← Chapters

ဆေးလာငှားခြင်း

Vol. 4 Ch. 42

ဆေးလာငှားခြင်း

Vol. 4 Ch. 42

ဖုန်းစခရင်ပေါ်တွင် ပေါ်လာသည့် အမည်နာမအား ကြည့်လိုက်ရင်း ရဲ့ရှင်းချန်၏ စိတ်အခြေအနေမှာ အနည်းငယ် ကောင်းမွန်သွားခဲ့လေသည်။ သူသည် အသံခေါ်ဆိုမှုအား မဆိုင်းမတွ လက်ခံလိုက်ပြီးနောက် အသံချဲ့သည့် ခလုတ်အား ဖွင့်လိုက်ကာ ယခုလေးတင် ဆေးကြော ထားသည့် ခရမ်းချဉ်သီးအား တစ်ကိုက် ကိုက်လိုက်တော့သည်။

"ဟယ်လို ဘာကိစ္စရှိလို့လဲ ရူအာ"

ရဲ့ရှင်းချန်၏ အသံမှာ ယခုအချိန်တွင် အစောပိုင်း အချိန်များတွင် မည်သည့် အဖြစ်အပျက်များ မဖြစ်ခဲ့သည့်အလား အလွန် နူးညံ့ ပျော့ပျောင်းနေခဲ့ပေသည်။ သူသည် အစောပိုင်း အချိန်လေး အတွင်း သူတို့အား ပြင်းပြင်းထန်ထန် ရိုက်နှက်ထားခဲ့သည် မဟုတ်ပါလော။ အခုခေါ်ဆိုလာမည့် ဖုန်းသည် သူ့အား ဆဲဆိုရန်တော့ မဖြစ်နိုင်လောက်ဘူးလား စိတ်ထဲမှ တွေးလိုက်မိလေသည်။ ဤလူစုသည် မည်မျှ ဒေါသထွက်နေကြမည်အား သူ အလွန်ကြားချင်နေမိသည်မှာ မစောင့် နိုင်လောက်အောင်ပင် ဖြစ်နေခဲ့လေပြီ ။

သူသည် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ချန်းရူအာနှင့် ကျန်လူများအားလုံး ကြက်သီး မွေးညင်းများပင် ထသွားကြကုန်တော့သည်။ ချန်းရူအာမှ တစ်ခုခု လုပ်မည်အား စွန်းမင်တို့တစ်စု ကြောက်ရွံ့နေကြသဖြင့် သူမသည်လည်း ဖုန်းကို အသံချဲ့သည့် ခလုတ်အား ဖွင့်ထားခဲ့လေသည်။

"အစ်ကိုရှင်းချန် ကျန်းဖုန်းတို့ရဲ့ ဒဏ်ရာတွေက နည်းနည်းလေး ပြင်းထန်နေတယ် သူတို့ သေရတော့မလို ဖြစ်နေကြပြီ ကျွန်မတို့ရဲ့ အရင်က သံယောဇဉ်ကို ထောက်ထားပြီး ပဋိဇီဝဆေးနဲ့ အရောင်ကျဆေးလေး နည်းနည်းလောက် ငှားပေးလို့ ရနိုင်မလားဟင်"

သူမ၏ အသံမှာ တုန်ယင်နေခဲ့လေသည်။ ထိုအမျိုးသားသုံးဦး သေဆုံးသွားပြီးနောက်တွင် သူမတွင် အားကိုးစရာ မရှိတော့မည်အား ကြောက်ရွံ့နေခဲ့ကာ ဤကိစ္စ ပြီးနောက် ရဲ့ရှင်းချန်မှ စွန်းမင်တို့ ဘက်သို့ ပါသွားမည်ကိုလည်း သူမ ပို၍ပင် ကြောက်ရွံ့နေမိခဲ့သည်။

မည်သို့ပင်ဆိုစေ သူတို့တွင် လူအင်အား မည်မျှပင် ရှိနေပါစေ ရဲ့ရှင်းချန်အား အနိုင်ယူနိုင်လိမ့်မည် မဟုတ်ကြောင်း အခြေအနေများအား ကြည့်ခြင်းအားဖြင့် သိသာနေခဲ့သည်။ ဤလူစုအား အားကိုး နေရမည့်အစား ချန်းရူအာမှ ရဲ့ရှင်းချန်ဘက်မှ စိတ်ပြောင်းကာ သူမအား ခွင့်လွှတ်ပေးကာ လုံခြုံလှသည့် အိမ်ကြီးဆီသို့ ခေါ်ဆောင် သွားစေချင်မိလေသည်။

သို့သော်လည်း သူမ၏ စကားအား ကြားပြီးနောက်တွင် ရဲ့ရှင်းချန်မှ သာမာန်ကာလျှံကာ တုံ့ပြန်လိုက်လိမ့်မည်ဟု သူမ မထင်ထားခဲ့မိချေ။

"အို သူတို့သေတော့ရော ဘာဖြစ်လဲ စောစောသေရတာနဲ့ နောက်ကျမှသေရတာပဲ ကွာမှာပဲလေ သူတို့သေတာက ကိုယ်နဲ့ ဘာဆိုင်လို့လဲ"

သူသည် မိုက်ခရိုဖုန်းဆီသို့ ကိုင်းညွတ်လိုက်ရင်း ခရမ်းချဉ်သီးမှ အရည်များအား စုပ်ယူလိုက်လေသည်။

"မင်းတို့က ဒီနှင်းမုန်တိုင်းကြီးကို ဖြတ်ကျော်ပြီး အသက်ရှင်နိုင်မယ်လို့ တကယ်ကြီး ထင်နေကြတာလား"

စွန်းမင်တို့တစ်စု ကျောချမ်း သွားကြကုန်တော့သည်။ ဤအရာမှာ သူတို့ အကြောက်ရဆုံး အရာပင် ဖြစ်နေခဲ့သည်။ နှင်းမုန်တိုင်းသည် တစ်မြို့လုံးအား ဖုံးလွှမ်း ပိတ်လှောင်ထားခဲ့လေရာ သူတို့၏ ရပ်ကွက်လေးမှာ သီးခြား ကွဲကွာနေသည့်ကျွန်းငယ်လေး တစ်ခုအလား ဖြစ်နေခဲ့သည်။

ရံဖန်ရံခါ တရားဝင် သတင်း ထုတ်ပြန်ချက်များ မှလွဲ၍ အခြားနေရာများမှ သတင်းများအား သူတို့ မကြားသိရချေ။ သူတို့၏ မိတ်ဆွေ သူငယ်ချင်းများစွာမှာလည်း အဆက်အသွယ် ပြတ်တောက် သွားကြပြီ ဖြစ်သည်။ သူတို့သည် နှင်းထဲတွင် အေးခဲ၍ သေဆုံးသွားကြပြီလား ဆိုသည်ကိုပင် မသိနိုင်ကြတော့ပေ။ ဤကဲ့သို့သော ဆိုးရွား ပြင်းထန်လှသည့် ရာသီဥတု အခြေအနေမျိုး အောက်တွင် ကမ္ဘာပျက်မည့် ကောလာဟလများပင် ထွက်ပေါ်နေခဲ့ပြီ ဖြစ်လေသည်။

ဤနှင်းမုန်တိုင်းမှာ နှစ်တစ်ရာ သို့မဟုတ် နှစ်ထောင်ပေါင်း များစွာတွင်မှ တစ်ကြိမ်သာ ဖြစ်ပေါ်လေ့ရှိသည့် အရာမျိုး ဖြစ်ပေသည်။ ကမ္ဘာပျက်ကိန်းဟု ပြောလျှင်ပင် အလွန်အကျွံ ဖြစ်မည်မဟုတ်ပေ။ ထို့အပြင် လဝက်ခန့် ကြာမြင့်လာပြီ ဖြစ်သော်လည်း နှင်းများ ရပ်တန့်မည့် အရိပ်အယောင်မျှပင် မပြသေးချေ။ လူအချို့မှာ ကမ္ဘာကြီး ပျက်စီးတော့မည်ဟုပင် စတင်ကာ ယုံကြည်နေကြပြီ ဖြစ်လေသည်။

ချန်းရူအာမှာ ပို၍ပင် ကြောက်ရွံ့သွားခဲ့မိလေတော့သည်။ သူမ၏ လက်များသည် တင်းမာသွားခဲ့ကာ အသံမှာမူ တုန်တုန်ယင်ယင်ဖြင့် ငိုကြွေးလိုက်လေတော့သည်။

"အစ်ကိုရှင်းချန် ကျွန်မ မှားသွားမှန်း သိပါပြီ ကျွန်မ မှားသွားပါတယ် ကျွန်မက ဘာက ကောင်းတယ်ဆိုတာကို နားမလည်ခဲ့မိဘူး ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်ကြီးနေခဲ့မိတယ် အစ်ကိုက ကျွန်မအပေါ် အရမ်းကောင်းခဲ့တာကို ကျွန်မက အဲ့လို ဆက်ဆံခဲ့မိတယ် အားလုံးက ကျွန်မ အမှားတွေပါ ကျွန်မ မှားသွားပါတယ်"

"ဒါဆို မင်းက ဘယ်လိုတွေးလဲ"

ရဲ့ရှင်းချန်မှ ပြန် မေးလိုက် လေတော့သည်။

ချန်းရူအာ၏ ဘက်တွင် စွန်းမင်သည် နောက်မှနေ၍ ချန်းရူအာအား လက်ဖြင့်တို့ကာ အဓိက ကိစ္စကိုသာ ပြောရန် သတိပေး လိုက်လေသည်။ ချန်းရူအာသည် နှာခေါင်းရှုံ့လိုက်ရင်းဖြင့် အလွန် သနားချင့်စဖွယ် ကောင်းလောက်သည့် အသံဖြင့် ပြောဆိုလိုက်သည်။

"အစ်ကိုရှင်းချန် အစ်ကို အရင်တုန်းက ဆေးတွေ အများကြီး ဝယ်ထားခဲ့တာကို ကျွန်မ မှတ်မိသေးတယ် ကျွန်မတို့ကို နည်းနည်းလောက် ချေးပေးလို့ ရမလားဟင် တကယ်ပြောတာပါ ကျွန်မ တောင်းပန်ပါတယ် အစ်ကိုရှင်းချန်ရယ်"

"ဆေးနည်းနည်းလောက် ချေးပေးပြီးရင် အစ်ကို့ကို နောက်ထပ် ဘယ်တော့မှ အနှောင့်အယှက် မပေးတော့ဘူးလို့ ကတိပေးပါတယ်"

အမဲသားယူရန် အတွက် ရေခဲသေတ္တာအား ဖွင့်တော့မည့် အချိန်တွင် ရဲ့ရှင်းချန်၏ လက်များ ရပ်တန့်သွားခဲ့လေတော့သည်။ ချန်းရူအာ၏ စကားများကြောင့် သူ အံ့အားသင့်မိ သွားရလေသည်။

"ချန်းရူအာ သူတို့ကို ဘာလို့ မြားနဲ့ပစ်တာလဲ အဲ့ဒါကရော ဘာလို့ သံချေးတက်နေတဲ့ မြားဖြစ်နေရတာလဲဆိုတာ မင်း ခန့်မှန်းကြည့်ပါလား"

"သူတို့ ပိုးဝင်ပြီးနောက် သေမယ်ဆိုတာကို ကိုယ်က သိနေလို့ပေါ့ ဒါပေမယ့် မင်းက ဘာလုပ်နေတာလဲ မင်းက တကယ်ကြီး ဆေးလာ ချေးပေးနေတာလား ကိုယ်သတ်ချင်နေတဲ့ လူတွေကို ကယ်ဖို့အတွက် ကိုယ့်ဆီကနေ ဆေးလာချေးနေတာပေါ့လေ"

"မင်း အဆင်ပြေရဲ့လား ချန်းရူအာ မင်းရဲ့ ဦးနှောက်တွေက ရာသီဉတု အေးလို့ တစ်ခါထဲ အေးခဲသွားပြီလား"

ရဲ့ရှင်းချန်သည် သူ၏ ရယ်မောသံများကိုပင် မထိန်းချုပ်နိုင်တော့ဘဲ စကားပြောနေရင်း အကြိမ်အနည်းငယ် ရယ်မော လိုက်မိလေသည်။

စွန်းမင်တို့တစ်စုသည် ရဲ့ရှင်းချန်၏ ရည်ရွယ်ချက်ရှိရှိ လုပ်ရပ်များအား သဘာဝကျကျပင် တွေးမိလိုက်ကြလေသည်။ သို့သော် ယခုအချိန်တွင်မူ သူတို့သည် ခေါင်းငုံ့လျှက် ရဲ့ရှင်းချန်ထံသို့ ဆေးများ ချေးငှားရုံမှတစ်ပါး အခြားမရှိတော့ချေ။ သူတို့၏ အဖော်များ သေဆုံးသွားသည်ကို ထိုင်ကြည့် မနေနိုင်သော်လည်း နေရာတိုင်းတွင် ဆေးဝါးများ ပြတ်လပ်နေခဲ့ပြီ ဖြစ်သည်။ ဆရာဝန် ဖြစ်သူ လင်းစစ်ကျား ထံတွင်ပင် ဆေးမကျန်တော့ချေ။

စွန်းမင်နှင့် အခြားအမျိုးသမီးများသည် ထိုအမျိုးသားသုံးဦးအား တန်ဖိုးထားလွန်း၍ မဟုတ်ဘဲ သူတို့သာ သေဆုံးသွားပါက အားနည်းလှသည့် အမျိုးသမီးများအဖို့ အချိန်ကြာကြာ အသက်ရှင်နိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

ချန်းရူအာသည် ကြောက်လန့်တကြား ဖြစ်လာခဲ့ကာ ပို၍ပင် ကျယ်လောင်စွာ ငိုကြွေးလိုက်မိတော့သည်။

"တောင်းပန်ပါတယ် အစ်ကိုရှင်းချန်ရယ် ကျွန်မတို့ မှားသွားပါတယ် ဒီတစ်ခါတော့ သူတို့ကို လွှတ်ပေးလိုက်ပါနော် သူတို့ နောက်ထပ် အစ်ကို့ကို ဒုက္ခလာမပေးတော့ပါဘူးလို့ ကတိပေးပါတယ် ကတိပေးပါတယ်"

"ပြီးတော့ အပြင်ဘက်မှာ အရမ်း အန္တရာယ်များနေပြီလေ ကျွန်မတို့ အချင်းချင်း ကူညီသင့်တာပေါ့"

"အစ်ကိုရှင်းချန်က အဲ့လောက် သွေးအေးပြီး မရက်စက်ပါနဲ့နော် သူတို့ သေသွားလို့ အစ်ကိုက ပျော်ရမှာမို့လို့လား အစ်ကိုလည်း သူတို့လို ဖြစ်သွားမှာကို မကြောက်ဘူးလား"

ချန်းရူအာ ဆက်မပြောနိုင်ခင်မှာပင် ရဲ့ရှင်းချန်မှ စကားစ ဖြတ်၍ ပြောလိုက်လေသည်။

"အင်း သူတို့ သေတော့မယ်ဆိုတာကို သိရလို့ အရမ်းကို ပျော်နေတာ"

ချန်းရူအာမှာ ဆွံ့အသွားခဲ့ရတော့သည်။ စွန်းမင်မှ ချန်းရူအာအား ပြင်းပြင်းထန်ထန် စိုက်ကြည့် လိုက်ပြီးနောက် ဖုန်းအား လုယူလိုက်တော့သည်။

"ဟယ်လို ရဲ့ရှင်းချန် ငါက စွန်းမင်ပါ အရင်တုန်းက ငါတို့ကုမ္ပဏီကို မင်း အလုပ်လာ လျှောက်ဖူးတာ မှတ်မိသေးလား အဲ့ဒီတုန်းက ငါက မင်းကို အမြင့်ဆုံး အမှတ်ပေးခဲ့တာနော်"

ရဲ့ရှင်းချန်သည် စွန်းမင်၏ ကုမ္ပဏီသို့ အလုပ်ဝင်ရန် အင်တာဗျူး သွားရောက် ဖြေဆိုခဲ့ဖူးသည်မှာ အမှန်ပင် ဖြစ်လေသည်။ ရဲ့ရှင်းချန်၏ ဖခင်ဖြစ်သူသည် ရဲ့ရှင်းချန်မှ မိသားစု ပိုင်ဆိုင်မှုများ အားလုံးကို ဆုံးရှုံးသွားစေမည်အား စိုးရိမ်သဖြင့် စောစောစီးစီး အိမ်မှနှင်ချကာ အခြား ကုမ္ပဏီတစ်ခုတွင် အလုပ်သင်အဖြစ် စီမံခန့်ခွဲမှု ပညာအား လေ့လာစေခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် အမြင့်ဆုံးအမှတ် ရခဲ့သည်ဆိုလျှင်တောင် မည်သို့ ဖြစ်မည်နည်း။ နောက်ဆုံးတွင်မူ သူသည် အင်တာဗျူးတွင် ကျရှုံးခဲ့သည် မဟုတ်ပါလော။ စွန်းမင်သည် ကျန်းဖုန်း၏ မောင်နှမဝမ်းကွဲ ဖြစ်ကြောင်း ရဲ့ရှင်းချန် သိထားခဲ့လေသည်။ ထိုအချိန်တွင် သူမသည် သူ့အား အမြင့်ဆုံးအမှတ် ပေးခဲ့သည်မှာ မှန်သော်လည်း နောက်ပိုင်းတွင် သူ၏ ကိုယ်ရေး အကျဉ်းအား လျှို့ဝှက်စွာ ဖယ်ရှားပစ်ခဲ့သူမှာလည်း သူမပင် ဖြစ်နေခဲ့သည် မဟုတ်ပါလော။

"အခုချိန်မှ ဒီအကြောင်းတွေ လာပြောနေလို့ အဓိပ္ပာယ်ရှိသေးလို့လား"

တစ်ဖက်တွင်မူ လင်းစစ်ကျားသည် ကျန်းဖုန်း၏ ဒဏ်ရာများအား စတင်၍ ချုပ်ပေးနေခဲ့ပြီ ဖြစ်သည်။ ကျယ်လောင် စူးရှသည့် အော်ဟစ်သံကြီးသည် ဖုန်းခွက်ထဲမှတစ်ဆင့် ထွက်ပေါ်လာလေရာ ရဲ့ရှင်းချန်မှာ အလွန်ပင် ကျေနပ်သွားခဲ့ကာ သူ၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားခဲ့လေတော့သည်။

သူတို့၏ လက်ရှိ အခြေအနေများအား အချိန်နှင့် တပြေးညီ ကြည့်ရှုနိုင်ရန် အတွက် ပြေးထွက်သွားလိုက်ကာ အိမ်ထဲတွင် စောင့်ကြည့်ကင်မရာ တစ်လုံး တပ်ဆင် လိုက်ချင်စိတ်များပင် ပေါက်လာတော့သည်။

စွန်းမင်မှ ဆက်ပြောလိုက်လေသည်။

"ရှင်းချန် အခုချိန်မှာ လူတိုင်းက အန္တရာယ်ကြုံနေရတဲ့ အခြေအနေမှာ ရှိနေတာ အပြင်ဘက်မှာလည်း လူသတ် လုယက်မှုတွေပဲ အပြည့်ပဲ အရမ်း မမိုက်မဲပါနဲ့ နောင်ကျရင် မင်း ငါတို့ကို လိုအပ်လာနိုင်သေးတယ်"

"ဒီတစ်ကြိမ် ဒီတစ်ကြိမ်လေးပဲ မင်း ငါတို့ကို ဆေးဝါးချေးပေးပါ ငါ စွန်းမင်က မင်းရဲ့ ဒီကျေးဇူးကို သေချာပေါက် မှတ်ထားပြီး နောင်တစ်ချိန်ကျရင် ကျေးဇူးဆပ်ပါ့မယ်"

ရဲ့ရှင်းချန်အတွက်မူ ဤစကားများမှာ ရယ်စရာသာ ဖြစ်နေတော့သည်။ ဤလူစုသည် အရင်လူစုထက် အဘယ်ကြောင့်များ ပို၍ မိုက်မဲနေကြလေသနည်း။

"ကျေးဇူး ကျေးဇူးဆပ်မယ်"

"မင်းတို့က ဘယ်လို ကျေးဇူးဆပ်မှာလဲ"

သူသည် လှောင်ပြောင် ပြောဆိုလိုက်လေသည်။

"မင်းတို့ပြောတဲ့ ကျေးဇူးဆပ်မယ်ဆိုတာ လက်စားချေတာကို ပြောတာနေမှာပေါ့"

"မဟုတ်ပါဘူး မဟုတ်ပါဘူး ငါတို့က အဲ့လိုလူမျိုးတွေ မဟုတ်ပါဘူး"

စွန်းမင်မှ အလျင်စလို ရှင်းပြလိုက်သည်။ သို့သော် ရဲ့ရှင်းချန်မှာမူ ဆက်လက်၍ နားမထောင်ချင်တော့ပေ။

"မင်းတို့က ဘယ်လို လူမျိုးပဲ ဖြစ်ဖြစ် ငါနဲ့ ဘာဆိုင်လို့လဲ မကြာခင်မှာ မင်းတို့အားလုံး လူတစ်မျိုးတည်း ဖြစ်သွားကြတော့မှာပဲလေ အဲ့ဒါကတော့ သေလူတွေပဲ"

သူ့အား တစ်ချိန်က ဒုက္ခပေးခဲ့ဖူး သူများသည် သူ့အား အရူး တစ်ယောက်အဖြစ် သတ်မှတ်ချင်နေကြသေးသည်လား။

All Chapters