← Chapters

လင်းစစ်ကျား

Vol. 4 Ch. 46

လင်းစစ်ကျား

Vol. 4 Ch. 46

အဖွဲ့လိုက် ချက်ဂရုမှာချက်ချင်းပင် တိတ်ဆိတ်သွားသည့်တိုင် တစ်ဦးချင်းချက်ဂရုများမှာမူ အလွန် စည်ကား လာခဲ့တော့သည်။

ရဲ့ရှင်းချန်သည် လက်များအား ဆေးကြောလိုက်ပြီးနောက် သူ၏ ခါးစည်းအား ချွတ်လိုက်တော့သည်။ သူသည် အသားများ အဖတ်လိုက် ပါဝင်သည့် ခရမ်းချဉ်သီး အမဲသားခေါက်ဆွဲ တစ်ပန်းကန်အား ခူးခပ်လိုက်ပြီး နောက် ထမင်းစားပွဲပေါ်တွင် တင်လိုက်လေသည်။ ကိုကာကိုလာ တစ်ခွက်ကိုလည်း လောင်းထည့် လိုက်ပြီးနောက် ဖုန်းအား ကောက်ကိုင်၍ တက်လာသည့် မက်ဆေ့ခ်ျများအား စစ်ဆေးလိုက်လေသည်။

အဖွဲ့ထဲမှာ ကဲ့သို့ မဟုတ်ဘဲ တစ်ဦးချင်းချက်များတွင်မူ သူ့အား ဆဲဆိုသူ သိပ်မရှိလှပေ။ ထိုအစား သူတို့အားလုံးသည် သူ့အား အကူအညီ တောင်းနေကြခြင်း ဖြစ်ပေသည်။ ၎င်းတို့အနက် အများစုမှာ အမျိုးသမီးများ ဖြစ်ကြပြီး မိသားစုနှင့် ကလေးများ ရှိသည့်သူများပင် ပါဝင်လေသည်။

"ရှင်းချန် ကျွန်မနဲ့ ကျွန်မရဲ့ ကလေးလေးကို ကယ်ပါဦး ခေါက်ဆွဲခြောက် ငါးထုပ်လောက်ပဲ ပေးပါ ကျွန်မ အများကြီး မလိုချင်ပါဘူး"

"အစ်ကိုရှင်းချန် ကျွန်မက ဒီနှစ်မှာ ပထမနှစ် ကျောင်းသူလေးပါ ကျွန်မ အားလုံးကို နားလည်ပါတယ် ပြီးတော့ အရမ်းလည်း စကားနားထောင်ပါတယ် အစ်ကို့အိမ်မှာ ကျွန်မကို နေခွင့်ပြုလို့ ရမလားဟင်"

"ရှင်းချန်လေး အန်တီမှာ တခြားနည်းလမ်း မရှိတော့လို့ လာပြီး တောင်းပန်ရတာပါကွယ် အဲ့ဒီ မိန်းကလေးငယ်လေးတွေ ထက်စာရင် အန်တီက အတွေ့အကြုံ ပိုရှိပါတယ် လူတွေကို ဘယ်လို ပြုစု ရမလဲဆိုတာလည်း ပိုသိတယ် ဘာပဲဖြစ်ဖြစ် မင်းဘေးမှာ ဝေယျာဝစ္စ လုပ်ပေးမယ့် အမျိုးသမီး တစ်ယောက်တော့ လိုအပ်မှာပဲလေ"

သူတို့အားလုံးမှာ စဉ်းစားဉာဏ် ရှိသူများ ဖြစ်ကြလေသည်။ ယခုအချိန်တွင် ငွေကြေးမှာ တန်ဖိုးမဲ့ သွားခဲ့ပြီ ဖြစ်ကြောင်း သူတို့ သိထားကြသဖြင့် သူတို့ကိုယ်သူတို့ အသုံးချကာ လဲလှယ်ရန် ကြိုးစား နေကြခြင်း ဖြစ်ပေသည်။

သို့သော် ရဲ့ရှင်းချန်မှာမူ ထိုမက်ဆေ့ခ်ျများအား တစ်ခုပြီး တစ်ခုသာ ကြည့်နေခဲ့သည်။ သူသည် ထိုအရာများအား ထမင်းစားရင်း ကြည့်ရှုရသည့် ဖျော်ဖြေရေး တစ်ခုအလား သဘောထားနေခြင်း ဖြစ်သည်။

ထို့အပြင် အမျိုးသားအချို့သည်လည်း ရဲ့ရှင်းချန်အား သူတို့၏ ညီအစ်ကို အရင်းအချာများ ကဲ့သို့ လာရောက် ခေါ်ဆိုနေကြပြီး အချို့သော အသက်ကြီးသူများမှာမူ သူ့အား ဆူပူ ကြိမ်းမောင်း နေကြသေးသည်။ အချိန် အတော်ကြာအောင် ကြည့်ရှုပြီးနောက် သူသည်လည်း အနည်းငယ် ငြီးငွေ့လာခဲ့တော့သည်။

ရဲ့ရှင်းချန်သည် ခေါက်ဆွဲများအား အကုန်စားလိုက်ပြီးနောက် ပါးစပ်အား သုတ်လိုက်လေ။ ထို့နောက် အပေါ်ထပ်သို့ ပြေးတက်သွားခဲ့ကာ ပြတင်းပေါက်နားတွင် ထိုင်၍ နှင်းများအား ကြည့်နေလိုက်တော့သည်။ လဝက်ခန့် ကြာမြင့်လာပြီ ဖြစ်သော်လည်း နှင်းများ ကျဆင်းနေသည်မှဦ ရပ်တန့်မည့် အရိပ်အယောင်မျှ မရှိသေးချေ။

ရဲ့ရှင်းချန်သည် အတိတ်ဘဝမှ အမှတ်တရများအား ပြန်လည် စဉ်းစား ကြည့်လိုက်မိသည်။ တစ်လခန့် နှင်းကျပြီးနောက် တတိယထပ် အောက်ရှိ အရာအားလုံးမှာ နှင်းများအောက်တွင် မြုပ်သွားခဲ့ပြီး ဖြစ်သည်။ ကံကောင်း ထောက်မစွာဖြင့် သူ၏ ဗီလာသည် သုံးထပ်ခွဲ အမြင့်ရှိသဖြင့် အပေါ်ထပ်မှ တစ်ဆင့် အဝင်အထွက် လုပ်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။ သို့မဟုတ်ပါမူ တစ်အိမ်လုံး နှင်းများအောက်တွင် မြှပ်ကာ သင်္ဂြိုဟ်ခြင်း ခံရပေလိမ့်မည်။

အချိန်အား တွက်ချက်ကြည့်လျှင် အတိတ်ဘဝမှ အတိုင်းသာ ဆိုပါမူ ဤနှင်းများသည် နောက်ထပ် လဝက်ခန့် ဆက်လက် ကျဆင်းနေဦးမည် ဖြစ်ပေသည်။ လဝက်ခန့် ကြာပြီးနောက် ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါများ၏ ထက်ဝက်ကျော်မှာ သေဆုံးသွားကြလိမ့်မည် ဖြစ်သည်။ ထိုအချိန်ကျလျှင် ဤရပ်ကွက်ရှိ နေထိုင်သူများ၏ ထက်ဝက်ခန့်သာ ကျန်ရှိတော့ပေလိမ့်မည်။

ရဲ့ရှင်းချန်သည် ထိုအချိန်ရောက်လျှင် အပြင်ထွက်၍ တစ်ချက်လောက် ကြည့်ရှုနိုင်လိမ့်မည်ဟု တွေးလိုက်မိခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူ၌ ပစ္စည်းများစွာ ရှိနေသော်လည်း သူ၏ဘဝသည် ရှည်လျား လွန်းလှသေးပေသည်။ နေ့တိုင်း ဤအိမ် အတွင်း၌သာ ပိတ်လှောင်နေရပါက စိတ်ပိုင်းဆိုင်ရာ ပြဿနာများ စတင် ဖြစ်ပေါ်လာနိုင်သည်ဟု သူ စိုးရိမ်မိသည့် အတွက် ဖြစ်သည်။

အကယ်၍ သူသည်သာ လေကောင်းလေသန့် ရချင်သည်ဆိုလျှင် အပြင်ထွက် ပြီးနောက် သူ၏ ဘေးကင်းလုံခြုံမှုအား သေချာအောင် လုပ်ရပေလိမ့်မည်။ ဤအရာမှာ အချိန်တိုအတွင်း လုပ်ဆောင်နိုင်မည့် အရာမဟုတ်ချေ။ ရဲ့ရှင်းချန် သက်ပြင်းချလိုက်မိတော့သည်။ သူသည် ဤရပ်ကွက်ထဲရှိ အိမ်ပိုင်ရှင်များ အားလုံးကို သတ်ပစ်လိုက်ချင် စိတ်များပင် ပေါက်လာခဲ့တော့သည်။ ထိုသို့ဆိုလျှင် သူသည် သေချာပေါက် ဘေးကင်းသွားပေလိမ့်မည် ဖြစ်သည်။

သူသည် မီးခိုးရောင် ကောင်းကင်ယံအား ခေတ္တမျှ ကြည့်ရှုနေပြီးနောက်တွင် ဖုန်းအား ပြန်လည် ကောက်ကိုင်လိုက်သည်။ အစောပိုင်းတွင် ဖတ်၍ မပြီးသေးသည့် သတင်းများအား ဆက်လက်၍ ဖတ်ရှုရန် သူ ဆုံးဖြတ်လိုက်တော့သည်။ အခြားရွေးချယ်စရာ များစွာ မရှိပေ။

ယခုအချိန်တွင် ဖျော်ဖြေရေးဆိုသည်မှာ အလွန်နည်းပါးလှသည့် အချိန်ကာလ ဖြစ်ပေသည်။ ရုပ်ရှင်များ ဝတ္ထုများနှင့် အခြားအရာများအား ကြည့်ရှု ရသည်မှာလည်း ကြာလျှင် ငြီးငွေ့လာနိုင်ပေသည်။ ဤလူပြက်များ နေ့တိုင်း နည်းလမ်း မျိုးစုံဖြင့် ကြိုးစားနေကြသည်အား ကြည့်ရသည်မှာ ပို၍ စိတ်ဝင်စားစရာ ကောင်းလှပေသည်။

ရဲ့ရှင်းချန်သည် ဖုန်းအား အောက်သို့ ဆွဲချကြည့်နေစဉ် သူ မမျှော်လင့်ထားသည့် လူတစ်ဦးအား တွေ့လိုက်ရသည်။ ထိုသူမှဦ လင်းစစ်ကျား ဖြစ်နေခဲ့သည်။

"မစ္စတာရဲ့ အခြေအနေက ဒီလိုပါ အခုတလော ကျွန်မရဲ့ အိမ်မှာ စားစရာနဲ့ ဆေးဝါးတွေ ကုန်သလောက် ဖြစ်နေပါပြီ ရှင် ကျွန်မကို အကူအညီ နည်းနည်းလောက် ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် အဲ့ဒီအတွက် အပြန်အလှန်အနေနဲ့ ကျွန်မ တတ်နိုင်တဲ့ ဘက်ကနေ ရှင့်ကို ဆေးဘက်ဆိုင်ရာ အကူအညီတွေ ပေးပါ့မယ်"

"လင်းစစ်ကျား"

ရဲ့ရှင်းချန်၏ မျက်လုံးများ ဝင်းလက်သွားခဲ့ကာ ထိုအမျိုးသမီး၏ ပုံရိပ်မှာ သူ၏ မျက်စိထဲတွင် ချက်ချင်း ပေါ်ပေါက်လာခဲ့သည်။ သူမသည် လူကြားထဲတွင် သိပ်ပေါ်လွင်လေ့မရှိဘဲ ထူထဲသည့် မျက်မှန်ကြီးအား အမြဲတမ်း တပ်ထားလေ့ရှိသူ ဖြစ်လေသည်။ သူမသည် များသောအားဖြင့် လှပအောင် ပြင်ဆင်လေ့ မရှိသော်လည်း ရဲ့ရှင်းချန်၏ မှတ်ဉာဏ်ထဲတွင် အစွဲထင်ဆုံးမှာ သူမ၏ ကိုယ်လုံးကိုယ်ပေါက် ဖြစ်လေသည်။

တစ်နေ့တွင် သူ အပြင်မှ ပြန်လာစဉ် ရပ်ကွက်ထိပ်ရှိ အမှိုက် ခွဲခြားသည့် နေရာနားမှ ဖြတ်သွားခဲ့သည်အား သူ ကောင်းစွာ မှတ်မိသေးသည်။ ထိုအချိန်တွင် လင်းစစ်ကျားသည် အိပ်ယာဝင်ဝတ်စုံအား ဝတ်ဆင်၍ အမှိုက် လာပစ်သည့် အချိန်နှင့် သူ တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့ဖူးလေသည်။

ထိုအချိန်တွင် လင်းစစ်ကျားမှာ အမှန်တကယ် ချောမော လှပသူ တစ်ဦး ဖြစ်ကြောင်း ရဲ့ရှင်းချန် သိရှိခဲ့ခြင်း ဖြစ်လေသည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာလည်း အလွန် ဆွဲဆောင်မှုရှိလှပေသည်။ သူမသည် လူကြားထဲတွင် ပေါ်လွင်ခြင်း မရှိစေရန် တမင်တကာ ဖုံးကွယ် ထားခဲ့ခြင်းသာ ဖြစ်ပုံရပေသည်။

သို့သော် ထိုအချိန်တွင် ရဲ့ရှင်းချန်မှာ ချန်းရူအာ နောက်သို့သာ တကောက်ကောက် လိုက်နေခဲ့ခြင်း ဖြစ်သည်။ ယခု အချိန်တွင် ပြန်လည်၍ စဉ်းစားကြည့်မည် ဆိုလျှင် လင်းစစ်ကျားမှာ ချန်းရူအာထက်ပင် ပို၍ ဆွဲဆောင်မှု ရှိနေသေးသည်။

"ဆရာဝန် တစ်ယောက် ဖြစ်တဲ့အတိုင်းပဲ အခုလိုအချိန်မှာ လူတိုင်း ဘာတွေ လိုအပ်နေလဲဆိုတာကို သူ ကောင်းကောင်း သိထားတာပဲ ပြီးတော့ သူ ဘာမှာ ကျွမ်းကျင် လဲဆိုတာကိုလည်း သိပြီးတော့ အပြန်အလှန် လဲလှယ်ဖို့ ကြိုးစားနေတာပဲ"

ရဲ့ရှင်းချန်သည် လင်းစစ်ကျား၏ သဘောထားအား ချီးကျူးမိလိုက်တော့သည်။ သူမသည် အခြားသော အမျိုးသမီးများကဲ့သို့ သနားစရာ ကောင်းလောက်အောင် ဟန်ဆောင်နေသူ မဟုတ်ချေ။ ထို့အပြင် သူမသည် နံပါတ် (၁) ဆေးကျောင်းတွင် အလုပ်သင်အဖြစ် ဝင်ရောက်ခွင့် ရရှိခဲ့သူဖြစ်ရာ သူမ၏ ပါမောက္ခများနှင့် ဆရာများကပင် သူမ၏ အရည်အချင်းအား အသိအမှတ် ပြုထားကြောင်း ထင်ရှားလှပေသည်။

ရဲ့ရှင်းချန်၌ ဆေးဝါးများစွာ ရှိနေသော်လည်း ရောဂါ အတော်များများမှာ ဆေးအနည်းငယ် သောက်ရုံဖြင့် မပျောက် ကင်းနိုင်ကြောင်းကိုလည်း သူ မငြင်းနိုင်ချေ။ သူ အပြင် မထွက်လျှင်တောင်မှ အိမ်ထဲတွင် မတော်တဆ ထိခိုက်ဒဏ်ရာ မရနိုင်ဘူးဟု မည်သူကမှ အာမခံနိုင်လိမ့်မည် မဟုတ်ချေ။ ဟင်းသီးဟင်းရွက် လှီးနေစဉ် လက်အား ဓားရှမိလျှင် မည်သို့ လုပ်မည်နည်း။

အမှန်တကယ်ပင် သူ၏ဘေးတွင် ထူးချွန်လှသည့် ဆေးပညာရှင် တစ်ဦး ရှိနေမည်ဆိုပါက သူ၏ အသက်ရှင် သန်နိုင်စွမ်းအား များစွာ မြှင့်တင်ပေးနိုင်မည်မှာ မြေကြီးလက်ခတ် မလွဲပင် ဖြစ်ချေပြီ။ ထို့ထက် ပို၍ အရေးကြီးသည်မှာ ရဲ့ရှင်းချန်သည် သူ၏ အတိတ်ဘဝတွင် လင်းစစ်ကျားမှာ သူ့ထက်စော၍ သေဆုံးခဲ့ကြောင်းအားလည်း မှတ်မိနေခြင်း ဖြစ်ပေသည်။

သူ မှတ်မိသလောက်ဆိုလျှင် သူမသည် လူနာတစ်ဦးအား ကုသပေးနေစဉ် အစာရေစာ ငတ်မွတ်နေသည့် မိသားစုတစ်ခု၏ သတ်ဖြတ် စားသောက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်ပုံရလေသည်။

နှမြောစရာကောင်းလှသော်လည်း ထိုအချိန်တွင် လင်းစစ်ကျားသည် လူနာ၏ အိမ်အထိ သွားရောက် ကုသပေးရန် ဆန္ဒရှိခဲ့ခြင်း ဖြစ်ပေသည်။ ဆိုလိုသည်မှာ သူမသည် အခြားသော ကိုယ်ချင်းစာ တရားကင်းမဲ့ သူများနှင့် ကွဲပြားသည်ဟု ဆိုရပေမည်။

သူသည် အလွန် စိတ်ဝင်စား သွားခဲ့သော်လည်း ချက်ချင်းတော့ သဘောမတူသေးချေ။ အခြား အကြောင်းကြောင့် မဟုတ်ဘဲ သူသည် သေရမည်အား အလွန် ကြောက်ရွံ့နေသောကြောင့် ဖြစ်ပေသည်။ လင်းစစ်ကျားမှာ လူကောင်းတစ်ဦး ဖြစ်နိုင်သော်လည်း ရဲ့ရှင်းချန်သည် သူမနှင့် သိပ်ပြီး ထိတွေ့ဆက်ဆံမှု မရှိခဲ့သဖြင့် သူမမှာ မည်ကဲ့သို့သော် လူစားမျိုး ဖြစ်သည်ဆိုသည်အား မသိနိုင်ချေ။ အကယ်၍ သူ၏ ခန့်မှန်းချက် သက်သက်ဖြင့် သူမအား အိမ် အတွင်းသို့ အဝင်ခံလိုက်ပါမူ သူမသည် အချိန်မရွေး ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာနိုင်ပေသည်။

ထို့အပြင် သူ၏ လက်ရှိ ချမ်းသာ ကြွယ်ဝမှုဖြင့် ဆိုလျှင် ကောင်းမွန်လှသည့် ဆရာဝန်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား ရှာမတွေ့နိုင်မည်ဟု မည်သည့် အတွက် စိုးရိမ်နေရပါမည်နည်း။

သူသည် ဖုန်းအား ကောက်ကိုင်လိုက်တော့သည်။

"ကိုယ် အခု အတော်လေး ကျန်းမာနေပါတယ် လောလောဆယ်တော့ ဆရာဝန် မလိုသေးဘူး ဒါပေမယ့် ညီမပြောတာလည်း မှန်ပါတယ် ကိုယ့်ဆီမှာ ဆေးဝါးတွေနဲ့ စားစရာတွေ အများကြီး ရှိတာတော့ အမှန်ပဲ"

"တကယ်လို့ ညီမက ကိုယ်နဲ့ အရောင်းအဝယ် လုပ်ချင်တယ်ဆိုရင်တော့ အခု ကိုယ့်အတွက် အသုံးဝင်မယ့် အရာတစ်ခုခုကို ပေးနိုင်ရလိမ့်မယ်"

တစ်ဖက်တွင်မူ အချိန်အတော်ကြာအောင် တိတ်ဆိတ် သွားခဲ့လေသည်။ ရဲ့ရှင်းချန်မှာမူ မလောပေ။ သူသည် ကိုကာကိုလာအား သောက်လိုက်ရင်း ခြေထောက်ချိတ်၍ စောင့်နေလိုက်တော့သည်။

"အဲ့ဒါကို ကြိုတင်ပေးချေမှု အနေနဲ့ သတ်မှတ်လို့ မရဘူးလားဟင် ကျွန်မ ကျွန်မမှာ တကယ်ပဲ တခြားနည်းလမ်း မရှိတော့လို့ပါ"

လင်းစစ်ကျားသည်လည်း အမှန်တကယ်ပင် အခြားရွေးချယ်စရာ မရှိတော့ချေ။ သူမ စားစရာရရှိနိုင်မည့် နည်းလမ်းမှာ လူနာများ၏ အိမ်သို့ သွားရောက် ကုသပေးခြင်း ဖြစ်သော်လည်း ထိုသို့ ကုသရန် အတွက်လည်း ဆေးဝါးများ လိုအပ်သေးပေသည်။ သူမသည် သူမ၌ ကျန်ရှိသမျှသော အရောင်ကျဆေးများကိုလည်း ကျန်းဖုန်းတို့ တစ်စုအတွက် အကုန် အသုံးပြုခဲ့ပြီး ဖြစ်ပေသည်။ ယခုအခါ သူမ၌ အေးခဲနေသည့် အယ်လ်ကိုဟော နှစ်ပုလင်း သုံးပုလင်းခန့်နှင့် ပတ်တီးလိပ်တစ်ခု ဂွမ်းအနည်းငယ်သာ ကျန်ရှိပေတော့သည်။

ဆေးဝါးမရှိလျှင် သူမအနေဖြင့် စားစရာရရှိရန် နည်းလမ်းမရှိတော့ချေ။ ကျန်းရီသည် သူမအား ဝီချက်တွင် သူငယ်ချင်း အဖြစ် လက်မခံထားသဖြင့် သူမသည် ရဲ့ရှင်းချန်ဘက်သို့သာ အစွမ်းကုန် ကြိုးစားကြည့် ရတော့ခြင်း ဖြစ်ပေသည်။

ရဲ့ရှင်းချန်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်။

"ကိုယ် ညီမကို စားစရာနဲ့ ဆေးဝါးတွေ ပေးနိုင်ပါတယ် ဒါပေမယ့် ညီမ ကိုယ့်အတွက် တစ်ခုခု လုပ်ပေးရမယ်"

All Chapters