← Chapters

မကျိုးပေါက်နိုင်သော တံခါး

Vol. 4 Ch. 48

မကျိုးပေါက်နိုင်သော တံခါး

Vol. 4 Ch. 48

ကျောက်ဟောင်တွင် ရွေးချယ်စရာ မရှိတော့သဖြင့် ရဲ့ရှင်းချန်ထံသို့ နောက်ထပ် စာတစ်စောင် ထပ်ပို့လိုက်ရတော့သည်။

"ဒီတစ်ကြိမ်မှာ မင်း အသက်ရှင်နိုင်ဖို့ ငါ တကယ် မျှော်လင့်ပါတယ် တောင်းပန်ပါတယ် ညီလေးရဲ့ရယ် ဒီတစ်ခါတော့ ငါ မင်းကို ကူညီနိုင်မှာ မဟုတ်လောက်ဘူးကွာ"

ကျောက်ဟောင်သည် အလွန်တရာ ရှက်ရွံ့နေမိလေသည်။ အမှန်တွင် သူသည် ရဲ့ရှင်းချန် အပေါ် ကြီးမားလှသော ကျေးဇူးကြွေး တင်နေခဲ့သည် မဟုတ်ပါလော။

ထိုအချိန်တွင် သူ တာဝန်ကျနေစဉ် ရဲ့ရှင်းချန်သည် ကားအပြည့် ပစ္စည်းများအား အိမ်သို့ အဘယ်ကြောင့် သယ်ဆောင်နေ သနည်း ဟူသည်အား သိချင်စိတ်ဖြင့် မေးမြန်းခဲ့မိလေသည်။ ရဲ့ရှင်းချန်သည် ရိက္ခာများအား ပိုမိုကာ သိုလှောင်ထားရန် လိုအပ်ကြောင်း သူ့အား လေးလေးနက်နက် သတိပေးခဲ့လေသည်။

ထို့ကြောင့်ပင် ကျောက်ဟောင်သည် သူ၏ အိမ်သို့ ပြန်ရောက်သောအခါ သူ၏ မိသားစုတွင် စားနပ်ရိက္ခာများ ကုန်လုနီးပါး ဖြစ်နေပြီ ဖြစ်ကြောင်းအား သတိထားမိသွားခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် သူသည် စူပါမားကတ်သို့ ပြေးသွားကာ ခေါက်ဆွဲခြောက်များနှင့် ဝက်ပေါင်ခြောက်များကဲ့သို့သော ပစ္စည်းများအား အပြေးအလွှား ဝယ်ယူ သိုလှောင်ခဲ့လေသည်။

ထိုအချိန်တွင် ပစ္စည်းများ ဈေးချ ရောင်းချသည့် ကာလဖြစ်ရာ ကျောက်ဟောင်သည် နှစ်သစ်ကူး ကာလတွင် မြောက်ပိုင်းရှိ သူ၏ မွေးရပ်မြေသို့ ပြန်လည်ရောက်ရှိပါမူ ဆွေမျိုး မိတ်ဆွေများအတွက် လက်ဆောင်ပေးရန် ရည်ရွယ်၍ အင်္ကျီထူထူများနှင့် ဆောင်းတွင်းဝတ် အင်္ကျီအချို့ကိုပါ ဈေးချထားသည့် ဈေးနှုန်းများဖြင့် ဝယ်ယူခဲ့မိလေသည်။

အကယ်၍ ထိုအချိန်တွင်သာ ရဲ့ရှင်းချန်၏ သတိပေးမှုသာ မရှိခဲ့ပါမူ ကျောက်ဟောင်သည် အခြားလူများ နည်းတူ ဤမျှ ပြင်းထန်လှသည့် ရာသီဥတုကြီးထဲတွင် အအေးဒဏ်နှင့် ငတ်မွတ်မှုဒဏ် တို့အား ခံစားရကာ သေဆုံးသွားခဲ့ရမည်မှာ အသေအချာပင် ဖြစ်ချေသည်။

ရဲ့ရှင်းချန်၏ ကျေးဇူးကြောင့်သာ သူ၏ လက်ရှိ နေထိုင်မှု အဆင့်အတန်းမှာ သာမန်လူများနှင့် နှိုင်းယှဉ်ပါက ချမ်းသာ ကြွယ်ဝသည်ဟုပင် ဆိုနိုင်လေသည်။ သူသည် ရဲ့ရှင်းချန်၏ လက်ရှိ အခြေအနေအား သွားရောက် ကြည့်ရှုသင့်မသင့် မကြာခဏ တွေးတောနေမိသော်လည်း ရဲ့ရှင်းချန်တွင် ရိက္ခာများစွာ သိုလှောင်ထားသည်အား သတိရလိုက်တိုင်း အနည်းငယ် စိတ်အေးသွားခဲ့ရလေသည်။

သို့သော် ယခုအခါ လူအများအပြားသည် ရဲ့ရှင်းချန်၏ အိမ်သို့ တိုက်ခိုက်ကြတော့မည်အား မြင်တွေ့လိုက်ရသောအခါ ကျောက်ဟောင်မှာ စိုးရိမ် ပူပန်မိသော်လည်း မည်သို့မှ မတတ်နိုင်ခဲ့ချေ။ သူ၏နေအိမ်မှာ နှင်းများ ဖုံးလွှမ်းလုနီးပါး ဖြစ်နေခဲ့ကာ အပြင်သို့ပင် ထွက်၍မရနိုင်တော့ချေ။

"အစ်ကိုကျောက် အစ်ကိုက သူတို့နဲ့ မပူးပေါင်းတာကိုပဲ ကျွန်တော့်အပေါ် အများကြီး ကောင်းနေပါပြီဗျာ"

ဟု ရဲ့ရှင်းချန်မှ တည်ငြိမ်စွာ ပြန်ပြောလိုက်လေသည်။

"ရပါတယ် အစ်ကိုရာ အိမ်ထဲမှာပဲနေပါ ကျွန်တော့်အတွက် စိတ်ပူစရာမလိုပါဘူး"

ကျောက်ဟောင်သည် အမှန်တကယ်ပင် သဘောထား ပြည့်ဝသူ တစ်ဦး ဖြစ်သည်။ ရဲ့ရှင်းချန်သည် ယခင်ဘဝတွင် ကျောက်ဟောင် သေဆုံးခဲ့ရသည့် အကြောင်းရင်းအား ဖြည်းဖြည်းချင်း ပြန်လည်၍ သတိရလာခဲ့သည်။ လီအန်းရန် ငတ်မသေစေရန် အတွက် သူ၏ ရိက္ခာအားလုံးအား လီအန်းရန်အား ပေးအပ်ခဲ့ခြင်းကြောင့် နောက်ဆုံးတွင် သူကိုယ်တိုင် ငတ်မွတ်၍ သေဆုံးသွားခဲ့ရခြင်း ဖြစ်ပေသည်။

အစ်ကိုကျောက်နှင့် အတန်ကြာ စကားပြောပြီးနောက်တွင် ရဲ့ရှင်းချန်မှ ထပ်မံ၍ ပြန်စာမပို့တော့ချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ မှတ်ဉာဏ်ထဲရှိ ကျောက်ဟောင်မှာ လူကောင်းတစ်ယောက် ဖြစ်သော်ငြားလည်း သူနှင့် များများစားစား ရင်းနှီး ကျွမ်းဝင်ခဲ့ဖူးခြင်း မရှိချေ။ အခြားသူများအား သတိထား ရမည်သာ ဖြစ်သည်။ ရဲ့ရှင်းချန်အနေဖြင့် ကျောက်ဟောင်အပေါ် သတိလက်လွတ် နေ၍ မဖြစ်နိုင်ပေ။

မကြာမီတွင် ရဲ့ရှင်းချန် ဧည့်ခန်းထဲ၌ လေ့ကျင့်ခန်း လုပ်ရင်း ချွေးထွက်နေစဉ် အခန်းထဲရှိ အချက်ပေးသံ မြည်လာခဲ့လေတော့သည်။ ထိုလူများ ရောက်လာကြပြီ ဖြစ်ချေပြီ။

သူသည် တက်ဘလက်အား တည်ငြိမ်စွာ ထုတ်ယူလိုက်ပြီး နောက် လုံခြုံရေး ကင်မရာနှင့် ချိတ်ဆက်ကာ ရေချိုးကန်ထဲသို့ ရေများ ထပ်မံ၍ ဖြည့်တင်းလိုက်သည်။

လူအုပ်ကြီးသည် အရပ်မျက်နှာ အသီးသီးမှ ရောက်ရှိလာကြပြီး ရဲ့ရှင်းချန်၏အိမ်အား ဝန်းရံလိုက်ကြတော့သည်။ သစ်သားပြားများအား အသုံးပြု၍ ပွယောင်းနေသည့် နှင်းပြင်ပေါ်သို့ ဖိနှင်းလျှက် လျှောက်လာကြကုန်သည်။

အပြင်ဘက်တွင် မည်းမှောင်နေခဲ့ကာ လူအုပ်ကြီး၏ ရှေ့ဆုံးမှ ဦးဆောင်လာသူ အနည်းငယ်မှာမူ ရဲ့ရှင်းချန် အပေါ်ထပ်မှ ရေပက်ချမည်အား ကြိုတင် ကာကွယ်သောအားဖြင့် ထီးများကိုပင် ဂရုတစိုက် ဆောင်း လာခဲ့ကြသေးသည်။

တံခါးအား အတင်းအဓမ္မ ထုရိုက်ဖျက်ဆီးနေကြသည့် အသံများမှာ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့တော့သည်။ သို့သော် ရဲ့ရှင်းချန်မှာမူ ရေချိုးကန်ထဲတွင် ဇိမ်ကျကျ လှဲလျောင်းရင်းဖြင့် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ရေချိုးဆပ်ပြာရည်များအား သုတ်လိမ်းနေလိုက်တော့သည်။ အပြင်ဘက်မှ လူအုပ်ကြီးသည် သူ၏အိမ်အား လာရောက် ဖျက်ဆီးနေကြသည်ဟုပင် မထင်ရလောက်အောင် သူ၏ ပုံစံသည် အလွန်တရာ အေးဆေး တည်ငြိမ်နေခဲ့သည်။

ရဲ့ရှင်းချန်သည် စခရင်ပေါ်တွင် ရှာဖွေ ကြည့်လိုက်ရာ မာချောင်းဝမ်နှင့် အခြားလူများ ထိုနေရာတွင် မရှိနေကြောင်းအား တွေ့လိုက်ရတော့သည်။ တံခါးဝသို့ ကပ်လုနီးပါး ရောက်နေကြသည့် လူများအား ကြည့်လိုက်ရင်းဖြင့် မာချောင်းဝမ်နှင့် သူ၏အဖွဲ့သားများသည် သူ၏အိမ်ထဲရှိ အခြေအနေများအား မည်သူ့ကိုမျှ ပြောပြထားခြင်း မရှိကြောင်းကို ရဲ့ရှင်းချန် ပို၍ပင် သေချာသွားစေခဲ့သည်။

မာချောင်းဝမ်သည် ဤလူများအား အမြောက်စာအဖြစ် အသုံးချကာ ရဲ့ရှင်းချန်၏ လက်နက်များနှင့် စွမ်းအင်များအား ကုန်ခမ်းသွားစေရန် အတွက် ရည်ရွယ်ထားသည်မှာ ထင်ရှားနေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူသည် အိမ်ပြန်ရောက် ပြီးနောက် စဉ်းစား ကြည့်လိုက်လေရာတွင် ရဲ့ရှင်းချန်၌ သူတို့ အနည်းငယ်အား ရင်ဆိုင်နိုင်သည့် လက်နက်များ ရှိနေသော်ငြားလည်း လူအများအပြားအား ရင်ဆိုင် နိုင်လောက်အောင် လက်နက်များစွာ ရှိနေမည်ဟု မဆိုလိုကြောင်း ကောက်ချက်ချ မိသောကြောင့်ပင် ဖြစ်သည်။

လူအရေအတွက် များပြားနေခြင်းဖြင့် ရဲ့ရှင်းချန်မှ ပြန်လည်၍ မခုခံနိုင်တော့သည့် အချိန်ထိ စောင့်ဆိုင်းကာ သူသည် အေးအေး ဆေးဆေး ဝင်ရောက်ကာ အကျိုးအမြတ်များအား ခံစားနိုင်မည် ဖြစ်ပေသည်။ ထို့ပြင် ထိုလူများ ပို၍ သေဆုံးလေလေ သူ ရရှိမည့် အရင်းအမြစ်များအား ပို၍ ရရှိနိုင်လေလေ မဟုတ်ပါလော။

ရဲ့ရှင်းချန်၏ လက်ထဲတွင် စွမ်းအင်များ အလုံအလောက် ရှိနေသောကြောင့် အသုံးပြုရန် ဝန်လေးနေလိမ့်မည် မဟုတ်ချေ။ သူသည် မည်သို့မျှ တွေးတောကာ စဉ်းစား တွေဝေမနေတော့ဘဲ ဗို့အားမြင့် လျှပ်စစ်ခလုတ်အား နှိပ်ချလိုက်တော့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် အပြင်ဘက်မှ စူးစူးဝါးဝါး အော်ဟစ်သံများသည် အသံဖမ်းစက် မှတစ်ဆင့် ရဲ့ရှင်းချန်၏ နား အတွင်းသို့ ဝင်ရောက်လာတော့သည်။ သူသည် လက်အား မြှောက်လျှက် နားကိုပင် ကလော် လိုက်သေးသည်။

တံခါးအား အပြင်းအထန်ဆုံး ထုရိုက်နေခဲ့ကြသည့် လူအနည်းငယ်မှာ ချက်ချင်းပင် တံခါး၌ ကပ်ငြိ သွားကြပြီးနောက် လှုပ်ရှား၍ပင် မရနိုင်တော့ချေ။ သူတို့၏အနောက်ရှိ လူများမှာ အလွန်တရာ ထိတ်လန့်သွားကြကာ အော်ဟစ်လျှက် ထွက်ပြေးကုန်ကြတော့သည်။ မီးခိုးများ တအိအိထွက်နေသည့် ထိုလူများ၏ အနီးသို့ မည်သူကမျှ မကပ်ရဲကြတော့ချေ။

"မြန်မြန်ပြေး ဝေးဝေးကို သွားပုန်းကြ"

"သစ်သားတုတ် သစ်သားတုတ်တွေ ယူကြ သူတို့ ဓာတ်လိုက်သွားကုန်ကြပြီ"

စက္ကန့် အနည်းငယ် ကြာပြီးနောက် ရဲ့ရှင်းချန်မှ ခလုတ်အား ပိတ်လိုက်လေသည်။ လူ ကိုးယောက်ခန့်သည် ကျစ်လျစ်စွာ နင်းချေထားသည့် နှင်းပြင်ပေါ်သို့ လဲကျသွားကြကုန်တော့သည်။

သူတို့၏ခန္ဓာကိုယ်များမှာ မည်းနက် ကျွမ်းနေပြီ ဖြစ်ကာ မီးခိုးများ ထောင်းထောင်းထနေလျှက် တူးခြစ်နေသည့် အသားကင်နံ့ကြီးမှာ လေထုထဲတွင် ပျံ့လွင့်လာခဲ့သည်။

စက္ကန့် အနည်းငယ် ကြာသွားသော်လည်း ထိုသူများ အသက်ရှင် နေသေးသလား ဆိုသည်အား စစ်ဆေးရန် မည်သူကမျှ ခြေတစ်လှမ်းပင် ရှေ့မတိုးရဲကြချေ။ လူတိုင်း၏ မျက်နှာပေါ်တွင် အကြောက်တရားများ လွှမ်းမိုးနေကြတော့သည်။ လူအုပ်ထဲရှိ အမျိုးသမီးအချို့မှာ အော့အန်ခြင်းအား မထိန်းနိုင်တော့ဘဲ ခါးကိုကိုင်းလျှက် အန်ချကြတော့သည်။

သို့သော်လည်း သူတို့၏ အစာအိမ်ထဲတွင် မည်သည့် အစာမှ မရှိသည့် အတွက်ကြောင့် အစာအိမ်မှ အက်ဆစ်များကိုသာ အန်ထုတ်နိုင်ကြပေသည်။ ဓာတ်လိုက်ခံရသူများ၏ မျက်လုံးများမှာ ပြူးထွက်နေပြီး ခန္ဓာကိုယ်များမှာ ပုံပျက် ပန်းပျက်ဖြစ်ကာ မျက်နှာများမှာလည်း ကြောက်မက်ဖွယ် ကောင်းလောက်အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတော့သည်။

လူအုပ်ထဲမှ အချို့မှာ ကြောက်လန့်တကြား ထွက်ပြေးရန် ပြင်လိုက်ကြသည်။ လူအုပ်ထဲမှနေ၍ နောက်လှည့်၍ ထွက်ခွာရန် ပြင်လိုက်သောအခါ ကျန်းရီ၏ လူများသည် အပြင်ဘက် အလွှာ အဆုံးမှနေ၍ သူတို့အား ဝန်းရံ ပိတ်ဆို့ထားပြီး ဖြစ်ကြောင်း တွေ့လိုက်ရတော့သည်။ သူတို့အားလုံး ဓားများ ကိုယ်စီ ကိုင်ဆောင်ထားကြက ရဲ့ရှင်းချန်၏ အိမ်အပြင်ဘက်တွင် ပိတ်ဆို့ထားကြလေတော့သည်။

ထိုအခိုက်တွင် မာချောင်းဝမ်နှင့် ကျန်းရီတို့ မည်သည့်အချိန်တွင် ရောက်ရှိလာကြသည်အား မသိဘဲ လူအုပ်ကြီး၏ အပြင်ဘက်တွင် အေးစက် ခက်ထန်လှသည့် မျက်နှာထားများဖြင့် ရပ်နေကြသည်ကိုသာ ရဲ့ရှင်းချန် သတိပြုမိလိုက်လေသည်။

အချို့လူများသည် နောက်ဆုတ်လျှက် ထွက်ပြေးရန် ရည်ရွယ်နေကြသည်အား မြင်သောအခါ မာချောင်းဝမ်မှ ချက်ချင်းပင် လှုံ့ဆော်မှုများ စတင်၍ ပြုလုပ်လေတော့သည်။

"ဒီ ခွေးကောင် ရဲ့ရှင်းချန်က တကယ့် တိရစ္ဆာန်ပဲ သူ့အိမ်မှာ ဒီလောက် အရင်းအမြစ်တွေ အများကြီးရှိနေတာကို ငါတို့ကို နည်းနည်းလေးတောင် မဝေမျှချင်ဘူး သူက လူကိုတောင် သတ်ရဲတယ်ပေါ့လေ"

"ညီအစ်ကိုတို့ တိုက်ကြ ဒီအဆောက်အအုံကို ငါတို့ သိမ်းကိုသိမ်းရမယ် သေသွားတဲ့ ညီအစ်ကိုတွေ အတွက် လက်စားချေရမယ်"

"အားလုံးပဲ မကြောက်ကြနဲ့ သစ်သားတုံးတွေနဲ့ပဲ ထုကြ ငါတို့လာတုန်းက သစ်သားတုတ်တွေနဲ့ သစ်သားပြားတွေ အများကြီး ယူလာခဲ့ကြတာပဲ ဒါတွေရှိရင် ဗို့အားမြင့် လျှပ်စစ်ကို ဘယ်သူမှ ကြောက်စရာမလိုတော့ဘူး"

"သူ့ဆီမှာ လှည့်ကွက်တွေ သိပ်မကျန်တော့ဘူး သူလည်း အကြံကုန်နေလောက်ပြီ အားလုံးပဲ တိုက်ကြစမ်း"

"ဒီအဆောက်အအုံကိုသာ ငါတို့ သိမ်းပိုက်နိုင်ရင် နောင်ကို အအေးဒဏ်နဲ့ ငတ်မွတ်တဲ့ဒဏ်တွေကို ခံစားရတော့မှာ မဟုတ်ဘူး ငါတို့အားလုံး ပုံမှန်ဘဝတွေကို ပြန်ရောက်နိုင်ပြီကွ"

မာချောင်းဝမ်၏ စကားများသည် လူတိုင်း၏ တိုက်ခိုက်လိုစိတ်အား အောင်မြင်စွာ ပြန်လည်၍ မီးမွှေးပေးနိုင်ခဲ့ပေသည်။ သူသည် အဘယ်ကြောင့်များ သစ်သားများအား အချိန်ကိုက် ယူဆောင် လာခဲ့ရသနည်း ဆိုသည်အား မည်သူကမျှ တွေးတော မနေကြတော့ချေ။

သူတို့သည် အပြင်ဘက်တွင် တိုက်ခိုက်နေကြစဉ် ရဲ့ရှင်းချန်သည် သူ၏ ခန္ဓာကိုယ်အား ခြောက်သွေ့အောင် သုတ်လိုက်ပြီးနောက် လတ်ဆတ်လှသည့် ငှက်ပျောသီး တစ်လုံးအား ကိုင်၍ ထွက်လာခဲ့တော့သည်။ စားသောက် ပြီးနောက်တွင် အပေါ်ထပ်သို့ပင် တက်သွားလိုက်ကာ ယခင်တွင် သူပစ်ခတ်ထားခဲ့သည့် အပေါက် ငယ်လေးထဲ မှတစ်ဆင့် ငှက်ပျောခွံအား လူအုပ်ထဲသို့ ပစ်ချလိုက်လေတော့သည်။

"တောက် ဒါက ဘာခွေးချေးလဲ"

အချို့လူများမှာ တိုက်မိသည့် အရှိန်ကြောင့် မူးဝေသွားကြသော်လည်း သူတို့ နင်းမိလိုက်သည့် အရာမှာ အေးခဲနေသည့် ငှက်ပျောခွံ ဖြစ်နေသည်အား မြင်လိုက်ရချိန်တွင် အံ့ဩ မှင်တက် သွားကြကုန်တော့သည်။

"မင်း@!)*E#^ ပဲ ရဲ့ရှင်းချန် ငါတို့က ဒီမှာ တံခါးကို အသေအလဲ ထုနေကြချိန်မှာ သူကတော့ ငှက်ပျောသီး စားနေတယ်ပေါ့လေ"

ဤတစ်ကြိမ်တွင်မူ ရဲ့ရှင်းချန်အား ဝန်းရံထားသည့် လူအုပ်ကြီးမှာ ပို၍ပင် ဒေါသထွက် သွားကြတော့သည်။ သူတို့သည် ကျိန်ဆဲရင်းဖြင့် တံခါးအား ပို၍ ပြင်းထန်စွာ ထုနှက်ကြကုန်တော့သည်။

သို့သော်လည်း အချိန်အတော် ကြာပြီးသည့်တိုင် သံမဏိတံခါးကြီးမှာ အနည်းငယ်မျှပင် ပိန်ချိုင့်သွားခြင်းမရှိသည်အား လူများ သတိပြုမိသွားကြတော့သည်။ တံခါးပေါ်တွင် အတိမ်အနက် မညီသော ခြစ်ရာများသာ ကျန်ရစ်ခဲ့လေသည်။

"ဒါ ဒါ ဘယ်လိုတံခါးမျိုးလဲ ဘာလို့ ဒီလောက်တောင် ခိုင်ခံ့နေရတာလဲ"

"ဘုရားရေ ဒီအရှိန်နဲ့ဆို ဘယ်တော့မှ ဒီတံခါးကို ဖျက်နိုင်မှာလဲ"

All Chapters