တိုက်ခိုက်ခြင်း
Vol. 4 Ch. 47
"ဘာကိစ္စလဲ"
ဟု လင်းစစ်ကျားမှ မေးလိုက်လေသည်။
"အဲ့ဒီ အိမ်နီးချင်းတွေက ကိုယ့်ကို လာပြီး တိုက်ခိုက် ကြတော့မယ့်ပုံပဲ သူတို့ ဘာတွေ ကြံစည်နေ ကြသလဲဆိုတာကို မင်းသိရရင် ကိုယ့်ကို လှမ်းပြောပြပါ"
အုပ်စုနှစ်ခုလုံး တိတ်ဆိတ် သွားကြသည်အား မြင်လိုက်ရ ပြီးနောက်တွင် ရဲ့ရှင်းချန်သည် အစပိုင်းတွင် ကျန်းရီ၏ ကိစ္စကဲ့သို့ပင် အိမ်နီးချင်းများ အနေဖြင့် ဂရုအသစ်တစ်ခု ဖွဲ့လိုက်ကြပြီ ဖြစ်ကြောင်း ခန့်မှန်းမိလိုက်လေသည်။ ထိုလူများသည် သူ၏ အိမ်အား မလွဲမသွေ လာရောက် တိုက်ခိုက်ကြမည်အား သူသိထားသော်လည်း အနည်းငယ်မျှပင် ကြောက်ရွံ့နေခြင်း မရှိချေ။
အကြောင်းမူကား ပြန်လည် မွေးဖွားလာပြီးနောက်တွင် သူသည် လိုအပ်သော ကြိုတင် ပြင်ဆင်မှုများအား အသေအချာ လုပ်ဆောင်ထားခဲ့ပြီး ဖြစ်သောကြောင့်ပင် ဖြစ်ပေသည်။ အိမ်အား ဆောက်လုပ် ထားသည် ဆိုသော်လည်း အထူးတလည် အားဖြည့်ကာ တောင့်တင်း ခိုင်ခံ့စေရန် အတွက် အထပ်ထပ် မွမ်းမံထားခဲ့ခြင်း ဖြစ်ပေသည်။
ထိုသို့ ပြုလုပ်ရန် အတွက် အင်မတန် ကြီးမားလှသည့် အားထုတ်မှုများ လိုအပ်ခဲ့သော်လည်း သူ သုံးစွဲခဲ့သည့် ငွေကြေး ပမာဏအရ အိမ်၏ လုံခြုံရေးနှင့် ပတ်သက်၍ ပူပန်နေရန် မလိုအပ်တော့ချေ။
လင်းစစ်ကျားထံသို့ ထိုသို့သော အခြေအနေမျိုး ကမ်းလှမ်းခဲ့ခြင်းမှာလည်း သူမ အတွက် ဆင်ခြေတစ်ခု ရှာပေး လိုက်ခြင်း မျှသာ ဖြစ်ပေသည်။ လောလောဆယ်တွင် သူမ၏ အကူအညီအား မလိုအပ် သေးသော်ငြားလည်း သူမသည် အလွန်ကောင်းမွန်သည့် အသုံးချစရာ လူတစ်ယောက် ဖြစ်နေခဲ့သည် မဟုတ်ပါလော။ သူမအား ယခုအတိုင်းသာ ငတ်၍ သေခံခိုင်းလိုက်ရန် မှာလည်း မဖြစ်နိုင်ပေ မဟုတ်ပါလား။
ထို့ပြင် အိမ်နီးချင်းများ မည်သို့ ကြံစည်နေကြသနည်း ဆိုသည်အား ကြိုတင်သိရှိထားပါက သူ၏ ဘက်မှလည်း ပို၍ ပြင်ဆင် ထားနိုင်မည် ဖြစ်ပေသည်။ လင်းစစ်ကျားသည် အချိန် အတန်ကြာ ချီတုံချတုံ ဖြစ်နေခဲ့ ပြီးနောက် နောက်ဆုံးတွင်တော့ သဘောတူလိုက်တော့သည်။
အခြားသူများအား သစ္စာဖောက်ရသည့် ယုတ်မာသော လုပ်ရပ်မျိုးအား လုပ်ဆောင်ရန် သူမ၏ ကိုယ်ကျင့်တရားနှင့် ယုံကြည်ချက်များမှ ခွင့်မပြုခဲ့ချေ။ သို့သော်လည်း အိမ်နီးချင်းများ၏ လုပ်ရပ်များမှာ ရဲ့ရှင်းချန်၏ တောင်းဆိုမှုထက် အဆပေါင်းများစွာ ပို၍ ဆိုးရွားနေခဲ့ပေသည်။ ထို့ကြောင့်ပင် သူမသည် ရဲ့ရှင်းချန်အား ကူညီရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပေသည်။
"ကောင်းပြီလေ ဒါက မင်းရဲ့ စွမ်းဆောင်ရည် အပေါ်မှာပဲ မူတည်လိမ့်မယ် မင်းပေးတဲ့ သတင်းတွေက အသုံးဝင်နေသရွေ့ မင်းလိုအပ်တာတွေကို ကိုယ် ပေးမယ်"
လင်းစစ်ကျားသည် ပါးနပ်လှသည့် အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။ ရဲ့ရှင်းချန် အနေဖြင့် သူမအား အလကား သက်သက် ကူညီမည် မဟုတ်ကြောင်းကိုလည်း သူမ သေချာပေါက် သိထားပြီး ဖြစ်သည်။ စင်စစ်အားဖြင့် ဤကိစ္စတွင် သူမသည် ရဲ့ရှင်းချန်ထံမှ အမြတ် ထွက်သွားသည်ဟုပင် ခံစားနေမိလေသည်။
မည်သို့ပင်ဆိုစေကာမူ သတင်း အချက်အလက် အနည်းငယ်နှင့် ငွေပေး၍ပင် ဝယ်မရနိုင်တော့သည့် အစားအသောက်နှင့် ဆေးဝါးများအား လဲလှယ်ရခြင်းမှာ နှိုင်းယှဉ်စရာပင် မလိုလောက်အောင်ပင် တန်လွန်းနေခဲ့သည် မဟုတ်ပါလော။
ရဲ့ရှင်းချန် မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်နေခဲ့သည်။ သူ စကားပြောပြီးသည်နှင့် အိမ်နီးချင်းများသည် ဂရုအသစ်တစ်ခုအား လျင်မြန်စွာ ဖွဲ့စည်း လိုက်ကြတော့သည်။ ဤတစ်ကြိမ်တွင်မူ ထိုဂရုထဲသို့ ကျန်းရီကိုပါ ဆွဲသွင်းထားကြသေးသည်။ အိမ်နီးချင်းများ အားလုံးသည် ရဲ့ရှင်းချန်၏ အိမ်အား မည်သို့ တိုက်ခိုက်ရမည်အား အပြင်းအထန် ဆွေးနွေး နေကြသော်လည်း မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ကျန်းရီထံမှ ရိက္ခာ တောင်းခံမည့်အကြောင်းအား မဟဝံ့ကြချေ။
ထိုအခိုက်တွင် ကျန်းရီမှ ဂရုထဲ၌ တိတ်ဆိတ်စွာပင် စာပို့လာခဲ့သည်။
"စိတ်မပူကြနဲ့ လောလောဆယ် ငါ မင်းတို့ကို ဘာမှမလုပ်သေးဘူး အခုချိန် ငါတို့အတွက် အရေးအကြီးဆုံးက ရဲ့ရှင်းချန်ကို ဘယ်လို ဖြုတ်ချရမလဲ ဆိုတာပဲ အခုချိန်ကစပြီး ငါ့ဘက်ကနေ လူတိုင်းအတွက် အစားအသောက်နဲ့ လက်နက်တွေကိုပါ ထောက်ပံ့ ပေးနိုင်တယ် ဒါပေမဲ့ သူ့အိမ်ထဲကို ဖောက်ဝင် ပြီးသွားရင်တော့ သူ့ဆီမှာရှိတဲ့ ရိက္ခာအားလုံးရဲ့ တစ်ဝက်ကိုတော့ ငါယူမယ်"
ဂရုထဲရှိ မည်သူကမျှ ကန့်ကွက်စကား မဆိုရဲကြချေ။ အဘယ်ကြောင့် ဆိုသော် ကျန်းရီတွင် အမှန်တကယ် လက်နက် အစစ်အမှန်များ ရှိနေသည်အား အားလုံးမှ သိထားကြသောကြောင့် ဖြစ်ပေသည်။
သေချာသည်မှာ ကျန်းရီ ကိုယ်တိုင်သည်လည်း ရဲ့ရှင်းချန်၏ ရိက္ခာများအား မက်မောနေခြင်းပင် ဖြစ်သည်။ သူ၏ အိမ်ရှိ အစားအစာများမှာ အမှိုက်များ နှင့်သာ တူနေခဲ့ကာ ဗီဒီယိုထဲမှ လတ်ဆတ်လှသည့် ငါးများ အသားများနှင့် မည်သို့မျှ နှိုင်းယှဉ်၍ မရနိုင်ချေ။ သူကိုယ်တိုင်ပင်လျှင် အသားများအား ချွေတာ၍ စားသောက် နေရသည် မဟုတ်ပါလား။
သို့သော်ငြားလည်း သူသည် ထိပ်တိုက် ရင်ဆိုင်ရန်မူ မရည်ရွယ်ထားခဲ့ချေ။ ရဲ့ရှင်းချန်၏ ရိက္ခာများသည် မက်မောစရာ ကောင်းလှသော်လည်း သူ့တွင်လည်း သိုလှောင် ထားသည်များ အများအပြား ရှိနေသေးသည်။ သေသွားသည့် တိုင်အောင်ပင် စား၍ ကုန်လိမ့်မည်ဟု မထင်ပေ။ ထို့ကြောင့် သူသည် အခြားသူများအား အမြောက်စာအဖြစ် အသုံးချရန်သာ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
လူတိုင်းအား ထောက်ပံ့ပေးမည်ဟု သူပြောခဲ့သည့် အစားအသောက်များနှင့် ပတ်သက်၍မူ သူသည် ခြံဝင်းထဲရှိ အလောင်းပုံကြီးအား လှမ်းကြည့် လိုက်ပြီးနောက် လူသန်ကြီး နှစ်ယောက်အား လက်ကာပြကာ ခေါ်လိုက်လေသည်။
"အခုချိန်ကစပြီး မိသားစုတိုင်းက ကိုယ်စား လှယ်တစ်ယောက်စီ လွှတ်ပြီး ငါ့ဆီကနေ နေ့စဉ် အစားအသောက် ခွဲတမ်း အတွက် လာယူလို့ရပြီ ရဲ့ရှင်းချန်ရဲ့ အိမ်ကို မဖောက်ထွင်းနိုင် သေးသ၍ ဆက်ပေးမယ် ဒါပေမဲ့ ရဲ့ရှင်းချန်ရဲ့ အိမ်ကို သွားတိုက်ခိုက်တဲ့အချိန်မှာတော့ မင်းတို့အားလုံး ဝင်တိုက်နေတာကို ငါကိုယ်တိုင် မြင်ရမှ ဖြစ်မယ်"
မာချောင်းဝမ်မှ ဂရုထဲတွင် ရှေ့တန်း မှနေ၍ ချက်ချင်း ပြန်လည် တုံ့ပြန်လိုက်လေသည်။
"ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ပါ ကျွန်တော်တို့ အစ်ကိုကျန်း စကားကို နားထောင်ကြမှာပါ အစ်ကိုကျန်းက တကယ့်လူကောင်းပါပဲဗျာ"
"ဟုတ်တယ် ဟို တစ်ကိုယ် ကောင်းဆန်တဲ့ ရဲ့ရှင်းချန်ကို ငါတို့ အတူတူ ဖြုတ်ချကြမယ်ဟေ့"
"အစ်ကိုကျန်း ဆီကနေ သင်ခန်းစာယူကြစမ်း တကယ့်ကို လူကောင်းပဲ သူက အိမ်နီးချင်းတွေ အတွက်တောင် စဉ်းစားပေး နေသေးတာ"
ဂရုထဲရှိ လူများ၏ စိတ်အားထက်သန်မှုမှာ တစ်ဟုန်ထိုး မြင့်တက် သွားခဲ့ကြပြီးနောက် အသံကျယ်ကြီးများဖြင့် အော်ဟစ် ထောက်ခံ နေကြတော့သည်။ လင်းစစ်ကျားနှင့် ကျောက်ဟောင် ကဲ့သို့သော လူအနည်းငယ်ခန့်သာ အစမှအဆုံး တိုင်အောင် နှုတ်ဆိတ်နေခဲ့ကြပေသည်။
"သူတို့က ရှင့်အိမ်ကို တိုက်ခိုက်ဖို့ စီစဉ်နေကြပြီ ကျန်းရီက လူတိုင်းကို သူ့ဆီမှာ အစားအသောက် လာယူဖို့ ခေါ်နေတယ်"
၎င်းမှာ လင်းစစ်ကျားထံမှ ဝင်လာသည့် စာတစ်စောင် ဖြစ်ပေသည်။ စာအား ဖတ်ပြီးနောက် ရဲ့ရှင်းချန်မှ "အိုကေ" ဟူ၍သာ အေးတိအေးစက် ပြန်စာပို့လိုက်တော့သည်။
လင်းစစ်ကျားသည် ဆိုဖာပေါ်တွင် ကွေးကွေးလေး ထိုင်ရင်း စောင်အား လုံခြုံစွာ ခြုံထားလိုက်တော့သည်။ ရဲ့ရှင်းချန်၏ တည်ငြိမ် လွန်းလှသည့် အဖြေအား ကြည့်ရင်းဖြင့် သူမ မျက်မှောင် ကြုတ်မိသွားခဲ့သည်။
"သူတို့တွေ ရူးနေကြသလိုပဲ အိမ်တိုင်းကနေ လူတွေ ထွက်လာ ကြတော့မယ်ထင်တယ် ရှင် ဘာနည်းလမ်းမှ မစဉ်းစားတော့ဘူးလား"
ယခုအချိန်၌ ရဲ့ရှင်းချန်အတွက် အကောင်းဆုံး နည်းလမ်းမှာ ပစ္စည်းများအား သိမ်းဆည်း၍ ထွက်ပြေးရန် (သို့မဟုတ်) လူများ၏ ဒေါသအား ငြိမ်းအေးသွားစေရန် ပစ္စည်းအချို့အား ထုတ်ပေးလိုက်ရန်သာ ဖြစ်သည်ဟု လင်းစစ်ကျားမှ ယူဆထားခြင်း ဖြစ်သည်။
လက်တစ်ဖက်တည်းဖြင့် လူအများအပြားအား ရင်ဆိုင်ရန်မှာ အမှန်တကယ်ပင် ခက်ခဲလှပေသည်။ ရဲ့ရှင်းချန်တွင် လက်နက်များ ရှိနေသည်အား လင်းစစ်ကျား သိထားသော်လည်း သံချေးတက်နေသည့် မြှားအနည်းငယ်မျှသာ ရှိမည်ဟု ထင်မှတ်ထားခဲ့ခြင်းလည်း ဖြစ်ပေသည်။ ထို့ကြောင့် ကျန်းဖုန်းနှင့် အခြားသူများ ဝင်ရောက် မလာနိုင်ခဲ့ခြင်း ဖြစ်သော်လည်း လူအများအပြားမှ တစ်ပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်မည်ဆိုပါက မည်သို့လုပ်ကြမည်နည်း။
လူတစ်ရာ နှစ်ရာခန့်ဆိုလျှင် အိမ်ကိုပင် ဖြိုချ ပစ်နိုင်စွမ်း ရှိကြသည် မဟုတ်ပါလား။ ရဲ့ရှင်းချန် မည်မျှပင် စွမ်းဆောင်နိုင်သည် ဖြစ်ပါစေ လူအများအပြားအား တစ်ပြိုင်နက်တည်း ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ဟုလည်း သူမ တွေးပူနေမိသည်။
ကာယကံရှင် ဖြစ်သည့် ရဲ့ရှင်းချန်မှာမူ ပြုံးလိုက်ရင်း လင်းစစ်ကျားထံသို့ ပေါ့ပေါ့ပါးပါးပင် ပြန်စာပို့လိုက်လေတော့သည်။
"နောက် ရက် အနည်းငယ်အတွင်း အပြင်ကို လုံးဝမထွက်ဖို့ ငါမင်းကို သတိပေးချင်တယ် ဒီကိစ္စမှာ ပါဝင် ပတ်သက်တာမျိုး မရှိစေနဲ့ အိမ်မှာပဲ ပုန်းနေလိုက် "
လင်းစစ်ကျား မျက်မှောင်ကြုတ် လိုက်မိပြန်သည်။ အိမ်ရာဝင်း တစ်ခုလုံးရှိ ပိုင်ရှင်များစွာအား တစ်ယောက်တည်း ရင်ဆိုင်နိုင်မည်ဟု ရဲ့ရှင်းချန် မည်သည့် နေရာမှ ယုံကြည်ချက်များ ရရှိထားသည်အား သူမ နားမလည်နိုင်အောင် ဖြစ်နေရချေပြီ။
ဤသည်မှာ နောက်ပြောင်နေရမည့် ကိစ္စမျိုး မဟုတ်ပေ။ ယခုအခါတွင် လူတိုင်းသည် သူ့အား နံပါတ်တစ် ရန်သူအဖြစ် သတ်မှတ် ထားကြပြီး ဖြစ်သည်။ အချိန်တန်လျှင် ထိုလူများ၏ လက်ချက်ဖြင့် သူ သေဆုံးသွားရမည်ကိုလည်း သူမ စိုးရိမ်နေမိပြန်သည်။ ရဲ့ရှင်းချန် တစ်ယောက် ရူးသွားပြီဟုပင် လင်းစစ်ကျား ခံစားလိုက်ရတော့သည်။
သို့ရာတွင် ဤသည်မှာ ရဲ့ရှင်းချန်၏ ကိုယ်ပိုင် ရွေးချယ်မှုသာ ဖြစ်သောကြောင့် သူမအနေဖြင့် အများကြီး ဝေဖန်ပိုင်ခွင့် မရှိချေ။ သူမသည် ရဲ့ရှင်းချန်၏ စကားအား နားထောင်ကာ ကိစ္စများတွင် ပါဝင် ပတ်သက်ခြင်း မပြုဘဲ အိမ်၌သာ လိမ္မာစွာ နေထိုင်လိုက်တော့သည်။ သူမသည် ကိုယ်ကျင့်တရားနှင့် စည်းမျဉ်းများ ရှိသူ တစ်ဦး ဖြစ်လေသည်။ ရဲ့ရှင်းချန်ဖြစ်စေ အခြား မည်သူ့ကို ဖြစ်စေ အမြတ်ထုတ် ခေါင်းပုံဖြတ်မည့် အလုပ်မျိုးအား လုပ်ဆောင်မည် မဟုတ်ပေ။
ရဲ့ရှင်းချန်သည် သူ၏ နေရာလွတ် အတွင်းထဲမှ လက်နက် အများအပြားအား ထုတ်ယူလိုက်ပြီးနောက် ငါးလွှာရှိ ဧည့်ခန်းထဲတွင် ဝင်ထိုင်လိုက်တော့သည်။ ဤတစ်ကြိမ်တွင်မူ သူတို့အာ တတိယထပ်မှနေ၍ တိုက်ခိုက်၍ မရနိုင်တော့ချေ။ အကယ်၍ အကွာအဝေး နီးကပ်လွန်းနေပါက ပြန်လည်၍ တိုက်ခိုက်ခံရမည့် အန္တရာယ်အားလည်း စိုးရိမ်ရပြန်သည်။
ပဉ္စမထပ်မှ အကွာအဝေးမှာ အနေတော်ဖြစ်ကာ သူ၏ဘက်မှ ပစ်မှတ်အား ချိန်ရွယ်နိုင်သော်လည်း အောက်ဘက်မှ ပြန်လည် ပစ်ခတ်မှုများသည် သူ့ထံသို့ ရောက်ရှိနိုင်လိမ့်မည် မဟုတ်ပေ။
ထို့နောက်တွင် သူသည် စခရင်ပေါ်ရှိ မြင်ကွင်းများအား စတင်၍ ကြည့်ရှုလိုက်လေသည်။ ကျန်းရီ၏ သက်တော်စောင့်များသည် ဧည့်ခန်းမထဲ၌ သူတို့ စုဆောင်းထားသည့် အလောင်းများအား ခုတ်ထစ် ပိုင်းဖြတ် နေကြသည့် မြင်ကွင်းအား ရဲ့ရှင်းချန် စိတ်ဝင်တစား ကြည့်နေမိလေသည်။ ထို့နောက်တွင် ခုတ်ထစ်ထားသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများအား အပေါက်ဝတွင် တန်းစီနေကြသည့် အိမ်ရှင်များထံသို့ တစ်ယောက်ပြီး တစ်ယောက် ဝေငှ ပေးလိုက်ကြကုသည်။
ရဲ့ရှင်းချန်၏ မျက်နှာထက်ဝယ် စိတ်ဝင်စားဖွယ် အမူအရာတစ်ခု ပေါ်လာ ခဲ့တော့သည်။ တစ်ဖက်တွင် ကျန်းရီမှာ အတော်လေး ပါးနပ်သည်ဟု တွေးမိသော်လည်း အခြားတစ်ဖက်တွင်မူ ရွံရှာဖွယ် ကောင်းလှသည်ဟု ခံစားနေရပြန်သည်။ တန်းစီနေကြသည့် ထိုလူများအား ကြည့်ရင်း ရယ်စရာ ကောင်းလှသည်ဟု သူ၏စိတ်ထဲတွင် တွေးနေမိတော့သည်။
ကျန်းရီသည် သူတို့အား အခမဲ့ပေးကမ်းနေသည့် "အစားအစာ" များမှာ ယခင် အချိန်များတွင် သူတို့ကိုယ်တိုင် သယ်ဆောင် လာပေးခဲ့ကြသည့် အလောင်းများ ဖြစ်နေလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်ထားကြမည် မဟုတ်ချေ။ ကံဆိုးပါမူ သူတို့၏ မိသားစုဝင်များ ကိုယ်တိုင်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကိုပင် သူတို့ ပြန်လည် ရရှိသွားနိုင်ချေ ရှိနေသေးသည်။
ဤကျန်းရီဆိုသူမှာ အတော်လေး ပါးနပ်လှပေသည်။ ဤလှည့်ကွက်သည် သူ၏ ကိုယ်ပိုင်ရိက္ခာများအား လျော့ကျသွားစေခြင်း မရှိသည့်အပြင် လူများ၏ ယုံကြည် ကိုးစားမှုကိုပါ ရရှိစေနိုင်ပြီး လူများအားလုံး သူ၏ အမြောက်စာအဖြစ် အသုံးတော် ခံလာစေရန် စွမ်းဆောင်နိုင်ခဲ့သည် မဟုတ်ပါလော။
ထိုအခိုက်တွင် ရဲ့ရှင်းချန်ထံသို့ သတင်းအချို့ ဝင်ရောက်လာခဲ့သည်။ ထိုသည်မှာ လုံခြုံရေးဝန်ထမ်း ကျောက်ဟောင်ထံမှ ဖြစ်ပေသည်။
"ညီလေးရဲ့ မြန်မြန် ပစ္စည်းတွေ သိမ်းပြီး ထွက်ပြေးတော့ သူတို့တွေ လက်နက်တွေ ကိုယ်စီကိုင်ပြီး မင်းဆီကို လာနေကြပြီ"
ရဲ့ရှင်းချန်၏ ရင်ထဲတွင် အနည်းငယ် နွေးထွေးသွားမိလေသည်။ ကျောက်ဟောင် အပေါ် သူထားရှိသော အမြင်များသည်လည်း ပိုမို၍ ကောင်းမွန်လာခဲ့သည်။ ဤကဲ့သို့သော အချိန်ကာလမျိုး၌ လူကောင်းတစ်ယောက် ရှိနေသေးသည်ဆိုသည်မှာ ယုံကြည်ရန်ပင် ခက်ခဲလှသည် မဟုတ်ပါလား။
သူသည် ပြုံးလိုက်မိရင်း ပြန်ပြောလိုက်လေသည်။
"ရပါတယ် အစ်ကိုကျောက် စိတ်မပူပါနဲ့ ကျွန်တော် ကိုယ့်ဟာကိုယ် ဖြေရှင်းနိုင်ပါတယ်"
ကျောက်ဟောင်သည် ခေတ္တမျှ တိတ်ဆိတ်သွားတော့သည်။ ရဲ့ရှင်းချန် အနေဖြင့် ယခုအချိန်မှ ထွက်ပြေးရန်မှာ နောက်ကျသွားပြီ ဖြစ်ကြောင်းကို သူ သဘောပေါက် သွားပုံရလေသည်။ ထို့ပြင် ယခုအချိန်၌ အပြင်သို့ ထွက်ပြေးသည်ထက် အိမ်ထဲတွင် နေခြင်းကပင် ပို၍ပင် လုံခြုံနိုင်သေးသည်။ အဘယ်ကြောင့်ဆိုသော် အိမ်တိုင်းရှိ လူများသည် သူ့အား စောင့်ကြည့် နေကြသောကြောင့်ပင် ဖြစ်သည်။