ဖော်ကောင်လုပ်ခြင်း
Vol. 4 Ch. 44
ရဲ့ရှင်းချန်သည် ပြပွဲကောင်း တစ်ခုအား ထိုင်ကြည့် နေသည့်အလား ရှိနေလေသည်။ ချန်းရူအာ၏ စကားအား ကြားလိုက်ရသောအခါ သူ၏ နှုတ်ခမ်းအစုံမှာ ကွေးညွတ်သွားခဲ့ကာ ပြုံးယောင် သန်းလာခဲ့သည်။
"အခုလိုအချိန်မှာ လူတိုင်းက ဆေးတောင်းနေကြတာပဲ အဲ့ဒီလောက် အဖိုးတန်တဲ့အရာကို ငါက ဘာလို့ ထုတ်ပေးရမှာလဲ သူတို့က ငါ့ကို လိမ်နေတာ မဟုတ်ဘူးလို့ ဘယ်လိုသိနိုင်မလဲ ပြီးတော့ သူတို့က မင်းကိုရော မလိမ်ဘူးလို့ မင်း ဘယ်လိုအာမခံနိုင်မလဲ"
"သူတို့က ငါ့ဆီက ပစ္စည်းတွေ တောင်းဖို့ မင်းကို ဓားစာခံလုပ်ပြီး ဆက်ပြီးတော့ ခြိမ်းခြောက် နေရင်ရော ဘယ်လိုလုပ်ကြမလဲ"
"ငါတို့ အလိမ်မခံရဖို့ လိုတယ်နော် ရူအာ"
စွန်းမင်သည် အသံချဲ့စက်မှ ထွက်ပေါ်လာသည့် စကားများအား နားထောင်ရင်းဖြင့် မျက်နှာမှာ ပို၍ပင် မှောင်မည်း ဖြစ်လာခဲ့တော့သည်။ ကျန်းဖုန်းသည် အနောက်မှနေ၍ အော်ဟစ်လိုက်တော့သည်။
"ရူအာ သူ နင့်ကို ကစားနေတာ သူ့ကို မယုံနဲ့"
အခြေအနေအား ခွဲခြားသိမြင်နိုင်သူ မည်သူမဆို ရဲ့ရှင်းချန်သည် ချန်းရူအာအား အမှန်တကယ် ခေါ်ယူရန် ဆန္ဒမရှိကြောင်း သိနိုင်ပေသည်။ သို့သော်လည်း ချန်းရူအာ၏ စိတ်ဓာတ်မှာ ကြာမြင့်စွာကတည်းမှ ယိုယွင်းနေခဲ့ပြီ ဖြစ်ရာ ဤလူစုမှာ သူမအပေါ် မနာလို ဖြစ်နေကြစည့်အတွက် သူမ၏ ပျော်ရွှင်သော ဘဝအား တားဆီးနေကြသည် ဟုသာ သူမ ထင်မြင်နေခဲ့ခြင်း ဖြစ်သည်။
သူမသည် အနောက်မှ ဗျာများနေသည့် ကျန်းဖုန်းကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ရူးသွပ်နေသူတစ်ဦးကဲ့သို့ စွန်းမင်၏ လက်မှ ရုန်းထွက်လိုက်တော့သည်။ ထို့နောက် တံခါးဝတွင် ပိတ်ရပ်နေသည့် ချူယောင်၏ ဗိုက်အား အတင်းတိုက်၍ တိုးထွက် လိုက်လေသည်။
"ဖယ်စမ်း ခွေးမ ငါ့ရှေ့ကနေ ဖယ်စမ်း ငါ့ကို လာမတားနဲ့"
တစ်ခဏချင်းမှာပင် ချန်းရူအာနှင့် ချူယောင်တို့မှာ မြေပြင်ပေါ်သို့ လူးလှိမ့် ကျသွားပြီးနောက် အချင်းချင်း သတ်ပုတ် နေကြတော့သည်။ ချန်းရူအာမှာ ဒေါသထွက်နေသော်လည်း ချူယောင်မှာ ပို၍ပင် ဒေါသထွက်နေခဲ့လေသည်။
ချူယောင်သည် သူမ ယခုလို အခြေအနေမျိုး ရောက်ရသည်မှာ ချန်းရူအာကြောင့်ဟု ခံစားနေခဲ့ရသည်။ သူမ၏ ဗီဒီယိုဖိုင်အား ရဲ့ရှင်းချန်မှ ပို့လိုက်ခြင်း ဖြစ်သည်ဟု သိထားသည့်တိုင် ယခု ရက်ပိုင်း အတွင်း သူမ ပြန်လည်၍ စဉ်းစားမိသည်မှာ ချန်းရူအာမှ ရဲ့ရှင်းချန်အား ခိုင်းစေခဲ့ခြင်း ဖြစ်နိုင်သည် ဟုပင် ထင်မှတ်လာခဲ့လေတော့သည်။
အစီအစဉ်၏ တစ်ဝက်အား သူမမှ ကြံစည် ပေးခဲ့သော်လည်း ယခုအခါ ချန်းရူအာမှ သူမအား ပစ်ပယ်ကာ တစ်ယောက်တည်း သွားရောက် စည်းစိမ် ခံချင်နေသည် မဟုတ်ပါလော။ ဤမျှ ကောင်းမွန်လှသည့် အခွင့်အရေးမျိုးအား သူမ မည်ကဲ့သို့ လက်လွှတ်ကာ ချန်းရူအာအား တစ်ယောက်ထဲ စည်းစိမ်ခံစားခွင့် ပြုနိုင်ပါမည်နည်း။
စွန်းမင်မှာမူ ဆက်၍ ကြည့်မနေနိုင်တော့ဘဲ အမျိုးသမီး နှစ်ဦး အကြားသို့ ဝင်ကာ လက်တစ်ဖက်စီဖြင့် ဆွဲခွာလိုက်လေတော့သည်။
"အား လွှတ်စမ်း ငါ့ကို လွှတ် လွှတ်ပေးကြစမ်းပါ"
ချန်းရူအာသည် အသိစိတ် လွတ်နေသူကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်နေခဲ့သည်။ သူမ၏ မျက်လုံးများမှာ သွေးရောင် လွှမ်းနေခဲ့ကာ လက်များမှာလည်း လေထဲတွင် တစ်စုံတစ်ခုအား အတင်း ဆွဲကုတ်ရန် ကြိုးစားနေသေးသည်။
"နင်က ထွက်သွားချင်တာလား အိပ်မက်မက်နေလိုက် ဆေးမရမချင်းတော့ ဘယ်မှမသွားရဘူး မှတ်လိုက်"
ဖုန်း၏ အခြားတစ်ဖက်မှ ရဲ့ရှင်းချန်မှာမူ ဤအသံများအား ကောင်းစွာ ကြားနေရသဖြင့် အလွန်ပင် ကျေနပ်နေခဲ့လေသည်။ ချန်းရူအာ၏ ဖုန်းမှာ အရည်အသွေး အတော် ကောင်းသည်ဟုပင် သူ၏ စိတ်ထဲမှ ချီးကျူးမိလိုက်သေးသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ သတ်ပုတ်နေစဉ် ဖုန်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့် အသံကိုပင် သူသည် သဲသဲကွဲကွဲ ကြားလိုက် ရသောကြောင့်ပင် ဖြစ်သည်။
ဤအခိုက်အတန့်တွင် စွန်းမင်မှ မြေပြင်ပေါ်မှ ဖုန်းအား ကောက်ကိုင်လိုက်ကာ အသံအား နှိမ့်လျှက် ပြောလိုက်လေသည်။
"ဟယ်လို ရဲ့ရှင်းချန် နင် နားထောင် နေတုန်းပဲမလား နင်က ငယ်သေးတော့ အဖွဲ့အစည်းရဲ့ အရေးပါပုံကို နားမလည်သေးဘူး ထင်တယ် ငါတို့ရဲ့ တောင်းဆိုချက်က အရမ်းကိုမှ အကျိုးကြောင်းသင့်ပါတယ် တကယ်လို့ နင် ငါတို့ကို ဆေးဝါး ချေးပေးမယ်ဆိုရင် နင် လိုအပ်တဲ့အချိန်မှာ ငါတို့လည်း နင့်ကို ပြန်ကူညီပေးမယ်"
"နင့်ဆီမှာ ဆေးတွေ အများကြီးရှိတယ်လို့ ချန်းရူအာက ပြောတယ် ငါတို့က နည်းနည်းလေးပဲ လိုချင်တာပါ အဲ့ဒါက နင့်အတွက် ဘာမှမဟုတ်ပါဘူး ဒီဆေး နည်းနည်းလေးနဲ့ ငါတို့ဆီကနေ ကြီးမားတဲ့ အကူအညီတစ်ခုကို လဲလှယ်ပြီး ယူနိုင်တာပဲလေ အမှန်အတိုင်း ပြောရရင် ဒါက မင်းအတွက်တော့ အမြတ်ကြီးတဲ့ အရောင်းအဝယ်တစ်ခုပဲ မဟုတ်လား"
သို့သော်လည်း ရဲ့ရှင်းချန်သည် စွန်းမင်အား အရေးစိုက်ရန် အစီအစဉ်မရှိချေ။ သူသည် အသံအား မြှင့်၍ ကျယ်လောင်စွာ ပြောလိုက်လေတော့သည်။
"ရူအာ ကိုယ် မင်းကို တကယ်ကို ခေါ်ထားချင်ပါတယ် ဒါပေမယ့် သူတို့က မင်းကို ပေးမထွက်ချင်ကြဘူး ထင်တယ် ဟူး သူတို့က မင်းနဲ့ ခွဲရမှာကို အရမ်း နှမြောနေကြပုံပဲ မင်း သူတို့နဲ့ သေချာညှိနှိုင်းပြီးပြီ ဆိုမှပဲ ကိုယ့်ဆီကို လာရှာလိုက်တော့နော်"
ဤသို့ ပြောပြီးနောက် ရဲ့ရှင်းချန်သည် ဖုန်းအား အချိန်ကိုက်ပင် ချပစ် လိုက်လေတော့သည်။ ဒေါသထွက်နေသည့် စွန်းမင်နှင့် ချူယောင်၏ ချုပ်နှောင်ခြင်းအား ခံထားရသော ချန်းရူအာတို့သာ ကျန်ရစ်ခဲ့တော့သည်။
ရဲ့ရှင်းချန်သည် တမင်တကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။ သူသည် ချန်းရူအာ ကဲ့သို့ ညစ်ပတ်သည့် အရာမျိုးအား သူ၏ အိမ်အတွင်းသို့ အဝင်ခံရန် တစ်ခါမျှ မတွေးဖူးချေ။ သို့သော်လည်း သူတို့အား တိုက်ရိုက် ငြင်းပယ် လိုက်ခြင်းထက် ဤကဲ့သို့ ကစားကာ သူတို့ အချင်းချင်း ပြန်လည် တိုက်ခိုက်စေခြင်းသည် ပို၍ ပျော်စရာကောင်းလှသည် မဟုတ်ပါလော။
လူတစ်ယောက်အား မျှော်လင့်ချက် ပေးပြီးမှ မျှော်လင့်ချက် မဲ့အောင် လုပ်ခြင်းထက် ပို၍ ဆိုးရွားသည့် အရာမျိုး ရှိပါဦးမည်လား။
ဖုန်းကျသွားသည်အား မြင်လိုက်ရသောအခါ ချန်းရူအာသည် ကြမ်းပြင်ပေါ်သို့ အားမရှိသကဲ့သို့ လဲကျသွားခဲ့ကာ အော်ဟစ် ငိုကြွေး နေတော့သည်။ ယခုအခါ သူမသည် ရဲ့ရှင်းချန်အား မမုန်းတော့ပေ။ သူမအား တားဆီးထားသော စွန်းမင်နှင့် ချူယောင်ကိုသာ သူမ အလွန်အမင်း မုန်းတီး နေမိလေသည်။ ထို့အပြင် သူမအတွက် စကားတစ်ခွန်းမျှ ဝင်မပြော ပေးရုံသာမက ဤ မိန်းမ နှစ်ယောက်ဘက်မှ ရပ်တည်နေသည့် ကျန်းဖုန်းကိုလည်း သူမ မုန်းတီးနေမိတော့သည်။
စွန်းမင်မှာမူ အစောပိုင်းတွင် ချူယောင်၏ လုပ်ရပ်အား အလွန်ပင် ကျေနပ်နေခဲ့သည်။ စစ်မှန်သည့် သူငယ်ချင်းများ ပီပီ ဘေးဒုက္ခနှင့် ရင်ဆိုင် ရသောအခါ တစ်ယောက်ကို တစ်ယောက် ပြန်လှည့်၍ တိုက်ခိုက် ကြတော့သည်။
"နင်လည်း မြင်တဲ့အတိုင်းပဲ ချန်းရူအာဆိုတဲ့ အပျက်မက အစကတည်းက သူ့ကိုယ်သူပဲ ကြည့်ခဲ့တာ နင်တို့ရဲ့ သံယောဇဉ်ကို ကြည့်စမ်းပါဦး သူက နင့်ကို အရေးစိုက်ရဲ့လား"
"နင် ငါတို့ အဖွဲ့ထဲမှာ ဆက်နေချင်သေးတယ် ဆိုရင် သူ့ကို သေချာ စောင့်ကြည့်ထားရမယ် နားလည်လား"
"မမမင် ပြောတဲ့အတိုင်း လုပ်ပါ့မယ်"
ချူယောင်မှ ခေါင်းညိတ်လိုက်လေသည်။ သူမသည်လည်း ချန်းရူအာအား အသည်းထဲမှ မုန်းတီးနေမိသည်။ သူမ၏ ရုပ်ရည်မှာလည်း မဆိုးလှဟု သူမ ထင်မြင်ထားခြင်း ဖြစ်သည်။ အကယ်၍ ချန်းရူအာသာ သူမရှေ့တွင် ရှိမနေခဲ့ပါမူ ရဲ့ရှင်းချန်မှ အသေအလဲ ချစ်မိမည့်သူမှာ သူမ ဖြစ်နေနိုင်ပြီး ယခုအချိန်တွင် စည်းစိမ်ခံ နေရမည့်သူမှာလည်း သူမသာ ဖြစ်နေပေလိမ့်မည်။
"မမမင် စိတ်မပူပါနဲ့ ဒီကောင်မလေးကို လုံးဝ အလွတ်မပေးပါဘူး စံရင်လည်း တူတူ ခံရင်လည်း တူတူပေါ့ သူတစ်ယောက်တည်း သွားပြီး စည်းစိမ်ခံ ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”
ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် လူသုံးဦး လဲလျောင်းနေခဲ့ကြသည်။ လင်းစစ်ကျားသည် သူတို့သုံးဦး၏ ဒဏ်ရာများအား ချုပ်ပေးပြီး သွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ယခုအခါ အပူချိန်မှာ အလွန် နိမ့်ကျနေသဖြင့် ချုပ်ထားစ ကြွက်သားများမှာ တဖြည်းဖြည်း ဖြူရော်လာခဲ့တော့သည်။ ဤကဲ့သို့ ဆိုးရွားသော ရာသီဥတု အောက်တွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့သဖြင့် ဒဏ်ရာ တစ်ဝိုက်ရှိ အာရုံကြောများ သေဆုံး သွားနိုင်ခြေ အလွန်များနေခဲ့သည်။
လင်းစစ်ကျားသည် ခွဲစိတ်မှုကြောင့် ပေကျံနေသည့် လက်များအား သန့်စင်လိုက်ပြီးနောက် ဆေးသေတ္တာအား ပိတ်လျှက် စွန်းမင်ထံသို့ လျှောက်သွားလိုက်လေသည်။
"အခုတော့ ရိုးရိုးရှင်းရှင်းပဲ ချုပ်ပေး ထားနိုင်သေးတယ် ဒါပေမယ့် ဆေးမရဘူးဆိုရင်တော့ သူတို့ရဲ့ ဒဏ်ရာတွေက အလွယ်တကူ ပိုးဝင် သွားလိမ့်မယ် အဲ့ဒါကြောင့် စိတ်ကို ကြိုတင် ပြင်ဆင်ထားကြပါ"
ထို့နောက် သူမသည် စွန်းမင်ထံသို့ လက်ကမ်းလိုက်သည်။ ဤသည်အား ကြည့်ခြင်းဖြင့် သူမသည် အခမဲ့ ကူညီပေးခဲ့ခြင်း မဟုတ်သည်မှာ ထင်ရှားလှပေသည်။ စွန်းမင်မှာလည်း စည်းမျဉ်းများအား သိထားသဖြင့် အသင့်စား ဘီစကစ် တစ်ထုပ်အား ထုတ်ပေး လိုက်တော့သည်။
ပမာဏမှာ သိပ်မများလှသော်လည်း ချွေတာစားလျှင်မူ နှစ်ရက်ခန့် ခံနိုင်ရည်ရှိပေသည်။ လင်းစစ်ကျားမှာ အတော်အတန် ကျေနပ်သွားပုံရကာ ခေါင်းညိတ်ပြပြီးနောက် ထွက်ခွာသွားခဲ့လေတော့သည်။
လင်းစစ်ကျား ထွက်သွားသည်နှင့် တစ်ပြိုင်နက် အခန်းတွင်းရှိ လေထုမှာ ချက်ချင်းပင် တင်းမာလာခဲ့တော့သည်။ အချို့မှာမူ လက်ကောက်ဝတ်တွင် ဒဏ်ရာရထားခဲ့ကာ အချို့မှာ ခြေကျင်းဝတ်နှင့် အချို့မှာမူ ခြေသလုံးများတွင် ဒဏ်ရာရထားကြခြင်း ဖြစ်သည်။
ကျန်းဖုန်းသည် အဝေးမှနေ၍ ချန်းရူအာအား ကြည့်နေခဲ့ပေသည်။ သူ၏ မျက်လုံးများထဲတွင် ဖော်ပြရခက်သည့် ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။ နောက်ဆုံးတွင် မာချောင်းဝမ်မှ ထိုထူးဆန်းသည့် တိတ်ဆိတ်မှုအား ဖြိုခွဲလိုက်တော့သည်။ သူသည် အသက်အား ပြင်းပြင်းရှူလိုက်ရင်းဖြင့် ပြောလိုက်သည်။
"ငါက ငယ်သေးတယ် မသေချင်သေးဘူး ငါတို့ ဘယ်လို နည်းနဲ့ဖြစ်ဖြစ် ရဲ့ရှင်းချန်ဆီက ဆေးကို ရအောင်ယူရမယ်"
ထို့နောက် သူသည် စွန်းမင်နှင့် ချူယောင်တို့အား ကြည့်လိုက်သည်။
"နင်တို့လည်း သိထားသင့်တယ် အခုလိုအချိန်မှာ ငါတို့ ယောက်ျားတွေသာ သေသွားရင် နင်တို့ မိန်းမသားတွေချည်းပဲ ကျန်ခဲ့ရင် အကြာကြီး ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး"
စွန်းမင်နှင့် ချူယောင်တို့မှာလည်း ထိုအချက်အား ကောင်းစွာ သဘောပေါက်ကာ သိထားကြလေသည်။ ထို့ကြောင့်လည်း ချန်းရူအာအား ရဲ့ရှင်းချန်ဆီမှ ဆေးတောင်းရန် ဖိအားပေးနေရခြင်း ဖြစ်သည်။ သို့သော် အခြေအနေသည် ဤသို့ ဖြစ်လာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ချေ။
"ဒါပေမယ့် တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလေ"
စွန်းမင်၏ မျက်နှာအမူအရာမှာ ခက်ထန်နေခဲ့သည်။ သူမသည် အစပိုင်းတွင် ချန်းရူအာ၏ စကားအား ယုံကြည်ခဲ့မိသဖြင့် ယခုလို အခြေအနေမျိုး ရောက်ခဲ့ရခြင်း အပေါ် နောင်တရနေမိသည်။ မာချောင်းဝမ်မှ အံတင်းတင်း ကြိတ်လိုက်ရင်းဖြင့် ဆိုလိုက်သည်။
"ငါ့မှာ နည်းလမ်းတစ်ခု ရှိတယ်"
လူတိုင်း၏ မျက်လုံးများမှာ ဝင်းလက်သွားကြကာ မာချောင်းဝမ်အား အလျှင်အမြန် ကြည့်လိုက်ကြသည်။
"ရဲ့ရှင်းချန်ရဲ့ အိမ်အခြေအနေကို ငါတို့အနည်းစုပဲ သိကြသေးတာ မဟုတ်လား"
"ငါတို့ လူအင်အားက သိပ်နည်းလွန်းတယ် ငါတို့ သုံးယောက်တည်းနဲ့ ရဲ့ရှင်းချန်ရဲ့ ခံတပ်လို အိမ်ကို မဖြိုနိုင်ဘူးဆိုတာ မင်းတို့လည်း တွေ့ခဲ့ပြီးပြီ"
"ဒါဆိုရင် ဘာလို့ ငါတို့က ဒီရပ်ကွက်ထဲက လူအားလုံးကို သူရဲ့ အိမ်အခြေအနေအကြောင်း မပြောပြရမှာလဲ"
မာချောင်းဝမ်သည် မျက်လုံးများအား မှေးလိုက်ရင်း သူ၏ အကြံအစည်အား ထုတ်ဖော် ပြောကြားလိုက်လေသည်။
"ငါတို့ လူအနည်းစုနဲ့တော့ သူ့ အိမ်ကို မဖြိုနိုင်ဘူး ဒါပေမယ့် တစ်ရပ်ကွက်လုံးက ရာနဲ့ချီတဲ့ လူတွေဆိုရင်ရော"
"မမမင်နဲ့ ကျန်းဖုန်းရဲ့ ဝမ်းကွဲအစ်ကို ကျန်းရီကိုရော မေ့နေတာများလား သူ့လက်ထဲမှာ သေနတ် ရှိနေသေးတယ် မဟုတ်လား"