အခန်း (၂၁၃၁-၂၁၃၂)
Vol. 153 Ch. 2131-2132
အပိုင်း(၂၁၃၁)
ဝမ်... ဝမ်... ဝမ်...
သင်္ဘောများပေါ်တွင် ကာကွယ်ရေး အစီအရင်များကို စတင်အသက်သွင်းလိုက်ကြပြီး၊ လျှို့ဝှက်ကျောက်တုံးများဖြင့် တည်ဆောက်ထားသော အရောင်စုံ အကာအကွယ်တံတိုင်းများ ပေါ်ထွက်လာသည်။ ထိုကာကွယ်ရေးစနစ်မှာ အလွန်ခိုင်ခံ့လှပြီး အမှောင်ဟင်းလင်းပြင်အတွင်း ခရီးသွားရန် လုံလောက်သော ကြံ့ခိုင်မှု ရှိသော်လည်း..
ကံမကောင်းစွာဖြင့်... ပါခက်သည် သာမန်သူတော်စင်တစ်ပါး မဟုတ်ပေ။ သူမသည် သိုင်းပညာ သူတော်စင်တစ်ဦး၏ ပြင်းထန်လှသော ခန္ဓာကိုယ် စွမ်းအားနှင့် သတ္တုဥပဒေသကို ပေါင်းစပ်လိုက်၏။ ချက်ချင်းပင် သူမ၏ လက်မှာ ရွှေရောင်လက်သည်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူမ လက်ကို တစ်ချက်မျှ ဝှေ့ယမ်းလိုက်ရုံဖြင့် မိုင်ပေါင်း သိန်းနှင့်ချီသော ဟင်းလင်းပြင်မှာ တုန်ခါသွားခဲ့ရသည်။
ပါခက်မှာ သင်္ဘောတစ်စင်းတည်းကိုသာ ပစ်မှတ်ထားကာ အစွမ်းကုန် ဖိနှိပ်လိုက်ခြင်း ဖြစ်ရာရာ၊ ထိုသင်္ဘောပေါ်ရှိသူများမှာ ထိတ်လန့်တကြား အော်ဟစ်ဆုတောင်းနေကြရသည်။ အကာအကွယ်တံတိုင်းမှာ ခဏမျှသာ ခံနိုင်ပြီးနောက် လက်သည်းရာ ငါးခုဖြင့် အပိုင်းပိုင်း ပြတ်တောက်သွားတော့သည်။
ဝှစ်...
ပါခက် အချိန်ဆွဲမနေဘဲ သင်္ဘောအတွင်းသို့ ချက်ချင်း တိုးဝင်လိုက်၏။ ထိုအခိုက်တွင် သင်္ဘောပေါ်ရှိလူများ၏ ထိတ်လန့်မှုမှာ အမှန်တကယ်ပင် ဖြစ်သင့်လှပါသည်။
ပါခက်သည် ရည်မှန်းချက်ရှိသော သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သတ်ဖြတ်ရန် တုံ့ဆိုင်းမနေပေ။ စည်းစိမ်ဥစ္စာအတွက် စစ်ပွဲတွင် အသက်များကို သနားညှာတာခြင်းမရှိဘဲ ရိတ်သိမ်းလေ့ရှိသည်။ ကျိုးကြောင်းဆင်ခြင်မှု ကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်လှသော ဂလက်ဆီတွင် ကြီးပြင်းလာသည့် ဤသူတော်စင်များထဲ၌ စိတ်နှလုံး နူးညံ့သူ တစ်ဦးမျှ မပါဝင်ချေ။
"အား..."
"ငါ့ကို အသက်ချမ်းသာပေးပါ..."
"နင်က ငါတို့ထက် အင်အားကြီးရဲ့သားနဲ့ အားနည်းတဲ့သူတွေကို လာတိုက်နေတာ ရှက်ဖို့ကောင်းလိုက်တာ... မိစ္ဆာမကြီး..."
လောက အင်ပါယာ အဆင့်ရှိ လူလတ်ပိုင်းတစ်ဦးက သူ၏ ကာကွယ်ရေးရတနာများကို အသက်သွင်းရင်း ဟင်းလင်းပြင်အတွင်းသို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သူသည် သင်္ဘောကို စွန့်ခွာလိုနေခြင်း ဖြစ်၏။
ပါခက်သည် သင်္ဘောစင်္ကြံလမ်းများတစ်လျှောက် လျှပ်စီးပမာ ဖြတ်သန်းသွားပြီး၊ တွေ့ရှိသမျှသော ရတနာများ၊ အမတေ ကျောက်တုံးများနှင့် အဖိုးတန်ပစ္စည်းများကို သူမ၏ အတွင်းပိုင်း လောကထဲသို့ သိမ်းဆည်းလိုက်သည်။ သူမ၏လမ်းကို ပိတ်ဆို့သူ သို့မဟုတ် လက်စွပ်ဝတ်ထားသူ မည်သူ့ကိုမဆို ချက်ချင်း သတ်ဖြတ်ပစ်လိုက်သည်။
ထိုလူ၏ စကားကို ကြားသောအခါ ပါခက်၏ မျက်ဝန်းများမှာ တောက်ပသွားပြီး သူမ၏ အတုမရှိသော ခြေလှမ်းများဖြင့် ထိုနေရာသို့ ချက်ချင်း ရောက်ရှိသွားသည်။ ထိုလောက အင်ပါယာမှာ ထွက်ပြေးရန် ပြင်နေစဉ်မှာပင် သူမ၏ ပုံရိပ်မှာ သူ၏့ ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သဖြင့် တုန်လှုပ်သွားရလေတော့သည်။
“ကျုပ်… ကျုပ်က...”
သူသည် စကားများ ထစ်ငေါ့နေရှာ၏။ သို့သော် သူ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ လွှမ်းမိုးနေပြီး ရှေ့ဆက်စကား မပြောနိုင်မီမှာပင် ပါခက်သည် လက်တစ်ဖက်ဖြင့် ထိုသူ၏ ဦးခေါင်းကို ဆုပ်ကိုင်ကာ ဆွဲနုတ်လိုက်လေတော့သည်။ သူ၏ ကျောရိုးကြီးမှာ ချက်ချင်း ကွာကျလာပြီး ဝမ်းဗိုက်အတွင်းအင်္ဂါများ၊ သွေးများနှင့် အသားစများမှာ နံရံများအနှံ့ လွင့်စင်သွားတော့သည်။ ထို့နောက် သူမက သူ၏ ရှန့်ထိုလက်စွပ်ကို သိမ်းယူလိုက်ပြီး ကျန်ရှိနေသော လျှို့ဝှက်အမြုတေ နှင့် လျှို့ဝှက်ဝိညာဉ် တို့ကို အဓိက သတ္တုဥပဒေသ၏ စွမ်းအားအစအနများဖြင့် ချေမှုန်းပစ်လိုက်သည်။
ပါခက်၏ ယုံကြည်ချက်က ရိုးရှင်းသည်။ သူတို့၏ ဟင်းလင်းပြင် သင်္ဘောမှာ သူတော်စင် တစ်ယောက်နှင့်ပင် ညီမျှသည်။ လျှို့ဝှက်အရှင်များကိုပင် သတ်ဖြတ်နိုင်သည့် ထိုသင်္ဘောနှင့် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ကတည်းက ကျင့်ကြံခြင်း အခြေခံ ကွာခြားချက် ဟူ၍ မရှိတော့ချေ။ အကယ်၍ ဝေ့ဝူယင်သာ ဝင်ရောက် မစွက်ဖက်ခဲ့ပါက သူတို့အားလုံး မသေလျှင်ပင် ဒဏ်ရာ အကြီးအကျယ် ရသွားလောက်ကြပြီ ဖြစ်သည်။
အဆင့်နိမ့်ကျင့်ကြံသူ တစ်သောင်းခန့် စုပေါင်းထားသော စစ်တပ်တစ်ခုသည် အင်ပါယာ တစ်ပါးကို ယှဉ်ပြိုင်နိုင်စွမ်း ရှိပါလျက်နှင့်၊ သူတို့ကို အင်ပါယာ တစ်ပါးက ပြန်လည်သတ်ဖြတ်သည့်အခါ အဆင့်မတူဘဲ တိုက်ခိုက်သည် ဟု ညည်းတွားခွင့် ရှိပါသလော။ ရှိကောင်းရှိနိုင်သော်လည်း ၎င်းမှာ အဓိပ္ပာယ်မရှိပေ။ ရှုံးနိမ့်သူမှာ နိမ့်ကျသူသာ ဖြစ်၏။
ပါခက်သည် သင်္ဘောပေါ်ရှိ မည်သူ့ကိုမျှ ညှာတာခြင်း မရှိပေ။ သူမ၏ အမြင်တွင် သူတို့အားလုံးသည် သူတော်စင်တစ်ဦး၏ ကျင့်ကြံခြင်း အခြေခံအစိတ်အပိုင်းများသာ ဖြစ်ပြီး သူမက ထိုအစိတ်အပိုင်းများကို စနစ်တကျ ဖျက်ဆီးနေခြင်း ဖြစ်သည်။ သူမသည် လှုပ်ရှားရင်းနှင့် သင်္ဘော၏ အစီအရင်များကို ဖျက်ဆီးပစ်ကာ အထူးသဖြင့် အရှိန်မြှင့်တင်ရေး စနစ်နှင့် ဟင်းလင်းပြင် အစီအရင်များကို ဦးစားပေး ချေမှုန်းလေသည်။
သူမ ဤနေရာတွင် အချိန်အများကြီး မပေးနိုင်ပေ။ ထို့ကြောင့် သင်္ဘောကို မောင်းနှင်သည့် အဖိုးတန်ရတနာများကို သိမ်းဆည်းပြီးနောက်၊ ပေါက်ကွဲသံများ ဆူညံကာ ပျက်စီးလုနီးပါး ဖြစ်နေသည့် သင်္ဘောအတွင်းမှ ပြန်လည် ထွက်ခွာလာခဲ့သည်။
သူမသည် နောက်ထပ် သင်္ဘောတစ်စင်းကို မျက်စိကျသွားပြန်သည်။ ထိုသင်္ဘောများမှာ ဘေးကင်းရာသို့ အကွာအဝေးတစ်ခုအထိ ထွက်ခွာရန် ကြိုးစားနေကြပြီ ဖြစ်၏။ ရွေ့လျားနေသော ပစ်မှတ် ငါးခုကို ကိုင်တွယ်ရသည်မှာ ခက်ခဲသော်လည်း သူမသည် ရသမျှကို အမိအရ ဆုပ်ကိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ဤသင်္ဘောပေါ်မှ သူမရရှိလိုက်သော အံ့ဩစရာအကောင်းဆုံး ရတနာမှာ အဆင့် ၈၊ အဆင့် ၉ နှင့် လျှို့ဝှက်မြေကြီး အဆင့်ရှိသော အဂ္ဂိရတ်ထုတ်ကုန်များစွာ ပါဝင်သည့် ရတနာတိုက်ငယ်လေးတစ်ခုပင် ဖြစ်၏။ ၎င်းတို့မှာ အဆင့်အတန်း အားဖြင့် မမြင့်မားသလို မသန့်စင်သည့် အရည်အသွေးများသာ ဖြစ်သော်လည်း၊ ကျင့်ကြံသူများ အပြိုင်အဆိုင် လုယူကြရသည့် ရတနာငယ်လေးတစ်ခု ဖြစ်နေဆဲပင်။
ပါခက်က တြိဂံပုံသင်္ဘောအုပ်စုကို မွှေနှောက်နေစဉ် တစ်ဖက်တွင်လည်း အီမန်တက်သည် နက်နဲမှု ရှာဖွေရေး နန်းတော် ၏ သင်္ဘောကြီးကို သူမ၏ ခန္ဓာကိုယ်ဖြင့် အရှိန်ပြင်းစွာ ဝင်တိုက်ကာ အကာအကွယ်တံတိုင်းကို ဖျက်ဆီးပစ်လိုက်သည်။
ဘုန်း...
မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး သင်္ဘောသားများမှာ ချက်ချင်း ထိတ်လန့်သွားကြတော့သည်။ ပါခက်၊ နက်ပစ်တို့ကဲ့သို့ပင် အီမန်တက်သည်လည်း သာမည အလင်း ဥပဒေသ အသုံးပြုနိုင်သူ ဖြစ်၏။
သူမသည် တောက်ပလှသော အလင်းတန်းကြီးတစ်ခုအဖြစ် အကာအကွယ်တံတိုင်းကို တိုက်ခိုက်လိုက်ရာ တံတိုင်းတွင် လောင်ကျွမ်းနေသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားပြီး သူမ အထဲသို့ တိုးဝင်သွားသည်။ သူမ၏ ခန္ဓာကိုယ်မှာ ထိုပြင်းထန်သော ရိုက်ခတ်မှုကြောင့် ဒဏ်ရာရကာ သွေးထွက်နေသော်လည်း သူမ ဂရုမစိုက်ပေ။
ဤဟင်းလင်းပြင်သင်္ဘောများမှာ သူတော်စင်တစ်ဦးကို ခုခံနိုင်သော စွမ်းအားများ ရှိကြောင်း သူမ ကောင်းစွာ သိသည်။ ထိုမျှ ကြံ့ခိုင်မှု မရှိပါက ဂလက်ဆီများအကြားရှိ အန္တရာယ်များလှသော ဟင်းလင်းပြင်အတွင်း မည်သူမျှ ခရီးသွားဝံ့မည် မဟုတ်ပေ။ အီမန်တက်သည် သူမ၏ လှပသော ခန္ဓာကိုယ်လေး ထိခိုက်ဒဏ်ရာရသွားခြင်းကိုပင် ဂရုမစိုက်ဘဲ ဒိုင်းလွှားတစ်ခုကဲ့သို့ ကြံ့ကြံ့ခံကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။ သူမ၏ တိုက်ခိုက်မှုမှာ လူတိုင်း၏ အမြင်တွင် ဂြိုဟ်တစ်လုံးက သင်္ဘောကို ဝင်တိုက်လိုက်သကဲ့သို့ပင် တိုက်ရိုက်ကျပြီး ထိရောက်လှသည်။
အီမန်တက်သည် ထိုနည်းလမ်းဖြင့် အကာအကွယ်ကို ဖောက်ထွင်းပြီးနောက် ဒဏ်ရာများကို လျစ်လျူရှုကာ သူမ၏ ခန္ဓာကိုယ်အတွင်းမှ အဖြူအမည်း အလင်းတန်းများကို ထုတ်လွှတ်လိုက်ရာ ၎င်းတို့မှာ သင်္ဘော၏ စင်္ကြံလမ်းတိုင်းသို့ ပျံ့နှံ့သွားတော့သည်။ လုံလောက်သည့် ကာကွယ်မှု မရှိသည့် မည်သည့် ကျင့်ကြံသူမဆို ထိုအလင်းတန်းများအောက်တွင် အခိုးအငွေ့အဖြစ် ပြောင်းလဲသွားကြရသည်။
နတ်ပရီမှာမူ သာမည မြေကြီး ဥပဒေသကို ပိုင်ဆိုင်ထားသူ ဖြစ်၏။ သူ၏ အံ့မခန်း ပါရမီနှင့် အင်အားကြောင့်သာ သူ၏ လက်တွဲဖော် နက်ပစ်ကိုပါ သူတော်စင်အဆင့်အထိ ပံ့ပိုးပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဥပဒေသများကို နားလည်ထားသည့် သူတော်စင် လေးပါးအနက် သုံးပါးမှာ ယခုအခါ ဤနေရာတွင် ရှိနေကြပြီ ဖြစ်သည်။
နတ်ပရီ၏ ဝိညာဉ်အင်အားမှာ မြေထုကြီးကဲ့သို့ လေးလံလှပြီး ခရမ်းရောင် အသက်ရှူသံ သင်္ဘောသားများကို ဖိနှိပ်ထားသည်။ သူတို့၏ ခန္ဓာကိုယ်များ၊ သိစိတ်ပင်လယ်များနှင့် ဝိညာဉ်များမှာ တောင်ကြီးတစ်လုံး ဖိထားသကဲ့သို့ ခံစားနေရကာ လှုပ်ရှားရန်ပင် ခက်ခဲနေကြသည်။ အဆင့်နိမ့်သူများမှာမူ ထိုဒဏ်ကို မခံနိုင်ဘဲ သတိလစ်မတတ် ဖြစ်နေကြရ၏။
အကာအကွယ်တံတိုင်းကို ထိန်းချုပ်ထားသူများမှာလည်း နတ်ပရီ၏ ဖိနှိပ်မှုကြောင့် ဘာမှမလုပ်နိုင်တော့ပေ။ သူသည် လက်ချောင်းနှစ်ချောင်းကို ဓားကဲ့သို့ အသုံးပြုကာ အကာအကွယ်ကို အသာအယာပင် ခွဲလိုက်ပြီး အထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။
နတ်ပရီသည် တည်ငြိမ်သော အမူအရာဖြင့် သင်္ဘောစင်္ကြံများတစ်လျှောက် လျှောက်လှမ်းသွားရာ သူဖြတ်သန်းသွားသည့် နေရာတိုင်းရှိ ကျင့်ကြံသူများမှာ သူ၏ ဝိညာဉ်အာရုံနှင့် လောကဖိအားအောက်တွင် အသားပုံများအဖြစ် ပြောင်းလဲသွားကြသည်။ သူ၏ ပတ်ပတ်လည်တွင် ရှန့်ထိုလက်စွပ် များနှင့် ဟင်းလင်းပြင်ရတနာများမှာ နေမင်းကြီးကို ဝန်းရံထားသော ဂြိုဟ်ငယ်လေးများပမာ ဝဲပျံနေတော့သည်။
သို့သော် နက်ပစ်မှာမူ သတ္တမမြောက် လှိုင်းတံပိုး ဓားပြများ ၏ သင်္ဘောကြီးကို တိုက်ခိုက်ရာတွင် အခက်တွေ့နေရသည်။ ထိုသင်္ဘော၏ ကာကွယ်ရေးစနစ်မှာ အလွန်ပင် ခိုင်ခံ့လှသဖြင့် သူမ၏ သူတော်စင်အဆင့် လျှို့ဝှက်စွမ်းအားများဖြင့်ပင် မဖောက်ထွင်းနိုင်ဘဲ ဖြစ်နေ၏။ ထို့ပြင် သူတို့က ပြန်လည် တိုက်ခိုက်ရန်ပင် ပြင်ဆင်နေကြပြီ ဖြစ်သည်။
သူမ၏ မျက်ဝန်းထဲတွင် စိတ်ပျက်မှုများ ပြည့်နှက်နေပြီး အပေါက်တစ်ခုရရန်အတွက် မနားတမ်း တိုက်ခိုက်နေရသည်။
ကံမကောင်းစွာဖြင့်… ဤဟင်းလင်းပြင်သင်္ဘောများ၏ အဓိက ပြဿနာသည်ကား... သူတို့၏ အင်အားအကြီးဆုံး ကျင့်ကြံသူများမှာ အခွံလောက အတွင်း ရောက်ရှိနေခြင်းပင်...။ အစီအရင်များကို ထိန်းချုပ်သည့် ကျင့်ကြံသူမှာ အဆင့်မြင့်လေ၊ အကျိုးသက်ရောက်မှုမှာ ပိုမိုကြီးမားလေ ဖြစ်သည်။
ထိုကဲ့သို့ ဝရုန်းသုန်းကား အခြေအနေများကို အခွံလောကအတွင်းရှိသူများ မကြာမီ သတိပြုမိသွားကြသည်။ သူတို့သည် သူတို့၏ သင်္ဘောများကို ကာကွယ်ရန်အတွက် ခေတ္တစစ်ပြေငြိမ်းကာ အခွံလောကအတွင်းမှ အလျင်အမြန် ထွက်ခွာဖို့ ပြင်လိုက်ကြတော့သည်။ အကယ်၍ သူတို့၏ သင်္ဘောများသာ ပျက်စီးသွားပါက ဤအန္တရာယ်များလှသော ဟင်းလင်းပြင်အတွင်း၌ မည်မျှကြာအောင် သောင်တင်နေမည်ကို မည်သူမျှ မသိနိုင်သောကြောင့် ဖြစ်လေတော့သတည်း။
***
အပိုင်း(၂၁၃၂)
"အားလုံးပဲ… မင်္ဂလာပါဗျ..."
ဝေ့စီသည် မြေမှုန့်များ ပေကျံနေသည့်ကြားမှပင် ကျင့်ကြံခြင်းအဆင့် ကန့်သတ်ထားသော အခွံလောက အတွင်းရှိ မျိုးဆက်သစ် ပါရမီရှင် ငါးဦးထံသို့ ရိုးသားဖြူစင်သော အပြုံးတစ်ခု ပြုံးပြလိုက်သည်။
သူ၏ နူးညံ့ပျော့ပျောင်းလှသော လူငယ် အသံလေးမှာ ကြွက်သားများစွာနှင့် တိုက်တန်ဘီလူးကြီးသဖွယ် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေ၏။ ပို၍ အရေးကြီးသည်က သူ၏ ကျင့်ကြံခြင်းအဆင့်မှာ သူတို့၏ မျက်လုံးထဲတွင် အလွန်နိမ့်ကျလှပြီး ကြယ်တာရာ အမြုတေ အဆင့်ခုနစ် လောကသခင် အဆင့်မျှသာ ရှိခြင်းပင်။
သူတို့အားလုံးသည် ပြင်းထန်သော တိုက်ခိုက်မှုများ၊ ရှုပ်ထွေးလှသော နည်းဗျူဟာများနှင့် ဂါထာမန္တန်များကို ရပ်တန့်လိုက်ကြသည်။ ဖြောင့်မတ်သော တောင်စဉ်ဂိုဏ်း မှ ချောင်ကျူးလျန်၊ ခရမ်းရောင် အသက်ရှူသံ မှ ဆွေ့ယု၊ သတ္တမမြောက် လှိုင်းတံပိုး ဓားပြများ မှ ဝေ့ယီနန်၊ နက်နဲမှုရှာဖွေရေး နန်းတော် မှ ချန်မင်ဟွေး၊ အဂ္ဂိရတ် သူရဲကောင်း လုရွှမ်ယွီ နှင့် အသစ်ရောက်ရှိလာသော ဂျိုးငှက်နီမြို့တော်မှ ဝေ့စီတို့သည် အပျက်အစီး စွမ်းအင်များကြားတွင် တစ်ဦးကိုတစ်ဦး တိတ်ဆိတ်စွာ စိုက်ကြည့်နေမိကြတော့သည်။
သူတို့အားလုံးမှာ ဂလက်ဆီများကို တုန်လှုပ်စေနိုင်ပြီး မနာလိုစရာကောင်းလှသော လျှို့ဝှက် အာဏာရှင် ဆဋ္ဌမအဆင့် ကောင်းကင်ရှန့်ထိုများ ဖြစ်ကြသော်လည်း၊ ဝေ့စီမှာမူ သေမျိုးတစ်ဦးထက် မပိုသော ကြွက်သားပုံကြီးသဖွယ် ဖြစ်နေ၏။
သို့သော် အံ့ဩစရာအကောင်းဆုံးအချက်မှာ ဤမျှလောက်သော ကြွက်သားပုံကြီးသည် ပြင်ပရှိ အင်အားစုများ၏ စောင့်ကြည့်မှုနှင့် အကာအကွယ်အတားအဆီးများကို ဖြတ်ကျော်ကာ ဤအန္တရာယ်များလှသော စစ်တလင်းအတွင်းသို့ မည်သို့ရောက်ရှိလာသနည်း ဆိုသည်ပင်။ မည်မျှပင် ဉာဏ်ရည်ထက်မြက်သူဖြစ်ပါစေ ဤအရာက မည်သို့ဖြစ်နိုင်သည်ကို အဖြေရှာရန် ခက်ခဲလှသည်။
သူ၏ ရိုးသားသော အပြုံးနှင့် နှုတ်ဆက်မှုကို မြင်သောအခါ ဝေ့ယီနန်၏ မျက်ဝန်းများမှာ တောက်ပသွားသည်။ ဝေ့စီသည် သာမန် သေမျိုးတစ်ဦး ဖြစ်သော်လည်း သူ၏ တောင့်တင်းခိုင်မာသော ကိုယ်လုံးကိုယ်ထည်မှာ သူမ၏ အကြိုက်နှင့် ကွက်တိပင်။ သူမသည် ဒဏ်ရာအမာရွတ်များ ရှိသော်လည်း ဆွဲဆောင်မှုရှိသော သူမ၏ ခန္ဓာကိုယ်ကို ဂရုမစိုက်ဘဲ ဝေ့စီကို သူမ၏ ဓားပြဂိုဏ်းထဲသို့ သွင်းရန်ပင် စဉ်းစားလိုက်မိသည်။ သူမသည် အခြေအနေ၏ ထူးဆန်းမှုကို မေ့လျော့ကာ သူမ၏ နှလုံးသားဆန္ဒအတိုင်းသာ ရိုးသားစွာ တွေးတောနေခြင်း ဖြစ်၏။
ဝေ့ယီနန်သည် သူမ၏ ပုဆိန်တိုနှစ်လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း အခြားလေးဦးကို သတိထားကာ ဝေ့စီကို လှမ်းအော်မေးလိုက်သည်။
"ဟေ့... လူချောကြီး… နင် ဒီထဲကို ဘယ်လိုရောက်လာတာလဲ..."
"ဟင်..."
ဝေ့စီသည် ထိုမေးခွန်းကို ကြားသောအခါ သူ၏ ကတုံးကို ဘယ်လက်ဖြင့် ကြောင်စီစီ ကုတ်လိုက်သည်။ သူသည် ကောင်းကင်ယံတွင် ဝဲပျံနေပြီး လျှို့ဝှက်စွမ်းအား နှင့် လောကဖိအား များ ထုတ်လွှတ်နေသည့် လူငါးဦးကို မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်ဖြင့် ကြည့်လိုက်သည်။
"ကျွန်တော့် အစ်ကိုဝမ်းကွဲ ခိုင်းလို့ အထဲကို ပစ်ထည့်ခံလိုက်ရတာဗျ..."
ဝေ့စီက ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။ ဝေ့ဝူယင်က သူ့ကို အထဲသို့ ပစ်ထည့်ရန် အမိန့်ပေးခဲ့ပြီး ပါခက်က ချက်ချင်းပင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်၏။
"အစ်ကိုဝမ်းကွဲ..."
ချောင်ကျူးလျန်၏ ထူထဲသော မျက်ခုံးများမှာ တွန့်ချိုးသွားပြီး သူ၏ အစိမ်းရောင်မျက်ဝန်းများမှ ကောင်းကင်ဘုံအလင်းတန်းများ ထွက်ပေါ်လာသည်။ သူသည် ဝေ့စီကို သာမန်သေမျိုးတစ်ဦးဟု မယုံကြည်သော်လည်း သူ၏ ဝိညာဉ်အာရုံကမူ ဤသူမှာ သာမန်သေမျိုး လောကသခင် တစ်ဦးသာ ဖြစ်ကြောင်း ပြသနေသည်။
"..."
အခြေအနေမှာ ပိုမိုထူးဆန်းလာ၏။ ပြင်ပမှ သတင်းပေးပို့ချက်များလည်း မရရှိတော့သလို အကာအကွယ်တံတိုင်းကြီး ပျက်စီးသွားခြင်း သို့မဟုတ် လူတစ်ဦး အထဲသို့ ပစ်ထည့်ခံရခြင်းနှင့် ပတ်သက်၍ ဘာမှမသိရချေ။ အမှန်တကယ်တွင်မူ ပြင်ပရှိသူများသည် သူတော်စင် လေးပါး၏ တိုက်ခိုက်မှုကြောင့် အသက်လု ထွက်ပြေးနေရသဖြင့် သတင်းပို့ရန် အချိန်မရှိကြခြင်းပင်။
"မင်းရဲ့ အစ်ကိုဝမ်းကွဲက ဘယ်သူလဲ..."
လုရွှမ်ယွီက သူ၏ ရင်ဘတ်ထဲတွင် ပိတ်ဆို့နေသော သွေးပုပ်များကို အန်ထုတ်ရင်း စစ်မေးလိုက်သည်။ သူသည် ဤတောင့်တင်းလှသော လူကြီး၏ နောက်ခံကို သိလိုနေခြင်း ဖြစ်၏။
ဝေ့စီက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြန်သည်။ သူသည် ကျင့်ကြံသူများ၏ လောကအကြောင်းကို မသိနားမလည်သူ မဟုတ်ပေ။ ဝေ့ဝူယင်က သူ့ကို သင်ကြားပေးထားသည်မှာ စီးပွားရေး (ရတနာရှာဖွေခြင်း) လုပ်သည့်အခါ မိမိ၏ အမှတ်အသားကို စည်းကမ်းမရှိ မပြောပြရန်ပင်။ နောက်ခံအကြောင်းအရာများ ပါဝင်လာပါက အခြေအနေမှာ ပိုမိုရှုပ်ထွေးသွားတတ်သဖြင့် ရတနာအတွက် ယှဉ်ပြိုင်မှုသက်သက်အဖြစ်သာ ထားရှိခြင်းက အကောင်းဆုံး ဖြစ်ပေသည်။
ထို့နောက် သူသည် ကောင်းကင်ယံရှိ ဗဟိုချက်ထံသို့ မော့ကြည့်လိုက်ရာ၊ အခွံလောကအတွင်းသို့ ကျဆင်းနေသော မြေကြီးဓာတ်အလင်းတန်းများကို တွေ့ရှိသွားသည်။ သူသည် ထိုအလင်းတန်းများကြောင့် ဖြစ်ပေါ်လာသော မြေသားထုပေါ်သို့ ကျဆင်းခဲ့ခြင်း ဖြစ်၏။ ထိုနေရာတွင် တောင်တန်းငယ်လေးများ ဝန်းရံထားသည့် သေးငယ်သော ဂြိုဟ်ကလေးတစ်ခု ရှိနေသည်။
မြေဓာတ် အမိန့်တော်မျိုးစေ့...
သူသည် ဤနေရာသို့ မလာမီ ဝေ့ဝူယင်နှင့် သူတော်စင်များ၏ ဆွေးနွေးမှုကို နားထောင်ခဲ့သဖြင့် သူ၏ ရည်မှန်းချက်ကို ကောင်းစွာ သိရှိထားသည်။ ထို့ပြင် ဝေ့ဝူယင်က လိုဏ်ခေါင်းအတွင်း ဖြတ်သန်းစဉ်မှာပင် သူ့ကို လိုအပ်သော အချက်အလက်များနှင့် သတိပေးချက်များကို ပေးပို့ခဲ့သေးသည်။ ဝေ့ဝူယင်၏ အသံမှာ ပြတ်သားသော်လည်း နွေးထွေးမှု ရှိပြီး၊ အကယ်၍ ဆုတ်ခွာရန် လိုအပ်ပါက သူ၏ လက်စွပ်တွင် ပါရှိသော ထွက်ပြေးခြင်း အစီအရင် ကို အသုံးပြုရန်လည်း မှာကြားထားခဲ့သည်။
ဝေ့စီ၏ အာရုံစိုက်မှု ပြောင်းလဲသွားသည်ကို မြင်သောအခါ မျက်နှာမဲ့ ပညာရှိ ဟု ကျော်ကြားသော ချန်မင်ဟွေးက သူ၏ အသက်အရွယ်နှင့် မလိုက်ဖက်အောင် ရင့်ကျက်လှသော အသံဖြင့် ပြောလိုက်သည်။
"သူက မျိုးစေ့အတွက် ရောက်လာတာပဲ..."
"..."
သူတို့အားလုံးမှာ ဉာဏ်ရည်ထက်မြက်သူများ ဖြစ်ကြသဖြင့် ဝေ့စီ ရောက်လာခြင်းမှာ ရည်ရွယ်ချက်တစ်ခု ရှိကြောင်း သိကြသည်။ ထို့ကြောင့် သူ ဘာလာလုပ်သလဲဟု မမေးဘဲ မည်သို့ရောက်လာသလဲနှင့် မည်သူက လွှတ်လိုက်သလဲကိုသာ မေးမြန်းနေကြခြင်း ဖြစ်၏။ ချန်မင်ဟွေး၏ သတိပေးချက်က သူတို့၏ စိုးရိမ်မှုကို ပိုမို မြင့်တက်စေခဲ့သည်။
"ဟေ့... လူချောကြီး… ငါတို့နဲ့ အဖွဲ့ဖွဲ့မလား... ငါ နင့်ကို ကာကွယ်ပေးမယ်။"
ဝေ့ယီနန်သည် သာမန်လူသားတစ်ဦးကို အဘယ်ကြောင့် ဤကဲ့သို့ ကမ်းလှမ်းမိသည်ကို သူမကိုယ်တိုင် မသိသော်လည်း၊ ဓားပြတစ်ဦး၊ ကျင့်ကြံသူတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအနေဖြင့် သူမ၏ အလိုလိုသိစိတ်ကိုသာ လိုက်နာလိုက်ခြင်း ဖြစ်သည်။ သူမ၏ အလိုလိုသိစိတ်မှာ သူမ ဘဝတွင် အကောင်းဆုံး လက်နက် ဖြစ်ခဲ့ဖူးသည်။
ဝေ့စီ အံ့အားသင့်သွားပြီး လက်တစ်ဖက်ဖြင့် ခေါင်းကိုပွတ်ကာ ကျန်လက်တစ်ဖက်ဖြင့် မိမိကိုယ်ကိုယ် ညွှန်ပြလိုက်သည်။
"ကျွန်တော့်ကိုလား..."
“ဟုတ်တယ်… နင်ပဲ...”
ဝေ့ယီနန်က ဟားတိုက်ရယ်မောရင်း ပြန်ဖြေလိုက်သည်။ လွန်ခဲ့သော စက္ကန့်ပိုင်းက သူမ ပြသခဲ့သော ရက်စက်ကြမ်းကြုတ်မှုနှင့် သတ်ဖြတ်လိုသော အော်ရာများ ရှိနေလင့်ကစား သူမ၏ ပွင့်လင်းလွတ်လပ်သော အမူအရာမှာ ဟန်ဆောင်မှုကင်းမဲ့လှသည်။ ဝေ့စီ၏ ဖြူစင်မှုကို သူမ အမှန်တကယ်ပင် သဘောကျသွားပုံရ၏။
အခြားလေးဦးမှာမူ ဝေ့ယီနန်က သူတို့အဆင့်နှင့် တိုက်ပွဲတွင် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် သာမန်လူသားတစ်ဦးကို အဘယ်ကြောင့် အဖွဲ့ဖွဲ့ကာ ကာကွယ်ပေးချင်ရသည်ကို နားမလည်နိုင်သော်လည်း၊ သူတို့၏ စွမ်းအင်များကို စုဆောင်းရင်းနှင့် ဒဏ်ရာများကို ကုသရန်အတွက် ဂါထာမန္တန်များကို အသုံးပြုကာ အခြေအနေကို စောင့်ကြည့်နေကြသည်။
ဝေ့စီသည် ပုပုသေးသေး အမျိုးသမီးလေးကို စပ်စုသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူက သူမကို လက်မထောင်ပြလိုက်ပြီး အလွန်တရာ တောက်ပကာ ကျယ်လောင်လှသော အပြုံးကြီးဖြင့် ပြုံးပြလိုက်၏။
“အိုး… နင်က ဒီလို အားရပါးရ ပြုံးတတ်တာပဲ... ကောင်းတယ်... ကောင်းတယ်...”
ဝေ့ယီနန်က ရယ်မောလိုက်သော်လည်း သူမ၏ မျက်ဝန်းများမှာ တဖြည်းဖြည်း ရဲရဲတောက်လာပြီး ကြမ်းတမ်းသော အရှိန်အဝါများ ပြန်လည် ထွက်ပေါ်လာသည်။ သို့သော် ဝေ့စီ၏ နောက်ထပ်စကားလုံးများကြောင့် သူမ စုဆောင်းထားသော အရှိန်အဝါများမှာ ချက်ချင်းပင် လွင့်စင်သွားတော့သည်။
“ခင်ဗျားက မျက်လုံးကောင်းတဲ့ လူကောင်းတစ်ယောက်ပဲ... ကျွန်တော်တို့ တိုက်ခိုက်နေချိန်မှာ ခင်ဗျားကို ကျွန်တော် မသတ်ဘူး... အဲဒီအစား ခင်ဗျားကို ကျွန်တော့် အစ်ကိုဝမ်းကွဲဆီ ခေါ်သွားပေးမယ်... သူ ခင်ဗျားကို သဘောကျမှာပါ”
ဝေ့စီက သူ့ဘာသာ ခေါင်းညိတ်ကာ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
“...”
ဝေ့ယီနန်မှာ ဆွံ့အသွားပြီး သူမ၏ ပုဆိန်တိုများကိုပင် လွတ်ကျမတတ် ဖြစ်သွားရသည်။ သူက သူမ၏ ကမ်းလှမ်းမှုကို သွယ်ဝိုက်ငြင်းဆိုလိုက်ရုံသာမက သူမကို အသက်ချမ်းသာပေးမည်ဟုပင် ပြောနေသည် မဟုတ်ပါလား။ သူက သူမကိုပါ တိုက်ခိုက်ရန် ပြင်နေခြင်းလော။
“...”
ချန်မင်ဟွေး၏ အော်ရာမှာ တင်းမာသွားပြီး သူ၏ စာအုပ်အနားသတ်များကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ ဆွေ့ယု၏ မျက်ခုံးတန်းလေးများ တွန့်ချိုးသွားကာ သူမ၏ ထက်မြက်သော မျက်ဝန်းများမှာ ကျဉ်းမြောင်းသွား၏။ ချောင်ကျူးလျန်က လက်သီးကို တင်းတင်းဆုပ်ထားသည်။ လုရွှမ်ယွီကမူ အသက်ကို တည်ငြိမ်စွာ ရှူသွင်းလိုက်သည်။ သူတို့အနက် တစ်ဦးမျှ သတိမလျော့ဘဲ ဝေ့စီ ဘာလုပ်မည်ကို စောင့်ကြည့်နေကြသည်။
ဝေ့စီ၏ အပြုံးကြီးမှာ ကွယ်ပျောက်သွား၏။
ဝေ့ယီနန် အပါအဝင် အားလုံး၏ နှလုံးခုန်သံမှာ အလိုလို မြန်ဆန်လာတော့သည်။
လောကတစ်ခုလုံး၏ ပတ်ဝန်းကျင် အငွေ့အသက်မှာ ပြောင်းလဲသွားပြီး ဝိညာဉ်၊ စိတ်ဆန္ဒနှင့် ခန္ဓာကိုယ်တို့အတွက် သက်သောင့်သက်သာမရှိသော တင်းမာမှုများ ဖြစ်ပေါ်လာသည်။ လေးလံလှသော ဖိအားတစ်ခုမှာ လောကအနှံ့ ပျံ့နှံ့သွားပြီး သူတို့၏ လျှို့ဝှက်ဝိညာဉ်များထံမှ အသက် အန္တရာယ်နှင့် နီးကပ်သည့် ဘေးအန္တရာယ် သတိပေးချက်များ ထပ်ခါတလဲလဲ ထွက်ပေါ်လာ၏။
ဝေ့စီသည် မြေပြင်၌ အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
ဘုန်း...
အခွံလောကတစ်ခုလုံး တုန်ခါသွားတော့သည်။ ထိုပထမဆုံး ခြေလှမ်းမှတစ်ဆင့် သူတို့အားလုံး ဝေ့စီ၏ အမှတ်သညာကို သိရှိသွားကြသည်။
ဂျဂါးနော့...
***