← Chapters

အသေအပျောက် များခြင်း

Vol. 4 Ch. 49

အသေအပျောက် များခြင်း

Vol. 4 Ch. 49

လူတိုင်း၏ စိတ်နှလုံး အတွင်း အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အနုတ် ၆၀ မှ ၇၀ ဒီဂရီ စင်တီဂရိတ် အတွင်းရှိ နေသည့် အပူချိန်၌ တံခါးကိုလည်း ထုနှက်နေရသဖြင့် သူတို့သည် အလွန်တရာ ဆာလောင် မွတ်သိပ် နေကြပြီး ဖြစ်သည်။ အချိန်တို အတွင်းမှာပင် အချို့သူများ၏ မျက်လုံးထဲတွင် ကြယ်လေးများပင် မြင်ကာ လည်လာကြတော့သည်။

။

သူတို့သည် အခြားသူများအားလည်း အလှည့်ကျ ဝင်ရောက် ထုနှက်ခိုင်းရန် မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။

ထိုစဉ် ဘဏ်တစ်ခု၌ မန်နေဂျာ အဖြစ် လုပ်ကိုင်ခဲ့ဖူးသူ တစ်ယောက်သည် တံခါးအား သစ်သားတုတ်ဖြင့် ထိုးကြည့်လိုက်လေသည်။ အချိန်အတန်ကြာ စိုက်ကြည့်နေပြီးနောက် သူသည် တုန်ယင်နေသည့် အသံဖြင့် အော်ပြောလိုက်လေတော့သည်။

"ဒါ ဒါက ဘဏ်က ငွေတိုက်တွေမှာ သုံးတဲ့ သူခိုးကာကွယ်ရေး တံခါးကြီးကွ"

လာရောက်လုယက်သူ အိမ်နီးချင်းများသည် ထိုစကားအား ကြားလိုက်ရချိန်တွင် အကြီးအကျယ် စိတ်ဓာတ်ကျ သွားကြတော့သည်။ ဤမျှ သေးငယ်သည့် လုံခြုံရေးတံခါးကိုပင် ဖျက်ဆီးရန် အဘယ်ကြောင့် ထိုမျှလောက် အားထုတ်နေရသနည်း ဆိုသည်အား သူတို့ ယခုမှပင် သဘောပေါက် သွားကြလေတော့သည်။ အမှန်တကယ်တွင် ဤကဲ့သို့သော တံခါးမျိုးအား ဗုံးဖြင့် ဖောက်ခွဲလျှင်ပင် ပွင့်ချင်မှ ပွင့်မည် မဟုတ်ပါလား။

ထိုအချိန်တွင် ရဲ့ရှင်းချန်သည် အဝတ်အစားများ သေချာ ဝတ်ဆင် ပြီးနောက် အပေါ်ထပ်၌ ဒူးလေးအား တပ်ဆင်လိုက်ကာ စတင်၍ ချိန်ရွယ်နေခဲ့ပြီ ဖြစ်သည်။

သူသည် အသံဖလှယ်နိုင်သည့် စက်အား ဖွင့်လိုက်ပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်တော့သည်။

"မင်းတို့ လုပ်လို့ပြီးကြပြီမလား အခု ငါ့အလှည့်ရောက်ပြီပေါ့"

အပြင်ဘက်ရှိ မည်းမှောင်နေသည့် လူအုပ်ကြီးအား ကြည့်ရင်းဖြင့် သူသည် သေသေချာချာ ချိန်ရွယ်ရန်ပင် စိတ်မဝင်စားတော့ချေ။ မည်သို့ပင် ဆိုစေကာမူ လူအရေအတွက်သည် အလွန် များပြားနေသဖြင့် မည်သို့ပင် ပစ်သည် ဖြစ်စေ ထိမည်မှာ အသေအချာပင် ဖြစ်ချေသည်။

အပြင်ဘက်ရှိ လူများသည် တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင် သူသည် သံချေး တက်နေသည့် သံမြှားအချို့အား ပစ်လွှတ်လိုက်ပြီး ဖြစ်လေသည်။ လေအား ခွဲထွက်သွားသည့် အသံများနှင့်အတူ လူအုပ်ထဲမှ လူများသည် တစ်ယောက်ပြီး တစ်ယောက် လဲကျသွားကြကုန်တော့သည်။

"အားလုံးပဲ လူစုခွဲကြ သူ့ဆီမှာ လက်နက်ရှိတယ်ဟေ့"

အောက်ဘက်ရှိ လူများမှာ အလွန်တရာ ထိတ်လန့်သွားကြကာ အော်ဟစ်လျှက် အပြင်သို့ ပြေးထွက်ရန် ကြိုးစားကြသော်လည်း ကျန်းရီ၏ လက်အောက် ငယ်သားများမှ တားဆီးထားကြလေသည်။

"ဖယ်ကြစမ်း လမ်းဖယ်ပေး"

တစ်ခဏ အတွင်းမှာပင် အပြင်ဘက်၌ ဖရိုဖရဲ ဖြစ်သွား ကြကုန်တော့သည်။ အချို့မှာမူ မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် အခြားသူများ၏ နင်းခြေခြင်းကို ခံလိုက်ရလေတော့သည်။ အချို့မှာ ကျန်းရီ၏ လူများနှင့် ပဋိပက္ခ ဖြစ်ပွားရာမှ ဒဏ်ရာများပင် ရရှိသွားကြတော့သည်။

"မင်းတို့က ဘာလို့ ပြေးနေကြတာလဲ သူက တစ်ယောက်တည်းပဲလေ သူ့ဆီမှာ လက်နက် ရှိတယ်ဆိုရင်တောင် ဘယ်လောက် များများ ရှိနိုင်မှာမို့လို့လဲ"

"အရင်ဆုံး ထွက်ပြေး ရဲတဲ့ကောင်ကို ငါကိုယ်တိုင် သေနတ်နဲ့ ပစ်သတ်မယ် တိုက်ကြစမ်း"

ကျန်းရီသည် သူ၏ အိတ်ကပ်ထဲမှ သေနတ် တစ်လက်အား ထုတ်ယူလိုက်ပြီးနောက် သံမြှားများ ထွက်ပေါ်လာရာ နေရာဆီသို့ မျက်လုံးများ ကျဉ်းမြောင်းကာ ချိန်ရွယ်လိုက်လေတော့သည်။

ရဲ့ရှင်းချန်သည်လည်း ကျန်းရီအား သတိပြုမိပြီး ဖြစ်ပေသည်။ ကျန်းရီမှ ပစ္စတိုအား မြှောက်ကာ သူ့ထံသို့ ချိန်ရွယ်နေသည်ကို မြင်လိုက်ရသောအခါ ရဲ့ရှင်းချန်သည် လျင်မြန်စွာ တုံ့ပြန်လိုက်ကာ ဒူးလေးအား ပြန်လည်၍ ရုပ်သိမ်းလိုက်လေတော့သည်။ ထို့နောက် ဒိုင်းခနဲ အသံ နှင့်အတူ ပစ်ခတ်နေသည့် အပေါက်အား ပိတ်ချလိုက်လေသည်။

ဤနေရာတွင် ကျည်ကာမှန်များ တပ်ဆင်ထားသည် ဆိုသော်ငြားလည်း ကျန်းရီ၏ သေနတ်ပစ် စွမ်းရည်သည် သူ့အား အမှန်တကယ် ထိမှန်နိုင်မည် မထိမှန်နိုင်မည်အား မည်သူက သိနိုင်လိမ့်မည်နည်း။ ရဲ့ရှင်းချန်သည် သူ၏ ကိုယ်ပိုင်လုံခြုံရေးအား အလောင်းအစား လုပ်လိမ့်မည် မဟုတ်ပေ။

သူသည် ဒူးလေးအား လက်တွင် ကိုင်ထားလျှက် အခန်းငယ်လေး၏ တံခါးအား မဆိုင်းမတွပင် သော့ခတ် လိုက်လေတော့သည်။ ထို့နောက် သူ၏ အခန်းထဲသို့ ပြန်ဝင်လာပြီးနောက် အဝတ်အစားများအား ချွတ်ရန် ပြင်လိုက်လေသည်။

ရဲ့ရှင်းချန်မှ သူတို့အား ထပ်မံ၍ တိုက်ခိုက်နိုင်ခြင်း မရှိတော့သည်ကို မြင်လိုက်ရသောအခါ အပြင်ဘက်ရှိ ဖရိုဖရဲ အခြေအနေများ ရပ်တန့်သွားကုန်တော့သည်။ လူတိုင်းမှာလည်း ထိုအခါမှသာလျှင် သက်ပြင်း ချနိုင်သွားကြ ကုန်တော့သည်။

ထိုနေရာ တစ်ဝိုက်တွင် အလွန်တရာ ရှုပ်ပွနေခဲ့ကာ လူအများအပြားသည်လည်း အတိမ်အနက် မညီသည့် မြှားဒဏ်ရာများအား ရရှိထားကြသေးသည်။ အရေးကြီးသည့် အင်္ဂါအစိတ်အပိုင်းများကို ထိမှန်သွားသူ အချို့မှာမူ ပွဲချင်းပြီး သေဆုံးသွားကြလေတော့သည်။

အောက်ဘက်ရှိ လူအများသည် အံကြိတ်လျှက် မြှားခေါင်းများအား ဆွဲနှုတ်လိုက်ချိန်တွင် မြှားခေါင်းများ၌ သံချေးများ အပြည့် ဖုံးလွှမ်းနေသည်အား တွေ့လိုက်ရချိန်၌ ကျိန်ဆဲသံများ ထပ်မံ၍ ထွက်ပေါ်လာပြန်သည်။ မည်သူကမျှ လူမိုက်များ မဟုတ်ကြချေ။ သံချေးတက်နေသည့် မြှားများဖြင့် ဒဏ်ရာရရှိပါမူ မည်သို့ အကျိုးဆက်များ ကြုံတွေ့ရမည်ကို အားလုံး နားလည် သိရှိ ထားကြလေသည်။

ကျိန်ဆဲသံများ ဆူညံနေသည့်ကြားမှပင် ရဲ့ရှင်းချန်သည် ရေခဲသေတ္တာအား ဖွင့်လျှက် ရေခဲစိမ်ထားသည့် သစ်သီးဖျော်ရည် တစ်ပုလင်းအား ထုတ်ယူလိုက်လေတော့သည်။

"အား အရသာရှိလိုက်တာကွာ"

အပြင်ဘက်မှ ကျိန်ဆဲသံများသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်နေခဲ့ပြီး ဖြစ်ကာ တစ်ယောက်ယောက်မှ စိုးရိမ်တကြီးဖြင့် အော်ပြောလိုက်သံကိုလည်း ကြားလိုက်ရသည်။

"ငါတို့ ဘာဆက်လုပ်ကြမလဲ လုံးဝ ဝင်တိုက်လို့ မရဘူးဖြစ်နေတယ် ညီအစ်ကိုတွေလည်း အများကြီး သေကုန်ပြီ"

ထိုအချိန်တွင် ဘေးမှနေ၍ အေးစက်စက် ကြည့်နေခဲ့သည့် မာချောင်းဝမ်သည် ထော့နဲ့ ထော့နဲ့ဖြင့် လျှောက်လာပြီးနောက် အော်ပြောလိုက်လေတော့သည်။

"အားလုံးပဲ မလောကြနဲ့ ငါ့မှာ နည်းလမ်းရှိသေးတယ်"

လူတိုင်းသည် သူ့ထံသို့ လှမ်းကြည့် လိုက်ကြတော့သည်။ မာချောင်းဝမ်သည် ရဲ့ရှင်းချန်၏ အိမ်နံရံအား လက်ဖြင့် ညွှန်ပြလိုက်ရင်းဖြင့် ကောက်ကျစ်စွာ ပြောဆိုလိုက်လေတော့သည်။

"သူ့တံခါးကို ဖွင့်ဖို့ မလွယ်ဘူးဆိုရင် တခြားနည်းလမ်း မရှိတော့ဘူးလား ငါတို့ သံမဏိကို မခွဲနိုင်ရင်တောင် ဘိလပ်မြေကိုတော့ မဖြိုနိုင်ဘဲ နေပါ့မလား သူ့တံခါးကို မဖွင့်နိုင်လည်း ကိစ္စမရှိဘူး အဆိုးဆုံးက သူ့အိမ်တစ်လုံးလုံးကို ငါတို့ ဖြိုချပစ်လိုက်ရုံပဲပေါ့"

လူတိုင်းသည် ထိုစကားအား ကြားလိုက်ရသောအခါ အံ့ဩ ဝမ်းသာစွာဖြင့် ခေါင်းညိတ် ထောက်ခံကြတော့သည်။ အဘယ်ကြောင့် သူတို့ ဤအချက်အား မတွေးမိခဲ့ကြလေသနည်း။

"ဟုတ်တာပေါ့ ငါတို့ နံရံကို ဖြိုလို့ရတာပဲ"

"ဟားဟား ဝင်ပေါက်ဆိုတာ အမြဲတမ်းရှိစမြဲပဲကွ"

"မြန်မြန် တူတွေ ယူခဲ့ကြ"

အခန်းအတွင်းရှိ ဆိုဖာပေါ်တွင် ထိုင်နေသည့် ရဲ့ရှင်းချန်သည် လုံခြုံရေးကင်မရာ မြင်ကွင်းများအား ကြည့်ရင်းဖြင့် မျက်ခုံးပင့် လိုက်မိလေသည်။ မာချောင်းဝမ်သည် ဘဏ္ဍာရေး နယ်ပယ်တွင် အမှန်တကယ်ပင် မြေခွေးအိုကြီး တစ်ကောင် ဖြစ်ပေသည်။ သူ၏ဉာဏ်ရည်မှာ အတော်လေး ကောင်းမွန်လှသည်။

သို့သော် နှမြောစရာကောင်းသည်မှာ သူတို့ တွေးမိနိုင်သည့် အရာများအား ရဲ့ရှင်းချန်မှ မည်သို့များ မတွေးမိဘဲ နေလိမ့်မည်နည်း။ အပြင်ဘက်ရှိ လူအုပ်ကြီးသည် သူတို့၏ ဖွဲ့စည်းပုံအား ထပ်မံ၍ ပြောင်းလဲလိုက်ကြပြန်သည်။ သူတို့ တစ်ဦးချင်းစီတိုင်းသည် တူ (သို့မဟုတ်) ပုဆိန်များအား ကိုင်ဆောင်ထားကြပြီးနောက် ရဲ့ရှင်းချန်၏ အခန်းနံရံအား အားကုန်လွှဲကာ ထုနှက်ကြတော့သည်။

နံရံပေါ်တွင် အက်ကွဲကြောင်းများ စတင်၍ ပေါ်ထွက်လာခဲ့တော့သည်။ အဖြူရောင်နှင့် မီးခိုးရောင် ပြာမှုန့်များသည် နှင်းများကြားတွင် လွင့်စင်လာပြီးနောက် ကြီးမားသည့် အပိုင်းအစကြီးများသည် နံရံပေါ်မှ ပြုတ်ကျလာခဲ့သည်။

ထိုမြင်ကွင်းအား မြင်လိုက်ရချိန်တွင် လူတိုင်း၏ လှုပ်ရှားမှုများမှာ ပိုမို၍ သွက်လက် လာကြတော့သည်။ သူတို့၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုများ အပြည့်အဝ ဖြစ်ပေါ်နေခဲ့ကြကာ ရဲ့ရှင်းချန်၏ စံအိမ်ကြီးအား မကြာမီ သိမ်းပိုက်နိုင်တော့မည်ဟု ခံစားနေကြလေသည်။

သူတို့သည် ပို၍ အားကုန်ထုတ်ကာ ထုနှက်ကြတော့သည်။ သို့ရာတွင် ရုတ်တရက် ကျယ်လောင်လှသော အသံကြီး တစ်သံ နှင့်အတူ စူးစူးဝါးဝါး အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာခဲ့ပေသည်။ နံရံအား ဖျက်ဆီးရန် ရှေ့ဆုံးမှ ပြေးဝင်သွားခဲ့သည့် လူသန်ကြီး တစ်ယောက်သည် မြေပြင်ပေါ်သို့ လဲကျ သွားပြီးနောက် ဟိုဘက်ဒီဘက် လူးလှိမ့်နေလေတော့သည်။

"နာလိုက်တာ နာလိုက်တာ ငါ့လက်"

လူတိုင်းသည် ခြေလှမ်း အနည်းငယ် နောက်ဆုတ် လိုက်ကြပြီးနောက် သူ၏ခန္ဓာကိုယ်အား စိုက်ကြည့်လိုက်ကြလေတော့သည်။ ထိုသူ ဝတ်ဆင်ထားသည့် လက်အိတ်များမှာ သွေးများ ရွှဲနစ်နေသည်အား မြင်လိုက်ကြရလေသည်။ သူ၏ အဝါရောင်လက်အိတ်များမှာ ယခုအခါတွင် နက်မှောင်သည့် သွေးနီရောင်များဖြင့် ဖုံးလွှမ်းနေလေပြီ ဖြစ်သည်။ စက္ကန့် ဆယ်ဂဏန်းပင် မပြည့်သေးချိန်၌ သူ၏လက်အိတ်များမှာ အေးခဲကာ မာတောင့်သွားပြီးနောက် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းနေခဲ့ပေသည်။

"ဒါ ဒါ ဘာဖြစ်သွားတာလဲ "

တစ်စုံတစ်ယောက်မှ ထိုသူ ထုနှက်ခဲ့သော နေရာရှိ ဖုန်မှုန့်များအား သွားရောက် ဖယ်ရှားကြည့်လိုက်သည်။ မြင်လိုက်ရသည့် အရာကြောင့် သူ၏ မေးရိုးများပင် ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့ရလေတော့သည်။

"ဒါ နံရံရဲ့ အတွင်းသားက တံခါးမှာ သုံးထားတဲ့ ပစ္စည်းနဲ့ တကယ် တူတူပဲလားကွာ"

လူတိုင်းသည် အလွန်တရာ အံ့အားသင့် သွားကြကာ အနီးသို့ကပ်လျှက် သွားကြည့်လိုစိတ်များ ဖြစ်ပေါ်လာကြကုန်သည်။ သူတို့ မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်ပေသည်။ အုတ်ချပ်များနှင့် အုပ်ကြွပ်ပြားများ၏ နောက်ကွယ်တွင် သတ္တုအရောင်များ တောက်ပနေခဲ့သည်။ ၎င်းမှာ သူခိုးကာကွယ်ရေး အတွက် ပြုလုပ်ထားသည့် တံခါးမျိုးတွင်သာ အသုံးပြုသည့် သတ္တု အမျိုးအစားပင် ဖြစ်ချေသည်။

"မင်းကတော့ ရူးနေပြီပဲ ဘယ်သူကများ ဒီလို ပစ္စည်းမျိုးကို နံရံဆောက်တဲ့ နေရာမှာ သုံးမှာလဲ"

"မဖြစ်နိုင်ဘူး ဒါက အရမ်း ပုံမှန် မဟုတ်တော့ဘူး"

အချို့လူများမှာ အရှုံးမပေးလိုသဖြင့် အခြား ထောင့်တစ်နေရာ မှနေ၍ နံရံအား ဆက်လက်၍ ထုနှက်ကြပြန်သည်။ သို့သော်လည်း မည်သည့်ထောင့်မှပင် ထုနှက်စေကာမူ ဤအိမ်တွင် မည်သည့် အားနည်းချက်ကိုမျှ ရှာမတွေ့နိုင်ကြောင်းကိုသာ သိရှိလိုက်ရလေတော့သည်။

ရဲ့ရှင်းချန်သည် စခရင်အား ကြည့်ရင်း နှုတ်ခမ်းအား တင်းတင်းစေ့လိုက်လေသည်။ သူ၏ မျက်နှာပေါ်တွင် ဇွဲလုံ့လ ကြီးမားသည့် အသွင်အပြင်များ ပေါ်လွင်နေခဲ့။

"ငါ့ရဲ့ ဒုတိယ ဘဝမှာတောင် ဒီလို ပြဿနာလေးကိုမှ မတွေးမိဘူး ဆိုရင်တော့ ငါလည်း မင်းတို့လက်ချက်နဲ့ ထပ်ပြီး သေသင့်နေပြီပေါ့ကွာ"

အပြင်ဘက်မှ ဆူညံသံများသည် နာရီဝက်ကျော်ခန့် ကြာမြင့်သွားပြီးနောက် ယခင်အချိန်တွင် လမ်းဖောက် လုပ်ရာ၌သာ ကြားရသည့် ဆူညံသံများနှင့်ပင် နှိုင်းယှဉ်နိုင်လေသည်။ သို့သော်လည်း ရဲ့ရှင်းချန်မှာမူ ထို ဆူညံသံများကိုပင် အနည်းငယ် သာယာနေမိလေသည်။ ဤအချိန်၌သာ လွန်ခဲ့သည့် အနှစ်နှစ်ဆယ်မှ သူ၏ဘဝအား ပြန်လည်၍ ခံစားနေရ သကဲ့သို့ ဖြစ်နေခဲ့သည်။

မာချောင်းဝမ်၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေခဲ့လေပြီ။ သူသည် အပူတပြင်း စိုးရိမ်ပူပန်နေမိတော့သည်။ အိမ်တစ်လုံးလုံးအား ဤကဲ့သို့သော ပစ္စည်းများဖြင့် တည်ဆောက် ထားရလောက်သည် အထိ ရဲ့ရှင်းချန်သည် ပုံမှန် မဟုတ်သူ တစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့မိချေ။

သူသည် အခြားသူများနှင့် မတူညီပေ။ သူသည် ဒဏ်ရာ ရထားသူ တစ်ဦး ဖြစ်သည်။ အကယ်၍ လူအများအပြားမှ ရဲ့ရှင်းချန်၏ စံအိမ်အား မသိမ်းပိုက်နိုင်ပါမူ သူသည် သေမည့်အချိန်ကို စောင့်နေရုံသာ ရှိပေတော့မည်။ မာချောင်းဝမ်သည် သူ၏နှုတ်ခမ်းများအား အတင်း ကိုက်ထားမိရာ သွေးများ ထွက်လာသည်ကိုပင် သတိမထား မိတော့ချေ။

"ရဲ့ရှင်းချန်က ဒီလို နှင်းမုန်တိုင်းကြီး လာမယ်ဆိုတာကို ကြိုသိနေခဲ့တာပဲ နံရံကို ဆောက်ဖို့ အလွိုင်း သံမဏိတွေ သုံးခဲ့တာက ငါတို့ကို ကာကွယ်ဖို့ အတွက်ဆိုတာ ရှင်းနေတာပဲ"

မာချောင်းဝမ်သည် ရဲ့ရှင်းချန်မှ ပစ်ခတ်ခဲ့သည့် နေရာအား လက်ဖြင့်ညွှန်ပြလျှက် ဒေါသတကြီးဖြင့် အော်ပြောလိုက်လေတော့သည်။

"ယုတ်မာတဲ့ ကောင် ခွေးတိရိစ္ဆာန် မင်းရဲ့ တစ်ကိုယ် ကောင်းဆန်မှု အတွက် မင်း နောင်တရလိမ့်မယ်"

"မင်းကိုယ်မင်းရော အားနည်းချက်တွေ ရှိတယ်ဆိုတာ သိရဲ့လားကွ ငါတို့အားလုံး သေသွားရင်တောင် မင်းလည်း အသက်ကြာကြာ ရှင်နိုင်မှာ မဟုတ်ဘူးကွ နားလည်လား"

"မင်း နောင်တရလိမ့်မယ် ရဲ့ရှင်းချန် ဒီလိုအချိန်မျိုးမှာ အဖွဲ့အစည်းတစ်ခု မရှိဘဲနဲ့ မင်းတစ်ယောက်တည်း ကြာကြာ အသက်ရှင်နိုင်မှာ မဟုတ်ဘူးကွ"

လူတိုင်းမှာ အကြံ ကုန်သွားကြပြီ ဖြစ်သော်လည်း ဤအတိုင်း အလွယ်တကူ ဆုတ်ခွာ သွားရန် အတွက်လည်း ဆန္ဒမရှိကြပေ။ ထို့ကြောင့် သူတို့သည် ရဲ့ရှင်းချန်၏ တံခါးဝ ရှေ့၌သာ ဆက်လက်၍ ကျိန်ဆဲနေကြလေတော့သည်။

All Chapters