အခန်း (၂၁၅၇-၂၁၅၈)
Vol. 155 Ch. 2157-2158
အပိုင်း(၂၁၅၇)
"လွန်လွန်းလှချေလား..."
လော့နင်က အာမေဍိတ်သံဖြင့် ရေရွတ်လိုက်သည်။ အဂ္ဂိရတ်ပညာရှင်များကို အတိုင်းအထက်အလွန် ကြည်ညိုလေးစားကြသော ကျင့်ကြံခြင်း လူ့အဖွဲ့အစည်းတစ်ခုက အဘယ်ကြောင့် သူတို့ကို ဤမျှအထိ ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံနိုင်ရသနည်း။ ဤသည်က သူတို့သာမက သူတို့၏ တစ်မျိုးနွယ်စုလုံးပင် ကျွန်အဖြစ် သွတ်သွင်းခံရနိုင်သည့် အခြေအနေ ဖြစ်သည်။
"နိုင်သူက ဘုရင်၊ ရှုံးသူက သူပုန် ဆိုတဲ့ စကားပုံက ဒီမှာတော့ အထင်အရှားပဲ..."
နတ်ပရီက လေးနက်သော မျက်နှာပေးဖြင့် တိုးညှင်းစွာ မှတ်ချက်ပြုသည်။ လူ့အဖွဲ့အစည်းက မည်မျှပင် ကျိုးကြောင်းဆီလျော်မှု မရှိသည်ဖြစ်စေ ဤသည်မှာ လူတိုင်းက လက်ခံထားကြသော ရှေးရိုးစဉ်လာများသာ ဖြစ်သည်။
"ကောင်းကင်အောက်က အရာရာတိုင်းမှာ အကျိုးနဲ့ အပြစ် ဒွန်တွဲနေတာပဲ... အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီဟာ အဂ္ဂိရတ်ပညာရှင်တွေအတွက် ဘေးကင်းရာ နယ်မြေတစ်ခုဖြစ်ပြီး အဂ္ဂိရတ်တာအိုရဲ့ အမွေအနှစ်နဲ့ ဗဟုသုတတွေ စုဝေးရာ ဖြစ်နိုင်သလို၊ တစ်ဖက်မှာလည်း ပြန်လမ်းမရှိတဲ့ ငရဲခန်းလို အတွေ့အကြုံမျိုးကိုလည်း ပေးစွမ်းနိုင်တယ်"
ဝေ့ဝူယင်က ပြောလိုက်သည်။ သူတော်စင်လေးဦး၊ လော့နင်နှင့် မင်ရှုဖုန်းတို့၏ မျက်နှာများမှာ ထိုစကားများ၏ နက်ရှိုင်းသော အမှန်တရားကို ဆင်ခြင်မိရင်း လေးနက် မှောင်မိုက် သွားကြသည်။
အဖြူရောင် ကောင်းကင်မှာမူ ထိုအမှန်တရားကို ကိုယ်တိုင် ရင်ဆိုင်နေရသူ ဖြစ်သည်။ အကယ်၍ ယခုအချိန်တွင် ဝေ့ဝူယင်သာ သူမ၏ နောက်ကွယ်မှ မမြင်ရသော အထောက်အပံ့အဖြစ် ရှိမနေခဲ့ပါက ထိုအမိန့်တော်ကို မြင်လိုက်ရရုံမျှဖြင့် သူမ၏ စိတ်ဓာတ်များ ပျက်စီးသွားလောက်ပြီ ဖြစ်သည်။
သူမ ပြန်လာခြင်းသည်ပင် မယုံနိုင်စရာ ကောင်းသော အကြွေးထူလှသည့် အခြေအနေသို့ ရောက်ရှိသွားစေပြီး နောင်နှစ်ပေါင်း ထောင်ချီ သို့မဟုတ် ထိုထက်မကသော အချိန်များကို အတင်းအကြပ် ကျွန်ဘဝအောက်တွင် ကုန်ဆုံးရပေတော့မည်။
အကယ်၍ ဝေ့ဝူယင်သာ ဤကိစ္စကို မဖြေရှင်းနိုင်ခဲ့ပါက သူမ၏ ဘဝမှာ အချိန်အတော်ကြာ ငရဲခန်းတစ်ခုသဖွယ် ဖြစ်နေပေလိမ့်မည်။ သူမ တည်ငြိမ်အောင် ထိန်းထားနိုင်ဆဲ ဖြစ်သော်လည်း စိတ်ပျက်အားငယ်မှုများက နှလုံးသား တစ်ခုလုံးကို ဖုံးလွှမ်းနေ၏။ အဇူရာပင်လယ်က ဘာတွေလုပ်ခဲ့သနည်း။ သူမက အဘယ်ကြောင့် ဤကဲ့သို့ အဖြစ်မျိုး ခံလိုက်ရသနည်း။
တာအို တရားဥပဒေ စောင့်ရှောက်သူက သူသိသမျှ အခြေအနေကို ရှင်းပြခဲ့သော်လည်း သူ၏ အသိပညာတွင် သိသာသော ကွက်လပ်များ ရှိနေသည်။ ဥပမာအားဖြင့် ဖြစ်ပွားခဲ့သော တိုက်ပွဲ၏ အသေးစိတ် အခြေအနေများ၊ အနိုင်အရှုံး ဆုံးဖြတ်သည့် စည်းကမ်းချက်များ၊ သို့မဟုတ် အဖြူရောင် ကောင်းကင် အရေးတကြီး ထွက်ခွာသွားပြီး မကြာမီမှာပင် ဤအခြေအနေများ အဘယ်ကြောင့် ဤမျှမြန်မြန် ဖြစ်ပျက်သွားရသနည်း ဆိုသည်တို့ကို သူ မသိပေ။ ကံကောင်းထောက်မစွာဖြင့် ဝေ့ဝူယင်က ဤကိစ္စအတွက် သူ့ကို အပြစ်မတင်ခဲ့ပေ။
နောက်ဆုံးတွင် သူတို့သည် နှလုံးသားငယ် ကြယ်တာရာ နယ်မြေအတွင်းသို့ ဝင်ရောက်လာကြသည်။ ဝေ့ဝူယင်က အီလီစီယံ အသေး၏ ဝင်္ကပါများနှင့် အစီအရင်များကို ပြန်လည် အသက်မသွင်းခဲ့ပေ။ သူ၏ လွှမ်းမိုးမှုနှင့် အခြေအနေ အရပ်ရပ် ပြောင်းလဲသွားသော်လည်း အီလီစီယံ အသေးမှာ ဖမ်းဆီးခံရသူ၏ "သိမ်းဆည်းခံ" သင်္ဘောတစ်စင်း ဖြစ်နေဆဲ ဖြစ်သည်။
ထို့ကြောင့် တာအို တရားဥပဒေ စောင့်ရှောက်သူသည် သူ၏ လျှို့ဝှက်စွမ်းအားကို အသုံးပြု၍ အီလီစီယံ အသေးကို ဂရုတစိုက် ဆွဲခေါ်သွားရပြီး တစ်ချိန်တည်း၌ အဖွဲ့သားများကိုလည်း ဖိအားပေး နှိပ်ကွပ်ခြင်း အစအနမျှပင် မရှိစေရန် သတိထားနေရသည်။
သူတို့သည် လွင့်မျောနေသော ကုန်းမြေတိုက်ကြီး၏ ဆွဲငင်အား ပတ်လမ်းတွင် ကပ်နေသည့် ဂြိုဟ်သိမ်ဂြိုဟ်မွှား ဆိပ်ကမ်းများကို ဖြတ်ကျော်လာစဉ် ကျင့်ကြံခြင်း အဆင့်အတန်း မျိုးစုံရှိသော ကျင့်ကြံသူ အမြောက်အမြား၏ သိလိုစိတ် ပြင်းပြသော အကြည့်များကို လက်ခံ ရရှိခဲ့သည်။
အဂ္ဂိရတ် အမိန့်တော်၏ တောက်ပမှုသည် သူတို့၏ နှလုံးသားထဲတွင် ရိုသေခန့်ညားမှုနှင့် ကြောက်ရွံ့မှုကို အလိုအလျောက် ဖြစ်ပေါ်စေသလို သိချင်စိတ်များကိုလည်း တဖွားဖွား ပေါ်ပေါက်စေသည်။ အစွမ်းထက်သော ကျင့်ကြံသူများမှာမူ ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်း ရောက်ရှိလာခြင်းကို သတိပြုမိကြပြီး ဤလူစုအသစ်ကို ပို၍ပင် နားမလည်နိုင် ဖြစ်နေကြသည်။
ကံကောင်းသည်က တာအို တရားဥပဒေ စောင့်ရှောက်သူနှင့် အမိန့်တော်တို့၏ တည်ရှိမှုက အီလီစီယံ အသေးပေါ်ရှိ လူများကို ဝိညာဉ်အာရုံဖြင့် လာရောက် စစ်ဆေးခြင်းကဲ့သို့သော ရိုင်းစိုင်းသည့် သိချင်စိတ်များကို တားဆီးပေးထားသည်။
အစွမ်းထက်သော မျက်စိကျင့်စဉ်ရှိသူများကမူ အဖြူရောင် ကောင်းကင်ကို အဝေးမှ မြင်လိုက်ရသဖြင့် ဝိညာဉ်သတင်းစကားများမှတစ်ဆင့် ကောလာဟလများ ချက်ချင်း ပျံ့နှံ့သွားတော့သည်။ သူတို့ ကုန်းမြေတိုက်ကြီး၏ လေထု အနားသတ်သို့ ရောက်ရှိချိန်တွင် မရေမတွက်နိုင်သော အသံများက အဖြူရောင် ကောင်းကင် ပေါ်လာခြင်းကို ဆွေးနွေးနေကြပြီ ဖြစ်သည်။
ကောင်းကင်နှင့် ပင်လယ် တက္ကသိုလ်၏ ကျရှုံးမှုမှာ အလွန် စိတ်ဝင်စားစရာကောင်းသော သတင်းဖြစ်သည်။ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီအတွင်း သတင်းအချက်အလက် ဖလှယ်မှု ယဉ်ကျေးမှုမှာ အလွန်ပင် ဖွံ့ဖြိုးတိုးတက်လှသည်။
"စောင့်ကြည့်ဆဲ မှတ်တမ်း ဆိုတာ ဘာလဲ"
နက်ပစ်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ အချို့လူများက စောင့်ကြည့်ဆဲ မှတ်တမ်းတွင် သတင်းအသစ်များ တက်လာကြောင်း၊ အဖြူရောင် ကောင်းကင် ပေါ်လာခြင်းနှင့် ပတ်သက်၍ အချိန်မဆိုင်းဘဲ ဆွေးနွေးနေကြသည်ကို သူမ ကြားလိုက်ရခြင်း ဖြစ်သည်။
အဖြူရောင် ကောင်းကင်က အနည်းငယ် ချောင်းဟန့်ရင်း ရှင်းပြလိုက်၏။
"ဒါက အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီရဲ့ သတင်းဌာနတစ်ခုပါ... အထူးစီမံထားတဲ့ ဝိညာဉ်ကျောက်စိမ်းတွေကတစ်ဆင့် ဂလက်ဆီ တစ်ခုလုံးကို သတင်းတွေ လျင်မြန်စွာ ဖြန့်ဝေပေးတဲ့ စနစ်တစ်ခုပါ"
"သတင်းဌာန ဟုတ်လား..."
မင်ရှုဖုန်း အံ့အားသင့်သွားသည်။
အဖြူရောင် ကောင်းကင်က ခေါင်းညိတ်လိုက်၏။
"အဲဒါကို ဗေဒ ပညာရှင်တွေကပဲ ဦးစီးတာ... သူတို့က လောကက ဖြစ်ရပ်တွေကို ကြည့်ရှုပြီး လူတွေ စိတ်ဝင်စားလာအောင် ထူးဆန်းတဲ့ ဖော်ပြချက်တွေနဲ့ အနာဂတ် ဖြစ်နိုင်ခြေတွေကို ခန့်မှန်းကြတာ... ကံကြမ္မာ ဂေဇက် လို့ ခေါ်တဲ့ ကောင်းကင် နိမိတ်ဖတ် ပညာရှင်တွေ ဦးစီးတဲ့ သတင်းစာလည်း ရှိသေးတယ်.. အဲဒါကတော့ နည်းနည်း ထူးဆန်းတယ်၊ အရာရာတိုင်းကို ဒီဂလက်ဆီထဲမှာပဲ ကန့်သတ်မထားဘူး...”
“ကောင်းချီးခံ စောင့်ကြပ်ခြင်း အဖွဲ့ ကတော့ ဂလက်ဆီ တစ်ခုလုံးမှာရှိတဲ့ ပါရမီရှင်တွေ၊ အလှမယ်တွေ၊ သူရဲကောင်းတွေနဲ့ ကောင်းချီးခံစားရသူတွေအတွက် ထိပ်တန်းစာရင်းတွေကို သတ်မှတ်ပေးတယ်"
ဝေ့ဝူယင်သည် မဟာစက်ဝန်း ကြယ်ကွင်းပြင်မှ တန်ခိုးရှင် သူရဲကောင်း၊ တန်ခိုးရှင် နတ်မိမယ် အဆင့်သတ်မှတ်ချက်များကို လွမ်းဆွတ်စွာ သတိရသွားသည်။ တစ်ချိန်က စုမေ့သည်လည်း ထိုစာရင်းတွင် ပါဝင်ခဲ့ဖူးသည်။ အမှန်စင်စစ် နာ့ရှင်းရီ၊ ဝူပိုင်ကျိုး၊ လင်းရှန်းရှဲ့၊ ယွီစွန်းလီနှင့် ကွယ်လွန်သွားပြီဖြစ်သော ထန်ရှင်းယွင် တို့သည်လည်း သူတို့၏ မျိုးဆက်တွင် တန်ခိုးရှင် နတ်မိမယ်များ အဖြစ် ထိုစာရင်း၌ ပါဝင်ခဲ့ကြသည်။
သူကိုယ်တိုင်မှာလည်း တန်ခိုးရှင် သူရဲကောင်း အဆင့်စာရင်းတွင် ပါဝင်သူအဖြစ် ယူဆခြင်း ခံခဲ့ရပြီး "အစစ်အမှန်မွေးဖွားခြင်း" အဖွဲ့၏ ဆုကြေးထုတ်ခြင်း ခံရမှုကြောင့် သူနှင့် ပိုင်လင်တို့မှာ မတရား ဖမ်းဆီးခံရကာ အရိပ်ဥသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။ ထိုနေရာတွင် သူသည် ယွီစွန်းလီနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ထိုအမှတ်တရများကို တွေးတောရင်း အာရုဏ်ဦး အင်ပါယာအတွက် သတင်းဌာနတစ်ခု တည်ထောင်သင့်သလားနှင့် ၎င်းမှာ ဖွံ့ဖြိုးတိုးတက်မှုအတွက် မည်သို့သော အကျိုးအပြစ်များ ရှိနိုင်မည်နည်းဟု ဆင်ခြင်နေမိသည်။ ဝေ့ဝူယင် လည်ဆွဲကို မသိစိတ်ဖြင့် ပွတ်သပ်မိစဉ် ရင်ထဲတွင် လွမ်းဆွတ်မှု ဝေဒနာတစ်ချက် တိုးဝင်လာသည်။
ပိုင်လင်...
ဝေ့ဝူယင် တစ်ယောက် အတွေးများ လွင့်ပျံ့နေစဉ်မှာပင် တာအို တရားဥပဒေ စောင့်ရှောက်သူက သူ့ကို အသေအချာ ကြည့်လိုက်သည်။
လေထု အလွှာအနီးတွင် သူတို့ ရပ်တန့်နေသည်ကို ဝေ့ဝူယင် ချက်ချင်းပင် သတိပြုမိလိုက်၏။ တာအို တရားဥပဒေ စောင့်ရှောက်သူသည် အဂ္ဂိရတ် အမိန့်တော်ကို ကိုင်ထားသော်လည်း သူတို့ကို အသိပေး ကြေညာရန်အတွက် ခွင့်ပြုချက်ကို စောင့်ဆိုင်းနေပုံ ရသည်။ သူက ဝေ့ဝူယင် မသိဘဲ ဝိညာဉ်သတင်းစကား မပို့ဝံ့ပေ။
ဝေ့ဝူယင်က ခေါင်းကို အနည်းငယ် ညိတ်ကာ ခွင့်ပြုချက် ပေးလိုက်သည်။ ထိုအခါမှ တာအို တရားဥပဒေ စောင့်ရှောက်သူမှာ စိတ်သက်သာရာ ရသွားပြီး ဝိညာဉ်သတင်းစကား ပို့လိုက်ကာ လူသိရှင်ကြား ကြေညာလိုက်တော့သည်။
"အဂ္ဂိရတ် အမိန့်တော်ရဲ့ အမိန့်အရ လောကရှန့်ထို အဖြူရောင် ကောင်းကင်ကို ကျုပ်တို့ရဲ့ အဂ္ဂိရတ်တာအို စည်းမျဉ်းတွေကို ချိုးဖောက်မှုအတွက် စီရင်ချက် ချမှတ်ဖို့ အစွမ်းကုန် သန့်စင်ခြင်း ခန်းမဆီ ခေါ်ဆောင်လာခဲ့ပြီ..."
အဖြူရောင် ကောင်းကင်၏ မျက်နှာမှာ နောက်တစ်ကြိမ် ဖြူရော်သွားပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ ပို၍ ဖျော့တော့ကာ ဖျားနာနေသူကဲ့သို့ ဖြစ်နေ၏။ သူမ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပြန်လည် ထိန်းသိမ်းရန်မှာ ခဲယဉ်းလှပေသည်။
"ကျုပ်တို့ရဲ့ အဂ္ဂိရတ်တာအို ဆိုတဲ့ အသုံးအနှုန်းလေးက သဘောကျစရာပါလား..."
ဝေ့ဝူယင်က သာမန်ကာလျှံကာ မှတ်ချက်ပြုလိုက်သည်။ မိုးကုပ်စက်ဝိုင်း မျှော်စင်ခုနစ်ခုသည် သူတို့ကိုယ်သူတို့ အဂ္ဂိရတ်တာအို၏ ထာဝရအရှင် သို့မဟုတ် အမြင့်ဆုံး အာဏာပိုင်များအဖြစ် ဟန်မဆောင်ချေ။ ထို့အစား... သူတို့၏ စည်းမျဉ်းစည်းကမ်းများသည် သူတို့ သတ်မှတ်ထားသော အဂ္ဂိရတ်တာအို၏ စည်းမျဉ်းများသာ ဖြစ်သည်ဟူသော ခံယူချက်ကို ထိုစကားလုံး အသုံးအနှုန်းက ပြသနေသည်။ ၎င်းက နာမည်ကို ရှောင်ဖယ်ကာ အကျိုးအမြတ် ထုတ်ခြင်း တစ်မျိုး ဖြစ်သည်။
လော့နင်မှာ ဝေ့ဝူယင်၏ ပြက်လုံးကြောင့် ရယ်သံကို မနည်းအောင့်ထားရင်း ပြုံးလိုက်သည်။
"..."
မင်ရှုဖုန်းကမူ ထိုပြက်လုံးကို နားမလည်ဘဲ ဝေ့ဝူယင်၏ မှတ်ချက်မှာ နက်ရှိုင်းသော အဓိပ္ပာယ် မရှိဟု ထင်နေမိသည်။ ဝါရင့် အဂ္ဂိရတ်ပညာရှင်များသာလျှင် ဤအချက်ကို နားလည်နိုင်ပေလိမ့်မည်။
တာအို တရားဥပဒေ စောင့်ရှောက်သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဝေ့ဝူယင်ဘက်သို့ လှည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။
"လောကရှန့်ထို အနေနဲ့ ဒီနေရာမှာ ပြဿနာ မရှာဖို့ မျှော်လင့်ပါတယ်"
ဝေ့ဝူယင်က အပြုံးဖြင့်သာ တုံ့ပြန်လိုက်ပြီး ဘာမှ မပြောပေ။ ဤသည်ကပင် တာအို တရားဥပဒေ စောင့်ရှောက်သူကို ပို၍ စိုးရိမ်ပူပန်စေသည်။ သူက ထိုစကားအတွက် တောင်းပန်ရန် ပြင်လိုက်စဉ်မှာပင် ဂြိုဟ်အချင်းချင်း ကူးသန်းရန် ဒီဇိုင်းထုတ်ထားသော သင်္ဘောတစ်စင်း ချဉ်းကပ်လာခဲ့လေသည်။
***
အပိုင်း(၂၁၅၈)
ထိုသင်္ဘော၏ ဦးပိုင်းတွင် မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးငယ်တစ်ဦး ရှိနေပြီး ကုန်းပတ်ပေါ်တွင်မူ အသက်အရွယ်စုံ လူငါးဦးခန့် ရပ်နေကြသည်။ သူတို့၏ ခေါင်းဆောင်မှာ သန့်ပြန့်စွာ ဝတ်ဆင်ထားပြီး ခန့်ညားထည်ဝါသော အသွင်ရှိသည့် ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦး ဖြစ်သည်။
ထိုအဘိုးအိုသည် ခါးအနည်းငယ် ကုန်းနေသော်လည်း အထက်တန်းကျသော အော်ရာတစ်ခု ကိန်းဝပ်နေကာ မြင့်မြတ်လွန်းသဖြင့် အလှမ်းဝေးလှသည်ဟု ခံစားရစေသည်။ ဤသည်မှာ ရိုးရိုးတန်းတန်း မာန်တက်နေခြင်း မဟုတ်ဘဲ သူ၏ ပင်ကိုယ်သဘာဝကပင် ထိုသို့ ဖြစ်နေခြင်း ဖြစ်သည်။
သူသည်ကား "လောကရှန့်ထို ဖုန်မှုန့်လမ်းစဉ်" ဟု လူသိများသည့် ဟောင်ချန်းရွှယ် ဖြစ်သည်။ သူသည် ဂျူနီယာ အဆင့် လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦး ဖြစ်၏။ သူ၏ အဂ္ဂိရတ်ပညာရပ်ဆိုင်ရာ ဂုဏ်ပုဒ်မှာ အဇူရာပင်လယ်နှင့် တူညီပြီး အဖြူရောင် ကောင်းကင်ထက် နိမ့်ပါးသော်လည်း ဤအစွမ်းကုန် သန့်စင်ခြင်း ခန်းမခွဲ၏ "ခန်းမ အုပ်ချုပ်ရေးမှူး" ရာထူးကို အပ်နှင်းခံထားရသူ ဖြစ်သဖြင့် သူ၏ အဂ္ဂိရတ် အာဏာစက်မှာ သိသိသာသာ ပို၍ မြင့်မားလေသည်။
"ခန်းမအုပ်ချုပ်ရေးမှူး ဖုန်မှုန့်လမ်းစဉ်ကို ဂါရဝပြုပါတယ်..."
တာအို တရားဥပဒေ စောင့်ရှောက်သူက ရိုသေစွာ နှုတ်ဆက်လိုက်သည်။ ဟောင်ချန်းရွှယ်က ခေါင်းတစ်ချက် ညိတ်ပြကာ တုံ့ပြန်လိုက်၏။ ထို့နောက် သူက အီလီစီယံ အသေးပေါ်ရှိ လူများကို ဝေ့ကြည့်လိုက်ရာ တည်ငြိမ်စွာ ရပ်နေသော ဝေ့ဝူယင်ကို မြင်လိုက်ရချိန်တွင် သူ၏ သူငယ်အိမ်များမှာ ရုတ်ချည်း ကျုံ့ဝင် သွားခဲ့တော့သည်။
ဝေ့ဝူယင်၏ မျက်ဝန်းများထဲတွင် "သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာ" များမှာ တလက်လက် တောက်ပနေသည် မဟုတ်ပါလား။ ရိုးရှင်းစွာ ကိုင်တွယ်ရမည့် စည်းကမ်းထိန်းသိမ်းရေး ကိစ္စတစ်ခုမှာ စက္ကန့်နှင့်အမျှ ရှုပ်ထွေးလာတော့မည်မှာ အမှန်ပင်။
"နှုတ်ခွန်းဆက်သပါတယ်... ကျုပ်နာမည်က ဟောင်ချန်းရွှယ်... တာအိုဘွဲ့က ဖုန်မှုန့်လမ်းစဉ် ဖြစ်ပါတယ်... ဒီအစွမ်းကုန် သန့်စင်ခြင်း ခန်းမရဲ့ အုပ်ချုပ်ရေးမှူး တစ်ယောက်ပါ... ကျုပ်က နက်ရှိုင်းသော အသွင်ပြောင်းလဲခြင်း မျိုးဆက်က လာတာပါ... ဒီက အဂ္ဂိရတ် ဆရာကြီးကို ဘယ်လို ခေါ်ရမလဲ"
ဟောင်ချန်းရွှယ်က ဝေ့ဝူယင်ကို အဂ္ဂိရတ်ပညာရှင် အချင်းချင်း ဂါရဝပြုသော နည်းလမ်းဖြင့် နှုတ်ဆက်လိုက်သည်။ အကယ်၍ လေးစားမှုကို အဆင့်ခွဲမည်ဆိုလျှင် သူသည် တာအို တရားဥပဒေ စောင့်ရှောက်သူကို ဆက်ဆံခဲ့သော လေသံထက် နှစ်ဆင့်မက ပို၍ လေးစားသမှု ပြုနေခြင်း ဖြစ်သည်။
"အာရုဏ်ဦး မျိုးဆက်က ဝေ့ဝူယင်ပါ... တာအိုဘွဲ့ကတော့ အာရုဏ်ဦး ဖြစ်ပါတယ်"
ဝေ့ဝူယင်က မိမိကိုယ်မိမိ မိတ်ဆက်လိုက်ပြီး သူသည် မျိုးဆက် တစ်ခုကို စတင် တည်ထောင်သူ ဖြစ်ကြောင်းကိုပါ အရိပ်အမြွက် ပြလိုက်သည်။
အာရုဏ်ဦး မျိုးဆက် ဟုတ်လား...
ဟောင်ချန်းရွှယ်သည် ထိုကဲ့သို့သော မျိုးနွယ်စုမျိုးကို မကြားဖူးသော်လည်း မလေးမစား မလုပ်ဝံ့ပေ။ သူက ရေလိုက်ငါးလိုက်ပင်...
“ဪ... အာရုဏ်ဦး အဂ္ဂိရတ် မျိုးဆက်ကိုး... ဒီလို ဂုဏ်သိက္ခာကြီးမားတဲ့ မျိုးဆက်နဲ့ ခင်ဗျားရဲ့ အဂ္ဂိရတ်တာအိုမှာ အောင်မြင်မှုတွေအကြောင်း ကောင်းသတင်းတွေ ကြားဖူးပါတယ်... အဲဒီ သတင်းတွေက ဒဏ္ဍာရီတွေလိုပဲ တကယ် မှန်ကန်ရဲ့လားလို့ သိချင်မိတယ်"
လော့နင်မှာ ထိုသူ၏ ဝေ့ဝိုက်၍ စုံစမ်းနေသော စကားများကြောင့် မျက်လုံးလှန်မိတော့မည့် အခြေအနေကို မနည်း ထိန်းထားရသည်။ ဝေ့ဝူယင်ကမူ ဟောင်ချန်းရွှယ်၏ စုံစမ်းမှုကို စိတ်ထဲ မထားပဲ သူ၏ ဂုဏ်သိက္ခာကိုလည်း မထိခိုက်စေဘဲ အလိုက်သင့်ပင် ပြန်လည် ဖြေကြားလိုက်သည်။
"ကျုပ်က လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ယောက်အနေနဲ့ အတန်အသင့် အောင်မြင်မှုတွေတော့ ရှိပါတယ်... ကံကောင်းထောက်မစွာနဲ့ အဂ္ဂိရတ်တာအိုရဲ့ ကောင်းချီးပေးမှုကြောင့် ကောင်းကင်ရဲ့ အမှန်တရားအချို့ကို ထိတွေ့ခွင့် ရခဲ့ပါတယ်"
ထိုစကားများကြောင့် ဟောင်ချန်းရွှယ်သာမက တာအို တရားဥပဒေ စောင့်ရှောက်သူ၏ မျက်လုံးများပါ ကျဉ်းမြောင်း သွားခဲ့၏။ ဝေ့ဝူယင်သည် နေရာဒေသနှင့် လူကို လိုက်၍ စကားလုံးများကို အနည်းငယ် ပြောင်းလဲ ပြောဆိုခဲ့သော်လည်း ဤသည်မှာ သူသည် "ခြေတစ်လှမ်းလှမ်းလျှင် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင်" ဖြစ်ကြောင်း ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။
ဟောင်ချန်းရွှယ်၏ နောက်ကွယ်ရှိ လူများမှာလည်း သူတို့၏ အတွေးများကို ချက်ချင်း ပြောင်းလဲလိုက်ကြတော့သည်။ ရာဇဝတ်သား များဟု သတ်မှတ်ကာ အေးစက်စက် ကြည့်နေခဲ့သော အကြည့်များမှာ ထိုစကား နှစ်ခွန်းကြောင့်ပင် ပျောက်ကွယ်သွားရ၏။
သူတို့သာမကဘဲ သူတော်စင် လေးဦးမှာလည်း အံ့အားသင့်ကာ မှင်သက်သွားကြ၏။ ဝေ့ဝူယင်သည် လျှို့ဝှက်တာအို၏ အစောဆုံး အဆင့်ဖြစ်သော "လျှို့ဝှက်ကြယ်တာရာ အဆင့်" တွင်သာ ရှိသေးကြောင်း သူတို့ သိထားကြသော်လည်း သူ၏ အဂ္ဂိရတ်တာအို အောင်မြင်မှုမှာ သူ၏ တိုက်ခိုက်ရေးနှင့် သိမ်းပိုက်ရေး စွမ်းရည်များထက်ပင် သာလွန်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
အကယ်၍ ဝေ့ဝူယင်သာ "သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာ" များကို အထင်အရှား ပြသထားခြင်း မရှိပါက ဟောင်ချန်းရွှယ်သည် ဤစကားကို အခြေအမြစ်မရှိ ကြွားဝါခြင်းဟုသာ မှတ်ယူပေလိမ့်မည်။ သို့သော် ဝေ့ဝူယင်သည် သူတော်စင် လေးဦးကို ခြံရံထားကာ ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်းဖြင့် ရောက်ရှိလာပြီး ဉာဏ်အလင်းရ သူတော်စင်အဆင့်ရှိ တာအို တရားဥပဒေ စောင့်ရှောက်သူကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိနေခြင်းကြောင့် သူ၏ စကားကို မည်သူမျှ မငြင်းဆန်ဝံ့ကြပေ။
ဤသည်က ဝေ့ဝူယင်မှာ အနည်းဆုံး "အထွတ်အထိပ် လောကရှန့်ထို အဂ္ဂိရတ်ပညာရှင်" အဆင့်တွင် ရှိနေကြောင်း သက်သေပြနေသည်။ ၎င်းမှာပင် အလွန် မြင့်မားလှသော ဂုဏ်ပုဒ် ဖြစ်၏။ ဝေ့ဝူယင်၏ စံနှုန်းအရမူ သူသည် လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် အဆင့်တွင် စီနီယာ အဆင့်သို့ ရောက်ရှိရုံမျှသာ ရှိပါသေးသည်။
"အဖြူရောင် ကောင်းကင်ဟာ ကျွန်တော့်ရဲ့ အမိန့်ကို နာခံခဲ့ရတာပါ... အဲဒါကြောင့်မို့လို့ သူ့ရဲ့ အဖွဲ့အစည်းဟာ ဒီလို ပြင်းထန်တဲ့ စည်းကမ်းဖောက်ဖျက်မှုမျိုးကို မရည်ရွယ်ဘဲ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်... ဒီကိစ္စအတွက် ကျွန်တော် တာဝန်ယူပြီး ဖြေရှင်းနည်းတစ်ခု ရှာချင်ပါတယ်... ခန်းမအုပ်ချုပ်ရေးမှူး ဖုန်မှုန့်လမ်းစဉ်အနေနဲ့ ကျွန်တော့်ကို ဒီကိစ္စမှာ ကူညီပေးနိုင်မလား... ကျွန်တော် ခင်ဗျားကို ကျေးဇူးကြွေး တစ်ခု တင်ရှိစေပါ့မယ်"
ဝေ့ဝူယင်က ပြုံးလျက် ရှင်းပြလိုက်ရာ အဖြူရောင် ကောင်းကင်၏ ရင်ခုန်သံများ မြန်လာတော့သည်။ ဤသည်မှာ အရေးကြီးဆုံး အခိုက်အတန့်ပင်။
ပုံမှန်ဆိုလျှင် ဟောင်ချန်းရွှယ်သည် ဝေ့ဝူယင်၏ စကားကို ပယ်ချကာ စစ်ဆေးမေးမြန်းရန် ဖမ်းဆီးပြီး အဖြူရောင် ကောင်းကင်ကို ပြစ်ဒဏ်ခံယူရန် အေးစက်စွာ အမိန့်ပေးပေလိမ့်မည်။ သို့သော် ဝေ့ဝူယင်၏ တည်ရှိမှုက အရာရာကို ပြောင်းလဲစေခဲ့သည်။
သာ၍ဆိုးသည်က... ကျေးဇူးကြွေး တစ်ခု တင်ရှိစေမည် ဆိုသည့် စကားပင်။
သူ အသေအချာ စဉ်းစားရတော့မည်။ ထိုကဲ့သို့သော ကတိတစ်ခုမှာ လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်သည့် တောင်ကြီးတစ်လုံးသဖွယ် လေးလံလှသည်။ ဝေ့ဝူယင်သည် ဤဂလက်ဆီမှ မဟုတ်သလို သူ၏ အကြောင်းကိုလည်း မသိရသော်လည်း ထို "သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာ" များမှာမူ အတုလုပ်၍ မရနိုင်ပေ။ ထို့အပြင်... ဝါရင့် လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် ဖြစ်သော အဖြူရောင် ကောင်းကင်တွင် ဂလက်ဆီ ပြင်ပမှ အဆက်အသွယ်များ ရှိနေနိုင်သည်မှာလည်း ဖြစ်နိုင်ခြေ ရှိလှသည်။
အဖြူရောင် ကောင်းကင်သည် ထွက်ပြေးသွားပြီးနောက် အကူအညီ ရှာဖွေခဲ့ခြင်း ဖြစ်မည်ဟု သူ ယုံကြည်သွားသည်။ သူမ၏ လုပ်ရပ်မှာ အလွန်ပင် လိမ္မာပါးနပ်လှပေသည်။
ဟောင်ချန်းရွှယ်က မေးစေ့ကို ပွတ်သပ်ရင်း ခဏမျှ စဉ်းစားလိုက်၏။
"ထုတ်ပြန်ပြီးသား အဂ္ဂိရတ် အမိန့်တော် တစ်ခုကို ပြန်လည် ရုပ်သိမ်းဖို့ဆိုတာ မလွယ်ကူသလို... ရွှင်းစို့ တာအိုတိုက်ပွဲရဲ့ စည်းကမ်းချက်တွေအရလည်း ကြားဝင် ဆောင်ရွက်ပေးဖို့က အခွင့်အလမ်း သိပ်မရှိပါဘူး..."
ထိုတုန့်ပြန်မှုကြောင့် အဖြူရောင် ကောင်းကင်၏ နှလုံးသားမှာ ရေခဲရေထဲ နှစ်လိုက်သလို အားငယ်မှုများ ပြည့်နှက်သွားတော့သည်။ အကယ်၍ သူမသာ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်နေပါက ထိုကဲ့သို့သော ဝေ့ဝိုက်ပြောဆိုသည့် စကားမျိုးမှာ ပြတ်ပြတ်သားသား ငြင်းဆိုခြင်း မဟုတ်ကြောင်း သိနိုင်ပေလိမ့်မည်။
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။
"ကျွန်တော် သဘောတူပါတယ်"
"ဒါပေမဲ့..."
ဟောင်ချန်းရွှယ်က ဖော်ရွေသော အပြုံးတစ်ခုကို ဆင်မြန်းလိုက်၏။
"အဖြူရောင် ကောင်းကင်ကို ဖမ်းဆီးထိန်းသိမ်းမယ့် ကာလကိုတော့ ကျွန်တော်တို့ တိုးမြှင့်ပေးလို့ ရပါတယ်... ပြီးတော့ ပြန်ပြင်လို့မရတဲ့ ဆုံးဖြတ်ချက်တွေ မချမှတ်ခင်မှာ အခြေအနေတွေကို ပြန်လည်ဆွေးနွေးဖို့ ကြည်နူးကျောက်စိမ်း တက္ကသိုလ် ကိုလည်း ဆင့်ခေါ်ပေးပါ့မယ်"
ဤသည်မှာ အချိန်ဆိုင်းငံ့ပေးလိုက်ခြင်းပင် ဖြစ်သည်။ နောက်ကွယ်ရှိ လူများမှာ ခန်းမအုပ်ချုပ်ရေးမှူး၏ ဆုံးဖြတ်ချက်ကြောင့် အလွန်အမင်း အံ့အားသင့်သွားကြသည်။ အစွမ်းကုန် သန့်စင်ခြင်း ခန်းမသည် မည်သည့်အခါကမှ လျှော့ပေးလေ့မရှိခဲ့ပေ။
သို့သော်လည်း... သူတို့မှာ ငယ်ရွယ်ပြီး အတွေ့အကြုံ နုနယ်သေးသဖြင့် ဟောင်ချန်းရွှယ်၏ အတွေးကို နားမလည်ကြခြင်း ဖြစ်သည်။ အထွတ်အထိပ် လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦး၏ ကျေးဇူးကြွေးမှာ မည်မျှ အရေးပါကြောင်း ဟောင်ချန်းရွှယ်က အားလုံးထက် ပိုသိသည်။ သာ၍အရေးကြီးသည်မှာ ထိုပညာရှင်သည် ဒဏ္ဍာရီလာ ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် အဆင့်သို့ ရောက်ရှိနိုင်မည့် ယုံကြည်ချက်မျိုး ရှိနေခြင်းပင်။
အဆိုးဆုံးအခြေအနေကို တွေးကြည့်လျှင်ပင် ဝေ့ဝူယင်၏ ကျင့်ကြံခြင်း စွမ်းအားမှာ အနည်းဆုံး အထွတ်အထိပ် သူတော်စင် တစ်ဦးထက် မနိမ့်ပါးပေ။ အဂ္ဂိရတ်တာအို ဘက်တွင်လည်း ဩဇာကြီးမားလှသလို၊ အထွတ်အထိပ် သူတော်စင်တစ်ဦး၏ အင်အားကို ကိုယ်တိုင်အသုံးပြုနိုင်သူကို အဖြူရောင် ကောင်းကင်ကဲ့သို့သော လူတစ်ယောက်အတွက်နှင့် ရန်သူမလုပ်ထိုက်ကြောင်း သူ ကောင်းကောင်း နားလည်ထားသည်။
"အချိန်ကုန်သက်သာအောင် ကျွန်တော့်ရဲ့ အဂ္ဂိရတ်အစောင့်အရှောက်နဲ့ လက်ထောက်ကို ဒီက သစ္စာရှိတဲ့ တာအိုအစောင့်အရှောက်နဲ့အတူ လွှတ်ပြီး သူတို့ကို သွားခေါ်ခိုင်းရင် ဘယ်လိုလဲ..."
ဝေ့ဝူယင်သည် အချိန်မဖြုန်းလိုသလို ကြည်နူးကျောက်စိမ်း တက္ကသိုလ်ကိုလည်း အချိန်ဆွဲခွင့် မပေးလိုပေ။
ပါခက်သည် သူမ၏ ရွှေရောင်အော်ရာနှင့်အတူ သတ္တုဥပဒေသ စွမ်းအင်များကို ထုတ်ဖော်လိုက်ပြီး ဟောင်ချန်းရွှယ်ကို သူမ၏ တည်ရှိမှုအား အသိပေးလိုက်သည်။ လော့နင်ကလည်း သူမ၏ အဂ္ဂိရတ်ကြယ်တာရာများကို ပြသလိုက်လေ၏။
***