← Chapters

အခန်း (၂၁၅၉-၂၁၆၀)

Vol. 155 Ch. 2159-2160

အခန်း (၂၁၅၉-၂၁၆၀)

Vol. 155 Ch. 2159-2160

အပိုင်း(၂၁၅၉)

"အော်... နာမည်မဲ့ ဂလက်ဆီက သူတော်စင် ပါခက်လား"

ဟောင်ချန်းရွှယ်သည် ပါခက်ကို ချက်ချင်း မှတ်မိသွားသည်။ ထို့နောက် ကျန်ရှိသော သူတော်စင် သုံးဦးကိုလည်း သတိထားမိသွားပြီး အထူးသဖြင့် ရင်သပ်ရှုမောဖွယ် လှပလွန်းသော အီမန်တက်ကို မြင်သောအခါ မှင်သက်သွားရသည်။

"ကျွန်မတို့ ဂလက်ဆီက အဲဒီနာမည် မဟုတ်တော့ပါဘူး... အခု နာမည်က ပြတ်သားသော ဆည်းဆာ ဂလက်ဆီ ပါ"

အီမန်တက်က လှပသော အပြုံးဖြင့် ကြေညာလိုက်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ထိုသတင်းသည် သတင်းဌာနများ၊ အထူးသဖြင့် ကံကြမ္မာ ဂေဇက် သို့ ပျံ့နှံ့သွားတော့သည်။ ဟောင်ချန်းရွှယ်၏ ဝိညာဉ်ကျောက်ပြားများဆီသို့ပင် သတင်းဌာန သုံးခုစလုံးမှ သတိပေးချက်များ တက်လာပြီး သူမ၏ စကားကို အတည်ပြုပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

"..."

"ဒါဆိုရင် နောက်ထပ် အဂ္ဂိရတ် အမိန့်တော် တစ်ခုကို ကျုပ် ထုတ်ပြန်ပေးပါ့မယ်"

ဟောင်ချန်းရွှယ်သည် အံ့အားသင့်နေသော်လည်း အချိန်မဆွဲတော့ပေ။ သူသည် လက်ဟန်ချိပ်စည်း အချို့ကို ပြုလုပ်လိုက်ပြီး အသန့်စင်ဆုံး မြူခိုးများ ပါဝင်သော ကျောက်စိမ်းပုလင်းကို ထုတ်ယူလိုက်သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်သည်နှင့် အင်ပါယာ ဥပဒေသ အော်ရာများ ပါဝင်သည့် မြူခိုးများ ထွက်ပေါ်လာပြီး သေးငယ်သော အမိန့်တော်တစ်ခုအဖြစ် ပုံဖော်သွားသည်။

သူသည် ထိုအမိန့်တော်ကို နောက်ထပ် တာအိုအစောင့်အရှောက် တစ်ယောက်ထံ ရိုသေစွာ ကမ်းပေးလိုက်ရာ ထိုသူက လက်နှစ်ဖက်ဖြင့် ခံယူပြီး ခေါင်းငုံ့ကာ ဒူးထောက် အရိုအသေပြုလိုက်၏။

"မင်း အမိန့်တော်ကို လက်ခံရရှိပြီလား"

ဟောင်ချန်းရွှယ်က လေးနက်စွာ မေးလိုက်သည်။

"အမိန့်တော်ကို လက်ခံရရှိပါပြီ"

တာအိုအစောင့်အရှောက်က ရိုသေလေးမြတ်မှု အပြည့်ဖြင့် ပြန်လည် ဖြေကြားလိုက်သည်။

ဝှစ်... ဝှစ်...

ပါခက်နှင့် လော့နင်တို့မှာလည်း အီလီစီယံ အသေးပေါ်မှ ပျံထွက်သွားကြသည်။ ထိုစဉ် ဝေ့ဝူယင်က နွေးထွေးသော ရောင်စဉ်တန်းများ ထွက်ပေါ်နေသည့် သက်တန့်ရောင် အဝိုင်းပြားလေးတစ်ခုကို လှမ်းပစ်ပေးလိုက်၏။ ပါခက်က ဖမ်းယူလိုက်ပြီး ၎င်းကို မည်သို့အသုံးပြုရမည်ကိုလည်း ချက်ချင်း နားလည်သွားသည်။

သူမက အမိန့်တော်ကို ကိုင်ဆောင်ထားသည့် တာအိုအစောင့်အရှောက်ကို ကြည့်လိုက်သည်။ ထိုအမိန့်တော်မှာ ကြည်နူးကျောက်စိမ်း တက္ကသိုလ်၏ ခေါင်းဆောင်ပိုင်းကို ချက်ချင်း လာရောက်စေရန် ဆင့်ခေါ်ထားခြင်း ဖြစ်သည်။

"လောကရှန့်ထို အာရုဏ်ဦးအနေနဲ့ ကျွန်တော့်ရဲ့ ခန်းမထဲမှာ ခဏ စောင့်မလား... စောင့်ရင်းနဲ့ တာအိုအကြောင်း ဆွေးနွေးရင်း၊ ဝိုင်ကောင်းကောင်း သောက်ရင်း အချိန်ဖြုန်းကြတာပေါ့"

ဟောင်ချန်းရွှယ်က ပြုံးလျက် ဖိတ်ခေါ်လိုက်သည်။ သူတို့၏ သူတော်စင် အဆင့် ကျင့်ကြံခြင်းဖြင့် သွားလာမည်ဆိုလျှင် လနှင့်ချီ၍ သို့မဟုတ် တစ်နှစ်ခန့်ပင် ကြာနိုင်သည်ဟု သူ တွက်ဆထားသောကြောင့် ဖြစ်သည်။

ဝေ့ဝူယင်က ရယ်မောလိုက်၏။

"မလိုပါဘူး... ၁၀ မိနစ်ထက် ပိုမကြာစေရဘူး..."

"၁၀ မိနစ် ဟုတ်လား"

ဟောင်ချန်းရွှယ်နှင့် အခြားသူများမှာ အံ့အားသင့်သွားကြသည်။ ဝေ့ဝူယင်က ဘာမှ မပြောပဲ ထွက်ခွာသွားသူတို့၏ နောက်ကျောများကိုသာ လှမ်း၍ ငေးမော နေခဲ့သည်။

ဝှစ်... ဝှစ်... ဝှစ်...

ပါခက်၊ တာအို အစောင့်အရှောက်နှင့် လော့နင်တို့ သုံးဦးမှာ မျက်စိတစ်မှိတ်အတွင်း တားမြစ်နယ်မြေအတွင်းမှ အပြင်သို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။

ထိုနေရာသို့ ရောက်သည်နှင့် ပါခက်က သူမ၏ ဝိညာဉ်အင်အားကို သက်တန့်ရောင် အဝိုင်းပြားအတွင်းသို့ တည်ငြိမ်စွာ ပို့လွှတ်လိုက်၏။ ချက်ချင်းပင်... ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်း တစ်ခုမှာ သူတို့ သုံးယောက်စလုံးကို လွှမ်းခြုံသွားကာ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။

"..."

ဟောင်ချန်းရွှယ်မှာ အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ တစ်ချိန်တည်းမှာပင် စောင့်ကြည့်ဆဲ မှတ်တမ်း နှင့် ကံကြမ္မာ ဂေဇက် တို့၏ ဝိညာဉ်ကျောက်ပြားများမှ သတိပေးသံများ တစီစီ မြည်လာတော့သည်။

ပထမတစ်ကြိမ်က စမ်းသပ်မှု ဖြစ်နိုင်သော်လည်း ဒုတိယတစ်ကြိမ်မှာမူ အတည်ဖြစ်သွားပြီ ဖြစ်သည်။ သာ၍ဆိုးသည်က သူတို့သည် ထိုအဝိုင်းပြားလေးအား အသုံးပြုလိုက်သည်ကို မြင်လိုက်ရခြင်းပင်။

တောက်ပသော ကြယ်နန်းတော်တွင် ရွေ့လျားနိုင်သော "ကြယ်တာရာ တံတား” တစ်ခု ရှိနေချေပြီ ဖြစ်လေသည်။ ဤသည်မှာ လောကကြီးကို ပြောင်းလဲပစ်မည့် အရာပင်။

တိတိကျကျ ၈ မိနစ်အကြာတွင် သက်တန့်ရောင် အလင်းတန်းတစ်ခုသည် နှလုံးသားငယ် ကြယ်တာရာ နယ်မြေဆီသို့ ဦးတည် ပြန်လည် ရောက်ရှိလာတော့သည်။ သူတို့ ပြန်ရောက်လာကြပြီ ဖြစ်သည်။

...

ဟောင်ချန်းရွှယ်သည် ပြန်လည်ရောက်ရှိလာသော သက်တန့်ရောင် အလင်းတန်းကို ကြည့်ကာ မှင်သက်နေမိသည်။ သူ၏ စိတ်တစ်ခုလ့ုးမှာ မယုံကြည်နိုင်ခြင်းများနှင့် ပြည့်နှက်နေပြီး ရင်ဘတ်အတွင်းရှိ နှလုံးသားမှာလည်း တဒိန်းဒိန်း ခုန်နေ၏။

"ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်း" ဆိုသည်မှာ ကြယ်တာရာ နယ်မြေများ အကြား သွားလာရာတွင် အသုံးပြုသည့် အမြင့်ဆုံးသော သယ်ယူပို့ဆောင်ရေး နည်းလမ်းတစ်ခု ဖြစ်သည်။ ၎င်း၏ အရှိန်မှာ ဉာဏ်အလင်းရ သူတော်စင် နွေဦးကွင်းပြင်နှင့် သခင်လေးရှန့်တို့ကဲ့သို့ ပုဂ္ဂိုလ်များကို ဂလက်ဆီများအကြားရှိ အမှောင်ဟင်းလင်းပြင် နယ်မြေများကို လွယ်ကူစွာ ဖြတ်ကျော်နိုင်စေသည်။ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီမှ ကောင်းကင်နှလုံးသား ဂလက်ဆီသို့ ခရီးစဉ်တစ်ခုမှာ ရက်သတ္တပတ် အနည်းငယ်သာ ကြာမြင့်မည်ဖြစ်ရာ ထိုဂလက်ဆီ နှစ်ခုအကြား အကွာအဝေးမှာ ဖော်ပြ၍မရနိုင်အောင်ပင် ကျယ်ပြောလှသည်။

ကြယ်တာရာ နယ်မြေ အချင်းချင်း သွားလာခြင်းမှာ ဂလက်ဆီအချင်းချင်း သွားလာခြင်းနှင့် နှိုင်းယှဉ်လျှင် အကွာအဝေးမှာ အလွန်ပင် တိုတောင်းလှသည်။ ကြည်နူးကျောက်စိမ်း တက္ကသိုလ်သို့ သွားရာလမ်းမှာ ဂလက်ဆီဇုံ တစ်ခုတည်းအတွင်း၌ ရှိနေရုံမျှမက "လှည့်ပတ် ဖွံ့ဖြိုးမှု ကြယ်ကွင်းပြင်" ဟူသော ကြယ်ကွင်းပြင် တစ်ခုတည်းအတွင်း၌ပင် တည်ရှိနေသောကြောင့် ခရီးစဉ်မှာ နှစ်မိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။ အတိအကျဆိုရလျှင် ၁၁၇ စက္ကန့်မျှသာ ဖြစ်၏။

ကျန်ရှိသော လေးမိနစ်မှာမူ သူတော်စင် အဆင့် တာအို တရားဥပဒေ စောင့်ရှောက်သူက ဆင့်ခေါ်စာကို ပေးပို့ရန်နှင့် လော့နင်က သူမ၏ မျိုးဆက်နှင့် ဆင့်ခေါ်ရခြင်း၏ နောက်ကွယ်မှ အင်အားကို သိမ်မွေ့စွာ အသိပေးရန်အတွက်သာ ဖြစ်သည်။ "ကြယ် တံတား" တစ်ခု ဖြစ်ပေါ်လာရန်အတွက် ဤမျှ ကြီးမားသော အရင်းအမြစ်များကို သုံးစွဲဝံ့သည့် ဝေ့ဝူယင်၏ စိတ်မရှည်မှုကို မြင်တွေ့လိုက်ရခြင်းက ကြည်နူးကျောက်စိမ်း တက္ကသိုလ်၏ အဓိပတိကို ချက်ချင်း တုံ့ပြန်စေပြီး သူမ၏ အဖွဲ့အစည်းကို ကိုယ်စားပြု၍ လိုက်ပါလာစေရန် လုံလောက်သော ဖိအား ဖြစ်စေခဲ့သည်။

ပါခက်မှာမူ ထိုအဝိုင်းပြားကို ထိန်းချုပ်ရန်အတွက် လိုက်ပါသွားခြင်းသာ ဖြစ်သည်။ ကြည်နူးကျောက်စိမ်း တက္ကသိုလ်၏ အဓိပတိမှာ တစ်လမ်းလုံး မျက်နှာပြာနှမ်းနေပြီး သူမ၏ ထိတ်လန့်မှုကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားရသည်။ သူမသည် မည်သို့သော ပုဂ္ဂိုလ်မျိုးကို ရန်စမိပါသနည်း။ အဖြူရောင် ကောင်းကင်သည် ဤမျှ ကြောက်စရာကောင်းသော နောက်ခံကို မည်သည့်အချိန်က ရရှိသွားသနည်း။

အစကတည်းက ဝေ့ဝူယင်သည် သူ၏ လုပ်ရပ်များမှတစ်ဆင့် ဤကဲ့သို့ သတင်းအချက်အလက် စီးဆင်းမှု မြန်ဆန်သော ဂလက်ဆီအတွင်း၌ သူ၏ ဂုဏ်သတင်းကို တိတ်တဆိတ် တည်ဆောက်နေခဲ့ခြင်း ဖြစ်သည်။ ထိုရှစ်မိနစ်အတွင်းမျာပင် သူ၏ အမည်၊ မျိုးဆက်နှင့် သူ၏ အဂ္ဂိရတ်အစောင့်အရှောက်၏ အထောက်အထားများမှာ ခြောက်သွေ့၍ လေပြင်းထန်သော ရာသီဥတုတွင် တောမီးကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။

ဝေ့ဝူယင်သည် ချက်ချင်းဆိုသလို လူပြောများသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသည်။ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ၏ ထင်ရှားသော ကျင့်ကြံသူများ၊ ဖန်တီးခြင်း ပညာရှင်များနှင့် သတင်းဌာနများကြားတွင် အဓိက ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့၏။ မျှော်လင့်ထားသည့်အတိုင်းပင် ဗေဒင်ဆရာများနှင့် ကောင်းကင် နိမိတ်ဖတ် ပညာရှင်များသည်လည်း ဝေဝူယင်၏ မျိုးဆက် အကြောင်း ဟောကိန်းထုတ်ရန်နှင့် ယခုမှ ရောက်ရှိလာသော "အာရုဏ်ဦး အဂ္ဂိရတ်ရှန့်ထို" အကြောင်း သတင်းစုဆောင်းရန် အမိန့်များ ရရှိခဲ့ကြသည်။

ဉာဏ်အလင်းရ သူတော်စင် နွေဦးကွင်းပြင် စုဆောင်းထားခဲ့သော သတင်းများအရ အာရုဏ်ဦး အဂ္ဂိရတ် မျိုးဆက်သည် အလွန်ပင် ကျယ်ပြန့်ပြီး ထူးခြားလှကာ သေမျိုးအဆင့်မှ လျှို့ဝှက်လောကအဆင့်အထိ ထုတ်ကုန်များစွာ ရှိသည်။ သို့သော်လည်း ထိုထုတ်ကုန်များ၏ အာနိသင်ကို အလွယ်တကူ မခန့်မှန်းနိုင်ခြင်းကပင် သူ၏ ထုတ်ကုန် တစ်ခုစီတိုင်း၏ ထူးခြားသော စွမ်းဆောင်ရည်များကို ညွှန်ပြနေခြင်း ဖြစ်သည်။

အာရုဏ်ဦး အဂ္ဂိရတ် မျိုးဆက်သည် ကျယ်ပြန့်ရုံသာမက သာမန် မျိုးဆက်များကဲ့သို့ အခြားသော မျိုးနွယ်စုများမှ ဆေးနည်းများကို ကူးယူထားခြင်း မရှိဘဲ ဆေးလုံး၊ ဆေးရည်၊ ဆေးတောင့် နှင့် ဆေးအနှစ်တို့ အားလုံးကို ကိုယ်ပိုင်နည်းလမ်းဖြင့် လွှမ်းခြုံထားသည်။ ဤသည်မှာ စစ်မှန်သော မျိုးဆက် တစ်ခုပင် ဖြစ်သည်။

ဟောင်ချန်းရွှယ် မှင်သက်နေရခြင်းမှာ အံ့ဩဖွယ်ကောင်းသော ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်းကြောင့်သာ မဟုတ်ဘဲ သူ၏ ဝိညာဉ်ကျောက်ပြားများပေါ်သို့ စဉ်ဆက်မပြတ် တက်လာနေသော သတင်းအသစ်များကြောင့်လည်း ဖြစ်သည်။ အထူးသဖြင့် ကောင်းချီးခံ စောင့်ကြည့်ရေး ဌာနမှ နယ်ခြားသား အဂ္ဂိရတ်ပညာရှင် ထိပ်တန်းစာရင်းတွင် ဝေ့ဝူယင်၏ အမည်ကို ထည့်သွင်းလိုက်ခြင်းက အံ့အားသင့်စရာ အကောင်းဆုံးပင်။

မည်သည့် ရှင်းပြချက်မျှ မရှိဘဲ ကောင်းချီးခံ စောင့်ကြည့်ရေးသည် ဝေ့ဝူယင်ကို အဆင့်သတ်မှတ်ချက် နှစ်ခုတွင် ထည့်သွင်းလိုက်သည်။ ဂလက်ဆီ ပြင်ပမှ ဖန်တီးခြင်း ပညာရှင်များ စာရင်းဖြစ်သော "ပြင်ပ ဖန်တီးရှင် ဘုရင်များ" တွင်သာမက လူတစ်ဦး၏ ရုပ်ရည်ရူပကာနှင့် အရှိန်အဝါ မည်မျှ တောက်ပကြောင်း တိုင်းတာသည့် "တောက်ပခြင်း သူရဲကောင်းများ" သတ်မှတ်ချက် တွင်လည်း ထည့်သွင်းခဲ့သည်။

အံ့ဩစရာ အကောင်းဆုံးမှာ "ပြင်ပ ဖန်တီးရှင် ဘုရင်များ" စာရင်းတွင် ဝေ့ဝူယင်က လူပေါင်း ၁၀,၀၀၀ အနက် အဆင့် ၇၃ ချိတ်ခဲ့ခြင်း ဖြစ်သည်။ ထိုစာရင်းရှိ အနိမ့်ဆုံးသူများပင်လျှင် ကိုယ်ပိုင် ဆေးနည်းများကို အဆင့် ၁ မှ အဆင့် ၇ အထိ တည်ထောင်နိုင်သော သေမျိုး ဧကရာဇ် အဂ္ဂိရတ်ပညာရှင်များ ဖြစ်ကြသည်။ သို့သော် "တောက်ပခြင်း သူရဲကောင်းများ" စာရင်းတွင်မူ သူသည် လူ ၁၀,၀၀၀ အနက် အဆင့် ၃ ချိတ်ခဲ့လေသည်။

အဆင့် ၃ ...

***

အပိုင်း(၂၁၆၀)

အဆင့် ၃ ...

ဝေ့ဝူယင်သည် ဉာဏ်အလင်းရ သူတော်စင် နွေဦးကွင်းပြင်၏ ဝိညာဉ်ကျောက်ပြားမှတစ်ဆင့် ဤအဆင့်သတ်မှတ်ချက်များ၏ မြန်ဆန်လွန်းမှုနှင့် ပြတ်သားမှုကို မြင်တွေ့လိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားမိသည်။

‘အဆင့် ၃ ပဲလား...’

ဝေ့ဝူယင်သည် သူထက်သာသော ကျန်နှစ်ဦးမှာ မည်သူများ ဖြစ်မည်နည်းဟု သိချင်မိသွားသည်။ သူသည် မိခင်ဖြစ်သူ ပေးသနားသော သူ၏ ရုပ်ရည်အပေါ် အလွန်အမင်း မာန်တက်နေခြင်း မရှိသော်လည်း သူ၏ ဆွဲဆောင်မှုမှာ ကောင်းကင်နှင့် မြေကြီးအောက်တွင် အခြားသူများနှင့် မတူဘဲ ထူးခြားနေကြောင်းကိုမူ သူ ကိုယ်တိုင် သိရှိထားသည်။

"သခင်ဝေ့..."

လော့နင်က ဝေ့ဝူယင်ကို လှမ်းခေါ်လိုက်သည်။ ဝေ့ဝူယင် လှမ်းကြည့်လိုက်ရာ ထိုအားကိုးရသော လက်ထောက်လေးမှာ ကြည်နူးကျောက်စိမ်း တက္ကသိုလ်၏ အဓိပတိနှင့်အတူ ရောက်ရှိလာကြောင်း တွေ့လိုက်ရသည်။ တာအို တရား ဥပဒေ စောင့်ရှောက်သူလည်း ပါလာခဲ့၏။ ထိုတာအို တရားဥပဒေ စောင့်ရှောက်သူမှာ ပါခက်နှင့် အဓိပတိအကြားတွင် နေရာယူကာ ကာကွယ်ရန် ကြိုးစားနေသော်လည်း သူ၏ အာဏာရှင် ရှန့်ထို အော်ရာမှာ ပါခက်၏ အစစ်အမှန် သူတော်စင် အဆင့် အော်ရာကို မတွန်းလှန်နိုင်ကြောင်း တွေ့လိုက်ရသည်။

ကြည်နူးကျောက်စိမ်း တက္ကသိုလ် အဓိပတိမှာ တည်ငြိမ်သော အသွင်ရှိပြီး လှပ ရင့်ကျက်သည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် ဆံပင်ဖြူများကို ထုံးဖွဲ့ထားပြီး အစိမ်းရင့်ရောင် မျက်လုံးများတွင် အဖြူရောင် မျက်တောင်လေးများဖြင့် အလှဆင်ထားသည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အဆီပိုလည်းမရှိ၊ ပိန်လွန်းခြင်းလည်း မရှိလှပေ. ကျောက်စိမ်းရောင် အဂ္ဂိရတ်ဝတ်စုံအောက်တွင် သူမ၏ ဆွဲဆောင်မှုရှိသော အချိုးအစားများမှာ ခြေလှမ်းတိုင်းတွင် ပေါ်လွင်နေပေသည်။

ပါခက်၏ စောင့်ကြပ်မှုအောက်တွင် အဓိပတိ "မေရှန့်ယောင်" က ဟောင်ချန်းရွှယ်ကို ထူးခြားသော အမူအရာဖြင့် နှုတ်ဆက်လိုက်သည်။

"ခန်းမအုပ်ချုပ်ရေးမှူး ဖုန်မှုန့်လမ်းစဉ်... ကျွန်မ မေရှန့်ယောင် မိုးကုပ်စက်ဝိုင်း မျှော်စင်ခုနစ်ခုရဲ့ ဆင့်ခေါ်မှုကို ခံယူဖို့ ရောက်ရှိလာပါပြီ"

သူမ၏ အသံမှာ ကြည်လင်ပြတ်သားပြီး နားထဲတွင် သာယာသော တေးဂီတတစ်ခုသဖွယ် ပဲ့တင်ထပ်သွားသည်။

"မင်း အမိန့်တော်ကို လိုက်နာတာကို ငါ မြင်တွေ့ရပါတယ်..."

ဟောင်ချန်းရွှယ်က လေးနက်သော အမူအရာဖြင့် မေရှန့်ယောင်၏ နှုတ်ဆက်မှုကို လက်ခံလိုက်၏။ ထို့နောက်... လက်ဟန်ချိပ်စည်းတစ်ခု ပြုလုပ်လိုက်ရာ အဖြူရောင် ကောင်းကင်၏ အမိန့်တော်ထက် သိသိသာသာ သေးငယ်သော အမိန့်တော်မှာ ပျောက်ကွယ်သွားတော့သည်။ ထိုမှတစ်ဆင့် ထွက်ပေါ်လာသော ခုနစ်ရောင်ခြယ် မြူခိုးမြစ်သည် မေရှန့်ယောင်ဆီသို့ စီးဝင်သွားရာ သူမက ပုလင်းတစ်ခုဖြင့် ထိုမြူခိုးများကို ဖမ်းယူလိုက်သည်။ သို့သော် မြူခိုးများအတွင်းရှိ အင်ပါယာ ဥပဒေသ အော်ရာမှာမူ မရှိတော့ပေ။

ဤအချင်းအရာကို အသေအချာ စောင့်ကြည့်နေသော လော့နင်၏ မျက်လုံးများ တောက်ပသွားသည်။ အဂ္ဂိရတ် အမိန့်တော်များသည် မိုးကုပ်စက်ဝိုင်း မျှော်စင်ခုနစ်ခု၏ အာဏာစက် ပါဝင်သော အမိန့်များသာမက အဂ္ဂိရတ်ပညာရှင်များကို စည်းရုံးရန်အတွက် ပေးအပ်သော "လက်ဆောင်" များလည်း ဖြစ်ကြောင်း သူမ သိရှိထားသည်။ သို့သော် ၎င်းမှာ ထုတ်ပြန်သော အမိန့်တော် အမျိုးအစားပေါ်တွင် မူတည်သည်။ အဂ္ဂိရတ်တာအို စည်းမျဉ်းများကို ချိုးဖောက်သူများသည် ထိုသို့သော အကျိုးကျေးဇူးကို မခံစားရသော်လည်း အမိန့်တော်ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့သော တာအို လူများကမူ ရရှိကြသည်။

အဖြူရောင် ကောင်းကင်သည် ကြည်နူးကျောက်စိမ်း တစ်ဖြစ်လည်း မေရှန့်ယောင်ကို အမုန်းတရားများ ပြည့်နှက်နေသည့် အကြည့်ဖြင့် စိုက်ကြည့်နေမိသည်။ ဤအမျိုးသမီးသည် သူမ ယခုကြုံတွေ့နေရသော ဒုက္ခများ၏ အဓိကတရားခံပင် ဖြစ်သည်။

သူမ ကိုယ်တိုင် တိုက်ရိုက် ပါဝင်ပတ်သက်ခြင်း မရှိဟု ဆိုနိုင်သော်လည်း အဖြူရောင် ကောင်းကင် မရှိခိုက်ကို အခွင့်ကောင်းယူကာ အဇူရာပင်လယ်ကို ထောင်ချောက်ဆင်ပြီး ရှုံးနိမ့်ခြင်းနှင့် အကျဉ်းကျခြင်းတို့ဆီသို့ ဆွဲခေါ်သွားခဲ့သည်မှာ အမှန်ပင်။

အဖြူရောင် ကောင်းကင်က အဖြူရောင် ကောင်းကင် ကျောက်မျက်ကို ယူဆောင်သွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့သဖြင့် အဖွဲ့အစည်းတစ်ခုလုံး ကျွန်ပြုခံရသည့်အထိ ဖြစ်သွားစေသော်လည်း သူတို့၏ အမွေအနှစ်နှင့် ဆေးဖော်စပ်နည်းများကို ကောက်ကျစ်စွာ သိမ်းပိုက်ခဲ့ခြင်းမှာမူ ဤအမျိုးသမီး၏ လက်ချက်ပင် ဖြစ်သည်။

မေရှန့်ယောင်ကမူ အဖြူရောင် ကောင်းကင်ကို လျစ်လျူရှုထားသည်။ အဂ္ဂိရတ် ဂုဏ်ပုဒ်အရဆိုလျှင် ကြည်နူးကျောက်စိမ်းသည် စီနီယာ အဆင့် လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦး ဖြစ်၏။ အဂ္ဂိရတ်တာအို ဆိုသည်မှာ လျှောက်လှမ်းရန် မလွယ်ကူသော လမ်းစဉ်ဖြစ်ပြီး အဆင့်တစ်ခုအတွင်းမှာပင် အဆင့်ဆင့် တက်လှမ်းရန်မှာ လျှို့ဝှက် အာဏာရှင်အဆင့်၏ အထက်ပိုင်း အဆင့်များသို့ တက်လှမ်းရသည်ထက်ပင် ပို၍ ခက်ခဲလှပေသည်။

အဖွဲ့အစည်းအတွင်း ရာထူးအရဆိုလျှင် အဖြူရောင် ကောင်းကင်သည် အဓိပတိ မဟုတ်ပေ။ သူမတွင် ဦးဆောင်နိုင်စွမ်းမရှိသဖြင့် အဇူရာပင်လယ်ကသာ ထိုရာထူးကို ရယူထားခြင်း ဖြစ်သည်။ သို့သော် အဖြူရောင် ကောင်းကင်သည် အဖွဲ့အစည်းနှင့် လူ့အဖွဲ့အစည်းအတွင်း အလွန်အမင်း ဩဇာညောင်းသူဖြစ်ပြီး သူမ၏ စကားမှာ အလွန်ပင် လေးနက်လှသည်။ သူမ၏ ရုတ်တရက် ထွက်ခွာသွားမှုနှင့် အာဏာကို အဇူရာပင်လယ်ထံ အပ်နှံခဲ့မှုသာ မရှိခဲ့လျှင် အဇူရာပင်လယ်သည် မည်သည့် တာအိုတိုက်ပွဲ သို့မဟုတ် အလောင်းအစားကိုမျှ သဘောတူနိုင်မည် မဟုတ်ပေ။

"ဆရာက လောကရှန့်ထို အာရုဏ်ဦး ဖြစ်ရမယ်... ဆရာနဲ့ တွေ့ရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ..."

မေရှန့်ယောင်က ဝေ့ဝူယင်ကို အလွန်အမင်း ရိုသေသော လေသံဖြင့် နှုတ်ဆက်လိုက်၏။ သို့သော်လည်း သူမ၏ မျက်လုံးများတွင်မူ အံ့ဩတုန်လှုပ်မှုများက ဖုံးကွယ်မရဘဲ ပေါ်လွင်နေသည်။ သူမသည်လည်း အခြားသော အဆင့်အတန်းမြင့်သူများကဲ့သို့ပင် သတင်းဌာနများကို အမြဲ စောင့်ကြည့်နေသူ ဖြစ်သည်။ ကံကြမ္မာ ဂေဇက် ထက် စောင့်ကြည့်ဆဲ မှတ်တမ်း ကို ပို၍ နှစ်သက်သော်လည်း သူမသည် အနိမ့်ဆုံးအဆင့် သတင်းဝန်ဆောင်မှုကိုမူ ရယူထားဆဲ ဖြစ်သည်။

သူမ အံ့ဩနေရခြင်း၏ အရင်းအမြစ်မှာ ဝေ့ဝူယင်ပင် ဖြစ်၏။ ထိုလူသား၏ လူသားနှင့်မတူဘဲ မြင့်မြတ်လွန်းသော ရုပ်ရည်၊ မြင့်မားတောင့်တင်းသော ခန္ဓာကိုယ်နှင့် အလိုအလျောက် ထွက်ပေါ်နေသော လွှမ်းမိုးမှု အရှိန်အဝါတို့မှာ မည်မျှ နက်ရှိုင်းကြောင်း မခန့်မှန်းနိုင်အောင်ပင်။ လူငယ်၏ မျက်ဝန်းများထဲမှ အဂ္ဂိရတ်တာအို၏ နက်ရှိုင်းမှုများကို မြင်လိုက်ရချိန်တွင် သူမ၏ နှလုံးသားမှာ နွေဦးကာလတွင် ပွင့်လန်းစပြုသော ပန်းလေးတစ်ပွင့်သဖွယ် ရင်ခုန်သွားရတော့သည်။

သူမသည် အိမ်ထောင်သည် အမျိုးသမီးတစ်ဦး ဖြစ်သည်ကိုလည်း သတိပြုရပေမည်။

‘အဆင့် ၃ ဆိုတာ သူနဲ့ မထိုက်တန်သေးဘူး...’

မေရှန့်ယောင်၏ အတွေးများမှာ လွန်ကဲနေပုံ ပေါ်သော်လည်း ၎င်းတို့မှာ သူမ၏ စစ်မှန်သော ခံစားချက်များပင် ဖြစ်သည်။ သူမ မသိလိုက်သည်က... ဝေ့ဝူယင်၏ ငွေရောင်မျက်ဝန်းများမှာ အရာရာကို အမှားအယွင်းမရှိ မြင်နိုင်စွမ်းရှိရုံသာမက ကောင်းကင်တာအို၏ လျှို့ဝှက်ချက်များကို ချောင်းမြောင်းကြည့်ရှုခဲ့ဖူးသလို ငရဲ၏ ရက်စက်ဆုံးသော နှိပ်စက်မှုများကို ကျော်ဖြတ်ခဲ့ခြင်းကြောင့် ထူးခြားသော ဆွဲဆောင်မှုများ ရှိနေခြင်းပင် ဖြစ်သည်။ အဂ္ဂိရတ်ကြယ်တာရာများကို အမြဲ အသက်သွင်းထားခြင်းကပင် သူ၏ ဆွဲဆောင်မှု အစိတ်အပိုင်း များစွာကို ဖုံးကွယ်ထားသကဲ့သို့ ဖြစ်နေခြင်း ဖြစ်သည်။

"ကြည်နူးကျောက်စိမ်းရဲ့ အလှအပအကြောင်း တခြားသူတွေဆီက ကြားဖူးပါတယ်... ဒါပေမဲ့ ဒီနေ့ ကိုယ်တိုင် မြင်လိုက်ရတဲ့အခါ သူတို့ရဲ့ စကားလုံးတွေက ခင်ဗျားရဲ့ အလှကို ဘယ်လိုမှ ဖော်ပြနိုင်စွမ်း မရှိဘူးဆိုတာ သိလိုက်ရတယ်..."

ဝေ့ဝူယင်၏ တုံ့ပြန်မှုက အားလုံးကို အံ့အားသင့်သွားစေသော်လည်း အခြေအနေမှာ ရုတ်ရုတ်သဲသဲ မဖြစ်သွားသဖြင့် ဟောင်ချန်းရွှယ်က ကျေနပ်နေမိသည်။

"လောကရှန့်ထို ကြည်နူးကျောက်စိမ်း... လောကရှန့်ထို အာရုဏ်ဦးက မင်းတို့ ပင်လယ်နဲ့ကောင်းကင် တက္ကသိုလ်နဲ့ ဖြစ်ပွားခဲ့တဲ့ တာအိုတိုက်ပွဲ အသေးစိတ်ကို ဆွေးနွေးချင်လို့ပါ... ခန်းမထဲကို သွားပြီး ဆွေးနွေးကြမလား"

ဟောင်ချန်းရွှယ်က နောက်တစ်ကြိမ် ဖိတ်ခေါ်လိုက်သည်။

ဝေ့ဝူယင်က ရုတ်တရက် ပြောလိုက်၏။

"မိုးကုပ်စက်ဝိုင်း မျှော်စင်ခုနစ်ခုရဲ့ စည်းကမ်းတွေအရ တာအိုတိုက်ပွဲမှာ အနိုင်ရသူဟာ နှစ်ဖက်လုံး သဘောတူမယ်ဆိုရင် အလောင်းအစား စည်းကမ်းချက်တွေကို ပြောင်းလဲပိုင်ခွင့် ရှိတယ် မဟုတ်လား"

"ဟုတ်ပါတယ်"

ဟောင်ချန်းရွှယ်က အလိုအလျောက် ပြန်ဖြေလိုက်သည်။ ထို့နောက် ဝေ့ဝူယင်သည် ဤကိစ္စကို တိုက်ရိုက် ဖြေရှင်းတော့မည်ကို သိလိုက်ရသဖြင့် သူ၏ မျက်လုံးများ အနည်းငယ် ကျယ်သွားရသည်။

မေရှန့်ယောင်သည် ဝေ့ဝူယင်၏ တိုက်ရိုက်ဆန်သော ချီးကျူးစကားကြောင့် ပါးပြင်လေးများ အနည်းငယ် နီမြန်းသွားသည်။ သို့သော်လည်း... ထိုစကားများထဲတွင် နစ်မြောမသွားမီမှာပင် ဝေ့ဝူယင်က သူ၏ ရည်ရွယ်ချက်ကို တစ်ခါတည်း ဖွင့်ဟလိုက်တော့သည်။ သူ ဘာလိုချင်သည်ကို သူမ ချက်ချင်း သိလိုက်သည်။

သူမ ခဏမျှ စဉ်းစားလိုက်ပြီး သူမကို ရန်လိုသော အကြည့်ဖြင့် ကြည့်နေသည့် အဖြူရောင် ကောင်းကင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ ထို့နောက် သူမ၏ စိတ်လှုပ်ရှားမှုများကို အမြန် ပြန်ထိန်းလိုက်၏။

"လောကရှန့်ထို အာရုဏ်ဦး... ဆရာက အနိုင်ရတဲ့ ပစ္စည်းတွေထဲက အဖြူရောင် ကောင်းကင် ကျောက်မျက်ကို ဖယ်ထုတ်ပေးစေချင်တာလား... ကျွန်မ ဖယ်ပေးမယ်ဆိုရင်တောင် တာအိုတိုက်ပွဲကို ကြီးကြပ်ခဲ့တဲ့ အစွမ်းကုန် သန့်စင်ခြင်း ခန်းမက ဒဏ်ကြေးတွေ မထိအောင် သူတို့ ထုတ်ပြန်ထားတဲ့ အဂ္ဂိရတ် အမိန့်တော်ကို ပြန်ရုပ်သိမ်းပေးရဦးမယ်... အဲဒါက... ခက်ခဲလိမ့်မယ်"

ဝေ့ဝူယင်သည် သူ၏ ရည်ရွယ်ချက်ကို ငြင်းဆိုခြင်းမပြုပေ။ သူမ၏ စကားများမှာ မှန်ကန်သော်လည်း... ချမ်းသာကြွယ်ဝမှုဖြင့် မဖြေရှင်းနိုင်သော အရာဟူ၍ မရှိပေ။ အကယ်၍ ဒင်္ဂါးပြား တစ်သန်းဖြင့် မဖြေရှင်းနိုင်လျှင် ကုဋေတစ်ထောင်ဖြင့် ပစ်ပေါက်လိုက်ရုံပင်။ ကုဋေတစ်ထောင်နှင့် မရလျှင် သိန်းကုဋေချီ၍ သုံးစွဲလိုက်မည်။ အဓိကမှာ မည်မျှပေးရမည်ဆိုသည့် အချက်သာ ဖြစ်သည်။

အစကတည်းက ဝေ့ဝူယင် လုပ်ရမည့်အလုပ်မှာ တင်ရှိနေသော အကြွေးကို ဆပ်ပေးလိုက်ရန်သာ ဖြစ်သည်။ သို့သော် ပို၍ သက်သာသော နည်းလမ်းကို သုံးနိုင်ရုံမျှမက ဂလက်ဆီအတွင်း သူ၏ ဂုဏ်သိက္ခာကိုပါ တစ်ပါတည်း မြှင့်တင်နိုင်မည့် အခွင့်အရေးရှိနေပါက အဘယ်ကြောင့် အကြွေးကို အလဟဿ ဆပ်နေတော့မည်နည်း။

"ဟုတ်တယ်... အဲဒါက နည်းနည်းတော့ ခက်ခဲလိမ့်မယ်"

ဟောင်ချန်းရွှယ်ကလည်း ပြောလိုက်သည်။ သူသည် ဤကိစ္စကို ခန်းမထဲတွင်သာ အေးအေးဆေးဆေး ဆွေးနွေးလိုခြင်း ဖြစ်သည်။ ယခုမူ လူပေါင်းများစွာ၏ အကြည့်များက သူတို့အပေါ်တွင် ကျရောက်နေပြီ မဟုတ်ပါလား။

***

All Chapters