အချင်းချင်း သတ်ဖြတ်ခြင်း
Vol. 4 Ch. 52
ငတ်မွတ်နေကြသော လူများသည် လေထုထဲမှ ချိုမြိန်လှသော အနံ့အား ရှူရှိုက်မိလိုက်ကြ ပြီးနောက် တံတွေးများအား ဂရုတစိုက် မျိုချလိုက် မိကုန်ကြတော့သည်။ ထို အခိုက်အတန့်တွင် သူတို့၏ စိတ်ထဲ၌ ရူးသွပ်လှသည့် စိတ်ကူးသစ် တစ်ခု ပေါ်ပေါက်လာသည်အား မည်သူမျှ ဝန်ခံလိုကြခြင်း မရှိပေ။
သူတို့သည် ထိုသို့ မတွေးဝံ့ ကြသော်လည်း ပုံပျက်ပန်းပျက် ဖြစ်နေသည့် အလောင်းများကိုမူ မျက်တောင်မခတ်ဘဲ စိုက်ကြည့် နေမိကြလေသည်။ ရုတ်တရက် လူအုပ်ထဲမှ အမျိုးသမီးတစ်ဦးသည် အကျယ်ကြီး အော်ငိုလိုက်ကာ ပြောနေသံအား ကြားလိုက်ရလေသည်။
"ငါ ဆက်ပြီး မတောင့်ခံနိုင်တော့ဘူး"
သူတို့သည် ရဲ့ရှင်းချန်၏ အိမ်အား ဖောက်ထွင်း ပြီးနောက် သူတို့၏ ဘဝများ မည်မျှ သာယာသွားမည် ဆိုသည်အား တစ်နေ့လုံး စိတ်ကူးယဉ် နေခဲ့ကြခြင်း ဖြစ်ပေသည်။ သို့သော် နောက်ဆုံး ရလဒ်တွင်မူ သူတို့အား စိတ်ပျက် အားငယ်မှု အတွင်းသို့ တွန်းပို့လိုက်ရုံသာ ရှိလေသည်။
လူအများအပြား သေဆုံးခဲ့ရသော်လည်း ရဲ့ရှင်းချန်၏ အိမ်နံရံ (သို့မဟုတ်) ပြတင်းပေါက်များပေါ်တွင် အက်ကွဲကြောင်း တစ်ကြောင်းမျှပင် ပေါ်မလာခဲ့ချေ။
သူမသည် လူအုပ်ထဲမှ ရုတ်တရက် ခုန်ထွက်လာ ပြီးနောက် ရဲ့ရှင်းချန်၏ ပြတင်းပေါက်ကြီး ရှေ့တွင် ဒူးထောက်လိုက်တော့သည်။ ရဲ့ရှင်းချန်မှာမူ သူမသည် သူ၏ အိမ်အား ဆက်လက်၍ ဖျက်ဆီးရန် ကြိုးစားဦးမည်ဟု ထင်မှတ်ထားသော်လည်း သူမသည် ရုတ်တရက် ဦးတိုက် လိုက်တော့သည်။
"ကျေးဇူးပြုပြီး ရှင်းချန် ငါ တကယ် မတောင့်ခံနိုင်တော့လို့ပါ ငါ တကယ်ကို ငတ်နေပြီမို့လို့ပါ ကျေးဇူးပြုပြီး ငါ့ကို ကယ်ပါဦး ပေါင်မုန့် တစ်ဖဲ့လေးပဲ ဖြစ်ဖြစ် ပေးပါဟယ်"
သူမမှ စတင် တောင်းပန်လိုက်သောအခါ လူအများအပြားမှာ လူအုပ်ထဲမှ ပြေးထွက်လာကြကာ ရဲ့ရှင်းချန်၏ ပြတင်းပေါက်ရှေ့တွင် ဒူးထောက် လိုက်ကြတော့သည်။ သူတို့အားလုံး ရဲ့ရှင်းချန်အား သနားကရုဏာ သက်ပါရန်နှင့် အစားအစာ တစ်ကိုက်မျှ ပေးပါရန် တောင်းပန်နေကြလေတော့သည်။
ဤသို့ ကြီးကျယ်ခမ်းနားလှသည့် မြင်ကွင်းမှာ အမှန်တကယ်ပင် မြင်ရခဲလှသည့် အရာပင် ဖြစ်ချေသည်။ ပြတင်းပေါက် အပြင်ဘက်မှ ငိုယို တောင်းပန်သံများမှာ ဆူညံသွားတော့သည်။ ထိုလူများသည် မြေပြင်ပေါ်သို့ သွေးများ နှင့် နှင်းများ ရောထွေးသွားသည် အထိ ဦးတိုက်နေကြလေသည်။
ရဲ့ရှင်းချန်မှ သက်ပြင်းချလိုက် ပြီးနောက် အသံချဲ့စက်အား ယူကာ နှစ်ဖက် ပြောဆိုနိုင်သည့် စနစ်အား ဖွင့်လိုက်ပြီးနောက် သူတို့ဆီသို့ လျှောက်သွားလိုက်လေသည်။
"အားလုံးပဲ ဒီလိုမျိုး မလုပ်ကြပါနဲ့ မင်းတို့ကို ကြည့်ရတာ ကျွန်တော့် စိတ်ထဲမှာ အရမ်းကို နေလို့မကောင်း ဖြစ်ရပါတယ်"
ထိုသို့ ပြောပြီးနောက် သူသည် မီးဖိုချောင်ဘက်သို့ လှည့်ထွက်သွားခဲ့လေသည်။ မကြာမီမှာပင် သူသည် အခိုးအငွေ့ တထောင်းထောင်း ထနေသည့် အစားအစာ အိုးတစ်လုံးအား ကိုင်ဆောင်လာခဲ့ကာ ပြန်လာပြီးနောက် ပြတင်းပေါက် ရှေ့တွင် ထိုင်ချလိုက်သည်။
"ကျွန်တော်က စိတ်မကောင်းဖြစ်တဲ့ အခါတိုင်း အစားကို ပိုပြီး စားချင်တတ်တယ်ဗျ"
"ရှလူး"
ရဲ့ရှင်းချန်သည် အိုးအား မြေပြင်ပေါ် သို့ ချလိုက်လေသည်။ သူသည် ခြေထောက်ချိတ်လျက် တူအား ကိုင်လျှက် အသားချဉ်စပ် ခေါက်ဆွဲများအား တလုတ်ချင်း ငုံ့စားနေလေတော့သည်။
အိမ်ထဲတွင် ရဲ့ရှင်းချန်မှ ခေါက်ဆွဲများအား အားပါးတရ စားနေစဉ် အပြင်ဘက်မှ ငိုသံများမှာလည်း ရပ်တန့်သွားခဲ့လေတော့သည်။ ဦးတိုက်နေကြသော လူအုပ်ကြီးမှာ ရဲ့ရှင်းချန်၏ ခေါက်ဆွဲအိုးအား စိုက်ကြည့်ရင်း တံတွေးများ မျိုချနေကြရတော့သည်။
အပြင်ဘက်ရှိ အသံချဲ့စက် မှနေ၍ သူ အစားစားနေသည့် အသံများမှာ ထပ်ခါတလဲလဲ ထွက်ပေါ်နေခဲ့လေတော့သည်။ အပြင်ဘက်ရှိ လူများသည် သူတို့၏ စိတ်ဓာတ်များ ပြိုလဲသွားကြပြီးနောက် မသိစိတ်ဖြင့် ငိုယိုနေကြတော့သည်။
"ကျွန်တော်တို့ မှားသွားပါပြီ ကျွန်တော်တို့ မှားသွားပါပြီ ကျေးဇူးပြုပြီး ညီလေးရဲ့ရယ် ကျွန်တော်တို့ မသေချင်သေးလို့ပါ"
"ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အစားအသောက် နည်းနည်းလောက် ပေးပါဦး နည်းနည်းလေးဆိုရင် ရပါပြီ မင်း လွှင့်ပစ်လိုက်တဲ့ အရာတွေ ဆိုရင်တောင် ရပါတယ် ကျေးဇူးပြုပြီး ပေးပါဗျာ"
"ငါ့ကို တစ်ခုခု ပေးစားပါ နောင်ကို မင်း ခိုင်းတာမှန်သမျှ ငါ လုပ်ပါ့မယ်"
ရဲ့ရှင်းချန်မှာမူ ခေါက်ဆွဲစားခြင်းကိုသာ အာရုံစိုက်နေခဲ့သည်။ သူသည် သူ၏အိတ်ကပ်ထဲမှ ကြက်သွန်ဖြူ တစ်ဥကို ထုတ်ယူလိုက်ကာ အခွံခွာပြီးနောက် ပါးစပ်ထဲသို့ တစ်မြွှာချင်း ထည့်စားပြနေသေးသည်။
ဆာလောင် မွတ်သိပ် ပြီးနောက် အေးခဲနေချိန်တွင် ပူပူနွေးနွေး ခေါက်ဆွဲတစ်ပန်းကန် စားရခြင်းမှာ မည်မျှ ကောင်းမြတ်လှလေသနည်း။
ရဲ့ရှင်းချန်သည် သုံးပုံတစ်ပုံခန့်ကိုသာ စားလိုက်ကာ ဗိုက်ဝသွားချိန်တွင် ကျန်ရှိနေသော ခေါက်ဆွဲအိုး တစ်ဝက်အား ပြတင်းပေါက်ဘက် နားသို့ သာမာန်ကာလျှံကာ တွန်းပို့လိုက်လေသည်။
မှန်တစ်ခုသာ ခြားနေသဖြင့် သူတို့ မြင်ရသော်လည်း စား၍မရနိုင်ချေ။ လူတိုင်းမှာ ခွေးတစ်ကောင်ကဲ့သို့ပင် ပြတင်းပေါက်မှန်အား လျှာဖြင့်ပင် ရက်နေကြတော့သည်။
ရဲ့ရှင်းချန်သည် ကော်ဖီစားပွဲ အောက်မှ သူ စားလက်စနှင့် ဘေးသို့ ပစ်ထားခဲ့သော ပေါင်မုန့် တစ်ဝက်အား ကောက်ယူလိုက်လေသည်။ ထို့နောက် အပေါ်ထပ်သို့ တက်သွားကာ အဝတ်အစားများအား ပြန်လည်၍ ဝတ်ဆင်လိုက်လေသည်။
ထို့နောက် ရဲ့ရှင်းချန်သည် ပစ်ခတ်သည့် အပေါက်အား ထပ်မံ ဖွင့်လိုက်ပြီးနောက် ပြတင်းပေါက်ရှေ့တွင် ဒူးထောက်နေသည့် လူအုပ်ကြီး အတွင်းသို့ ထိုပေါင်မုန့်တစ်ဝက်အား ပစ်ချလိုက်လေတော့သည်။ ထို့နောက် အပေါက်အား လျင်မြန်စွာ ပြန်ပိတ်လိုက်ပြီးနောက် အဝတ်အစားများအား ချွတ်ကာ အောက်ထပ်သို့ ပြန်ဆင်းလာခဲ့လေသည်။
သူ၏အနောက်တွင် ရန်ငြိုးများဖြင့် ရပ်နေကြသည့် လူများသည် ထိုပေါင်မုန့်အား ရရှိရန်အတွက် အရူးအမူး လုယက်ကြကုန်တော့သည်။
"ရန်မဖြစ်ကြပါနဲ့ ရန်မဖြစ်ကြပါနဲ့ဦး ဒါက ပေါင်မုန့် အစုတ်လေး တစ်ဖဲ့ပဲလေ"
ရဲ့ရှင်းချန်သည် ဆိုဖာအား ပြတင်းပေါက်ဘက်သို့ မျက်နှာမူလျှက် ဆွဲယူလိုက်လေသည်။ သူသည် အသံချဲ့စက်အား ကိုင်လျှက် ဆိုဖာပေါ်တွင် ခြေထောက်ချိတ်ကာ ထိုလူများ ခွေးရူးများကဲ့သို့ တိုက်ခိုက် နေကြသည်အား ကြည့်နေလိုက်သည်။
"မင်းတို့ကို နွေးနွေးထွေးထွေး ဝတ်ဆင်နိုင်ဖို့နဲ့ ဗိုက်ဝအောင် စားနိုင်ဖို့ အခွင့်အရေး တစ်ခု ပေးနိုင်ပါတယ် ဒါပေမဲ့ အဲဒါက မင်းတို့ရဲ့ စွမ်းဆောင်ရည် အပေါ်မှာပဲ မူတည်လိမ့်မယ်"
ကင်မရာမှတစ်ဆင့် ရဲ့ရှင်းချန်သည် ကျန်းရီ၏ လုပ်ရပ်များကို မြင်တွေ့နေရလေသည်။ ကျန်းရီသည် သူ၏ ကိုယ်ပိုင်အာဏာအား တည်ဆောက်နေပြီး လူများ၏ ယုံကြည်မှုကိုလည်း ရရှိရန် ကြိုးပမ်းနေကြောင်း သူသိထားသည်။
‘ကောင်းပြီလေ အဲဒါဆိုရင်လည်း ကျန်းရီရဲ့ အင်အားစုတွေကို ငါ့အင်အားစုတွေ ဖြစ်အောင် ငါလုပ်ပြမယ်’
"ငါ့အတွက်ကတော့ တစ်ယောက်တည်း နေရတာ တကယ်ကို ငြီးငွေ့စရာ ကောင်းလှပါတယ် ငါ့ရဲ့ ပျင်းရိမှုကို ဖြေဖျောက်ပေးမယ့် လူတစ်ယောက် လိုအပ်တယ်"
"ဒါပေမဲ့ ငါ ဆိုတဲ့ ရဲ့ရှင်းချန်က ငါ့အပေါ် သစ္စာရှိတဲ့ ခွေးတွေကိုပဲ မွေးမြူတတ်တယ် မင်းတို့ ငါ့ခွေး ဖြစ်ချင်တယ် ဆိုရင်တော့ မင်းတို့ရဲ့ သစ္စာရှိမှုကို ပြသဖို့ အခွင့်အရေးတစ်ခု ငါပေးမယ်"
"မင်းတို့ထဲက ဘယ်သူက ကျန်းရီကို သတ်ပြီး သူ့ခေါင်းကို ယူလာပေးနိုင်မလဲ"
ရဲ့ရှင်းချန်သည် ခြေထောက်များအား ဆန့်ထုတ်လိုက်ပြီးနောက် ပြတင်းပေါက်ရှေ့မှ အိုးအား ကန်လိုက်လေသည်။
"အဲဒီလူရဲ့ မိသားစု တစ်ခုလုံးကို တစ်ပတ်တိတိ ဗိုက်ဝအောင် ငါ ကျွေးမွေးစောင့်ရှောက်ပေးမယ်"
သေချာသည်မှာ ရဲ့ရှင်းချန်သည် ဤလူများအား သနားနေခြင်း မဟုတ်ပေ။ သို့သော်လည်း ဤကဲ့သို့သော ကမ္ဘာပျက်ကပ်ကြီးထဲတွင် သူ တစ်ယောက်တည်း ဖြစ်နေပါက အပြင်ထွက်ရန် ခက်ခဲလိမ့်မည်မှာ အမှန်ပင် ဖြစ်ချေသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် အတိတ်ဘဝတွင် သေဆုံးခဲ့စဉ်တွင်လည်း အလွန်အေးခဲခဲ့သည် မဟုတ်ပါလား။ နောင်အနာဂတ်တွင် အလွန်အမင်း အေးခဲခြင်းအပြင် မည်သို့သော အခြား အခြေအနေများ ရှိလာနိုင်မည်ကိုလည်း မည်သူမှ သိနိုင်လိမ့်မည် မဟုတ်ချေ။
သူသည် ဤအိမ်ထဲတွင် တစ်သက်လုံး ပုန်းအောင်းနေရန် မဖြစ်နိုင်ချေ။ ဤအိမ်တွင် တစ်သက်လုံး နေထိုင်ရန် လုံလောက်သည် ဆိုသော်ငြားလည်း ထိုကဲ့သို့ နေထိုင်ရခြင်းမှာ အနည်းငယ် ကိုယ့်ကိုကိုယ် ညှဉ်းပန်းနှိပ်စက်ရာ ရောက်ပေလိမ့်မည်။
အတိတ်ဘဝတွင် သူသည် လက်နက်မဲ့ ဖြစ်နေခဲ့ပြီး မည်သည့် အရာမှ မရှိခဲ့ချေ။ သဘာဝကျစွာပင် သူ၏ အကြီးမားဆုံး အိပ်မက်မှာ နွေးနွေးထွေးထွေး ဝတ်ဆင်နိုင်ရန် ကောင်းမွန်စွာ နေထိုင်နိုင်ရန် နှင့် ကောင်းမွန်စွာ စားသောက်နိုင်ရန်သာ ဖြစ်ခဲ့လေသည်။ သို့သော် ယခုအခါ သူသည် ဇိမ်ကျကျ နေထိုင်နေရပြီ ဖြစ်ရာ သူ၏ စိတ်ကျန်းမာရေး အတွက် စတင် စဉ်းစားရတော့မည် ဖြစ်သည်။
အပြင်ထွက်သည့် အခါတိုင်း အလွန်အမင်း သတိထား နေရသည် ထက်စာလျှင် ဤလူများအား သူ၏ ကိုယ်ပိုင် လူများအဖြစ် အသုံးချခြင်းသည် ပို၍ ကောင်းပေလိမ့်မည်။ သို့သော်လည်း ကျန်းရီကဲ့သို့သော အလွန် ပါးနပ်လွန်းကာ ကောက်ကျစ်လွန်းသည့် မြေခွေးကဲ့သို့ လူစားမျိုးကိုအား သူ လက်သင့်မခံနိုင်ချေ။
ရဲ့ရှင်းချန်၏ စကားအပြီးတွင် အပြင်ဘက်မှ ဆူညံသံများမှာ သိသိသာသာ ငြိမ်ကျသွားခဲ့သည်။ သူ စကားပြောပြီးသည်နှင့် ဤစကားများအား အပြင်ဘက်ရှိ လူအုပ်ကြီးထံသို့ပါ ထုတ်လွှင့်ပေးလိုက်ခြင်း ဖြစ်ပေသည်။ အပြင်ဘက်ရှိ လူများသည် ချီတုံချတုံ ဖြစ်နေကြကာ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေကြလေသည်။
သူတို့ လာခဲ့စဉ်က လူတိုင်းသည် ကျန်းရီ၏ ကူညီမှုအား ရရှိခဲ့ကြသည် မဟုတ်ပါလား။ လူတစ်ယောက်စီတိုင်းမှာ လက်သီး တစ်ဆုပ်စာခန့် ရှိသည့် အသားတစ်ဖဲ့စီ ရရှိခဲ့ကြခြင်း ဖြစ်သည်။ ထို့ပြင် ကျန်းရီ၏ လက်ထဲတွင် သေနတ်ရှိနေခဲ့ကာ လေ့ကျင့်ထားသည့် သက်တော်စောင့်များသည်လည်း အိမ်အား စောင့်ကြပ်နေကြသေးပေသည်။
အကယ်၍ သူတို့သာ ကျန်းရီ၏ ခေါင်းကို အလိုရှိပါမူ ကျန်းရီ၏ အနားသို့ မကပ်နိုင်ခင်မှာပင် သူတို့၏ ခေါင်းများ အရင် ပြတ်သွားမည်ကိုလည်း စိုးရိမ်နေကြကုန်တော့သည်။
သို့သော်လည်း ကျန်းရီအား ရင်ဆိုင်ရန် ခက်ခဲသည်ဆိုလျှင်ပင် ရဲ့ရှင်းချန်အား ရင်ဆိုင်သည်မှာရော လွယ်ကူပါလေသလား။ ဤတိုက်ပွဲတွင် သူတို့ဘက်မှ အနည်းဆုံး လူလေးဆယ်ခန့် ဆုံးရှုံးခဲ့ရပြီးပြီ ဖြစ်ပေသည်။
ထိုအခိုက်တွင် ကျန်းရီမှာမူ အတော်လေး ဝေးသော နေရာသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။ အစောပိုင်းတွင် မီးလောင်ဗုံးများကြောင့် ကျန်းရီသည် လူအနည်းငယ်အား ခေါ်ဆောင်ကာ ဝေးရာသို့ ဆုတ်ခွာ သွားခဲ့ခြင်း ဖြစ်သည်။
သူသည် ရဲ့ရှင်းချန် ပြောခဲ့သည်များအား မကြားလိုက်ရပေ။ သူ၏ ပတ်ဝန်းကျင်တွင် အအေးမိစေနိုင်သည့် လေအေးများသည်လည်း တဝူးဝူး တိုက်ခတ်နေသေးသည်။ သူသည် မျက်မှောင်ကြုတ်လျက် နောက်ထပ် မည်သို့ ဆက်လုပ်ရမည်နည်း ဟူသည်အား တွေးတောနေမိလေသည်။
ယခု ခဏတာလေးတွင်ပင် သူ၏ လူသုံးယောက် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူသည် လူ့အဖွဲ့အစည်း တစ်ခုလုံးအား ထိန်းချုပ်လိုပါက အင်အားကိုလည်း ထပ်မံ ဖြည့်တင်းရမည် ဖြစ်သည်။
သို့သော်လည်း သူသည် သူ၏ ဖခင်နှင့် အဆက်အသွယ် ပြတ်တောက် နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူ၏ ကိုယ်ပိုင် နယ်မြေ အတွင်းရှိ နေရာ အသီးသီးနှင့်သာ ဆက်သွယ်နိုင်တော့မည့်ပုံ ပေါ်နေခဲ့လေသည်။
သူ စဉ်းစားနေစဉ်မှာပင် ကျန်းရီ၏ တစ်ကိုယ်လုံးမှာ ရုတ်တရက် တုန်ယင်သွားခဲ့သည်။ သူ၏ ကျောပြင်ပေါ်သို့ ဓားတစ်လက် ရောက်ရှိနေသကဲ့သို့ သူ ခံစားလိုက်ရသည်။
သူသည် ခေါင်းမော့ကြည့်လိုက် ပြီးနောက် သူ၏ လက်ထဲမှ သေနတ်အား ထိုအရပ်မျက်နှာဆီသို့ မသိစိတ်ဖြင့် ချိန်ရွယ်လိုက်မိသည်။ လူအုပ်ကြီးသည် ထူးဆန်းသော အမူအရာများဖြင့် သူ့အား စိုက်ကြည့် နေကြသည်အား သူ တွေ့လိုက်ရတော့သည်။
သူသည် မျက်မှောင်ကြုတ်လျက် လူအုပ်ကြီးအား ဝေ့ကြည့်လိုက်မိသည်။ ထိုလူများသည် နောက်သို့ ဆုတ်သွားကြသော်လည်း သူ့ကိုမူ ဆက်လက် စိုက်ကြည့်နေကြဆဲ ဖြစ်သည်။ လူတိုင်း မှ သူ့အား ကြည့်နေသည့် ပုံစံမှာ အမှန်တကယ်ပင် ထူးဆန်းလှကာ သူ၏ စိတ်ထဲတွင် ဖော်ပြမရနိုင်သည့် နေမထိထိုင်မသာ ဖြစ်မှုကိုလည်း ခံစားလိုက်ရ ပြီးနောက် ရင်ထဲတွင်လည်း အနည်းငယ် ထိတ်လန့်သွားခဲ့ရလေသည်။
"အရင်ဆုံး ပြန်ကြရအောင် သူတို့ကိုတော့ ဆက်ပြီး စောင့်ခိုင်းထားလိုက်ဦး"