မခွဲနိုင်သောမှန်
Vol. 4 Ch. 51
ရဲ့ရှင်းချန်သည် ဤမျှ အေးစက်လှသည့် ရာသီဥတုတွင် အိပ်ယာ ဝတ်ရုံပါးလေးကိုသာ ဝတ်ဆင်ထားခြင်း ဖြစ်သည်။ သူ၏ဘေးမှ ကော်ဖီမှာမူ အငွေ့ တထောင်းထောင်း ထနေဆဲဖြစ်ကာ အပေါ်ယံတွင် အမြှုပ် ထူထူလေးများ ဖုံးလွှမ်း နေသေးလေသည်။ သူသည် အမှန်တကယ်ပင် လက်ရာမြောက်လှသည့် မုန့်များအား ဇိမ်ခံစားသောက်နေခြင်း ဖြစ်ပေသည်။
‘ပြီးတော့ သူ ဘာပြောလိုက်သလဲ သူ စားလို့ မကုန်နိုင်ဘဲ လွှင့်ပစ်ရမှာ နှမြောစရာကြီးတဲ့လား’
အပြင်ဘက်ရှိ လူမည်မျှမှာ လွန်ခဲ့သည့် နှစ်ရက် သုံးရက် အချိန်ကတည်း မှစ၍ဆန်တစ်စေ့ပင် ဝမ်းထဲ မဝင်ခဲ့ရသည်အား ဘုရားသခင်သာလျှင် သိပေလိမ့်မည်။
အဓိက အချက်မှာ ဤသည် မဟုတ်ချေ။ အဓိက အချက်မှာ ရဲ့ရှင်းချန်၏ ကော်ဖီစားပွဲ အောက်တွင် အာလူးကြော်များ ဘီစကစ်များ ပေါင်မုန့်များနှင့် ခေါက်ဆွဲခြောက်ထုပ်များ ပုံနေခြင်းပင် ဖြစ်ပေသည်။ ပီဇာ တစ်ချပ် နှစ်ချပ်နှင့် ဟမ်ဘာဂါ တစ်ကိုက် နှစ်ကိုက်ကိုပင် တွေ့နေရသေးသည်။ ထို့အပြင် ကြက်ကင် ကြက်ကြော်နှင့် ဘဲကင်များပင် ရှိနေသေးလေသည်။
ဤအရာများကပင် အပြင်ဘက်ရှိ လူများ၏ မျက်စိနီလာစေကာ လုံးဝ ရူးသွပ်သွားရန် လုံလောက်စေခဲ့ခြင်း ဖြစ်လေသည်။
"ဝေါ့"
"အားးး"
သူတို့သည် အလွန်တရာ စိတ်လှုပ်ရှားနေသဖြင့် စကားပင် မပြောနိုင်တော့ဘဲ သူတို့၏ ပူပန်မှုများအား အော်ဟစ် ပေါက်ကွဲခြင်း ဖြင့်သာ ဖြေဖျောက်နေကြရလေသည်။
ရဲ့ရှင်းချန်သည် ချိစ်နှင့် ဆယ်လ်မွန်ငါး ပါသည့် မုန့်လေး တစ်ဖဲ့အား ပါးစပ်ထဲ ထည့်လိုက် ပြီးနောက် ကော်ဖီတစ်ငုံ သောက်ပြလိုက်လေသည်။ ထို့နောက် ပါးစပ်အား သုတ်၍ အနောက်သို့ မှီချလိုက်တော့သည်။
"တကယ့် အရူးတွေပဲ ကျည်ကာမှန်ဆိုတာ ဘာလဲ မသိကြဘူးလား မသိဘူး"
"မှန်က သတ္တုထက် သေချာပေါက် ပိုပျော့တယ်လို့ ဘယ်သူပြောလိုက်တာလဲ"
ရဲ့ရှင်းချန်သည် ထိုစဉ် အချိန်တွင် ငွေကြေး အမြောက်အမြား အကုန်အကျ ခံခဲ့ခြင်း ဖြစ်ပေသည်။ လုံခြုံရေး ကုမ္ပဏီမှ သူ့အား အလွှာတစ်လွှာတည်း ဆိုလျှင်ပင် လုံလောက်ပြီ ဖြစ်ကြောင်း ဤကဲ့သို့ ခိုင်ခံ့ ထူထဲအောင် ပြုလုပ်ထားသည့် ကျည်ကာမှန်မှာ ဗုံးနှင့်တိုက်ခိုက်လျှင်ပင် ပျက်စီးမည်မဟုတ်ကြောင်း ပြောခဲ့သော်လည်း ရဲ့ရှင်းချန်မှာ ကျည်ကာမှန် နှစ်လွှာစီ ပြုလုပ်ပေးရန် နှင့် အလွှာတိုင်းအတွက် နံရံတစ်ခုစီ ထည့်သွင်းရန် ဇွတ်အတင်း တောင်းဆိုခဲ့ခြင်း ဖြစ်ပေသည်။
မှန်ပေသည်။ ရဲ့ရှင်းချန်မှာ ဤလူများအား သူ၏ သာယာလှသည့် ဘဝအား ပြသကာ မနာလိုစိတ်ဖြင့် သေအောင် လုပ်ချင်နေခြင်းသာ ဖြစ်ပေတော့သည်။
အပြင်ဘက်မှ လူများမှာ အားသွန်ခွန်စိုက် ထုနှက်နေကြကာ သူတို့၏ အကြောများမှာလည်း ဖောင်းတက်နေခဲ့ပြီး မျက်နှာများသည်လည်း ရှုံ့မဲ့နေကြကုန်သည်။ ရဲ့ရှင်းချန်မှာမူ သူတို့အား ကြည့်နေရင်း မှပင် တစ်ဖက်သို့ လှည့်၍ ပရိုဂျက်တာ ဖြင့် ရုပ်ရှင်ကြည့်နေတော့သည်။
‘ဟူးသူတို့ ကပြနေတာကို ကြည့်ရတာ စိတ်ဝင်စားဖို့ ကောင်းပေမဲ့ တူညီတဲ့ လှုပ်ရှားမှုတွေကိုပဲ ထပ်ခါတလဲလဲ မြင်နေရတာကလည်း ငြီးငွေ့စရာ ကောင်းတယ် မဟုတ်လား’
သူသည် သူ၏ဘေးမှ အာလူးကြော် တစ်ထုပ်အား ကောက်ယူ လိုက်ပြီးနောက် ချယ်ရီသီး တစ်ပန်းကန်အား ဆေးကြောလိုက်လေသည်။ ထို့နောက် မုန့်စင်လေးအား ဘေးသို့ တွန်းထုတ်လိုက် ပြီးနောက် ထပ်မစားတော့ချေ။
ရဲ့ရှင်းချန်သည် ဆိုဖာပေါ်တွင် လဲလျောင်းကာ ခြေထောက်ချိတ်လျက် ပါးစပ်ထဲသို့ ချယ်ရီသီးများအား ပစ်ထည့်နေလေတော့သည်။ မှန်တစ်ချပ်သာ ခြားနေသော်လည်း အပြင်ဘက်ရှိ လူများသည် ရဲ့ရှင်းချန်၏ အေးအေးလူလူ ရှိနေပုံအား မြင်တွေ့လိုက်ရချိန်တွင် အလွန်အမင်း မနာလို ဖြစ်နေကြသဖြင့် စိတ်ကူးယဉ်မှုများပင် ပျောက်ဆုံး ကုန်ကြတော့သည်။
"ရဲ့ရှင်းချန် မင်း စောင့်နေလိုက် ငါ မင်းကို ချက်ချင်း သတ်ပစ်မယ်"
"ငါ ဒီအစုတ်ပလုတ် မှန်ကို ခွဲလိုက်တာနဲ့ မင်းရဲ့ သေနေ့ ရောက်ပြီပဲ မှတ်လိုက်"
"မင်းက တစ်ကိုယ် ကောင်းဆန်တဲ့ အမှိုက်ကောင် ခွေးတိရိစ္ဆာန် စောင့်နေလိုက်ဦးပေါ့ မင်း မာန်တက်နေဖို့ အချိန် သိပ်မကျန်တော့ဘူးကွ"
"အားးးး ဒီလောက် ကောင်းတဲ့ စားစရာတွေ အားလုံးက ငါ့အပိုင်ပဲ အားလုံးက ငါ့အပိုင်ပဲကွ"
ရဲ့ရှင်းချန်သည် ထိုစကားများအား ကြားသောအခါ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံး ဖျော့ဖျော့လေး တစ်ခု ပေါ်လာခဲ့သည်။ သူသည် လက်ထဲမှ ကော်ဖီခွက်အား မြှောက်လျှက် သူတို့အား ဂုဏ်ပြုသည့် အလား တို့စ် ပြုလုပ်လိုက်သည်။ ထို့နောက် အသံချဲ့စက်အား ယူလျှက် ပြောလိုက်လေသည်။
"ကြိုးစားကြပါဦး မင်းတို့ ဆက်လုပ်ကြပါဦး
ရုပ်ရှင်ဇာတ်ကား၏ တစ်ဝက်လောက် ရောက်သောအခါ တစ်စုံတစ်ယောက်မှ နောက်ဆုံးတွင် သတိဝင်လာခဲ့တော့သည်။
"ဘာလို့လဲ ဘာလို့ ဒီမှန်ကို ခွဲလို့ မရတာလဲ"
"အေးလေ ငါ တူနဲ့တောင် ထုတာပဲ"
"ဟုတ်တယ် ငါ့ဂေါ်ပြားနဲ့ ဒီလောက် ပြင်းပြင်းထန်ထန် ထုတာတောင် ဘာမှ မဖြစ်ဘူးဟ "
"ဒါ ဘာကြီးလဲ ကျည်ကာမှန်လား"
"မဖြစ်နိုင်တာ အဲဒါဆိုရင် ငါတို့ ဘယ်လိုလုပ်ပြီး ခွဲနိုင်မှာလဲ"
အချိန် တစ်နာရီကျော် ဖြတ်သန်း သွားခဲ့ပြီဖြစ်ရာ သူတို့အနက် ထက်ဝက်ကျော်မှာ အလုပ် မလုပ်နိုင်တော့ချေ။ အလွန် နိမ့်ပါးလှသည့် အပူချိန် အောက်တွင် လူတို့၏ ခွန်အားမှာ အလွန် လျင်မြန်စွာ ကုန်ဆုံး သွားတတ်လေသည်။ တဖြည်းဖြည်းနှင့် လူအချို့မှာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ကြ ပြီးနောက် အသက်အား အလူးအလဲ ရှူနေကြရတော့သည်။
သို့သော်လည်း တစ်နာရီကျော် ကြာသွားသည့် တိုင်အောင် မှန်ပေါ်တွင် အက်ကွဲကြောင်း တစ်ကြောင်းမျှ မရှိခဲ့ချေ။ ခြစ်ရာ အနည်းငယ်မှာလည်း သေသေချာချာ မကြည့်ပါမူ မြင်တွေ့နိုင်လိမ့်မည် မဟုတ်ချေ။
သူတို့သည် စတင် စိတ်ပျက်လာကြ သော်လည်း မှန်တစ်ချပ်သာ ခြားသည့် နေရာမှ နေ၍ ရဲ့ရှင်းချန် မည်မျှ ဇိမ်ကျကျ နေထိုင်နေသည် ဆိုသည်အား မြင်နေရသည့် အတွက်ကြောင့် သူတို့၏ ရင်ထဲမှ မနာလိုစိတ်များသည် သူတို့အား အလွယ်တကူ လက်မလျှော့ရန် တွန်းအား ပေးနေခဲ့လေသည်။
ရုပ်ရှင်တစ်ကား ကြည့်ပြီး သွားသော်လည်း အချို့သူများမှာ အလှည့်ကျ ဆက်လက် ကြိုးစားနေကြဆဲ ဖြစ်ပေသည်။
ရဲ့ရှင်းချန်သည် မျက်လုံးအား ပွတ်သပ်လိုက်ကာ ပျင်းကြောဆန့်လိုက်လေသည်။ သူသည် ပြတင်းပေါက် မှတစ်ဆင့် ကျန်းရီ၏ လက်အောက်ငယ်သား အနည်းငယ်ကို နောက်ဆုံးတွင် မြင်တွေ့ လိုက်ရတော့သည်။ ကျန်းရီမှာမူ ယခုအချိန်အထိ မည်သည်ကိုမှ မလုပ်ချင်သေး ဆိုသည်မှာ ထင်ရှားနေလေသည်။
ရဲ့ရှင်းချန်မှ အချိန်တန်ပြီဟု တွေးလိုက်မိသည်။ ထို့ကြောင့် သူသည် ဆိုဖာပေါ်မှ ထလိုက်ကာ ဘေးသို့ လျှောက်သွားလိုက် ပြီးနောက် နေရာလွတ်ထဲမှ သတ္တု ပုလင်း တစ်လုံးအား တိတ်တဆိတ် ထုတ်ယူလိုက်ကာ အပေါ်ထပ်သို့ တက်သွားခဲ့တော့သည်။
လူတိုင်းမှာ ရဲ့ရှင်းချန် ထသွားသည်အား မြင်လိုက်ရသောအခါ သူ အိမ်သာသွားသည် ဟုသာ ထင်မှတ်လိုက်ကြခြင်း ဖြစ်သည်။ နောက် တစ်ခဏတွင် ရဲ့ရှင်းချန်သည် တတိယထပ် ဝရန်တာရှိ အခန်းငယ်လေးထဲသို့ ဝင်သွားလိုက်ကာ မီးခြစ်အား ထုတ်၍ ပုလင်းအား မီးရှို့လိုက်တော့သည်။ ထို့နောက် အပေါက်အား ဖွင့်လျှက် မီးတောက်နေသည့် ပုလင်းအား အောက်သို့ ပစ်ချလိုက်တော့သည်။
ပုလင်းမှာ လေထဲတွင် အကြိမ်အနည်းငယ် လည်ထွက် သွားသော်လည်း မီးမှာ ငြိမ်းမသွားခဲ့ချေ။ မကြာမီမှာပင် ရဲ့ရှင်းချန် ကိုယ်တိုင် ပြုလုပ်ထားကာ အဆင့်မြှင့်တင်ထားသည့် မီးလောင်ဗုံး သည် မှန်အား ထုရိုက်နေကြသော လူအုပ်ကြီးထဲသို့ ကျရောက် သွားလေတော့သည်။
"ဘုန်း"
ကျယ်လောင်လှသည့် ပေါက်ကွဲသံ နှင့်အတူ မီးတောက်များ စတင် လောင်ကျွမ်းလေတော့သည်။ ပုလင်းထဲတွင် ဓာတ်ဆီများ ဖြည့်ထားခြင်း ဖြစ်ပေသည်။ ပုလင်း ပေါက်ကွဲ သွားသောအခါ ဓာတ်ဆီများမှာ နေရာအနှံ့ ပျံ့နှံ့သွားလေတော့သည်။ အောက်ဘက်ရှိ လူများမှာ အအေးဒဏ်အား ကာကွယ်ရန် အဝတ်အစား ထူထူများအား ဝတ်ဆင်ထားကြသဖြင့် တစ်ယောက်ပြီး တစ်ယောက် မီးလုံးကြီးများ အဖြစ် ပြောင်းလဲသွားကြကာ ဟိုပြေးဒီပြေး ဖြစ်ကုန်ကြတော့သည်။
ရဲ့ရှင်းချန်မှာလည်း တွန့်တိုမနေခဲ့ချေ။ သူသည် နောက်ထပ် ပုလင်း အနည်းငယ်ကိုပါ ထပ်မံ ပစ်ချ ပေးလိုက်တော့သည်။ တစ်ခဏ အတွင်းမှာပင် မှောင်မည်းနေသည့် ကောင်းကင်ကြီးအောက်တွင် အလင်းရောင်များဖြင့် ဝင်းပသွားလေတော့သည်။
ရဲ့ရှင်းချန်သည် ပစ်ခတ်သည့် အပေါက်အား ပိတ်လိုက် ပြီးနောက် အခန်းထဲသို့ ပြန်ဝင်လာခဲ့ကာ အဝတ်အစားများအား ချွတ်လိုက်ပြီးနောက် အောက်ထပ်သို့ ဆင်းသွားလိုက်လေသည်။ သူသည် ပြတင်းပေါက်ကြီး၏ ဘေးတွင် ရပ်ကာ ကြီးကျယ် ခမ်းနားလှသည့် မြင်ကွင်းအား ကြည့်နေ လိုက်တော့သည်။
နှင်းပြင်ပေါ်တွင် နေရာအနှံ့ မီးလုံးကြီးများ လူးလှိမ့်နေကြကာ မီးအား ငြိမ်းသတ်ရန် ကြိုးစားနေ ကြတော့သည်။ ကံမကောင်းစွာဖြင့် ရဲ့ရှင်းချန်သည် ဤပုလင်းများအား ပြုလုပ်စဉ်တွင် ဓာတ်ဆီအပြင် သကြားများကိုပါ အမြောက်အမြား ထည့်သွင်း ထားခဲ့ခြင်း ဖြစ်ပေသည်။ ပုလင်း တစ်လုံးတည်းဖြင့်ပင် ဤမျှ အေးခဲလှသည့် ရာသီဥတု၌ လူ အများအပြားအား လောင်ကျွမ်းစေရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
မီးလောင်နေသဖြင့် လူအများ၏ အော်ဟစ်သံများမှာ ဆူညံသွားခဲ့သည်။ ဓာတ်ဆီ အများဆုံး စိုစွတ်သွားသူ အနည်းငယ်မှာ အရှင်လတ်လတ် မီးလောင်၍ သေဆုံးသွားကြတော့သည်။ အချို့သော သူများမှာမူ ပြတင်းပေါက်ကြီး၏ ရှေ့တွင် လဲလျောင်းလျက် ရဲ့ရှင်းချန်အား စိုက်ကြည့်နေကြလေသည်။
"ကယ်ပါ ကျေးဇူးပြုပြီး ကယ်ကြပါဦး"
ရဲ့ရှင်းချန်သည် ခါးကိုင်းလိုက် ပြီးနောက် စားပွဲပေါ်မှ သောက်လက်စ ကော်ဖီအား ယူဆောင်ကာ သူတို့အား လက်ပြ နှုတ်ဆက်လိုက်လေသည်။
"သေကြစမ်း အသုံးမကျတဲ့ အမှိုက်ကောင်တွေ"
အပြင်ဘက်ရှိ လေထုထဲတွင် ချိုမြိန်လှသည့် အသားကျွမ်းနံ့များ ပျံ့လွင့်နေတော့သည်။ ၎င်းမှာ နွေရာသီ ညဈေးတန်းများတွင် ရလေ့ရှိသည့် အနံ့မျိုးပင် ဖြစ်နေခဲ့သည်။
မီးလောင်မှုမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့လေသည်။ အချို့မှာ သေဆုံးသွားကြပြီး အချို့မှာ ဒဏ်ရာရခဲ့ကြကာ အချို့မှာမူ စိတ်ပိုင်းဆိုင်ရာ ပြိုလဲ သွားကြကုန်တော့သည်။ သူတို့သည် မီးလောင်နေသည့် လူများ၏ အနီးသို့ ချဉ်းကပ်လျှက် အအေးဒဏ်အား ဖြေဖျောက်ရန် သူတို့၏ လက်များအား ကမ်းထုတ်ရင်း ကြောက်စရာ ကောင်းလှသည့် အပြုံးများဖြင့် ရယ်မောနေကြလေသည်။
ရဲ့ရှင်းချန်သည် ဖရိုဖရဲ ဖြစ်နေသည့် ကြားမှပင် တစ်စုံတစ်ယောက်မှ ပတ်ဝန်းကျင်အား ခိုးကြောင်ခိုးဝှက် ကြည့်ရှု ပြီးနောက် မီးလောင်၍ သေဆုံးသွားသူ အချို့၏ အသားအား တိတ်တဆိတ် ကိုက်စားနေသည်ကိုပင် မြင်တွေ့လိုက်ရလေသည်။
(** သာသာကိုယ်တိုင်တောင် စာရေးနေရင်း ဖတ်ပြီး အန်ချင်တယ် **)
နောက်ဆုံးတွင် ဓာတ်ဆီများမှာ လောင်ကျွမ်း၍ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ လူတိုင်းသည် မြေပြင်ပေါ်ရှိ အလောင်းများအား ကြည့်လျှက် ရင်ထဲတွင် အကြောက်တရားများဖြင့် နောက်သို့ ဆုတ်လိုက်မိကြသည်။ ရဲ့ရှင်းချန်အား ရင်ဆိုင်ရန်အတွက် အနည်းဆုံး လူလေးဆယ် ငါးဆယ်ခန့် သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။
သူတို့သည် နည်းလမ်း အမျိုးမျိုးဖြင့် ကြိုးစားခဲ့ ကြသော်လည်း ခံတပ်တစ်ခုကဲ့သို့ ခိုင်ခံ့လှသည့် ရဲ့ရှင်းချန်၏ အိမ်အား မည်သို့ ဖောက်ထွင်းလျှက် ရိက္ခာများအား လုယူနိုင်မည် ဆိုသည်အား မစဉ်းစားတတ်ကြတော့ပေ။
လေထုထဲတွင် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။ သို့သော် တစ်ချိန်တည်းမှာပင် အခြားသော အငွေ့အသက် တစ်မျိုးမှာ ပိုမို ပြင်းထန်လာခဲ့ကာ လူတိုင်း၏ မျက်နှာထားများအား ပြောင်းလဲ သွားစေတော့သည်။