← Chapters

အကူအညီ

Vol. 4 Ch. 45

အကူအညီ

Vol. 4 Ch. 45

ဤအခိုက်အတန့်တွင် စွန်းမင်နှင့် ကျန်းဖုန်းတို့၏ မျက်နှာထားများ ပြောင်းလဲ သွားကြကုန်တော့သည်။

အမှန်တကယ်တွင် သူတို့သည် အစပိုင်းတွင် ကျန်းရီနှင့် ပူးပေါင်းရန် မစဉ်းစားခဲ့ကြခြင်း မဟုတ်ချေ။ မည်သို့ပင်ဆိုစေ ကျန်းရီ၌ ထောက်ပံ့ရေး ပစ္စည်းများ အမြောက်အမြား ရှိနေသည်ဟူသည့် သတင်းသည် အိမ်နီးချင်းများကြားတွင် ပျံ့နှံ့နေခဲ့သည့် အတွက် ဖြစ်ပေသည်။ ရဲ့ရှင်းချန် ထက်ပင် ပို၍ များပြားနေနိုင်သေးပေသည်။

သို့သော်လည်း ကျန်းရီသည် သူတို့အား နာမည်ပျက်စာရင်း အတွင်းသို့ ထည့်ထားကြောင်း သူတို့ သိရှိခဲ့ကြပြီး ဖြစ်သည်။ သူတို့ ကိုယ်တိုင် ကျန်းရီ၏ အိမ်သို့ သွားရောက်ခဲ့စဉ်ကပင် ကျန်းရီသည် သူတို့၏ နဖူးအား သေနတ်ဖြင့် ထောက်လျှက် မောင်းထုတ်ခဲ့ဖူးလေသည်။

ထို့နောက်ပိုင်းတွင်မှာမူ ချန်းရူအာ၏ စကားများအား ယုံကြည်လျှက် ခြေ တစ်လှမ်းဆုတ်၍ ရဲ့ရှင်းချန်၏ ပစ္စည်းများအား လုယူရန် ကြိုးစားခဲ့ကြခြင်း ဖြစ်ပေသည်။ သို့သော် ရဲ့ရှင်းချန်သည်လည်း ဤမျှ ခေါင်းမာ၍ တိုက်ခိုက်ရ ခက်ခဲသည့်သူ တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။

"ကောင်းပြီ ဒါက နည်းလမ်းကောင်းပဲ ရဲ့ရှင်းချန်ရဲ့ အခြေအနေကို လူတိုင်း သိအောင် လုပ်ကြရမယ်"

စွန်းမင်သည် အစပိုင်းတွင် အနည်းငယ် တွေဝေနေသေးသော်လည်း သူမ၏ ဝမ်းကွဲအစ်ကို ကျန်းရီသည်ပင် သူမတို့အား ပစ်ပယ်ထားခဲ့ပြီ ဖြစ်လေရာ သူတို့ အချင်းချင်း ပြန်လည် တိုက်ခိုက် ခိုင်းလိုက်ခြင်းသည် ပို၍ ကောင်းမည်ဟု တွေးလိုက်မိခြင်း ဖြစ်ပေသည်။ ထိုသို့ ဖြစ်လာပါမူ နှစ်ဖက်စလုံး အထိနာသွားနိုင်ပြီး သူမအနေဖြင့် ဘေးမှနေ၍ အခွင့်ကောင်း ယူနိုင်ပေလိမ့်မည်။

ရပ်ကွက်၏ ဂရု အဖွဲ့ထဲသို့ ဝင်ရောက် လိုက်ပြီးနောက် စွန်းမင်သည် ချန်းရူအာ ပို့ပေးထားသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများအားလုံးကို မဆိုင်းမတွပင် ဖြန့်ဝေ လိုက်ပေတော့သည်။ အဖွဲ့အသစ်တွင် မပို့ဘဲ ဤအဖွဲ့ဟောင်း အတွင်း ပို့ရခြင်းမှာလည်း သူမ၏ ဝမ်းကွဲအစ်ကို ကျန်းရီ တွေ့စေရန် ရည်ရွယ်ခြင်း ဖြစ်ပေသည်။

"ချစ်ခင်ရပါသော အိမ်နီးချင်းတို့ ကျွန်မတို့ အစာငတ်ပြီး အေးခဲ နေကြရချိန်မှာ ဒီလောက် သက်တောင့်သက်သာ နေထိုင်နေတဲ့သူ ရှိတယ်ဆိုတာ ကျွန်မ အခုမှ သိရတော့တယ်"

"သူ့မှာ သုံးမကုန် နိုင်အောင် ပစ္စည်းတွေ အများကြီး ရှိနေပါလျက်နဲ့ အိမ်နီးချင်းတွေကို အကူအညီ လက်ကမ်းဖို့ စိတ်မကူးဘူး သူက တကယ့်ကို တစ်ကိုယ်ကောင်းဆန်ပြီး အရှက်မရှိတဲ့လူပဲ"

"ဒီဗီဒီယိုတွေက ရဲ့ရှင်းချန်ကိုယ်တိုင် လွန်ခဲ့တဲ့ ရက်ပိုင်းက ရိုက်ထားခဲ့တာတွေပါ"

"အားလုံးပဲ စဉ်းစားကြည့်ကြပါဦး ကျွန်မတို့ ဘယ်လို ဘဝမျိုးနဲ့ နေနေကြရပြီး သူကတော့ ဘယ်လို ဘဝမျိုးနဲ့ နေနေသလဲဆိုတာ သေချာကြည့်ကြပါအုန်း ဒါက အားလုံးအတွက် တရားမျှတမှု ရှိရဲ့လားရှင်"

တစ်ခဏအတွင်းမှာပင် တိတ်ဆိတ်နေသည့် အဖွဲ့အတွင်း ပေါက်ကွဲ သွားကုန်တော့သည်။ လူတိုင်းသည် ဗီဒီယိုများအား တစ်ခုပြီး တစ်ခု အလုအယက် ကြည့်ရှုကြကုန်တော့သည်။

"ဘာလဲ အခုလိုအချိန်မှာတောင် သူက ဒီလောက်ပါးတဲ့ အိပ်ယာဝင် ဝတ်စုံကို ဝတ်ရဲတာလား"

"သူက လျှပ်စစ်မီးတွေကို ဘယ်ကရတာလဲ တစ်နေ့မှ တစ်နာရီ နှစ်နာရီပဲ လာတဲ့ မီးက ငါတို့အိမ်ကို နွေးအောင် လုပ်ဖို့တောင် မလောက်ဘူးလေ"

"ဒါ တကယ်ပဲ အခုတလော ရိုက်ထားတာလား အရင်တုန်းက ရိုက်ထားတဲ့ ဗီဒီယိုဟောင်းတွေ များလား"

ဂရုအဖွဲ့ထဲတွင် တစ်စုံတစ်ဦးမှ သံသယဝင်နေသည်အား မြင် တွေ့ရသောအခါ ချူယောင်မှ ချက်ချင်းပင် ဝင်ရောက်ကာ ပြောဆိုလိုက်လေသည်။

"ဒီပုံတွေက ရဲ့ရှင်းချန် လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ရိုက်ထားတာပါလို့ ကျွန်မ အာမခံပါတယ် ကျွန်မ သူနဲ့ ဗီဒီယိုကော ခေါ်ဆိုမှုတောင် လုပ်ခဲ့သေးတယ် မီးမလာတဲ့ အချိန်မှာတောင် သူ့အိမ်က မီးတွေ လင်းထိန်နေတာပဲ"

"ပြီးတော့ ကားတွေနဲ့ ပစ္စည်းတွေ အိမ်ထဲကို သွင်းနေတာကိုလည်း ကျွန်မ မျက်မြင်ကိုယ်တွေ့ပဲ ကားအစီးပေါင်း အများကြီးပဲ"

ဤစကားများသည် လူတိုင်း၏ မှတ်ဉာဏ်များအား ပြန်လည်၍ နှိုးဆွပေး လိုက်သကဲ့သို့ ဖြစ်သွားတေ့ာသည်။

"ဟုတ်တယ် ဟုတ်တယ် နှင်းတွေ မကျခင်တုန်းက ရဲ့ရှင်းချန် အိမ်ရှေ့မှာ ကုန်တင်ကားတွေ ရပ်နေတာကို ငါလည်း အကြိမ်ကြိမ် တွေ့ဖူးတယ်"

"အင်း ငါလည်း တွေ့တယ် အဲ့ဒီကားတွေ ငါ့အိမ်ရှေ့က ဖြတ်သွားတုန်းက ငါ့ပန်းခင်းတွေ ပျက်ကုန်မှာတောင် ကြောက်နေခဲ့သေးတာ"

"ဟုတ်တယ် ပြီးတော့ သူ လွန်ခဲ့တဲ့ အချိန်ပိုင်းက ရုတ်တရက်ကြီး အိမ်ကို ပြန်ပြင်ပြီး ဆောက်နေခဲ့တာ အရင်က သူ့အိမ်က ဒီလောက် မမြင့်ဘူး အခုကျမှ ရုတ်တရက်ကြီး မြင့်လာတာ"

"ဒါဆိုရင် ရဲ့ရှင်းချန်က နှင်းတွေ ကျလာမယ် ဆိုတာကို ကြိုသိနေတာလား"

"မဖြစ်နိုင်တာ သက်ဆိုင်ရာ ဌာနတွေတောင် ဒီနှင်းမုန်တိုင်းရဲ့ အကြောင်းအရင်းကို မသိကြသေးတာလေ"

"ဒါပေမယ့် သူသာ မသိဘူးဆိုရင် ဘာလို့ ဒီလောက်အထိ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားမှာလဲ"

"ဟုတ်တယ် ငါက သူ့အိမ်နားမှာ နေတာ နေ့တိုင်း ကားကြီးတွေ ဝင်ထွက်နေတာ တွေ့တယ် နင်တို့ပြောပုံအရဆိုရင် အဲ့ဒါတွေက ထောက်ပံ့ရေး ပစ္စည်းတွေ ဖြစ်ရမယ်"

"ဘုရားရေ ဒါဆိုရင် သူက ကြိုသိပါလျက်နဲ့ ငါတို့ကို အသိမပေးဘူး ဆိုတော့ သူက"

ဤသို့ သတိပေးလိုက်ချိန်တွင် လူတိုင်းသည် အဖွဲ့ထဲတွင် ရဲ့ရှင်းချန်အား ဝိုင်းဝန်းကာ တိုက်ခိုက်ကြတော့သည်။

"သူ ဘယ်လိုတောင် တစ်ကိုယ်ကောင်း ဆန်နိုင်ရတာလဲ ငါတို့က အိမ်နီးချင်း ဖြစ်လာတာ ဘယ်လောက်တောင် ကြာပြီလဲ ငါတို့ကို အသိတောင် မပေးဘူး"

"သူက တကယ့်ကို စိတ်ပုပ်တာပဲ လူတစ်ယောက်က ဒီလိုဖြစ်လို့ ရပါ့မလား တစ်ကိုယ်ကောင်း ဆန်တဲ့လူတွေက တကယ်ပဲ လူမဟုတ်ကြဘူး"

လူတိုင်းသည် သူတို့၏ ဆင်းရဲဒုက္ခများမှာ ရဲ့ရှင်းချန်ကြောင့်ဟု အပြစ်တင် နေကြတော့သည်။ အကယ်၍ ရဲ့ရှင်းချန်သည်သာ သူတို့အား နှင်းမုန်တိုင်းအတွက် ပစ္စည်းတွေ ကြိုတင် စုဆောင်းထားရန် လာပြောခဲ့လျှင်တောင်မှ သူတို့သည် ယုံကြည်ကြလိမ့်မည် မဟုတ်ကြောင်းကိုမူ သူတို့ မတွေးမိကြချေ။

သူတို့ ခံစားနေရသည်မှာ ရဲ့ရှင်းချန်မှ သူတို့အား အကြွေးတင် နေသကဲ့သို့ပင် ဖြစ်နေချေသည်။

"ရဲ့ရှင်းချန်က ဒီအတွက် တာဝန်ယူရမယ် သူ့ကြောင့်သာ မဟုတ်ရင် ငါ အခုလို အစာငတ်ပြီး အေးခဲနေရမှာ မဟုတ်ဘူး"

"ဟုတ်တယ် သူ တာဝန်ယူရမယ် ငါတို့ ဒီလောက် ဒုက္ခရောက်နေချိန်မှာ သူက ဘာလို့ တစ်ယောက်တည်း စည်းစိမ်ခံနေရတာလဲ"

"သူ့အိမ်မှာ ပစ္စည်းတွေ အများကြီး ရှိမှာ သေချာတယ် သူ့ရဲ့ စားစရာတွေနဲ့ ဆေးဝါးတွေကို အားလုံးနဲ့ မျှဝေရမယ်"

"ငါတို့ရဲ့ လက်ရှိ အခြေအနေအတွက် သူက အဓိက တာဝန်ရှိတယ်"

အိမ်နီးချင်းများသာမက ကျန်းရီသည်လည်း ထိုဗီဒီယိုများအား တွေ့မြင်ခဲ့ရလေသည်။ သူသည် စောင်ထဲတွင် ကွေးနေရင်းဖြင့် မျက်လုံးများ နီမြန်းလာခဲ့သည်။ အခြားသူများနှင့် နှိုင်းယှဉ်လျှင် သူသည် ရဲ့ရှင်းချန်အား အမုန်းဆုံး ဖြစ်ပေသည်။

အစပိုင်းတွင် ရဲ့ရှင်းချန်သည် သူ့အား အရူးလုပ်ခဲ့သည်။ ရဲ့ရှင်းချန်၌ ပစ္စည်းများ ရှိနေကြောင်း သူ သိထားသော်လည်း ဤမျှလောက်အထိ များပြားလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ ထိုအချိန်တွင် သူသည် ပစ္စည်းအနည်းငယ်သာ တောင်းဆိုခဲ့သော်လည်း ရဲ့ရှင်းချန်မှ ငြင်းပယ်ရုံသာမက သူ့အား လှောင်ပြောင်ခဲ့သေးသည်။

ကံကောင်းစွာဖြင့် သူ၏ဖခင် ကျန်းဖန်မှ ပို့လိုက်သည့် ပစ္စည်းများ ရောက်ရှိလာခဲ့သောကြောင့်သာ တော်ပေတော့သည်။ သို့သော်လည်း သူသည် နေ့တိုင်း ဗိုက်ဝအောင် စားနိုင်သော်လည်း အရိုးထဲထိ စိမ့်ဝင်နေသည့် အအေးဒဏ်ကိုမူ အသည်းအသန် သည်းခံနေရဆဲ ဖြစ်ပေသည်။ သူ၏ လက်ထဲတွင် အရင်းအမြစ်များ ပိုမို ရှိနေပြီး အရန်မီးစက်ပင် ရှိသော်လည်း တစ်နေ့လျှင် တစ်နာရီ နှစ်နာရီမျှသာ ရရှိသည့် လျှပ်စစ်မီးသည် အနွေးပေးစက်အား ကြာရှည်စွာ ဖွင့်ထားရန် မလုံလောက်ချေ။

သို့သော် ရဲ့ရှင်းချန်မှ မည်ကဲ့သို့ ယခုလောက်ထိ သက်တောင့်သက်သာ နေနိုင်ရလေသနည်း။ ဗီဒီယိုများအား တစ်ခုပြီး တစ်ခု ကြည့်ရင်းဖြင့် ရဲ့ရှင်းချန်သည် ဤကဲ့သို့သော ရာသီဥတုအောက်တွင် ရေပင် ချိုးနိုင်ကြောင်း ကျန်းရီ သတိထားမိလိုက်လေသည်။

အဖွဲ့ထဲတွင် မက်ဆေ့ခ်ျပေါင်း ရာကျော်သွားခဲ့ပြီး ဖြစ်ကာ လူတိုင်းသည် ရဲ့ရှင်းချန်အား မန်းရှင်းကာ ခေါ်ဆိုနေကြတော့သည်။

"@ရဲ့ရှင်းချန် ရှင်းချန်လေး အခု လူတိုင်း စားစရာ မရှိတော့ဘူး နင့်အိမ်မှာတော့ အများကြီး ရှိနေသေးတယ် မဟုတ်လား နည်းနည်းလောက် ထုတ်ပြီး အားလုံးကို မျှဝေပေးပါဦး"

"ဟုတ်တယ် ငါတို့က အိမ်နီးချင်းတွေလေ နင်က အရမ်း တစ်ကိုယ်ကောင်း မဆန်သင့်ဘူး"

"ဟုတ်တယ် ဟုတ်တယ် အခုလိုအချိန်မှာ အားလုံးကို တစ်ခုခု မပေးရင် မသင့်တော်ဘူးနော် ငါတို့က တစ်ရပ်ကွက် တည်းသားတွေပဲလေ နင့်ကို လူပီသဖို့ သင်ယူပါလို့ ငါ အကြံပေးချင်တယ်"

လူအမျိုးမျိုးသည် သူတို့၏ ကိုယ်ကျိုး အတွက် ဝင်ရောက် ပြောဆိုနေကြတော့သည်။ မက်ဆေ့ခ်ျများမှာ အဆက်မပြတ် တက်လာနေခဲ့ရာ ရဲ့ရှင်းချန်လည်း ထိုအရာများအား သဘာဝကျကျပင် မြင်တွေ့နေရလေသည်။ သူသည် ရိုးရိုးရှင်းရှင်းပင် အမေးသင်္ကေတ တစ်ခုသာ ပြန်ပို့ လိုက်လေတော့သည်။

သူ၏ ပြန်လည် တုံ့ပြန်မှုအား မြင်လိုက်ရသောအခါ လူတိုင်းသည် ပို၍ စိတ်လှုပ်ရှားလာခဲ့ကြကာ သူ့အား ကိုယ်ကျင့်တရားအရ ဆုံးမသြဝါဒများ ပေးကြလေတော့သည်။

"ငါက မင်းတို့နဲ့ အဲ့ဒီလောက် ရင်းနှီးလို့လား ငါ ပိုင်တဲံ ပစ္စည်းတွေကို ငါက ဘာကိစ္စနဲ့ မင်းတို့နဲ့ မျှဝေရမှာလဲ"

ဤစကားများမှာ သူတို့အပေါ်သို့ ရေအေးဖြင့် လောင်းချလိုက်သကဲ့သို့ ဖြစ်သွားတော့သည်။ ရဲ့ရှင်းချန်သည် ထိုစဉ်တွင် သူတို့ အားလုံး သူ့အပေါ် မည်သို့ ဆက်ဆံခဲ့ကြသည်ကို မေ့မထားခဲ့ချေ။ သူ၏ စေတနာကြောင့် တံခါးဖွင့်ပေးခဲ့မိရာမှ နောက်ဆုံးတွင် သူသည် အလွန် ရက်စက်စွာ သေဆုံးသွားခဲ့ရသည် မဟုတ်ပါလော။

ရုတ်တရက် ရဲ့ရှင်းချန်သည် ပျော်စရာကောင်းသည့် အရာတစ်ခုအား တွေးမိသွားပုံရကာ အဖွဲ့ထဲတွင် နောက်ထပ် မက်ဆေ့ခ်ျတစ်ခု ပို့လိုက်လေသည်။

"အင်း ငါ့အိမ်မှာ ပစ္စည်းတွေ အများကြီး ရှိတာတော့ မှန်ပါတယ် ဒါပေမယ့် ကျန်းရီဆီမှာ ငါ့ထက် ပိုပြီး ရှိနေတာ မဟုတ်ဘူးလား"

ရဲ့ရှင်းချန်၏ မျက်နှာပေါ်တွင် ရက်စက်လှသည့် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့တော့သည်။

"ဘာလို့ ကျန်းရီဆီမှာ မတောင်းကြတာလဲ ကျန်းရီကို အားလုံးနဲ့ မျှဝေခိုင်းလိုက်ပါလား"

တစ်ခဏချင်းမှာပင် ဆူညံနေသော အဖွဲ့ကြီးမှာ ပြန်လည်၍ တိတ်ဆိတ် သွားကြကုန်တော့သည်။

All Chapters