← Chapters

အခန်း (၅၅)

Vol. 4 Ch. 55

အခန်း (၅၅)

Vol. 4 Ch. 55

အခန်း ၅၅

ကျန်းဖုန်းသည် ရဲ့ရှင်းချန်၏ အိမ်မှ သူ၏ ကိုယ်ပိုင်အိမ်သို့ ယိမ်းယိုင်ကာ ပြန်လာခဲ့လိုက်သည်။ စွန်းမင်သည် ကျန်းရီမှ ပေးလိုက်သည့် အသားများအား ချက်ပြုတ်ပြီးနေခဲ့ပြီ ဖြစ်သည်။ ဟင်းရည်နှင့် အသားသည် လူအနည်းငယ် ဝေစားရန် အတွက် လုံလောက်ရုံသာ ရှိပေသည်။

အနည်းဆုံးတော့ အသားထဲရှိ အဝါရောင် ဖျော့ဖျော့ အဆီများသည် လွန်ခဲ့သည့် ရက် အနည်းငယ် အတွင်း သူတို့၏ မလုံလောက်ခဲ့သည် အစားအာဟာရများ အတွက် ဖြည့်ဆည်းပေးနိုင်ခဲ့သည်။

“မင်း ပြန်လာပြီလား အားဖန် အစ်မ အခုပဲ ချက်ပြီးတာ လာစားလေ”

မာချောင်းဝမ်နှင့် လျန်ကျစ်ချောင်တို့သည် အသက်မပါသော မျက်လုံးများဖြင့် အိုးအား ဝိုင်းရံ ထားကြပြီး ဖြစ်သည်။ လူအားလုံးထဲတွင် ချူယောင်မှ စိတ်လှုပ်ရှားဆုံး ဖြစ်ပေသည်။

‘နောက်ဆုံးတော့ စားစရာ အသားရှိပြီ’

အိုးအောက်ခြေသို့ နစ်မြုပ်နေသည့် အသားတုံးကြီး အနည်းငယ်အား စိုက်ကြည့်ရင်းဖြင့် ချူယောင်၏ မျက်လုံးများ အရောင်လက်သွားခဲ့သည်။

ကျန်းဖုန်းသည် စွန်းမင်အား လျစ်လျူရှု လိုက်လေသည်။ သူသည် ဗီလာထဲသို့ ဝင်သွားခဲ့ကာ ဒုတိယထပ်သို့ တိုက်ရိုက်သွားလိုက်ပြီး ချန်းရူအာအား သော့ခတ်ထားသည့် အခန်းဆီသို့ အပြေး သွားလိုက်လေသည်။

“အား ထွက်သွား ထွက်သွား”

ချန်းရူအာ၏ လက်များအား သံကြိုးဖြင့် ချည်နှောင်ထားခဲ့ကာ ကုတင်ထောင့်တွင် ကွေးကွေးလေး နေနေရခြင်း ဖြစ်သည်။ ကျန်းဖုန်း၏ မျက်လုံးများမှာ သွေးကဲ့သို့ နီရဲနေခဲ့ကာ ဒူးတစ်ဖက်ဖြင့် ကုတင်ပေါ်သို့ မှီလျှက် ချန်းရူအာအား စိုက်ကြည့်ရင်း ရက်စက်ယုတ်မာသည့် ဟန်ဖြင့် ပြောလိုက်လေသည်။

“ရူအာ ညီမ ကိုယ့်ကို လက်ထပ်မလား”

ချန်းရူအာ၏ မျက်လုံးများမှာ ရွံရှာမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ကျန်းဖုန်း၏ ပတ်တီးများမှ အပုပ်နံ့များ စိမ့်ထွက်နေပြီ ဖြစ်သည်။

“ဝေါ့ ကျန်းဖုန်း ထွက်သွားစမ်း နင့်ကိုယ်က ဘာလို့ ဒီလောက် နံနေရတာလဲ”

ချန်းရူအာသည် သူမ၏ ရွံရှာမှုအား မျက်နှာပေါ်တွင် ပြသရန် အနည်းငယ်မျှသာ လိုတော့သည်။ ပိုမို၍ နီးကပ်လာသည့် ကျန်းဖုန်း၏ မျက်နှာအားး ကြည့်ရင်းဖြင့် ချန်းရူအာ မျက်မှောင်ကြုတ်မိသွားခဲ့ကာ သူမ၏ နှာခေါင်းအား ပိတ်လျှက် ကျန်းဖုန်း၏ မျက်နှာအား ခြေထောက်ဖြင့် ကန်ကျောက်လိုက်လေသည်။

“ထွက်သွား ထွက်သွား ငါ ဒါမျိုး မကြိုက်ဘူး”

ချန်းရူအာ၏ ခုခံမှုအား ကြည့်လျှက် ကျန်းဖုန်းသည် သူ၏ နှလုံးသားထဲတွင် ဖော်ပြ၍မရသည့် ခံစားချက်တစ်ခုအား ခံစားလိုက်ရတော့သည်။ ချန်းရူအာကြောင့်သာ မဟုတ်ခဲ့လျှင် သူသည် ဤသို့ ဖြစ်လာလိမ့်မည် မဟုတ်ကြောင်း သိထားရမည် ဖြစ်သည်။

ကျန်းဖုန်းသည် အစားအစာနှင့် အဝတ်အစားများ အပါအဝင် သူ၏ ထောက်ပံ့ရေး ပစ္စည်းများ အားလုံးကို ချန်းရူအာအား ပေးခဲ့လေသည်။ သူသည် အိမ်ထဲတွင် ဟောင်းနွမ်း စုတ်ပြတ်နေသည့် စောင်ကိုသာ ခြုံလျှက် အဝတ်အစားဟောင်းများအား ဝတ်ဆင်ရင်း ဆာလောင်မှုကြောင့် တုန်ယင်နေခဲ့ရလေသည်။ သို့သော် အကောင်းဆုံး အစားအစာများနှင့် နွေးထွေးသည့် အဝတ်အစားအသစ် အစုံအချို့အား ချန်းရူအာကို ပေးခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင်လည်း သူသည် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေခဲ့ကာ ချန်းရူအာကြောင့်သာ သူ ဤသို့ ဖြစ်လာရခြင်း ဖြစ်ပေသည်။ သို့သော် ချန်းရူအာမှာမူ သူ့အား မည်သို့ ဆက်ဆံနေသနည်း။

သူ အနားကပ်လာသည်အား သူမသည် ခုခံနေသေးသည်။ သူမ သူ့အား လက်ထပ်ချင်သလား ဟု မေးလိုက်ရုံဖြင့် သူမသည် သူ့အား စတင်ကာ ရိုက်နှက် ကန်ကျောက် လေတော့သည်။

ကျန်းဖုန်းသည် ချန်းရူအာ၏ ကန်နေသည့် ခြေထောက်အား ဖမ်းကိုင်လိုက်ကာ ဖိချလိုက်တော့သည်။ ထိုမျှလောက် ပေးဆပ်ခဲ့ပြီးမှတောင် သူမအား မရနိုင်သည့် အတွက် သူမအား ဖျက်ဆီး ပစ်လိုက်တာမှ ပိုကောင်းလိမ့်မည် ဖြစ်သည်။

အောက်ထပ်မှ လူတိုင်းသည် ဆူညံသံအား ကြားနေရသည့် တိုင် အားလုံးမှာမူ အသားစားရန်သာ အာရုံစိုက်နေကြလေသည်။ ဤနေရာတွင် ဖြစ်ပျက်နေသည်များအား မည်သူကမျှ ဂရုမစိုက်ကြချေ။

“အား ကယ်ကြပါဦး နင့်စီက နံတယ် ကယ်ကြပါဦး ကျန်းဖုန်း ထွက်သွား ခွေးမသား”

“ထွက်သွားစမ်း အနားမလာနဲ့ အဆင့်နိမ့်တဲ့ခွေးသား သွားသေလိုက်တော့ သွားသေလိုက် ငါ့ အနားမလာနဲ့!”

“မင်း မင်း ငါ့ကို အဆင့်နိမ့်တဲ့ခွေးလို့ ခေါ်ရက်တယ်ပေါ့”

ကျန်းဖုန်း၏ မျက်နှာတွင် နှလုံးကွဲကြေမှုနှင့် မယုံကြည်နိုင်မှုများ အပြည့်ဖြစ်နေခဲ့ပြီး ထို့နောက်တွင် ဒေါသများ ပါဝင်လာခဲ့သည်။ သူသည် ပြာယာခတ်နေခဲ့ကာ ဒေါသထွက်နေလေသည်။ သူ၏ အကျီလက်စအား ခေါက်တင်လိုက်ကာ လက်မောင်းတွင် လျော့ရဲရဲ ပတ်ထားသည့် ပတ်တီးအား ဆွဲဖြဲလိုက်လေသည်။

“နံတယ်ဟုတ်လား ဟားဟား. အဆင့်နိမ့်တဲ့ခွေး ဟုတ်လား”

ကျန်းဖုန်းမှ ရက်စက်စွာ ရယ်မောလိုက်မိသည်။ သူသည် လက်အား ဆန့်ထုတ်လိုက်ကာ သူ၏ လက်မောင်းရှိ ဒဏ်ရာအား ဆုပ်ကိုင်လိုက်တော့သည်။ ပုပ်အက်နေသည့် အသားများအား ဆုပ်ကိုင်လျှက် ချန်းရူအာ၏ မျက်နှာတစ်ခုလုံးအား သုတ်လိမ်းလိုက်လေတော့သည်။

“ဟားဟား အဆင့်နိမ့်တဲ့ခွေး အဆင့်နိမ့်တဲ့ခွေး ငါက အဆင့်နိမ့်တဲ့ခွေးပဲ”

ချန်းရူအာ အလွန် မွန်းကြပ်သွားသဖြင့် သူမ၏ မျက်နှာတွင် မျက်ရည်များ ပြည့်နှက်နေခဲ့သည်။ သူမသည် ထိတ်လန့်တကြား ခေါင်းယမ်းလိုက်မိလေရာ သူမ၏ မျက်နှာတွင် ပုပ်အက်နေသည့် အသားများ ပေကျံသွားခဲ့လေတော့သည်။

“ဖူး ဖူး”

ထင်ယောင်ထင်မှား ဖြစ်ခြင်းလား သူမ မသိသော်လည်း သူမ၏ ပါးစပ်ထောင့်တွင် အချို့အား ခံစားလိုက်ရလေသည်။ ချန်းရူအာသည် အန်ရန် အတွက် ပါးစပ်အား ဆက်တိုက် ဖွင့်နေသော်လည်း အသက် ရှူသွင်း လိုက်သောအခါ သူမ၏ ပါးစပ်နှင့် နှာခေါင်း တစ်ခုလုံး ထိုပြင်းထန်လှသည့် အပုပ်နံ့များဖြင့် ပြည့်နှက်သွားသည်ကိုသာ ခံစားလိုက်ရလေသည်။ ၎င်းမှာ အလွန် ရွံရှာ စက်ဆုပ် ဖွယ်ကောင်းကာ သူမ၏ ခွန်အားများကိုပင် တဖြည်းဖြည်း ဆုံးရှုံးသွားစေခဲ့သည်။

“ငါက အဆင့်နိမ့်တဲ့ခွေး တစ်ကောင် ဖြစ်လို့ နင် ငါ့ကို ရွံရှာအောင် လုပ်ခဲ့တယ် အခုတော့ အဆင့်နိမ့် ခွေးတစ်ကောင်ရဲ့ ပုပ်အက်နေတဲ့ အသားတွေကို နင့်မျက်နှာပေါ် သုတ်လိမ်းပေးမယ် နင့်မျက်နှာက အဆင့်နိမ့်တဲ့ ခွေးတစ်ကောင်ရဲ့ ပုပ်အက်နေတဲ့ အသားတွေနဲ့ ဖုံးလွှမ်းနေတယ်လို့ ခံစားရအောင် ငါလုပ်ပေးမယ် ဟားဟားဟား”

ချန်းရူအာ၏ မျက်လုံးများ ချက်ချင်း အသက်မပါတော့ သကဲ့သို့ အသက် ရှင်နေရသည်ထက် သေရသည်မှာ ပို၍ ကောင်းသည်ဟုပင် သူမ ခံစားလိုက်ရလေသည်။ ကျန်းဖုန်း၏ ဘက်တွင် ရှုပ်ပွနေခဲ့ကာ ကျန်းရီ၏ ဘက်တွင်လည်း ပိုကောင်းမနေခဲ့ချေ။

ကျန်းရီတွင် ဆေးရှိသော်လည်း များများစားစား မရှိပေ။ သူ မသက်သာခင် မှာပင် တစ်စုံတစ်ယောက်မှ မှောင်မိုက်နေသည့် အထဲတွင် ပုန်းအောင်းကာ သူ့အား ထပ်မံ၍ ဓားဖြင့် ထိုးမည်အား ကြောက်ရွံ့သဖြင့် အပြင်သို့ လုံးဝ မထွက်ရဲတော့ချေ။

ရဲ့ရှင်းချန်သည် ဇွန်းအား ကိုက်လျှက် လင်းစစ်ကျား၏ မက်ဆေ့ချ်အား အကြောင်းပြန်လိုက်လေသည်။

“ကောင်းပြီ ပြီးသွားရင် ငါ့ကို မက်ဆေ့ချ်ပို့လိုက်”

“ကောင်းပြီ”

လင်းစစ်ကျား အံကြိတ်လျှက် အကြောင်းပြန်လိုက် ပြီးနောက် ချက်တင် မှတ်တမ်း အားလုံးကို ရှင်းလင်းလိုက်လေသည်။ ဤသည်မှာ ရဲ့ရှင်းချန်မှ သူမအား ပေးခဲ့သည့် အခွင့်အရေးဆိုသည်ကိုလည်း သူမ သိရှိလေသည်။

နှစ်ရက်ဆိုသည့် အချိန်မှာ အလွန်ပင် မြန်မြန်ဆန်ဆန် ကုန်လွန်သွားခဲ့လေသည်။ လင်းစစ်ကျားသည် ကျန်းရီ၏ ဗီလာတွင် နေနေရသည်မှာ နှစ်ရက်ရှိပြီ ဖြစ်သည်။ သူမသည် ဖုန်းအား တင်းကျပ်စွာ ကိုင်ထားပြီးနောက် ရဲ့ရှင်းချန် သူမအား ပြောခဲ့သည်များအား စိတ်ထဲတွင် ပြန်လည်၍ စဉ်းစားနေမိသည်။ ထို့နောက် သူမသည် ဖုန်းအား အိတ်ကပ်ထဲသို့ ဂရုတစိုက် ထည့်လျှက် အခန်းထဲမှ ထွက်လာခဲ့လေသည်။

“ကျွန်မ ဆာနေပြီ ဒီနေ့ ဘယ်အချိန် စားကြမှာလဲ”

ဧည့်ခန်းထဲတွင် ထိုင်နေသည့် ကျန်းရီမှ သူမအား မော့ကြည့်လိုက်လေသည်။

“ဘာဖြစ်လို့လဲ ဒေါက်တာလင်းက နှင်းရည်ကိုပဲ သောက်ပြီး အစာမစားတဲ့ ကောင်းကင်ဘုံက နတ်သမီးလေးလို့ ငါထင်နေတာ ဒေါက်တာလင်းလည်း ဆာတတ်တယ်ပေါ့”

ကျန်းရီ မှ လှောင်ပြောင် ပြောဆို လိုက်ပြီးနောက် မီးဖိုချောင်အား လက်ညှိုးထိုးပြလိုက်လေသည်။ သူသည် လင်းစစ်ကျားအား အသုံးလို နေသေးသဖြင့် သူမအား တကယ်တမ်း အစာငတ်၍ မသေစေချင်ခဲ့ပေ။

“သွားပြီး ကိုယ့်ဟာကိုယ် ကြည့်လိုက် ကျက်ခါနီးပြီ ထင်တယ်”

လင်းစစ်ကျား မှ ခေါင်းညိတ်လိုက် ပြီးနောက် အသက်ပြင်းပြင်း ရှူလျှက် မီးဖိုချောင်ထဲသို့ ဝင်ရန် လှည့်လိုက်လေသည်။ မီးဖိုချောင်တွင်မူ သွေးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။

အနံ့ဆိုးများ ရောနှောနေခဲ့ကာ အလွန် အေးခဲလှသော ရာသီဥတုတွင်ပင် အနံ့ဆိုးများသည် လှိုင်းလုံးများအဖြစ် ထွက်ပေါ်နေဆဲ ဖြစ်သည်။ လင်းစစ်ကျားသည် မျက်မှောင်ကြုတ်လိုက်မိကာ အံကြိတ်လျှက် သူမ၏ နှလုံးသားထဲရှိ မသက်မသာဖြစ်မှုအား သည်းခံရင်း ဟော့ပေါ့ ဆီသို့ ပြေးသွားလိုက်လေသည်။

“စားလို့ရပြီလား ကျွန်မ အရင် မြည်းကြည့်လို့ရမလား”

လင်းစစ်ကျား၏ မျက်နှာတွင် စိတ်အားထက်သန်မှုများ အပြည့်ဖြစ်နေခဲ့သည်။ သူမ၏ ဟန်ပန် အမူအရာများသည် အမှန်တကယ်ကိုပင် အစာငတ်နေသူ တစ်ယောက်နှင့် တူလှပေသည်။

သူမ၏ အနောက်မှ လူများသည် သူမ၏ လုပ်ရပ်များအား သဘောတူထားသကဲ့သို့ သူမကို လျစ်လျူရှုထားကြလေသည်။ လင်းစစ်ကျားသည် ဟင်းရည် တစ်ဇွန်းအား ခပ်ယူလိုက်ကာ ပါးစပ်ထဲသို့ ထည့်ရန် ပြင်လိုက်စဉ် မီးဖိုချောင်တံခါးနှင့် သူမအနောက်ရှိ လူအား မျက်လုံးထောင့်မှ စိုက်ကြည့်လိုက်မိသည်။

“အရမ်းပူတာပဲ ဘာလို့ အရသာမရှိရတာလဲ ဆားထည့်ဖို့ မေ့သွားတာလား”

လင်းစစ်ကျားသည် သူမ၏ အင်္ကျီလက်ထဲမှ အမှုန့်အချို့အား ခါချကာ ဟင်းရည်ထဲသို့ ဖြူးထည့်လိုက်လေသည်။ အသားတစ်တုံးအား ခပ်ယူကာ စားဟန်ဆောင်ရင်း ဟင်းရည်အား ဇွန်းဖြင့် မွှေလိုက်တော့သည်။

“ဒေါက်တာလင်း ခင်ဗျားက ဘာလို့ ဒီလောက် အလိုလိုက်ခံထားရတာလဲ ကျွန်တော်တို့ ဆားတောင် မထည့်ရသေးဘူး စားစရာ အသားနည်းနည်း ရှိတာတောင် ကောင်းနေပါပြီ”

မီးဖိုချောင်တံခါးဝမှ ကျန်းရီ၏ အသံ ထွက်ပေါ်လာခဲ့သည်။ လင်းစစ်ကျား အလွန် ထိတ်လန့်သွားသဖြင့် သူမ၏ လက်များ တုန်ယင်လာခဲ့ကာ ဇွန်းပင်လျှင် အိုးထဲသို့ ပြုတ်ကျမတတ် ဖြစ်သွားခဲ့ရသည်။

“ထားလိုက်ပါတော့ ဒီအသားက ကျက်သေးပုံမပေါ်ဘူး ပြီးရင် ကျွန်မကို ခေါ်လိုက်ပါ”

လင်းစစ်ကျား၏ လက်ဖဝါးများတွင် ချွေးများပြန်နေခဲ့လေသည်။ ကျန်းရီသည် မီးဖိုချောင်ထဲသို့ ခြေချလိုက်သည်နှင့် အမှုန့်များ ဟင်းရည်ထဲသို့ အရည်ပျော်သွားသည်အား မြင်လိုက်ရသဖြင့် ထိုအခါမှသာ သူမ သက်ပြင်းချလျှက် အဖုံးအား ပြန်ဖုံးလိုက်တော့သည်။

“ဘယ်လောက်ကြာဦးမှာလဲ မြန်မြန်လုပ်လို့ရမလား ကျွန်မ အရမ်းဆာနေပြီ”

လင်းစစ်ကျားသည် အနည်းငယ် ဒေါသထွက် ဟန်ဆောင်ကာ နှုတ်ခမ်းအား သပ်လိုက်လေသည်။ သူမသည် ကျန်းရီအား ပွတ်တိုက်လျှက် မီးဖိုချောင်ထဲမှ ထွက်လာခဲ့တော့သည်။ အမှန်တကယ်တွင် သူမသည် အလွန်အမင်း စိုးရိမ်နေသဖြင့် ခြေထောက်များပင် တုန်ယင်နေခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ လင်းစစ်ကျားသည် တစ်စုံတစ်ယောက်အား ပထမဆုံးအကြိမ် ဆေးခတ်ဖူးခြင်း ဖြစ်ပေသည်။ အဆိပ် မဟုတ်သော်လည်း စိတ်လှုပ်ရှားမှုသည် သူမ၏ ဦးရေပြားကိုပင် ကျင်တက်သွားစေခဲ့သည်။

သေချာသည်မှာ ကျန်းရီသည် လင်းစစ်ကျားအား လုံးဝ သတိမထားဘဲ နေသည်တော့ မဟုတ်ချေ။ ဤအချိန်တွင် လင်းစစ်ကျားမှ တန်ဖိုးရှိသည့် အစားအစာအား အမှန်တကယ် ဆေးခတ်ရဲလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ခြင်းသာ ဖြစ်ပေသည်။

All Chapters