← Chapters

အခန်း (၅၃၅-၅၃၆)

Vol. 39 Ch. 535-536

အခန်း (၅၃၅-၅၃၆)

Vol. 39 Ch. 535-536

အပိုင်း(၅၃၅)

“ပြေး...”

ရက်ဒ်မှာ အစာမစားရသည်မှာ ရက်အတော်ကြာပြီ ဖြစ်သော်လည်း၊ အားကုန်ဟစ်အော်ရင်း လင်းကျဲ၏ လက်ကိုဆွဲကာ စတင်ထွက်ပြေးတော့သည်။

ရက်စက်သော ခွေးနှစ်ကောင်မှာ သူတို့နောက်သို့ လျင်မြန်စွာ လိုက်လာကြသည်။ သူတို့၏ ရှည်လျားသော လျှာများမှာ တလွင့်လွင့် ဖြစ်နေပြီး ပိန်လှီသော ခန္ဓာကိုယ်များမှာ ပြေးလွှားနေသည့် အရှိန်ကြောင့် ဖြောင့်တန်းနေသကဲ့သို့ပင်။

မီးခိုးရောင်မြူထု၏ ဝါးမြိုမှုကြောင့် အောက်ပိုင်းခရိုင်သားများ၏ ကြံ့ခိုင်မှုမှာ အထက်ပိုင်းခရိုင်သားများထက် များစွာ ပိုမိုအားကောင်းပုံရသည်။ ရက်ဒ်သည် လင်းကျဲ၏ လက်ကို တင်းတင်းဆုပ်ကိုင်ကာ ခွေးနှစ်ကောင်၏ လက်မှ လွတ်အောင် ဆွဲခေါ်သွားသည်။

လင်းကျဲမှာမူ ရက်ဒ်၏ ဆွဲခေါ်ရာနောက်သို့ အသက်ပင် မရှူနိုင်လောက်အောင် ပါသွားသော်လည်း သူ၏ ခြေလှမ်းများမှာမူ တည်ငြိမ်နေဆဲပင်။

စီမံခန့်ခွဲသူမှာ ထိုနေရာတွင် ရပ်ကာ ကျယ်လောင်စွာ ရယ်မောနေပြီးနောက် ဆက်သွယ်ရေးကိရိယာတစ်ခုကို ထုတ်ယူကာ တစ်စုံတစ်ခု ပြောလိုက်သည်။

“ကျွန်မ မသေချင်ဘူး...”

ရက်ဒ်သည် ပြေးရင်းနှင့် တိုးတိုးလေး ရှိုက်ငိုနေရှာသည်။

“ငါ့လက်ကို လွှတ်လိုက်ပါ... ဒါဆိုရင် နင် ပိုမြန်မြန် ပြေးနိုင်လိမ့်မယ်...”

လင်းကျဲက သူမနောက်မှ ပြောလိုက်သည်။

“ရှင်က လူအပဲ... ကျွန်မ မပါရင် ရှင်အဝေးကြီး ပြေးနိုင်မှာ မဟုတ်ဘူး...”

ရက်ဒ်က ပြန်အော်လိုက်သည်။

“နင် အစက ငါ့ကို ဓားစာခံအဖြစ် သုံးချင်တာ မဟုတ်လား...”

လင်းကျဲက အေးဆေးစွာ မေးလိုက်၏။

“အထက်ပိုင်းခရိုင်ကို လက်စားမချေချင်တော့ဘူးလား”

ရက်ဒ်မှာ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မျက်ရည်များကြောင့် မြင်ကွင်းများ ဝေဝါးနေသည်။ သို့သော်လည်း သူမသည် ဤဥမင်ကို ရာနှင့်ချီ၍ ဖြတ်သန်းဖူးသဖြင့် မျက်စိမှိတ်ထားလျှင်ပင် ပြေးနိုင်ပေသည်။

‘ဖြစ်နိုင်တာက ဒီနေရာက ကျွန်မရဲ့ အိမ်ဖြစ်မှာပါ... ကျွန်မမှာ အပေါ်ယံမြေပြင်ကို သွားပိုင်ခွင့် မရှိပါဘူး’

သူမ လက်ကိုဆွဲထားသော ဤသူသည် အထက်ပိုင်းခရိုင်တွင် နေထိုင်ခွင့်ရသဖြင့် အလွန်ကံကောင်းလှသည်။ သူ့ကို ဆုပ်ကိုင်ထားရုံဖြင့် ရက်ဒ်သည် သူမ၏ အိပ်မက်များမှာ လက်တစ်ကမ်းတွင် ရှိနေသကဲ့သို့ ခံစားရသည်။

“အခုတော့ ရှင်က ကျွန်မရဲ့ သူငယ်ချင်း ဖြစ်သွားပြီ...”

ရက်ဒ်က တိုးတိုးလေး ရေရွတ်လိုက်သော်လည်း လင်းကျဲက ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

“ရှင်က ကျွန်မရဲ့ သူငယ်ချင်း... ရှင်က ကျွန်မရဲ့ ပထမဆုံး သူငယ်ချင်းပဲ... သူငယ်ချင်းဆိုတာ အရေးကြီးတယ်၊ ပြီးတော့... ပြီးတော့၊ ဟင်း... ကျွန်မက ရှင့်ကို သုံးပြီး အထက်ပိုင်းခရိုင်ကို သွားဖို့ မျှော်လင့်ခဲ့တာ...”

သူမက အပေါ်သို့ မော့ကြည့်လိုက်သည်။

“တစ်နေ့ကျရင်၊ ကျွန်မရဲ့ အိမ်ကို ရှင် ပြန်ခေါ်သွားပေးနိုင်မလား”

အိမ်...

မီးခိုးရောင်မြူထုကြားတွင် အေးခဲနေသော လင်းကျဲ၏ စိတ်အာရုံမှာ တဖြည်းဖြည်း ပွင့်ထွက်သွားပြီး မရေမတွက်နိုင်သော လူများနှင့် အဖြစ်အပျက်များမှာ ရှင်းလင်းလာခဲ့သည်။ ကျောက်ဖြစ်နေသော သူ၏နှလုံးသား ကွဲအက်သွားသည်နှင့်အမျှ ပြင်းထန်သော ခံစားချက်များက သူ၏ သွေးကြောများထဲတွင် လှုပ်ရှားလာတော့သည်။

“ငါ့အိမ်ကရော...”

“ဒါပေမဲ့ ငါ့အိမ်က ဒီမှာ မဟုတ်ဘူး”

လင်းကျဲ၏ အသံမှာ တဖြည်းဖြည်း ပြန်လည်ထွက်ပေါ်လာသည်။ သူ၏ စိတ်ထဲတွင် ကမ္ဘာမြေနှင့် နော်ဇင်၌ ကုန်ဆုံးခဲ့သော အချိန်တိုလေးအတွင်းမှ မှတ်ဉာဏ်များနှင့်၊ နှစ်ပေါင်းများစွာ ကြယ်စင်စုများကြား လွင့်မျောနေခဲ့သော မှတ်ဉာဏ်များမှာ အချင်းချင်း တိုက်ပွဲဝင်နေကြသည်။

“ဖြစ်နိုင်တာက ငါ့အိမ်က အောက်ဆုံးမှာ ဖြစ်လိမ့်မယ်... အဲဒီမှာ ငါ့ကို မွေးဖွားခဲ့တာ”

ထိုမှတ်စုစာအုပ်ထဲတွင် အရာအားလုံးကို ရှင်းလင်းစွာ ရေးသားထားခဲ့သည်။ သူသည် ရှေးဟောင်းသုတေသန အဖွဲ့တစ်ခုလုံးကို ဝါးမြိုခဲ့သည်၊ သူ၏ မိခင်ကို စားသုံးခဲ့သည်၊ နောက်ဆုံးတွင် ပြင်းထန်စွာ ဒဏ်ရာရနေသော ဖခင်ဖြစ်သူက သူ့ကို ကမ္ဘာမြေသို့ ခေါ်ဆောင်သွားခဲ့သည်။

သူ ရှိနေခြင်းကြောင့် လူများစွာ ပျက်စီးခဲ့ရသည်။

“အဲဒါ မဟုတ်ဘူး...”

ရက်ဒ်က ခေါင်းလှည့်ကြည့်လိုက်သည်။ လင်းကျဲက ဘာကြောင့် အောက်ဆုံးအထပ်က သူ၏အိမ်ဟု ပြောသည်ကို သူမ မသိသော်လည်း၊ လင်းကျဲသည် ထိုနေရာနှင့် မသက်ဆိုင်ကြောင်း သူမ သေချာပေါက် သိနေသည်။

လွန်ခဲ့သော တစ်လအတွင်း လင်းကျဲနှင့် အတူရှိနေခဲ့စဉ်တွင်၊ ဤလူမှာ ကျောက်တုံးတစ်တုံးကဲ့သို့ အမြဲတမ်း အေးစက်ပြီး ဂရုမစိုက်သလို နေတတ်သော်လည်း၊ သူမ၏ အဓိပ္ပာယ်မရှိသော အိပ်မက်ကို သူက အမြဲတမ်း ထောက်ပံ့ပေးခဲ့သည်။

သူမ၏ အဘွားသေဆုံးစဉ်ကလည်း သူက နှစ်သိမ့်ပေးခဲ့ပြီး၊ လေးထပ်နှင့် သုံးထပ်မြောက်တို့တွင်လည်း သူမကို ကူညီခဲ့သည်။

ဤအရာများသည် အောက်ပိုင်းခရိုင်တွင် လုံးဝမရှိသော အရာများ ဖြစ်သည်။ ဤနေရာ၌ မိသားစု၊ သူငယ်ချင်း သို့မဟုတ် ချစ်ခြင်းမေတ္တာဟူသည်မှာ မရှိဘဲ... အေးစက်လှသော ‘ကိရိယာ’ များသာ ရှိသည်။

သို့သော် လင်းကျဲတွင် ဤအရာများ ရှိနေပြီး ရက်ဒ်အတွက်မူ ယင်းတို့မှာ အဖိုးတန်ဆုံး အရာများပင် ဖြစ်သည်။

“အဲဒါ ရှင့်အိမ် မဟုတ်ဘူး... ရှင့်အိမ်က ကျွန်မအိမ်နဲ့ တစ်နေရာတည်းပဲ၊ ရှင်က ရှင်ပဲ၊ ရှင်က ဘော့စ်လင်ပဲ...”

ရက်ဒ်က မျက်ရည်များကြားမှ ပြုံးပြလိုက်သည်။

“ကျွန်မ တကယ်ပဲ အိမ်ကို ပြန်ချင်တယ်...”

ရက်ဒ်က ရှိုက်ငိုလိုက်သည်။

“ဘော့စ်လင်ရဲ့ စာအုပ်ဆိုင်ကို ကျွန်မ လိုက်ခဲ့လို့ ရမလား... ကျွန်မက သန်မာတယ်၊ ရှင့်အတွက် မိုင်းတူးပေးနိုင်တယ်...”

ဥမင်တစ်လျှောက်ရှိ အသံချဲ့စက်များမှ ထွက်ပေါ်လာသော ခြောက်ကပ်ကပ် အသံကြီးက သူတို့၏ နားစည်ကို ဖောက်ထွက်မတတ် မြည်ဟည်းလာသည်။

“ဥမင်အမှတ် ၃၂ က ရက်ဒ်ဟာ အဆင့် (၁) စည်းကမ်းချက်များကို ချိုးဖောက်ပြီး ထွက်ပြေးနေတယ်... သူ့ကို ဖမ်းမိသူကို အဖိုးတန်အဆင့်ရှိတဲ့ သတ္တုရိုင်း (၃) တုံး ဆုလာဘ်အဖြစ် ပေးအပ်မယ်...”

ထိုကြေညာချက် ထွက်ပေါ်လာသောအခါ ရက်ဒ်၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။ သူမ၏ ခြေလှမ်းများမှာ နှေးကွေးသွားပြီး၊ ပတ်ဝန်းကျင်ရှိ အလုပ်သမားများမှာ မိုင်းတူးခြင်းကို ရပ်ဆိုင်းကာ သူမကို ကြည့်လာကြသည်။ ယင်းမှာ သူမ ဟုတ်၊ မဟုတ် အတည်ပြုရန် ကြိုးစားနေခြင်းပင်။

လင်းကျဲ တုံ့ပြန်ရန် အချိန်မရမီမှာပင် ကြီးမားသော ပေါက်ပြားတစ်ခုက ရက်ဒ်၏ ကျောကုန်းကို အားပြင်းပြင်းဖြင့် ရိုက်ချလိုက်တော့သည်။

“အား...”

ရက်ဒ်သည် နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်ရသည်။

“မင်းက ရက်ဒ် မဟုတ်လား”

ထိုပေါက်ပြားမှာ ဆံပင်ဖြူဖြူနှင့် အဘိုးကြီးတစ်ဦး၏ လက်ထဲတွင် ဖြစ်သည်။

“မင်း ဟုတ်မဟုတ် ငါ စိတ်မဝင်စားဘူး... ဒါပေမဲ့ နီနေတဲ့သူမှန်သမျှ သေရမယ်”

ရိုက်ချက်ကြောင့် ရက်ဒ်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး ဟောင်နေသော ခွေးများက သူမအပေါ်သို့ ခုန်အုပ်လိုက်ကြသည်။ ထိုလူ၏ လုပ်ဆောင်ချက်ကြောင့် လူတိုင်းမှာ ရက်ဒ်ထံသို့ အလုအယက် ပြေးလာကြပြီး လင်းကျဲကိုလည်း ကြမ်းတမ်းစွာ တွန်းဖယ်လိုက်ကြတော့သည်။

***

အပိုင်း(၅၃၆)

ရက်ဒ်သည် တစ်စုံတစ်ယောက်၏ တွန်းဖယ်ခြင်းကို ခံလိုက်ရသည့် လင်းကျဲ၏ လက်ကို လွှတ်လိုက်ရသည်။ အမဲလိုက်ခွေးနှစ်ကောင် အနားမရောက်မီမှာပင် ရက်ဒ်၏ နောက်စေ့ကို ပေါက်ပြားဖြင့် အားပြင်းပြင်း ရိုက်ချခြင်း ခံလိုက်ရသည်။

ဘုန်း...

...သတ္တုရိုင်း သုံးတုံးစာအတွက်နှင့်တင် ဤလူများသည် မိမိတို့၏ အမျိုးအနွယ်ဝင်ကိုပင် မျက်တောင်မခတ်ဘဲ ပြန်လည်တိုက်ခိုက်ရက်ကြပေသည်။

ရက်ဒ်သည် နောက်စေ့တွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး ရှေ့သို့ မှောက်လျက်လဲကျကာ သတိလစ်သွားတော့သည်။ သို့သော် ကြောက်စရာအကောင်းဆုံး အပိုင်းက ယခုမှ စတင်ခြင်း ဖြစ်သည်။ အမဲလိုက်ခွေးနှစ်ကောင်မှာ အပြေးအလွှား ရောက်ရှိလာပြီး သူမ၏ လည်ပင်းကို ကိုက်ခဲကာ မိန်းကလေးငယ်၏ ခန္ဓာကိုယ်ထဲသို့ အဆိပ်များ ထိုးသွင်းလိုက်ကြသည်။

သူမသည် မြေပြင်ပေါ်သို့ တိတ်ဆိတ်စွာ လဲကျသွားရှာသည်။ နာကျင်မှုနှင့် ကူရာမဲ့မှုတို့ကြားတွင် ဟနေသော သူမ၏ ပါးစပ်မှ နွေးထွေးသော သွေးများသည် တောက်ပသော ချယ်ရီပန်းများပွင့်လာသကဲ့သို့ ပန်းထွက်လာခဲ့သည်။

လင်းကျဲသည် မြေပြင်မှ ဖြည်းဖြည်းချင်း ထလာပြီး ရက်ဒ်၏ အသက်ကလေး လွင့်ပြယ်သွားသည်ကို ကြည့်နေမိသည်။ သူ တစ်ချိန်က တန်ဖိုးမရှိဟု မှတ်ယူခဲ့ဖူးသော... အသက် ဟူသည့် အရာပင် ဖြစ်သည်။

လင်ကျဲ ချက်ချင်းပင် သူ၏အတွင်းရှိ စွမ်းအားများကို အကန့်အသတ်မရှိ ထုတ်လွှတ်လိုက်ရာ၊ မြေပြင်မှာ စတင်တုန်ခါလာပြီး ပြင်းထန်သော စွမ်းအင်လှိုင်းများ မြေအောက်တစ်ခွင် ပြန့်နှံ့သွားတော့သည်။

“ဝူး...”

လူသားများထက် ပိုမိုထက်မြက်သော တိရစ္ဆာန်အသိစိတ်ရှိသည့် ရက်စက်သော ခွေးနှစ်ကောင်မှာ လင်းကျဲ၏ ကြောက်မက်ဖွယ် စွမ်းအားကို အာရုံခံမိသည်နှင့် ရက်ဒ်၏ လည်ပင်းကို ချက်ချင်းလွှတ်ကာ ကြောက်လန့်တကြား ညည်းညူလိုက်ကြသည်။

စွမ်းအားများ အဆုံးမရှိ ထွက်ပေါ်နေစဉ်မှာပင်၊ မီးခိုးရောင်မြူထုထဲမှ ဟိန်းထွက်လာသော အသံများသည် လင်းကျဲ၏ နားထဲတွင် သူ၏ နိုးထမှုကို တေးသီချင်းဖြင့် ဂုဏ်ပြုနေသကဲ့သို့ တစ်ဖန် ပြန်လည်ပဲ့တင်ထပ်လာသည်။ တစ်ချိန်တည်းမှာပင် ထိုမြူထုသည် လင်းကျဲ၏ ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသေးသော သေးငယ်လှသည့် လူသားစိတ်ဆန္ဒကို ဝါးမြိုရန် ကြိုးစားနေ၏။

သို့သော်လည်း... ယခုအချိန်တွင် လင်းကျဲ၏ အကြည့်မှာ ကွယ်လွန်သွားပြီဖြစ်သော ပုပုဝဝ မိန်းကလေးငယ် ရက်ဒ်ပေါ်တွင်သာ ရှိနေသည်။ ထိုနုနယ်သော ခန္ဓာကိုယ်လေးသည် လင်းကျဲ တစ်ခါမှ မမြင်ဖူးခဲ့သော အားအကောင်းဆုံး ဝိညာဉ်ကို ဆောင်ကြဉ်းထားခဲ့ခြင်းပင်။

လင်းကျဲက ထိုစွမ်းအားကို တစ်ဖန်ပြန်လည် လက်ခံလိုက်သည်နှင့်အမျှ၊ အောက်ပိုင်းခရိုင်၏ အနက်ရှိုင်းဆုံးနေရာရှိ နတ်ဘုရား၏ ခန္ဓာကိုယ်မှ အလင်းတန်းတစ်ခု ဖြာထွက်လာပြီး နှလုံးခုန်သံတစ်ခု စတင်ပေါ်ပေါက်လာသကဲ့သို့ ရှိတော့သည်။

ကပ်ဘေး ဘုရားကျောင်းတော်၏ ခေါင်းဆောင်သည် မှောင်မိုက်သော ချောက်နက်ကြီးကို အံ့သြတုန်လှုပ်ဖွယ်ရာ အကြည့်ဖြင့် စိုက်ကြည့်နေသည်။

“နတ်ဘုရား... နိုးထတော့မယ်...”

သူက လက်နှစ်ဖက်ကို မြှောက်ကာ ဟစ်အော်လိုက်သည်။ ထိုနတ်ဘုရား ပြန်လည်ပေါ်ထွက်လာသောအခါ သူသည် အရာအားလုံးကို ဖျက်ဆီးပစ်လိမ့်မည်။ ယင်းမှာ ကပ်ဘေး ဘုရားကျောင်းတော်၏ အယူဝါဒပင် ဖြစ်သည်။ ယခုမူ သေခြင်းတရားသည် လူတိုင်းထံသို့ မကြာမီ ရောက်ရှိလာတော့မည်။

အပေါ်ဘက် လေးထပ်မြောက်မှ အသားနှင့် သွေးများ ရောနှောနေသော ပျစ်ချွဲသည့် ဒြပ်သားကြီးများ စီးကျလာသည်ကို သူ မြင်လိုက်ရသည်။ ယင်းမှာ ထိုနေရာရှိ ဗီဇပြောင်းလဲနေသော မိစ္ဆာကြီးသည် မီးခိုးရောင်မြူထု၏ လုံးဝဝါးမြိုခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း ပြသနေခြင်းပင်။ သုံးထပ်မြောက်တွင်မူ ထိုမြူထုသည် သူတို့၏ စိတ်ဝိညာဉ်အားလုံးကို ဝါးမြိုပစ်နေပြီ ဖြစ်သည်။

“အချိန်တန်ပြီ...”

လင်းကျဲ ပေးခဲ့သော အပျက်အစီး အိပ်မက် စာအုပ်ကြောင့် ကပ်ဘေး ဘုရားကျောင်းတော်အတွင်း အကြီးအကျယ် သုတ်သင်မှုများ ဖြစ်ပွားခဲ့ရာ အဖွဲ့ဝင် အနည်းငယ်သာ ကျန်ရှိတော့သည်။

ဘုရားကျောင်းတော် ခေါင်းဆောင်သည် အောက်ပိုင်းခရိုင်၏ အဆင့်မြင့် စီမံခန့်ခွဲသူများသာ ပိုင်ဆိုင်သော ဆက်သွယ်ရေး ကိရိယာကို ထုတ်ယူကာ အထက်ပိုင်းခရိုင်သို့ ပြန်နိုင်ရန် ကူညီပေးမည့် သူလျှိုတစ်ဦးကို ဆက်သွယ်လိုက်သည်။

“နတ်ဘုရား နိုးထတော့မယ်... ငါတို့ရဲ့ အစီအစဉ်တွေ အကုန်ပျက်ပြီ...”

ခေါင်းဆောင်က ကိရိယာထဲသို့ ခြောက်ကပ်စွာ အော်ပြောလိုက်သည်။

“စောလွန်းတယ်... သူ နိုးထလာတာ စောလွန်းနေတယ်...”

သူတို့၏ အစီအစဉ်မှာ အထက်ပိုင်းခရိုင်သို့ ပြန်သွားပြီး သူတို့ကို ကျွန်ပြုခဲ့သော အထက်ပိုင်းခရိုင်သား အားလုံးကို သတ်ဖြတ်ရန် ဖြစ်သည်။ နတ်ဘုရား နိုးထလာချိန်တွင် အရာအားလုံး ပျက်စီးမည်ဟူသော အချက်က သူတို့၏ လက်စားချေလိုစိတ်ကို ပိုမိုပြင်းထန်စေခဲ့သည်။

သို့သော်လည်း... အသိစိတ်ရှိသည့် မည်သူက အရာအားလုံးကို ဖျက်ဆီးမည့် နတ်ဘုရားကို ဆက်လက်ကိုးကွယ်ပါမည်နည်း။ သူတို့ သူ့ကို ယုံကြည်လျှင်ပင် ယခုအချိန်တွင် သေခြင်းတရားနှင့် ရင်ဆိုင်ရမည်သာ ဖြစ်သည်။

“ထားလိုက်တော့... ဒီနေ့ ငါတို့ အထက်ပိုင်းခရိုင်ကို သိမ်းပိုက်မယ်...”

ကပ်ဘေး ဘုရားကျောင်းတော် ခေါင်းဆောင်က သူ၏ မေးစေ့မှ နှာမောင်းလက်တံများကို ရူးသွပ်စွာ လှုပ်ခါရင်း ဟိန်းဟောက်လိုက်သည်။

‘အမှောင်ညချမ်း ကျေးရွာ’ အနီးရှိ ‘အိုင်းရစ်မျိုးနွယ်’ အဖွဲ့ဝင် အားလုံးကို ဖမ်းဆီးထားပြီး ဖြစ်သည်။ ယခုအခါ အထက်ပိုင်းခရိုင်ကို တိုက်ခိုက်မည့် အချက်ပေးသံအဖြစ် သူတို့ကို သွေးဖြင့် ပူဇော်ရန်သာ လိုတော့သည်။

ခေါင်းဆောင်၏ စကားအပြီးတွင် ဖမ်းဆီးထားသော အိုင်းရစ်မျိုးနွယ် ‘အဲ့လ်ဖ်’ များကို ဘုရားကျောင်း အဖွဲ့ဝင်များက ဆွဲထုတ်လာကြသည်။ ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ အားလုံးမှာ ရက်စက်စွာ နှိပ်စက်ခံထားရပြီး ပြင်းထန်စွာ ဒဏ်ရာရနေကြသည်။

...

ခြောက်ထပ်မြောက်…

လင်းကျဲသည် ခက်ခဲစွာဖြင့် မြေပြင်မှ ထရပ်ကာ ရက်ဒ်ရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။ ရက်စက်သော ခွေးနှစ်ကောင်မှာ အလွန်ပြင်းထန်လှသော စွမ်းအားကို အာရုံခံမိသဖြင့် အမြီးကုပ်ကာ ထွက်ပြေးသွားကြသည်။ သို့သော် ခြေလှမ်းအနည်းငယ် အကွာတွင်ပင် ထိုခွေးများသည် မီးခိုးရောင်မြူထုကြား၌ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်သွားတော့သည်။

လူသားများမှာမူ တိရစ္ဆာန်များလောက် အန္တရာယ်ကို အာရုံမခံနိုင်ကြချေ။ ရက်ဒ်၏ ဘေးရှိလူများသည် ခွေးများ ထွက်ပြေးသွားသည်ကိုသာ မြင်လိုက်ရပြီး၊ နောက်ဆက်တွဲ ထွက်ပေါ်လာသော နာကျင်စွာ အူသံများကို ကြားရသောအခါ မရေမရာ စိုးရိမ်စိတ်များ ဖြစ်ပေါ်လာသည်။ သို့သော် လင်းကျဲ သူတို့ဆီသို့ လျှောက်လာချိန်အထိ ထိုစိုးရိမ်စိတ်မှာ ဘယ်ကလာမှန်း သူတို့ မသိကြသေးချေ။

လင်းကျဲက သူ၏ ဝတ်ရုံခြုံလွှာကို ဖြည်းဖြည်းချင်း ဖယ်ရှားကာ ‘မေတ္တာ နှလုံးသား ပြောင်းလဲခြင်း’ ကို ရုပ်သိမ်းလိုက်ပြီး အထက်ပိုင်းခရိုင်တွင်သာ ရှိနိုင်သော မျက်နှာကို ဖော်ပြလိုက်သောအခါ လူတိုင်းမှာ ကျောရိုးထဲ အထိ စိမ့်တက်သွားကြတော့သည်။

အမြဲတမ်း ကြင်နာစွာ ပြုံးနေတတ်သော ထိုမျက်နှာတွင် ယခုမူ မည်သည့် အမူအရာမှ မရှိတော့ဘဲ၊ အဆုံးမဲ့ ချောက်နက်ကြီးနှင့်တူသော အေးစက်လှသည့် နက်မှောင်သော မျက်လုံးတစ်စုံသာ ရှိတော့သည်။

လင်းကျဲကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ရှင်းပြ၍မရသော ထိတ်လန့်မှုက သူတို့၏ စိတ်ကို ဖမ်းစားသွား၏။ ချက်ချင်းပင် သူတို့သည် အော်ဟစ်ကာ ထွက်ပြေးရန် ကြိုးစားကြသည်။ သို့သော် ဥမင်လမ်းတစ်ခုလုံးမှာ မီးခိုးရောင်မြူထုများ ပြည့်နှက်နေပြီး ထွက်ပေါက်အားလုံး ပိတ်ဆို့နေသည်ကို တွေ့လိုက်ရသည်။

မီးခိုးရောင်မြူထုသည် မြေအောက်ကမ္ဘာရှိ နတ်ဘုရား၏ သင်္ကေတပင် ဖြစ်သည်။ ယင်းကို မြေအောက်နန်းတော်တွင် အိပ်မက်မက်နေသော နတ်ဘုရား၏ လက်တံများဟုပင် ဆိုနိုင်ပေသည်။ ၎င်းတို့သည် ဝိညာဉ်များကဲ့သို့ လေထဲတွင် လွင့်မျောနေပြီး ညစ်ညမ်းမှုနှင့် ပုပ်သိုးမှုအားလုံး၏ မြစ်ဖျားခံရာလည်း ဖြစ်သည်။

ရက်ဒ်ကို ပေါက်ပြားဖြင့် ရိုက်ခဲ့သော အမျိုးသားမှာ စိတ်လွတ်သွားကာ သူ၏ အရုပ်ဆိုးသော မျက်နှာကို ဆုပ်ကိုင်ရင်း မြေပြင်ပေါ်၌ အော်ဟစ်ကာ နောက်သို့ ဆုတ်နေသည်။

“...ဘာလို့ သူ့ကို သတ်လိုက်တာလဲ”

လင်းကျဲက မေးလိုက်သည်။ ထိုအမျိုးသား၏ ခြေထောက်များမှာ ကြောက်လန့်လွန်း၍ တုန်ယင်နေသည်။ ဤသူထံမှ ထွက်ပေါ်လာသော စွမ်းအားမှာ သူ၏ ခန္ဓာကိုယ်ကို ခေါ်ယူနေသကဲ့သို့ ရှိပြီး၊ ကြွက်သားတိုင်းမှာ အသက်ဝင်လာကာ ခန္ဓာကိုယ်တစ်ခုလုံး ဆုတ်ဖြဲခံရတော့မည့်အလား နာကျင်မှုများကို ပေးစွမ်းနေသည်။

“ကျွန်တော်... ကျွန်တော် အစားအစာ လိုချင်လို့ပါ... သတ္တုရိုင်းနဲ့... အစားအစာ... လဲလို့ရတယ်လေ”

ထိုသူက ခက်ခဲစွာ ပြောလိုက်ပြီးနောက် ဒူးထောက်ကာ မြေပြင်ပေါ်သို့ နဖူးဖြင့် အကြိမ်ကြိမ် ဆောင့်ချတော့သည်။ ဘေးရှိ လူများကလည်း သူ၏ လုပ်ဆောင်ချက်ကို ချက်ချင်း လိုက်လုပ်ကြပြီး သွေးများထွက်လာသည်အထိ မြေပြင်ပေါ်သို့ ဦးတိုက်နေကြသည်။

“အစားအစာ မရှိရင်... ကျွန်တော်တို့ ငတ်လိမ့်မယ်... ပြီးရင် အောက်ထပ်က မိုင်းတွင်းတွေမှာ ကျွန်ခံရလိမ့်မယ်... ကျွန်တော် အဲဒီလို မဖြစ်ချင်ဘူး... တကယ် မဖြစ်ချင်ပါဘူး.... ကပ်ဘေး ဘုရားကျောင်းတော်က ပြောတယ်... နတ်ဘုရားကို သတ္တုရိုင်းတွေ ဆက်သရင် နတ်ဘုရားက ကောင်းချီးပေးပြီး... အစားအစာ ပေးလိမ့်မယ်တဲ့...”

လင်းကျဲမှာ မည်သည့် အမူအရာမှ မပြချေ။

နတ်ဘုရား...

နတ်ဘုရားက ဤနေရာတွင် ရှိမနေတာ သေချာပေသည်။

လင်းကျဲသည် ဆောင့်ကြောင့်ထိုင်လိုက်ရင်း ရက်ဒ်၏ ခန္ဓာကိုယ်လေးကို အသာအယာ ပွေ့ချီလိုက်သည်။ သူမ၏ နီမြန်းသော မျက်လုံးလေးများမှာ အသက်ကင်းမဲ့နေပြီ ဖြစ်သော်လည်း လက်ထဲတွင်လည်း မှိုတက်နေသော ဂျုံမှုန့်အိတ်ကို တင်းတင်းဆုပ်ကိုင်ထားဆဲပင်။

သူမတွင် အသက်မရှိတော့ချေ၊ သို့သော် သေခြင်းတရားမှာ အဆုံးသတ် မဟုတ်ပေ။

လင်းကျဲ မြေအောက်စွမ်းအားနှင့် လုံးဝဥဿုံ ပေါင်းစည်းလိုက်သောအခါ၊ ရှုပ်ထွေးလှသော ဥမင်များအတွင်း လျင်မြန်သော ခြေသံများ ပဲ့တင်ထပ်လာပြီး အဆုံးမရှိသော မီးခိုးရောင်မြူထုများ ထွက်ပေါ်လာကာ အောက်ပိုင်းခရိုင်၏ အထက်တန်းလွှာများကို ထိတ်လန့်သွားစေသည်။

၆၇ လမ်းမကြီး၏ တိုက်ပွဲကြောင့် ‘ရိုးလ် သယံဇာတ’ နှင့် ‘အမှန်တရား အသင်းတော်’ တို့ ထိန်းချုပ်ထားသော လမ်းကြောင်းများ ပိတ်သွားခဲ့သည်။ ထို့ကြောင့် မိမိတို့၏ အမျိုးအနွယ်ဝင်များအပေါ် အာဏာပြခဲ့သော အဆင့်မြင့် အရာရှိများသည် အထက်ပိုင်းခရိုင်၏ စွန့်ပစ်ခြင်းကို ခံရမည်စိုးသဖြင့် ကပ်ဘေး ဘုရားကျောင်းတော်နှင့် ပူးပေါင်းရန် ကြိုးစားလာကြသည်။ သူတို့သည် ‘အမှောင်ညချမ်း ကျေးရွာ’ ရှိ အဲ့လ်ဖ်များကို အသုံးချ၍ အထက်ပိုင်းခရိုင်သို့ ပြန်တက်ရန် ကြံစည်နေကြခြင်းပင်။

သို့သော် ယခုအခါ အရေးမပါသော မိန်းကလေးတစ်ဦးကို သတ်ဖြတ်လိုက်ခြင်းကြောင့် ကြီးမားသော တုန်လှုပ်မှုကြီး ဖြစ်ပေါ်လာခဲ့လေပြီ။

“မင်းက ဘယ်သူလဲ”

လင်းကျဲ မိန်းကလေးကို ပွေ့ချီထားသည်ကို မြင်သောအခါ အဆင့်မြင့် စီမံခန့်ခွဲသူ အချို့က တစ်ပြိုင်နက် မေးလိုက်ကြသည်။

“မင်းတို့ကို အိမ်ပြန်ပို့ပေးမယ့်သူပေါ့”

လင်းကျဲသည် ယခင်ကကဲ့သို့ ကြင်နာသော အပြုံးကို ပြလိုက်ပြီး ဆက်ပြောလိုက်၏။

“ဒါပေမဲ့ အဲဒီအိမ်က မင်းတို့ရဲ့ ဘိုးဘေးတွေရှိတဲ့ အိမ် (သင်္ချိုင်း) ဖြစ်လိမ့်မယ်”

ဟူး... ဟူး...

ချက်ချင်းပင် ပျံ့နှံ့သွားသော မီးခိုးရောင်မြူထုမှာ ကြီးမားသော လက်သည်းကြီးတစ်ခုကဲ့သို့ ဖြစ်လာ၏။ လင်းကျဲ၏ တိတ်ဆိတ်သော အပြုံးအောက်တွင် ထိုအဆင့်မြင့် စီမံခန့်ခွဲသူများသည် ကြောက်မက်ဖွယ် မြူထု၏ ဝါးမြိုဖျက်ဆီးခြင်းကို ခံလိုက်ရတော့သည်။

***

All Chapters