အခန်း (၂၁၂၁-၂၁၂၂)
Vol. 152 Ch. 2121-2122
အပိုင်း(၂၁၂၁)
တာအိုလက်တွဲဖော်များ ဖြစ်ကြသည့် သူတော်စင် နတ်ပရီ နှင့် နက်ပစ် တို့ နှစ်ဦးစလုံး ပေါ်ထွက်လာခြင်းမှာ မထင်မှတ်ထားသော အဖြစ်အပျက်တစ်ခုပင် ဖြစ်သည်။ အီမန်တက် နှင့် ပါခက် တို့သည် နက်ပစ် ကို သူတို့၏ ဝိညာဉ်အာရုံများဖြင့် အထူးတလည် အကဲခတ်နေကြ၏။ သူမ၏ လက်ရှိ အခြေအနေကို ၎င်းတို့ သိချင်နေကြသည်မှာ သဘာဝပင်။
နက်ပစ် သည် ရှစ်မျက်နှာ နတ်ဘုရားချုပ်နှောင်ခြင်း အစီအရင်ကို ထိန်းချုပ်ရင်း ထိန်ကျန့်ဝမ် နှင့် တိုက်ခိုက်စဉ်က ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ပြီးကတည်းက နောက်တန်းသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။
သူမတွင် ဒဏ်ရာများ ရှိနေဆဲ ဖြစ်ပြီး၊ သူမ၏ ရုပ်ဆင်းသွင်ပြင်နှင့် အော်ရာတို့မှာ ဆေးဝါးများဖြင့် အတုအယောင် ဖန်တီးထားသော ကျန်းမာမှုမျှသာ ဖြစ်ကြောင်း သူတို့ ချက်ချင်း သိလိုက်ရသည်။ သူမ၏ ကျင့်ကြံခြင်း အခြေခံမှာ အတိုင်းအတာတစ်ခုအထိ ပျက်စီးသွားခဲ့ပြီ ဖြစ်ရာ၊ သူတို့ကဲ့သို့ အဆင့်အတန်းရှိသူများအတွက် ထိုကဲ့သို့သော အခြေခံဒဏ်ရာကို ကုသရန်မှာ အလွန်တရာ များပြားလှသော သယံဇာတများနှင့် ထူးကဲသော ပတ်ဝန်းကျင်ကောင်းများ မရှိဘဲ မလွယ်ကူလှပေ။ ပါခက်သည် အဆင့်မြင့် ပြန်လည်ကုသခြင်း အခြေအနေများကို ရရှိထားသည့် စံနမူနာတစ်ခုပင် ဖြစ်သည်။
နက်ပစ် သည် ဂလက်ဆီအတွင်းရှိ သူတော်စင်များထဲတွင် ထူးခြားသူ နှစ်ဦးအနက် တစ်ဦး ဖြစ်ပြီး၊ သူမ၏ ယခုကဲ့သို့ အောင်မြင်မှုများမှာ နတ်ပရီ၏ အချစ်နှင့် တာအိုကျင့်ကြံမှုများကြောင့်ဟု ဆိုနိုင်သည်။ နက်ပစ်၏ ရုန်းကန်မှုနှင့် စတေးခဲ့သည့် သမိုင်းကြောင်းများ ရှိခဲ့သော်လည်း၊ နက်ပစ်နှင့် နတ်ပရီတို့သည် အတိတ်က အကြီးအကျယ် စကားများ ရန်ဖြစ်ခဲ့ကြသဖြင့် သူတို့၏ မဟာနယ်မြေမှာပင် အစိတ်စိတ်အမွှာမွှာ ဖြစ်ခဲ့ဖူးသည်။ သူတို့၏ လက်ရှိ ဆက်ဆံရေး အခြေအနေကို မည်သူမျှ တိတိကျကျ မသိကြချေ။
အီမန်တက်နှင့် ပါခက်တို့အတွက် သူတို့နှစ်ဦးကို အတူတကွ မြင်တွေ့ရခြင်းမှာ နှစ်ပေါင်း တစ်သောင်းနှစ်ထောင်အတွင်း ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ သူမအနေဖြင့် နတ်ပရီနှင့်အတူ ဤနေရာသို့ ရောက်လာခြင်းမှာ အမှန်တကယ်ပင် ထူးခြားလှသည့် အဖြစ်အပျက်တစ်ခု ဖြစ်၏။
“ဘာဖြစ်လို့လဲ...”
အီမန်တက်၏ အာရုံစိုက်မှု ပြောင်းလဲသွားသည်ကို လော့နင်က သတိပြုမိသွားသည်။
အီမန်တက်က နှုတ်ခမ်းဆူကာ နားမလည်နိုင်သော စကားများကို တိုးတိုးလေး ရေရွတ်နေမိသည်။ သို့သော် လော့နင်က သူမ၏ မေးစေ့ကို လက်ချောင်းလေးဖြင့် ဆွဲယူလိုက်တော့မှသာ သတိပြန်ဝင်လာခဲ့သည်။ လော့နင်က သူမ၏ မေးခွန်းကို ထပ်မံ မေးမြန်းလိုက်၏။
“ဘာမှမဟုတ်ပါဘူး… ဒါပေမဲ့…”
သူမက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် မျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင်များဖြင့် ဆက်ပြောလိုက်သည်။
“နက်ပစ် ဒီကို ရောက်နေလို့လေ... မဟာနယ်မြေနဲ့ သာမညနယ်မြေတွေက တညီတညွတ်တည်း မဲပေးပြီး သူါကို တာဝန်အချို့ ပေးထားတယ် ဆိုပေမဲ့၊ ငါ သူမကို မကြိုက်ဘူး”
လော့နင်မှာ စိတ်ဝင်စားသွား၏။
“ဘာဖြစ်လို့လဲ”
မူလက အီမန်တက်သည် သူတစ်ပါးအတင်းကို ကွယ်ရာ၌ ပြောတတ်သူ မဟုတ်သော်လည်း၊ သူမ၏ အဖော်ဖြစ်သူအား သူမ၏ ခံစားချက်နှင့် အတွေးများကို ဖွင့်ဟပြောဆိုခြင်းမှာ လွန်ကဲရာ မရောက်ဟု သူမ ယူဆထားသည်။
“သူတို့က အစတုန်းကတော့ အမြဲတမ်း တတွဲတွဲနဲ့၊ စိတ်ကူးယဉ်လို့ရတဲ့ အချိုသာဆုံး တာအိုလက်တွဲဖော် ပုံစံမျိုးပဲ... ဒါပေမဲ့ အဲဒီမိန်းမ အစစ်အမှန် သူတော်စင် ဖြစ်လာတဲ့ အချိန်မှာတော့ သူ့ရဲ့ အမူအရာတွေ ပြောင်းလဲသွားပြီး ရည်မှန်းချက်တွေက ပေါက်ကွဲထွက်လာတော့တာပဲ... အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ က လောဘကြီးတဲ့ အဂ္ဂိရတ်ပညာရှင်တွေရဲ့ အမြတ်ထုတ်ခြင်းကို ငါတို့ ခံခဲ့ရတဲ့ အကြောင်းရင်းတွေထဲမှာ တစ်ခုက အဲဒီ မိန်းမကြောင့်ပဲ... ငါတို့မှာ သင့်တော်တဲ့ လူမရှိဘဲနဲ့ လျှို့ဝှက်ကောင်းကင် အဂ္ဂိရတ်မျိုးဆက် ကို ရဖို့အတွက် နတ်ပရီကို သူက အတင်းအကျပ် တိုက်တွန်းခိုင်းခဲ့တာ”
“အဲဒီတုန်းက ဈေးနှုန်းက အဆမတန် များနေပေမဲ့လည်း အနာဂတ်အတွက် ပြင်ဆင်တဲ့ အနေနဲ့ ငါတို့အားလုံးက နောက်ဆုံးတော့ သဘောတူခဲ့ကြရတယ်... ဒါပေမဲ့ သူနဲ့ အိုအေစစ်မြစ် တို့က သင့်တော်တဲ့ မျိုးဆက်ကို မရခဲ့ကြဘူး... တကယ်တော့ အဆင့်နိမ့် မျိုးဆက်တစ်ခုက ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦးကို ထွက်ပေါ်လာစေနိုင်ပေမဲ့၊ အဲ့တာက စီနီယာ အဆင့် လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် တွေထက် အရင်းခံအားဖြင့် နိမ့်ပါးနေမှာပဲ... အဲဒီလို အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်တွေကို ဖန်တီးနိုင်ဖို့အတွက် လိုအပ်တဲ့ ခက်ခဲမှုနဲ့ သယံဇာတတွေကလည်း အရမ်း များပြားလွန်းပြီး အောင်မြင်ဖို့ အခွင့်အလမ်းကလည်း အင်မတန် နည်းပါးလွန်းတယ်လေ...”
အီမန်တက်က ထိုအခြေအနေအပေါ် သူမ၏ စိတ်ပျက်မှုကို ဖုံးကွယ်မထားပေ။
“ပြီးတော့ နက်ပစ်က သူ့ရဲ့ ကျင့်ကြံခြင်းကို ထောက်ပံ့ဖို့အတွက် ကိုယ်ပိုင်နယ်မြေတစ်ခုကို သီးသန့် ခွဲထုတ်ခဲ့သေးတယ်... ဒါပေမဲ့ သူါရဲ့ ရည်မှန်းချက်တွေကို တားဆီးထားတဲ့ စည်းမျဉ်းတွေ ငါတို့မှာ ရှိနေတာကို သူ သိလိုက်ရတဲ့အခါမှာတော့ အကြီးအကျယ် ရန်ဖြစ်ပြီး နောက်ဆုံးသတိပေးချက် ထုတ်ပြန်ခဲ့တော့တာပဲ... နတ်ပရီက အဲဒီလို ကိစ္စတွေကို အလွယ်တကူ အရှုံးပေးတတ်သူ မဟုတ်ပေမဲ့၊ သူ့ရဲ့ စိတ်ပျက်စရာကောင်းတဲ့ ကလေးဆန်တဲ့ အပြုအမူတွေကို အချိန်အတော်ကြာ ခံစားခဲ့ရပြီးတဲ့နောက်မှာတော့ သူက သူ့နယ်မြေရဲ့ ၆၀ ရာခိုင်နှုန်းကို နက်ပစ်ကို ပေးလိုက်ရပြီး၊ သူ့ရဲ့ နယ်မြေကို ချဲ့ထွင်ပေးဖို့အတွက် ကြီးမားတဲ့ စတေးမှုတွေ လုပ်ခဲ့ရတယ်... ဒါက ဘယ်လို အဓိပ္ပာယ်မရှိတဲ့ ကိစ္စလဲ... အဲဒီလောက်ထိ လုပ်ပေးထားတာတောင် သူက နတ်ပရီကို နှစ်ပေါင်း တစ်သောင်းကျော်အောင် ရှောင်နေခဲ့တာ... သူက ရည်မှန်းချက်ကြီးတဲ့ ပြဿနာရှာသူပဲ... အဆိုးဆုံး အမျိုးအစားပေါ့”
“...”
လော့နင်သည် ဤအချက်များကို တိတ်ဆိတ်စွာ စဉ်းစားနေမိသည်။ အီမန်တက်အနေဖြင့် အချို့သော အသေးစိတ်အချက်များကို ချန်လှပ်ထားခဲ့နိုင်သော်လည်း၊ နတ်ပရီနှင့် ဝိညာဉ်ချင်း ဆက်နွှယ်နေသော အီမန်တက်အတွက် ထိုသူတော်စင်မ (နက်ပစ်) အပေါ်တွင် ကောင်းမွန်သော ခံစားချက် မရှိခြင်းကို သူမ နားလည်နိုင်ပါသည်။ သူမသည် အီမန်တက်ကို နူးညံ့စွာ ပွတ်သပ်၍ နှစ်သိမ့်ပေးလိုက်ပြီး သူတို့ နှစ်ဦးမှာ စကားများ ဆက်လက် ပြောဆိုနေကြတော့သည်။
အီလီစီယမ် အသေး သင်္ဘောပေါ်တွင်မူ နက်ပစ်နှင့် နတ်ပရီတို့သည် ဝေ့ဝူယင်၏ နောက်မှ ဘေးချင်းယှဉ်၍ လိုက်ပါလာကြသည်။
“လိုအပ်တဲ့ စစ်ဆေးမှုတွေ အားလုံး ပြီးပြီလား”
ဝေ့ဝူယင်က ရွှေဖုန်းပေါင်ကို မေးလိုက်သည်။
“အစီအရင်တွေ၊ ဝင်္ကပါတွေနဲ့ သင်္ဘောရဲ့ ကြံ့ခိုင်မှု အားလုံးကို အပြည့်အဝ စနစ်တကျနဲ့ သုံးကြိမ်တိုင်တိုင် စစ်ဆေးပြီးပါပြီ...”
ရွှေဖုန်းပေါင်က လေးစားစွာဖြင့် အစီရင်ခံလိုက်၏။
ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်၏။
“ငါတို့ရဲ့ ဦးတည်ရာက ဂလက်ဆီ နယ်နိမိတ်ရဲ့ အနောက်တောင်ဘက် အစွန်အဖျားပဲ”
ရွှေဖုန်းပေါင်က ချက်ချင်းပင် ခေါင်းညိတ်၍ အီလီစီယမ် အသေး ကို အပြည့်အဝ ထိန်းချုပ်လိုက်ပြီး၊ တောက်လောင်နေသော စွမ်းအင်လှိုင်းများနှင့်အတူ သင်္ဘော၏ တွန်းကန်မှု အစီအရင်များကို စတင် အသက်သွင်းလိုက်သည်။ သင်္ဘောတွင် တည်ငြိမ်မှု အစီအရင်များ ပါရှိသဖြင့်၊ စတင် ထွက်ခွာစဉ်က ဖြစ်ပေါ်သော အရှိန်ကြောင့် အနည်းငယ် တုန်ခါမှုမှလွဲ၍ ခရီးစဉ်မှာ အလွန်တရာ ပြေပြစ်ချောမွေ့လှသည်။
အီမန်တက်၏ လျှိုု့ဝှက်မြူခိုး သင်္ဘောသည်လည်း နောက်မှ လိုက်ပါလာ၏။ သခင်လေးရှန့် က သူတော်စင် နှစ်ပါးကို စူးစမ်းစွာ ကြည့်လိုက်သည်။ ခရီးတစ်ထောက် ရပ်နားတိုင်း သင်္ဘောပေါ်တွင် အဖွဲ့ဝင်သစ်များ တိုးတိုးလာခဲ့သည်။ သူတို့ အဖြူရောင် အဘိဿဲလ် ဂလက်ဆီ မှ ထွက်ခွာလာစဉ်က လျှို့ဝှက်အရှင် ဖြစ်သူ မီးခိုးရောင်နှင်းဆီ ပါလာခဲ့သည်။ ထို့နောက် ကောင်းကင်နှလုံးသား ဂလက်ဆီ မှ ထွက်ခွာသောအခါတွင်မူ မင်ရှုဖုန်း ကိုင်ဆောင်ထားသည့် ရေနေသားရဲနှင့် ယွီစွန်းလီ၏ ရင်ခွင်ထဲမှ ဒါကာရိုင်း တို့ ပါလာခဲ့သည်။
ယခုမူ သူတော်စင် လေးပါးတောင် ဖြစ်သွားလေပြီ။ ဝေ့ဝူယင်သည် ကြယ်တာရာများကို ဖြတ်သန်းသွားရင်း အစွမ်းထက်သော ပုဂ္ဂိုလ်များဖြင့် သူ၏ အခြွေအရံများကို တည်ဆောက်နေခြင်းပင် ဖြစ်သည်။
“လောကရှန့်ထို အာရုဏ်ဦး…”
နက်ပစ်က ခေါ်လိုက်သည်။
ဝေ့ဝူယင်သည် လေးစားသောလေသံဖြင့် ပြောဆိုလာသည့် သူတော်စင်မဘက်သို့ လှည့်ကြည့်လိုက်၏။
“အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ကို သွားတဲ့ ခရီးက ဘယ်လောက်ကြာမလဲ”
သူမက မေးလိုက်သည်။ သူမ၏ အမြင်တွင်မူ သင်္ဘော၏ လက်ရှိအရှိန်မှာ အလွန်ပင် နှေးကွေးနေသည်။ အထူးသဖြင့် ရွှေဖုန်းပေါင် မောင်းနှင်နေခြင်းကြောင့် ဖြစ်၏။ ရွှေဖုန်းပေါင်၏ ကျင့်ကြံခြင်း အဆင့်မှာ အီလီစီယမ် အသေး ၏ အစီအရင်များကို အပြည့်အဝ အသုံးချနိုင်ရန်အတွက် အလွန် နိမ့်ပါးလွန်းနေသည်။
ဤအချက်ကို သူမ တစ်ဦးတည်းသာ စိတ်ဝင်စားနေခြင်း မဟုတ်ပေ။ ပါခက်နှင့် နတ်ပရီတို့မှာလည်း မျက်ဝန်းများ တောက်ပလျက် အမှောင် ဟင်းလင်းပြင် ကို ကြည့်ရင်း ခရီးစဉ် ကြာချိန်ကို တိတ်ဆိတ်စွာ ခန့်မှန်းနေကြသည်။ သူတော်စင် အိုအေစစ်မြစ် ၏ ခရီးစဉ်များအရ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ သို့ သွားရန် ပုံမှန်အားဖြင့် ၁၁ နှစ်မှ ၁၃ နှစ်ခန့် ကြာလေ့ရှိသည်။ ထို့ပြင် ထိုလမ်းကြောင်းမှာ ရှင်းလင်းထားခြင်း မရှိသဖြင့်၊ သူတော်စင်များအတွက်ပင် အန္တရာယ်ရှိသော ဟင်းလင်းပြင် သတ္တဝါများ နှင့် ဟင်းလင်းပြင် ဖြစ်ရပ်ဆန်းများ ကြောင့် ကြိုတင်မခန့်မှန်းနိုင်သည့် အန္တရာယ်များ အမြဲတမ်း ရှိနေတတ်သည်။
၎င်းတို့သည် အီလီစီယမ် အသေး ၏ အရည်အသွေးကို မသိကြချေ။ ပြတ်သားသော ဆည်းဆာ ဂလက်ဆီ နှင့် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အကြား ခရီးစဉ်မှာ၊ အကယ်၍ ထိန်ကျန့်ဝမ် ကဲ့သို့သော သူတော်စင်တစ်ဦးက မောင်းနှင်ပြီး လမ်းကြောင်းမလွဲဘဲ သွားမည်ဆိုပါက ၎င်း၏ ကာကွယ်ရေး အစီအရင်များနှင့် အန္တရာယ်အများစုကို လျစ်လျူရှုနိုင်သော အရှိန်ကြောင့် ၁၁ လမှ ၁၃ လခန့်သာ ကြာမြင့်မည် ဖြစ်သည်။ ၎င်းသည်ပင် အလွန်တရာ မြန်ဆန်လှသော အောင်မြင်မှုတစ်ခု ဖြစ်နေပြီ ဖြစ်သည်။
“ဟင်…”
ဝေ့ဝူယင်က ပြုံးလိုက်၏။
“၁၇ မိနစ်ထက် ပိုမကြာပါဘူး”
***
အပိုင်း(၂၁၂၂)
“၁၇ မိနစ် ဟုတ်လား...”
သူတော်စင်များမှာ အံ့အားသင့်သွားကြပြီး ၎င်းတို့၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ အထင်းသား ပေါ်လွင်နေသည်။ သူတို့ နားကြားမှားလိုက်လေသလား။
ဝေ့ဝူယင်က အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။
“၁၇ မိနစ်ဆိုတာ အများဆုံး ခန့်မှန်းထားတာပါ”
သင်္ဘောပေါ်ရှိ အခြားသူများမှာမူ ဝေ့ဝူယင်၏ စကားကြောင့် အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိကြချေ။ ကြယ်တစ်လုံး ဂလက်ဆီ ၏ ရှေးဟောင်း ချိပ်ပိတ်နယ်မြေ မှ လာသူများအတွက်မူ အစစ်အမှန် ဟင်းလင်းပြင် နဂါး တစ်ကောင်၏ မယုံနိုင်လောက်အောင် လွယ်ကူသော ခရီးသွားလာမှုများကို တွေ့မြင်ခဲ့ရပြီး ဖြစ်သဖြင့် ဤသည်မှာ အထူးအဆန်း မဟုတ်တော့ပေ။
ကြယ်တာရာများကို မိနစ်ပိုင်းအတွင်း ဖြတ်သန်းသွားလာနိုင်ခြင်းမှာ အစကတည်းက မယုံကြည်နိုင်စရာ ကောင်းလှသော ကိစ္စပင် မဟုတ်ပါလား။
မင်ရှုဖုန်းနှင့် ယောင်ဟုန်ရိတို့သည် ပင်မကုန်းပတ်ပေါ်သို့ ပြန်လည်ရောက်ရှိလာကြ၏။ မင်ရှုဖုန်းသည် ဝေ့ဝူယင်ကို တွေ့လိုက်ရသောအခါ သူမ၏ မျက်ဝန်းများမှာ ဝင်းလက်သွားခဲ့သည်။ ပြတ်သားသော ဆည်းဆာ ဂလက်ဆီသို့ ရောက်ရှိလာကတည်းက ဝေ့ဝူယင်သည် ပုံမှန်ထက်ပို၍ ဖမ်းရဆုပ်ရ ခက်ခဲနေခဲ့သည်။ သူ အခြားဂလက်ဆီတစ်ခုကို သိမ်းပိုက်စိုးမိုးစဉ် အတောအတွင်းတွင် သူမအနေဖြင့် အကြံပေးခွင့် မရရှိခဲ့သည်ကို အခွင့်အရေး တစ်ရပ် လက်လွတ် ဆုံးရှုံးခဲ့ရသကဲ့သို့ ခံစားရသဖြင့် စိတ်မသက်မသာ ဖြစ်နေခဲ့ရ၏။
သူမသည် ဝေ့ဝူယင်ရှိရာသို့ မဆိုင်းမတွ လျှောက်လှမ်းသွားခဲ့သည်။ ထို့နောက် ပြတ်သားသော ဆည်းဆာ ဂလက်ဆီမှ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီသို့ သွားမည့် လမ်းကြောင်းတစ်လျှောက်တွင် သူမ တွက်ချက်ဖော်ထုတ်ထားသော ကံကြမ္မာ အခွင့်အလမ်းအချို့ကို ဝေ့ဝူယင်အား စတင်ပြောပြတော့သည်။
ယခင်ကကဲ့သို့ပင် သူမသည် ဤလောကကြီးမှ တန်ဖိုးရှိသည့် အရာများကို ထုတ်ယူရာတွင်လည်းကောင်း၊ သူ၏ အကျိုးစီးပွားအတွက်လည်းကောင်း သူမ၏ အသုံးဝင်ပုံကို ပြသလိုနေခြင်း ဖြစ်သည်။
ယောင်ဟုန်ရိသည် ရွှေဖုန်းပေါင်နှင့်အတူ တွဲဖက်မောင်းနှင်သူအဖြစ် ကူညီပေးနေသဖြင့် စုမေ့အနေဖြင့် သူမ၏ ကျင့်ကြံခြင်းကို စိတ်ရောကိုယ်ပါ အပြည့်အဝ အာရုံစိုက်နိုင်ခဲ့သည်။ သူတော်စင် ပါခက် ကမူ ရှောင်ပိုင်၏ ဘေးတွင် တိတ်ဆိတ်စွာ နေရာယူထားပြီး သူ့ကိုသာ စိုက်ကြည့်နေ၏။ သူမ၏ အကြည့်များမှာ ပြင်းထန်လွန်းလှသဖြင့် သူမ အံ့ဩမှင်သက်နေသည်လား သို့မဟုတ် အစာစားချင်စိတ် ဖြစ်ပေါ်နေသည်လား ဆိုသည်ကို ခွဲခြားရန်ပင် ခက်ခဲလှသည်။
ရှောင်ပိုင်ကမူ သူမကို အမှန်တကယ်ပင် ဂရုမစိုက်ဘဲ ဟိုနားဒီနား နှာမှုတ်နေ၏။ စုမေ့နှင့် ဝေ့ဝူယင် ဤနေရာတွင် ရှိနေသရွှေ့ ပါခက်က သူ၏ အသားတစ်ဖဲ့ကို စားချင်နေလျှင်ပင် သူ အလေးမထားပေ။ သူမ စိတ်ကူးချင်သလောက်သာ ယောင်ယမ်း စိတ်ကူးနေနိုင်ပေသည်။
ဝေ့ဝူယင်သည် မင်ရှုဖုန်း၏ စကားများကို နားထောင်နေခဲ့သည်။ သူမ ပြောပြသော ကံကြမ္မာ အခွင့်အလမ်း အများစုမှာ ဝေဝါးလှ၏။ ဥပမာအားဖြင့် မည်သည့် သယံဇာတဖြစ်ကြောင်း တိတိကျကျ မသိရသော်လည်း ရှားပါးမည်မှာ သေချာသည့် သီးခြားဂြိုဟ်ပျက်ကြီး တစ်လုံးရှိနေခြင်းမျိုး ဖြစ်သည်။ အခြားတစ်ခုမှာမူ ရှေးဟောင်း လျှို့ဝှက်နယ်မြေတစ်ခု၏ အပျက်အစီးများဆီသို့ ဦးတည်နိုင်သည့် အာကာသ နယ်မြေတစ်ခု ဖြစ်သည်။ သူမသည် ဝေဝါးသော ကံကြမ္မာ အလားအလာ အတော်များများကို စာရင်းပြုစု ပြသခဲ့သည်။
“ငါတို့ရဲ့ ခရီးစဉ်ကို ရက်အနည်းငယ်လောက် တိုးလိုက်မယ်...”
ဝေ့ဝူယင်က အဖွဲ့သားများကို အသိပေးလိုက်သည်။ သူသည် အခွင့်အရေးများကို အသုံးချတတ်သော အမြတ်ထုတ် ကောင်းချီးခံ တစ်ဦး ဖြစ်သော်လည်း၊ သူ၏ ကမ္မ ကံကောင်းမှု တန်ဖိုးမှာ သုညအထိ ကျဆင်းနေသဖြင့် ယခင်ကကဲ့သို့ ကံကြမ္မာ ရှာဖွေရန်အတွက် မင်ရှုဖုန်းကိုသာ အားကိုးနိုင်တော့သည်။ သူသည် ကြယ်တာရာ ဟင်းလင်းပြင် အရည်နှင့် ဥပဒေသ အမိန့်တော်မျိုးစေ့တို့ကို ဤနည်းဖြင့် ရှာဖွေတွေ့ရှိခဲ့ဖူးသဖြင့် ဤကိစ္စကို အထင်သေးရန် မဝံ့ရဲပေ။
မင်ရှုဖုန်း စိတ်လှုပ်ရှားစွာဖြင့် ပြောပြနေပုံကို ကြည့်ခြင်းအားဖြင့် ဤအချက်အလက်များကို ရရှိရန် သူမ၏ သက်တမ်း အတော်များများကို အကုန်အခံခဲ့ရကြောင်း သိသာလှသည်။ ထို့ကြောင့် သူမကို ပြန်လည် ကုစားပေးနိုင်ရန် ဧဒင်၏ မသန့်စင်ရသေးသော အသက်စွမ်းအားများ ပါရှိသည့် ဆေးလုံး အချို့ကို ပေးလိုက်၏။
ဆေးလုံးများကို ရရှိပြီးနောက်တွင်မှ သူမ ခံစားနေရသော စိုးရိမ်ပူပန်မှုများမှာ ပျောက်ကွယ်သွားတော့သည်။ သူမ၏ နိမိတ်ဖတ်ခြင်းများမှာ အလွန်တရာ အရင်းအနှီး များလှသဖြင့် အကယ်၍ ဝေ့ဝူယင်က သူမ၏ ကြိုးစားမှုကို ပယ်ချခဲ့လျှင် သို့မဟုတ် ပြန်လည် မပေးဆပ်ခဲ့လျှင် သူမအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေလိမ့်မည်။
“ရက်အနည်းငယ် ဟုတ်လား...”
နတ်ပရီက မျက်မှောင်ကြုတ်လိုက်သော်လည်း ငြင်းခုံခြင်း မပြုခဲ့ပေ။ လွန်ခဲ့သော နာရီအနည်းငယ်က ဝေ့ဝူယင်သည် သူ့ထံသို့ မထင်မှတ်ဘဲ ချဉ်းကပ်လာကာ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီသို့ အတူလိုက်ပါရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ အချို့သော အကျိုးကျေးဇူးများကို ပြန်လည် ရရှိမည့်အစား၊ သူသည် သင်္ဘောပေါ်ရှိ သတ်မှတ်ထားသော ပုဂ္ဂိုလ်တစ်ဦးအတွက် ယာယီ တာအို ကာကွယ်သူအဖြစ် ဆောင်ရွက်ပေးရမည် ဖြစ်သည်။ သူ၏ ဆုံးဖြတ်ချက်ကို အသိပေးလိုက်သောအခါတွင်မူ သူတော်စင် နက်ပစ် ကလည်း အတူလိုက်ပါလာခဲ့သည်။ သူတို့ လမ်းခွဲပြီးကတည်းက သူမသည် သူ၏ ဝိညာဉ်သတင်းစကားများကို တိုက်ရိုက် ပြန်လည်ဖြေကြားခြင်း မရှိဘဲ ကြားလူများမှတစ်ဆင့်သာ ဆက်သွယ်ခဲ့သဖြင့် ဤကိစ္စက သူ့ကို အံ့အားသင့်စေခဲ့သည်။
ဝေ့ဝူယင်သည် စုမေ့နှင့် မင်ရှုဖုန်းတို့ကို ဘေးသို့ ခေါ်ထုတ်ကာ ကြယ်တာရာများကြားမှ လမ်းကြောင်းတစ်ခုကို ရေးဆွဲခဲ့ကြသည်။ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ဖြစ်နိုင်ခြေရှိသော ကံကြမ္မာ အခွင့်အလမ်း လေးခုကို ၎င်းတို့ တွေ့ရှိခဲ့ကြသည်။
မကြာမီမှာပင် သူတို့သည် ပြတ်သားသော ဆည်းဆာ ဂလက်ဆီ နယ်နိမိတ်၏ အနောက်တောင်ဘက် အစွန်အဖျားသို့ ရောက်ရှိလာကြသည်။ တုန်ခါမှုနှင့် ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ ဂလက်ဆီ အခွံလွှာကို ဖြတ်ကျော်ကာ အန္တရာယ်များလှသော ဂလက်ဆီ အမှောင် ဟင်းလင်းပြင် အတွင်းသို့ ပျံသန်း ဝင်ရောက်ခဲ့ကြသည်။ ရွှေဖုန်းပေါင်သည် ရှေ့သို့ ဦးတည်သွားစဉ်တွင် သင်္ဘော၏ အရှိန်ကို လျှော့ချလိုက်၏။
သင်္ဘောပေါ်ရှိ သူတော်စင်များမှာမူ ဇဝေဇဝါ ဖြစ်နေကြသည်။
ထိုစဉ် ဝေ့ဝူယင်က သူ၏ လက်ကို ပေါ့ပေါ့ပါးပါးပင် ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ လျှို့ဝှက်ဒဏ္ဍာရီ အမှတ်အသား၏ ပထမအဆင့်နှင့် လျှို့ဝှက်အာဏာရှင် နယ်ပယ်သို့ ရောက်ရှိပြီးနောက်ပိုင်း ဂလက်ဆီအဆင့် - ဟင်းလင်းပြင် တံခါး ဖန်တီးခြင်း ကို သူ ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။
ဟူး...
ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ မှောင်မိုက်သော အမည်မသိ နယ်မြေဆီသို့ ဦးတည်နေသည့် ကြီးမားလှသော ဟင်းလင်းပြင် တံခါးကြီး ပေါ်ထွက်လာသောအခါ သူတော်စင်များ၏ မျက်ဝန်းများမှာ ပြူးကျယ်သွားကြသည်။
သူတို့က ဤသည်မှာ ဟင်းလင်းပြင် ဖြစ်ရပ်ဆန်း တစ်ခုဟု ထင်မှတ်ကာ သူတို့၏ လျှို့ဝှက်အော်ရာများကို အလျင်အမြန် စတင် လှည့်ပတ်လိုက်ကြသည်။ ဝေ့ဝူယင်က ဤသည်မှာ ဟင်းလင်းပြင် တံခါး ဖြစ်ကြောင်း ဝိညာဉ်အာရုံဖြင့် အသိပေးလိုက်တော့မှသာ သူတို့ စိတ်အေးသွားကြသော်လည်း၊ သင်္ဘောက ဟင်းလင်းပြင် တံခါးအတွင်းသို့ ဝင်ရောက်သွားချိန်တွင်မူ သူတို့၏ ရင်ခုန်သံများမှာ မြန်နေဆဲ ဖြစ်သည်။
လျှို့ဝှက်မြူခိုး သင်္ဘောမှာမူ ခေတ္တမျှ ရပ်တန့်သွားခဲ့ရသည်။ အကြောင်းမှာ အီမန်တက် အနေဖြင့် ဟင်းလင်းပြင် ဂိတ်တံခါး သို့မဟုတ် ထိုကဲ့သို့သော အစီအရင်များ မပါဘဲ ဖန်တီးထားသည့် ဤမျှ ကြီးမားသော ဟင်းလင်းပြင် တံခါးမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ခြင်းကြောင့် ဖြစ်၏။ သို့သော်လည်း... အီလီစီယမ် အသေး ၏ နောက်မှ ဆက်လက် လိုက်ပါရင်း သင်္ဘောနှစ်စင်းစလုံးသည် ထိုအာကာသ နယ်မြေမှ ပျောက်ကွယ်သွားကြတော့သည်။
ဟင်းလင်းပြင် တံခါးမှာ ရုတ်တရက် ပျောက်ကွယ်သွားသောအခါ တိတ်ဆိတ်ငြိမ်သက်နေသော ပြတ်သားသော ဆည်းဆာ ဂလက်ဆီသာ ကျန်ရစ်ခဲ့တော့သည်။
...
အီလီစီယမ် အသေး ပထမဆုံး ဦးတည်လိုက်သည့် တည်နေရာမှာ အမှောင် ဟင်းလင်းပြင်အတွင်း လျင်မြန်စွာ ရွေ့လျားနေသော သီးခြားဂြိုဟ်ပျက်ကြီး တစ်လုံး ဖြစ်သည်။ ထိုဂြိုဟ်ပေါ်တွင် ထိတွေ့သမျှကို အရည်ပျော်စေနိုင်သည့် အက်ဆစ်ရည်များ ယိုစိမ့်နေသော အဆိပ်ဆူးများ ပါရှိသည့် နကျယ်ကောင်များနှင့် ဆင်တူသော ဟင်းလင်းပြင် သတ္တဝါ ပေါင်း သိန်းနှင့်ချီ၍ ကျူးကျော် နေထိုင်နေကြသည်။ ၎င်းတို့သည် မီတာ သောင်းနှင့်ချီ၍ မြင့်မားသော ကြီးမားသည့် အရွယ်အစားများ ရှိကြပြီး ၎င်းတို့၏ မေးရိုးများဖြင့် ထိုဂြိုဟ်ပျက်ကြီးကို စားသောက်နေကြသည်။ ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင် ဖြစ်၏။
ဝေ့ဝူယင်သည် မူလက ထို့ပိဟန်နှင့် ယောင်ဟုန်ရိတို့ကို ၎င်းတို့ကို ရှင်းလင်းရန် စေလွှတ်ဖို့ စိတ်ကူးခဲ့သော်လည်း၊ ၎င်းတို့၏ အင်အားကို အာရုံခံကြည့်ပြီးနောက်တွင်မူ သူ ဘာမျှ ပြောစရာ မလိုတော့ဘဲ ပါခက် က သားရဲတစ်ကောင်၏ အဟုန်ဖြင့် ရှေ့သို့ ပြေးထွက်သွားကာ ၎င်းတို့အားလုံးကို သတ်ဖြတ်ပစ်လိုက်တော့သည်။ သူမက ဤသည်ကို ကိုယ်လက်လှုပ်ရှား အကြောဆန့်ခြင်း ဟုသာ သဘောထား၏။
ထို ဟင်းလင်းပြင် နကျယ်ကောင်တစ်ကောင်ချင်းစီမှာ လောကရှန့်ထို တစ်ဦး၏ အင်အားမျိုး ရှိကြသော်လည်း၊ အဓိက ဥပဒေသ ရှိသော သူတော်စင်တစ်ဦး၏ ရှေ့မှောက်တွင်မူ အုပ်စုလိုက် တိုက်ခိုက်လျှင်ပင် သူမအတွက် လေ့ကျင့်ခန်း လုပ်ရလောက်အောင် မပြင်းထန်လှပေ။ ထိုဂြိုဟ်ပျက်တွင် လျှို့ဝှက်မြေကြီး အဆင့် သတ္တုရိုင်းများသာ ရှိပြီး အများစုမှာလည်း နကျယ်ကောင်များ၏ စားသောက်ခြင်းကို ခံထားရသဖြင့် မင်ရှုဖုန်းမှာ အနည်းငယ် အားနာသွားခဲ့ရသည်။
ဝေ့ဝူယင်သည် ရွှေဖုန်းပေါင်ကို ထိုဂြိုဟ်အား မီးဖြင့် သန့်စင်ခိုင်းပြီးနောက် ဟင်းလင်းပြင် ပုံဆောင်ခဲ တစ်ခုအတွင်းသို့ ချိပ်ပိတ်ကာ နောင်တွင် အသုံးပြုရန်အတွက် သေးငယ်သွားအောင် ပြုလုပ်လိုက်သည်။ ဂြိုဟ်တစ်ခုလုံးကို လက်ညှိုးအရွယ် ကျောက်ဆောင်လေးတစ်ခုအတွင်း ထည့်သွင်းလိုက်သည့် ဝေ့ဝူယင်၏ အစွမ်းမှာ သူတော်စင်များကို တစ်ဖန် အံ့အားသင့်စေပြန်သည်။
အထူးသဖြင့် သူသည် ထိုသို့ပြုလုပ်ရာတွင် အလွန်တရာ လွယ်ကူနေခြင်းကြောင့် ဖြစ်၏။ သူတို့အားလုံးတွင် အတွင်းပိုင်း လောကများ ရှိကြသော်လည်း ပေါက်ကွဲနိုင်ခြေရှိသော ပစ္စည်းများကို မိမိတို့ ခန္ဓာကိုယ်အတွင်း၌ မဆင်မခြင် သိုလှောင်ရန် မဝံ့ရဲကြပေ။
ထို့ကြောင့်ပင် ချိပ်ပိတ်ထားသော သိုလှောင်ကွန်တိန်နာများနှင့် ရှန့်ထို လက်စွပ်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ဟင်းလင်းပြင် တံခါးမှ ထွက်လာပြီးနောက်၊ နောက်ထပ် တည်နေရာမှာ မင်ရှုဖုန်း ပြောကြားချက်အရ ကံကြမ္မာ အခွင့်အလမ်းရှိသော နေရာဖြစ်သော်လည်း ခန့်မှန်းခြေ နယ်မြေမျှသာ ဖြစ်သဖြင့် အလွန် ဝေဝါးလှသည်။ သူတို့ ရောက်ရှိလာသောအခါတွင်မူ သူတော်စင်များမှာ မျှော်လင့်ချက်များဖြင့် ရင်ခုန်နေကြသည်။ အမှန်စင်စစ် သူတို့သည် ဟင်းလင်းပြင် တံခါးများကို အသုံးပြု၍ ရတနာများကို ရှာဖွေနေကြခြင်း မဟုတ်ပါလား။
ဤသည်မှာ ဆန်းသစ်လှသော ခံစားမှုတစ်ခုပင် ဖြစ်သည်။
သို့သော်လည်း... သူတို့ ဟင်းလင်းပြင် တံခါးမှ ထွက်လိုက်သည့် ခဏမှာပင်၊ ၎င်းတို့၏ ဝိညာဉ်၊ စိတ်ဝိညာဉ်နှင့် အမွှေးအမျှင်များ အားလုံးမှာ ကျောချမ်းဖွယ်ကောင်းသော သေစေနိုင်သည့် အန္တရာယ် အာရုံကြောင့် နိုးကြားသွားကြသည်။ မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ပါခက်၊ နတ်ပရီနှင့် အီမန်တက်တို့သည် သူတို့၏ ဘေးပတ်ပတ်လည်တွင် သုံးဦးပေါင်း လျှို့ဝှက် အကာအကွယ် အစီအရင် တစ်ခုကို အလျင်အမြန် ဖော်ဆောင်လိုက်ကြလေတော့သည်။
***