← Chapters

သေမင်းကိုသာ စောင့်နေလိုက်တော့

Vol. 4 Ch. 43

သေမင်းကိုသာ စောင့်နေလိုက်တော့

Vol. 4 Ch. 43

ရဲ့ရှင်းချန်ဘက်မှ မည်သို့မျှ တုံ့ပြန်မှုမရှိသည်အား တွေ့မြင်လိုက်ရချိန်တွင် စွန်းမင်တို့ တစ်စုသည် အလွန် စိုးရိမ် ပူပန်လာကြတော့သည်။ စွန်းမင်မှာမူ "သေလူ" ဆိုသည့် စကားလုံးကြောင့် ပို၍ပင် ဒေါသထွက် သွားခဲ့ရလေတော့သည်။

"ရဲ့ရှင်းချန် ငါတို့ကို ချောင်ပိတ်ပြီး အကျပ်ရိုက်အောင် မလုပ်နဲ့ နင်က ငါတို့ကို သေတဲ့အထိ ထိုင်ကြည့် နေမယ်ဆိုရင်တော့ ငါတို့ဘက်ကလည်း ဘာတွေ လုပ်ပစ်မိမလဲဆိုတာ မပြောတတ်ဘူးနော်"

"မင်းတို့ လုပ်နိုင်သမျှ အကုန်လုပ်ခဲ့ပြီးပြီ မဟုတ်ဘူးလား"

ရဲ့ရှင်းချန်သည် ရုတ်တရက် အနည်းငယ် ခံစားချက်လှိုင်းထန် သွားခဲ့လေသည်။ လူတစ်စု အတူတကွ ပေါင်းစည်းမိ သွားသောအခါ သူတို့၏ အတွေးအခေါ်များမှာလည်း အံ့သြစရာ ကောင်းလောက်အောင် ထပ်တူ ကျနေတတ်သည်မှာ သဘာဝပင် ဖြစ်ပုံရလေသည်။

"တကယ်လို့ မင်းတို့မှာ အဲ့ဒီလောက် စွမ်းရည်ရှိရင် ငါ့အိမ်ထဲကို အတင်းဝင်ပြီး ငါ့ကို အစောကြီးကတည်းက သတ်ပစ်ခဲ့ပြီးလောက်ပြီပေါ့ မဟုတ်ဘူးလား အခုချိန်မှ ဒီစကားတွေ လာပြောနေလို့ အသုံးဝင်မယ် ထင်နေတာလား မင်းတို့ ငါ့ကို မခြောက်လှန့်နိုင်ပါဘူး ဒါပေမယ့် မင်းတို့ပြောတဲ့ ဟာသလေးကတော့ မဆိုးပါဘူး"

ချန်းရူအာသည် ဖုန်းအား အလျင်အမြန် ပြန်၍ လုယူလိုက်သည်။

"အစ်ကိုရှင်းချန် သူပြောတဲ့ အဓိပ္ပာယ်မရှိတာတွေကို နားမထောင်ပါနဲ့ စိတ်မဆိုးပါနဲ့ အစ်ကိုရှင်းချန်ရယ် ကျွန်မတို့ ဒီလောက်အထိ ဖြစ်သွားဖို့ လိုလို့လား အရင်က ကျွန်မတို့ အရမ်း အဆင်ပြေခဲ့ကြတာပဲမလား"

ဤကဲ့သို့သော ပြင်းထန် ဆိုးရွားသည့် ရာသီဥတု အောက်တွင် ချန်းရူအာ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများမှာ ကြာမြင့်စွာ ကတည်းမှ ပြဿနာများစွာ ရှိနေခဲ့ပြီဖြစ်ကာ ယိုယွင်း ပျက်စီးနေခဲ့ပြီ ဖြစ်သည်။

"ဘာလို့ ကျွန်မတို့ကို တစ်ယောက်အပေါ် တစ်ယောက် အထင်အမြင် လွဲမှားနေတာတွေကို မေ့ပစ်ပြီးတော့ အသစ်ပြန်စဖို့ အခွင့်အရေးတစ်ခု မပေးနိုင်ရတာလဲဟင် တကယ်တော့လေ အစ်ကိုက ကျွန်မရဲ့ နှလုံးသားထဲမှာ အမြဲတမ်း ရှိနေခဲ့တာပါ"

ထိုစကားအား ကြားလိုက်ရချိန်တွင် အနောက်ဘက်တွင် ဒဏ်ရာများအား ကုသခံရင်းဖြင့် မျက်နှာသုတ်ပုဝါအား ကိုက်ထားရသည့် ကျန်းဖုန်းမှာ အလွန်အမင်း စိုးရိမ်ပူပန်သွားခဲ့ကာ မျက်လုံးများပင် ပြူးထွက်မတတ် ဖြစ်သွားခဲ့ရလေသည်။

ရဲ့ရှင်းချန်မှာမူ ချန်းရူအာ၏ ဤမျှလောက် အရှက်အကြောက် ကင်းမဲ့မှုအား မချီးကျူးဘဲ မနေနိုင်တော့ချေ။ သူသည် သူမအား အကြိမ်ကြိမ် အရှက်ခွဲခဲ့ပြီး ဖြစ်သည်ကိုပင် သူမသည် ဤကဲ့သို့သော စကားများအား ထပ်မံ၍ ပြောဆိုရဲသေးသည်လား။

သို့သော် ယခုအချိန်တွင် ချန်းရူအာမှာ အကောင်းဆုံး ဖျော်ဖြေမှုတစ်ခု ဖြစ်နေခဲ့ချေပြီ။ ချန်းရူအာ၏ ဘေးတွင် အခြားလူများ ရှိနေကြောင်းအားလည်း သူ သိပေသည်။ စွန်းမင်မှ ဖုန်းအား လုယူပြီး နောက်ပိုင်းတွင် ချန်းရူအာသည် အသံချဲ့စက် ဖွင့်ထားကြောင်း ရဲ့ရှင်းချန် ပို၍ သေချာသွားခဲ့ပေသည်။

ထို့ကြောင့် ရဲ့ရှင်းချန်မှ မနေနိုင်တော့စွာဖြင့် ပြောလိုက်လေသည်။

"ဟူး အခုချိန်မှ ဘာလို့ ဒီအကြောင်းတွေကို ပြောနေရတာလဲကွာ ကိုယ်က မင်းအပေါ် ခံစားချက်တွေ ရှိနေသေးပေမယ့် အရင်တုန်းက မင်း ကိုယ့်အပေါ် လုပ်ခဲ့တာတွေကို တကယ်ပဲ မေ့ဖျောက်လို့ မရနိုင်ဘူး ဖြစ်နေတယ် ဘာလို့လဲဆိုတော့ မင်းက ကိုယ့်ကို အရမ်း နာကျင်စေခဲ့တယ်လေ"

ဤစကားများသည် ချန်းရူအာ၏ နှလုံးသားထဲရှိ မျှော်လင့်ချက်အား မီးစ မွှေးပေးလိုက်ခြင်းပင် ဖြစ်လေတော့သည်။ အခြားသူများ၏ စိုးရိမ်ပူပန်နေမှုနှင့် ဒေါသထွက်နေသည့် မျက်နှာ အမူအရာများအား လျစ်လျူရှုလျှက် သူမသည် အလွန်ပင် ဝမ်းသာသွားသဖြင့် ငိုနေခြင်းကိုပင် ရပ်တန့်လိုက်မိတော့သည်။

"အစ်ကိုရှင်းချန်က အကောင်းဆုံးပဲ အစ်ကို ကျွန်မအပေါ် သဘောကျနေတာကို ဒီလောက် အလွယ်တကူနဲ့ မရပ်တန့်နိုင်ဘူး ဆိုတာကို ကျွန်မ သိပြီးသားပါ"

"နာကျင်စေခဲ့တယ်ဆိုတာက ဘာကိုပြောတာလဲ အစ်ကိုက တကယ်ပဲ ရိုးအလွန်းပါတယ် ရူအာက အစ်ကို့ကို အချစ်ဆုံးပါ အရင်တုန်းက အရာတွေဆိုတာက အစ်ကို့ကို စမ်းသပ်ကြည့်ရုံ သက်သက်ပါပဲ ဘာလို့ အတည်ကြီး ယူလိုက်ရတာလဲ အစ်ကိုက တကယ့်သစ်တုံးကြီးပဲ ဘာလို့ ရူအာ့ရဲ့ စိတ်ကို နားမလည်ပေးရတာလဲ"

အနောက်မှနေ၍ ဤစကားများအား ကြားလိုက်ရချိန်တွင် ကျန်းဖုန်းမှာ မူးမေ့ လဲကျလုမတတ် ဖြစ်သွားရတော့သည်။ ချန်းရူအာမှ သူ့အတွက် ဆေးငှား ပေးနိုင်ရန်သာ ဤစကားများအား ပြောနေရခြင်း ဖြစ်သည်ဟု သူ သိထားခဲ့ခြင်း ဖြစ်သည်။

"အစ်ကိုရှင်းချန် ကျွန်မအပေါ် သူစိမ်းမဆန်ပါနဲ့တော့နော် ကျွန်မကို အထင်မလွဲပါနဲ့တော့ အပြင်ဘက်မှာ အရမ်းကို ကမောက်ကမတွေ ဖြစ်နေပြီ ကျွန်မ တကယ်ကို ကြောက်နေပြီ အစ်ကိုလာပြီး ကျွန်မကို အိမ်ခေါ်သွားပေးလို့ ရမလားဟင် အိမ်ရောက်ရင် အစ်ကို့ စကားကို မြေဝယ်မကျ သေချာနားထောင်ပါ့မယ်နော် အစ်ကို့ကို ထပ်ပြီး စမ်းသပ်တာတွေ မလုပ်တော့ပါဘူး အစ်ကို ဘာတွေပဲ တောင်းဆိုတောင်းဆို ကျွန်မ အကုန်သဘောတူပါ့မယ်"

ငါးမျှားချိတ် ချိတ်မိသွားချေပြီ....

"ကောင်းပြီလေ"

ရဲ့ရှင်းချန်မှ သွက်လက်စွာ တုံ့ပြန်လိုက်သည်။ ချန်းရူအာမှာ အလွန် ဝမ်းသာသွားသဖြင့် နေရာတွင်ပင် ခုန်ပေါက်လိုက်မိလေသည်။ သူမ၏ ရှေ့ဆက်ရမည့် ခရီးလမ်းမှာ လင်းလက် တောက်ပနေပြီ ဟုသာ ခံစားနေ ရလေတော့သည်။

သို့သော်လည်း သူမ၏ ဝမ်းသာမှုများမှာ ကြာရှည်မခံလိုက်ချေ။ မိုက်ခရိုဖုန်း မှတစ်ဆင့် ရဲ့ရှင်းချန်၏ အေးစက်စက် အသံသည် ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။

"ဒါပေမယ့် ရူအာ ကိုယ်သဘောကျတာ မင်းတစ်ယောက် တည်းဆိုတာ မင်းလည်း သိပါတယ် ဒါကြောင့် မင်းတစ်ယောက်တည်းကိုပဲ လာခွင့်ပြုမယ်"

"တခြားလူတွေနဲ့ကတော့ မင်း သူတို့နဲ့ အဝေးမှာနေတာ ပိုပြီး ကောင်းလိမ့်မယ်ထင်တယ် ဘာဖြစ်လို့လဲဆိုတော့ နေရာတိုင်းမှာ ထောက်ပံ့ရေး ပစ္စည်းတွေ ပြတ်လပ်နေတာကို မင်းလည်း သိတာပဲ ကိုယ်က ပစ္စည်းတွေ အများကြီး စုဆောင်းထားတယ် ဆိုပေမယ့်လည်း ဒီနှင်းမုန်တိုင်းကြီးက ဘယ်လောက် ကြာကြာ ဆက်တိုက် ကျနေဦးမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ ဟုတ်တယ်မလား"

"ကိုယ့်အိမ်ထဲကို လူတွေ အများကြီး ဝင်လာပြီး ငါတို့ရဲ့ ပစ္စည်းတွေကို ခွဲဝေယူ သွားကြမှာကို ညီမလည်း မလိုလားလောက်ဘူး ဟုတ်တယ်မလား ပြီးတော့ သူတို့ ဝင်လာပြီးရင် ငါတို့ နှစ်ယောက်ကိုတောင် အပြင်ကို ပြန်ပြီး မောင်းထုတ် လိုက်နိုင်တယ်လေ ဟုတ်တယ်မလား"

ထိုစကားအား ကြားသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ မျက်နှာထားများ ပြောင်းလဲ သွားကြတော့သည်။ မူလတွင် ရဲ့ရှင်းချန်၏ သဘောထား ပျော့ပျောင်းသွားသည်ကို ကြားလိုက်ရသောအခါ ချန်းရူအာမှ ငါးကြီးဖြစ်သည့် ရဲ့ရှင်းချန်အား မျှားနိုင်လိမ့်မည်ဖြစ်ကာ သူတို့သည်လည်း အကျိုးအမြတ် ခံစားရမည်ဟု ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ရဲ့ရှင်းချန်၏ စကားများမှာ အလွန်ပင် သိသာလွန်းနေခဲ့သည်။

သူသည် ဤပြည့်တန်ဆာမ ချန်းရူအာအား သူတို့နှင့် ခွဲထုတ်ပစ်ချင်နေခြင်း ဖြစ်ကာ ချန်းရူအာ တစ်ဦးတည်းကိုသာ အလိုရှိနေခြင်း ဖြစ်ပေသည်။

သို့သော်လည်း ချန်းရူအာမှာမူ ဤအခိုက်အတန့်တွင် အလွန်တရာ စိတ်လှုပ်ရှားနေခဲ့တော့သည်။ သူမသည် ခေါင်းအား အဆက်မပြတ် ညိတ်ပြလျှက် အကြိမ်ကြိမ် သဘောတူနေခဲ့လေသည်။ နောက်ကွယ်ရှိ "အဖော်" များကိုမူ ဂရုစိုက်နေရန် သူမတွင် အချိန်မရှိတော့ချေ။

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ရူအာ အစ်ကိုရှင်းချန် စကားကို နားထောင်ပါ့မယ် အစ်ကိုရှင်းချန် ပြောတဲ့အတိုင်း အားလုံး လုပ်ပါ့မယ်"

"အစ်ကိုရှင်းချန် ကျွန်မကို အခုပဲ လာခေါ်ပါတော့ တခြားလူတွေကို ဂရုစိုက်နေစရာ မလိုပါဘူး"

ချန်းရူအာမှာ အလွန် စိတ်လှုပ်ရှားနေသဖြင့် သူမ၏ ဖြူရော်နေသည့် မျက်နှာပေါ်တွင် သွေးရောင် အနည်းငယ် လွှမ်းလာခဲ့တော့သည်။ ဤငရဲကျနေသည့် ဘဝမှ လွတ်မြောက် ရတော့မည်ဟု တွေးမိသောအခါ ရဲ့ရှင်းချန်၏ အိမ်သို့ ယခုချက်ချင်းပင် ကိုယ်ပျောက်၍ ရောက်သွားချင် စိတ်များပင် ပေါက်လာတော့သည်။

သူမသည် ကြမ်းပြင်မှ အလျင်အမြန် ထလိုက်ကာ တံခါးဆီသို့ ပြေးသွားသော်လည်း ချူယောင်၏ ဆွဲထားခြင်းကို ခံလိုက်ရတော့သည်။ ချန်းရူအာသည် ခေါင်းအား လှည့်ကြည့်လိုက်ရာ သူမ၏ မျက်နှာမှာ မဲ့ရွဲ့ ကြမ်းတမ်းနေခဲ့သည်။

"ဖယ်ကြစမ်း ဖယ်ကြ ငါ့ကို လာမတားနဲ့ ဒီလိုငရဲကျနေတဲ့ နေ့ရက်တွေက ငါ အတွက် လုံလောက်နေပြီ"

သူမ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် အလျင်အမြန် လျှောက်လာသည့် စွန်းမင်သည် သူမ၏ မျက်နှာအား ဖြတ်၍ ရိုက်လိုက်လေတော့သည်။

"နင့်လို ခွေးမကများ နင်က ငါ့သူငယ်ချင်းနဲ့ ငါ့မောင်ဝမ်းကွဲကို ဒီလို အခြေအနေမျိုး ရောက်အောင် လုပ်ထားပြီးတော့ အခုကျမှ နင်က ကိုယ်လွတ်ရုန်းပြီး ထွက်သွားချင်နေတာလား ငါပြောလိုက်မယ် လုံးဝ မဖြစ်နိုင်ဘူး"

စွန်းမင်သည် သူမ၏ ဆံပင်အား လက်တစ်ဖက်ဖြင့် ဆွဲထားပြီးနောက် သူမ၏ ကျောအား ခြေထောက်ဖြင့် ဖိနင်း ထားလိုက်လေသည်။

ကျန်းဖုန်းသည် ပါးစပ်ထဲမှ မျက်နှာသုတ်ပုဝါအား ထွေးထုတ်လိုက်ကာ အလွန်အမင်း စိုးရိမ်တကြီးဖြင့် ပြောလိုက်လေတော့သည်။

"မင်း ငါ့ကို ဘယ်လိုလုပ် ဒီလိုလုပ်ရက်နိုင်ရတာလဲ မင်းက ရဲ့ရှင်းချန်ကို အမုန်းဆုံးဆို မင်းက ငါ ကျန်းဖုန်းဆိုတဲ့ ကောင်ကလွဲပြီး တခြားဘယ်သူ့ကိုမှ လက်မထပ်ဘူးဆို"

ချန်းရူအာသည် စွန်းမင်၏ ရိုက်နှက်ခြင်းအား ခံထားရကာ သူမ၏ လက်ကောက်ဝတ်ကိုလည်း ချူယောင်မှ တင်းကျပ်စွာ ဆုပ်ကိုင် ထားခဲ့လေသည်။ ဤ အခိုက်အတန့်တွင် သူမ၏ ကိုယ်ဟန်မှာ တွန့်လိမ်နေခဲ့ကာ ကျန်းဖုန်းအား မခံချင်စိတ်များဖြင့် ကြည့်လိုက်တော့သည်။

"ငါ့ရဲ့ ကိုယ်ပိုင် ပျော်ရွှင်မှုကို ရှာဖွေတာ ပြဿနာရှိလို့လား ငါက နင်တို့နဲ့ဆို သိပ်ကြာကြာ အသက်ရှင်နိုင်မှာ မဟုတ်ဘူး ငါတို့ဆီမှာ ပစ္စည်းတွေလည်း သိပ်မကျန်တော့ဘူး စားစရာတွေ အကုန်ကုန်သွားရင် ငါတို့အားလုံး သေကြရတော့မှာ"

"ဒါပေမယ့် ရဲ့ရှင်းချန်ရဲ့ အိမ်က ဘယ်လောက်တောင် သက်တောင့် သက်သာရှိလဲ နင်လည်း မြင်တာပဲ အဲ့ဒီမှာ စားစရာ သောက်စရာနဲ့ အနွေးဓာတ်တွေ အပြည့်ရှိတယ်"

သူမသည် နာကျင်နေဟန် ရသည့် ကျန်းဖုန်းအား ကြည့်လိုက်လေသည်။

"နင် ငါ့ကို နားလည်ပေးရမယ် ကျန်းဖုန်း နင်က ငါ့အပေါ် အရမ်း ကောင်းပါတယ် နင်က လူကောင်းတစ်ယောက်ပါ ကျန်းဖုန်းရယ် နင် ငါ့ကို အရမ်း ချစ်တယ် ဆိုတာလည်း ငါသိပါတယ် ဒါပေမယ့် လူတစ်ယောက်ကို ချစ်တယ်ဆိုတာ အဲ့ဒီလူကို ပျော်ရွှင်တဲ့ ဘဝလေး ပိုင်ဆိုင်စေချင်တာ မဟုတ်ဘူးလား"

"ဟုတ်တယ် နင် ငါ့အပေါ် အရမ်း ကောင်းပါတယ် ဒါပေမယ့် ငါ့ရဲ့ ပိုကောင်းတဲ့ ဘဝကို ရှာဖွေမယ့် လမ်းကိုတော့ နင် မတားဆီး သင့်ဘူးလေ နင် ငါ့ကို ဘာပေးနိုင်မှာမို့လို့လဲ ကျန်းဖုန်း ငါတို့ ငတ်သေကြတော့မှာ ငါ လည်း ကောင်းကောင်း မွန်မွန်လေး အသက်ရှင်ချင်ရုံပါ"

ကျန်းဖုန်း၏ မျက်နှာမှာ ဖြူလျော်သွားခဲ့ကာ သူ၏ နှုတ်ခမ်းများ တုန်ယင် နေခဲ့သော်လည်း အချိန်အတော် ကြာသည်အထိ စကားတစ်ခွန်းမျှ မပြောနိုင်ခဲ့ပေ။

စွန်းမင်မှာလည်း သူမတို့၏ မျှော်လင့်ချက်များ ပျက်စီးသွားရသဖြင့် အလွန်ပင် ဒေါသထွက် နေခဲ့သော်လည်း မည်သည်ကိုမှ မတတ်နိုင်တော့ချေ။ မည်သို့ပင်ဆိုစေ ဆေးဝါးရရှိရန် အဖြစ်နိုင်ဆုံးသူမှာ ချန်းရူအာ တစ်ဦးတည်းသာ ရှိနေသောကြောင့် ဖြစ်ပေသည်။

"ချန်းရူအာ နင် ထွက်သွားချင်ရင်လည်း ငါတို့ မတားဘူး ဒါပေမယ့် နင်က ရဲ့ရှင်းချန်ကို ပဋိဇီဝဆေးတွေနဲ့ အရောင်ကျဆေးတွေ ယူလာပေးအောင် မလုပ်ပေး နိုင်သရွေ့တော့ ဒီကနေ ထွက်သွားဖို့ တွေးတောင် မတွေးလိုက်နဲ့"

ဤ အခိုက်အတန့်တွင် ချူယောင်မှ လှည့်ကာ တံခါးဝအား ပိတ်ရပ်လိုက်လေသည်။

"ချန်းရူအာ နင် ထွက်သွားချင်ရင် ငါတို့ အတူတူ ထွက်သွားကြမယ် ငါ့ကို ဒီမှာ တစ်ယောက်တည်း ထားခဲ့ဖို့တော့ မတွေးတောင် မတွေးလိုက်နဲ့"

ချန်းရူအာ၏ မျက်လုံးများထဲတွင် ရက်စက် ကြမ်းကြုတ်မှုများ ပြည့်နှက်နေခဲ့တေ့ာသည်။ သူမ၏ လမ်းအား ပိတ်ဆို့နေသည့် ဤ လူများအားလုံးကို သတ်ပစ် လိုက်ချင် စိတ်များပင် ပေါက်နေသည့်တိုင် သူမမှာမူ စွန်းမင်နှင့် ချူယောင်၏ တင်းကျပ်စွာ ချုပ်နှောင်ခြင်းအား ခံထားရလေသည်။ ထို့ကြောင့် ဖုန်းတစ်ဖက်မှ ရဲ့ရှင်းချန်ထံသို့ အကူအညီမဲ့စွာဖြင့်သာ ပြောလိုက်နိုင်တော့သည်။

"အစ်ကိုရှင်းချန် အစ်ကိုလည်း ကြားတယ်မလားဟင် ကျွန်မလည်း လာချင်ပါတယ် ဒါပေမယ့် သူတို့က ကျွန်မကို ပေးမသွားဘူး အစ်ကို သူတို့ကို ပဋိဇီဝဆေးနဲ့ အရောင်ကျဆေး နည်းနည်းလောက် ပေးလိုက်ပါလားဟင်"

All Chapters