အခန်း (၅၃၇-၅၃၈)
Vol. 39 Ch. 537-538
အပိုင်း(၅၃၇)
အိုင်းရစ်မျိုးနွယ် အဲ့လ်ဖ်များကို ရှေ့မှ မောင်းထုတ်လာရင်း၊ ကပ်ဘေး ဘုရားကျောင်းတော် အဖွဲ့ဝင်များသည် သူတို့၏ လက်ဝါးကပ်တိုင်များကို မြှောက်ကာ အောက်ပိုင်းခရိုင်သားများကြား လျှောက်လာကြပြီး အထက်ပိုင်းခရိုင်ကို ပြန်လည်တိုက်ခိုက်ရန် အော်ဟစ်နေကြသည်။
ထို့နောက် လမ်းကွေ့တစ်ခုအရောက်တွင် အပိုင်းပိုင်း ပြတ်တောက်နေသော အဆင့်မြင့် စီမံခန့်ခွဲသူများကို တွေ့လိုက်ရသဖြင့် သူတို့ ခဏမျှ မှင်တက်သွားကြသည်။
ထိုအရာအားလုံးကို လုပ်ဆောင်ခဲ့သူမှာ ရက်ဒ်ကို ပွေ့ချီထားသောလူငယ်ပင် ဖြစ်သည်။
ဘုရားကျောင်းတော် ခေါင်းဆောင်သည် လင်းကျဲကို မြင်မြင်ချင်း ချက်ချင်း မှတ်မိလိုက်သည်။ ယင်းမှာ အပျက်အစီး အိပ်မက် စာအုပ်ထဲရှိ နတ်ဘုရား၏ ပုံရိပ်အပေါ် အခြေခံထားသော ခံစားချက်တစ်ခုဖြစ်ရာ လင်းကျဲကို သူ ချက်ချင်း သိလိုက်ခြင်းပင်။
“ခင်ဗျား...”
ခေါင်းဆောင်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး၊ ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှုတို့ကြောင့် ဤစကားတစ်လုံးသာ ထွက်ပေါ်လာနိုင်သည်။
လင်းကျဲ ခေါင်းလှည့်ကြည့်လိုက်ရာ နှိပ်စက်ခံထားရသော အဲ့လ်ဖ်များနှင့် သားရဲတိရစ္ဆာန်များနှင့်တူသော ကပ်ဘေး ဘုရားကျောင်းတော် အဖွဲ့ဝင်များကို မြင်လိုက်ရသည်။
“မစ္စတာလင်...”
သံခြေကျင်း ခတ်ထားရသော အဲ့လ်ဖ်တစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်၏။
“သခင်မ ဒိုရစ်ရဲ့ စကားတွေက အမှန်ပဲ... ရှင် ကျွန်မတို့ကို ကယ်ဖို့ လာတာ မဟုတ်လား”
လင်းကျဲ ခဏမျှ စဉ်းစားဟန်ပြုပြီး ခေါင်းညိတ်ပြလိုက်သည်။
“ဆစ်ဗာက ‘အမှောင်ညချမ်း ကျေးရွာ’ နဲ့ ‘အိုင်းရစ်မျိုးနွယ်’ ကြားက ရန်ငြိုးအကြောင်း အရင်က ပြောဖူးသလိုပဲ... အဲဒီ မဟူရာ အဲ့လ်ဖ်တွေက အရာအားလုံးကို ပြန်လုယူချင်နေကြတာကိုး”
လင်းကျဲက သူ၏လက်ကို ဝေ့ယမ်းလိုက်၏။
ချလွင်... ချလွင်...
ချက်ချင်းပင် အဲ့လ်ဖ်များကို ချည်နှောင်ထားသည့် သံကြိုးများမှာ ပြတ်တောက်သွားခဲ့သည်။
ကပ်ဘေး ဘုရားကျောင်းတော် ခေါင်းဆောင်သည် လွတ်မြောက်သွားသော အဲ့လ်ဖ်များကို မြင်သောအခါ၊ ရှုပ်ထွေးမှုများကြားတွင် သူ၏ ယုံကြည်မှုများ ယိုင်နဲ့လာခဲ့သည်။ နတ်ဘုရား ရောက်ရှိလာခဲ့ပြီ၊ သူသည် မိမိကိုယ်တိုင်အပါအဝင် အရာအားလုံးကို ဖျက်ဆီးပစ်တော့မည်။
နတ်ဘုရားသည် သူတို့ ဘက်မှာ ရှိမနေခဲ့ချေ... သို့ဆိုလျှင် အထက်ပိုင်းခရိုင်ကို ဖျက်ဆီးမည့် အစီအစဉ်လည်း ပြီးဆုံးသွားပြီ ဖြစ်သည်။ ယခုမူ လူတိုင်း သေကြရပေလိမ့်မည်။
သူက လက်ကို မြှောက်လိုက်ပြီး လင်းကျဲကို ပြောလိုက်သည်။
“ကျုပ် ခင်ဗျားကို ယုံကြည်တယ်”
ထို့နောက် သူ၏လက်ကို ရင်ဘတ်ပေါ်တင်ကာ လက်ချောင်းငါးချောင်းဖြင့် အားစိုက်၍ သူ၏ ကိုယ်ပိုင်နှလုံးသားကို ဆွဲထုတ်လိုက်ပြီး လင်းကျဲကို ဆက်သသည့်အလား ပြသကာ မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားတော့သည်။
လင်းကျဲ မျက်မှောင်ကြုတ်လိုက်ပြီး မြေပြင်ပေါ်ရှိ သွေးများကြောင့် နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။
“အရူးပဲ...”
မြေအောက်က အသားဆိုင်ကြီး...
မိမိကိုယ်ကို ထိုသို့ ခေါ်ဆိုခြင်းမှာ မသင့်တော်သော်လည်း၊ မည်သို့ပင်ဆိုစေ သူ၏ မူလခန္ဓာကိုယ်မှာ သုံးထပ်မြောက်ရှိ လူများ၏ စိတ်ဆန္ဒများကို ဝါးမြိုဖျက်ဆီးပြီး ဖြစ်သည်။
သူတို့ခေါင်းဆောင်၏ လုပ်ဆောင်ချက်ကို မြင်သောအခါ ကျန်ရှိနေသော အဖွဲ့ဝင်များသည် အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ ကိုယ်ပိုင်နှလုံးသားများကို ထုတ်ယူရန် ပြင်ဆင်ကြသလို၊ အခြားသူများကိုလည်း ထိုသို့လုပ်ဆောင်ရန် အတင်းအကျပ် တောင်းဆိုလာကြသည်။
လင်းကျဲသည် ဤကဲ့သို့သော ပြကွက်များကို ကြည့်ရန် ဤနေရာသို့ လာခဲ့ခြင်း မဟုတ်ပေ။ သူသည် လူတိုင်း၏ အတွေးများကို ချက်ချင်းပင် ထိန်းချုပ်လိုက်တော့သည်။
"ဒိုရစ် ဘယ်မှာလဲ..."
လင်းကျဲသည် ထိုဂိုဏ်းသားများကို ဂရုမစိုက်တော့ဘဲ လွတ်မြောက်လာသော အဲ့လ်ဖ်များကိုသာ မေးလိုက်သည်။
အဲ့လ်ဖ်အိုကြီး တစ်ဦးက ပြန်ဖြေလိုက်၏။
"အိပ်မက်ကမ္ဘာနဲ့ လက်တွေ့လောကကြားက တံခါးပွင့်သွားပါပြီ... သခင်မ ဒိုရစ်က သခင်မ ဆစ်ဗာနဲ့ မစ္စတာလင်ကို သွားတွေ့ဖို့ ထွက်သွားပါပြီ..."
လင်းကျဲ ခေါင်းညိတ်လိုက်သည်။ ဒိုရစ်က သူ့ကိုလာတွေ့မည်ဟု ပြောခဲ့သည်မှာ အမှန်ပင်။ သို့သော် လက်ရှိ အခြေအနေအရဆိုလျှင်... သူမနှင့် သူ လွဲချော်သွားခဲ့ပုံရသည်။
"မင်းတို့အားလုံး ထွက်သွားကြတော့"
လင်းကျဲ ပြောလိုက်သည်။ အဲ့လ်ဖ်များက တစ်စုံတစ်ခု ပြောရန် တုံ့ဆိုင်းနေကြသော်လည်း နောက်ဆုံးတွင် လင်းကျဲကို ဒူးထောက် အလေးပြုကြပြီး၊ တစ်ဦးကိုတစ်ဦး ကူညီရင်း အထက်ပိုင်းခရိုင်ဘက်သို့ ဦးတည်ထွက်ခွာသွားကြတော့သည်။
ထိုအချိန်တွင် ဆူညံသံများကြောင့် ရောက်ရှိလာသော အခြားမိုင်းတွင်းလုပ်သား အများအပြားမှာလည်း ဥမင်အတွင်း ပေါ်လာကြပြီး၊ လင်းကျဲကို မှောင်ရိပ်ထဲမှနေ၍ ထိတ်လန့်တကြား စောင့်ကြည့်နေကြသည်။
ကပ်ဘေး ဘုရားကျောင်းတော်ဟူသည်မှာ မြေအောက်ကမ္ဘာတွင် လျစ်လျူရှု၍မရသော တည်ရှိမှုတစ်ခု ဖြစ်သည်။ အထက်ပိုင်းခရိုင်ကပင် သူတို့၏ တည်ရှိမှုကို လက်ခံထားရသည်ဖြစ်ရာ၊ ဤနေရာရှိ လူအများစုမှာ ဘုရားကျောင်းတော်၏ ဟောပြောချက်များကို ကြားဖူးကြသည်။
‘မြေအောက်က နတ်ဘုရား နိုးထလာတဲ့အခါ လူ့လောကက အရာအားလုံး ပျက်စီးသွားလိမ့်မယ်...’ ဟူ၍...။
သူတို့သည် မိစ္ဆာနတ်ဘုရား၏ ညစ်ညမ်းမှုကို ပြင်းထန်စွာ ခံထားရသူများဖြစ်သဖြင့် လင်းကျဲနှင့် သူတို့ကြားရှိ ဆက်နွှယ်မှုမှာ ပိုမိုနက်ရှိုင်းလှပြီး၊ သူ့အပေါ် ပင်ကိုယ်သဘာဝအရ ရင်းနှီးမှုနှင့် ကြောက်ရွံ့ရိုသေမှုတို့ ရှိနေကြသည်။
လင်းကျဲက လက်ကိုမြှောက်ကာ ရက်ဒ်၏ သွေးများဖြင့် ကပ်စေးနေသော ဆံပင်များကို အသာအယာ သပ်တင်ပေးလိုက်သည်။ မမြင်ရသော စွမ်းအားများ စုစည်းလာပြီး သူမ၏ ဒဏ်ရာများကို ကုသပေးကာ အသက်ဇီဝ စွမ်းအင်ကို ပြန်လည် ထည့်သွင်းပေးလိုက်သည်။
ရှင်ခြင်းနှင့် သေခြင်းစွမ်းအားမှာ လင်းကျဲ၏ လက်ခုပ်ထဲတွင် ရှိနေ၏။ သူသည် အရာအားလုံးကို တတ်စွမ်းနိုင်သူ ဖြစ်သည်။ သို့သော်လည်း... ဤစွမ်းအားအားလုံးမှာ လင်းကျဲကို ရစ်ပတ်ထားပြီး သူ့ကို ထာဝရ ပြောင်းလဲပစ်မည့် မိစ္ဆာကြီးတစ်ကောင်နှင့် တူလှသည်။
မိန်းကလေး၏ မျက်နှာတွင် သွေးရောင် ပြန်လည်လွှမ်းမိုးလာပြီး သူမ အပြင်းအထန် ချောင်းဆိုးလိုက်သည်။ တင်းတင်းပိတ်ထားသော မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။ ထို့နောက် ရက်ဒ်၏ မျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်လာသောအခါ လင်းကျဲ၏ တည်ငြိမ်သော မျက်နှာကို မြင်လိုက်ရသည်။
"ဘော့စ်... ဘော့စ်လင်..."
ရက်ဒ်က အားနည်းစွာ ခေါ်လိုက်သည်။ သူမ၏ မှတ်ဉာဏ်ထဲတွင် လင်းကျဲကို စတွေ့ကတည်းက ထိုအထင်ပိုင်းခရိုင်သားမှာ ကမ္ဘာပျက်တော့မည့်အလား မည်သည့် အမူအရာမှ မရှိဘဲ အရာရာကို အေးစက်စွာ စောင့်ကြည့်နေတတ်သူ ဖြစ်သည်။
သို့သော် ယခုမူ လင်းကျဲ၏ အကြည့်မှာ ကြင်နာမှုနှင့် စိုးရိမ်ပူပန်မှုတို့ ပြည့်နှက်နေသည်။ ယင်းမှာ ရက်ဒ် နေမကောင်းဖြစ်စဉ်က သူမ၏ အဘွား ကြည့်ပေးတတ်သော အကြည့်မျိုးနှင့် ဆင်တူသော်လည်း တစ်မျိုးတစ်ဖုံတော့ ကွဲပြားနေသည်။
မည်သို့ပင်ဆိုစေ... သူမ၏ လည်ပင်းကို အားကိုးတကြီး ထိန်းကိုင်ပေးထားသော လင်းကျဲ၏ လက်မောင်းမှာ သူမမှတ်ဉာဏ်ထဲရှိ အဘွား၏ နွေးထွေးသော လက်များနှင့် မခြားနားချေ။ သူမ သတိလစ်နေစဉ် နဖူးကို အသာအယာ ပွတ်သပ်ပေးနေပုံမှာ ထိုမေတ္တာဓာတ်အပြည့်ရှိသော လက်များက ရောဂါအားလုံးကို ပျောက်ကင်းစေနိုင်သည့်အလားပင်။
ထိုအချိန်တွင် ရက်ဒ်အတွက် အနွေးထွေးဆုံး မှတ်ဉာဏ်မှာ လင်းကျဲနှင့် သူမ၏ အဘွားတို့ပင် ဖြစ်လာခဲ့တော့သည်။
"ကျွန်မ သေသွားတာလား... မစ္စတာလင်"
ရက်ဒ်က ခြောက်ကပ်စွာ မေးလိုက်သည်။
လင်းကျဲ၏ အနည်းငယ် တွန့်ချိုးနေသော မျက်မှောင်များက ပြေလျော့သွားပြီး နူးညံ့စွာ ပြုံးပြလိုက်၏။
"မသေသေးပါဘူးကွာ... ငါ နင့်ကို အသက်ပြန်သွင်းပေးခဲ့တာ"
"ဒါဆို ရှင်က လူတွေကို တကယ်ပဲ အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်တာပေါ့နော်..."
ရက်ဒ်က အားနည်းသော အပြုံးကို အတင်းဖျစ်ညှစ်၍ ပြုံးလိုက်သည်။
"ဘာလို့လဲဆိုတော့ ငါက နတ်ဘုရားတစ်ပါး ဖြစ်နေလို့လေ"
လင်းကျဲက အလေးအနက် ပြောလိုက်သည်။
ရက်ဒ် ခဏမျှ မှင်တက်သွားပြီးမှ ခေါင်းခါလိုက်၏။
"ရှင်က အဘွားနဲ့ အတူတူပါပဲ... ကျွန်မကို ချစ်ပြီး ကလေးတစ်ယောက်လို ဆက်ဆံပေးတဲ့သူပါ"
"ဒီနေ့ကစပြီး နင်က ကလေးတစ်ယောက် မဟုတ်တော့ဘူး"
လင်းကျဲက ကြင်နာစွာ ပြောရင်း သူမကို တွဲထူပေးလိုက်သည်။ တောင့်တင်းနေသော ခြေလက်များကြောင့် မိန်းမငယ်လေးမှာ လဲကျလုနီးပါး ဖြစ်သွားသည်။
ရက်ဒ်က သူတို့ကို ဝိုင်းရံထားသော လူအုပ်ကြီးကို ကြည့်လိုက်ပြီးနောက် ရှေ့သို့ ယိုင်တိယိုင်ထိုး လျှောက်သွားကာ လူတိုင်းကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေမိသည်။
လင်းကျဲက ရက်ဒ်၏ လက်ကို ဆုပ်ကိုင်ကာ ကပ်ဘေး ဘုရားကျောင်းတော် အဖွဲ့ဝင်များ၏ ရှေ့သို့ ခေါ်ဆောင်လာခဲ့၏။
"မင်းတို့ရဲ့ ခေါင်းဆောင် သေသွားပြီ... ဒီနေ့ကစပြီး ရက်ဒ်ဟာ ကပ်ဘေး ဘုရားကျောင်းတော်ရဲ့ ခေါင်းဆောင်သစ် ဖြစ်လာလိမ့်မယ်..."
***
အပိုင်း(၅၃၈)
အက်ရှ် ကုန်သွယ်ရေး အသက်ကြီးသည် ရိုးလ် သယံဇာတနှင့် ယှဉ်ပြိုင်တော့မည်ဖြစ်ရာ၊ အထက်ပိုင်းခရိုင်နှင့် အောက်ပိုင်းခရိုင်တို့ ဆက်သွယ်မိသွားသည့်အခါ ကပ်ဘေး ဘုရားကျောင်းတော်သည် ‘နေမင်းယုံကြည်မှု’ နှင့် အတူယှဉ်တွဲ နေထိုင်ရပေလိမ့်မည်။
သို့မဟုတ်ပါက ‘နေမင်းယုံကြည်မှု’ သည် တစ်နေ့တွင် နောက်ထပ် ‘အမိုးခုံး ဘုရားကျောင်းတော်’ တစ်ခု ဖြစ်လာပေလိမ့်မည်။
လူတိုင်းမှာ မယုံကြည်နိုင်သော အကြည့်ဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။ မြေပြင်ပေါ်တွင် လဲလျောင်းနေသူမှာ သူတို့၏ ခေါင်းဆောင် ဖြစ်သော်လည်း၊ သူတို့ရှေ့တွင် ရှိနေသူမှာမူ ‘စစ်မှန်သော နတ်ဘုရား’ ပင် ဖြစ်သည်။
"ကျွန်မ..."
ရက်ဒ်က ပါးစပ်ဟလိုက်ပြီး တစ်စုံတစ်ခု ပြောရန် ကြိုးစားသည်။ လင်းကျဲသည် မည်သူ့ကိုမျှ တုံ့ပြန်ရန် အချိန်မပေးသလို၊ ရက်ဒ်ကိုလည်း စကားပြောခွင့် မပေးဘဲ သူမကို ဆွဲခေါ်ကာ မြေအောက်သို့ ဆင်းခဲ့စဉ်က အသုံးပြုခဲ့သော တွင်းဝဆီသို့ ဦးတည်လိုက်သည်။ ယခုအခါ ထိုတွင်းဝမှာ မီးခိုးရောင်မြူထုများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
လင်းကျဲက ရက်ဒ်ကို လှည့်ကြည့်ကာ ပြောလိုက်၏။
"ကလေးတွေဟာ တစ်နေ့မှာ လူကြီးဖြစ်လာမှာပဲ... ပြီးတော့ လူကြီးတိုင်းက လူဆိုးတွေ မဟုတ်ကြပါဘူး... လူကြီးဆိုးတွေ အများကြီး ရှိနေလို့လည်း ရက်ဒ်က လူကြီးကောင်းတစ်ယောက် ဖြစ်လာပြီး တခြားသူတွေကို လူကောင်းဖြစ်အောင် ကူညီပေးရမယ်နော်..."
ရက်ဒ်က ပြုံးနေသော လင်းကျဲကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေမိသည်။
"လူတွေဟာ အမြဲတမ်း ကြီးပြင်းလာကြရမှာပဲ... ဒါဟာ ရှောင်လွှဲလို့မရတဲ့ အရာတစ်ခုပဲ၊ ငါ အိမ်ပြန်ရမှာနဲ့ အတူတူပေါ့..."
"ဘော့စ်လင်က အိမ်မပြန်ချင်ဘူးလား..."
လင်းကျဲ၏ စကားထဲတွင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ရက်ဒ် ရိပ်မိလိုက်သဖြင့် သူ၏ လက်ကို အတင်းဆွဲလိုက်သည်။
လင်းကျဲက ပြုံးပြပြီး အမှန်အတိုင်း ဖြေလိုက်၏။
"မပြန်ချင်ဘူး... ငါ ဟိုမှာ ကုန်ဆုံးခဲ့တဲ့ အချိန်တွေက ဒီမှာ ထက် အများကြီး ပိုများခဲ့ပေမဲ့လည်း... အိမ် ဆိုတဲ့ စကားလုံးက လူတစ်ယောက်ရဲ့ တည်ရှိမှု အတွက် တကယ်ကို အရေးကြီးတယ်လေ"
ကမ္ဘာမြေကနေ နော်ဇင်အထိ၊ လူသားဘဝ အသက် ၃၀ နီးပါး... အဆုံးမဲ့ခဲ့သည့် အချိန်များနှင့် ယှဉ်လျှင် ၎င်းမှာ သမုဒ္ဒရာထဲက ရေတစ်စက်မျှသာ ဖြစ်သည်။
လင်းကျဲသည် မီးခိုးရောင်မြူထုများ ပြည့်နေသော တွင်းဝကို ကြည့်ရင်း တွေးနေမိသည်။
"နင်က ငါ့ကို အများကြီး နားလည်အောင် လုပ်ပေးခဲ့တယ်... ဥပမာ... နင်တို့လို လူသားတွေမှာ ရှိတဲ့ အိပ်မက်တွေပေါ့..."
နောက်တစ်ကြိမ် ပြန်လာနိုင်တော့မည် မဟုတ်ဟု တွေးမိကာ လင်းကျဲသည် ရက်ဒ်ကို သူ၏အကြောင်း အားလုံး ပြောပြလိုက်သည်။ အကယ်၍ သူသာ ထိုနတ်ဘုရား ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားပါက သူသည် လင်းကျဲအဖြစ် ရှိတော့မည် မဟုတ်ကြောင်းလည်း ပါဝင်သည်။
"ရက်ဒ်... ငါက အဲဒီ မိစ္ဆာ နတ်ဘုရားပဲ... အခြားကမ္ဘာမှာ ငါ့မိဘတွေကို ငါသတ်ခဲ့တယ်၊ သူတို့ရဲ့ သူငယ်ချင်းတွေကိုလည်း ငါသတ်ခဲ့တယ်... ငါ့ရဲ့ စာအုပ်တွေနဲ့ ငါ့ရဲ့ ပင်ကိုယ်ဗီဇတွေကြောင့် မရေမတွက်နိုင်တဲ့ လူတွေကို ပူဇော်ခဲ့ရတယ်... ငါ့ရဲ့ မူလခန္ဓာကိုယ် ရှိနေလို့လည်း အောက်ပိုင်းခရိုင်တစ်ခုလုံး ညစ်ညမ်းခဲ့ရတာ..."
"ငါ ဒါကို မကြိုက်ဘူး... ဒါပေမဲ့ ဒါတွေက အမှန်တရားတွေပဲ"
လင်းကျဲ သက်ပြင်းချလိုက်သည်။
“တကယ်လို့ ငါက နတ်ဘုရားတစ်ပါးအဖြစ် ခံယူလိုက်ရင်၊ ငါလုပ်ခဲ့တဲ့ အမှားတွေအတွက် ဘယ်လို တာဝန်ယူရမလဲ...”
"ဒါတွေအားလုံးက ငါ့ရဲ့ လူသားဆန်တဲ့ နောင်တတွေကို ဖိစီးနေစေတယ်... ဒါပေမဲ့ အဲဒီနောင်တတွေက ငါ့နှလုံးသားထဲမှာ နောက်ထပ် အသံတစ်ခု ဖြစ်လာပြီး ငါဟာ မိစ္ဆာ နတ်ဘုရားတစ်ပါး ဖြစ်ကြောင်း၊ ဘယ်သူ့ကိုမှ သနားနေစရာ မလိုကြောင်း၊ ရှင်ခြင်းသေခြင်းကို ငါထိန်းချုပ်နိုင်ကြောင်း၊ အရာရာကို ငါကြိုးကိုင်နိုင်ပြီး ငါလိုချင်တာ အကုန်ရနိုင်ကြောင်း ပြောနေကြတယ်...ဂ
"ဒီအသံတွေက ငါ့ရဲ့ နောင်တတွေထဲကနေ ရုန်းထွက်နိုင်အောင် ကူညီပေးခဲ့ပေမဲ့၊ တစ်ဖက်မှာလည်း ငါသဘောကျတဲ့ ‘ငါ’ ဆိုတဲ့ ပုံရိပ်ကနေ ငါ့ကို တဖြည်းဖြည်း ဝေးကွာသွားစေခဲ့တယ်"
လင်းကျဲက ခါးသီးစွာ ပြုံးလိုက်ပြီးနောက် ဆောင့်ကြောင့်ထိုင်ကာ ရက်ဒ်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
"နင့်ကို ကလေးတစ်ယောက်လို သဘောမထားဘဲ ဒါတွေ အကုန်ပြောပြမိလို့ တောင်းပန်ပါတယ်"
"ကျွန်မက ကလေးမဟုတ်တော့ဘူးလို့ ဘော့စ်လင်ပဲ ပြောခဲ့တာလေ"
ရက်ဒ်က ရုတ်တရက် ကြားဖြတ်ပြောလိုက်ပြီး ခါးထောက်လိုက်သည်။
"ကျွန်မက ကလေးဖြစ်ဖြစ်၊ မဖြစ်ဖြစ်၊ တစ်ခုတော့ သေချာ သိတယ်"
ရက်ဒ်သည် သူမ၏ လက်နှစ်ဖက်ဖြင့် လင်းကျဲ၏ မျက်နှာကို ကိုင်လိုက်ပြီး၊ သူမ၏ နဖူးကို သူ၏နဖူးနှင့် ထိကပ်ကာ မျက်လုံးများကို အသာအယာ မှိတ်လိုက်သည်။
"ဘာလို့လဲဆိုတော့ ကျွန်မ သိနေလို့လေ..."
"ဘော့စ်လင်က ကယ်တင်ရှင် တစ်ယောက်ပဲ ဆိုတာ"
လင်းကျဲ၏ ချောက်နက်ကြီးနှင့်တူသော မျက်လုံးများမှာ ရုတ်တရက် လင်းလက်သွား၏။
"ရှင်ဟာ ကျွန်မ ကြားဖူးခဲ့တဲ့ စာအုပ်တွေထဲက ကယ်တင်ရှင်ပဲ... ရှင့်ရဲ့ ပေးဆပ်မှုကြောင့်သာ ကျွန်မရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အခွင့်အရေး ရခဲ့တာ..."
ရက်ဒ်၏ ပါးပြင်ပေါ်သို့ မျက်ရည်များ တစ်ဖန် ပြန်လည် စီးကျလာပြန်သည်။
"ပြီးတော့ ရှင်က အသိစိတ်မဲ့နေတဲ့ မိစ္ဆာနတ်ဘုရားရဲ့ စိတ်အလိုဆန္ဒ ဖြစ်သွားတဲ့အခါ၊...သူဟာ ညစ်ညမ်းမှုတွေကို ရပ်တန့်လိုက်လိမ့်မယ်..."
"ရှင်ဟာ ဘော့စ်လင်ပါ... မိစ္ဆာနတ်ဘုရား မဟုတ်ဘူး၊ ကယ်တင်ရှင် တစ်ယောက်ပဲ"
လင်းကျဲသည် ရက်ဒ်၏ နီမြန်းနေသော ပါးပြင်လေးနှင့် တောက်ပနေသော မျက်လုံးလေးများကို ကြည့်ရင်း တစ်စုံတစ်ရာကို ရုတ်တရက် နားလည်သွားပုံရသည်။
"နင် မှန်တယ်... ဒါက အရမ်းရိုးရှင်းတဲ့ အရာလေးပဲကို ငါက နားမလည်နိုင်ခဲ့ဘူး"
လင်းကျဲ ကြင်နာစွာ ပြုံးလိုက်၏။
"ရက်ဒ်... တစ်ခါက စာအုပ်ရောင်းရတာကို သဘောကျတဲ့ ဘော့စ်လင် ဆိုတာ ရှိခဲ့ဖူးတယ်ဆိုတာကို မှတ်ထားပေးပါ... စိတ်နှလုံး ကောင်းမွန်ပြီး တခြားသူတွေကို ကူညီဖို့ အမြဲတမ်း စိတ်အားထက်သန်တဲ့သူပေါ့... ဒါကြောင့်လည်း သူဟာ လူအများရဲ့ ချစ်ခြင်းကို ခံခဲ့ရတာ..."
ရက်ဒ်က ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်သည်။ တစ်ချိန်တည်းမှာပင် လင်းကျဲ၏ ထိတွေ့မှုမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။ သူမ စိုးရိမ်တကြီးဖြင့် သူ့ကို ဖမ်းဆွဲရန် ကြိုးစားလိုက်သော်လည်း လင်းကျဲမှာ မြူခိုးများအဖြစ် လုံးဝပြောင်းလဲသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
"ဘော့စ်လင်...”
သူမ အော်ဟစ်လိုက်သော်လည်း မြေအောက်တစ်ခုလုံးတွင် ပြည့်နှက်နေသော မီးခိုးရောင်မြူထုမှာ တဖြည်းဖြည်း ကျုံ့ဝင်လာပြီး ရက်ဒ်ဘေးရှိ အပေါက်ထဲသို့ လျင်မြန်စွာ ပြန်လည်ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။
မြေအောက်တွင် နှစ်ပေါင်းထောင်ချီ၍ တည်ရှိခဲ့သော မီးခိုးရောင်မြူထုမှာ မုန်တိုင်းအပြီး ကောင်းကင်ပြာလွင်သွားသကဲ့သို့ နောက်ဆုံးတွင် လုံးဝကင်းစင်သွားခဲ့ပြီး၊ ညစ်ညမ်းမှုအားလုံးမှာလည်း ဤအခိုက်အတန့်တွင် ရပ်တန့်သွားခဲ့လေပြီ။
ရက်ဒ်၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများမှာ တဖြည်းဖြည်း ကွာကျလာပြီး သူမ၏ မေးစေ့မှ နှာမောင်းလက်တံများသည်လည်း အရေပြားအတွင်းသို့ ပြန်ဝင်သွားကာ၊ ဖြူဖွေးနုနယ်သော အသားအရေရှိသည့် ဝဝတုပ်တုပ် မိန်းကလေးငယ်လေး၏ အသွင်အပြင်ကို ပြန်လည်ဖော်ပြလာခဲ့သည်။
သူမ၏ နီမြန်းသော မျက်လုံးများက ပတ်ဝန်းကျင်ရှိ လူများတွင်လည်း ညစ်ညမ်းမှုများ ရပ်တန့်သွားသည်ကို မြင်တွေ့နေရသည်။ သူတို့သည် အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာရသဖြင့် ဝမ်းသာအားရ ကခုန်နေကြသည်။
သို့သော် ရက်ဒ်မှာမူ မိမိကိုယ်ကို မမြင်နိုင်သလို ပျော်ရွှင်မှုကိုလည်း မခံစားနိုင်ချေ။ မျက်ရည်များဖြင့် ဝေဝါးနေသော သူမ၏ အကြည့်မှာ လင်းကျဲ ဝင်ရောက်သွားသော ချောက်နက်ကြီးဆီသို့သာ စိုက်ကြည့်နေမိသည်။
အရာအားလုံးကို ပြောင်းလဲပေးခဲ့သော ကယ်တင်ရှင် ခြေချသွားသည့် နေရာမှာ ငရဲဘုံတစ်ခုပင် ဖြစ်ပေတော့သည်။
ဝှစ်...
မြေအောက်ရှိ အနက်ရှိုင်းဆုံးနေရာ၌ လင်းကျဲသည် မီးခိုးရောင်မြူထုထဲမှ ပေါ်ထွက်လာခဲ့သည်။ သူ၏ အနက်ရောင် ဝတ်ရုံခြုံလွှာမှာ ဘုရားဖူးခရီးသည်တစ်ဦး၏ ဝတ်ရုံကဲ့သို့ မြေပြင်ပေါ်၌ ပြန့်ကားသွားပြီး ပြင်းထန်လှသော သွေးညှီနံ့များက သူ၏နှာခေါင်းထဲသို့ တိုးဝင်လာသည်။ အသားနှင့် သွေးများဖြင့် တည်ဆောက်ထားသော မိစ္ဆာနတ်ဘုရား၏ အသိုက်အအုံမှာ မြေအောက်နန်းတော် တစ်ခုလုံးတွင် ပြန့်နှံ့နေသည်။
ထိုအသားဆိုင် နန်းတော်ကြီး၏ အလယ်ဗဟိုတွင် သွေးကြောများဖြင့် ပြည့်နှက်နေသော ပလ္လင်တော်တစ်ခု ရှိနေသည်။ ယင်းမှာ သူ့အတွက် နှစ်ပေါင်းထောင်ချီ၍ ပြင်ဆင်ထားခဲ့သော ‘နတ်ဘုရား ပလ္လင်တော်’ ပင် ဖြစ်သည်။
"ဘော့စ်လင်..."
ရင်းနှီးသောအသံတစ်ခု အပေါ်ဘက်မှ ပဲ့တင်ထပ်လာသည်။ မီးခိုးရောင်မြူထု၏ ဝါးမြိုမှုမှ ကင်းစင်သွားပြီး မိန်းကလေးငယ် အသွင်အပြင်ကို ပြန်လည်ရရှိသွားသော ရက်ဒ်က သူ၏အမည်ကို အော်ခေါ်နေခြင်း ဖြစ်သည်။
"ဘော့စ်လင်... ရှင်က မိစ္ဆာနတ်ဘုရား မဟုတ်ပါဘူး... ရှင်က ကျွန်မနဲ့ လူတိုင်းရဲ့ ကယ်တင်ရှင်ပါ..."
သူမသည် အသံများ ခြောက်ကပ်ပြီး စကားမပြောနိုင်တော့သည့်တိုင်အောင် အဆက်မပြတ် အော်ဟစ်နေရှာသည်။
လင်းကျဲသည် သူမ၏ အသံကို နားထောင်ရင်း နတ်ဘုရား ပလ္လင်တော်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားသည်။ ယင်းမှာ နှစ်ပေါင်းများစွာ ကြာပြီးမှ အိမ်ပြန်လာသော သားမိုက်တစ်ဦးကဲ့သို့ ဖြစ်သလို၊ ‘ငါ ငရဲမဆင်းရင် ဘယ်သူဆင်းမလဲ’ ဟူသော စိတ်ဓာတ်ဖြင့် လျှောက်လှမ်းနေသည့် အာဇာနည်တစ်ဦးနှင့်လည်း တူလှပေတော့သည်။
ထို့နောက်တွင်တော့ သူသည် ငြိမ်းချမ်းလှသော နှစ်ခြိုက်စွာ အိပ်စက်ခြင်း အတွင်းသို့ နစ်မျောသွားလေတော့သည်။
***