တဲ့နည်းလမ်းပဲ"
ကျိမော့က သက်ပြင်းချရင်း ယွင်ရှန်းကို ခိုးကြည့်လိုက်သည်။
ပင်ပန်းနေကြသော လင်းယောင်အာနှင့် ကျိမော့တို့နှင့်မတူဘဲ ယွင်ရှန်းကမူ ဆေးခန်းအတွင်းတွင် အေးအေးလူလူ ထိုင်နေသည်။ သူမသည် ယောင်ရုံကိုယ်တိုင် ပြင်ဆင်ပေးထားသော အေးမြသည့် ဇီးချိုချဉ်ရည်ကို သောက်ရင်း ဘေးတွင် ထိုင်နေသည့် ဒဏ်ရာပျောက်ကင်းသွားပြီဖြစ်သော ရှောင်ယန်လေးကို ကြည့်ကာ ကျေနပ်နေပုံပင်။
ရှောင်ဟွာလေး သေဆုံးသွားခဲ့သည့်အတွက် ယွင်ရှန်းသည် ရှောင်ယန်နှင့် ရွာသူကြီးမိသားစုအပေါ် အကြွေးတင်နေသည်ဟု ခံစားရပြီး သူမနှင့် အဆင်ပြေအောင် အမြဲဂရုစိုက်ပေးသည်။ ထို့ပြင် ရှောင်ယန်လေးတွင် ဆင့်ခေါ်မှော်ဆရာဖြစ်နိုင်သည့် ပါရမီပါသည်ကိုလည်း ယွင်ရှန်းက လျှို့ဝှက်စွာ ရှာဖွေတွေ့ရှိထားသည်။
ကျိမော့မှာမူ ယွင်ရှန်းကို ကြည့်ရင်း ပို၍ သိချင်စိတ်ပြင်းပြလာသည်။ ဤကာလအတွင်း ယွင်ရှန်းသည် ပုံမှန်ထက် ပို၍ တည်ငြိမ်နေခဲ့သဖြင့် သူမ ဘာတွေးနေသည်ကို သူ ခန့်မှန်းရခက်နေခြင်းဖြစ်သည်။
စီအန်းနဲ့ ဆေးဧကရာဇ်ခန်းမ ကြားက နာကျည်းချက်တွေက ဒီလောက်နဲ့ပဲ ပြီးသွားပြီလား။
ထိုစဉ်မှာပင် ကျုံးရန် ပြန်ရောက်လာသည်။
"သခင်မလေး... အရာအားလုံး အဆင်ပြေသွားပြီ။ မီးလောင်ထားတဲ့ ချန်းစီဟိုင်ရဲ့ အလောင်းကို ဆေးဧကရာဇ်ခန်းမ အရှေ့မှာ လာချပေးခဲ့ပြီးပြီ။ ဟားဟား... အဲဒီကောင်တွေ မျက်နှာပျက်သွားတာကို မင်းတို့ မြင်စေချင်လိုက်တာ"
ကျုံးရန်က အားရပါးရ အော်ဟစ်ကာ ပြောလိုက်သည်။
ဆင့်ခေါ်မှော်ဆရာတစ်ဦးအနေဖြင့် သူ၏ဘဝတွင် ယခုကဲ့သို့ ရန်သူကို ကောင်းကောင်းကြီး ပညာပေးနိုင်ခဲ့သည့် တိုက်ပွဲမျိုးမှာ ပထမဆုံးအကြိမ်ပင်။
ဗီလိန်များကို မီးဟုန်းဟုန်းတောက်နေသော မီးတောက်များအတွင်း ပြာဖြစ်အောင် အဆုံးစီရင်ခဲ့ရခြင်းမှာ ကျုံးရန်အတွက်မူ တစ်ကိုယ်လုံး လန်းဆန်းသွားစေသည့် ခံစားချက်ပင်။
ဤသတင်းကို ကြားသိလိုက်ရချိန်တွင် ချီဖန်းဖေး၏ နာကျည်းစက်ဆုပ်ဖွယ်ကောင်းသော မျက်နှာထားကို မမြင်တွေ့လိုက်ရခြင်းမှာမူ အတော်လေး နှမြောဖို့ကောင်းလှသည်။ ကျုံးရန်အတွက်မူ ယခုကဲ့သို့သော ကိစ္စရပ်များကို လုပ်ဆောင်ခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ အရင်ကလည်း ကျိုးပြည်ထောင်စု၏ အိမ်ရှေ့မင်းသားကို ဒုက္ခိတဖြစ်အောင် လုပ်ဆောင်ခဲ့ဖူးသလို ယခုလည်း ချန်းစီဟိုင်ကို အပြတ်ရှင်းလင်းခဲ့ပြီးပြီ ဖြစ်သည်။ ဤသို့ ကလဲ့စားချေနိုင်သည့် ခံစားချက်မှာ ဇီးချိုချဉ်ရည် သောက်ရသည်ထက်ပင် ပိုမိုစိတ်ကျေနပ်ဖို့ ကောင်းနေသေးသည်။
"ရွာသားတွေကိုရော အခြေချပေးပြီးပြီလား"
ယွင်ရှန်းက ဇီးချိုချဉ်ရည်ကို တစ်ငုံချင်း အရသာခံသောက်ရင်း မေးမြန်းလိုက်သည်။ ဇွန်လ၏ ပူအိုက်လှသော ရာသီဥတုတွင် ယခုကဲ့သို့ အအေးသောက်ရခြင်းမှာ ဘဝ၏ အကြီးမားဆုံး ပျော်ရွှင်မှုတစ်ခုပင်။
"အကုန် အဆင်ပြေပါတယ်။ ရွာကို တောင်ခြေက မြေဆီလွှာကောင်းပြီး ရေပေါများတဲ့ နေရာသစ်တစ်ခုကို ရွှေ့ပေးလိုက်ပြီ"
ကျုံးရန်က ပြောပြောဆိုဆိုဖြင့် အအေးပန်းကန်ကို ဆွဲယူကာ အားရပါးရ သောက်လိုက်သည်။
ဘေးမှ လင်းယောင်အာနှင့် ကျိမော့တို့မှာမူ ကြောင်အမ်းအမ်းဖြင့် ကြည့်နေကြဆဲပင်။
သူတို့နှစ်ဦး မည်သည့်အစီအစဉ်များ ချမှတ်၍ ဘာတွေလုပ်ဆောင်ခဲ့ကြသည်ကို လုံးဝ နားမလည်နိုင်ကြသေးပေ။ ကျုံးရန်ကိုယ်တိုင်လည်း သူ့သခင်မလေး၏ အစီအစဉ်အပေါ် အံ့ဩလေးစားနေမိပြီး စပ်စုချင်စိတ်ကို မအောင့်နိုင်တော့ချေ။
"သခင်လေး... ကျွန်တော် တကယ် သိချင်လို့ပါ။ ရွာကို ဗုံးခွဲလိုက်တာအပြင် တခြား ဘာတွေများ လုပ်ခဲ့သေးတာလဲ"
ကျုံးရန်သည် ချန်းစီဟိုင်၏ အလောင်းကို သွားရောက်ချပေးစဉ်က ဆေးဧကရာဇ်ခန်းမမှ လူများ၏ မျက်နှာပျက်နေပုံကို သတိထားမိခဲ့ခြင်းဖြစ်သည်။ သူတို့နှင့် မသက်ဆိုင်သော မုဆိုးအဖွဲ့တစ်ခု အသတ်ခံရရုံမျှဖြင့်မူ ဤမျှအထိ ရုပ်ပျက်ဆင်းပျက် တုန်လှုပ်နေကြမည် မဟုတ်ပေ။ သေချာပေါက် ယွင်ရှန်း တစ်ခုခု လုပ်ဆောင်ထားခြင်း ဖြစ်ရပေမည်။
ကျိုးချူရွာ ဗုံးခွဲခံရသည့် သတင်းကို ကြားလိုက်ရချိန်တွင် ကျိမော့ကမူ မျက်ခုံးတစ်ချက် ပင့်သွားသည်။
"အဖြေက မကြာခင် ရောက်လာတော့မှာပါ"
ယွင်ရှန်းက အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး "ဟော... လာကြပြီပဲ"
သူမ၏ နှုတ်ခမ်းထက်မှ အပြုံးမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး တည်ငြိမ်အေးစက်သော မျက်နှာထား ဖြစ်သွားသည်။ ဆေးခန်းအပြင်ဘက်တွင်မူ လူအချို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာသည်။
ဒေါသတကြီးဖြစ်နေသော ချီဖန်းဖေးနှင့်အတူ ဆေးဧကရာဇ်ခန်းမမှ အရေးပါသော ဆေးဆရာအချို့ ရောက်ရှိလာကြသည်။ သူတို့၏ ရှေ့ဆုံးတွင်မူ ဆံပင်ဖြူဖွေးသော်လည်း နုပျိုသော မျက်နှာပိုင်ရှင် အဆင့်မြင့်ဆေးဆရာကြီးဝမ်ကိုယ်တိုင် ပါလာခဲ့သည်။
ဆရာကြီးဝမ်ကိုယ်တိုင် ကြွရောက်လာခြင်းပင်။
ယောင်ရုံနှင့် ဒေါက်တာဖန်တို့လည်း အပြင်သို့ ထွက်လာကြသည်။ လင်းယောင်အာက ဆေးခန်းတံခါးကို အမြန်ပိတ်လိုက်ရသည်အထိ လူအုပ်ကြီးမှာ ဆေးခန်းအသေးလေးအတွင်း တိုးဝှေ့နေတော့သည်။
"ဆရာ..."
ယောင်ရုံက ရှက်ရွံ့အားနာသော မျက်နှာဖြင့် ခေါ်လိုက်မိသည်။ ဆရာကြီးဝမ်နှင့် သူမကြားတွင် နက်ရှိုင်းသော သံယောဇဉ်ရှိခဲ့သော်လည်း ယခုကဲ့သို့သော အခြေအနေမျိုးဖြင့် ပြန်လည်ဆုံစည်းရလိမ့်မည်ဟု သူမ အိမ်မက်ပင် မမက်ခဲ့ဖူးပေ။
ဆရာကြီးဝမ်သည် စီအန်းဆေးခန်းအတွင်းကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ ၎င်းမှာ အလတ်စား ဆေးခန်းလေးတစ်ခုသာ ဖြစ်သော်လည်း အစစအရာရာ စနစ်တကျ စီမံထားသည်ကို တွေ့ရသည်။ ဆေးဗီဒိုများ၊ ဆေးဘက်ဝင်အပင်များနှင့် ဆေးကျမ်းများမှာ သေသပ်စွာ ရှိနေသည်။ ရှေးဟောင်းဆေးပညာနှင့် မှော်ဆေးရည်နှစ်မျိုးလုံး ကုသပေးသည့် ဆေးခန်းဖြစ်၍ ထောင့်တစ်နေရာတွင် အရောင်အသွေးစုံလင်သော မှော်ဆေးပညာဆိုင်ရာ ပြကွက်များကိုလည်း တွေ့ရသည်။
စီအန်း၏ အပြင်အဆင်မှာ ဆေးဧကရာဇ်ခန်းမ ကဲ့သို့ ခန့်ညားထည်ဝါမှု မရှိသော်လည်း ပို၍ နွေးထွေးသော အိမ်ဂေဟာတစ်ခုကဲ့သို့ ခံစားချက်ကို ပေးစွမ်းနိုင်သည်။ ဤအပြင်အဆင်မှာ ယွင်ရှန်းက သူမ၏ အရင်ဘဝက ဘိုးဘွားပိုင် ဆေးခန်းလေးကို အခြေခံ၍ ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်ကို သူတို့ မသိကြပေ။ လူနာများကို ကိုယ့်အိမ်ကို ပြန်ရောက်သွားသကဲ့သို့ ခံစားရစေရန်ဟူသော သူမ၏ အဖိုးဖြစ်သူ၏ မူဝါဒကို ယွင်ရှန်းက ကောင်းစွာ ဆက်ခံခဲ့ခြင်း ဖြစ်သည်။
ဆရာကြီးဝမ် ဆေးခန်းထဲသို့ ဝင်လာချိန်တွင် မပြန်သေးသော လူနာများ၏ မျက်နှာကို ကြည့်
လိုက်သောအခါ သူတို့အားလုံးမှာ စိတ်အေးလက်အေး ရှိနေကြပြီး စီအန်းမှ ဆေးဆရာများကို အပြည့်အဝ ယုံကြည်ကိုးစားနေကြသည်ကို တွေ့ရသည်။
ဘဝ၏ အနိမ့်အမြင့်၊ အတက်အကျ အစုံစုံကို ကြုံတွေ့ခဲ့ဖူးသော ဆရာကြီးဝမ်သည် နာမည်ကျော်ကြားမှုနှင့် အကျိုးအမြတ်များကို ဂရုမစိုက်တော့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် နှစ်ပေါင်းငါးဆယ်ကြာ တည်ငြိမ်ခဲ့သော ဆေးဧကရာဇ်ခန်းမ၏ အရှိန်အဝါသည် အချိန်အနည်းငယ်အတွင်းမှာပင် ဤဆေးခန်းအသေးလေးကြောင့် ပို၍တိကျစွာ ပြောရလျှင် ရှေးဟောင်းဆေးပညာနှင့် မှော်ပညာကို ပေါင်းစပ်ထားသော ရှေ့တွင်ရှိသည့် ကောင်မလေးကြောင့် တုန်လှုပ်သွားလိမ့်မည်ဟု သူ မထင်မှတ်ခဲ့မိပေ။
သူ၏ ချစ်လှစွာသော တပည့်များဖြစ်သည့် ယောင်ရုံနှင့် ဖန်ကျိတို့က သူ့ကို စွန့်ခွါသွားကြကာ တပည့်ဖြစ်သူ ချန်းစီဟိုင်လည်း သေဆုံးသွားခဲ့သည်။
အားလုံးထက် ပို၍ အရေးကြီးသည်မှာ လူအင်အား ဆုံးရှုံးရရုံတင်မကဘဲ ဆေးဧကရာဇ်ခန်းမ ၏ အုတ်မြစ်ကြီးပါ ပြင်းထန်စွာ ထိခိုက်သွားခြင်းပင်။
နေရာအနှံ့အပြားရှိ ဆေးစိုက်ခင်းများမှ ဆုံးရှုံးမှုသတင်းများမှာ ဆက်တိုက်ဆိုသလို ရောက်ရှိနေပြီး အခြေအနေမှာ သူထင်ထားသည်ထက် ပို၍ ဆိုးရွားလှသည်။ အဖိုးတန်ဆေးပင် ၉၀ ရာခိုင်နှုန်းကျော် ပျက်စီးသွားပြီး သန့်ရှင်းသော ဆေးပင် ၈၀ ရာခိုင်နှုန်းကျော်မှာလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ဒီတစ်ကြိမ်တွင် ဆေးဧကရာဇ်ခန်းမသည် ခြောက်လစာ ဆေးပင်ထောက်ပံ့မှု အားလုံးကို ဆုံးရှုံးလိုက်ရခြင်းပင်။