အခန်း (၂၁၃၇-၂၁၃၈)
Vol. 153 Ch. 2137-2138
အပိုင်း(၂၁၃၇)
"..."
နက်ပစ်မှာ ထိုစကားကြောင့် အံ့အားသင့်သွားရသည်။ ထို့နောက် ဘေးဘက်မှ လေးလံသော အကြည့်တစ်ခုကို ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ နတ်ပရီ၏ တည်ကြည်ခိုင်မာသော မျက်နှာအမူအရာကို မြင်တွေ့လိုက်ရသည်။ ဤသည်မှာ သူမ အလွန်ရင်းနှီးနေသော မျက်နှာထားမျိုး ဖြစ်သဖြင့် သူမ၏ နှလုံးသားမှာ ဒိန်းခနဲ တုန်လှုပ်သွားရလေတော့သည်။
"သူ့ကို နောက်မနေပါနဲ့တော့..."
အီမန်တက်က သူမ၏ အခြေအနေကို စစ်ဆေးရင်း ပေါ့ပေါ့ပါးပါးပင် ဝင်ပြောလိုက်သည်။ သူမသည် နက်နဲမှုကို ရှာဖွေခြင်း နန်းတော်၏ မှောင်မည်းသော အကျဉ်းထောင်အတွင်း သူမ၏ လျှို့ဝှက်အင်အားများကို အမြောက်အမြား အသုံးပြုခဲ့ရသဖြင့် အတော်ပင် ပင်ပန်းနွမ်းနယ်နေခဲ့ပြီ ဖြစ်သည်။ အရှုံးနှင့် အမြတ်ကို တွက်ကြည့်လျှင် သူမအတွက် အရှုံးဘက်က သာနေသည်။ သတ္တမမြောက် လှိုင်းတံပိုး ဟင်းလင်းပြင် ဓားပြများနှင့် နက်နဲမှုကို ရှာဖွေခြင်း နန်းတော်ထံမှ ဘာမျှ မရရှိခဲ့သည့်အပြင် ခရမ်းရောင် အသက်ရှူသံ၏ ပစ္စည်းအများစုကိုလည်း နတ်ပရီက နက်ပစ်အတွက် သိမ်းဆည်းပေးလိုက်သဖြင့် သူမမှာ ကျန်ရစ်သော အကြွင်းအကျန် အနည်းငယ်ကိုသာ ရရှိခဲ့သည်။
သူတော်စင်လေးပါးထဲတွင် သူမတစ်ဦးတည်းသာ အရှုံးနှင့် ရင်ဆိုင်လိုက်ရသည်ဟု တွေးတောရင်း စိတ်ပျက်လက်ပျက် ဖြစ်နေရလေတော့သည်။
ပါခက်က ပုခုံးနှစ်ဖက်ကို တွန့်လိုက်ပြလိုက်၏။
"သူကိုယ်တိုင်က သေတွင်းထဲ ခုန်ဆင်းချင်နေမှတော့ ငါလည်း မတားတော့ပါဘူး"
ပါခက်အနေဖြင့် နက်ပစ်၏ အတွေးနှင့် စိတ်အာသီသကို လုံးဝ နားမလည်နိုင်တော့ချေ။ အစောပိုင်းကလည်း နက်ပစ်သည် ဝေ့ဝူယင်နှင့် စေ့စပ်ညှိနှိုင်းရန် ကြိုးပမ်းခဲ့သေးသည်။ သူမတွင် မည်သည့် အသာစီးရမှုမျိုးမှ မရှိပါဘဲနှင့် နတ်ပရီ၏ အစွမ်းကို မိမိအစွမ်းဟု ထင်မှတ်ကာ သူမကိုယ်သူမ သူတော်စင်နှစ်ပါးစာ အင်အားရှိသည်ဟု ဘဝင်မြင့်နေပုံရသည်။ တကယ်တော့ သူမက ဒဏ်ရာရကာ အားနည်းနေသည့် သူတော်စင်မလေး တစ်ဦးသာ ဖြစ်သည်။ အကယ်၍ သူမသာ အမိန့်တော်မျိုးစေ့ကို ရရှိခဲ့လျှင်ပင် ဝေ့ဝူယင်က သူမလက်ထဲမှ ပြန်မသိမ်းယူဘဲ နေမည်လော။
နက်ပစ်မှာ စိတ်ကူးယဉ်အိမ်မက်ထဲမှ လန့်နိုးလာသကဲ့သို့ ဖြစ်သွားပြီး သူမ၏ မျက်ဝန်းများတွင် သတိထားရိပ်များ ဖြတ်ပြေးသွားသည်။
"ကောင်းပြီလေ... အနည်းဆုံးတော့ အမိန့်တော်မျိုးစေ့ကို ပြန်ယူလာပေးတဲ့အတွက် ငါတို့ တစ်ခုခုတော့ အကျိုးအမြတ် ပြန်ရမှာပဲမလား"
နတ်ပရီက စိတ်ထဲမှပင် သက်ပြင်းချလိုက်မိသော်လည်း ဘာမှတော့ မပြောခဲ့ချေ။
အီမန်တက်က အေးစက်စွာ ရယ်မောလိုက်၏။
"အကျိုးအမြတ် ဟုတ်လား... ငါတို့ ဆိုတာ ဘယ်သူတွေကို ပြောတာလဲ... သူတော်စင် နက်ပစ်... သူတော်စင် ပါခက် တစ်ယောက်တည်းပဲ သူ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့တာ... နင် ဘာတွေ ကူညီပေးခဲ့လို့လဲ... ငါတောင် အခုလို အခွင့်အရေးပေးထားတဲ့ အခြေအနေမျိုးမှာ အကျိုးအမြတ် တောင်းဖို့ အရှက်မရှိ မပြောဝံ့ဘူး... အထူးသဖြင့် သူက ငါတို့ကို ဒီကစဉ့်ကလျား ဖြစ်နေတဲ့ နယ်မြေထဲမှာ ကိုယ့်ဘာသာ ကံကောင်းခြင်းတွေ ရှာဖွေဖို့ လွှတ်ပေးထားခဲ့တာကိုတောင်မှပေါ့"
"..."
နက်ပစ်က မျက်မှောင်ကြုတ်လိုက်ရင်း နတ်ပရီ၏ တုံ့ပြန်မှုကို ကြည့်လိုက်သည်။ နတ်ပရီကမူ အီမန်တက် ပြောသည်မှာ မှန်ကန်ကြောင်း၊ သူတို့ ဘာမျှ မကူညီခဲ့ရကြောင်း သက်သေပြသည့်အနေဖြင့် ခေါင်းကို အသာအယာ ခါယမ်းပြလိုက်ရုံသာ တတ်နိုင်ခဲ့သည်။ သူတို့၏ ရည်မှန်းချက်မှာ ဝေ့စီကို အမိန့်တော်မျိုးစေ့ တိုက်ပွဲ၏ အရေးအကြီးဆုံး စစ်တလင်းသို့ ပို့ဆောင်ရန်နှင့် မျိုးစေ့ကို ပြန်လည် ယူဆောင်လာရန်သာ ဖြစ်သည်။ ထိုအလုပ်ကို အစမှ အဆုံးတိုင် အောင်မြင်အောင် ဆောင်ရွက်ခဲ့သူမှာ ပါခက် တစ်ဦးတည်းသာ ဖြစ်၏။
သူမနှင့် နတ်ပရီ နှစ်ဦးစလုံးမှာ သူတို့အနေဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီခဲ့သည်ဟု ကိုယ့်ကိုယ်ကိုယ် လှည့်ဖြားခြင်း မရှိကြချေ။ သို့သော် နက်ပစ်ကမူ အဘယ်ကြောင့် ထိုသို့ တွေးနေရသနည်း။
သူတို့သည် ကစဉ့်ကလျား ဖြစ်နေသည့် နယ်မြေဘက်သို့ လှည့်ကြည့်လိုက်ကြရာ အီလီစီယမ် အသေး' ကိုပင် ခပ်ရေးရေးသာ အာရုံခံနိုင်တော့သည်။ ဝေ့ဝူယင် ဖောက်လုပ်ပေးခဲ့သော လမ်းကြောင်းမှာလည်း ပိတ်သွားခဲ့ပြီ ဖြစ်ရာ ထိုနယ်မြေ၏ ပိုမို နက်ရှိုင်းသည့် နေရာများသို့ မဆင်မခြင် သွားရောက်စူးစမ်းရန် မဝံ့ရဲကြတော့ချေ။ ထို့ကြောင့် သူတို့ စောင့်ဆိုင်းနေလိုက်ကြရသည်။
ပါခက်သည် ဝေ့စီကို သူမ၏ အနီးတွင် အလွန်နီးကပ်စွာ ထားရှိထားသည်။ ဤတာဝန်မှရရှိမည့် သူမ၏ ဂုဏ်ဒြပ်နှင့် အကျိုးကျေးဇူးများကို မည်သူ့ကိုမျှ ခွဲဝေမပေးလိုချေ။ ထို့နောက် သူမသည် သင်္ဘောများထံမှ သိမ်းဆည်းရမိသော ပစ္စည်းများကို စစ်ဆေးကြည့်ရှုသည်။
အဂ္ဂိရတ် ထုတ်ကုန်များနှင့် ကုန်ကြမ်းပစ္စည်းများ ထည့်သွင်းထားသည့် လျှို့ဝှက် ရတနာတိုက်ငယ်တစ်ခုကို တွေ့ရှိသောအခါ သူမ အလွန်ပင် ဝမ်းသာသွားသည်။ တန်ဖိုးရှိသမျှ အရာအားလုံးကို သိမ်းဆည်းလိုက်၏။ နောင်တစ်ချိန်တွင် ဤကုန်ကြမ်းများကို အသုံးပြု၍ ဝေ့ဝူယင်ကို ဆေးလုံးအချို့ ဖော်စပ်ခိုင်းနိုင်လျှင် မည်မျှ ကောင်းလိုက်မည်နည်း။
ကျန်ရှိသည့် သူတော်စင် သုံးပါးမှာမူ သတိဖြင့် စောင့်ကြပ်နေရင်း မိမိတို့ ရရှိထားသည့် အကျိုးအမြတ်များကို ရေတွက်ခြင်း သို့မဟုတ် အမှောင်ဟင်းလင်းပြင်အတွင်း ယာယီနေအိမ်များ ဖန်တီးကာ လျှို့ဝှက်အင်အားများကို ပြန်လည် ဖြည့်တင်းခြင်းများ ပြုလုပ်နေကြသည်။
လေးနာရီခန့် ကြာပြီးနောက်...
ဝေ့ဝူယင်သည် အပျက်အစီး နယ်မြေတစ်ခုလုံးကို သန့်စင်ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ ထိုနယ်မြေရှိ မြူမှုန်များကို လက်သီးဆုပ်ခန့်ရှိသော စင်ကြယ်သည့် အပျက်အစီး ကျောက်မျက်ရတနာများအဖြစ် ပြောင်းလဲပစ်လိုက်သည်။ ထိုပစ္စည်းများသည် တန်ဖိုး မဖြတ်နိုင်သော ရတနာများဖြစ်မည်မှာ သေချာလှသည်။ အပျက်အစီး နယ်မြေ၏ အဟန့်အတားများမှ လွတ်မြောက်လာပြီးနောက် ဝေ့ဝူယင်သည် အီလီစီယမ် အသေး' နှင့် ‘လျှို့ဝှက်မြူနှင်း’ သင်္ဘောတို့ကို သူတော်စင် လေးပါးရှိရာသို့ မောင်းနှင်လာခဲ့သည်။
သူတော်စင် လေးပါးမှာလည်း ရှုပ်ထွေးလှသော ခံစားချက် အသီးသီးဖြင့် သူ့ကို ကြိုဆိုကြသည်။ ပါခက်ကမူ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေသော ဝေ့စီကို ခေါ်ဆောင်လာခဲ့သည်။ ဝေ့စီမှာ စပါတန် တစ်ဦးပီပီ မည်သူ့ကိုမျှ ကြောက်ရွံ့တတ်သူ မဟုတ်သော်လည်း ပါခက်တွင် တခြားသူများ၌ မရှိသော အချက်တစ်ခု ရှိနေသည်။ ၎င်းမှာ ဝေ့ဝူယင်၏ စိတ်ဝင်စားမှုပင် ဖြစ်သည်။ ဝေ့ဝူယင်၏ အတွေးနှင့် အမူအကျင့်များကို တခြားသူများ မသိနိုင်သော်လည်း ဝေ့စီမှာမူ သူ့ဝမ်းကွဲ ညီအစ်ကိုပီပီ ဝေ့ဝူယင်၏ မျက်နှာအမူအရာနှင့် လက်ဟန်ခြေဟန် အသေးစိတ်ကို ကြည့်ရုံဖြင့် ဘာတွေးနေသည်ကို ကောင်းစွာ ရိပ်မိသူ ဖြစ်သည်။
ဝေ့ဝူယင် ပါခက်ကို ကြည့်သည့် အကြည့်နှင့် စကားပြောသည့် ပုံစံမှာ အီမန်တက် သို့မဟုတ် နတ်ပရီတို့အပေါ် ထားရှိသည့် သာမန်သဘောထားမျိုးနှင့် မတူဘဲ ကွဲပြားနေသည်။ ထို့ကြောင့် ဝေ့စီ၏ စိတ်ထဲတွင်မူ ပါခက်မှာ ဝေ့ဝူယင် စိတ်ဝင်စားနေသည့် အမျိုးသမီးတစ်ဦး သို့မဟုတ် အနာဂတ်တွင်...
သူသည် ထိုအတွေးကို ဆုံးအောင် မတွေးရဲတော့ဘဲ လေးနာရီလုံးလုံး အမိန့်တော်မျိုးစေ့ကို ကိုင်ထားရင်း ငြိမ်သက်စွာ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။
သူ သင်္ဘောပေါ်သို့ ခုန်တက်လိုက်သည့်အခါ ဝေ့ဝူယင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ကလေးဆန်သော အပြုံးမျိုးဖြင့် ပြုံးပြလိုက်သည်။ ဝေ့စီမှာလည်း ထိုအကြည့်ကို မြင်သည်နှင့် သူ၏ ငြိမ်သက်အေးဆေးနေသော အမူအရာကို ဖျောက်ပစ်ကာ ဝေ့ဝူယင်ထံသို့ စိတ်လှုပ်ရှားစွာ ပြေးသွားတော့သည်။ ဝမ်းကွဲ ညီအစ်ကို နှစ်ဦးသည် အမိန့်တော်မျိုးစေ့ကို အသစ်ရထားသည့် ဖန်ဂေါ်လီလုံးလေး တစ်လုံးအလား အတူတကွ စူးစမ်းကြည့်ရှုနေကြလေသည်။
"ပစ္စည်းကောင်းပဲ"
ဝေ့ဝူယင်က မှတ်ချက်ပေးသည်။
"တကယ့် ပစ္စည်းကောင်းကြီးဗျ..."
ဝေ့စီက အသံကျယ်ကျယ်ဖြင့် ထောက်ခံလိုက်သည်။
သူတို့နှစ်ဦး ဤသို့ ကလေးကလား ဆော့ကစားနေကြသည့် ပုံရိပ်မှာ ဘေးလူများ မမျှော်လင့်ထားသော မြင်ကွင်းမျိုး ဖြစ်နေသည်။
သူတို့နှစ်ဦးလုံး အမိန့်တော်မျိုးစေ့၏ ထူးကဲလှသော တန်ဖိုးကို ကောင်းစွာ နားလည်ထားကြသည်။ ဝေ့ဝူယင်က မျိုးစေ့ကို ဂရုတစိုက် သိမ်းဆည်းလိုက်စဉ် ဝေ့စီက သူ့နားနားသို့ ကပ်၍ စကားအချို့ တီးတိုးပြောလိုက်သည်။ သူက တီးတိုးပြောသည် ဆိုသော်လည်း သူတော်စင်များ ဖြစ်ကြသည့်အတွက် လူတိုင်းမှာ အတိုင်းသား ကြားနေရသည်။
ပါခက်က မျက်မှောင်ကြုတ်သွားပြီး အီမန်တက်ကမူ ပါခက်ကို အံ့ဩသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ဝေ့ဝူယင်က ဝေ့စီ၏ မျက်နှာကြီးကို တွန်းထုတ်လိုက်၏။
"သူ့ကို ဂရုမစိုက်နဲ့"
သူက ပါခက်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ ထို့နောက် မူလ အာဏာရှင်များနှင့် ဗာကီရီများ၏ အခြေအနေကို လိုက်လံစစ်ဆေးသည်။ သူတို့အားလုံး မန်နာနှင့် အပျက်အသီး မန်နာတို့၏ နက်နဲသော အသိအမြင်သစ်များကို ဆက်လက် ကျင့်ကြံနေဆဲဖြစ်ကြောင်း အတည်ပြုပြီးမှသာ သူ ခေါင်းညိတ်လိုက်သည်။ ဤနေရာမှ ရရှိသော အသိအမြင်များသည် သူတို့၏ အနာဂတ် ကျင့်ကြံခြင်းလမ်းစဉ်တွင် များစွာ အထောက်အကူ ဖြစ်ပေလိမ့်မည်။
ထိုအချိန်တွင် နောက်ဆုံး ကျန်ရှိနေသေးသည့် သက်ရှိ 'ကမ္ဘာခွံ' တစ်ခုမှာ တည်ရှိနေဆဲ ဖြစ်သည်။ ထိုနေရာတွင် အစွန့်ပစ်ခံ ပါရမီရှင် ငါးဦး ရှိနေကြသည်။
"ကျွန်မ နည်းနည်းတော့ အံ့ဩမိတယ်"
မင်ရှုဖုန်းက မှတ်ချက်ပြုလိုက်သည်။ သူမသည် ဤအခွင့်အရေးနှင့် ကံမပါခဲ့သဖြင့် ငွေရောင် လုံခြုံရေး စက်လုံးအတွင်းရှိ ငါးကလေးများ၏ အာရုံခံစားမှုမှတစ်ဆင့် အပျက်အစီး နယ်မြေ ပြင်ပရှိ တိုက်ပွဲများကိုသာ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
"သူတို့ ဘာလို့ သူတို့ရဲ့ အဖွဲ့အစည်းတွေ၊ ဂိုဏ်းအမည်တွေကို ထုတ်မပြောကြတာလဲ"
မင်ရှုဖုန်းသည် သူမ၏ ဘဝ အစောပိုင်းက လုံချန်နှင့် အတူ သွားလာခဲ့ဖူးသလို စန်းယွန်းလီ၏ အရှိန်အဝါအောက်တွင်လည်း ခေတ္တခဏ နေခဲ့ဖူးရာ ဤကဲ့သို့သော အခြေအနေမျိုးကို ကြုံဖူးသည်။ ထိုသို့သော အခါမျိုးတွင် အင်အားစုများသည် သူတို့၏ နောက်ခံအင်အားကို ထုတ်ဖော်ပြောဆိုကာ သူတို့၏ မျိုးနွယ်စုများကို အမြစ်ပြတ် သုတ်သင်မည်ဟု ခြိမ်းခြောက်တတ်ကြသည်။ သို့သော် ယခုမူ သူတို့သည် အလျင်အမြန် ပြန်လှည့်ကာ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးသွားခဲ့ကြသည်။
နတ်ပရီမှာမူ စိတ်ပျက်လက်ပျက် ဖြစ်နေသော်လည်း ဤကဲ့သို့သော ကိစ္စရပ်များတွင် အတွေ့အကြုံ ရင့်ကျက်သူဖြစ်သဖြင့် သူကပင် ပြန်ဖြေပေးလိုက်သည်။
"သူတို့က ကိုယ့်ကိုယ်ကို ဖုံးကွယ်ထားတဲ့ သူတော်စင် လေးပါးကို ရင်ဆိုင်ရတာလေ... သူတို့ရဲ့ အဖွဲ့အစည်း နာမည်ကို ထုတ်ပြောလိုက်ရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများသွားနိုင်တယ်... ငါတို့ကို ကျောထောက်နောက်ခံ ပေးထားတဲ့ အင်အားစုတွေ ဒါမှမဟုတ် ငါတို့ကိုယ်တိုင်ကပဲ နောင်ရေး စိတ်အေးရအောင် သူတို့ကို သုတ်သင်ပစ်မှာ မဟုတ်ဘူးလား... တကယ်လို့ သူတို့ကသာ ငါတို့ကို အဲဒီလို ထုတ်ပြောရဲတယ်ဆိုရင် သူတို့ကိုယ်တိုင်က သူတို့အဖွဲ့အစည်းအပေါ် မကောင်းတဲ့ စိတ်ထားရှိနေတာ သေချာနေပြီမို့ ငါတို့ မသတ်ခင် သူတို့အဖွဲ့အစည်းကပဲ သူတို့ကို အရင် သုတ်သင်လိမ့်မယ်..."
"နောက်ထပ် စဉ်းစားကြည့်ရင်လည်း... သူတို့က အရမ်း အင်အားကြီးတဲ့ အဖွဲ့အစည်းက ဖြစ်နေတယ်လို့ ငါတို့ သိလိုက်ရရင် သူတို့ဆီမှာ ပိုများပြားတဲ့ စည်းစိမ်တွေရှိတယ် ဆိုတာ သိတဲ့အတွက် ငါတို့က လုယက်တာကို ရပ်လိုက်ပါ့မလား... သူတို့က ငါတို့ထက် အစစအရာရာ အားနည်းနေတဲ့ အခြေအနေမှာ ရှိနေတာ... ငါတို့အတွက် အကောင်းဆုံး လုပ်ရမှာကတော့ သူတို့ကို အကုန် သတ်ပစ်ပြီး ငါတို့ရဲ့ လက်စလက်နက်ကို ဘာမှ မကျန်အောင် ဖျောက်ဖျက်ပစ်ဖို့ပဲလေ"
ဤအဖြေများကြောင့် မင်ရှုဖုန်းမှာ ဆွံ့အသွားရသည်။ မကြာမီ သူမ၏ မျက်ဝန်းများတွင် စဉ်းစားတွေးတောရိပ်များ ဖြတ်သန်းသွားပြီးနောက် အမှန်တရားကို သဘောပေါက်သွားတော့သည်။ ထိုကဲ့သို့သော ခြိမ်းခြောက်မှုမျိုးမှာ မိုက်မဲမှု၊ မသိနားမလည်မှု သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေခြင်းများကြောင့်သာ ဖြစ်ပေါ်တတ်ခြင်းပင်။
"ကိုယ့်ရဲ့ နောက်ခံကို အသုံးပြုတာက ကပ်ဘေးကို ကာကွယ်ဖို့ မဟုတ်ဘူးလို့တော့ မဆိုလိုပါဘူး... ဒါပေမဲ့ အဲဒါကို အခြေအနေ တစ်ခု မဆိုးရွားခင်မှာပဲ သွယ်ဝိုက်ပြီး အသုံးပြုသင့်တာ... တကယ်တမ်း အကြမ်းဖက်မှုတွေ ဖြစ်နေတဲ့အချိန်မှာ သွားပြောတာကတော့ ကိုယ့်ကို သတ်မယ့်သူကို ကိုယ့်ကို သတ်ပြီးရင် ဘယ်သူ့ကို ရှောင်ရမလဲဆိုတာ လမ်းညွှန်ပေးလိုက်သလိုပါပဲ"
အီမန်တက်က လှောင်ပြောင်သလို ရယ်မောရင်း ဖြည့်စွက်ပြောလိုက်သည်။
ဝေ့ဝူယင်မှာမူ ပေ့ရွှမ်းမြို့စား၏ အနာဂတ် မောင်းမ၊ ဆေးဖော်စပ်ရာတွင် အသုံးပြုမည့် မီးဖိုတစ်လုံးနှင့် ကြင်ယာတော် ဖြစ်လာမည့် အမျိုးသမီးငယ်လေးကို သတိရကာ လွမ်းဆွတ်သွားမိသည်။ ကောင်းကင်တာအိုမှာ လှည့်ဖြားတတ်သလို အမွေခံ အပြစ်သားများနှင့် ကောင်းချီးပေးခံရသူများကြားရှိ ကမ္မမှာလည်း ပို၍ပင် ပါးနပ်လှပေသည်။
"ဩော်... အကိုလတ်... ကျွန်တော် ပြောဖို့ မေ့နေတဲ့သူ တစ်ယောက် ရှိသေးတယ်"
ဝေ့စီ၏ မျက်လုံးများတွင် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် တောက်ပလာသည်။ ခြေထောက်များတွင် အမာရွတ်များရှိပြီး ပုဆိန်တို နှစ်လက်ကို ကိုင်စွဲထားသည့် ထိုပိစိကွေးမလေး၏ ပုံရိပ်မှာ 'ကမ္ဘာခွံ' ကို ကြည့်လိုက်စဉ် သူ၏ စိတ်ထဲ၌ လျှပ်ခနဲ ပေါ်လာလေတော့သည်။
***
အပိုင်း(၂၁၃၈)
ပြင်ပရှိ မဟာမိတ်များမှာ အလုအယှက် ထွက်ပြေးနေကြသော်လည်း မူလတရားသူကြီး အဆင့်နှင့် ထိုအောက်အဆင့်များအတွက်သာ ကန့်သတ်ဖန်တီးထားသည့် သီးခြားနယ်မြေအတွင်းရှိ မူလတရားသူကြီး ငါးဦးမှာမူ တိုက်ပွဲကို အရှိန်အဟုန်မပျက် ဆက်လက် ဆင်နွှဲနေကြဆဲ ဖြစ်သည်။
ဝေ့ယီနန်မှာ ချောင်ကျူးလျန်၊ ဆွေ့ယုနှင့် လုရွှမ်ယွီတို့၏ တိုက်ပွဲမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ကောင်းသော လျှို့ဝှက်အင်အား ဂယက်ရိုက်ခတ်မှုများမှ ချန်မင်ဟွေးကို စေတနာရှေ့ထား၍ ကာကွယ်ပေးရင်း ဟိန်းဟောက်နေလေသည်။ ထိုသုံးဦးမှာ ပေါက်ကွဲထွက်လာသည့် နေကြယ်များအလား ပြင်းထန်စွာ တိုက်ခိုက်နေကြ၏။ သတ်ဖြတ်လိုသော အငွေ့အသက်များမှာ နယ်မြေတစ်ခုလုံး၌ ပျံ့နှံ့နေတော့သည်။ ဆွေ့ယုနှင့် ချောင်ကျူးလျန်တို့မှာ အစကတည်းက သိသိသာသာပင် အရေးနိမ့်နေခဲ့ကြ၏။ ဤစစ်တလင်းတွင် လုရွှမ်ယွီ၏ အသာစီးရမှုမှာ အကြွင်းမဲ့ပင် ဖြစ်သည်။
အကယ်၍ ဤတိုက်ပွဲသည် အစစ်အမှန် နှစ်ယောက် တစ်ယောက် တိုက်ပွဲသာ ဖြစ်ပါက လုရွှမ်ယွီသည် အနည်းငယ်မျှ စတေးကာ ဆွေ့ယုကို အရင်သတ်ပြီးနောက် ချောင်ကျူးလျန်ကို အဆုံးသတ်နိုင်မည်ဖြစ်သည်။ သို့သော် ဝေ့ယီနန်နှင့် ချန်မင်ဟွေးတို့မှာ ခန့်မှန်းရခက်သော အချက်များဖြစ်နေသဖြင့် လုရွှမ်ယွီသည် သူ၏အာရုံစိုက်မှုကို ခွဲဝေထားရသည်။ အထူးသဖြင့် နောက်ခံအင်အားကြီးမားပြီး အချစ်ရူးနေသည့် ချန်မင်ဟွေးမှာ အရေးကြီးသော အချိန်တွင် အခြေအနေကို ပြောင်းလဲပစ်နိုင်သည့် ဝှက်ဖဲများ ရှိနေမည်မှာ သေချာလှပေသည်။
ထို့အပြင် ဝေ့ယီနန်ကလည်း ချန်မင်ဟွေးအား ပြဿနာမရှာမီ သတ်ပစ်ရန် သူ့ကို အခွင့်အရေး လုံးဝမပေးချေ။ လုရွှမ်ယွီတွင် နောက်ထပ် ဆေးတောင့် မရှိတော့သဖြင့် ဆွေ့ယုနှင့် ချောင်ကျူးလျန်ကို သတ်ရန် အဖိုးအခကြီးကြီးပေးလိုက်ရပါက ဝေ့ယီနန်က သူ့ခေါင်းကို လာရောက် သိမ်းပိုက်မည်မဟုတ်ဟု မပြောနိုင်ချေ။
လုရွှမ်ယွီ၏ အမြင်တွင် ဤပိစိကွေး ဟင်းလင်းပြင် ဓားပြမလေးမှာ သူ့ကို အားထိန်းထားရန် တမင်လုပ်ဆောင်နေခြင်းဖြစ်ပြီး ချန်မင်ဟွေး၏ ဝှက်ဖဲများက သူ့ကို အထိနာစေမည့်အချိန်ကို စောင့်ကာ အကုန်အစင် ရှင်းလင်းပစ်ရန် ကြံစည်နေပုံရသည်။ တစ်ဖက်တွင်လည်း ချန်မင်ဟွေး၏ အာရုံမှာ သူနှင့် ဆွေ့ယုအပေါ်တွင်သာ ရှိနေသဖြင့် ဝေ့ယီနန်က သူ့ကို အကျပ်မရိုက်သရွေ့ သူမအတွက် အချိန်ဖြုန်းနေရန် အကြောင်းမရှိပေ။
ဤစိတ်ပျက်စရာကောင်းသော အခြေအနေကြောင့် လုရွှမ်ယွီမှာ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ဆွေ့ယု၏ ဓားအလင်းတန်းများကို ရိုက်ချကာ ချောင်ကျူးလျန်ကို မိုင်ပေါင်းများစွာ ဝေးရာသို့ လွင့်ထွက်သွားအောင် တိုက်ခိုက်လိုက်သည်။ ချောင်ကျူးလျန်မှာ ခြေဖဝါးအောက်ရှိ မန်နာကို ခဲစေကာ အရှိန်သတ်လိုက်ရသဖြင့် သူ၏ ဖိနပ်အောက်မှ မီးခိုးများပင် ထွက်လာတော့သည်။ သူ၏ လက်အိတ်အတွင်းမှ လက်မောင်းများမှာလည်း ထုံကျင်နေချေပြီ။
လုရွှမ်ယွီက ရွံစရာကောင်းလောက်အောင် သန်မာတာပဲ...
ချောင်ကျူးလျန်က စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ သူသည် ကျားမြီးဆွဲမိသကဲ့သို့ ဖြစ်နေပြီး အလွယ်တကူ ဆုတ်ခွာ၍ မရတော့ချေ။ အထူးသဖြင့် ဆွေ့ယုက လုရွှမ်ယွီကို သတ်ရန် အတင်းအကျပ် ကြိုးစားနေခြင်းကြောင့် ဖြစ်သည်။ သူမမှာ အလွန်ပင် ရက်စက်လှပြီး ဘာမျှ ချန်မထားဘဲ တိုက်စစ်ဆင်နေသည်။ ၎င်းမှာ ရန်ငြိုးတစ်ခုကြောင့် သော်လည်းကောင်း၊ သေရေးရှင်ရေး တာဝန်တစ်ခုကြောင့် သော်လည်းကောင်း ဖြစ်ဟန်တူသည်။
ချောင်ကျင့်ယီထံမှ ချက်ချင်းဆုတ်ခွာတော့မည်ဖြစ်ကြောင်း နောက်ဆုံး သတိပေးချက် ရရှိထားသော်လည်း သူသည် ယောက်ျားပီပီ ဆက်လက် ရင်ဆိုင်နေရသည်။ သူတို့ သူ့ကို စွန့်ပစ်သွားခဲ့ပြီဖြစ်ကြောင်း သူ ကောင်းစွာ သိရှိသော်လည်း ဤသီးခြားနယ်မြေ ပြင်ပရှိ အပြောင်းအလဲများကိုမူ သူ အပြည့်အဝ မသိရှိချေ။ အပြင်ဘက်ရှိ သူတော်စင်များကဲ့သို့ သီးခြားနယ်မြေအတွင်းမှနေ၍ ပြင်ပ အပျက်အစီး နယ်မြေကို ထိုးဖောက်မြင်နိုင်စွမ်း သူ၌ မရှိပေ။
သူသည် ကောင်းကင်ရှန့်ထို အဆင့်သာ ရှိသေးပြီး ၎င်းမှာ အစစ်အမှန် သူတော်စင်ထက် အဆင့်နှစ်ဆင့် လျော့နည်းနေခြင်းဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံခြင်းတွင် အဆင့်သုံးနှင့် အဆင့်လေး (သေမျိုးတစ်ပိုင်း အရှင် အဆင့်နှင့် မြေကြီးရှန့်ထို အဆင့်)၊ အဆင့်ခြောက်နှင့် အဆင့်ခုနစ် (ကောင်းကင်ရှန့်ထိုနှင့် အာဏာရှင် ရှန့်ထို) တို့အကြား ကွာခြားချက်မှာ အကြီးမားဆုံး ဖြစ်သည်။
သူသည် အံကြိတ်ကာ ဤအခြေအနေမှ လွတ်မြောက်ရန် အခွင့်ကောင်းကို စောင့်ဆိုင်းနေသည်။ နောက်ဆုံး တိုက်ခိုက်မှုတစ်ခုတွင် သူ၏ လက်မောင်းအပေါ်ပိုင်း အနည်းငယ် အက်သွားသည်ဟု ခံစားလိုက်ရပြီး၏။ သူ ချက်ချင်းပင် ဝေ့ယီနန်ကို အော်ပြောလိုက်သည်။
"ဟေ့... နင်က ဘာလို့ ဒီအတိုင်း စောင့်ကြည့်နေရတာလဲ... ငါတို့ကို သူ အနိုင်ရသွားရင် နင့်ကိုလည်း လွှတ်ပေးမှာ မဟုတ်ဘူး"
ချောင်ကျူးလန်မှာ စကားပြောလိုက်သည်နှင့် ဆွေ့ယု၏ မျက်လုံးများ တောက်ပလာပြီး ပို၍ ပြင်းထန်စွာ တိုက်ခိုက်တော့သည်။ ခေတ္တမျှအတွင်း လုရွှမ်ယွီမှာ သူမ၏ ဓားအလင်းတန်းများကြောင့် ခံစစ်သို့ ရောက်သွားရသည်။ သူမမှာ အစွမ်းကုန် ထုတ်သုံးနေခြင်း ဖြစ်၏။ ချောင်ကျူးလျန်မှာ စိတ်ထဲမှ ဟိန်းဟောက်ရင်း သူ၏ ဒဏ်ရာများကို ဘေးဖယ်ကာ သူ၏ အားအကောင်းဆုံးသော အာဏာရှင် လှုပ်ရှားမှု နည်းလမ်းကို အသုံးပြု၍ လုရွှမ်ယွီကို ဖိနှိပ်ရန် လက်သီးချက် ခုနစ်ချက်ကို ဆက်တိုက် ထိုးနှက်လိုက်သည်။
သို့သော် ဤကမ္ဘာပျက်စေနိုင်သော လက်သီးချက် ခုနစ်ချက်မှာ လောကရှန့်ထို တစ်ဦး၏ အဂ္ဂိရတ် သူရဲကောင်း လူငယ်လေးကို ချွေးထွက်အောင်ပင် မလုပ်နိုင်ခဲ့ချေ။
လုရွှမ်ယွီ ဝေ့ယီနန်ကို ကြည့်ရင်း အကြံတစ်ခု ရသွားကာ ခံစစ်ကိုသာ အာရုံစိုက်လိုက်သည်။ သူ လှံကို အသာအယာ ဝှေ့ယမ်းကာ ထိုလက်သီးချက်များကို ပယ်ဖျက်လိုက်ပြီးနောက် ဝေ့ယီနန်ကို တည်ငြိမ်စွာ ပြောလိုက်သည်။
"အခုချက်ချင်း ချန်မင်ဟွေးကို သတ်လိုက်ပါ... ပြီးတော့ ဒီနေရာကနေ ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာဘူးလို့ ကတိသစ္စာပြုရင် ငါ့ဆရာရဲ့ မိုးကုပ်စက်ဝိုင်း ဖန်တီးခြင်း မျှော်စင်ကနေ နင့်ကို လျှို့ဝှက်လောက ကျောက်တုံး တစ်ထောင်နဲ့ နင်နှစ်သက်တဲ့ လျှို့ဝှက်လောက အဂ္ဂိရတ် ထုတ်ကုန် သုံးမျိုးကို ဆုလာဘ်အဖြစ် ပေးမယ်လို့ ငါကတိပေးတယ်... အဆင့်မြင့် ဒါမှမဟုတ် အဲဒီအောက် အဆင့် ရှိတာဆိုရင် ရွေးလို့ရတယ်..."
"..."
ဆွေ့ယု။
"..."
ချောင်ကျူးလျန်။
သူတို့နှစ်ဦးစလုံး စိုးရိမ်စိတ်ဖြင့် ရင်ခုန်လာကြသည်။ အကယ်၍ ဝေ့ယီနန်သာ ထိုကမ်းလှမ်းချက်ကို လက်ခံလိုက်ပါက သူတို့မှာ အမြန်ဆုံး ဆုတ်ခွာရတော့မည် ဖြစ်သည်။ ချန်မင်ဟွေးကလည်း ဝေ့ယီနန်ဘက်သို့ ခေါင်းကို အနည်းငယ် စောင်းငဲ့ကြည့်လိုက်သည်။
ဝေ့ယီနန်မှာ ထိုကမ်းလှမ်းချက်ကို ကြားလိုက်ရသည့်အခါ သွားရည်ကျချင်စိတ်ကို အနိုင်နိုင် ထိန်းထားရသည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်နှင့် သက်တမ်းအရ သူမတစ်သက်လုံးတွင် သန့်စင်ခဲ့ဖူးသော လျှို့ဝှက်လောက ထုတ်ကုန် အရေအတွက်မှာ လက်နှစ်ဖက်ဖြင့် ရေတွက်၍ ရနိုင်သည်။ ထို့အပြင် အများစုမှာလည်း မသန့်စင်ခြင်း အဆင့် အရည်အသွေးများသာ ဖြစ်ကြသည်။
သို့သော် သူမသည် ဆုံးဖြတ်ချက် မပြတ်သားသူတော့ မဟုတ်ချေ။ သူမသည် ချန်မင်ဟွေးကို ကာကွယ်ရန် စိတ်ထဲတွင် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သို့သော်လည်း သူမ၏ လည်ချောင်းထဲ၌ တံတွေးကိုမူ တစ်ချက် မျိုချလိုက်မိ၏။
"အနိမ့်ဆုံး အရည်အသွေးက ဘယ်လောက်လဲ"
သူမက မေးလိုက်သည်။
“...”
လုရွှမ်ယွီ၏ မျက်နှာမှာ လူများ မျှော်လင့်ထားသလို မဟုတ်ဘဲ ပို၍ ဆိုးရွားသွားသည်။ မသန့်စင်ခြင်း အဆင့် အရည်အသွေးနှင့် အဆင့်နိမ့် အရည်အသွေးတို့ကြား တန်ဖိုးနှင့် ခက်ခဲမှုမှာ အဆပေါင်းများစွာ ကွာခြားလှပြီး အထူးအခြေအနေများအတွက်သာ သီးသန့်ထားရှိခြင်း ဖြစ်သည်။ ဤသူခိုးမလေးမှာ မသန့်စင်ခြင်း အဆင့်ထက် ပိုလိုချင်နေသည်လား။ အကယ်၍ သူမနှင့် ရန်မဖြစ်ရန် သူ၏ အသိဉာဏ်က တားဆီးမထားပါက သူမကို ဗြောင်ကျကျ ကျိန်ဆဲမိပေလိမ့်မည်။
လောဘကြီးလိုက်တာ... လောဘကြီးတဲ့ ကောင်မလေး...
ဝေ့ယီနန် ကိုယ်တိုင်လည်း မေးပြီးမှ အနည်းငယ် အရှက်ရသွားသလို ခံစားလိုက်ရသော်လည်း စိတ်ကို တင်းထားလိုက်သည်။ ဆွေ့ယုက ပြုံးလိုက်ပြီး ချောင်ကျူးလျန်မှာမူ စိတ်ထဲမှ သက်ပြင်းချလိုက်နိုင်သည်။ သူတို့သည် တိုက်စစ်ကို ဆက်လက် ဆင်နွှဲကြသည်။ သို့သော် လုရွှမ်ယွီ၏ ခံစစ်လှုပ်ရှားမှုများမှာ အလွန်ပင် ပြောင်မြောက်လှပြီး သူတို့၏ အရှိန်အဟုန်ကို တဖြည်းဖြည်း ချိုးနှိမ်ကာ တိုက်စစ် ပြန်လည် ဆင်နွှဲရန် ကြိုးပမ်းနေသည်။ အကယ်၍ သူ့အတွက် အခွင့်အရေး တစ်စက္ကန့်မျှ ရရှိသွားပါက သူသည် ထိုနှစ်ဦးကို ပြန်လည် လွှမ်းမိုးချုပ်ကိုင်သွားပေလိမ့်မည်။
ချန်မင်ဟွေးမှာမူ ဝေ့ယီနန်ကို နက်နဲသော အကြည့်ဖြင့် ကြည့်နေပြီး သူ ဘာတွေးနေသည်ကို မည်သူမျှ မသိနိုင်ချေ။
ဝေ့ယီနန်သည် ချန်မင်ဟွေး၏ အကြည့်ကို ခံစားမိသောအခါ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး မထေမဲ့မြင် ပြုလိုက်သည်။
"နောက်ဆုံးတော့ မင်းရဲ့ တစ်ဖက်သတ် စိတ်ကူးယဉ်မှုတွေထဲကနေ နိုးလာပြီလား... နိုးပြီဆိုရင် အခုချက်ချင်း ထွက်သွားကြမယ်... မင်းကို နက်နဲမှုကို ရှာဖွေခြင်း နန်းတော်ဆီ ပြန်ပို့ပေးမယ်.... မင်းအသက်အတွက် သူတို့က ငါ့ကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဆုလာဘ် အများကြီး ပေးမှာ သေချာတယ်"
သူမသည် ချန်မင်ဟွေးကို အသုံးချပြီး ဆုလာဘ်ထုတ်ရန် ကြံစည်နေခြင်း ဖြစ်၏။ သို့သော် မည်သူမျှ မသိနိုင်သည်မှာ ချန်မင်ဟွေး တစ်ယောက် မျက်နှာဖုံးအောက်တွင် အလွန်ခါးသီးပြီး လက်မခံချင်သော အပြုံးမျိုး ပြုံးနေမိခြင်းပင်။
အခြားလူများနှင့် ခြားနားစွာပင်... နက်နဲမှုကို ရှာဖွေခြင်း နန်းတော်သည် ပြင်ပလောက၌ သူတို့ ဆုတ်ခွာသွားမှုအကြောင်းကို သူ့ကို အသိပေးပြီးဖြစ်သည်။ သူတို့သည် အင်းကွက်များ၊ အစီအရင်များနှင့် စိတ်ဝိညာဉ် မန္တန်များကို ကျွမ်းကျင်သည့် ပညာရှိကျင့်ကြံသူများ ဖြစ်ကြရာ တာဝန်ခံ လျှို့ဝှက်အရှင် အနေဖြင့် သူ့ထံ စိတ်ချင်းဆက်သွယ်ကာ အခြေအနေ အရပ်ရပ်ကို အကျဉ်းချုပ် အစီရင်ခံရန်မှာ ကလေးကစားစရာမျှသာ ဖြစ်သည်။
ပြင်ပရှိ အမှောင်ဟင်းလင်းပြင်တွင် မည်သူမည်ဝါမှန်းမသိရသော သူတော်စင်လေးပါးက အကြွင်းမဲ့ အောင်ပွဲခံထားပြီးဖြစ်ကြောင်း သူသိသည်။ သူတို့၏ ကျင့်ကြံခြင်း အဆင့်အတန်းအရ ဤအတွင်းက တိုက်ပွဲကို ရယ်စရာတစ်ခုအလား ကြည့်နေကြမည်မှာလည်း သေချာလှသည်။
သူသည် ဆွေ့ယုအတွက်ကြောင့်သာ ကျန်ရစ်နေခြင်း မဟုတ်ဘဲ သူတို့၏ ကံကြမ္မာမှာ မိမိတို့လက်ထဲတွင် မရှိတော့သည်ကို သိရှိနေ၍ ဖြစ်သည်။ ဝေ့ယီနန်ကသာ စိတ်ကူးယဉ်နေခြင်းဖြစ်၏။ ချန်မင်ဟွေးသည် စောစောကလေးတင် သူတော်စင်များက ခရမ်းရောင် အသက်ရှူသံ၏ သင်္ဘောကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိထားပြီး ဖြစ်သည်။
လောက အဂ္ဂိရတ် ရှန့်ထို အဇူရာမြစ်၏ သင်္ဘောနှစ်စင်း ပျက်စီးသွားပြီး ကျန်သင်္ဘောများမှာလည်း တတ်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးသွားကြရသည်. သူတော်စင်လေးပါးသာ ကျန်ရစ်နေခဲ့မှတော့ သူတို့၏ ကံကြမ္မာမှာ ဆုံးဖြတ်ပြီးသား ဖြစ်ချေပြီ။ သူသည် ဆွေ့ယုကို ထိုအကြောင်း ပြောပြရန် စိတ်မဝင်စားပါချေ။
တိုက်ပွဲမှာ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်သော်လည်း လောကအခွံ၏ အပြင်ဘက်တွင်မူ ချန်မင်ဟွေး၏ စိုးရိမ်ပူပန်မှုများမှာ လုံးဝ မှန်ကန်နေပါသည်။ သူတော်စင်လေးပါး၊ ဝေ့ဝူယင်၊ ဝေ့စီနှင့် မင်ရှုဖုန်းတို့မှာ အတွင်းဘက် အခြေအနေကို အေးအေးလူလူ စောင့်ကြည့်နေကြသည်။ ဝေ့စီကမူ ဝေ့ယီနန်နှင့် ပတ်သက်၍ ဝေ့ဝူယင်ကို ပေးထားသော ကတိများကို နားပူအောင် ထပ်ခါတလဲလဲ ပြောနေတော့သည်။
"တော်ပြီ... တော်ပြီ"
***