အကျယ်ချုပ်
Vol. 4 Ch. 53
ကျန်းရီနှင့် သူ၏လူများ ထွက်ခွာသွားကြလေသည်။ ထို့နောက် လူများအား တားဆီးထားသည့် သက်တော်စောင့်များလည်း ထွက်ခွာ သွားကြတော့သည်။
ရဲ့ရှင်းချန်၏ ပြတင်းပေါက်ရှေ့တွင် ဒူးထောက်ကာ အစာ တောင်းရမ်းနေသူများ နှင့် ပြတင်းပေါက်အား ဆက်လက်၍ ရိုက်ချိုးလို သူများသည်လည်း ရဲ့ရှင်းချန်မှ အတွင်းဘက် သံမဏိပြားအား ချလိုက် ပြီးနောက်တွင် တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြကုန်သည်။
ရဲ့ရှင်းချန်မှာမူ ခေါက်ဆွဲ တစ်ပန်းကန်အား မြိန်ယှက်စွာ စားသောက် ပြီးနောက် ကိုယ်လက်သန့်စင်ကာ အိပ်ရာဝင်ခဲ့ကာ နှစ်ခြိုက်စွာ အိပ်ပျော် သွားလေတော့သည်။
အချိန်အတန်ကြာ တိတ်ဆိတ်နေခဲ့သည့် ရဲ့ရှင်းချန်၏ ဘဝသည် ဤအချိန်တွင် ပြန်လည်၍ သက်ဝင် လှုပ်ရှားလာခဲ့ပြီ ဖြစ်သည်။ ယခင်တွင် သူ့ထံ အကူအညီတောင်းခဲ့ကာ စော်ကားခဲ့ဖူးသည့် အိမ်နီးချင်းများသည် သူ့ထံမှ တုံ့ပြန်မှု မရရှိသည်အား မြင်သော် တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့ကြသည်။ ယခုမူကား သူတို့ ပြန်လည်၍ ပေါ်ပေါက်လာကြလေပြီ ဖြစ်သည်။
သို့သော် ယခုအခါ ၎င်းတို့အနက် အများစုမှာ ရဲ့ရှင်းချန်အား တောင်းပန်ရန် ရောက်ရှိလာကြခြင်း ဖြစ်ပြီး ယခင် အချိန်များတွင် သူ့အား စော်ကားခဲ့သူများပင် ပါဝင်နေကြလေသည်။
ဤ တိုက်ပွဲ အပြီးတွင် သူတို့၏ အနည်းငယ်သော ခွန်အားများသည် ကုန်ဆုံးသွားခဲ့ကြပြီ ဖြစ်ချေသည်။ ရဲ့ရှင်းချန်၏ ၃၆၀ ဒီဂရီ အဘက်ဘက်မှ ကာကွယ်ထားမှုအား ကြည့်ခြင်းဖြင့် သူတို့သည် လက်လျှော့ရန် စတင်၍ စဉ်းစားလာကြပြီ ဖြစ်သည်။
ရဲ့ရှင်းချန်သည် အပေါ်ဆုံးထပ်တွင် ဖက်ထုပ်ဟင်းရည်အား စားရင်းဖြင့် လူတိုင်း၏ မက်ဆေ့ချ်များအား ကြည့်ရှုနေစဉ် နေအိမ်ရှိ အချက်ပေးသံ မြည်လာသည်အား ရုတ်တရက် ကြားလိုက်ရလေသည်။
ဓာတ်လှေကားမှသည် ဒုတိယထပ် စင်္ကြံလမ်းဆီသို့ လုံခြုံရေးကင်မရာ မြင်ကွင်းရွေ့သွားသည်အား စောင့်ကြည့်နေရင်းဖြင့် သူ၏ မျက်နှာ အမူအရာများ ပြောင်းလဲသွားခဲ့သည်။ ခလုတ် တစ်ချက် နှိပ်လိုက်သည်နှင့် ကြမ်းပြင်မှ မျက်နှာကြက် အထိရှိသော မှန်ချပ်ရှေ့နှင့် နောက်ရှိ သံမဏိပြားများ မြင့်တက် သွားခဲ့တော့သည်။
အပြင်ဘက်တွင်မူ အဝတ်အစားများအား လုံခြုံစွာ ဝတ်ဆင် ထားသည့် လူအနည်းငယ် ရှိနေကြသည်။ သူတို့သည် အလောင်းများအား ခိုးယူရန် ရောက်လာကြခြင်း ဖြစ်ပေသည်။
တိတိကျကျပြောရလျှင် ယမန်နေ့ တွင် မိုလိုတော့ဗ် ကော့တေးများဖြင့် မီးရှို့ခံထားရသည့် အလောင်းများအား ခိုးယူရန် ရောက်လာကြခြင်း ဖြစ်သည်။
ရုတ်တရက် သံမဏိပြား မြင့်တက်လာမှုကြောင့် ထိုသူတို့ အလွန်အမင်း ထိတ်လန့်သွားကြကာ အလောင်းအား သယ်ဆောင်ရင်း လက်များ တုန်ယင်လာကြတော့သည်သည်။ အလောင်းအား နှင်းထဲသို့ ပြန်လည်၍ ပစ်ချမိမတတ်ပင် ဖြစ်သွားကြကုန်လေသည်။
“အ...အ....ထင်မလွဲပါနဲ့ ကျွန်တော်တို့က ခင်ဗျားကို ပြဿနာလာရှာတာ မဟုတ်ပါဘူး”
“ကျွန်..ကျွန်တော်တို့က အလောင်းတွေကို ရွှေ့ဖို့ပဲ လာတာပါ”
ထိုသူတို့ စကားပြောချိန်တွ၍် အလွန်ပင် အပြစ်ရှိသကဲ့သို့ ခံစားနေရသဖြင့် ရဲ့ရှင်းချန်အား မျက်လုံးချင်း မဆုံရဲကြချေ။ သေချာ နားထောင်ကြည့်မည်ဆိုလျှင် သူတို့၏ အသံများ တုန်ယင်နေသည်ကိုပင် ကြားနိုင်ပေလိမ့်မည်။
ရဲ့ရှင်းချန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့ကာ သူ၏ ဆက်သွယ်ရေးစက်အား ကောက်ကိုင် လိုက်တော့သည်။
“အို အလောင်းရွှေ့မယ် ဟုတ်လား ဒါဆို ဒီအထိ လာရတာ မင်းတို့အတွက် ပင်ပန်းမှာပဲ မင်းတို့က သူတို့ရဲ့ မိသားစုဝင်တွေလား မင်းတို့သယ်နေတဲ့ လူတွေက မိသားစုဝင်တွေ မဟုတ်ဘူးလို့ ငါထင်တယ်နော်”
“အလောင်းကို ဘယ်ဆွဲသွားမလို့လဲ မြှုပ်ဖို့ ဆွဲသွားမလို့လား ဒါ အရမ်းဒုက္ခများပါတယ် ဒီမှာ နှင်းတွေက အရမ်းထူတာပဲ ဒီမှာပဲ မြှုပ်လိုက်ပါလား ဘာလို့ ဒီလောက် ပင်ပန်းတဲ့ ခရီးကို လာရတာလဲ”
ရဲ့ရှင်းချန်၏ အမေးကြောင့် ထိုသူတို့ အရှက်ရသွားကြလေသည်။
“မင်း..မင်း စိတ်ပူစရာ မလိုပါဘူး ငါတို့က မင်းနေရာကို သန့်ရှင်းရေး လုပ်ပေးဖို့ စေတနာနဲ့ လာတာပါ မင်း..မင်းက အကောင်းအဆိုး နားမလည်ဘူးလား”
သူတို့သည် အံကြိတ်လျှက် အလောင်းအား သယ်ကာ ထွက်ပြေး သွားကြလေတော့သည်။ ရဲ့ရှင်းချန်သည် သူတို့၏ ထွက်ပြေးသွားသည့် ကျောပြင်များအား ကြည့်လျှက် ရယ်စရာကောင်းသည်ဟု ထင်လိုက်မိသည်။ သူသည် လက်အား မြှောက်လျှက် ခလုတ် ပြန်နှိပ်လိုက်ကာ သံမဏိပြားအား ပြန်ချလိုက်တော့သည်။
“မင်းတို့ တကယ် ရက်စက်တာပဲ မနေ့က အလောင်းကို ခိုးကိုက်တဲ့ လူအနည်းငယ်ထဲမှာ မင်းတို့လည်း ပါတယ်မလား ကျစ် ကျစ် ကျစ် နောက်ဆုံးတော့ မင်းတို့ ဒီအဆင့်ကို ရောက်လာပြီပဲ”
သူ၏ ဗီလာတွင် ကျန်းရီ၏ မျက်လုံးများမှာ ဒေါသကြောင့် နီရဲနေဆဲ ဖြစ်သည်။ ပစ္စည်းများ ရယူရန် အတွက် တန်းစီနေသူများကိုပင် သည် သေနတ်ဖြင့် ချိန်ကာ မောင်းထုတ်ခဲ့လေသည်။
သို့သော် ထိုသူများသည် အလွန် များလွန်းလှပေသည်။ ကျန်းရီ၏ သက်တော်စောင့်များသည် လူများပြားလှသည့် အတွက်ကြောင့် ပေါ့ဆမိနေဆဲ ဖြစ်သည်။ ထို့ကြောင့် အဓိကရုဏ်းတစ်ခု ဖြစ်ပွားခဲ့ရလေသည်။ တစ်စုံတစ်ယောက်မှ ကျန်းရီနှင့် သူ၏ သက်တော်စောင့်များ အာရုံစိုက်မှု မရှိသည်အား အခွင့်ကောင်းယူကာ ကျန်းရီကို တိတ်တဆိတ် သွားရောက်၍ ဓားဖြင့် ထိုးခဲ့လေသည်။
သို့သော် ထိုသူမှာ ထွက်မပြေးနိုင်ခဲ့ချေ။ ကျန်းရီမှ သူ့၏ ခေါင်းတည့်တည့် သေနတ်ဖြင့် ပစ်လိုက်လေတော့သည်။ ကျန်းရီသည် သေနတ်အား မြှောက်လျှက် သူ့ထံ တိတ်တဆိတ် ချဉ်းကပ်လာ သူများကိုပင် ပစ်ခတ်ခဲ့သေးသည်။
“ထွက်သွား ထွက်သွား”
နောက်ထပ် လူသုံးဦး သေဆုံးသွားချိန်တွင် အခြားသူများမှာ အလွန်ပင် ထိတ်လန့်သွားကြကာ အိမ်များဆီသို့ ထိတ်လန့်တကြား ထွက်ပြေးသွားကြကုန်လေသည်။
စောင့်ကြည့် ကင်မရာ မှတစ်ဆင့် ရဲ့ရှင်းချန်သည် ကျန်းရီ၏ ဓားရာမှ သွေးများ စိမ့်ထွက်နေပြီ ဖြစ်ကြောင်း မြင်လိုက်ရလေသည်။ သူ့အား ဗီလာထဲသို့ တွဲခေါ်သွားကြလေသည်။ ကျန်းရီ၏ အဝတ်အစားများ မည်မျှပင် ထူထဲစေကာမူ ထိုမျှရှည်လျားသည့် အရိုးခုတ်ဓားအား မခံနိုင်ခဲ့ပေ။
“မြန်မြန်လုပ် မြန်မြန် ဒေါက်တာလင်းကို သွားခေါ်လိုက်”
ကျန်းရီသည် လက်သီးအား ဆုပ်ထားလိုက်ကာ သူ၏ မျက်လုံးများမှာ ဒေါသကြောင့် နီရဲနေခဲ့သည်။ သူ၏ ပစ္စတိုအား လက်ထဲတွင် တင်းကျပ်စွာ ကိုင်ထားလေသည်။ ၎င်းမှာ သူ၏ နောက်ဆုံး အားထားရာ တစ်ခုလည်း ဖြစ်ပေသည်။
အေးစက်နေသည့် ဆိုဖာပေါ်တွင် မျက်မှောင်ကြုတ်လျှက် ထိုင်နေစဉ် သူ၏ မျက်လုံးများမှာ အငြိုးအတေးများဖြင့် ပြည့်နှက်နေခဲ့လေသည်။ သူ၏ နှလုံးသားထဲရှိ စိုးရိမ်ပူပန်ကာ ဘဝင်မကျမှုများ ပိုမို၍ ကြီးထွားလာခဲ့သည်။ ယမန့်နေ့ ပြန်လာစဉ် အချိန်တွင် အဖွဲ့ထဲရှိ ရဲ့ရှင်းချန်၏ မက်ဆေ့ချ်အား သူ မြင်ခဲ့လေသည်။
သို့သော် သူ ဂရုမစိုက်ခဲ့မိချေ။ မည်သို့ပင်ဆိုစေ ရဲ့ရှင်းချန်၏ အသေးအဖွဲ တိုက်ခိုက်မှုများနှင့် နှိုင်းယှဉ်ပါမူ သူ၏ လက်ထဲတွင် အစစ်အမှန် ကျည်ဆန်များ ရှိနေခဲ့သည် မဟုတ်ပါလော။ သို့သော် အကူအညီ မဲ့နေသော အခြေအနေများတွင် လူများ၏ ရူးသွပ်မှုအား သူ လျှော့တွက်ခဲ့မိလေသည်။
ကျန်းရီ၏ နဖူးမှ ချွေးသီးချွေးပေါက်များ စိမ့်ထွက်လာခဲ့ကာ ဒဏ်ရာမှ နာကျင်မှုသည် သည်းခံနိုင်စရာ မရှိတော့ပေ။ လင်းစစ်ကျား အမြန် ရောက်လာလိမ့်မည်ဟု မျှော်လင့်လျှက် သူ၏ ဖုန်းစခရင်အား ထပ်ခါတလဲလဲ ကြည့်နေမိလေသည်။
လင်းစစ်ကျားသည် ရှေးဦး သူနာပြု သေတ္တာတစ်လုံးအား ယူလျှက် ရောက်ရှိလာခဲ့သည်။ အလောင်းများဖြင့် ပြည့်နှက်နေသည့် ခြံဝင်းအား ဖြတ်သန်းသွားစဉ် သူမ၏ မသိစိတ်မှ မျက်မှောင် ကြုတ်လိုက်မိလေသည်။
“ကျွန်မ အလကား ဆေးကုမပေးဘူးနော် စည်းမျဉ်းတွေကို ရှင် သိပါတယ်”
ကျန်းရီမှ အံကြိတ်လျှက် ခေါင်းညိတ်ပြလိုက်သည်။ သူသည် မီးဖိုချောင်အား လက်ညှိုးထိုးပြလိုက်ကာ ပြောလိုက်လေသည်။
“အရင်က ငါ သူတို့ကို ပေးခဲ့တဲ့ အစားအစာ နှစ်ဆ ငါပေးမယ်”
လင်းစစ်ကျားမှ ခေါင်းညိတ်လိုက် ပြလိုက် ပြီးနောက် သူ၏ ကျောမှ အရိုးခုတ်ဓားအား ဆွဲထုတ်ကာ ဒဏ်ရာအား ကုသရန် ရှေးဦးသူနာပြုသေတ္တာကို လျင်မြန်စွာ ဖွင့်လိုက်လေသည်။
ဒဏ်ရာသည် မကြီးလှသော်လည်း နက်ပေသည်။ ကံကောင်းထောက်မစွာ အရိုးခုတ်ဓားသည် သန့်ရှင်းနေသေးသဖြင့် ကျန်းရီမှာ လောလောဆယ် ကူးစက်ခံရမည် မဟုတ်ချေ။ သူ့အား ကံကောင်းသည်ဟု မှတ်ယူရပေမည်။
လင်းစစ်ကျားသည် သူမ၏ ပစ္စည်းများအား သိမ်းဆည်းလိုက်ကာ ရှေးဦးသူနာပြုသေတ္တာအား ကျောတွင် လွယ်လိုက်လေသည်။ သူမ မတ်တတ်ရပ်လျှက် ကျန်းရီထံသို့ လက်လှမ်း ပေးလိုက်သည်။
ကျန်းရီမှ လက်အား မြှောက်လျှက် အချက်ပြလိုက်လေသည်။ သူ၏ လက်အောက်ငယ်သားများသည် ချည်နှောင်ထားသည့် ခုတ်ဖြတ်ထားသည့် အသားနှစ်တုံးအား မီးဖိုချောင်ထဲမှ ယူဆောင် လာခဲ့ကြသည်။
လင်းစစ်ကျားက ယူရန်ပြင်လိုက်စဉ် သူမ တစ်ချက် ကြည့်မိလိုက်ပြီးနောက် အသားတုံးအား အံ့သြတုန်လှုပ်စွာ စိုက်ကြည့်နေမိလေသည်။
သူမ၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့တော့သည်။ သွေးနံ့နှင့် ထူးခြားလှသည့် အနံ့တစ်ခုသည် သူမ၏ နှာခေါင်း အတွင်းသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။
ဆေးရုံတွင် တစ်နှစ်ပတ်လုံး အလုပ်လုပ်ပြီးနောက် သေဆုံးသူများနှင့် အခါအားလျော်စွာ ရင်ဆိုင်ရလေ့ရှိသည့် လင်းစစ်ကျားသည် ၎င်းမှာ မည်သည့် အရာ ဖြစ်ကြောင်း သဘာဝကျကျပင် သိရှိပေသည်။
သူမ နောက်တစ်လှမ်း ဆုတ်လိုက်မိကာ အန်ချင်စိတ်အား ထိန်းချုပ်လိုက်လေသည်။ ဆန့်တန်းထားသည့် လက်အား ပြန်ရုပ်လိုက်ကာ ကျန်းရီအား တီးတိုး ပြောလိုက်လေသည်။
“ဒီတစ်ခါတော့ အလကားကုပေးတယ်လို့ သဘောထားလိုက်ပါ”
မျှော်လင့်မထားစွာဖြင့် ကျန်းရီသည် ဘေးအား တစ်ချက် ကြည့်လိုက်ရာ လင်းစစ်ကျား၏ ရှေ့တွင် လူတစ်ယောက်သည် ချက်ချင်း ရပ်တန့်သွားလေသည်။ လင်းစစ်ကျား မှ အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
“ရှင်တို့ ဘာလုပ်တာလဲ”
ထိုအချိန်တွင် ကျန်းရီ၏ ဩရှရှအသံအား ကြားလိုက်ရသည်။
“ဘာမှမဖြစ်ပါဘူး ဒေါက်တာလင်းက ငါ့ဒဏ်ရာတွေ မသက်သာခင် ထွက်သွားလို့ မရဘူး ဆိုတာလေးပါပဲ”
ကျန်းရီသည်လည်း အလွန်ကြောက်ရွံ့နေခဲ့သည်။ သူ့အသက်အား ယူချင်နေသည့် သူများသည် အပြင်တွင် မရေမတွက် နိုင်လောက်အောင် ရှိနေခဲ့သည်။ ဤတစ်ကြိမ် ဒဏ်ရခဲ့လျှင် နောက်တစ်ကြိမ် ထပ်၍ ရှိလာခဲ့လျှင် မည်သို့ လုပ်ကြမည်နည်း။
သူ့ဘေးနားက လူများသည် သစ္စာရှိကြသော်လည်း မည်သူ တစ်ဦး တစ်ယောက်မှ ဆေးပညာအား နားမလည်ကြချေ။ သူ၏ ဘေတွင် ဆရာဝန် တစ်ဦး မရှိလျှင် ကျန်းရီ စိတ်မအေးနိုင်ချေ။
“ဒါ့အပြင် ဒေါက်တာလင်းက ငါ့ဒဏ်ရာကို ပတ်တီးစည်းပေးထား ပြီးပြီ ငါ ဒေါက်တာလင်းရဲ့ အကူအညီကို အလွဲသုံးစား လုပ်လို့ မရဘူးမလား သေချာတာပေါ့ ငါ ဒေါက်တာလင်းကို ကောင်းကောင်း ဆက်ဆံရမှာပေါ့”
လင်းစစ်ကျားမှာ အလွန်ထိတ်လန့်သွားခဲ့သည်။ ကျန်းရီအား သူမ ပြန်ကြည့် မိလိုက်သောအခါ သူ၏ မျက်နှာမှာ လူများအား စားချင်နေသည့် ဘီလူး တစ်ကောင် ကဲ့သို့ ရွံရှာဖွယ် ကောင်းနေသည်ကိုသာ ခံစားလိုက်ရတော့သည်။
သိပ်မကြာခင်မှာပင် ကျန်းရီ၏ လက်အောက်ငယ်သားမှ မည်သည့် အရာမှန်း မသိနိုင်သည့် အရောအနှော အိုးတစ်လုံးအား ယူဆောင်လာခဲ့သည်။ အထဲတွင် မည်သည့် အရာများ ပါဝင်နိုင်သည်အား လင်းစစ်ကျား တွေးမိသောအခါ သူမသည် ထို နေရာတွင်ပင် အန်ချင်စိတ် ပေါက်သွားခဲ့ရလေသည်။
ကျန်းရီမှ လင်းစစ်ကျားအတွက် ပန်းကန်တစ်လုံးနှင့် တူတစ်စုံ ယူဆောင်လာရန် လူတစ်ယောက်အား ခိုင်းလိုက်လေသည်။ လင်းစစ်ကျားမှာမူ သူမ မဆာသေးကြောင်း ပြောလျှက် ဖြူဖျော့နေသည့် မျက်နှာဖြင့် ငြင်းပယ်လိုက်ရုံသာ တတ်နိုင်ပေတော့သည်။
ကျန်းရီနှင့် အခြားသူများ စားသောက်နေချိန်တွင်ပင် လင်းစစ်ကျားသည် သူတို့အား မကြည့်ရဲချေ။
“ရဲ့ရှင်းချန်ကို အမြန်ဆုံး ဆက်သွယ်ရမယ်”
ဟု လင်းစစ်ကျား တွေးလိုက်မိသည်။