အခန်း (၅၃၉-၅၄၀)
Vol. 39 Ch. 539-540
အပိုင်း(၅၃၉)
ကောင်းကင်ယံမှ ကျောက်ခဲကလေးများ ပစ်ချနေသကဲ့သို့ မိုးသည် သည်းထန်စွာ ရွာသွန်းဖြိုးချနေသည်။ မြေပြင်ပေါ်သို့ တဖောက်ဖောက် ကျဆင်းလာသော မိုးပေါက်ကြီးများက သွေးညှီနံများကို ဆေးကြောပစ်လိုက်ကြ၏။ တစ်နည်းအားဖြင့်ဆိုသော် ဤသို့ သည်းထန်စွာရွာချလိုက်သော မိုးကြောင့်သာ ဘလိတ် တစ်ယောက် အသက်ဆက်ခွင့်ရခဲ့ခြင်း ဖြစ်သည်။
သူသည် လူသူကင်းမဲ့သော မြောင်းနက်တစ်ခုအတွင်းရှိ ယိုင်နဲ့နဲ့ ကွန်ကရစ်အိုးဟောင်းတစ်ခုထဲတွင် ပုန်းအောင်းနေရသည်။ သူ၏ ပခုံးနှင့် ခြေထောက်များတွင် ပတ်ထားသော ပတ်တီးများမှာ သွေးရောင်တို့ဖြင့် ရဲရဲနီနေလေပြီ။ တိုက်ခိုက်ရေးအတွက်သာ သီးသန့်လေ့ကျင့်ထားသော သူ၏ ခန္ဓာကိုယ်သည် ကုသရေးမှော်ပညာရပ်များ၌ အသုံးမဝင်လှချေ။
မှော်ပညာ...
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်က ရူးသွပ်မှု၏ အစွန်းအဖျားတွင် လျှောက်လှမ်းမှသာ ရရှိနိုင်သည့် ထူးခြားဆန်းပြားသော စွမ်းအားများထက် ပိုမိုအစွမ်းထက်သည့်၊ လူသားတို့ လက်ဝယ်ပိုင်ဆိုင်လာသော စွမ်းအားသစ်ပင် ဖြစ်သည်။
ယခုခေတ်တွင် လူသားတို့သည် မိမိတို့၏ သွေးနှောမှုနှင့် မှော်သားရဲများကို အာရုံပြုရုံမျှဖြင့် မှော်စွမ်းအားများကို ရရှိနိုင်ကြပြီ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက အိပ်မက်ကမ္ဘာနှင့် လက်တွေ့လောကကြားရှိ အတားအဆီးများ ပြိုပျက်သွားပြီးနောက် အဇီး တစ်ပြင်လုံးသည် အဆင့်မြင့်မှော်ခေတ်သို့ ကူးပြောင်းရောက်ရှိခဲ့သည်။
အိပ်မက်ဘုံမှ စီးဆင်းလာသော အီသာ စွမ်းအင်ထုကြီးသည် အိပ်မက်သားရဲများ (သို့မဟုတ် ယခုအခါတွင် မှော်သားရဲများဟု ခေါ်ဆိုကြသည်) နှင့်အတူ တိုက်ကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး လူသားတို့၏ သွေးသားစွမ်းရည်များကို နိုးထစေခဲ့သည်။ ထိုအချိန်မှစ၍ နော်ဇင်မြို့ပြကြီးသည် သာမန်လူနှင့် အစွမ်းထက်ပုဂ္ဂိုလ်များကြား ခွဲခြားထားသည့် အမှောင်ခေတ်ထဲမှ လုံးဝရုန်းထွက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤခေတ်ကာလတွင် မှော်ဆရာတစ်ဦး မဟုတ်ပါက အဇီးကမ္ဘာ၌ အသက်ရှင်ရပ်တည်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ဘလိတ်၏ အမည်ကို ကြည့်ခြင်းဖြင့် သူသည် အောက်ပိုင်းခရိုင် မှ ဆင်းသက်လာသူမှန်း သိသာလှသည်။ အကြောင်းကား... သူ့တွင် မျိုးရိုးအမည် မရှိသောကြောင့် ဖြစ်သည်။
ကပ်ဘေး ဘုရားကျောင်းတော်၏ အကြီးအကဲဖြစ်သူ ‘ရက်ဒ်’ သည် အောက်ပိုင်းခရိုင်ရှိ လူသားဟောင်းများအားလုံးကို မြေပေါ်သို့ ပြန်လည်ဦးဆောင်ခေါ်ယူလာခဲ့သည်။ ယခင် အခရာအဆင့် အမှန်တရားအသင်းတော်၏ ပညာရှိကြီး ‘ရာဇီရယ်’ ရေးဆွဲခဲ့သော စီမံကိန်းအရ လက်ရှိ နော်ဇင်မြို့သည် ယခင်ကထက်ပင် ပိုမိုကြီးမား ကျယ်ပြန့်လာခဲ့သည်။
အောက်ပိုင်းခရိုင်သားများသည် နတ်ဘုရားနှင့် နီးကပ်စွာ နှစ်ပေါင်းထောင်ချီ နေထိုင်ခဲ့ကြသူများ ဖြစ်သဖြင့် သူတို့၏ ဝိညာဉ်ရေးရာ အသိအမြင်နှင့် ပါရမီမှာ ပိုမိုမြင့်မားကြသည်။ တစ်နည်းအားဖြင့်ဆိုသော် အောက်ပိုင်းခရိုင်မှ ဆင်းသက်လာသူများသည် ရှားပါးသော မှော်ပါရမီရှင်များ ဖြစ်ကြသည်။
သို့သော်လည်း ဤကမ္ဘာသည် သန်ရာသူက နှိပ်စက်စမြဲပင်။ အထက်ပိုင်းခရိုင်သားများသည် လူဦးရေသာလွန်ခြင်းနှင့် မှော်ပညာကို ကြိုတင်သုတေသနပြုနိုင်ခြင်းတို့ကြောင့် အောက်ပိုင်းခရိုင်ထက် များစွာ သာလွန်နေခဲ့သည်။
ထို့ပြင် ကပ်ဘေး ဘုရားကျောင်းတော်၏ အဆုံးအမများသည် အောက်ပိုင်းခရိုင်သား အားလုံးမှာ နတ်ဘုရား၏ ရွေးချယ်ခံရသူများဖြစ်ကြောင်း ဟောပြောထားရာ၊ ၎င်းမှာ အကြီးဆုံးနှင့် နံပါတ်တစ် ကိုးကွယ်မှုဖြစ်သော နေမင်းယုံကြည်မှု နှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကတည်းက အသက်ရှင်နေထိုင်ခဲ့ကြသော အချို့သော အစွမ်းထက်ပုဂ္ဂိုလ်များသည် ယနေ့တိုင် အောက်ပိုင်းခရိုင်သားတို့၏ သွေးနှောမှုကို နိမ့်ကျသူများဟု မှတ်ယူနေကြဆဲ ဖြစ်သည်။
ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးဆိုသည်မှာ... ယိုင်နဲ့နဲ့ ဟန်ချက်တစ်ခုပေါ်တွင် တည်ဆောက်ထားသော စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်ပေသည်။
“ငါ ဒီလိုဘဝမျိုးကို တန်ဖိုးထားသင့်တာပေါ့...”
ဘလိတ် တွေးလိုက်မိသည်။ ရှေးယခင် ရာစုနှစ်များစွာက သူ၏ ဘိုးဘေးဘီဘင်များသည် အောက်ပိုင်းခရိုင်တွင် ကျွန်ပြုခံခဲ့ရသည့်၊ လူလည်းမဟုတ် သတ္တဝါလည်းမဟုတ်သော မိစ္ဆာသတ္တဝါကြီးများ ဖြစ်ခဲ့ကြသည်ဟု ဆိုကြသည်မဟုတ်လော။
“ကျေးဇူးတင်ပါတယ် အရှင်မြတ်... ကျေးဇူးတင်ပါတယ် အရှင်မ...”
ဘလိတ်သည် သူ၏ ရင်ဘတ်ပေါ်တွင် လက်ချောင်းများဖြင့် စက်ဝိုင်းပုံတစ်ခုကို ဆွဲလိုက်သည်။ ၎င်းမှာ ကပ်ဘေး ဘုရားကျောင်းတော်၏ သင်္ကေတပင် ဖြစ်သည်။
စကားချပ်အနေဖြင့် ပြောရလျှင် အဇီးလောကတစ်ခုလုံး၌ နတ်ဘုရားတစ်ပါးတည်းသာ ရှိသော်လည်း အဓိက ကိုးကွယ်မှုမှာ နှစ်မျိုးကွဲပြားနေသည်။ ၎င်းတို့မှာ ကပ်ဘေး ဘုရားကျောင်းတော်နှင့် နေမင်းယုံကြည်မှုတို့ ဖြစ်ကြသည်။
နှစ်ဖက်စလုံးက နတ်ဘုရားတစ်ပါးတည်းကိုသာ ကိုးကွယ်ကြသော်လည်း ကျမ်းစာအဓိပ္ပာယ်ဖွင့်ဆိုချက် မတူညီမှုကြောင့် နှစ်စဉ်နှစ်တိုင်း ဘာသာရေးခေါင်းဆောင် ‘ရက်ဒ်’ နှင့် နေမင်းယုံကြည်မှု၏ ပုပ်ရဟန်းမင်းကြီး ‘ဗင်းဆင့်’ တို့ ရုပ်မြင်သံကြားမှတစ်ဆင့် အပြန်အလှန် ဝေဖန်ပုတ်ခတ်နေကြသည်ကို မြင်တွေ့ရတတ်သည်။
ဘလိတ် ဆုတောင်းပြီးသောအခါ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှ မှိန်ဖျော့ဖျော့ အလင်းတန်းများ ထွက်ပေါ်လာပြီး တဖြည်းဖြည်း ကျက်သွားလေသည်။ နတ်ဘုရားနှင့် အရှင်မတို့မှာ အမှန်တကယ် တည်ရှိနေကြသဖြင့် ဤကဲ့သို့သော အံ့ဖွယ်ထူးကဲမှုမျိုးမှာ ရှားပါးလှသည်မဟုတ်။
ဘလိတ် လက်မောင်းကို မြှောက်လိုက်ပြီး ပတ်တီးရှည်ကြီးများကို ဖယ်ရှားလိုက်ရာ သူ၏ လက်မောင်းပေါ်တွင် တောက်ပသော အကြေးခွံများ ပေါ်လာတော့သည်။ သူသည် အခြားသူများနှင့် အနည်းငယ် ကွဲပြားသည်။ သူ၏ သွေးသားတစ်ဝက်မှာ အိပ်မက်သားရဲများထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။
စုန်းမကြီး ဆစ်ဗာက အိပ်မက်ဘုံနှင့် လက်တွေ့လောကကို ပေါင်းစပ်ပေးလိုက်ပြီးနောက် အိပ်မက်သားရဲများနှင့် လူသားတို့သည် တိုက်ကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ စွမ်းအားကြီးမားသော မှော်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသည့် ရှေးဟောင်းနဂါးများနှင့် အဲ့လ်ဖ်များကဲ့သို့သော ဆစ်ဗာ စောင့်ရှောက်သည့် မျိုးနွယ်စုများသည် သဘာဝအတိုင်း မြင့်မြတ်သော တည်ရှိမှုများ ဖြစ်ကြသည်။
မြင့်မြတ်သောသွေးနှင့် နိမ့်ကျသောခန္ဓာကိုယ် ပေါင်းစပ်နေခြင်းမှာ ဝမ်းနည်းစရာကောင်းလှသည့် တည်ရှိမှုပင်။ အာဏာမက်မောသော ဖခင်ဖြစ်သူ၏ စမ်းသပ်ခံ သတ္တဝါတစ်ဦး ဖြစ်နေသည်မှာကား ပြောမနေသာတော့ပေ။
“အရာအားလုံး မြန်မြန်ဆန်ဆန် ပြီးဆုံးသွားပါစေတော့...”
ဘလိတ်သည် ရေရွတ်လိုက်ရင်း မိုးထဲသို့ ပြေးဝင်သွားတော့သည်။
...
“သူ့ကို တွေ့ပြီလား”
အဖြူရောင် ဝတ်စုံဝတ် ရှာဖွေရေးအရာရှိတစ်ဦးက အပြေးအလွှား ရောက်ရှိလာသော လက်အောက်ငယ်သားများကို မေးမြန်းလိုက်သည်။ သူတို့ဝတ်ဆင်ထားသော ဝတ်စုံများမှာ သိပ္ပံနည်းကျ စနစ်ကျမှုနှင့် သူရဲကောင်းဆန်သော လက်ရာများ ပေါင်းစပ်ထားပြီး ပခုံးပေါ်တွင် မြွေဟောက်နှင့် ဓားနှစ်စင်း ယှက်လျက်ပါသော တံဆိပ်တစ်ခု ရှိနေသည်။
၎င်းမှာ ‘နော်ဇင်ကောင်စီ’ ၏ သင်္ကေတ ဖြစ်သည်။
ဒဏ္ဍာရီများအရ... လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်က ဖြစ်ပွားခဲ့သည့် အပြောင်းအလဲကြီးအတွင်း၌ အမျက်ထွက်နေသော နတ်ဘုရားသည် ငွေရောင်နဂါးတစ်ကောင်ကို စေလွှတ်၍ နတ်ဘုရားအဖြစ် ဟန်ဆောင်ရန် ကြိုးပမ်းသည့် ကျဆုံးသွားသော ကောင်းကင်တမန်များကို အပြစ်ပေးခဲ့သည်ဟု ဆိုကြသည်။ ‘မီးလျှံဓားလမ်းစဉ်’ ဟု ခေါ်ဆိုကြသည့် ထိုကျဆုံးကောင်းကင်တမန်များကို နတ်ဘုရားက လုံးဝ အမြစ်ပြတ်အောင် ချေမှုန်းခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်က လူသားတို့၏ အကြီးဆုံးအဖွဲ့အစည်းဖြစ်သော လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်သည် ထိုကျဆုံးကောင်းကင်တမန်များနှင့် ပူးပေါင်းခဲ့မိသဖြင့် အထိနာခဲ့ရသည်။ နောက်ဆုံးတွင် သူတို့သည် အခြားအဖွဲ့အစည်းတစ်ခုဖြစ်သော အမှန်တရား အသင်းတော်နှင့် ပူးပေါင်းကာ ‘နော်ဇင်ကောင်စီ’ ဟု အမည်ပြောင်းလဲခဲ့ပြီး နော်ဇင်၏ ကိစ္စရပ်အားလုံးကို ဦးဆောင်ကိုင်တွယ်ခဲ့ကြသည်။ နော်ဇင်ကောင်စီကို ရောင်စဉ် သူရဲကောင်းကြီး ဂျိုးဇက် က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး၊ အမှန်တရားအသင်းတော်၏ မူလ ဒု-ဥက္ကဋ္ဌ ‘အင်ဒရူး’ က... ဒု-ဥက္ကဋ္ဌအဖြစ် ဆက်လက် တာဝန်ယူခဲ့သည်။
အင်ဒရူးသည် ရာစုနှစ်ပေါင်းများစွာကြာအောင် ဒု-ဥက္ကဋ္ဌအဖြစ်သာ တည်ရှိနေခဲ့သဖြင့် သူ့ကို မုန်းတီးသူများက ‘နှစ်တစ်သောင်း ဒု-ဥက္ကဋ္ဌ’ ဟု လှောင်ပြောင်ခေါ်ဆိုကြသည်။ နော်ဇင်မြို့၏ အသုံးအနှုန်းများတွင် ‘အင်ဒရူး’ ဟူသော စကားလုံးကို ဒုတိယလူ အဓိပ္ပာယ်ရလေသည်။ ကမ္ဘာမြေတွင် အာဆင်နယ် သို့မဟုတ် စည်သူလွင် ဟု သုံးနှုန်းကြသလိုမျိုးပင်။
“ဘလိတ်...”
ခေါင်းဆောင်အရာရှိက ရေရွတ်လိုက်သည်။
“အဲဒီနာမည်ရှိတဲ့သူကို ဘယ်လိုပဲဖြစ်ဖြစ် ဖမ်းမိရမယ်... သူက အောက်ပိုင်းခရိုင် အစွန်းရောက်အုပ်စု ခေါင်းဆောင်ရဲ့ သားပဲ...”
“သူပုန်ခေါင်းဆောင်ရဲ့ ခေါင်းဖြတ်ဆုကြေးက ငါတို့တစ်သက်စာ မကဘူးလေ”
လက်အောက်ငယ်သားတစ်ဦးက ရယ်မောရင်း ပြောသည်။
“သူ့သားအတွက် ဆုကြေးကလည်း အတူတူပဲပေါ့...”
အရာရှိက သူ့ကို တစ်ချက်ကြည့်လိုက်၏။
“အဲဒီကောင်က ၁၆ ရပ်ကွက်မှာ ရှိနေတာ... ဒီကို ရောက်လာမှာ မဟုတ်ဘူး”
သူက ထိုသို့ ဆိုလိုက်ရာ အဖွဲ့သားအားလုံး စိတ်ပျက်သွားကြသည်။
“ဒါကြောင့်လည်း ဒီမှာ ကာကွယ်ရေးက ပေါ့လျော့နေတာကိုး... အဲဒီ စိတ်ပျက်လက်ပျက် အမူအရာတွေက ဘာလဲ”
သည်းထန်စွာ ရွာသွန်းနေသော မိုးထဲတွင် လူငယ်တစ်ဦး၏ အသံသည် ပြတ်သားစွာ ထွက်ပေါ်လာသည်။
အရာရှိများစွာသည် ပုခုံးပေါ်မှ ခေတ်မီမှော်လက်နက်များကို ဆွဲထုတ်လိုက်ပြီး သူတို့ရှေ့တွင် ပေါ်လာသော ဆံပင်ဖြူနှင့် လူငယ်လေးထံသို့ အသင့်ချိန်ရွယ်လိုက်ကြသည်။
ဒိုင်း... ဒိုင်း... ဒိုင်း...
သေနတ်ပြောင်းများအတွင်းမှ မှော်အလင်းတန်းများ ပွင့်ထွက်သွားသည်။
သို့သော် နောက်တစ်စက္ကန့်တွင် ဘလိတ်သည် မိုးကာလိုက်ကာကြီးနှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ လွင့်ခနဲ လှုပ်ရှားသွားပြီး သူတို့ကြားသို့ လေညင်းသဖွယ် ဖြတ်သန်းသွားတော့သည်။ အရာရှိခေါင်းဆောင်က ဘလိတ်၏ ရုပ်သွင်ကို သဲသဲကွဲကွဲ မြင်လိုက်ရချိန်တွင် အားလုံး၏ ဦးခေါင်းများမှာ မြေပြင်ပေါ်သို့ ပြတ်ကျသွားလေပြီ။
နွေးထွေးလှသော သွေးပူပူများက အလောင်းများအတွင်းမှ ပန်းထွက်လာပြီး မြေပြင်တစ်ခုလုံးကို နီရဲသွားစေသည်။
“ငါ့ကို သတ်နိုင်မယ်လို့ ဘယ်သူက မင်းတို့ကို ယုံကြည်ချက် ပေးလိုက်တာလဲ”
ဘလိတ်က လှောင်ပြောင်လိုက်သည်။
သို့သော် ဘလိတ်၏ ခန္ဓာကိုယ်သည် စက္ကန့်အနည်းငယ်မျှသာ တောင့်ခံနိုင်တော့မည် ဖြစ်သည်။ သူသည် ချက်ချင်းပင် စိတ်ကိုတင်း၍ ဝိုင်းရံထားသူများကြားမှ ထွက်ပြေးခဲ့သည်။
ပြေးသာပြေးနေရသော်လည်း... သူ့တွင် ပြန်စရာ အိမ်မရှိတော့ပေ။ ရှာဖွေရေးအရာရှိများ ပြောခဲ့သကဲ့သို့ ဘလိတ်သည် အောက်ပိုင်းခရိုင်၏ တော်လှန်ရေးခေါင်းဆောင်၏ သားဖြစ်သလို၊ လူမဆန်သော ဖခင်ဖြစ်သူ၏ အိပ်မက်သားရဲများနှင့် စမ်းသပ်မှုအတွင်းမှ ထွက်ပေါ်လာသော ရလဒ်တစ်ခုလည်း ဖြစ်သည်။ ဘလိတ်သည် အစွန်းရောက် လုပ်ရပ်များကို စိတ်မဝင်စားသလို၊ ပါဝင်လိုခြင်းလည်း မရှိသဖြင့် အဆိုပါအဖွဲ့အစည်းအတွင်းမှ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။
“နော်ဇင်မြို့မှာ ဘယ်သူကမှ ခိုလှုံခွင့် မပေးနိုင်တဲ့သူ ရှိတယ်ဆိုရင် အဲဒါ ငါပဲ ဖြစ်မှာပေါ့”
ဘလိတ်က မိမိကိုယ်ကိုယ် စိတ်ပျက်လက်ပျက် တွေးတောနေမိသည်။ ပြေးလွှားနေရင်း ဘလိတ်၏ စိတ်ကူးများကလည်း လွင့်ပျံနေသည်။
‘ငါ မုဆိုးအဖွဲ့ထဲ ဝင်လိုက်ရင် ကောင်းမလား... သူတို့က အဖွဲ့ဝင်တွေရဲ့ နောက်ကြောင်းကို ဂရုမစိုက်ဘူး၊ အိပ်မက်သားရဲ သွေးနှောတဲ့သူတွေကိုလည်း လက်ခံတယ်လို့ ကြားဖူးတယ်...’
မုဆိုးအဖွဲ့၏ ခေါင်းဆောင်မှာ လျှို့ဝှက်ဆန်းပြားသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ အစွန်းရောက်ခေါင်းဆောင်၏ သားဖြစ်သူ ဘလိတ်သည် သူမအကြောင်းကို ကြားဖူးနားဝ ရှိသည်။ သူမ၏အမည်မှာ ကျိကျစ်ရှို့ ဖြစ်သည်။ သူမသည် အစွမ်းထက်သော အခရာအဆင့် မုဆိုး တစ်ဦးဖြစ်ပြီး နော်ဇင်မြို့၏ မုဆိုးအဖွဲ့အစည်းကို ဦးဆောင်နေသူဖြစ်သည်။ သူမ တည်ထောင်ထားသော မြေအောက်မုဆိုးကွန်ရက်သည် သတင်းအချက်အလက်များ စုဝေးရာဖြစ်ပြီး နော်ဇင်ကောင်စီပင်လျှင် သူမကို အားကိုးနေရသည်။
ကျိကျစ်ရှို့သည် စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ သို့သော် ကျိကျစ်ရှို့နှင့် အက်ရှ် ကုန်သည်ကြီးများ အသင်း မှ ‘ချယ်ရီ ချက်ပ်မန်း’ တို့၏ ဆက်ဆံရေးမှာ အလွန်ဆိုးရွားလှပြီး ဆုံမိတိုင်း တိုက်ခိုက်လုနီးပါး ဖြစ်တတ်သည်ဟု ကောလာဟလများ ရှိသည်။ ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော အမျိုးသားတစ်ဦးကြောင့် ထိုသို့ဖြစ်ရခြင်းဟု ဆိုကြသည်။
“ဒီမိန်းမကြီးတွေရဲ့ စိတ်ဓာတ်ကို ငါ တကယ် နားမလည်နိုင်ပါဘူး...”
ဘလိတ်က စိတ်ထဲမှ တိုးတိုးလေး တွေးလိုက်သည်။ ယခုကဲ့သို့သော အခြေအနေမျိုးတွင် ထိုသို့သော အထက်တန်းလွှာတို့၏ အတင်းအဖျင်းများမှာ သူ၏ ဆင်းရဲဒုက္ခကို ဖြေဖျောက်ပေးနိုင်သည့် ဖျော်ဖြေရေးတစ်ခုသဖွယ် ဖြစ်နေသည်။
သို့သော် လက်တွေ့တွင်မူ... နော်ဇင်မြို့အတွက် အချိန်မရွေး ပေါက်ကွဲနိုင်သော ဗုံးတစ်လုံးကဲ့သို့ ဖြစ်နေသည့် သူ့ကို မုဆိုးများပင်လျှင် လက်ခံကြလိမ့်မည် မဟုတ်ပေ။
“အနည်းဆုံးတော့ ဝိုင်းထားတဲ့ကြားက လွတ်လာပြီပဲ...”
ဘလိတ်သည် ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။
မိုးက ဆက်တိုက် ရွာသွန်းနေဆဲ။ အဝေးတစ်နေရာတွင် အဆောက်အအုံ တစ်ခုတည်းသာ မီးလင်းနေပြီး တံခါးဝရှိ ဖွင့်သည် ဟူသော ဆိုင်းဘုတ်မှာ လေထဲတွင် ယိမ်းထိုးနေသည်။
“စာအုပ်ဆိုင်လား”
‘ငါ... အဲဒီထဲမှာ ပုန်းနေသင့်သလား’
ထိုအတွေးသည် ဘလိတ်၏ ခေါင်းထဲသို့ အမှတ်မထင် ဝင်ရောက်လာပြီး သူ့ကို ထိုစာအုပ်ဆိုင်ဆီသို့ ခြေဦးလှည့်မိစေတော့သည်။
...
အိပ်မက်ထဲတွင် ဝိုင်းစက်သော လပြည့်ဝန်းကြီး ပေါ်လာ၏။
မွန်းသည် အဆုံးအစမရှိ ကျယ်ပြန့်သော ငြိမ်သက်နေသည့် ရေပြင်ပေါ်တွင် ခြေဗလာဖြင့် ရပ်နေသည်။ သူမ၏ ခြေဖဝါးအောက်မှ ဂယက်လှိုင်းကလေးများ ထွက်ပေါ်လာပြီး ရေပြင်ပေါ်တွင် ထင်ဟပ်နေသော ကြယ်စုံသည့် ကောင်းကင်ယံကို လှုပ်ခတ်သွားစေသည်။ ကြယ်စုံသော မှောင်မိုက်သည့် ကောင်းကင်နှင့် ရေပြင်မှာ တစ်သားတည်း ဖြစ်နေသကဲ့သို့ပင်။
မွန်းသည် အိပ်မက်မက်နေခြင်း ဖြစ်သည်။ သူမ အိပ်မက်မက်ခဲလှ၏။ သာမန်စာအုပ်ဆိုင်ပိုင်ရှင်တစ်ဦး အနေဖြင့် (သူမက ဆိုင်ရှင်မကြီးဟု ခေါ်သည်ကို ပိုနှစ်သက်သော်လည်း) ည၏ အိပ်မက်များကို သူမ မမက်သည်မှာ ကြာပြီဖြစ်သည်။
တစ်စုံတစ်ယောက်က သူမကို ဤအိပ်မက်ထဲသို့ ဆွဲခေါ်လာခြင်း ဖြစ်သည်။ အိပ်မက်ထဲရှိ သူမ၏ ပုံရိပ်မှာ အနက်ရောင် မျက်နှာဖုံးစွပ်ထားပြီး အနက်ရောင် ဂါဝန်ရှည်ကြီးကို ဝတ်ဆင်ထားသည်။ ပခုံးပေါ်ရှိ ခြုံထည်မှာ ညကောင်းကင်ယံနှင့် ဆင်တူနေပြီး လက်နှစ်ဖက်တွင်လည်း အနက်ရောင် လက်အိတ်များ စွပ်ထားသည်။
ည၏ အခွင့်အာဏာများကို လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သလို၊ ယခုမရှိတော့သော ဝါးပူဂစ်၏ ကျန်ရှိနေသော စွမ်းအားနှင့် မှတ်ဉာဏ်များကိုလည်း မွန်းက ဆက်ခံရရှိထားပြီး ဖြစ်သည်။ သို့သော် ည၏ အုပ်စိုးမှုအောက်တွင်သာ ရှိရမည့် ယနေ့အိပ်မက်မှာ ပုံမှန်မဟုတ်ချေ။
မကြာမီ မွန်း၏ ခြေဖဝါးအောက်ရှိ ရေကန်မျက်နှာပြင်သည် ရေခဲပြင်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်မှ နှင်းများ ကျဆင်းလာတော့သည်။ အိပ်မက်ထဲတွင် နှင်းရည်များ ဖုံးလွှမ်းနေသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်သည် လျင်မြန်စွာ ပေါက်ရောက်လာပြီး ထိုအပင်အောက်တွင် လှပသော အဖြူရောင် ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရသည်။
“ဆစ်ဗာ...”
မွန်းက မျက်မှောင်ကြုတ်လိုက်သည်။ ထိုသူငယ်ချင်းဟောင်းကြီး ရောက်လာခြင်းက သူမကို များစွာ ဝမ်းမသာစေလှပေ။
“မတွေ့ရတာ ကြာပြီနော် မွန်း”
ဆစ်ဗာက ယဉ်ကျေးစွာ ပြုံးလိုက်သည်။
“အဲဒီလောက်ကြီး သတိမထားပါနဲ့... ကြည့်ရတာ ဝါးပူဂစ်က နင့်အတွက် မကောင်းတဲ့ မှတ်ဉာဏ်တွေ ထားခဲ့ပုံရတယ်နော်...”
မွန်းသည် ဆစ်ဗာကို အေးစက်စွာ ကြည့်လိုက်သည်။ အကယ်၍ ဆစ်ဗာက အရေးကြီးသည်ကို မပြောလျှင် သူမ ချက်ချင်း ထွက်သွားမည့်ပုံပင်။
“သူ့ကို လွမ်းနေတာလား”
ဆစ်ဗာက မေးလိုက်သည်။ ထိုမေးခွန်းကို ကြားသောအခါ မွန်း၏ အေးစက်နေသော မျက်နှာထားသည် အနည်းငယ် လှုပ်ခတ်သွားပြီး အမှတ်မထင် မော့ကြည့်လိုက်မိသည်။ ဆစ်ဗာက သူမကို စနောက်လိုသော အမူအရာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
မိန်းကလေး၏ ပါးပြင်နှစ်ဖက်မှာ အနည်းငယ် နီမြန်းသွားပြီး တစ်ခုခုကို ရှင်းပြရန် ပြင်လိုက်သော်လည်း ဆစ်ဗာ၏ မျက်နှာမှာ လှောင်ပြောင်လိုသည့် အမူအရာမှ နူးညံ့တည်ငြိမ်သော အမူအရာသို့ ပြောင်းလဲသွားသည်ကို သတိပြုလိုက်မိသည်။ ဆစ်ဗာသည် အဝေးသို့ မျှော်ကြည့်ရင်း ဝန်းကျင်၌ ကျဆင်းနေသော နှင်းပွင့်ကလေးများကဲ့သို့ ပေါ့ပါးသော အသံဖြင့် ပြောလိုက်သည်မှာ။
“ငါလည်း သူ့ကို လွမ်းတယ်...”
...
မီးခိုးရောင် မြူထုကြီး၏ အစွန်းတွင် ဟောင်းနွမ်းနေသော ဝတ်ရုံဝတ် အဘိုးအိုတစ်ဦးသည် ရှေးဟောင်း ကျောက်သားပလ္လင်ပေါ်တွင် မှေးစက်နေသည်။ တံတောင်တစ်ဖက်ကို လက်တင်ပေါ်တွင် တင်၍ ခေါင်းကို ထောက်ထားပြီး သူ၏ လက်မတွင် စိမ်းမြမြ လက်စွပ်တစ်ကွင်းကို အထင်အသား မြင်တွေ့ရသည်။
ဖုန်မှုန့်များ ဖုံးလွှမ်းနေသော သူ၏ မျက်နှာသည် အနည်းငယ် လှုပ်ရှားသွားပြီးနောက် ပြာလဲ့လဲ့ မျက်လုံးတစ်စုံ ပွင့်လာတော့သည်။
“ငါ ဒီမီးခိုးရောင် မြူထုရဲ့ အစွန်းမှာ စောင့်နေခဲ့တာ ကြာလှပြီပဲ...”
ဝယ်လ် အထက်ရှိ မှောင်မိုက်သော ကောင်းကင်ယံကို ကြည့်ရင်း သက်ပြင်းဖွဖွ ချလိုက်သည်။ ဤနေရာသည် တစ်ချိန်က သူ၏ ဆရာ ထိုင်ခဲ့သော နေရာပင် ဖြစ်သည်။
သူသည် ညောင်းညာနေသော ကိုယ်လက်များကို ဆန့်လိုက်ပြီး မီးအိမ်တစ်ခုကို ကိုင်ကာ မီးခိုးရောင် မြူထုကြီး၏ အတွင်းပိုင်းသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားတော့သည်။ သူ၏ စုတ်ပြတ်နေသော ဝတ်ရုံစွန်းမှာ မြေပြင်ပေါ်တွင် တရွတ်တိုက် ပါလာသည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက မြူတံတိုင်းကြီး ပြိုပျက်သွားပြီး ကမ္ဘာပေါ်တွင် ပရမ်းပတာ ဖြစ်ခဲ့သည်။ ယနေ့တိုင် ထိုမြူထုထဲသို့ ခြေတစ်လှမ်း တိုးဝင်ရဲသူ မရှိသေးပေ။
ယခုအခါတွင်မူ ဝယ်လ်သည် ၎င်းကို လုပ်ဆောင်တော့မည် ဖြစ်သည်။ သူသည် ဤမီးခိုးရောင် မြူထုကြီးအတွင်းသို့ ပထမဦးဆုံး ဝင်ရောက်စူးစမ်းသူ ဖြစ်လာပေတော့မည်။ ၎င်းမှာ သူ၏ ဆရာဖြစ်သူ၏ နောက်ဆုံးဆန္ဒလည်း ဖြစ်ပေသည်။
ရုတ်တရက် ဝယ်လ်၏ ခန္ဓာကိုယ်သည် တောင့်ခဲသွားပြီး မျက်လုံးများ ပြူးကျယ်လျက် နောက်သို့ လှည့်ကြည့်လိုက်မိသည်။ စိတ်လှုံ့ဆော်မှု တစ်ခုက သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ဒဏ်ရာရထားသော ခန္ဓာကိုယ်ကို ဆွဲ၍ စာအုပ်ဆိုင်လေးတစ်ဆိုင်ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားခဲ့သည့် မိမိကိုယ်ကိုယ် ပြန်မြင်ယောင်လိုက်မိသကဲ့သို့ပင်...။
...
ဘလိတ်သည် မောပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို အားတင်းဆွဲခေါ်ရင်း ဝမ်းဗိုက်အတွင်းမှ ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည်။
ထိုအခါမှသာ သူသည် ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာ ရထားမှန်း သတိပြုမိတော့သည်။ စောစောက အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် သူ သတိမထားမိခဲ့ခြင်း ဖြစ်သည်။
အမှန်ပင်... ကောင်စီ၏ ရှာဖွေမှုများကြားမှ လွတ်မြောက်အောင် ပြေးပြီး ကျိကျစ်ရှို့ ဦးဆောင်သော မုဆိုးအဖွဲ့ကို ရှာကာ သူတို့နှင့် ပူးပေါင်းခွင့်ရရန် ဖျောင်းဖျဖို့ဆိုသည်မှာ မဖြစ်နိုင်သော ဆန္ဒတစ်ခုသာ ဖြစ်ပေသည်။
သူသည် မိမိရှေ့ရှိ နွေးထွေးသော အဝါရောင်မီးရောင်များ လင်းနေသည့် အဆောက်အအုံကို ကြည့်လိုက်သည်။ ယခုအခြေအနေတွင် ကုသရန် နေရာတစ်ခု အရင်ရှာပြီးမှသာ ရှေ့ဆက်ရမည့်ကိစ္စကို နောက်မှ စဉ်းစားရတော့မည်။
အနီးသို့ ရောက်သွားသောအခါ ဘလိတ်သည် စာအုပ်ဆိုင်ကို အကဲခတ်လိုက်သည်။ ဆိုင်လေးသည် မိုးထဲတွင် တည်ရှိနေပြီး မှုန်ရီနေသော ပြတင်းပေါက်မှတစ်ဆင့် နွေးထွေးသော မီးရောင်များ ဖြတ်သန်းလာရာ အတွင်းဘက်ရှိ စာအုပ်စင်တန်းများကို မြင်တွေ့နေရသည်။
ဤပတ်ဝန်းကျင်၌ စာအုပ်ဆိုင်မှလွဲ၍ အရာအားလုံးသည် မှောင်မိုက်နေသည်။ အနီးအနားတွင် ဆိုင်များစွာ ရှိသော်လည်း ဤကဲ့သို့ မိုးသည်းထန်သော အချိန်တွင် ဤဆိုင်တစ်ဆိုင်တည်းသာ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
တံခါးဝတွင် “ဖွင့်သည်” ဟု ရေးထားသော ဆိုင်းဘုတ်ကို ချိတ်ထားပြီး အဝင်ဝ၌ အလွယ်တကူ တက်နိုင်ရန် ပြုလုပ်ထားသော လှေကားထစ်ကလေးတစ်ခု ရှိနေသည်။ ၎င်းမှာ ပတ်ဝန်းကျင်ရှိ အခြေအနေများနှင့် ထူးဆန်းစွာ ဆန့်ကျင်ဘက် ဖြစ်နေသည်။
မိုးရေထဲတွင် သွေးနံ့များ လွင့်ပါသွားသော်လည်း ဘလိတ်သည် သူ၏ ဝမ်းဗိုက်ကို တင်းတင်းဆုပ်ထားမိသည်။ ဤနေရာသည် လွတ်မြောက်ရာလမ်းလား သို့မဟုတ် ထောင်ချောက်တစ်ခုလား။
သို့သော် ထောင်ချောက်ပင် ဖြစ်ပါစေဦးတော့၊ ယခုအချိန်တွင် ဘာထူးခြားဦးမည်နည်း။ မည်သည့်ရွေးချယ်မှုကို ပြုလုပ်ပါစေ သူ၏ ကံကြမ္မာမှာ အတူတူပင် ဖြစ်လိမ့်မည် မဟုတ်ပါလား။
သူသည် မိုးသည်းထန်နေသော ကြား၌ ခေါင်းကိုငုံ့ကာ နာကျင်မှုကြောင့် မျက်နှာကို ရှုံ့မဲ့လိုက်သည်။
ဘလိတ် လှေကားထစ်လေးပေါ်သို့ ခက်ခဲစွာ တက်လိုက်ပြီး စာအုပ်ဆိုင်တံခါးကို တွန်းဖွင့်လိုက်သည်။
ကလောင်...
တံခါးဘောင်တွင် ချိတ်ထားသော ခေါင်းလောင်းလေးသည် သာယာသော အသံကို ပေးစွမ်းလိုက်သည်။
တိတ်ဆိတ်နေသော စာအုပ်ဆိုင်ထဲတွင် ဘလိတ်နှင့် သက်တူရွယ်တူခန့်သာ ရှိမည့် လူငယ်တစ်ဦးတည်းသာ ရှိသည်။
အနက်ရောင် ရှပ်အင်္ကျီနှင့် ဘောင်းဘီကို ဝတ်ဆင်ထားပြီး၊ အဖြူရောင် ဝါဝါဝင်းဝင်း အသားအရေနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် အနက်ရောင် ဆံပင်များရှိသော ထိုလူငယ်သည် စာအုပ်ဖတ်ခြင်း၌ အာရုံစိုက်နေသည်။ သူ၏ရှေ့ရှိ ကောင်တာပေါ်တွင် ပူနွေးသော လက်ဖက်ရည် နှစ်ခွက်ကို ချထားသော်လည်း အခြားသော ဖောက်သည်တစ်ဦးမျှ မရှိချေ။
‘လက်ဖက်ရည် နှစ်ခွက်လား... သူ ငါ့ကို စောင့်နေတာလား...’
ဘလိတ်သည် ခန္ဓာကိုယ်ကို တောင့်ထားလိုက်ပြီး ရှေ့မှ လူငယ်ကို သတိကြီးစွာဖြင့် ကြည့်လိုက်သည်။ ထိုပုဂ္ဂိုလ်မှာ မိတ်ဆွေလား သို့မဟုတ် ရန်သူလားဟု ခန့်မှန်းရန် ကြိုးစားနေမိသည်။
ဘလိတ်ကို သတ်လိုသူများစွာ ရှိသလို၊ သူ့ကို အသုံးချလိုသူများလည်း အများအပြား ရှိသည်။ သို့သော် ဤလူငယ်ကမူ သူ့ကို စကားပြောလိုပုံရသည်။
ဘလိတ်တစ်စုံတစ်ရာ မပြောနိုင်မီမှာပင် လူငယ်က သူဖတ်နေသော စာအုပ်ကို ပိတ်လိုက်ပြီး သူ့ကို မော့ကြည့်လိုက်၏။
“ဒီတစ်ခါတော့ သိပ်အကြာကြီး စောင့်လိုက်ရတာ မဟုတ်ပါဘူး... ကဲ... ကြိုဆိုပါတယ်ဗျာ...”
စာအုပ်ဆိုင်ပိုင်ရှင်သည် အဆုံးအစမရှိသည့်နှယ် နက်မှောင်သော သူ၏ မျက်လုံးများဖြင့် ဘလိတ်ကို ကြည့်လိုက်ပြီး နူးညံ့သော အပြုံးဖြင့် ပြောလိုက်လေတော့၏။
“လူငယ်လေး... မင်းကို ကြည့်ရတာ အခက်အခဲနဲ့ ကြုံနေရပုံပဲနော်”
(ပြီးပါပြီ)
...
ပြီးပါပြီ...။ ပထမဆုံး အကြိမ် အနေနဲ့ ဒီစကားစုလေးကို ကျွန်တော် ရေးနိုင်ခဲ့ပါပြီ။ ကျွန်တော့်ရဲ့ ဘာသာပြန် စာပေခရီးက ၂၀၁၉ ခုနှစ်လောက်မှာတည်းက စခဲ့တာပါ။ စုစုပေါင်း ၆ နှစ်ကျော် ၇ နှစ် နီးပါး...။
ပထမဆုံး မြို့ပြနတ်ဘုရား (ချန်းပေ့ရွှမ်း) ကို ဘာသာပြန်ခဲ့ပါတယ်။ မူရင်းမှာတင် ဆင်ဆာထိပြီး ရပ်သွားတဲ့ အတွက် ‘ပြီးပါပြီ’ ဆိုတဲ့ စကားစုလေးကို မရေးဖြစ်ခဲ့ပါဘူး။ ဒုတိယမြောက် အနေနဲ့ အမွေခံ အပြစ်သား (ဝေ့ဝူယင်) ကို ရေးပါတယ်။ လောလောဆယ် အပိုင်း ၂၀၀၀ ကျော်ထိ ဆက်လက် ပြန်နေဆဲပါ။
အမွေခံအပြစ်သားကို ရေးနေတုန်းမှာ ဒီစာစဉ်လေးကို သဘောကျတာနဲ့ ကြားဖြတ် ပြန်မယ်ဆို ရေးဖြစ်ခဲ့ပါတယ်။ အပိုင်းကလည်း ၅၀၀ ဝန်းကျင်ပဲ ရှိတာ မလို့ ပေါ့ပေါ့ပါးပါး ပေါ့လေ။ အခု လေးလလောက် ရေးပြီးတဲ့ နောက်ဆုံးမှာတော့ ပြီးခဲ့ပါပြီ။
အခုလောလောဆယ်မှာတော့ ဝေ့ဝူယင်ကိုပဲ ဆက်ရေးပါဦးမယ်။ မကြာခင်မှာတော့ ဆရာနေ အကြံပေးထားတဲ့ The Cradle ဆိုတဲ့ စာစဉ်လေးကို ချပြဖို့ ရှိပါတယ်။ အားလုံး စိတ်ကျန်းမာ ကိုယ်ချမ်းသာစွာနဲ့ ရှင်သန် နေထိုင် နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျ။
နေး (ရိုးရာ)
မတ်လ ၄ ရက်၊ ၂၀၂၆ ခုနှစ်
ည ၉ နာရီ ၁၃ မိနစ်...