အခန်း (၅၃၁-၅၃၂)
Vol. 39 Ch. 531-532
အပိုင်း(၅၃၁)
ချလွင်...
ရုတ်တရက်... ကြည်လင်သည့် အသံနှင့်အတူ သတ္တုရိုင်းတစ်တုံး ထွက်ပေါ်လာရာ ရက်ဒ်၏ မျက်ရည်များမှာ နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။ သို့သော် ထိုအသံမှာ အလွန်ပင် ကြည်လင်လွန်းလှသည်။ ပုံမှန်အားဖြင့် သတ္တုရိုင်းတစ်တုံး ရရှိရန်မှာ စံချိန်စံညွှန်းမီအောင် ပုံဖော်ဖို့အတွက် အတော်လေး ပွတ်တိုက်ရလေ့ရှိသည်။ သို့သော် ဤကျောက်တုံးမှာမူ ပွတ်တိုက်ပြီးသား ဖြစ်နေသကဲ့သို့ပင်။
လင်းကျဲ မျက်မှောင်ကြုတ်လိုက်စဉ်မှာပင် သူရော ရက်ဒ်ပါ မိစ္ဆာတစ်ကောင်ထံမှ ထွက်ပေါ်လာသကဲ့သို့ ခြောက်ကပ်ကပ် အသံကြီးကို ကြားလိုက်ရသည်။
“ငါ့ရဲ့ သတ္တုရိုင်းတွေကို လာမခိုးနဲ့...”
ရက်ဒ်သည် သူမ တူးလိုက်သော သတ္တုရိုင်းကို ကြောက်လန့်တကြား ဆုပ်ကိုင်ထားမိသည်။ ပတ်ဝန်းကျင်မှာ မှောင်အတိ ကျနေပြီး၊ ရက်ဒ်တွင် အားကောင်းသော ညကြည့်စွမ်းရည်ရှိလျှင်ပင် ဤနေရာ၌ အလင်းရောင် လုံးဝမရှိသဖြင့် သူမ မြင်နေရသည်မှာ အရောင်အဆင်းမရှိသော ဝေဝေဝါးဝါး မြင်ကွင်းသာ ဖြစ်သည်။
ဂျုံး ဂျုံး...
ရုတ်တရက်ဆိုသလို သူတို့ ခြေထောက်အောက်ရှိ ကျောက်လွှာကြီးမှာ လှုပ်ရှားလာသည်။
ရှုပ်ထွေးလှသော အောက်ပိုင်းခရိုင်သား၏ မျက်နှာတစ်ခု ပေါ်ထွက်လာသည်၊ ပို၍ တိတိကျကျ ပြောရလျှင် မျက်နှာတစ်ခုတည်း မဟုတ်ဘဲ ရင်ချင်းဆက် အမွှာများကဲ့သို့ မျက်နှာများစွာ ပါရှိနေခြင်းပင်။
ရက်ဒ်မှာ နောက်သို့ ပြုတ်လျက် ကျသွားရပြီး လေးထပ်မြောက်မှာ လူသူကင်းမဲ့နေခြင်း မဟုတ်ဘဲ၊ နေရာအနှံ့မှာ ရှိနေကြခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ သို့သော် သူတို့မှာ သွေး၊ အသားနှင့် ရွှံ့နွံများ ရောနှောနေသော ဒြပ်သားကြီးတစ်ခုအဖြစ် စုပေါင်းနေကြခြင်းပင်။
သူတို့ သို့မဟုတ် ‘၎င်း’ မှာ အခြားသော သက်ရှိတစ်မျိုး... စုပေါင်းခန္ဓာကိုယ်ကြီးတစ်ခု ဖြစ်သွားခဲ့လေပြီ...။
ရက်ဒ်မှာ အသံထွက်၍ပင် မအော်နိုင်ဘဲ ထိတ်လန့်တကြား အသက်ရှူသံများသာ ထွက်ပေါ်လာသည်။ လင်းကျဲ မျက်မှောင်ကြုတ်လိုက်မိသည်။ ဤသူများသည် မိုင်းတူးခြင်းကို စွဲလမ်းနေသော လူထူးလူဆန်းများ ဖြစ်ခဲ့ကြပြီး၊ သူတို့အပေါ်ရှိ ညစ်ညမ်းမှုမှာ အချင်းချင်း တစ်သားတည်း ဖြစ်သွားသည်အထိ ပြင်းထန်နေခြင်းပင်။ သူတို့သည် နေ့စဉ် သတ္တုရိုင်းများကို စားသုံးရင်း ရှင်သန်နေကြပြီး လူသားဟုပင် မသတ်မှတ်နိုင်တော့ချေ။
ယခုအခါ သူတို့မှာ လေးထပ်မြောက် တစ်ခုလုံး၌ ပြန့်နှံ့နေသော အသားလွှာကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။ မြေပြင်ပေါ်ရှိ မျက်နှာတိုင်းမှာ နိုးထလာသကဲ့သို့ စတင်လှုပ်ရှားလာရာ၊ မြင်ကွင်းမှာ စိတ်ခြောက်ခြားဖွယ်ရာ အတိပင်။
“အား...”
ရက်ဒ်မှာ ကြောက်စိတ်ကြောင့် သတိလွတ်မတတ် ဖြစ်သွားပြီး နောက်ဆုံးတွင် ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။
ထိုမိစ္ဆာကြီးက ရက်ဒ်ကို ဆွဲယူကာ ၎င်းတို့၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားစေရန် လက်တံတစ်ခုကို လှမ်းလိုက်သည်။
ထိုအချိန်တွင် လင်းကျဲသည် သူ၏ စွမ်းအားကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ အောက်ပိုင်းခရိုင်သို့ ဝင်ရောက်လာကတည်းက သူသည် ပြင်းထန်သော ညစ်ညမ်းမှုများကြားတွင် လူသားတစ်ဦး၏ ယုံကြည်မှုကို ထိန်းသိမ်းရန်အတွက် စွမ်းအားမသုံးရန် ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားခဲ့သည်။
သို့သော် ယခုအချိန်တွင်မူ သူ၏ စွမ်းအားကို ထုတ်ဖော်လိုက်သည်နှင့်အမျှ၊ လင်းကျဲသည် မီးခိုးရောင်မြူထုထဲမှ ထွက်ပေါ်လာသော မရေမတွက်နိုင်သော ငိုကြွေးသံများကို ကြားလိုက်ရသည်။
ထိုအသံများသည် လင်းကျဲကို မြူထုကဲ့သို့ ဝန်းရံထားကြပြီး၊ ‘နတ်ဘုရား၏ သားတော်’ ပြန်လည်ရောက်ရှိလာရန် အမြဲမပြတ် ဆုတောင်းနေကြသကဲ့သို့ပင်။
သူကား နတ်ဘုရား ဖြစ်သည်၊ နတ်ဘုရား၏ သားတော်ဖြစ်သလို၊ မြင့်မြတ်သော ဝိညာဉ်တော်လည်း ဖြစ်ပေသည်။
သူသည် နက်ရှိုင်းလှသော ချောက်ကမ္ဘာကြီးနှင့်တူသည့် တွင်းနက်ကြီးကို လှမ်းကြည့်လိုက်သည်။ ရက်ဒ်၏ အိမ်မှာ အပေါ်တွင် ရှိသော်လည်း၊ လင်းကျဲ၏ မူလဇာစ်မြစ်မှာမူ အောက်ဘက်တွင် ရှိနေသည်။
ရက်ဒ်၏ အော်ဟစ်သံများမှာ တဖြည်းဖြည်း အားနည်းလာသော်လည်း၊ ထိုငိုသံများကြောင့် လင်းကျဲ သတိပြန်ဝင်လာခဲ့သည်။ သူသည် ထိုအသားလွှာကြီးများနှင့် စတင်ရောယှက်နေပြီဖြစ်သော ရက်ဒ်ကို ဆွဲယူကာ အဆုံးမရှိသော တွင်းနက်ကြီးထဲသို့ ခုန်ချလိုက်တော့သည်။
ပြုတ်ကျနေသည့် ခံစားချက်မှာ ကြာရှည်မခံလိုက်ချေ။ လင်းကျဲ တွင်းထဲသို့ ခုန်ချလိုက်သည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ မီးခိုးရောင်မြူထုမှာ ဝမ်းသာအားရ အော်ဟစ်ကြပုံရသည်။ သို့သော် ထိုပျော်ရွှင်သံများကြားတွင် လင်းကျဲသည် အကူအညီတောင်းသော တိုးတိုးလေး အသံတစ်ခုကို ကြားလိုက်ရသကဲ့သို့ ရှိသည်။
ထိုအသံမှာ အလွန်ပင် ရင်းနှီးလှသည်။ လင်းကျဲသည် လက်ကိုဆန့်ကာ ပြုတ်ကျနေရင်းမှ အောက်သို့ဆင်းသော လှေကားထစ်များကို ဖမ်းဆွဲလိုက်ပြီး ရက်ဒ်၏ ဝတ်ရုံစကိုလည်း ဆွဲထားလိုက်သည်။
ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သဖြင့် သူ သက်ပြင်းချလိုက်မိသော်လည်း၊ နောက်တစ်စက္ကန့်မှာမူ...
“မင်းတို့တွေက...”
လင်းကျဲနှင့် ရက်ဒ်တို့သည် နောက်ဘက်မှ တစ်စုံတစ်ယောက် စကားပြောသံကို ကြားလိုက်ရသည်။ သူတို့ ချက်ချင်း လှည့်ကြည့်လိုက်ရာ မိစ္ဆာတစ်ကောင်ကောင်ကို တွေ့ရမည်ဟု မျှော်လင့်ထားသော်လည်း၊ တကယ်တမ်းမှာမူ ရက်ဒ်နှင့် သိပ်မကွာခြားသော အောက်ပိုင်းခရိုင်သား အချို့သာ ဖြစ်နေသည်။
“မင်းတို့တွေ အပေါ်က ပြုတ်ကျလာတာလား”
ပေါက်ပြားကို ကိုင်ထားသော ရှေ့ဆုံးမှ လူက မေးလိုက်သည်။
ရက်ဒ်မှာမူ ယခင်အထပ်မှ မိစ္ဆာကြီးကြောင့် ကြောက်လန့်နေဆဲဖြစ်ရာ မှင်တက်နေမိသည်။ လင်းကျဲက သူမ၏ ခေါင်းကို ပုတ်ပေးလိုက်မှသာ သူမ၏ မျက်နှာတွင် အမူအရာများ ပြန်လည်ပေါ်ပေါက်လာပြီး သတိဝင်လာခဲ့သည်။
သူမသည် ထိတ်လန့်တကြားဖြင့် အသက်ကို ပြင်းပြင်းရှူလိုက်ရသည်။
“ဪ... ငါ သိပြီ... မင်းတို့ နှစ်ယောက် လေးထပ်မြောက်က မိစ္ဆာကြီးကို မြင်ခဲ့တာ မဟုတ်လား”
သုံးထပ်မြောက်ရှိ ဝတ်ရုံနက်ဝတ် အမျိုးသားက ခန့်မှန်းလိုက်သည်။
လင်းကျဲသည် ရက်ဒ်ကို အသာအယာ ချပေးလိုက်ရာ သူမသည် သုံးထပ်မြောက်၏ မြေပြင်ပေါ်သို့ ဆင်းသက်သွားသည်။ လင်းကျဲက တွင်းအောက်ခြေကို တစ်ချက်ကြည့်ပြီး မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်၏။
ရက်ဒ်မှာ တံတွေးကို အကြိမ်ကြိမ် မျိုချရင်း ခေါင်းကို အသည်းအသန် ငြိမ့်ပြလိုက်သည်။
“တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်... ကျွန်မက သတ္တုရိုင်းနည်းနည်းရမလားလို့ ဆင်းလာတာပါ”
ရက်ဒ်က ရှိုက်လျက် ပြောလိုက်သည်။
“သတ္တုရိုင်းလား...”
ဝတ်ရုံနက်ဝတ် အမျိုးသားက သူ၏ ရှည်လျားသော နှာမောင်းလက်တံလေးများကို ပွတ်သပ်လိုက်၏။
“ရတာပေါ့... ငါတို့ဆီမှာ သတ္တုရိုင်းတွေ အများကြီး ရှိတယ်... ကြိုက်သလောက် ယူသွားပါ...”
ရက်ဒ်၏ မျက်လုံးများမှာ နောက်ဆုံးတွင် ထွက်ပေါက်တွေ့သွားသကဲ့သို့ လင်းလက်သွားသည်။ သူမက ဝမ်းသာအားရဖြင့် မြေပြင်ပေါ် ထိုင်ချလိုက်၏။
“ဘော့စ်လင်... ကြားလား... ကျွန်မတို့ နောက်ဆုံးတော့ အောင်မြင်ပြီ၊ မကြာခင် သတ္တုရိုင်းတွေ ရတော့မယ်...”
ရက်ဒ်ကလေးမှာ အော်ဟစ်လိုက်တော့သည်။
လင်းကျဲက ရက်ဒ်ကို ဂရုမစိုက်ဘဲ လက်ပိုက်လိုက်သည်။ သူသည် ‘မေတ္တာ နှလုံးသား ပြောင်းလဲခြင်း’ ကို အသုံးပြု၍ လူတိုင်း၏ သိမြင်မှုကို ပြောင်းလဲထားပြီးဖြစ်ရာ၊ သူတို့၏ အမြင်တွင် လင်းကျဲမှာလည်း သူတို့ကဲ့သို့ပင် မေးစေ့တွင် နှာမောင်းလက်တံများနှင့် အကြေးခွံများရှိသော လူတစ်ဦး ဖြစ်နေပေလိမ့်မည်။
“ထူးဆန်းလိုက်တာ”
လင်းကျဲ မေးစေ့ကို ပွတ်သပ်ရင်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိသည်။
“မြေအောက် ပိုနက်လေ ညစ်ညမ်းမှု ပိုဆိုးလေဆိုတာ ရှင်းနေတာပဲ၊ ဒါပေမဲ့ သုံးထပ်မြောက်က မင်းတို့တွေက ခြောက်ထပ်နဲ့ ခုနစ်ထပ်က လူတွေနဲ့ သိပ်မကွာလှပါလား...”
“မင်းတို့က အဲဒါကို ခံနိုင်ရည်ရှိနေကြတာလား”
လင်းကျဲက မေးလိုက်သည်။ .ထို့အပြင် သုံးထပ်မြောက်ဆိုသည်မှာ ကပ်ဘေး ဘုရားကျောင်းတော်၏ နယ်မြေပင် မဟုတ်ပါလား။
“ဟင်း...”
ဝတ်ရုံနက်ဝတ် အမျိုးသားက လှောင်ပြောင်လိုက်သည်။
“မသိနားမလည်တဲ့ အပေါ်ထပ်က လူတွေပဲ၊ မင်းတို့က မီးခိုးရောင်မြူထုကို ညစ်ညမ်းမှုလို့ ခေါ်တာလား...”
သူက အမှန်တရားတစ်ခုကို ပြောနေသည့်အလား ဆက်ပြောသည်။
“အဲဒါဟာ နတ်ဘုရားက ငါတို့ကို ပေးသနားထားတဲ့ လက်ဆောင် ပဲ...”
ထိုသို့ပြောပြီးနောက် သူသည် သူ၏ အိတ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်လိုက်ရာ၊ ယင်း၏ မျက်နှာဖုံးတွင် ‘အပျက်အစီး အိပ်မက်’ ဟု ရေးသားထား၏။ ၎င်းမှာ ‘အမှောင်ညချမ်း ကျေးရွာ’ တွင် ပေါ်လာခဲ့သော စာအုပ်များနှင့် ထပ်တူပင် ဖြစ်နေတော့သည်။
***
အပိုင်း(၅၃၂)
"ဒါဟာ နတ်ဘုရားက ငါတို့ကို ပေးသနားထားတဲ့ လက်ဆောင်ပဲ..."
ဝတ်ရုံနက်ဝတ် အမျိုးသားက အပျက်အစီး အိပ်မက် စာအုပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း လင်းကျဲကို ပြောလိုက်သည်။
အောက်ပိုင်းခရိုင်၏ လေးထပ်မြောက်မှစ၍ မီးခိုးရောင်မြူထု၏ ဝါးမြိုမှုနှင့် ဗီဇပြောင်းလဲမှုများသည် လူသားတို့၏ ကန့်သတ်ချက်ကို စတင်ကျော်လွန်နေပြီဖြစ်သည်။ ဘေးကင်းစွာ မိုင်းတူးနိုင်သော အထပ်များမှာ ရက်ဒ်နေထိုင်သည့် ခြောက်ထပ်မြောက်နှင့် ငါးထပ်မြောက်တို့သာ ရှိသည်။
လေးထပ်မြောက်ရှိ ဗီဇပြောင်းလဲမှုများသည် ထိုသတ္တဝါများ၏ ရုပ်သွင်ကိုသာ ထိခိုက်စေသော်လည်း၊ သုံးထပ်မြောက်တွင်မူ အသိစိတ်နှင့် အတွေးအခေါ်များပါ လုံးဝဥဿုံ ပြောင်းလဲသွားခဲ့လေပြီ။ ရိုးရိုးလေးပြောရလျှင် သုံးထပ်မြောက်ရှိ လူများသည် မိမိကိုယ်ကိုယ် လူသားဟု မသတ်မှတ်ကြတော့ချေ။
ထိုအမျိုးသားက ဤပြောင်းလဲမှုများကို ‘ပေးသနားမှု’ ဟု ပြောသည်ကို ကြားသောအခါ ရက်ဒ် မျက်မှောင်ကြုတ်သွားမိသည်။ သူမသည် လင်းကျဲ၏ ကာကွယ်မှုကို ခံထားရသဖြင့် မြူထု၏ ဒဏ်ကို အလွန်အမင်း မခံရသေးချေ။
ဤရုပ်ပျက်ဆင်းပျက် ပြောင်းလဲမှုများကို နတ်ဘုရားထံမှ လက်ဆောင်ဟု သူမ မယုံကြည်ပေ။ သူမကိုယ်သူမ လူသားဟုသာ ယုံကြည်သည်။ လူသားဆိုသည်မှာ လူရုပ်ပေါက်ရမည်၊ အနည်းဆုံးတော့ လင်းကျဲကဲ့သို့ ဖြစ်ရမည်ဟု သူမ တွေးသည်။ သူမ၏ လက်ရှိ ရုပ်ဆိုးလှသော အခြေအနေအတွက်မူ မီးခိုးရောင်မြူထုတွင်သာ တာဝန်ရှိသည်ဟု သူမ မှတ်ယူထား၏။
"ဟို... မင်္ဂလာပါရှင်... ကျွန်မတို့ ဒီမှာ သတ္တုရိုင်းလေးနည်းနည်းတူးပြီး ပြန်လို့ရမလားဟင်..."
ရက်ဒ်က သူမ၏ ဝိုင်းစက်တောက်ပသော မျက်လုံးလေးများဖြင့် ထိုသူကို ကြည့်ကာ လက်အုပ်လေးချီ၍ မေးလိုက်သည်။
"ရတာပေါ့"
ဝတ်ရုံဝတ် အမျိုးသားက ပြုံးပြသည်။
ရက်ဒ်မှာ ဝမ်းသာလွန်း၍ ခုန်ပေါက်မိတော့မတတ် ဖြစ်သွားပြီး၊ လင်းကျဲ၏ လက်ကိုဆွဲကာ ပျော်ရွှင်စွာ လှုပ်ရမ်းလိုက်သည်။
"ဒီသတ္တုရိုင်းတွေက ငါတို့နတ်ဘုရားဆီက ရတဲ့ လက်ဆောင်တွေပဲ... သူ့ကို ကိုးကွယ်တဲ့သူတွေကို ပေးသနားတဲ့ ကောင်းချီးတွေထဲက တစ်ခုပေါ့"
ထိုသူက ဆက်ပြောသည်။
"ဒီသတ္တုရိုင်းတွေကို လိုချင်ရင်တော့ ကပ်ဘေး ဘုရားကျောင်းတော် ထဲကို ဝင်ရမယ်... ပြီးတော့ ငါတို့နတ်ဘုရားရဲ့ ကျေးဇူးတော်အကြောင်းကို ဟောပြောရမယ်..."
ထို ‘သာသနာပြု’ ၏ နောက်ဆက်တွဲ စကားများကြောင့် ရက်ဒ်၏ အပြုံးများမှာ ခဲသွားရတော့သည်။
"ကျွန်မ..."
လင်းကျဲက ရက်ဒ်၏ လက်ကို ရုတ်တရက် လွှတ်လိုက်ပြီး သုံးထပ်မြောက်၏ ပိုမိုနက်ရှိုင်းရာသို့ ဦးတည်နေသော ဥမင်လမ်းကို လှမ်းကြည့်လိုက်သည်။ နေရာအနှံ့တွင် တောက်ပနေသော သတ္တုရိုင်းများ စီခြယ်ထားသည်ကို တွေ့ရ၏။
ထို့ပြင် ဤနေရာရှိသူများသည် ဝတ်ရုံနက်များ ဝတ်ဆင်ထားကြသော်လည်း ခြောက်ထပ်နှင့် ငါးထပ်ရှိ လူများနှင့် လုံးဝမတူချေ။ သူတို့သည် ပိုမိုကြွက်သားသန်မာကြပြီး၊ သားရဲမျက်လုံးများ ရှိကြသည့်အပြင် ‘ထူးကဲစွမ်းအား’ များလည်း ပိုင်ဆိုင်ထားကြသည်။ ဤထူးကဲစွမ်းအားရှင် အုပ်စုကြီးမှာ စစ်တပ်တစ်ခုနှင့်ပင် တူလှပေသည်။
လင်းကျဲက မှောင်မိုက်နေသော တွင်းနက်ကြီးဘက်သို့ အကြည့်ပို့လိုက်သည်။ ထိုတွင်းထဲသို့ ထပ်မံဆင်းသွားပါက သူသည် သူ၏ အစစ်အမှန် ခန္ဓာကိုယ်ဆီသို့ ပြန်ရောက်သွားမည်ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာ အသိစိတ်မဲ့နေသော အသားဆိုင်ကြီးတစ်ခုသာဖြစ်ပြီး၊ ယခု လင်းကျဲမှာသာလျှင် စစ်မှန်သော ‘စိတ်အလိုဆန္ဒ’ ဖြစ်သည်။ သို့ဆိုလျှင် အဘယ်ကြောင့် ဤလူများသည် အသိစိတ်မဲ့နေသော အရာတစ်ခု၏ ဝါးမြိုခြင်းကို ခံနေကြရသနည်း။
လင်းကျဲက သူ၏ အသိစိတ်မဲ့နေသော ခန္ဓာကိုယ်ကို အာရုံခံရန် စွမ်းအားအနည်းငယ် ထုတ်ဖော်လိုက်စဉ်မှာပင်၊ ရင်းနှီးနေသော အကူအညီတောင်းသံမှာ သူ၏ ခေါင်းထဲသို့ တစ်ဖန် ပြန်လည်ဝင်ရောက်လာပြန်သည်။
‘ဒိုရစ်...’
လင်းကျဲ မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် ထိုရင်းနှီးသောအသံကို ဤနေရာတွင် ကြားလိုက်ရသည်မှာ သေချာသည်။ ပို၍ တိတိကျကျ ပြောရလျှင် ယင်းမှာ အတိတ်မှ အကူအညီတောင်းသံတစ်ခု ဖြစ်သည်။
လင်းကျဲ တစ်စုံတစ်ရာကို နားလည်သွားသည့်အလား မျက်လုံးများ မှေးလိုက်သည်။ သူ့ကို တွေ့ချင်နေခဲ့သော ထို ‘အဲ့လ်ဖ်’ မလေးမှာ တစ်ချိန်က ဤနေရာ၌ သူ့ကို အကူအညီတောင်းခဲ့ဖူးပုံရသည်။
"မိန်းကလေး... စဉ်းစားလို့ ပြီးပြီလား"
အမျိုးသားမှာ အပြုံးပျက် မသွားသော်လည်း၊ ယခုအခါ သူ၏ မျက်နှာတွင် ယုတ်မာသော အရိပ်အယောင်များ ပေါ်ပေါက်နေပြီဖြစ်သည်။ သူ၏ မေးစေ့မှ အနက်ရောင် နှာမောင်းလက်တံလေးများသည် တန်ခိုးစွမ်းအားများဖြင့် လှုပ်ရှားနေကြသည်။
"ဟို... ကပ်ဘေး ဘုရားကျောင်းတော်ထဲကို ဘယ်လိုဝင်ရမှာလဲဟင်"
ရက်ဒ်က တုံ့ဆိုင်းစွာ မေးလိုက်သည်။
"အရင်ကဆိုရင်တော့ နတ်ဘုရားဆီကို ဦးတည်နေတဲ့ ဒီချောက်နက်ကြီးကို အဖော်ပြုပြီး ကျိန်ဆိုရုံပါပဲ... ဒါပေမဲ့ အခုတော့ ‘သူ့ရဲ့’ မြင့်မြတ်တဲ့ လမ်းညွှန်မှုအရ၊ ဒီစာအုပ်ကို ကိုင်ပြီး ကျိန်ဆိုရမယ်၊ ပြီးရင် ဒီစာအုပ်ကို သေချာဖတ်ရမယ်"
ရက်ဒ်သည် စာအုပ်ကို လှမ်းကြည့်ရင်း ထိတ်လန့်တကြား တံတွေးမျိုချလိုက်မိသည်။
ဤထူးဆန်းသော စာအုပ်မှာ အသိစိတ်မဲ့နေသော လင်းကျဲ မြင်မက်ခဲ့သည့် အိပ်မက်များ၏ စုစည်းမှုသာ ဖြစ်သော်လည်း၊ သာမန်လူသားများအတွက်မူ ယင်းမှာ အလွန်ပြင်းထန်သော ‘ဝိညာဉ်ရေးရာ ညစ်ညမ်းမှု’ များ ရှိနေသည်။ စာအုပ်၏ အနက်ရောင်မျက်နှာဖုံးမှာ လူသားတို့၏ ဆင်ခြင်တုံတရားအားလုံးကို ဝါးမြိုပစ်မည့် အဆုံးမဲ့ ဝဲဂယက်ကြီးတစ်ခုကဲ့သို့ ချောက်နက်ကြီးနှင့် ဆက်သွယ်ထားသကဲ့သို့ပင်။
"ဟင့်အင်း... ရပါပြီ"
ရက်ဒ်က အမြန်ပင် လက်ခါ၍ ငြင်းဆိုလိုက်ပြီး လင်းကျဲကို ပြောလိုက်သည်။
"ဘော့စ်လင်... မြန်မြန်ပြန်ကြရအောင်... သတ္တုရိုင်းတွေ မလိုချင်တော့ဘူး"
ထိုအမျိုးသား၏ မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာ ပေါ်လာပြီး သူ၏ သဘောထားမှာ အနည်းငယ် ပြောင်းလဲသွားသည်။
"မသိနားမလည်တဲ့ အပေါ်ထပ်က လူတွေပဲ... ဒါဟာ မင်းတို့အတွက် စေတနာအလျောက် လုပ်ခွင့်ပေးထားတာ... ဒါပေမဲ့ နတ်ဘုရားရဲ့ ကာကွယ်မှု မပါဘဲနဲ့တော့ လေးထပ်မြောက်ကို မင်းတို့ ဘယ်တော့မှ ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး..."
ရက်ဒ်သည် ကြောက်လန့်သွားပြီး လင်းကျဲ၏ အဝတ်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ သို့သော် လင်းကျဲကမူ ထိုသူ၏ စကားများကို နားထောင်မနေချေ။
"တစ်ခုလောက် မေးပါရစေ... မင်းတို့တွေ ‘အဲ့လ်ဖ်မျိုးနွယ်’ တစ်ခုကို ဖမ်းဆီးထားတာ ရှိသလား"
လင်းကျဲက မေးခွန်းမေးနေခြင်း မဟုတ်ဘဲ စီရင်ချက်ချနေသည့်အလား ပြတ်သားသော အသံဖြင့် ရုတ်တရက် မေးလိုက်သည်။ သူ၏ အသံမှာ ကျယ်လောင်လှသဖြင့် ဖြတ်သွားဖြတ်လာ ‘ကပ်ဘေး ဘုရားကျောင်းတော်’ အဖွဲ့ဝင်များမှာ သူ့ကို အံ့သြတကြား လှည့်ကြည့်လာကြသည်။
"ငါ ထပ်မေးဖို့ လိုဦးမလား"
လင်းကျဲက ထပ်မေးလိုက်သည်။
"...မင်း ဘာတွေ လျှောက်ပြောနေတာလဲ"
"ဒါဆိုရင်တော့ မင်းတို့ ပြောပြောနေတဲ့ ချောက်နက်ကြီးကို အဖော်ပြုပြီး ကျိန်ဆိုလိုက်လေ"
လင်းကျဲက အေးစက်သော မျက်လုံးများဖြင့် ထိုတွင်းနက်ကြီးကို လက်ညှိုးညွှန်ပြလိုက်သည်။
လင်းကျဲ၏ မေးခွန်းထုတ်ပုံကြောင့် ကပ်ဘေး ဘုရားကျောင်းတော် အဖွဲ့ဝင် အများအပြား၏ အာရုံစိုက်မှုကို ရရှိသွားပြီး၊ သူတို့သည် လင်းကျဲကို ဝိုင်းရံလိုက်ကြတော့သည်။
ရက်ဒ်မှာ စိုးရိမ်တကြီးဖြင့် လင်းကျဲ သတိပြန်ဝင်လာစေရန် သူ၏ အဝတ်ကို အားပြင်းပြင်း ဆွဲလိုက်သည်။
လင်းကျဲက သူမကို ငုံ့ကြည့်လိုက်သည်။ မိန်းကလေးငယ်၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်ကို တွေ့ရသည်။ လင်းကျဲ၏ အမြင်တွင် ဤကလေးမလေးမှာ ခဏလေးတောင် စိတ်အေးအေး မထားနိုင်ခဲ့ရှာပေ။ အသက်ကိုးနှစ်ပင် မပြည့်သေးသော ကလေးတစ်ဦးအနေဖြင့် သူမသည် တကယ်ပင် သနားစရာ ကောင်းလှသည်။
‘သနားစရာလေး...’ ဟူသော အတွေး လင်းကျဲ၏ စိတ်ထဲတွင် ပေါ်လာသောအခါ၊ သူ၏ လူသားဆန်မှုများ ပြန်လည်နိုးထလာသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ရက်ဒ်၏ လက်ကို ဆုပ်ကိုင်လိုက်၏။
"တောင်းပန်ပါတယ်၊ သွားကြရအောင်"
ရက်ဒ်က ခေါင်းညိတ်ပြသည်။
ပတ်ဝန်းကျင်ရှိ လူများက သူ့ကို မတားကြဘဲ ‘အပျက်အစီး အိပ်မက်' စာအုပ်ကိုသာ ပြန်သိမ်းလိုက်ကြသည်။ လေးထပ်မြောက်ရှိ မိစ္ဆာကြီးက သူတို့ကို တိုက်ခိုက်လိမ့်မည်ဖြစ်ပြီး၊ သူတို့မှာ ထိုမိစ္ဆာကြီး၏ အစိတ်အပိုင်း ဖြစ်သွားကြလိမ့်မည်ဟု သူတို့ တွေးနေကြသည်။
"ဘော့စ်လင်... ရှင် ကြောက်နေတာလား"
ရက်ဒ်က တိုးတိုးလေး မေးသည်။
လင်းကျဲမှာ အနည်းငယ် အံ့သြသွား၏။
"ငါ အဆင်ပြေပါတယ်..."
"မကြောက်နဲ့နော်... အဲဒီမိစ္ဆာကြီးကို ရင်ဆိုင်ဖို့ ဒါကို သုံးလိုက်"
ရက်ဒ်က သူမ၏ လက်ထဲမှ ကျောက်စိမ်းလည်ဆွဲကို ထုတ်၍ လင်းကျဲကို ပြလိုက်သည်။
ဝမ်းနည်းစရာ ကောင်းသည်က ထိုတန်ဖိုးနည်း လည်ဆွဲလေးမှာ အတော်ပင် အရည်အသွေး ညံ့ဖျင်းနေခြင်း ဖြစ်သည်။ သို့သော်လည်း လင်းကျဲက ရက်ဒ်၏ အားပေးမှုကြောင့် သူ၏ ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားသည့်အလား ခေါင်းညိတ်ပြလိုက်သည်။
ရက်ဒ် လှေကားထစ်များအတိုင်း တရွေ့ရွေ့ တက်သွားသည်ကို ကပ်ဘေး ဘုရားကျောင်းတော် အဖွဲ့ဝင်များက အေးစက်စွာ ကြည့်နေကြပြီး၊ လင်းကျဲက သူမနောက်မှ ကပ်၍ လိုက်သွားသည်။
ရက်ဒ်သည် လည်ဆွဲကို လက်ထဲတွင် တင်းတင်းဆုပ်ကာ အံကြိတ်၍ တက်လာခဲ့ရာ၊ ခဏအကြာတွင် လေးထပ်မြောက်သို့ ရောက်ရှိလာခဲ့သည်။
လေးထပ်မြောက်၏ မြေပြင်မှာ သက်ရှိများ၏ အသားဆိုင်များဖြင့် ပြုလုပ်ထားသော ကော်ဇောကြီးတစ်ခုကဲ့သို့ စတင်လှုပ်ရှားလာသည်။ ရက်ဒ် ထိုမိစ္ဆာကြီးနှင့် နီးကပ်လာသောအခါ၊ လင်းကျဲသည် သူ၏ စွမ်းအားကို ထုတ်လွှတ်၍ မိစ္ဆာကြီးကို ချက်ချင်း ထိန်းချုပ်လိုက်သလို၊ တစ်ချိန်တည်းမှာပင် လည်ဆွဲမှ ပိုမိုတောက်ပသော အလင်းရောင်များ ထွက်ပေါ်လာစေရန် လုပ်ဆောင်လိုက်လေသည်။
...
ဟူး... ဟူး...
ရက်ဒ်သည် သေမင်းနှင့် တစ်သီတစ်တန်းကြီး လွတ်မြောက်လာသည့်အလား အသက်ကို ပြင်းပြင်းရှူရင်း တွင်းဝမှ တွားသွား၍ ထွက်လာခဲ့သည်။ သူမသည် သူမ၏ ဝဝတုပ်တုပ် ခန္ဓာကိုယ်လေးကို မြေပြင်ပေါ်၌ ပစ်ချကာ ရင်ဘတ်လေး နိမ့်ချည်မြင့်ချည်ဖြင့် လှဲချလိုက်တော့သည်။
ထိုအချိန်မှသာ လင်းကျဲသည် တွင်းဝမှ ဖြည်းဖြည်းချင်း တက်လာခဲ့သည်။
"တော်သေးတယ်... တော်သေးတယ်"
ရက်ဒ်က အသက်ရှူအောင့်ထားရာမှ ပြောလိုက်သည်။
"အနည်းဆုံးတော့ ကျွန်မတို့ အသက်ရှင်လျက် ပြန်ရောက်လာပြီပဲ... အောက်ထပ်တွေနဲ့ ယှဉ်ရင် ကျွန်မတို့ ခြောက်ထပ်မြောက်က လေထုက အများကြီး ပိုကောင်းတယ်လို့ ငါထင်တယ်"
လင်းကျဲက မြေပြင်ပေါ်ရှိ သူမကို ငုံ့ကြည့်လိုက်သည်။
ဂွီ... ဂွီ...
ရုတ်တရက်... ကားဟွန်းတီးသံကဲ့သို့ ကျယ်လောင်လှသော ဗိုက်ဆာသံကြီး ထွက်ပေါ်လာသည်။ လူတစ်ယောက်၏ ဗိုက်ထဲမှ ဤမျှ ရှည်လျားပြီး ကျယ်လောင်သော အသံမျိုးကို လင်းကျဲ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။
"ငါတို့ မြေအောက်မှာ တစ်နေကုန် ရှိနေခဲ့ပေမဲ့၊ သတ္တုရိုင်းပြဿနာကို မဖြေရှင်းနိုင်သေးဘူးပဲ"
လင်းကျဲက ခေါင်းကို အနည်းငယ် စောင်း၍ ပြောလိုက်သည်။ သူက နောင်တရသလို ပြောနေသော်လည်း၊ တကယ်တမ်းတွင်မူ အမှန်တရားတစ်ခုကို ပြောနေသကဲ့သို့ ဝမ်းနည်းရိပ် မရှိချေ။
"သတ္တုရိုင်းပြဿနာကို မဖြေရှင်းနိုင်ရင် ငတ်မွတ်မှု ပြဿနာကိုလည်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူး"
"ဘယ်သူပြောလဲ..."
ရက်ဒ်က ထထိုင်လိုက်ပြီး သူမ၏ လက်ထဲမှ ကျောက်တုံးကို ထုတ်ပြလိုက်သည်။
"ကြည့်စမ်း... ဘော့စ်လင်... ဒီကျောက်တုံးက လေးထပ်မြောက်က အသားဆိုင်မိစ္ဆာကြီးရဲ့ ကိုယ်ပေါ်ကနေ ရခဲ့တာ... နည်းနည်းတော့ ရွံစရာကောင်းပေမဲ့၊ ဒါက ခြောက်ထပ်မြောက်မှာဆိုရင် ရှားပါးသတ္တုရိုင်းပဲ၊ အစားအစာ အများကြီးနဲ့ လဲလို့ရတယ်"
ရက်ဒ်က သွားလေးများ ပေါ်သည်အထိ ပြုံးပြလိုက်တော့သည်။
***