← Chapters

အခန်း (၂၁၁၇-၂၁၁၈)

Vol. 152 Ch. 2117-2118

အခန်း (၂၁၁၇-၂၁၁၈)

Vol. 152 Ch. 2117-2118

အပိုင်း(၂၁၁၇)

"ဘာက သင့်တော်မယ်လို့ မင်း ထင်သလဲ"

ဝေ့ဝူယင်က မေးလိုက်သည်။ သူ၏ အမှန်တရား မျက်လုံး အရ ထိုကောင်လေး၏ ကံတရားမှာ ဆုံးခန်းတိုင်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ အကောင်းဆုံးအနေဖြင့် သူသည် အစွမ်းထက်သော အချိန်သခင် တစ်ဦး ဖြစ်လာကာ အဘိုးအို၏ ကျေးဇူးကို ဆပ်ရင်း ဂိုဏ်းကို ဆက်လက်ထိန်းသိမ်းသွားရုံသာ ရှိပေလိမ့်မည်။

ဆေးလုံးတစ်လုံးတည်းက ကံတရားကို ထိုမျှသာ မြှင့်တင်ပေးနိုင်သည်။ ဆေးလုံးကြောင့် အခြေခံကောင်းများ ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ကြုံတွေ့ရမည့် ကပ်ဘေးများသည်လည်း ထိုအခြေခံနှင့်အညီ ပိုမို ပြင်းထန်လာမည်ဖြစ်သည်။ ဤသည်မှာ ကံကောင်းခြင်းထဲမှ ကံဆိုးခြင်းပင် ဖြစ်သည်။ ကောင်းကင် တာအိုသည် အခွင့်အရေး တစ်ခုတည်းကိုသာ မပေးဘဲ ရှေ့ဆက်ကြုံတွေ့ရမည့် အခြေအနေများအပေါ် မူတည်၍ ကံတရားကို အမျိုးမျိုး ခြယ်လှယ်လေ့ရှိသည်။

ဝေ့ဝူယင်သည် ဤအချက်ကို ကောင်းစွာ နားလည်ထားသည်။ ထို့ကြောင့် ကောင်းကင် စစ်ဝိညာဉ်က ဝေ့ဝူယင်အား ထိုကောင်လေးအတွက် ကံတရားကို ဆက်လက် ဖန်တီးပေးဦးမည်လားဟု မေးမြန်းခြင်းဖြစ်သည်။

ရုတ်တရက် ကောင်းကင် စစ်ဝိညာဉ်က တစ်စုံတစ်ခုကို တွေးမိသွား၏။

"နင်က... တစ်ခုခုအတွက် လေ့ကျင့်နေတာလား"

ဝေ့ဝူယင်က ဖုံးကွယ်မထားဘဲ ခေါင်းညိတ်ပြလိုက်သည်။

"အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီရဲ့ အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်တွေနဲ့ ကောင်းကင် နိမိတ်ဖတ်သူတွေက ကိစ္စရပ်တွေကို ပြိုင်ပွဲတွေ၊ လျှို့ဝှက်ကစားပွဲတွေနဲ့ပဲ ဖြေရှင်းလေ့ရှိကြတယ်... ငါက သူတို့ကြားထဲကို ဝင်တိုးဖို့ ပြင်ဆင်နေတာ... အဲဒါကြောင့် လက်တွေ့မှာ ဘယ်လိုဖြစ်လာမလဲဆိုတာကို အခုကတည်းက စမ်းသပ်ကြည့်နေတာပဲ"

ဝေ့ဝူယင်သည် သက်ပြင်းချလိုက်သည်။ ဝတ်စုံနက် ဝေ့ဝူယ်သည် ဤကစားပွဲကို စိတ်ဝင်စားသော်လည်း အလေးအနက် မထားခဲ့သောကြောင့် အခြေခံအချက်အချို့တွင် လိုအပ်ချက်များ ရှိနေသေးသည်။ ထိုအထဲမှ အရေးကြီးဆုံး အချက်မှာ - အရှိန်အဟုန် ပင် ဖြစ်သည်။

အာရုဏ်ဦး နေမီးတောက် ဆေးလုံးက ကောင်လေးကို အရှိန်အဟုန် အချို့သာ ပေးနိုင်သော်လည်း သူ၏ ပတ်ဝန်းကျင်၊ ပါရမီနှင့် စိတ်နေစိတ်ထားတို့က သူ့ကို ရှေ့ဆက်မတိုးနိုင်အောင် ပိတ်ဆို့ထားသည်။ ထိုကောင်လေးသည် အခွင့်အရေးများကို အရဲစွန့်ပြီး ဖမ်းဆုပ်မည့်အစား သူ၏ ဂြိုဟ်ပေါ်ရှိ သမိုင်းလမ်းကြောင်းအတိုင်းသာ လျှောက်လှမ်းနေသည်။ ဝေ့ဝူယင်က အချိန် သာမညဥပဒေသကို အသုံးပြု၍ ကောင်လေး၏ အနာဂတ်ကို ကြည့်လိုက်သောအခါ စိတ်ပျက်စရာ ကောင်းသော ရလဒ်များကိုသာ မြင်တွေ့ရသည်။ သူသည် သူ၏ ကြယ်အစုအဝေး အပြင်ဘက်သို့ တစ်ခါမျှ ထွက်ခွာသွားမည် မဟုတ်ပေ။

"ဒါဆို သူ့ကို ဒီအတိုင်းပဲ ထားခဲ့မှာလား"

ကောင်းကင် စစ်ဝိညာဉ်က နှုတ်ခမ်းဆူလျက် မေးလိုက်သည်။ သူမသည် ကောင်လေး၏ ရှေ့ဆက် တိုးတက်မှုများကို စိတ်ဝင်စားနေပုံရသည်။

"ဒါဆို ငါက သူ့ကို ဘယ်လိုမျိုး ကံတရားတွေ ထပ်ပေးရမလဲ... စမ်းသပ်မှုတွေလား... ဆရာကောင်း တစ်ယောက်လား... ဒါမှမဟုတ် ရှေးဟောင်း ရတနာတွေ၊ ဆေးလုံးတွေလား..."

ဝေ့ဝူယင်က စစ်တာအို ဝိညာဉ်ဖြစ်သော သူမအနေဖြင့် ကျင့်ကြံသူတစ်ဦးကို မည်သို့ ပြုစုပျိုးထောင်မည်နည်းဟု သိချင်နေသည်။ သူမကတော့ သူ့ကို ဘာကာကွယ်မှုမှ မပေးဘဲ စစ်တလင်းထဲ ပို့လိုက်ပြီး အသက်ရှင်ရင် ရှင်၊ မရှင်ရင် သေ ဆိုသည့် ပုံစံမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

"..."

သူမသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။ သူမကိုယ်တိုင်လည်း မည်သို့လုပ်ရမည်ကို မသိပေ။

"နင့်ရဲ့ ရည်ရွယ်ချက်က ဘာလဲ"

"ငါ့ရည်ရွယ်ချက်က ပြီးမြောက်သွားပါပြီ"

ဝေ့ဝူယင်က ပြန်ဖြေလိုက်သည်။

ကောင်းကင် စစ်ဝိညာဉ်မှာ အချိန် အကြာကြီး စဉ်းစားနေခဲ့၏။

"ငါတို့ သူ့ကို ရတနာရှာပုံတော် တစ်ခု ဖန်တီးပေးလိုက်ရအောင်... နင်က ဆေးလုံး ပေးထားပြီးပြီဆိုတော့ အပြင်လောကက ပိုကြီးမားတဲ့ ကံတရားတွေဆီ သွားနိုင်ဖို့ သဲလွန်စတွေ ချန်ထားပေးလိုက်လေ... သူ ဘယ်လောက်အထိ တိုးတက်လာမလဲဆိုတာ ဘယ်သူသိမှာလဲ..."

"အဲဒါက အစီအစဉ်တွေ အများကြီး ဆွဲရမှာ သိတယ်မလား... သူ အသက်ရှင်နိုင်ဖို့ လိုအပ်တဲ့ ကိရိယာတွေ ပေးရမယ်၊ နေရာတိုင်းမှာ စိန်ခေါ်မှုတွေ၊ ဉာဏ်စမ်းတွေ၊ အင်အား စမ်းသပ်မှုတွေ ထည့်ရမယ်... နောက်တစ်ဆင့်ကို တက်ဖို့ သဲလွန်စတွေလည်း ပေးရဦးမယ်... အဲဒါတင်မကဘူး၊ သရုပ်ဆောင်တွေလည်း လိုဦးမယ်..."

ဝေ့ဝူယင် ပြောနေရင်းနှင့်ပင် သူ၏ စိတ်ထဲတွင် စိတ်ကူးသစ်များ တဖျတ်ဖျတ် ပေါ်လာသည်။

“ဟုတ်ပြီ...”

သူသည် ကံထူးရှင် တစ်ယောက်ကို ကိုယ်တိုင် ဖန်တီးယူလို့ ရနိုင်ပေသည်။

ဘယ်လိုမျိုး ကံထူးရှင် ဖြစ်လာမည်နည်း။ ရလဒ်ကို စောင့်ကြည့်ကြရုံသာ...။

"လုပ်ကြတာပေါ့!"

ဝေ့ဝူယင်သည် ပထမဆုံးအကြိမ်အဖြစ် အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။ လျှို့ဝှက်ကစားပွဲ ဆိုသည်မှာ ကောင်းကင် တာအို၏ ဗျူဟာများကို အသုံးပြုခြင်း ဖြစ်သော်လည်း သူက ထိုထက်မက ကျော်လွန်ပြီး လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

ဤအတွေးမှာ ရူးသွပ်စရာ ကောင်းသော်လည်း သူ လုပ်ကြည့်ရန် အသင့်ရှိနေပြီ ဖြစ်သည်။

...

ပြတ်သားသော ဆည်းဆာ ဂလက်ဆီ၊ မူလအာရုဏ်ဦး နန်းတော်

ဝေ့ရှောင်ထျန်းသည် မီးဖိုချောင်သုံး ပုဝါဖြင့် သူမ၏ စိုစွတ်နေသော လက်များကို သုတ်လိုက်ပြီးနောက် ပုဝါကို ပခုံးပေါ်သို့ တင်လိုက်သည်။ ထို့နောက် အငွေ့တထောင်းထောင်း ထွက်နေပြီး မွှေးကြိုင်လှသော ဟင်းလျာအမျိုးမျိုးနှင့် လက်ဖက်ရည်အိုးတို့ကို စတင်ပြင်ဆင်တော့သည်။ ထိုဟင်းလျာများတွင် ပြတ်သားသော ဆည်းဆာ ဂလက်ဆီ၏ ဒေသစာများနှင့် ကောင်းကင်နှလုံးသား ဂလက်ဆီရှိ လူသားမြို့တော်များမှ အစားအစာများ ပါဝင်သည်။ သူမသည် ဟင်းပွဲတစ်ခုချင်းစီကို လင်ဗန်းကြီးတစ်ခုပေါ်သို့ ဂရုတစိုက် တင်လိုက်ပြီးနောက် အလွန်အမင်း အာရုံစိုက်ကာ သယ်ဆောင်သွားလေသည်။

သူမသည် ပါခက်၏ အခန်းရှေ့သို့ ရောက်ရှိလာသည်။ တံခါးနောက်ကွယ်မှ သက်ပြင်းချသံသဲ့သဲ့ကို ကြားနေရသည်။ ဝေ့ရှောင်ထျန်း တံခါးနားသို့ ရောက်သောအခါ တံခါးရှိ အစီအရင်များသည် နွေးထွေးသော အလင်းတန်းလေးနှင့်အတူ ပွင့်သွားလေသည်။ ဝေ့ရှောင်ထျန်း အထဲသို့ တန်းတန်းမတ်မတ် ဝင်သွားလိုက်သည်။

"စားချိန်ရောက်ပြီ..."

အခန်းထဲတွင် ပါခက်သည် ကျပ်ထုပ်နေသော အနက်ရောင် အင်္ကျီတိုနှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး ခြေဗလာဖြင့် ဆံပင်ကို မြင်းမြီးပုံစံ အတိုလေး စည်းထားသည်။ သူမသည် ကြမ်းပြင်နှင့် အပြိုင် အနေအထားဖြင့် အခြေခံအကျဆုံး ခန္ဓာကိုယ် လေ့ကျင့်ခန်းဖြစ်သော ဒိုက်ထိုးခြင်းကို လုပ်ဆောင်နေသည်။ သို့သော် သူမ၏ ချွေးရွှဲနေသော ခန္ဓာကိုယ်ပေါ်တွင် သာမန်မဟုတ်သော အလေးချိန်တစ်ခု ရှိနေသည်။ သူမ၏ အပေါ်တွင် ပျံဝဲနေသော အညိုရင့်ရောင်နှင့် အနက်ရောင် ရောယှက်နေသည့် လုံးဝန်းသော အရာတစ်ခုမှာ ကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အားကို ထုတ်လွှတ်နေသည်။

သူမသည် တောင်တစ်လုံးစာလောက် လေးလံသော အလေးချိန်ဖြင့် ဒိုက်ထိုးနေခြင်း ဖြစ်သည်။ ၎င်းမှာ ကီလိုဂရမ်ပေါင်း ကုဋေကုဋာ ချီ၍ လေးလံလှပေသည်။

ပါခက်သည် လေ့ကျင့်ခန်းထဲတွင် အာရုံအပြည့် ရောက်နေသည်။ သူမသည် အောက်သို့ နိမ့်ဆင်းလိုက်တိုင်း ကြွက်သားများမှာ ဖောင်းကြွ လှုပ်ရှားနေပြီး ပြတ်သားသော စိတ်ဓာတ်ဖြင့် မှန်ကန်သော ပုံစံအတိုင်း ပြန်လည် မြှင့်တင်နေသည်။

"ရှစ်ထောင် သုံးဆယ့်သုံး..."

ဝေ့ရှောင်ထျန်းသည် သူမအတွက် နေရာလွတ်ပေးရန် အနီးအနားရှိ စားပွဲတစ်ခုသို့ ရွှေ့လိုက်သည်။ သူမသည် အစားအစာများ အပူချိန် မလျော့စေရန် နွေးထွေးသော ချီအချို့ကို ထုတ်လွှတ်ထားရင်း ပါခက် လေ့ကျင့်ခန်း ပြီးဆုံးသည်အထိ စောင့်ဆိုင်းနေသည်။

တစ်သောင်း ပြည့်သွားသောအခါမှသာ ပါခက်သည် သူမအပေါ် ဖိထားသော ဆွဲငင်အားလုံးကို ရုပ်သိမ်းလိုက်သည်။ အလေးလုံး၏ အရှိန်ကြောင့် တောက်ပြောင်နေပြီး ချွေးများ ရွှဲနစ်နေသော်လည်း သူမသည် အနည်းငယ်မျှပင် ပင်ပန်းပုံမပေါ်ပေ။ သူမသည် ချက်ချင်း ထရပ်လိုက်ပြီး ခန္ဓာကိုယ်ကို ဟန်ချက်ညီစေရန် ဆန့်ထုတ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှ ချွေးများသည် လျင်မြန်စွာ အငွေ့ပျံသွားပြီး ကြမ်းပြင်မှ ထွက်ပေါ်လာသော အပြာရောင် အလင်းတန်းတစ်ခုက သူမကို သန့်စင်ပေးလိုက်သည်။

ဝေ့ရှောင်ထျန်းက ထပ်မံ ပြောလိုက်၏။

"စားချိန်ရောက်ပြီ...”

ထိုအခါမှသာ ပါခက်မှာ သတိပြုမိသွားပြီ အရသာရှိသော အစားအသောက် ရနံ့များကြောင့် သူမ၏ မျက်ဝန်းများမှာ တောက်ပသွားသည်။

"ဒါ... ကော့ဖ်တာလား"

သူမသည် သားကောင်ကို မိသွားသော ခြင်္သေ့မတစ်ကောင်ကဲ့သို့ အစားအသောက်များဆီသို့ အပြေးအလွှား ရောက်သွားပြီး အသားတစ်ဖဲ့ကို ကောက်ယူကာ အားပါးတရ စားသောက်တော့သည်။

"ဒါ တကယ် ကောင်းတယ်..."

ဝေ့ရှောင်ထျန်း ပြုံးလိုက်သည်။ မိမိချက်ပြုတ်ထားသော အစားအစာကို ချီးကျူးခံရခြင်းမှာ စိတ်မသက်မသာ ဖြစ်စရာ မရှိသလို သူမ၏ လက်ရာကို အရသာရှိရှိ စားနေသည်ကို မြင်ရခြင်းကလည်း ပျော်ရွှင်စရာပင်။

***

အပိုင်း(၂၁၁၈)

"အခြေအနေ ဘယ်လို ရှိလဲ"

ပါခက်သည် ထိုင်ခုံတွင် ထိုင်လိုက်ပြီး ပန်းကန်တစ်ခုကို ရှေ့တွင် ချကာ စတင် စားသောက်နေသည်။ ထိုမေးခွန်းက သူမ၏ စားသောက်မှုကို မတားဆီးနိုင်ပေ။

"ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ ကျွန်မ ခန္ဓာကိုယ်က ပိုပြီး ကောင်းလာသလိုပဲ... ဘာလျှို့ဝှက်စွမ်းအားမှ မသုံးဘဲနဲ့တောင် ကိုယ်ခန္ဓာက ပိုတောင့်တင်းလာတယ်လို့ ခံစားရတယ်..."

သူမက တိုးတိုးလေး ပြောလိုက်သည်။ သူမသည် ဤတစ်နှစ်လုံး အရှိန်မြှင့်ထားသော အချိန်စီးဆင်းမှုထဲတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ သတိပြန်ရလာပြီးနောက်တွင် ဝေ့ဝူယင်၏ စေခိုင်းချက်အရ ဝေ့ရှောင်ထျန်းက သူမအတွက် ဆေးရည်များ၊ ဆေးလုံးများ၊ နံ့သာတိုင်များနှင့် လိမ်းဆေးများကို ယူဆောင်လာပေးကာ အသုံးပြုစေခဲ့သည်။

ဝေ့ရှောင်ထျန်းသည် ပါခက်၏ ခန္ဓာကိုယ်တစ်ခုလုံးကို မြင်တွေ့ဖူးသလို ထိတွေ့ပြုစုပေးခဲ့ဖူးသော်လည်း ပါခက်ကမူ ထိုအရာများကို အရေးမစိုက်ပေ။ အထူးသဖြင့် သူမ သတိမေ့နေစဉ် ဝိညာဉ်နှင့် ခန္ဓာကိုယ် သေဆုံးလုနီးပါး အခြေအနေတွင် ဝေ့ဝူယင်က အသက်ဆက်ပေးခဲ့ပြီး ဝေ့ရှောင်ထျန်းက နှစ်ပေါင်းများစွာ ပြုစုပေးခဲ့သည်ကို တွေးမိလျှင် ကျေးဇူးတင်၍ပင် မဆုံးနိုင်ပေ။

"ဟုတ်တာပေါ့... အရှင်မင်းကြီးက ရှင့်အတွက် လျှို့ဝှက်လောက အဆင့်နဲ့ လျှို့ဝှက်မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန်တွေကို ထောက်ပံ့ပေးထားတာလေ... ရှင် အနည်းဆုံး ထုတ်ကုန် အမျိုးအစား ခုနစ်ဆယ်ကျော်လောက် သောက်သုံးခဲ့ရပြီးပြီ... ရှင့်ရဲ့ အခြေအနေအရ တစ်မျိုးတည်းကိုတင် အကြိမ်ပေါင်း ဒါဇင်နဲ့ချီပြီး သုံးစွဲခဲ့ရတာတွေ ရှိတယ်"

ဝေ့ဝူယင်က အရင်းအမြစ်များစွာ ပေးထားရုံသာမက သူမ၏ ခန္ဓာကိုယ်က ထိုအရာများကို ထိထိရောက်ရောက် စုပ်ယူနိုင်ရန် နည်းမျိုးစုံဖြင့် ကူညီပေးခဲ့သောကြောင့် ပါခက်၏ ခန္ဓာကိုယ် သန်မာလာခြင်းကို ဝေ့ရှောင်ထျန်းက မထူးဆန်းဟု ယူဆခြင်း ဖြစ်သည်။

ပါခက်သည် ထမင်းစားနေရင်း ခဏမျှ ရပ်သွားပြီးမှ ပြန်စားသည်။

ဝေ့ရှောင်ထျန်းက သူမကို ကြည့်ကာ ပြုံးလျက် ပြောလိုက်၏။

"ရှင် သုံးစွဲခဲ့တဲ့ ထုတ်ကုန်တိုင်းက အနည်းဆုံး အဆင့်မြင့် အရည်အသွေးတွေချည်းပဲ၊ တစ်ခုမှ မသန့်စင်တာ မပါဘူး... ဒါကြောင့် ဘာပြဿနာမှ ရှိလာမှာကို စိုးရိမ်စရာ မလိုဘူး"

ပါခက်သည် ဝါးနေရင်း မျက်လုံးများ မှေးကျသွားသည်။ အားလုံးက အဆင့်မြင့် အရည်အသွေးတွေလော။ တစ်ခုမှ မသန့်စင်တာ မပါဘူးလော။ သူမအနေဖြင့် ထိုအရာများ၏ တန်ဖိုးကို ခန့်မှန်း၍ပင် မရနိုင်ပေ။

"အရှင်မင်းကြီးက အဲဒီကိစ္စမှာ အရမ်း ဂရုစိုက်ခဲ့တာ... ရှင့်ရဲ့ အနာဂတ် ကျင့်ကြံခြင်း လမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်မှာကို သူ အစိုးရိမ်ဆုံးပဲ"

ဝေ့ရှောင်ထျန်းကလည်း အစားအစာများကို စတင် စားသောက်ရင်း ပြောလိုက်သည်။ သူမသည် ပါခက်အတွက်သာမက မိမိအတွက်ပါ ချက်ပြုတ်ထားခြင်း ဖြစ်သည်။

"..."

ပါခက်သည် သူမ၏ အသက်ကို ကယ်တင်ရန်နှင့် အနာဂတ်အတွက် ဝေ့ဝူယင် ပေးဆပ်ခဲ့သော ရင်းနှီးမှုများမှာ အလွန်အမင်း ထူးခြားနေကြောင်း ခံစားနေရသည်။ သူတို့သည် အသိအကျွမ်းမျှသာ ရှိသေးသူများ ဖြစ်သည်။ ဝေ့ဝူယင် ကတိပေးခဲ့သည်မှာ သူမ မသေအောင် လုပ်ပေးမည်ဟုသာ ဖြစ်ပြီး ကျင့်ကြံမှုကို ကူညီပေးမည်ဟု မဟုတ်ပေ။ အမှန်အတိုင်းဆိုလျှင် သူမသည် အစောကြီးကပင် ထွက်သွားချင်ခဲ့သော်လည်း ဝေ့ရှောင်ထျန်းက အတွင်းဒဏ်ရာများကို ကုသပေးပြီး ဆဲလ်များ၏ ခံနိုင်ရည်ကို မြှင့်တင်ပေးသည့် အဖိုးတန် လျှို့ဝှက်လောက အဆင့် လိမ်းဆေးများကို ယူလာပေးသောအခါ သူမ နှုတ်ဆိတ်သွားခဲ့ရသည်။ ထိုမှစ၍ ဆေးလုံးနှင့် ဆေးရည်များမှာ တားမရ ဆီးမရ ရောက်လာတော့သည်။

ဆေးလုံးများ...

ဆေးရည်များ...

အားလုံးမှာ အနည်းဆုံး လျှို့ဝှက်မြေကြီး အဆင့်ရှိပြီး အရည်အသွေးကလည်း အဆင့်မြင့် သို့မဟုတ် အထွတ်အထိပ် အဆင့်များသာ ဖြစ်သည်။ ကျင့်ကြံသူ အများစုမှာ ၁၀ ရာခိုင်နှုန်းခန့် မသန့်စင်သော ဆေးလုံးတစ်လုံး ရဖို့အတွက်ပင် အသေအလဲ တိုက်ခိုက်နေရချိန်တွင် ပါခက်မှာမူ အပြစ်အနာအဆာ ကင်းစင်သော ဆေးလုံးများကိုသာ သုံးစွဲနေရခြင်း ဖြစ်သည်။

ဤသို့သော ပြုစုစောင့်ရှောက်မှုမျိုးမှာ အဂ္ဂိရတ်ပညာရှင်များ၏ ကိုယ်ရံတော် သူရဲကောင်းများပင် မရရှိနိုင်သည့် အဆင့်ဖြစ်သည်။ သူမသည် ယခုအခါ ဝိညာဉ်ဆေးလုံး အချို့ကို စားသုံးခဲ့ပြီးနောက်တွင် သူမ၏ အစစ်အမှန် ဝိညာဉ်ကိုပင် စတင် ခံစားနေရပြီ ဖြစ်သည်။

သူမသည် လျှို့ဝှက် အာဏာရှင် အဆင့်၏ နောက်ဆုံးနှင့် ကိုးခုမြောက် အဆင့်ဖြစ်သော အစစ်အမှန် ဝိညာဉ် အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ ကပ်ဘေးတံခါးကို ခေါ်ယူပြီး ဉာဏ်အလင်းရအောင် လုပ်ရုံသာ ရှိတော့ပြီး အောင်မြင်ရန် ၈၀ ရာခိုင်နှုန်း သေချာနေသည်။

ပြီးခဲ့သော လေးနှစ်တာကာလသည် (သတိမေ့နေခဲ့သော သုံးနှစ်အပါအဝင်) သူမ၏ အရင်က နှစ်ပေါင်းတစ်သောင်း ကျင့်ကြံမှုထက် သာလွန်နေသည်။ ထိုကဲ့သို့သော ကွာခြားချက်က သူမကို စိတ်ထဲ၌ လမ်းပျောက်နေသလို ခံစားရစေသည်။

ဝေ့ရှောင်ထျန်းသည် ပါခက်၏ စိတ်ထဲ၌ လှုပ်ရှားနေမှုကို မြင်ရသောအခါ ပြုံးမိသည်။ ဗာကီရီတို့၏ သမိုင်းကြောင်းနှင့် သူတို့၏ အရင်က ဆက်ဆံခံရမှုများကို သိရှိထားသော ဝေ့ရှောင်ထျန်းသည် ယခု ပါခက် ရရှိနေသော အခွင့်အရေးကိုသာ အခြားသူများ သိသွားပါက မနာလိုဖြစ်ပြီး ရင်ပတ် စည်တီးကြမည်မှာ သေချာသည်ဟု တွေးမိသည်။

"ဘာလို့လဲ..."

ပါခက်က ဝေ့ရှောင်ထျန်း၏ အပြုံးကို သတိပြုမိသွားသည်။

"တန်ဖိုးလိုမျိုး အသေးအဖွဲ ကိစ္စတွေကို စိတ်မပူပါနဲ့... အရှင်မင်းကြီးသာ မလုပ်ချင်ဘူးဆိုရင် ဘယ်သူမှ သူ့ကို အတင်းအကျပ် မခိုင်းနိုင်ဘူး"

ဝေ့ဝူယင်သည် ပါခက်၏ မူလယင် စွမ်းအားကို အတင်းအကျပ် ရယူနိုင်သည့် အခွင့်အရေးရှိသော်လည်း မလုပ်ခဲ့ပဲ သူ၏ မူလယန်စွမ်းအားကိုသာ စတေး၍ ကုသပေးခဲ့ပုံကို တွေးမိသောအခါ ဝေ့ရှောင်ထျန်း၏ ရင်ထဲ၌ နွေးထွေးမှုတစ်ခု ခံစားလိုက်ရသည်။

ဝေ့ဝူယင်အနေဖြင့် ပါခက်အပေါ် ဤမျှ ရင်းနှီးပေးဆပ်ရန် အကြောင်းပြချက် မရှိသော်လည်း သူသည် တွေဝေခြင်း မရှိဘဲ လုပ်ဆောင်ခဲ့သည်။ ပါခက်၏ စိတ်ထဲတွင် ဝေ့ဝူယင်၏ ခန့်ညားသော ပုံရိပ်နှင့် သူ၏ နဂါးစွမ်းအား အရှိန်အဝါများ ပေါ်လာသည်။ ပြီးနောက် ဝေ့ဝူယင်၏ လှည့်ကွက်များကိုလည်း သူမ သတိရလိုက်သည်။

ဝေ့ရှောင်ထျန်းက ပါခက်၏ လက်ကို အသာအယာ ကိုင်လိုက်၏။

"အဲဒီ အရေးမကြီးတဲ့ ကိစ္စတွေကို စိတ်ဖိစီးမနေပါနဲ့... အရှင်မင်းကြီးမှာ ရှင့်အပေါ် ဘာအကြံအစည်မှ မရှိသလို တစ်ပြားတစ်ချပ်မှ ပြန်ပေးဆပ်ဖို့လည်း သူ မမျှော်လင့်ဘူး။ သူကတောင် ပြောသေးတယ်... သူက ရှင့်ကို အကြွေးတင်နေတာတဲ့"

"ကျွန်မကို အကြွေးတင်နေတယ် ဟုတ်လား..."

ပါခက် အံ့အားသင့်သွားသည်။

ဝေ့ရှောင်ထျန်းက ခေါင်းညိတ်ပြလိုက်၏။

"အဲဒီတုန်းက ရှင် သူ့ကို အစွမ်းကုန် တိုက်ခိုက်ခဲ့တာက သူ့ကို မင်း ထင်မထားလောက်အောင် ကူညီပေးခဲ့သလို ဖြစ်သွားတာတဲ့... အဲဒါကြောင့် သူက ရှင့်ကို အကြွေးတင်နေတာလို့ ပြောတာ"

ထို့နောက် ဝေ့ရှောင်ထျန်းက စားလက်စကို ဆက်စားနေပြီး ပါခက်မှာမူ ထိုစကားများကို တွေးတောရင်း ကျန်ရစ်ခဲ့သည်။

"ဩော်... ဒါနဲ့..."

ဝေ့ရှောင်ထျန်းက ရုတ်တရက် သတိရသွားသလို အော်လိုက်သည်။

"သူက ပြောသေးတယ်၊ ရှင့်ရဲ့ ကျင့်ကြံခြင်း နည်းလမ်း အတွက် စိုးရိမ်စရာ မလိုဘူးတဲ့... ရှင့် ကျင့်ကြံမှုအပေါ် ဘာဆိုးကျိုးမှ သက်ရောက်မှာ မဟုတ်သလို၊ ရှင်သာ သူ့ရဲ့ ဖိတ်ခေါ်မှုကို လက်ခံရင် ကျန်တဲ့ သူတော်စင် ခုနစ်ပါးကလည်း ရှင့်ကို တားဆီးမှာ မဟုတ်ဘူးတဲ့... ပြီးတော့ ရှင် ပြန်လာချင်တဲ့ အချိန်မှန်သမျှမှာလည်း သူ ပြန်ပို့ပေးမယ်တဲ့"

"အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီကိုလား..."

ပါခက် အံ့အားသင့်စွာ မေးလိုက်သည်။ ထိုဂလက်ဆီမှာ အလွန်အမင်း ဝေးကွာလှသည်။ သူမသည် သူမ၏ အခြေအနေများကြောင့် ဂလက်ဆီ အပြင်ဘက်သို့ တစ်ခါမျှ မထွက်ခွာဖူးပေ။ ကျန်သည့် သူတော်စင် ခုနစ်ပါးမှာလည်း သူတို့၏ ကျင့်ကြံဖော်များ ဆုံးရှုံးသွားပြီး ကျင့်ကြံမှုတွင် အပြစ်အနာအဆာ ဖြစ်သွားမှာကို မလိုလားကြပေ။ ထို့ကြောင့် ပြတ်သားသော ဆည်းဆာ ဂလက်ဆီရှိ သူတော်စင် ဆယ်ပါးအနက် သူတော်စင် အိုအေစစ်မြစ် တစ်ဦးတည်းသာ ဂလက်ဆီ အပြင်ဘက်သို့ ထွက်ခွာဖူးခြင်း ဖြစ်သည်။

"ဟုတ်တယ်၊ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီပဲ"

ဝေ့ရှောင်ထျန်းက ပြုံးလျက် အတည်ပြုပေးသည်။

ပါခက် မည်သို့ တုံ့ပြန်ရမည်ကို မသိတော့ပေ။ သူမ ငြင်းပယ်ချင်သည့် အကြောင်းပြချက်များကို သူမ မပြောရသေးခင်မှာပင် ဝေ့ဝူယင်က ကြိုတင် ဖြေရှင်းပေးထားပြီးသား ဖြစ်နေသည်။ အမှန်အတိုင်းဆိုလျှင် သူမသည်လည်း ဂလက်ဆီ အပြင်ဘက်နှင့် အခြားသော ဂလက်ဆီများကို သွားရောက် လေ့လာလိုစိတ် ရှိနေသည်။

သို့သော် သူမ၏ စိတ်ထဲတွင် တစ်ခုခုက သတိပေးနေသည်။ ဝေ့ဝူယင်၏ ဖိတ်ခေါ်မှုမှာ ကျေးဇူးဆပ်ချင်သည့် စိတ်သက်သက်လားဆိုသည်ကို သူမ သံသယ ရှိနေမိသည်။ ဝေ့ဝူယင်သည် တစ်ဂလက်ဆီလုံးကို သူ၏ လက်ခုပ်ထဲ၌ ကစားနိုင်ခဲ့သူ မဟုတ်ပါလား။ ဂလက်ဆီ သုံးခုလုံးကို အချိန်တိုအတွင်း သူ၏ လက်အောက်ခံ ဖြစ်အောင် လုပ်နိုင်ခဲ့သူ ဖြစ်သည်။

• အဖြူရောင် အဘိဿဲလ် ဂလက်ဆီ

• ကောင်းကင်နှလုံးသား ဂလက်ဆီ

• ပြတ်သားသော ဆည်းဆာ ဂလက်ဆီ

ဂလက်ဆီကြီး သုံးခုလုံးတိတိပင်။

ဝေ့ရှောင်ထျန်းက ပါခက်ကို ကြည့်လိုက်၏။

"သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိတယ်လို့ ရှင် ထင်နေတာလား... ဒါမှမဟုတ် ရှင့်ကို သဘောကျလို့ ချဉ်းကပ်ဖို့ ကြိုးစားနေတာလို့ ထင်လို့လား... ရှင် ဘာလို့ သံသယဖြစ်လဲဆိုတာ ငါ နားလည်ပါတယ်... ဒါပေမဲ့ အရှင်မင်းကြီးက သူ့ရည်ရွယ်ချက်ကို အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပြောလေ့ရှိတယ်... သူ ရှင့်ကို ချဉ်းကပ်ချင်တယ်ဆိုရင် ရှင် မငြင်းနိုင်တဲ့အထိ ပေါ်ပေါ်ထင်ထင် လုပ်မှာပဲ... ရှင့်ကို မကောင်းတာ လုပ်ချင်ရင်လည်း လွန်ခဲ့တဲ့ နှစ်တွေကတည်းက လုပ်လို့ ရတာပဲ... ပြီးတော့ အခု ရှင်က သူ့ကို ပြန်တိုက်နိုင်တဲ့ အခြေအနေမှာလည်း မရှိဘူးလေ"

"ချဉ်းကပ်တယ် ဟုတ်လား"

ပါခက်က ထိုအချက်ကို ထည့်မစဉ်းစားဖူးပေ။ သူမသည် ဝေ့ရှောင်ထျန်း၏ စကားကြောင့် ခေတ္တမျှ ကြောင်သွားသော်လည်း ချက်ချင်းပင် ခေါင်းခါလိုက်သည်။ မဟုတ်ဘူး... သူမ စဉ်းစားနေသည်မှာ အခြားတစ်မျိုး ဖြစ်သည်။

"ဒါဆို ဘာဖြစ်လို့လဲ"

ဝေ့ရှောင်ထျန်း ဇဝေဇဝါ ဖြစ်သွားသည်။

"သူ့ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောတယ်လို့ ပြောပေမဲ့၊ သူ မပြောသေးတဲ့ တခြား အကြံအစည်တွေ ရှိနေဦးမယ်လို့ ကျွန်မ ခံစားရတယ်... ထားလိုက်ပါတော့... သူ့ကို ကျွန်မကိုယ်တိုင်ပဲ မေးလိုက်ပါ့မယ်... သူ့နောက်ကို အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီအထိ လိုက်ခဲ့ပါ့မယ်"

ပါခက်က ဆုံးဖြတ်ချက်ကို ပြောလိုက်ပြီးနောက် အစားအသောက်များကို ဆက်လက် အရသာခံ စားသောက်နေတော့သည်။

ဝေ့ရှောင်ထျန်းသည် ပါခက်က လက်ခံလိုက်သည့်အတွက် ဝမ်းသာခဲ့သည်။ ဝေ့ဝူယင်၏ အစီအစဉ်များနှင့် ပတ်သက်၍မူ သူမလည်း သိသင့်သလောက်သာ သိထားခြင်း ဖြစ်သည်။ သို့သော် ဝေ့ဝူယင်မှာ ကျေးဇူးတင်ရုံ သက်သက်အတွက်နှင့် ဤမျှ အရင်းအမြစ်များစွာကို အလဟဿ ဖြုန်းတီးမည့်သူမျိုးတော့ မဟုတ်ဟု သူမ ယူဆလိုက်သည်။

"ငါတို့ မနက်ဖြန် ထွက်ခွာကြမယ်"

ပါခက် လက်ခံလိုက်ကြောင်း ဝေ့ရှောင်ထျန်းထံမှ အတည်ပြုချက် ရရှိသောအခါ ဝေ့ဝူယင်က ပြောလိုက်သည်။ ဤသို့ဖြင့် ဤဂလက်ဆီတွင် သူလုပ်ဆောင်စရာ ရှိသည်များကို အားလုံး ပြီးမြောက်သွားလေပြီ။ အသန့်စင်ဆုံး မြူခိုး ဂလက်ဆီသို့ သွားရန်နှင့် သူ၏ နှစ်နှစ်တာ ကတိကဝတ်ကို ဖြည့်ဆည်းရန် အချိန်တန်လေပြီ။

***

All Chapters