အခန်း (၅၀)
Vol. 4 Ch. 50
အခန်း (၅၀)
ကျန်းရီသည် မျက်မှောင်ကြုတ်လျက် ရဲ့ရှင်းချန်၏ သံမဏိ စံအိမ်အား အကဲခတ် နေမိလေသည်။ ဤသည်မှာ အတော်လေး လက်ဝင်မည့် ပြဿနာ တစ်ခုဖြစ်ကြောင်း သူ ခံစားလိုက်ရတော့သည်။
သူသည် အခြားသူများ၏ အသက်အား ဂရုမစိုက်ချေ။ ယခုအချိန်တွင် သူ အလိုချင်ဆုံးအရာမှာ ရဲ့ရှင်းချန်၏ ကောင်းမွန်လှသည့် အိမ်အား မိမိအတွက် သိမ်းပိုက်ရန်သာ ဖြစ်ချေသည်။ လျိုချီလုံနှင့် သူ၏ သားဖြစ်သူတို့မှ လာရောက် ခိုးယူရန် ကြိုးပမ်းပြီးချိန်မှ စ၍ သူအမြဲတမ်း တောင့်တနေခဲ့ရသည့် လုံခြုံစိတ်ချရကာ မဖျက်ဆီးနိုင်သည့် နေအိမ်မျိုး မဟုတ်ပါလား။
"မင်းတို့ ဘာတွေ ဒီလောက် လောနေကြတာလဲ ဒါက အစပဲ ရှိသေးတာ"
"သူ့အိမ်ရဲ့ နံရံတွေနဲ့ တံခါးတွေကို သံမဏိနဲ့ လုပ်ထားတယ်ဆိုရင်ရော ဘာဖြစ်လဲ"
"သူ့အိမ်ရဲ့ အမိုးကရော ကြမ်းပြင်ကရော"
"သူက ဒီအိမ်ကြီးကို သံသေတ္တာ အပိတ်ကြီးလိုမျိုး လုပ်ထားနိုင်မယ်လို့တော့ ငါမယုံဘူး"
ရဲ့ရှင်းချန်သည် စခရင် မှတစ်ဆင့် ကျန်းရီအား ကြည့်လိုက်ကာ ခေါင်းညိတ်၍ ချီးကျူးလိုက်မိသည်။
"အရင်ဘဝတုန်းက လူအများကြီးကို သူ ဘာလို့ ဦးဆောင် နိုင်ခဲ့သလဲဆိုတာ မဆန်းတော့ပါဘူး သူ့ဦးနှောက်က အတော်လေး ကောင်းသားပဲ ဟူး နှမြောစရာပဲကွာ"
ကျန်းရီ၏ စကားကြောင့် သတိဝင် လာကြသူတိုင်း နှင်းများအား စတင်၍ တူးဆွကြတော့လေသည်။ အချို့မှာမူ နံရံပေါ်သို့ တွယ်တက်ရန် ကြိုးစား ကြသည့်တိုင် လူ အများစုမှာမူ အောက်သို့ တူးထုတ်ရန်သာ ရွေးချယ် လိုက်ကြတော့သည်။
အချိန်အတော်ကြာ ကုန်ဆုံးသွားခဲ့သည်။ ရဲ့ရှင်းချန်မှာမူ အိမ်ထဲ၌ ရုပ်ရှင် နှစ်ကားပင် ကြည့်ရှု ပြီးစီးခဲ့ပြီ ဖြစ်ကာ ထမင်းတစ်နပ်ပင် စားသောက်ပြီး သွားခဲ့ပြီ ဖြစ်လေသည်။ အပြင်ဘက်ရှိ လူများမှာမူ နှင်းများအား မြေပြင်ထိရောက်အောင် တူးဆွပြီးနောက် ကျယ်ပြန့်ကာ နက်ရှိုင်းလှသည့် လမ်းကြောင်းတစ်ခုအား ဖော်ထုတ်နိုင်ရုံမျှသာ ရှိသေးသည်။
ရဲ့ရှင်းချန်သည် လှေကား ပေါ်တွင် ရပ်လျက် အောက်သို့ ငုံ့ကြည့်လိုက်လေရာသူ၏ စိတ်အခြေအနေမှာ အလွန်ပင် ကောင်းမွန်နေခဲ့လေသည်။ ပထမထပ်အား ဖုံးလွှမ်းနေသည့် နှင်းများအား ထိုလူများမှ ရှင်းလင်း ပေးလိုက်ကြပြီ ဖြစ်ပေသည်။ နှင်းများကြောင့် မှောင်မည်းနေခဲ့သည့် ပထမထပ်မှာမူ ယခုအခါ အခန်းငယ်လေး၏ ပြတင်းပေါက် မှတစ်ဆင့် မှိန်ပျပျ အလင်းတန်းအချို့ ဝင်ရောက်လာနေခဲ့ပြီ ဖြစ်သည်။
ရဲ့ရှင်းချန်၏ မျက်နှာမှာ ဝင်းပသွားခဲ့လေသည်။ သူသည် ဓာတ်လှေကားဖြင့် ပထမထပ်သို့ အလျှင်အမြန် ဆင်းသွားလိုက်သည်။ ဓာတ်လှေကားမှ ထွက်လာ ပြီးနောက် အခန်းအဖြစ် ပြောင်းလဲထားသည့် ဝရန်တာဆီသို့ လျင်မြန်စွာ လျှောက်သွားလိုက်တော့သည်။
ထူထဲလှသည့် ကျည်ကာမှန် အလွှာများ၏ နောက်ကွယ်မှနေ၍ အားသွန်ခွန်စိုက် တူးဆွနေကြဆဲ ဖြစ်သော လူအုပ်ကြီးအား သူသည် လက်ယပ်ပြလိုက်လေသည်။
သူသည် အသံချဲ့စက်အား ကိုင်လျှက် နှစ်ဖက် ပြောဆိုနိုင်သည့် စနစ်ကို ဖွင့်လိုက်လေသည်။ သူ ပထမဆုံး ပြောလိုက်သည့် စကားမှာ အပြင်ဘက်ရှိ လူများအား နှုတ်ဆက်လိုက်ခြင်းပင် ဖြစ်သည်။
"ဟဲလို မတွေ့ရတာ ကြာပြီနော် အိမ်နီးချင်းတို့ရေ"
ရဲ့ရှင်းချန်သည် အနီးသို့ လျှောက်သွားလိုက်ကာ အလွန်ထူထဲလှသော ကျည်ကာမှန်အား ခေါက်ပြလိုက်လေသည်။ ဤပြတင်းပေါက်တွင် အပြင်ဘက်မှ မမြင်ရသည့် စတစ်ကာ မကပ်ထားမိသည်မှာ အတော်လေး ကံကောင်းလှသည်ဟု သူ တွေးမိလိုက်လေတော့သည်။ သို့မဟုတ်ပါမူ အပြင်ဘက်မှ အိမ်နီးချင်းများ အနေဖြင့် ယခုအချိန်တွင် သူ မည်မျှ ဇိမ်ကျကျ နေထိုင်နေရသည် ဆိုသည်အား မြင်တွေ့နိုင်လိမ့်မည် မဟုတ်ချေ။
"အို ဟေ့ မင်းတို့ ဘာလို့ အဝတ်အစားတွေ ဒီလောက်အများကြီး ဝတ်ထားကြတာလဲ အပြင်မှာ အရမ်းအေးနေလို့လား"
အပြင်ဘက်တွင် နှင်းများအား ဂေါ်ပြားဖြင့် ခတ်ထုတ် နေကြသူများမှာ ပြေးလာကြပြီးနောက် မှန်အား ရိုက်ထုကာ ရဲ့ရှင်းချန်အား ကျိန်ဆဲနည်း ပေါင်းစုံဖြင့် ကျိန်ဆဲ နေကြတော့သည်။
"ဟူး အထဲမှာတော့ အတော်လေး ပူနေတာပဲဗျ"
ရဲ့ရှင်းချန်သည် ခါးကိုင်း လိုက်သလို ဟန်ဆောင်ကာ သူ၏ နေရာလွတ် အတွင်းမှ ကြက်ကြော် အချို့နှင့် အအေး တစ်ပုလင်းအား ထုတ်ယူလိုက်လေသည်။
"ဆက်လုပ်ကြပါ ဆက်လုပ်ကြပါ ဟားဟား တကယ်ကို ကျေးဇူးတင်ပါတယ်ဗျာ ကျွန်တော့်အိမ်က နှင်းတွေကို ဘယ်သူမှ လာမရှင်းပေးမှာ စိုးရိမ်နေတာ အခု ခင်ဗျားတို့ ရောက်လာကြတာ အတော် ဖြစ်သွားတာပဲ ဟူး ခင်ဗျားတို့တွေက တကယ့်ကို စိတ်ထား ကောင်းကြတာပဲနော်"
ရဲ့ရှင်းချန်မှာမူ နောင်တများပင် ရနေမိလေသည်။ သူတို့ နှင်းရှင်းသည့် အရှိန် ဤမျှ မြန်မည်ဆိုသည်သာ သိခဲ့ပါက သူသည် ထမင်းအား နောက်မှ စားပြီးနောက် အစားအသောက်များ မည်မျှ အရသာ ရှိကြောင်းအား ပြသလိုက်ရမည် ဖြစ်ပေသည်။ ယခုမူ သူ ကြက်ကြော် အနည်းငယ်ကိုသာ ထပ် စားနိုင်တော့မည် မဟုတ်ပါလော။
အပြင်ဘက်မှ လူအုပ်ကြီးမှာ ရဲ့ရှင်းချန်အား ကြည့်လျှက် ဒေါသတကြီး အော်ဟစ် ဆဲဆိုနေကြတော့သည်။ အချို့မှာမူ ပြတင်းပေါက်မှန်အား ထုရိုက်ကာ ဆဲဆိုနေကြပြီး အချို့ကမူ မြေပြင်အား ပို၍ ပြင်းထန်စွာ တူးဆွ နေကြလေတော့သည်။
ကံမကောင်းသည်မှာ ရဲ့ရှင်းချန် မှ ကြက်ကြော် စားပြီး သွားသည့် တိုင်အောင် ထိုလူများ သိလိုက်ရသည်မှာ အိမ်၏ မြေအောက် အစိတ်အပိုင်းများတွင်လည်း သံမဏိ အလွှာတစ်ခု ခင်းကျင်း ထားသည်ကိုပင် ဖြစ်လေသည်။
ရဲ့ရှင်းချန်၏ အိမ်သည် ထူထဲလှသည့် သံမဏိ တုံးကြီးပေါ်တွင် ပုံစံခွက်ဖြင့် လောင်းကာ အိမ်ပုံစံ ပြုလုပ်ထားသကဲ့သို့ပင် ဖြစ်နေချေသည်။ အရှေ့ အနောက် ဘယ် ညာ နှင့် အောက်ခြေအထိ အားလုံးကို သံမဏိဖြင့် ပြုလုပ်ထားကာ မည်သည့် နေရာတွင်မှ အားနည်းချက်မျှ မရှိပေ။
ရဲ့ရှင်းချန်သည် စားသောက် ပြီးနောက်တွင် လက်ခုပ် တီးလိုက်ကာ အခန်းအတွင်းမှ ထွက်လာခဲ့ပြီးနောက် တံခါးအား အတွင်းမှ သော့ခတ် လိုက်လေတော့သည်။ ထို့နောက် ဒုတိယထပ်သို့ ဖြည်းညှင်းစွာ တက်သွားလိုက်လေသည်။
ဤတစ်ကြိမ်တွင်မူ သူသည် ဧည့်ခန်းနံရံရှိ ခလုတ်အား တိုက်ရိုက် နှိပ်လိုက်တော့သည်။ ကြမ်းပြင်မှ မျက်နှာကြက်အထိ မှန်ချပ်ကြီးများ ရှိသင့်သည့် နေရာတွင် ထူထဲလှစွာသော သံမဏိ နံရံကြီး တစ်ခု မြင့်တက် လာခဲ့လေသည်။ ထို့နောက်တွင် အလယ်မှ ထူထဲလှသော ကျည်ကာ မှန်ချပ်ကြီးမှာ လူတိုင်း၏ ရှေ့တွင် ပေါ်ထွက်လာခဲ့လေတော့သည်။
ရဲ့ရှင်းချန်သည် အနားယူမည့် ဆိုဖာရှည်ကြီးအား ဆွဲလာခဲ့ကာ ဧည့်ခန်း၏ အလယ်တွင် ထားလျှက် လှဲလျောင်းကာ အနားယူ လိုက်လေသည်။ သူသည် သူ၏ ဗိုက်ပေါ်တွင် စောင်ပါးလေး တစ်ထည်ကိုပင် ခြုံထားလိုက်သေးသည်။
"မင်းတို့ ဆက်လုပ်ကြဦးလေ ငါ ခဏလောက် အိပ်လိုက်ဦးမယ်ကွာ"
လူအများစုမှာ ပထမထပ်တွင်သာ ရှိနေကြဆဲဖြစ်ကာ အရှုံးမပေးလိုသောကြောင့် မြေပြင်အား ဆက်လက်၍ တူးဆွနေကြသေးသည်။ အနည်းငယ်သော သူများသာ စိတ်ပျက် လက်ပျက်ဖြင့် နှင်းပြင်ပေါ်သို့ ပြန်တက်လာခဲ့ကြသည်။
မာချောင်းဝမ် ကျန်းရီနှင့် အခြားသူများမှာမူ နှင်းပြင်ပေါ်တွင်သာ ရှိနေကြခြင်း ဖြစ်သည်။ ထိုအခိုက်တွင် သူတို့သည် ကျယ်ပြန့်လှသည့် စင်္ကြံ ၏ တစ်ဖက်တွင် အိပ်ရာဝင်လျှင် ဝတ်ဆင်ကြသည့် ဝတ်ရုံကြီးအား ဝတ်ဆင်ကာ ဇိမ်ကျကျ သက်တောင့် သက်သာဖြင့် လှဲလျောင်းနေသည့် ရဲ့ရှင်းချန်အား စိုက်ကြည့်နေမိကြလေသည်။
"တောက် ဒီခွေးမသား မြန်မြန် သူတို့ကို အပေါ် တက်ခိုင်းလိုက် နှင်းတွေနဲ့ ပြန်ဖုံးပစ်ကြစမ်း"
"ခွေးကောင် ရဲ့ရှင်းချန် မင်းက ဘာလို့ ဒီလောက် ဇိမ်ကျကျ အိပ်နေနိုင်ရတာလဲ မင်းမှာ ဘာအခွင့်အရေးရှိလို့လဲ"
"မင်းက ဘာလို့ အအေးဒဏ် မခံရတာလဲ ငါတို့ကကျတော့ ဘာလို့ ငတ်ပြတ်ပြီး အေးခဲနေရတာလဲကွ"
မကြာသေးမီတွင် ရှင်းလင်းထားသည့် နှင်းများမှာ ယခုအခါ ပြန်လည် ဖုံးအုပ်ခြင်း ခံလိုက်ရပြန်ပြီ ဖြစ်သည်။ နှင်းများ ပြန်လည် ဖြည့်တင်းခြင်းမှာ ရှင်းလင်းခြင်းထက် ပို၍ မြန်ဆန်သော်ငြားလည်း အဆုံးသတ်တွင်မူ ဤမျှ အေးခဲလှသည့် ရာသီဥတု၌ လူတို့၏ ခွန်အားမှာ လျင်မြန်စွာ ကုန်ခမ်း သွားကြရလေတော့သည်။ မြန်သည် ဟု ဆိုသော်ငြားလည်း ထင်သလောက် မြန်ဆန်လှခြင်း မဟုတ်ပေ။
"ဟူး"
ရဲ့ရှင်းချန် နိုးလာပြီးနောက် ပျင်းကြောဆန့်လိုက်ရာ ရှင်းလင်းထားသည့် လမ်းကြောင်းကြီးမှာ ပြန်လည်၍ ပြည့်လုနီးပါး ဖြစ်နေသည်ကိုသာ မြင်လိုက်ရလေသည်။ သူသည် အနည်းငယ် နှမြောသလိုဖြင့် ပြောလိုက်မိသည်။
"ငါတောင် နိုးလာပြီ မင်းတို့က ဘာလို့ ပြန်ဖြည့်လို့ မပြီးသေးတာလဲ အရမ်းနှေးတာပဲကွာ မင်းတို့ရဲ့ အလုပ် လုပ်နှုန်းနဲ့ ဆိုရင် သူဌေးက အလုပ် ထုတ်ပစ်တာ ကြာလှပြီ"
ခဏမျှ ရပ်တန့်သွားသည့် ဆဲဆိုသံများမှာ ထပ်မံ ထွက်ပေါ် လာခဲ့ပြန်လေသည်။ ရဲ့ရှင်းချန်မှာ တည်ငြိမ်စွာဖြင့် ထလိုက်ကာ မျက်နှာသစ်ပြီးနောက် ကော်ဖီတစ်ခွက်ပင် ဖျော်လိုက်သေးသည်။
လမ်းကြောင်းကြီး ပြန် မပြည့်ခင်မှာပင် တစ်စုံတစ်ယောက်သည် စိတ်မရှည်တော့သဖြင့် တူနှင့် ဂေါ်ပြားများအား ကိုင်လျှက် ရဲ့ရှင်းချန်၏ မှန်နံရံကြီးအား အတင်း ထုရိုက်နေကြတော့သည်။
ရဲ့ရှင်းချန်သည် ကော်ဖီခွက်အား စားပွဲပေါ်တွင် တင်လိုက်ပြီးနောက် မုန့်စင်လေးနှင့် လက်ဖက်ရည်ကြမ်း အိုးတစ်လုံးအား ထုတ်ယူလိုက်လေသည်။
မှန်ပေသည်။ ယခင်အချိန်များတွင် ဟင်းပွဲများ မှာယူစဉ်တွင် သူ သေသေချာချာ မကြည့်ခဲ့မိချေ။ သူသည် ဤကဲ့သို့သော မွန်းလွဲပိုင်း တွင် သုံးဆောင်ကြသည့် လက်ဖက်ရည်ဝိုင်း အစုံလိုက်များအား အတော်လေး အများအပြား မှာယူခဲ့မိခြင်း ဖြစ်သည်။ ရဲ့ရှင်းချန်မှာ အချိုစာများ မကြိုက်သဖြင့် ဤအချိန်အထိ မတို့မထိဘဲ ထားခဲ့ခြင်း ဖြစ်သော်လည်း ယနေ့ကဲ့သို့ တိုက်ရိုက် ဖျော်ဖြေပွဲ ကြည့်နေရသည့် အချိန်မျိုးတွင်မူ ဤ လက်ဖက်ရည် ဝိုင်းလေးမှာ အမှန်တကယ်ပင် ကွက်တိ ဖြစ်နေခဲ့ချေသည်။
"ကြိုးစားကြပါဦး"
ရဲ့ရှင်းချန်သည် ကော်ဖီအား ဘေးချထားလိုက်ပြီးနောက် လက်ဖက်ရည်ကြမ်း တစ်ခွက် ငှဲ့သောက်လိုက်တော့သည်။ ထို့နောက် စင်၏ အောက်ခြေမှ ဆန်းဒဝစ် တစ်ခုအား ယူလျှက် တစ်ကိုက် ကိုက်လိုက်လေသည်။
"ဟူး မွန်းလွဲပိုင်း လက်ဖက်ရည်တွေက ဘာလို့ ဒီလောက်တောင် များနေရတာလဲ စားလို့တောင် မကုန်နိုင်ဘူး"
"မင်းတို့ ဝင်လာလို့ မရတာ နှမြောစရာပဲ အထဲကိုသာ ဝင်လာလို့ရရင် ငါ့အတွက် ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်စေတဲ့ အစားအသောက် တွေကို ဝေမျှပေးလို့ ရတာပေါ့ကွာ မဟုတ်ရင် ငါစားလို့ မကုန်တဲ့အခါ လွှင့်ပစ်လိုက်ရမှာ နှမြောစရာကြီး"
မှန်ပေါ်တွင် မျက်နှာများ ကပ်နေကြချေပြီ။ ယခင် အချိန်များတွင် သေသေချာချာ မမြင်ခဲ့ရသူများမှာ ယခုအခါ သူ့အား အထင်းသား မြင်နေကြရပြီ ဖြစ်သည်။ သူတို့၏ မျက်နှာများမှာ ဖြူလျော့နေခဲ့ကာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြလေသည်။ သူတို့သည် ရဲ့ရှင်းချန် ၏ ရှေ့မှ လက်ရာ မြောက်လှသည့် မုန့်များအား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့် နေမိကြလေသည်။
ရဲ့ရှင်းချန် မှ သူတို့အား ကြည့်လိုက်လေသည်။ သူတို့မှာ အသက်ရှင် နေသူများနှင့် လုံးဝ မတူတော့ချေ။ အသက် ရှူနေသည် မှအပ အလောင်းများနှင့် မခြားနားတော့ချေ။ အကယ်၍ ဤကမ္ဘာပေါ်တွင် ဖုတ်ကောင်များ အမှန်တကယ် ရှိခဲ့လျှင်မူ ဤကဲ့သို့ ပုံစံမျိုး ဖြစ်လိမ့်မည်ဟု ပင် သူ တွေးနေမိခဲ့သည်။
"ဒိုင်း"
"ဒိုင်း"
"ဂျောက်"
"ဖတ်"
စူးရှ ပြင်းထန် လှသော အသံများသည် ပြတင်းပေါက်များပေါ်သို့ တစ်ခုပြီး တစ်ခု ကျရောက် လာခဲ့လေတော့သည်။ ထို အသံများသည် လေနှင့် နှင်းများ အကြား၌ ဤ အရူးများမှ မှန်အား ဖျက်ဆီးရန် အစွမ်းကုန် ကြိုးစားနေကြခြင်းကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပေသည်။
ယခင်တွင် သူတို့၏ အလိုဆန္ဒမှာ ဤမျှလောက် မပြင်းထန်ခဲ့သော်လည်း ယခုအခါ မှန်တစ်ချပ်သာ ခြားနေချိန်တွင် ရဲ့ရှင်းချန်၏ ဘဝမှာ မည်မျှအထိ စည်းစိမ် ယစ်မူးနေခဲ့သည် ဆိုသည်အား သူတို့ မြင်တွေ့နေရပြီ မဟုတ်ပါလော။