← Chapters

အခန်း (၄၁)

Vol. 4 Ch. 41

အခန်း (၄၁)

Vol. 4 Ch. 41

အခန်း (၄၁)

လင်းစစ်ကျားသည် စကားပြောဆိုနေရင်း တစ်ခဏမျှ ရပ်တန့်သွားခဲ့သည်။ ထို့နောက် သူမ ဆက်လက် ပြောလိုက်သည်မှာ ဤသို့ ဖြစ်ပေသည်။

"ကျွန်မဆီမှာ ပဋိဇီဝဆေးတွေ မရှိဘူး သူတို့ရဲ့ ဒဏ်ရာတွေက ပိုးဝင်နေကြပြီ ထင်တယ် ကျွန်မ စိုးရိမ်တာက"

ထိုသို့ ပြောပြီးနောက်တွင် သူမသည် စကားအား ဆက်လက် ပြောကြားခြင်း မရှိတော့သည့်တိုင် ထိုနေရာရှိ လူအားလုံးသည် သူမ၏ ဆိုလိုရင်းအား သဘောပေါက် နားလည် လိုက်ကြလေသည်။ ဤသို့သော ဆေးဝါးမရှိသည့် အခြေအနေမျိုးအောက်တွင် သူတို့အားလုံး ဤနေရာ၌ သေမင်းကိုသာ ထိုင်စောင့် နေကြရုံ မှတစ်ပါး အခြားသော ရွေးချယ်စရာ မရှိတော့ချေ။

ထိုစကားအား ကြားလိုက်ရသောအခါ စွန်းမင်၏ မျက်ရည်များသည် ချက်ချင်းပင် ပေါက်ကွဲ ကျဆင်းလာခဲ့လေသည်။ ဤသူများမှာ သူမ၏ အချစ်ဆုံး သူငယ်ချင်းများဖြစ်ကြကာ ကျန်းဖုန်းသည်လည်း သူမ၏ အရင်းနှီးဆုံး မောင်နှမ ဝမ်းကွဲတစ်ဦး ဖြစ်နေသေးသည်။ ထို့ကြောင့် သူမ၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်များမှာ တစ်ခဏချင်းမှာပင် ပြိုကျ ပျက်စီး သွားခဲ့ရကာ မြေပြင်ပေါ်သို့ ထိုင်ချလိုက် ပြီးနောက် မျက်နှာအား လက်ဝါးဖြင့် အုပ်၍ ရှိုက်ကြီး တငင် ငိုကြွေးလေတော့သည်။

"အဲ့ဒီ ရဲ့ရှင်းချန်ဆိုတဲ့ကောင်က ဘယ်လိုလုပ် ဒီလောက်တောင် ရက်စက်နိုင်ရတာလဲ ဘယ်လိုလုပ် ဒီလောက် ရက်စက်ရတာလဲ ငါတို့က သူ့အိမ်ကိုပဲ လိုချင်ခဲ့တာပါ သူကတော့ ငါတို့ရဲ့ အသက်တွေကိုပါ နုတ်ယူချင်နေတာပဲ"

လင်းစစ်ကျားမှာမူ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရလေသည်။ သူမသည် ရဲ့ရှင်းချန်နှင့် အကြိမ်အနည်းငယ် ဆုံဖူးခဲ့ပြီး ရဲ့ရှင်းချန်သည် တက်ကြွ လန်းဆန်းကာ ရုပ်ရည်ချောမော သူတစ်ဦး အဖြစ် သူမ မှတ်မိ နေသေး၏။ ထို့အပြင် သူ၏ မိသားစုမှာလည်း အတော်အတန် ကြွယ်ဝ ချမ်းသာပုံ ရလေသည်။ သို့သော်လည်း လင်းစစ်ကျားသည် အခြားသူများ၏ ကိုယ်ရေး ကိုယ်တာကိစ္စများအား အထူးတလည် စိတ်ဝင်တစားမှု မရှိသည့် အတွက်ကြောင့် ရဲ့ရှင်းချန်နှင့် ပတ်သက်၍ အသေးစိတ်ကိုမူ သေချာမသိချေ။

"ပဋိဇီဝဆေးနဲ့ အရောင်ကျဆေးတွေ မရှိရင်တော့ ကျွန်မ သူတို့ကို ကယ်တင်ပေးနိုင်မှာ မဟုတ်ဘူး"

လင်းစစ်ကျားမှ ခံစားချက်ကင်းမဲ့သည့် မျက်နှာထားဖြင့် အေးစက်စက် ပြောလိုက်ကာ ဘေးဘက်သို့ လျှောက်သွားလိုက်လေသည်။

ထိုသူများ၏ စကားများအရ သူတို့သည် ယခုလို အခြေအနေဆိုးနှင့် ရင်ဆိုင်နေကြရသည်မှာ မထားရှိသင့်သော လောဘ စိတ်များကြောင့် ဖြစ်ကြောင်း နားလည်ရန် မခက်ခဲလှပေ။ သူတို့သည် ရဲ့ရှင်းချန်၏ အိမ်အား အပိုင်စီးရန် စိတ်ကူး ယဉ်ခဲ့ကြသောကြောင့်သာ ရဲ့ရှင်းချန်၏ တိုက်ခိုက်ခြင်းကိုလည်း ခံခဲ့ကြရခြင်း ဖြစ်လေသည်။

ဤကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးစရာ မရှိပေ။ သူမသည် မေတ္တာတရား ကြီးမားသည့် ဆရာဝန်တစ်ဦး ဖြစ်နေလျှင်တောင် သူတို့နှင့် ထိုက်တန်သည့် အရာအား ရရှိခြင်းသာ ဖြစ်သည်ဟု ဆိုရပေမည်။

ရုတ်တရက် ချန်းရူအာသည် တစ်စုံတစ်ခုအား သတိရသွား ပုံပေါ်ကာ ခေါင်းအားမော့၍ စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်လေသည်။

"ဆေးဝါး ဟုတ်ပြီ ရဲ့ရှင်းချန်ရဲ့ အိမ်မှာ ဆေးတွေရှိနေတာကို ကျွန်မ မှတ်မိသွားပြီ"

တစ်ခဏအတွင်းမှာပင် စွန်းမင်၏ ငိုသံများ ရပ်တန့် သွားခဲ့လေသည်။ မြေပြင်ပေါ်တွင် သေလုမြောပါး မှိုင်တွေစွာ ထိုင်နေကြသည့် အမျိုးသားသုံးဦးပင်လျှင် ရုတ်တရက် အသက်ဝင် တက်ကြွလာခဲ့ကြတော့သည်။

"ဒါ တကယ်လား သူ သူ့ဆီမှာ တကယ်ပဲ ဆေးတွေ ရှိနေတာလား"

မာချောင်းဝမ်သည် ကြမ်းပြင်အား လက်ဖြင့် ထောက်၍ အတင်း ရုန်းထလာခဲ့ကာ ချန်းရူအာထံသို့ ကမန်းကတန်း ပြေးသွား လိုက်တော့သည်။

"ဟုတ်တယ် လွန်ခဲ့တဲ့ တစ်လလောက်ကစပြီး ရဲ့ရှင်းချန်က တခြား လူတစ်ယောက်လို ပြောင်းလဲသွားသလိုပဲ အဲ့ဒီအချိန်ကစပြီး သူက အိမ်မှာ ပစ္စည်းတွေကို အရူးတစ်ယောက်လို စုဆောင်းနေခဲ့တာ သူ့အိမ်ကိုတောင် အများကြီး ပိုမြင့်အောင် ပြန်ပြင်ပြီး ဆောက်ထားသေးတယ် ကျွန်မ သူ့ဆီကို အကြိမ်ကြိမ် သွားရှာဖူးတယ် သွားတိုင်း ကုန်တင်ကားတွေက သူ့ဆီကို ပစ္စည်းတွေ လာပို့နေကြတာချည်းပဲ"

"သြော် ဒါနဲ့ ကျွန်မ တစ်ခေါက်သွားတုန်းက သူ့ အိမ်ရှေ့မှာ ဆေးဝါးကုမ္ပဏီက ကားတစ်စီး ရပ်ထားတာကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့သေးတယ် အဲ့ဒီကားထဲမှာ ဆေးဝါးတွေ အပြည့်ပါလာတာ သေချာတယ် သူတစ်ယောက်တည်း နေတာကို ဘာလို့ ဆေးတွေ အများကြီး ဝယ်နေတာလဲလို့တောင် ကျွန်မ တွေးနေခဲ့သေးတာ အခု ပြန်စဉ်းစားကြည့်မှ သူက ကြိုတင်ပြီး သတင်းတစ်ခုခု ရထားလို့ပဲ ဖြစ်ရမယ်"

လင်းစစ်ကျားမှ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဆက်ပြောလိုက်လေသည်။

"ပဋိဇီဝဆေးတွေက ရှားပါးဆေးဝါးတွေတော့ မဟုတ်ဘူး နင်ပြောသလို သူက အစောကြီးကတည်းက ဆေးဝါး အမြောက်အများကို စုဆောင်း ထားခဲ့တာဆိုရင်တော့ သူ့လက်ထဲမှာ ပဋိဇီဝဆေးတွေနဲ့ အရောင်ကျဆေးတွေ အများကြီး ရှိနေနိုင်လောက်တယ်"

ထိုအကြောင်းအား တွေးမိသောအခါ ရဲ့ရှင်းချန်၏ ဉာဏ်ကောင်းမှုနှင့် အမြော်အမြင်ရှိစွာ ကြိုတင် ပြင်ဆင်ထားတတ်မှုတို့အား လင်းစစ်ကျားမှာ မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားရတော့သည်။ ချမ်းသာသော သူများပီပီ သတင်း အချက်အလက် ရရှိမှု အပိုင်းတွင် သူတို့လို သာမန်လူများထက် များစွာ သာလွန်နေသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။

မာချောင်းဝမ်၏ မျက်လုံးများထဲတွင် အသက်ရှင်သန်ရန် မျှော်လင့်ချက် ရောင်ခြည်များ တောက်ပလာခဲ့ကာ ရူးသွပ်မှု အရိပ်အယောင်များပင် စွက်ဖက်လာခဲ့လေတော့သည်။

"ဒါဆိုရင် မြန်မြန်သွားပြီး ရဲ့ရှင်းချန်ကို ရှာကြစို့ ငါတို့အသက်ကို ကယ်ဖို့ သူ့ကို ဆေးတွေ ထုတ်ပေးခိုင်းရမယ် ငါ့ဒဏ်ရာတွေက သူ့ကြောင့် ဖြစ်ရတာ သူ ငါ့ကို မဖြစ်မနေ ကယ်ကိုကယ်ရမယ်"

ဤအခိုက်အတန့်တွင် လင်းစစ်ကျားမှာ မည်သို့ပင် ပြောရမည်ကို မသိတော့ဘဲ ဆွံ့အသွားခဲ့ကာ စွန်းမင်မှာလည်း တွေဝေမှုများဖြင့် ပြည့်နှက်သွားခဲ့လေသည်။

"ဒါပေမယ့် ငါတို့က အခုလေးတင် သူ့အပေါ် အဲ့လိုလုပ်ခဲ့ကြတာလေ သူ အခုဆို ငါတို့ကို အရမ်း မုန်းနေလောက်ပြီ နင့်ကိုကယ်ဖို့ အဲ့ဒီလောက် တန်ဖိုးကြီးတဲ့ ဆေးဝါးတွေကို သူက ဘာလို့ ထုတ်ပေးရမှာလဲ"

လျန်ကျစ်ချောင်သည် နာကျင်မှုအား ဆက်လက် သည်းမခံနိုင်တော့ဘဲ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားရင်း ကြမ်းပြင်ပေါ်တွင် လူးလှိမ့်လျှက် ညည်းတွားနေခဲ့လေသည်။

"အား နာလိုက်တာကွာ ငါ သေတော့မယ် ထင်တယ် မြန်မြန် တစ်ခုခု စဉ်းစားကြပါ ငါ မသေချင်သေးဘူး သွားပြီး ရဲ့ရှင်းချန်ကို တောင်းပန်ကြပါလားကွာ ချန်းရူအာ နင် မြန်မြန်သွားပြီး ရဲ့ရှင်းချန်ကို တောင်းပန်လိုက်စမ်းပါ နင်ပဲ ပြောခဲ့တာ သူက နင့်စကားကို အနားထောင်ဆုံးဆို မြန်မြန်သွားစမ်းပါ ငါတို့ကို ကယ်ပါဦး"

ချန်းရူအာမှာလည်း မခံချင်စိတ်များဖြင့် ဒေါသထွက် နေခဲ့လေသည်။

"ငါတို့ သူ့ကို ထိခိုက်အောင် မလုပ်ခဲ့ပါဘူး တကယ်လို့ လုပ်ခဲ့တယ် ဆိုရင်တောင် ဘာဖြစ်လဲ ငါတို့က သူ့ကို တကယ်ကြီး မောင်းထုတ်ပြီး သေလမ်း ရှာခိုင်းမှာမှ မဟုတ်တာ ငါတို့က သူ့ကို ထောက်ပံ့ရေး ပစ္စည်း နည်းနည်းပါးပါး ပေးဖို့တောင် စီစဉ်ထားသေးတယ် သူကသာ လူကောင်း ပီသဖို့ နားမလည်တာ တစ်ကိုယ်ကောင်းလည်း ဆန်ပြီး အတ္တလဲ ကြီးသေး ငါတို့က အတန်းဖော်တွေ သူငယ်ချင်းတွေလေ ပစ္စည်းနည်းနည်းလေး တောင်းတာကိုများ သူက ငါတို့ကို သေအောင် သတ်ဖို့ ကြိုးစားရလား"

"ကျစ်ချောင် နင် မစိုးရိမ်ပါနဲ့ ငါ သေချာပေါက် သွားပါ့မယ် ဒါပေမယ့် သူ အခုထိ စိတ်ဆိုးနေတုန်းပဲဆိုရင် ငါ့ကို တွေ့ချင်မှ တွေ့လိမ့်မယ်"

လင်းစစ်ကျားသည် စိတ်ထဲမှ မျက်လုံးလှန်လိုက်မိတော့သည်။ သူတို့၏ စကားများအား ကြားလေလေ သူမသည် ပို၍ပင် ဆွံ့အ လာရလေလေ ဖြစ်နေခဲ့တော့သည်။ သို့သော် ဤကိစ္စသည် သူမနှင့် မည်သို့မှ ပတ်သက်မှု မရှိပါချေ။ ရဲ့ရှင်းချန်အတွက် မခံချင်စိတ် ဖြစ်မိလျှင်တောင်မှ ဤလူစုနှင့် ပတ်သက်၍ သူမ အများအပြား ဝေဖန် ပြောဆို မှတ်ချက် ပေးရန် မသင့်ချေ။

သူမသည် ဆောင့်ကြောင့် ထိုင်ချလိုက် ပြီးနောက် သူတို့၏ ဒဏ်ရာများအား အပေါ်ယံ သန့်စင်ပေးလိုက်ကာ သွေးတိတ်အောင် လုပ်ပေးလိုက်တော့သည်။ သူမ၏ ရှေးဦး သူနာပြု သေတ္တာထဲတွင် ဆေးဝါးများ သိပ်မကျန်တော့ချေ။ အရေးပေါ်ဆေး အနည်းငယ်နှင့် ပတ်တီးစ အချို့ကိုသာ အိမ်တွင် ဆောင်ထားခဲ့ခြင်း ဖြစ်ပေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က အိမ်နီးချင်းအချို့၏ ရောဂါများအား ကုသပေးခဲ့ရသဖြင့် သေတ္တာထဲတွင် ဆေးများ ကုန်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

အကယ်၍ စွန်းမင်တို့ တစ်စု ဆေးမရနိုင်ပါမူ သူမသည်လည်း မည်သို့မျှ တတ်နိုင်လိမ့်မည် မဟုတ်ပေ။ အလွန်ဆုံး သူမ လုပ်ပေးနိုင်သည်မှာ သူတို့ သေဆုံးချိန်တွင် နာကျင်မှု သက်သာစေရန်သာ ဖြစ်ပေလိမ့်မည်။

ဤလူစုသည် ကိုယ်ကျင့် တရားအရ အထက်စီး မှနေ၍ ကိုယ့်ကိုကိုယ် အမှန်တရား ဘက်တော်သားများကဲ့သို့ ဟန်ဆောင် ပြောဆိုရာတွင် အလွန် ကျွမ်းကျင် ကြလေသည်။ စကားလုံး အနည်းငယ်ဖြင့်ပင် သူတို့ကိုယ်သူတို့ ဦးနှောက်ဆေးထားခဲ့ကာ သူတို့ဘက်မှ မည်သည့်အမှားမှ မလုပ်ခဲ့ဟု နက်နက်ရှိုင်းရှိုင်း ယုံကြည်နေကြသေးသည်။

အပြစ်အားလုံးသည် ရဲ့ရှင်းချန်အပေါ်တွင်သာ ရှိနေခဲ့ကာ သူသည် တစ်ကိုယ်ကောင်းဆန်ကာ ကောင်းမွန်သော အရာများအား မျှဝေရန် ဆန္ဒမရှိသူဟုပင် ခံစားနေကြရသေးသည်။ စွန်းမင်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ချန်းရူအာအား ကြည့်ကာ ဆိုလိုက်လေသည်။

"ဒီကိစ္စကို နင့်ကိုပဲ လွှဲလိုက်တော့မယ် ရဲ့ရှင်းချန်က နင့်ကို အရင်က လိုက်ခဲ့ဖူးတယ်ဆိုတာ ငါသိတယ် ဒါကြောင့် နင်က ဒီကိစ္စကို လုပ်ဖို့ အသင့်တော်ဆုံး လူပဲ"

ကျန်းဖုန်းမှလွဲ၍ ကျန်လူအားလုံးမှ သဘောတူကြလေသည်။ အမှန်တကယ်တွင် သူတို့ထဲမှ အချို့မှာ ရဲ့ရှင်းချန်၏ အိမ်တွင် ထောက်ပံ့ရေး ပစ္စည်းများစွာ ရှိနေကြောင်းအား မသိခဲ့ကြချေ။ သိခဲ့လျှင်တောင်မှ အစပိုင်းတွင် ဤကဲ့သို့ အိမ်အား အပိုင်စီးရန် စိတ်ကူးမရှိခဲ့ကြချေ။ ဤအရာအားလုံးမှာ ချန်းရူအာ၏ သွေးထိုး လှုံ့ဆော်မှုကြောင့်သာ ဖြစ်လာခဲ့ရခြင်း ဖြစ်သည်။

ကျန်းဖုန်းမှာမူ အလွန် ဗျာများနေခဲ့တော့သည်။ အဘယ်ကြောင့်ဆိုသော် မိမိ သဘောကျ ချစ်ခင် နှစ်သက်ရသည့် အမျိုးသမီးသည် သူမအား လိုက်ဖူးသည့် အခြားသော အမျိုးသား တစ်ဦး၏ ရှေ့တွင် ခေါင်းငုံ့ တောင်းပန်ရမည်အား သူ မလိုလားသောကြောင့် ဖြစ်လေသည်။ သို့သော် သူ၏ ခြေထောက်နှင့် လက်မှ ဒဏ်ရာများမှာ အလွန် နာကျင်လွန်းလှပြီး သူသည်လည်း သေရမည်ကို ကြောက်ရွံ့နေခဲ့သည်။

သူသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် ချန်းရူအာအား ပြောလိုက်လေသည်။

"ရူအာ မင်း စိတ်မပါဘူးဆိုတာရော မခံချင် ဖြစ်နေတယ် ဆိုတာရော ကိုယ်သိပါတယ် ဒါပေမယ့် စဉ်းစားကြည့်တော့ ဒီကိစ္စကို မင်း တစ်ယောက်တည်းပဲ လုပ်နိုင်လိမ့်မယ် ကိုယ်လည်း အသက်ရှင်ချင်တယ် မင်းကိုလည်း ကာကွယ်ပေးချင်တယ် ဒါကြောင့် မင်းကို ခဏလောက်တော့ အနစ်နာခံ ခိုင်းရတော့မယ်"

ချန်းရူအာမှာလည်း အလွန် ဗျာများနေခဲ့လေသည်။ သူမသည် လုံးဝ သဘောမတူချင်ချေ။ ရဲ့ရှင်းချန်သည် သူမအား အကြိမ်ကြိမ် အရှက်ခွဲခဲ့ပြီး ဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူမ၌ အခြားသော ရွေးချယ်စရာများ မရှိတော့ပေ။ ယခုအခါ သူမနောက်တွင် ကျောထောက် နောက်ခံပြုပေးမည့်သူ မရှိတော့ချေ။ ဆက်လက် အသက်ရှင်သန်ရန် ကျန်းဖုန်းနှင့် အခြားသူများကိုသာ အားထားရတော့မည် ဖြစ်သည်။ သူမ၏ စားစရာများလည်း ကုန်ခမ်းနေခဲ့ပြီ ဖြစ်သည်။ အစာငတ်သေမည်အား မဆိုထားနှင့်။ ကျန်းရီကဲ့သို့ လူသတ် လုယက်မည့် သူများ ရောက်လာမည်ကိုပင် သူမ ကြောက်ရွံ့နေမိလေသည်။

ကျန်းရီဆိုလျှင်မူ တော်သေးသည် ဟု ဆိုရပေမည်။ မည်သို့ပင်ဆိုစေ သူသည် ကျန်းဖုန်း၏ ဆွေမျိုး တစ်ဦး ဖြစ်နေသေးသည်။ အကယ်၍ အခြားသူများသာ ဆိုလျှင်မူ ပြောရခက်ပေမည်။

ချန်းရူအာသည် လူတိုင်း၏ အကြည့်အောက်တွင် အံတင်းတင်း ကြိတ်လျှက် ဖုန်းအား ကောက်ကိုင်လိုက်ကာ ရဲ့ရှင်းချန်ထံသို့ ဝီချက် မှတဆင့် ခေါ်ဆို လိုက်လေသည်။

ရဲ့ရှင်းချန်မှာမူ အကြိမ်ကြိမ် အိပ်နေရာမှ အနှိုး ခံရပြီးနောက်တွင် အလွန် စိတ် အနှောင့်အယှက် ဖြစ်နေခဲ့လေသည်။ ကံကောင်း ထောက်မစွာဖြင့် သူပစ်လိုက်ပြီးနောက် ပြန်ရလာသည့် သံချေး တက်နေသည့် မြားများကြောင့်သာ သူ၏ စိတ်အခြေအနေမှာ အနည်းငယ် ပြန်လည်၍ ကောင်းမွန်လာခဲ့ခြင်း ဖြစ်ပေသည်။

သူသည် အိပ်မပျော်တော့သဖြင့် ရိုးရှင်းစွာ ထလိုက်ကာ မည်သည့် လုပ်စရာမှ မရှိသဖြင့် ဟင်းချက်နည်း စာအုပ်အား ကောက်ကိုင်၍ လေ့လာနေလိုက်တော့သည်။ ခရမ်းချဉ်သီးများအား ဆေးကြောနေစဉ်မှာပင် ချန်းရူအာထံမှ အသံဖြင့် ဖုန်းခေါ်ဆိုမှု ဝင်လာလေတော့သည်။

All Chapters