← Chapters

အခန်း (၂၁၆၁-၂၁၆၂)

Vol. 155 Ch. 2161-2162

အခန်း (၂၁၆၁-၂၁၆၂)

Vol. 155 Ch. 2161-2162

အပိုင်း(၂၁၆၁)

"ခက်ခဲတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုလိုတာမှ မဟုတ်တာ..."

ဝေ့ဝူယင်က အပြုံးဖြင့် တည်ငြိမ်စွာ ဆိုလိုက်သည်။

"ဒါဆိုရင် အခက်အခဲတွေကို ဆွေးနွေးကြတာပေါ့... ဒီလိုဆိုရင်ကော ဘယ်လိုလဲ... တကယ်လို့ လောကရှန့်ထို ကြည်နူးကျောက်စိမ်းက အလောင်းအစား စည်းကမ်းချက်တွေကို ပြင်ဆင်ဖို့ သဘောတူမယ်ဆိုရင်၊ သူ ဖယ်ထုတ်ပေးတဲ့ ပစ္စည်းနေရာမှာ ကျိုးကြောင်း ဆီလျော်တဲ့ ဘယ်လို အဆင့်မြင့် လျှို့ဝှက်လောကအဆင့် ထုတ်ကုန်နဲ့မဆို အစားထိုးပေးမယ်... ဒါတင်မကသေးဘူး... အဲဒီထုတ်ကုန်ဟာ အရည်အသွေး အဆင့်နိမ့် ဒါမှမဟုတ် အညစ်အကြေးပါတာမျိုး မဖြစ်စေရဘူးလို့ ကျွန်တော် အာမခံတယ်...”

"အစွမ်းကုန် သန့်စင်ခြင်း ခန်းမအတွက်ကတော့ အမိန့်တော် ထုတ်ပြန်တုန်းက ကုန်ဆုံးသွားတဲ့ အသန့်စင်ဆုံး မြူခိုးတွေအတွက် ကျွန်တော် လျော်ကြေးပေးပါ့မယ်... ပြီးတော့ ကျွန်တော့်ရဲ့ ပွင့်လင်းလွန်းတဲ့ လုပ်ရပ်အတွက် တောင်းပန်တဲ့အနေနဲ့ အဆင့်နိမ့် အရည်အသွေးရှိတဲ့ လျှို့ဝှက်လောကအဆင့် အမတေ ဆေးလုံး အလုံး ၅၀ ကို ကမ်းလှမ်းပါရစေ"

"..."

မေရှန့်ယောင် ဆွံ့အသွား၏။

"..."

ဟောင်ချန်းရွှယ်လည်း ဘာပြောရမှန်း မသိတော့ပေ။

အဂ္ဂိရတ်ပညာရှင် နှစ်ဦးစလုံးမှာ အံ့ဩလွန်း၍ စကားပင် မထွက်နိုင်တော့ပေ။ အစပိုင်းတွင် ဤကိစ္စကို အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်ဟု သူတို့ မယုံကြည်ခဲ့ကြသော်လည်း ဝေ့ဝူယင်၏ ကမ်းလှမ်းချက်မှာ သာမန်မဟုတ်ပေ။ အမှန်အတိုင်းပြောရလျှင် ဤသည်မှာ ရူးသွပ်စရာ ကောင်းလောက်အောင်ပင် ရက်ရောလွန်းလှသည်။

ဝေ့ဝူယင်၏ စွမ်းဆောင်ရည်ကို သိရှိထားသော လော့နင်တို့ကဲ့သို့ လူများအတွက်မူ ဤသည်မှာ အလွန်အကျွံ ဖြစ်သည်ဟု မထင်သော်လည်း၊ အဂ္ဂိရတ် ထုတ်ကုန်များ၏ အဖိုးတန်ပုံကို နက်နက်ရှိုင်းရှိုင်း မခံစားဖူးသေးသော နက်ပစ်၊ နတ်ပရီနှင့် အီမန်တက်တို့အတွက်မူ ဤကမ်းလှမ်းချက်မှာ အဓိပ္ပာယ်မရှိလောက်အောင်ပင် များပြားလှသည်ဟု ထင်မြင်နေကြသည်။

အသန့်စင်ဆုံး မြူခိုး အတွက် လျော်ကြေးပေးခြင်းကို ခဏထားဦး... အညစ်အကြေးကင်းစင်သော လျှို့ဝှက်လောကအဆင့် ဆေးတစ်လုံး၏ တန်ဖိုးမှာပင် မယုံနိုင်စရာ ကောင်းလှပေသည်။ သူက မေရှန့်ယောင် စိတ်ကြိုက် ရွေးချယ်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။

ပြင်ပလောကတွင်ရှိသော ဆေးဝါးအများစုမှာ မသန့်စင်သည် ထုတ်ကုန်များသာ ဖြစ်ကြသည်။ ကျင့်ကြံသူ အများစုမှာ သူတို့၏ ကျင့်ကြံခြင်း အဆင့်နှင့် ကိုက်ညီပြီး အညစ်အကြေး ၁၀ ရာခိုင်နှုန်း သို့မဟုတ် ထိုထက်နည်းသော ဆေးတစ်လုံး ရရှိရန်အတွက် အသက်ပေး၍ပင် တိုက်ခိုက်ကြလိမ့်မည်။ အဆင့်နိမ့် အရည်အသွေး ဟု ခေါ်ဆိုသည့် ထုတ်ကုန်များမှာမူ နိမ့် သည်ဟု ထင်ရသော်လည်း အမှန်စင်စစ် အညစ်အကြေး အစအနမျှပင် မပါဝင်သော ပြည့်စုံသည့် ထုတ်ကုန်များသာ ဖြစ်ကြသည်။

ဆေးဝါးများအတွင်းရှိ အညစ်အကြေးများသည် ကျင့်ကြံသူ၏ ခွန်အား၊ အခြေခံ၊ ပါရမီနှင့် သက်တမ်းတို့ကို ထိခိုက်စေနိုင်သည်။ သို့သော် ကျင့်ကြံသူများသည် ဆေး၏ အကျိုးကျေးဇူးက သက်တမ်းတိုခြင်းကဲ့သို့သော ဆိုးကျိုးများထက် သာလွန်နေတတ်သဖြင့် ထိုထုတ်ကုန်များကိုပင် မှီဝဲနေကြရဆဲ ဖြစ်သည်။ အဆင့်နိမ့် အရည်အသွေး ထုတ်ကုန်များကပင် ပြည့်စုံမှု ရှိနေပြီဆိုလျှင် အဆင့်မြင့် ထုတ်ကုန်များမှာမူ ပြည့်စုံမှုထက်ပင် သာလွန်နေပြီး အလွန်ပင် ရှားပါးလှပေသည်။

ပို၍ ရူးသွပ်စရာ ကောင်းသည်မှာ အညစ်အကြေးကင်းသော လျှို့ဝှက်လောကအဆင့် အမတေ ဆေးလုံး အလုံး ၅၀ ပင် ဖြစ်သည်။ ကျင့်ကြံခြင်း ကမ္ဘာသည် အမတေ ပေါ်တွင် အခြေခံ၍ လည်ပတ်နေခြင်း ဖြစ်သည်။

ထိုဆေးလုံးများသည် မည်သည့် ကျင့်ကြံခြင်း နည်းစနစ်ကိုမဆို တိုးတက်စေရန် အထောက်အပံ့ ပေးနိုင်သည်။ စွမ်းအင် အခြေခံကို တည်ဆောက်ခြင်းမှစ၍၊ အသိစိတ်ပင်လယ်ကို ခိုင်မာစေခြင်း၊ ဝိညာဉ်စွမ်းအင်၏ ပမာဏနှင့် အရည်အသွေးကို မြှင့်တင်ခြင်း၊ မျက်စိကျင့်စဉ်များကို လေ့ကျင့်ခြင်း၊ ခန္ဓာကိုယ်ကို သန်မာစေခြင်း သို့မဟုတ် မိမိ၏ နယ်မြေကို ပြုစုပျိုးထောင်ခြင်းအထိ အရာရာတွင် အသုံးပြုနိုင်သည်။

အဆင့်မြင့် လျှို့ဝှက်အာဏာရှင်အဆင့် ပညာရှင်များ ဖြစ်ကြသော ကောင်းကင်ရှန့်ထိုများ၊ အာဏာရှင် ရှန့်ထိုများနှင့် သူတော်စင်များပင်လျှင် လေ့ကျင့်ရန် ခက်ခဲသော ကျင့်စဉ်များသည် ထိုဆေးလုံးများမှ ရရှိသော သန့်စင်သည့် အမတေများကြောင့် ရုတ်တရက် လွယ်ကူသွားပေလိမ့်မည်။

လော့နင်၏ အမြင်ဖြင့် ဝေ့ဝူယင်၏ ကမ်းလှမ်းချက် မည်မျှ တန်ဖိုးရှိကြောင်း တိုင်းတာရန် ခက်ခဲသော်လည်း အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ၏ ပေါက်ဈေးအရဆိုလျှင် လျှို့ဝှက်မြေကြီး အဆင့် အမတေဆေးတစ်လုံးလျှင် လျှို့ဝှက်မြေကြီး အမတေကျောက်တုံး ၁၀၀ ခန့် တန်ဖိုးရှိသည်။

လျှို့ဝှက်လောကအဆင့် အတွက်လည်း ထိုအတိုင်းပင်။ ထို့ပြင် ထိုဈေးမှာ မသန့်စင်သော ထုတ်ကုန်များအတွက်သာ ဖြစ်သည်။ မသန့်စင်ခြင်း အဆင့် ထုတ်ကုန်များအတွက်မူ တန်ဖိုးမှာ ၁၀၀ မှ ၁,၀၀၀ သို့ ခုန်တက်သွားမည် ဖြစ်ပြီး၊ အဆင့်မြင့် အရည်အသွေး အတွက်မူ ၂,၅၀၀ ၊ အထွတ်အထိပ် အဆင့် အတွက်မူ ၁၀,၀၀၀ အထိ သတ်မှတ်ထားသည်။

ဤသည်မှာ လျှို့ဝှက်လောက အမတေကျောက်တုံး ၅၀,၀၀၀ ကို ပေးကမ်းလိုက်ခြင်းနှင့် မခြားပေ။

သူတို့က... မည်ကဲ့သို့ ငြင်းပယ်နိုင်ပါမည်နည်း။ မည်သူကရော ငြင်းပယ်မည်နည်း။

...

လျှို့ဝှက်လောကအဆင့် အမတေကျောက်တုံး ၅၀,၀၀၀...

ထိုနေရာတွင် ရှိနေသူဖြစ်စေ၊ အဝေးမှ စောင့်ကြည့်နေသူဖြစ်စေ မည်သူမျှ မိမိတို့၏ မျက်နှာအမူအရာကို မထိန်းချုပ်နိုင်ကြတော့ပေ။ မယုံကြည်နိုင်ခြင်း၊ တုန်လှုပ်ခြင်း၊ မရေမရာဖြစ်ခြင်းနှင့် မနာလိုဝန်တိုမှုများက မျက်နှာထက်တွင် အထင်အရှား ပေါ်လွင်နေသည်။ အစွမ်းကုန် သန့်စင်ခြင်း ခန်းမကို တောင်းပန်သည့်အနေဖြင့် ပေးအပ်သော ထိုမျှလောက်များပြားသည့် ပမာဏကို ခဏထားဦး၊ မေရှန့်ယောင် ရရှိလိုက်သည့် အခွင့်အရေးသည်ပင် ပေါက်ပြီးသား ထီလက်မှတ်တစ်စောင် ရလိုက်သကဲ့သို့ပင် ဖြစ်နေသည်။

ကျိုးကြောင်းဆီလျော်သည့် မည်သည့် လျှို့ဝှက်လောကအဆင့် ဆေးဝါးမဆို...

မည်သည့်အရာမဆို...

ထို့အပြင် မသန့်စင်ခြင်း အဆင့် သို့မဟုတ် အဆင့်နိမ့် မဖြစ်စေရဟုလည်း အာမခံထားသည်။ ထိုအချက်ကို လျစ်လျူရှု၍ မရနိုင်ပါချေ။ လုံးဝ မရနိုင်ပါ။

ဝေ့ဝူယင်၏ ကမ်းလှမ်းချက်မှာ နှစ်ဖက်လုံးက သူ၏ စည်းကမ်းချက်များကို သဘောတူမှသာ အတည်ဖြစ်မည်ဖြစ်သည်။ အကယ်၍ မေရှန့်ယောင်ကသာ ငြင်းပယ်လိုက်လျှင် အစွမ်းကုန် သန့်စင်ခြင်း ခန်းမသည် မည်သည့်ရင်းနှီးမှုမျှ မရှိဘဲ ရရှိမည့် ကြီးမားသော အကျိုးအမြတ်များကို လက်လွှတ်ရပေလိမ့်မည်။ ဤသည်မှာ အနောက်မြောက်ဘက် ကြီးထွားခြင်းဇုန်ရှိ အစွမ်းကုန် သန့်စင်ခြင်း ခန်းမကို ဓားပြတိုက်လိုက်သကဲ့သို့ပင် ဖြစ်သွားပေမည်။

ဝေ့ဝူယင်၏ ထိုကမ်းလှမ်းမှုမှာ အပေါ်ယံတွင် အလွန်ရက်ရောသယောင် ရှိသော်လည်း အမှန်စင်စစ်တွင်မူ အလွန်ပင် ဖိအားပေးရာရောက်လှသည်။ ရက်စက်သည်၊ ကောက်ကျစ်သည်၊ အရာရာ ပြည့်စုံလွန်းလှသည်။

မေရှန့်ယောင်သည် သူမ၏ ရာထူး၊ ကျင့်ကြံခြင်းနှင့် အတွေ့အကြုံများအရ ဉာဏ်ပညာ မနည်းပါးပေ။ ထို့ကြောင့် သူမသည် ငြင်းပယ်ခဲ့ပါက အစွမ်းကုန် သန့်စင်ခြင်း ခန်းမ၏ အကျိုးစီးပွားကို ထိခိုက်စေမည့် အခြေအနေသို့ ရောက်နေကြောင်း ချက်ချင်း သိမြင်လိုက်သည်။ သို့သော် သူမ၏ ပါးစပ်မှာမူ အံ့ဩလွန်း၍ ဟောင်းလောင်း ဖြစ်နေဆဲ ဖြစ်၏။

ကံကောင်းသည်မှာ ဤလုပ်ရပ်ကြောင့် ဟောင်ချန်းရွှယ်က သူမအပေါ် ကျေးဇူးတင်ရှိသွားစေပြီး သူမ၏ အဖွဲ့အစည်းနှင့် ခန်းမအုပ်ချုပ်ရေးမှူးအကြား ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေမည် ဖြစ်သည်။

သဘောတူလိုက်ခြင်းဖြင့် သူမအတွက် ဆုံးရှုံးစရာ ဘာမှမရှိပေ။

"ခင်... ခင်ဗျား တကယ်ပဲ သေချာရဲ့လား၊ လောကရှန့်ထို အာရုဏ်ဦး..."

ဟောင်ချန်းရွှယ်က မေးလိုက်သည်။ သူ၏ ဦးနှောက်မှာ ထိုကမ်းလှမ်းချက်ကို အစွမ်းကုန် ဆင်ခြင်နေ၏။ အညစ်အကြေးကင်းသော လျှို့ဝှက်လောကအဆင့် အမတေ ဆေးလုံး ၅၀ သည် သူ့အတွက် ကြီးမားသော အကျိုးအမြတ်နှင့် ကြွယ်ဝမှုများကို ယူဆောင်လာပေးမည် ဖြစ်သည်။ ထိုစည်းစိမ်ကို အခြားသော အဖွဲ့ဝင်များကို ခွဲဝေပေးရမည် ဖြစ်သော်လည်း၊ ၅ ရာခိုင်နှုန်း (အမတေကျောက်တုံး ၂,၅၀၀ နှင့် ညီမျှသော ပမာဏ) ပေးရုံမျှဖြင့် လူတိုင်းကို အကြိမ်ကြိမ် ကျေနပ်စေရန် လုံလောက်လှသည်။ ဘာမှ မဆုံးရှုံးဘဲ အလကား ရမည့် ငွေကို မည်သူကများ ငြင်းဆန်ပါမည်နည်း။

ဝေ့ဝူယင်က ပြုံးလိုက်၏။

"ကျွန်တော်က ခက်ခဲတဲ့ အခြေအနေတစ်ခုကို ဖန်တီးမိလိုက်သလို ဖြစ်သွားတာပါ... ခင်ဗျားတို့ နှစ်ယောက်လုံးကလည်း ကျွန်တော့်ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ ကူညီပေးနေကြတာဆိုတော့ ဒါဟာ ကျွန်တော် အနည်းဆုံး လုပ်ပေးသင့်တဲ့ အရာပါ... ကျွန်တော့်ရဲ့ ကမ်းလှမ်းချက်က နည်းလွန်းမနေဖို့ပဲ မျှော်လင့်ပါတယ်"

"နည်းလွန်းတယ် ဟုတ်လား..."

ဟောင်ချန်းရွှယ် အံ့အားသင့်သွားသည်။ သူ လက်ကို အလျင်အမြန် ခါယမ်းလိုက်၏။

"ခင်ဗျားရဲ့ လျော်ကြေးက နည်းမနေပါဘူး လောကရှန့်ထို အာရုဏ်ဦး... ဒါပေမဲ့..."

သူ့ အကြည့်က မေရှန့်ယောင်ထံ ရောက်သွားသည်။

"တာအိုတိုက်ပွဲမှာ ပါဝင်ခဲ့သူတွေက စည်းကမ်းချက်အသစ်ကို သဘောတူရပါမယ်... ဒီကိစ္စမှာ ကောင်းကင်နဲ့ ပင်လယ် တက္ကသိုလ်ရဲ့ ကိုယ်စားလှယ်နဲ့ ကြည်နူးကျောက်စိမ်း တက္ကသိုလ်ရဲ့ ကိုယ်စားလှယ် နှစ်ဦးလုံး ပါဝင်ရပါမယ်... အခု ဒီမှာ လောကရှန့်ထို အဖြူရောင် ကောင်းကင်နဲ့ လောကရှန့်ထို ကြည်နူးကျောက်စိမ်းတို့ ရှိနေပြီဆိုတော့၊ နှစ်ဖက်လုံး သဘောတူရင် စည်းကမ်းချက်တွေကို ချက်ချင်း ပြင်ဆင်နိုင်ပါတယ်"

"..."

အဖြူရောင် ကောင်းကင်၏ မျက်လုံးများမှာ တောက်ပသော ကြယ်နှစ်လုံးကဲ့သို့ လင်းလက်သွားတော့သည်။

"ကျွန်မဘက်ကတော့ အဖြူရောင် ကောင်းကင် ကျောက်မျက်ကို ဖယ်ထုတ်ဖို့၊ အလောင်းအစားကို ချက်ချင်း ပြန်လည် တွက်ချက်ဖို့နဲ့ ပြစ်ဒဏ်ကာလကို အသစ်ပြန်သတ်မှတ်ဖို့ သဘောတူပါတယ်"

သူမသည် စည်းကမ်းများကို ကောင်းစွာ သိရှိထားသူဖြစ်သဖြင့် သူမ အလိုရှိသည်များကို တစ်ခါတည်း ပြတ်ပြတ်သားသား ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မေရှန့်ယောင်၏ အကြည့်မှာမူ ထူးကဲသော အရှိန်အဝါများ ဝန်းရံထားသည့် ဝေ့ဝူယင်ထံမှ ခွာမရဘဲ ရှိနေသည်။ ထို့နောက် သူမသည် ရင့်ကျက်သည့် အလှတရား၏ ကျော့ရှင်းမှုများ ပြည့်နှက်နေသည့် ချိုမြိန်သော အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။

"လောကရှန့်ထို အာရုဏ်ဦးက အလိုရှိနေမှတော့ အစွမ်းကုန် သန့်စင်ခြင်း ခန်းမရဲ့ စည်းမျဉ်းတွေကို မချိုးဖောက်သရွေ့ ဒီလို ကြီးမားတဲ့ ကောင်းချီးမျိုးကို ကျွန်မ ဘယ်လိုလုပ် ငြင်းပယ်နိုင်မှာလဲ... ဒါပေမဲ့ တစ်ခုလောက် မေးပါရစေ၊ ဆရာ့ရဲ့ စံနှုန်းအရ ကျိုးကြောင်းဆီလျော်တယ် ဆိုတာ ဘာကို ဆိုလိုတာလဲ..."

ဟောင်ချန်းရွှယ်သည် စိတ်လှုပ်ရှားမှုများနှင့်အတူ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။

"ခန်းမအုပ်ချုပ်ရေးမှူး ဖုန်မှုန့်လမ်းစဉ်ရဲ့ ဖိတ်ခေါ်မှုကို လက်ခံပြီး အထဲမှာ ဆက်ဆွေးနွေးကြရင် ဘယ်လိုလဲ"

ဝေ့ဝူယင်က အကြံပြုလိုက်သည်။ လူပုံအလယ်တွင် ကိစ္စရပ်များကို ပြေလည်အောင် ညှိနှိုင်းပြီးနောက် သူ၏ ရည်မှန်းချက်မှာ အောင်မြင်သလောက် ရှိနေပြီဖြစ်ရာ ကျန်ရှိသည်များကို လွတ်လပ်သော နေရာတစ်ခုတွင် ဆက်လက် ကိုင်တွယ်နိုင်ပြီ ဖြစ်သည်။

"ဟား ဟား... သိပ်ကောင်းတာပေါ့... ကျုပ်မှာ နှစ်သောင်းချီ သက်တမ်းရှိတဲ့ ကြာပန်းဖြူဝိုင် ရှိတယ်၊ ကျုပ်တို့ အာခေါင်စိုအောင် သောက်ရင်းနဲ့ ဆွေးနွေးကြတာပေါ့"

ဟောင်ချန်းရွှယ်၏ ရယ်သံမှာ လောကအနှံ့ ပဲ့တင်ထပ်သွားလေ၏။ မေရှန့်ယောင်မှာလည်း မည်သို့ ငြင်းပယ်နိုင်ပါမည်နည်း။

***

အပိုင်း(၂၁၆၂)

မကြာမီမှာပင် ဝေ့ဝူယင်သည် နန်းတော်သဖွယ် ခန်းမကြီးရှိရာ ကုန်းမြေတိုက်ကြီးပေါ်သို့ ဟောင်ချန်းရွှယ်၏ နောက်မှ လိုက်ပါသွားခဲ့သည်။ ပါခက်နှင့် လော့နင်တို့လည်း သူနှင့်အတူ ပါဝင်ခဲ့ကြ၏။ ပါခက်မှာ သူ၏ တရားဝင် အဂ္ဂိရတ် သူရဲကောင်း ဖြစ်ပြီး လော့နင်မှာ သူ၏ မျိုးဆက် အတိုင်း ကျင့်ကြံနေသည့် လက်ထောက်ဖြစ်သဖြင့် ဤအဆင့်ရှိ ဆွေးနွေးပွဲများသို့ တက်ရောက်ခွင့် ရှိကြသည်။

စားပွဲဝိုင်းတစ်ခု...

ထိုနေရာတွင် လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် လေးဦး ထိုင်နေကြပြီး၊ ဟောင်ချန်းရွှယ် အထူးရွေးချယ်ထားသော ချောမောလှပသည့် မိန်းမငယ်လေးများက အစားအစာများကို လာရောက် တည်ခင်းပေးကြသည်။ ပြင်ဆင်ချက်များကို ဆွေးနွေးရင်း၊ အမှတ်တရ ဇာတ်လမ်းများကို ဖလှယ်နေကြစဉ် ဟောင်ချန်းရွှယ်က ထိုအစေခံများထဲမှ တစ်ဝက်ခန့်မှာ ယခင်က သူ စိတ်ဝင်တစား စောင့်ကြည့်ခဲ့သော "လျှို့ဝှက်ကစားပွဲ" တစ်ခုမှ ရရှိခဲ့သူများဖြစ်ကြောင်း ပြောပြခဲ့သည်။

ဤသည်မှာ အဂ္ဂိရတ်ပညာရှင်များအတွက် အစေခံများ၊ တပည့်များနှင့် အဂ္ဂိရတ်အစောင့်အရှောက်များကို ထိုကဲ့သို့သော ကစားပွဲများမှ ရယူလေ့ရှိသည့် ထုံးစံတစ်ခု ဖြစ်သည်။

လော့နင်သည် ဝေ့ဝူယင်၏ ဝိုင်ခွက် တစ်ဝက်ခန့် လျော့သွားတိုင်း အလိုက်တသိ ဖြည့်ပေးသလို၊ အခြားသူများ၏ ခွက်မှာလည်း သုံးပုံတစ်ပုံခန့် လျော့သွားလျှင် ဖြည့်ပေး၏။ သူမမှာ အလွန်ပင် လုပ်ငန်းကျွမ်းကျင်လှသည်။

သူမ၏ မျက်လုံးများမှာလည်း ဆွေးနွေးမှုများကို အာရုံစိုက် နားထောင်နေသဖြင့် တလက်လက် တောက်ပနေ၏။ လော့နင်သည် ခန္ဓာကိုယ် ပြန်လည် နုပျိုလာပြီးနောက်နှင့် ကျင့်ကြံခြင်း အဆင့်တက်လာပြီးနောက် ငြင်းပယ်၍မရသော အလှတရားတစ်ခုကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သာ၍ ထူးခြားသည်က သူမသည် လက်ရှိ ကျင့်ကြံခြင်း အဆင့်အတွက် အလွန်ပင် ငယ်ရွယ်နေခြင်း ဖြစ်ပြီး ဝေ့ဝူယင်ကလည်း သူမကို အလွန်ပင် ချီးမွမ်းပြောဆိုနေသဖြင့် အခြားသူများက သူမကို လျစ်လျူရှု၍ မရနိုင်တော့ပေ။

လော့နင်မှာ အဂ္ဂိရတ် ဝိညာဉ်ကို ပိုင်ဆိုင်ထားသည့် အဂ္ဂိရတ်ပညာရှင် တစ်ဦးဖြစ်ကြောင်း သိလိုက်ရသောအခါ အဖြူရောင် ကောင်းကင်၊ မေရှန့်ယောင်နှင့် ဟောင်ချန်းရွှယ်တို့၏ သဘောထားမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။ အဂ္ဂိရတ်ဝိညာဉ် ပိုင်ဆိုင်ထားသော အဂ္ဂိရတ်ပညာရှင်များမှာ ဤနေရာတွင် မရှားပါးသော်လည်း၊ အဂ္ဂိရတ်ဝိညာဉ်ရှိသည့် လျှို့ဝှက် အာဏာရှင် အဆင့် အဂ္ဂိရတ်ပညာရှင်မှာမူ အလွန်ပင် ရှားပါးလှပေသည်။

"ဒီလောက် ငယ်ရွယ်တဲ့ မြေကြီးရှန့်ထို အဂ္ဂိရတ်ပညာရှင်ပဲ... သူက အဂ္ဂိရတ်တာအိုမှာ ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာ သိချင်မိတယ်"

ဟောင်ချန်းရွှယ်က စူးစမ်းစွာ မေးလိုက်ရာ အဖြူရောင် ကောင်းကင်နှင့် မေရှန့်ယောင်တို့လည်း စိတ်ဝင်တစား ရှိသွားကြသည်။ အဂ္ဂိရတ်ရှန့်ထို အဆင့်တိုင်းတွင် ဂျူနီယာ၊ စီနီယာနှင့် အထွတ်အထိပ် ဟူ၍ အဆင့်သုံးဆင့် ရှိပြီး ၎င်းတို့မှာ ဆေးဝါးများ၏ အရည်အသွေးများနှင့် တိုက်ရိုက် ဆက်စပ်နေခြင်း ဖြစ်သည်။

သူတော်စင် ခွန်ရှူးပြောပြခဲ့ဖူးသလောက် ဆိုလျှင်... ပြတ်သားသော ဆည်းဆာ ဂလက်ဆီ၏ အဂ္ဂိရတ် စံနှုန်းများတွင် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ၏ လွှမ်းမိုးမှုများစွာ ပါဝင်နေသည်ဟု ဆိုသည်။ ပြတ်သားသော ဆည်းဆာ ဂလက်ဆီ အဂ္ဂိရတ်တာအို စံနှုန်းများအရ အဆင့်တစ်ခု သတ်မှတ်နိုင်ရန်အတွက် အဂ္ဂိရတ်ပညာရှင် တစ်ဦးသည် အမျိုးအစား တစ်ခုတည်းမှ ထုတ်ကုန် အနည်းဆုံး နှစ်မျိုးကို ၃၀ ရာခိုင်နှုန်း အောင်မြင်မှုနှုန်း ရှိရမည် (သို့မဟုတ်) အမျိုးအစား တစ်ခုတည်းမှ ထုတ်ကုန် အနည်းဆုံး တစ်မျိုး (ဆေးအနှစ် မဟုတ်ရ) ကို ၅၀ ရာခိုင်နှုန်း အောင်မြင်မှုနှုန်း ရှိရမည် ဖြစ်ပြီး အဆင့်နိမ့် အရည်အသွေး ထုတ်ကုန်များကိုသာ စာရင်းသွင်းစဉ်းစားခြင်း ဖြစ်သည်။

အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ၏ စံနှုန်းများမှာလည်း အတူတူပင် ဖြစ်သော်လည်း ကွာခြားချက်မှာ အမျိုးအစား မတူညီသော ထုတ်ကုန် အနည်းဆုံး သုံးမျိုး (ဆေးအနှစ် မပါ) ကို ၂၀ ရာခိုင်နှုန်း အောင်မြင်မှုနှုန်းဖြင့် ဖော်စပ်နိုင်လျှင်လည်း အဆင့်သတ်မှတ်ပေးခြင်း ဖြစ်သည်။ ပြတ်သားသော ဆည်းဆာ ဂလက်ဆီ၏ သမိုင်းဝင် အဂ္ဂိရတ် မျိုးဆက် အများစုမှာ တစ်သက်တာလုံး အမျိုးအစား တစ်ခုတည်းကိုသာ အထူးပြု လေ့ကျင့်ကြသူများ ဖြစ်သဖြင့် ထိုစံနှုန်းကို သူတို့ထက် နိမ့်ကျကြောင်း ဝန်ခံသည့်အနေဖြင့် ပယ်ဖျက်ခဲ့ကြခြင်း ဖြစ်သည်။

လော့နင်က ထိုမေးခွန်းကို ယဉ်ကျေးစွာ ပြုံး၍သာ တုံ့ပြန်လိုက်သည်။ သူမ မည်ကဲ့သို့ ပြန်ဖြေရပါမည်နည်း။ အမှန်အတိုင်းဆိုရလျှင် သူမ ကိုယ်တိုင်လည်း မသိပေ။

အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ၏ စံနှုန်းများသည် အိမ်နီးချင်း ဂလက်ဆီများအတွက် အလွန်မြင့်မားသည်ဟု ထင်ရသော်လည်း သူတော်စင် အာရုဏ်ဦး အဂ္ဂိရတ် အဖွဲ့၏ စံနှုန်းများနှင့် နှိုင်းယှဉ်လျှင်မူ အလွန်ပင် အားနည်းလှသည်ဟု ခံစားရသည်။ ၎င်းတပ်ဖွဲ့တွင် အမျိုးအစား လေးမျိုးစလုံးကို ကျွမ်းကျင်ရုံသာမက ဆေးတစ်သုတ်လျှင် အနည်းဆုံး ဆယ်လုံးစီကို အဆင့်နိမ့် အရည်အသွေးဖြင့် အောင်မြင်အောင် ဖော်စပ်နိုင်ရမည် ဖြစ်သောကြောင့် ဖြစ်သည်။

လော့နင် အနေဖြင့် သူမ၏ အဆင့်အတန်းကို သူမ သေချာမသိသော်လည်း၊ အကယ်၍ သူမကို အထွတ်အထိပ် အဆင့် မြေကြီးရှန့်ထို အုပ်စုထဲ ထည့်ထားလျှင်ပင် သူမက သူတို့အားလုံးကို အရှက်ရသွားစေမည့် အခွင့်အရေး အများကြီး ရှိနေသည်။ ကံကောင်းသည်က ဝေ့ဝူယင် ရှိနေခြင်းပင် ဖြစ်၏။

"သူ့ကို ဂျုနီယာ အဆင့် မြေကြီးရှန့်ထို အဂ္ဂိရတ် ပညာရှင် တစ်ဦးအဖြစ် သတ်မှတ်နိုင်ပါတယ်"

ဂျုနီယာ အဆင့်မှာ အနိမ့်ဆုံး ဖြစ်သော်လည်း ၎င်းမှာ လူမှုအသိုင်းအဝိုင်း၏ စံနှုန်းမျှသာ ဖြစ်သည်။ အကယ်၍ အဂ္ဂိရတ်ပညာရှင် တစ်ဦးသည် မြေကြီးအဆင့် ထုတ်ကုန်တစ်ခုကို အဆင့်နိမ့် အရည်အသွေးဖြင့် ဖော်စပ်နိုင်လျှင် လူမှုအသိုင်းအဝိုင်းက မည်သို့ပင် ဆိုစေကာမူ အဂ္ဂိရတ်တာအိုက သူတို့ကို မြေကြီးရှန့်ထိုအဖြစ် အသိအမှတ်ပြုပြီးသား ဖြစ်သည်။

သို့သော် လော့နင်က ဝေ့ဝူယင်၏ လက်ထောာက် အဖြစ် မေရှန့်ယောင်ကို သွားခေါ်စဉ်က သူမ၏ ဝိညာဉ်သန့်စင် အဂ္ဂိရတ်ကြယ်တာရာ များကို ထုတ်ဖော်ပြသခဲ့သဖြင့် လူတိုင်း တုန်လှုပ်ခဲ့ကြဖူးသည်။

အဂ္ဂိရတ်ပညာရှင် အများစုသည် ထိုကြယ်တာရာများကို ရရှိရန်အတွက် မြေကြီးအဆင့်၏ အထွတ်အထိပ် ထုတ်ကုန် လေးမျိုးစလုံး (ဆေးလုံး၊ ဆေးရည်၊ ဆေးတောင့်၊ ဆေးအနှစ်) တို့ကို ဖော်စပ်နိုင်ရန် ကြိုးစားကြရသည်။ ထို့ကြောင့်ပင် လောကရှန့်ထို အများစုမှာ ယခုထိ ထိုကြယ်တာရာများကို မပိုင်ဆိုင်နိုင်ကြသေးခြင်း ဖြစ်သည်။

တတိယမြောက် နည်းလမ်းမှာ မိမိကိုယ်ပိုင် ဆေးနည်း အသစ်တစ်ခုကို မြေကြီးအဆင့်တွင် တီထွင်ဖန်တီးခြင်း ဖြစ်သည်။ ဝေ့ဝူယင်မှာမူ ဤခက်ခဲသော အလုပ်ကို လျှို့ဝှက်လောကအဆင့် တွင် ပြုလုပ်နိုင်ခဲ့သဖြင့် သူ၏ "သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာ" များမှာ ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

"အံ့ဩစရာပဲ..."

ဟောင်ချန်းရွှယ်၏ မျက်လုံးများမှာ စိတ်ဝင်တစား တောက်ပသွားသော်လည်း သူ၏ စိတ်ထဲတွင်မူ အထင်ကြီးမှု အနည်းငယ် လျော့နည်းသွားသည်။ ထိုကြယ်တာရာများကို ရရှိနိုင်သည့် စတုတ္ထမြောက် နည်းလမ်းဖြစ်သော အဂ္ဂိရတ်ဝိညာဉ်ဖြင့် မြေကြီးရှန့်ထိုအဆင့်သို့ ရောက်ရှိခြင်းကို သူ သတိရသွားသောကြောင့် ဖြစ်သည်။

သူ၏ အမြင်တွင် လော့နင်သည် သူမ၏ ကျင့်ကြံခြင်း အဆင့်ကြောင့်သာ ထိုကြယ်တာရာများကို ရရှိခဲ့ခြင်း ဖြစ်သည်ဟု ယူဆလိုက်သည်။ သူ့ အမြင်တွင် ၎င်းမှာ အားရကျေနပ်စရာ အောင်မြင်မှုတစ်ခု မဟုတ်ပေ။ မေရှန့်ယောင်လည်း ထိုနည်းတူပင် ခံစားလိုက်ရသည်။

အဖြူရောင် ကောင်းကင်ဖြစ်စေ၊ မေရှန့်ယောင်ဖြစ်စေ၊ ဟောင်ချန်းရွှယ်ဖြစ်စေ သူတို့အားလုံးသည် မြေကြီးအဆင့်၏ အထွတ်အထိပ်ထုတ်ကုန်များကို ဖော်စပ်နိုင်ခြင်းဖြင့် လောကရှန့်ထိုအဆင့်သို့ ရောက်ရှိလာသူများ ဖြစ်ကြသည်။ ၎င်းမှာ အလွန်အမင်း ရှားပါးလှသည်မဟုတ်သော်လည်း "အဂ္ဂိရတ်ဝိညာဉ်" ၏ အဓိပ္ပာယ်မရှိသော အားသာချက်များကို မမှီခိုဘဲ သူတို့၏ ထူးချွန်သော ပါရမီဖြင့်သာ တက်လှမ်းလာခဲ့ကြခြင်း ဖြစ်သည်။ ၎င်းအပြင် သူတို့ထဲမှ မည်သူမျှ အဂ္ဂိရတ်ဝိညာဉ် မပိုင်ဆိုင်ကြပေ။

လော့နင်မှာမူ သူမကို အထင်သေးနေကြသည်ကို စိတ်ထဲမထားပေ။ သူမသည် ဝေ့ဝူယင်နှင့် အခြားသူများ၏ ခွက်များကို အလိုက်တသိ ဖြည့်ပေးရင်း ရိုသေကိုင်းညွတ်စွာသာ နေထိုင်လေသည်။

မကြာမီမှာပင် အသေးစိတ်အချက်အလက်အားလုံးကို ညှိနှိုင်းပြီးသွားကြသည်။ ဟောင်ချန်းရွှယ်ကို အံ့အားသင့်သွားစေသည်က ဝေ့ဝူယင်သည် လျှို့ဝှက်လောကအဆင့် အမတေ ဆေးလုံး ၅၀ နှင့် အသန့်စင်ဆုံး မြူခိုးများကို ချက်ချင်းပင် ပေးချေလိုက်ခြင်း ဖြစ်သည်။ ထို့နောက် သူက မေရှန့်ယောင်ကိုပါ မည်သည့်ထုတ်ကုန်အား အလိုရှိသနည်းဟု မေးမြန်းလိုက်၏။

ထိုခေါင်းစဉ်သို့ ရောက်ရှိသော အခါ သူမ၏ အမူအရာမှာ ဝေခွဲမရဖြစ်သွားပြီး ဟောင်ချန်းရွှယ်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ ဟောင်ချန်းရွှယ်မှာလည်း လူကဲခတ် ကျွမ်းကျင်သူဖြစ်သဖြင့် အမတေ ဆေးလုံးများနှင့် မြူခိုးများကို စနစ်တကျ သိမ်းဆည်းရန် လိုအပ်ကြောင်း အကြောင်းပြကာ ကျေနပ်သော အပြုံးဖြင့် ထွက်ခွာသွားခဲ့သည်။

မေရှန့်ယောင်က အဖြူရောင် ကောင်းကင်ကိုလည်း တစ်ချက်ကြည့်လိုက်သော်လည်း အဖြူရောင် ကောင်းကင်မှာမူ ဝိုင်ကိုသာ ဆက်သောက်နေပြီး ထွက်ခွာသွားရန် ငြင်းဆန်နေခဲ့သည်။ ဝေ့ဝူယင်က ခပ်တိုးတိုး ရယ်မောလိုက်ပြီးနောက် သူ၏ အာကာသနှင့် အချိန် ဥပဒေသတို့ကို အသုံးပြုကာ ပတ်ဝန်းကျင်ကို အချိန်နှင့် ဟင်းလင်းပြင် လိမ်ယှက်နေသော အတားအဆီးတစ်ခုဖြင့် ဝန်းရံလိုက်ပြီး မည်သူမျှ ခိုးနားမထောင်နိုင်အောင် ပြုလုပ်လိုက်သည်။

ဟောင်ချန်းရွှယ်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွား၏။ အခန်းအတွင်းရှိ သူ၏ အစီအရင်မှာ အာရုံခံစားမှုဆိုင်ရာ တုံ့ပြန်မှုများ ဝေဝါးသွားသည်ကို သူ သတိပြုမိလိုက်ခြင်း ဖြစ်သည်။ သူ၏ နားထဲမှ သွေးများပင် ထွက်လာပြီး ခဏမျှ ယိုင်တိယိုင်တိုင် ဖြစ်သွားခဲ့ရသည်။

"ပြောပါဦး၊ ခင်ဗျားက ဘယ်လိုထုတ်ကုန်မျိုး ဖော်စပ်ပေးစေချင်တာလဲ...”

ဝေ့ဝူယင်က မေးလိုက်သည်။ အဖြူရောင် ကောင်းကင်မှာမူ မေရှန့်ယောင် အလွန်လေးနက်နေသည်ကို မြင်သောကြောင့် ရိုင်းစိုင်းသော စကားများ ပြောဆိုမိတော့မည့် အခြေအနေကို ထိန်းထားလိုက်ရသည်။

မေရှန့်ယောင်က ဝေ့ဝူယင်၏ အတားအဆီးအား သူမ၏ ဝိညာဉ်အာရုံဖြင့် စမ်းသပ်ကြည့်ရာ ချက်ချင်းပင် မျက်နှာဖြူလျော့သွားပြီး နှာခေါင်းမှ ကျောက်စိမ်းရောင် သွေးများ စီးကျလာသည်။ သူမသည် ခက်ခဲစွာ တံတွေးမြိုချလိုက်ရင်း သတိကို မနည်း ထိန်းထားရသည်။ ခဏမျှအတွင်း သူမသည် အချိန်နှင့် ဟင်းလင်းပြင် ရေကန်ထဲသို့ ခုန်ဆင်းလိုက်ရသလို ခံစားလိုက်ရပြီး မိမိကိုယ်ကိုယ်ပင် ပျောက်ဆုံးလုနီးပါး ဖြစ်သွားခဲ့သည်။ ထိုခံစားချက်မှ လွတ်မြောက်လာခြင်းကပင် သူမကို စွမ်းအင်တုံ့ပြန်မှု အနည်းငယ် ဖြစ်ပေါ်စေခဲ့သည်။ ဟောင်ချန်းရွှယ်လည်း ဤကဲ့သို့ပင် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

"ဒီမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး... နိမိတ်ဖတ်သူတွေ ဒါမှမဟုတ် ကောင်းကင်အနာဂတ်ကြည့်သူတွေတောင် မသိနိုင်ဘူး"

ဝေ့ဝူယင်က အာမခံလိုက်သည်။ ပါခက်၏ မျက်လုံးများမှာ စူးစမ်းလိုစိတ်ဖြင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော်လည်း ထိုအတားအဆီးဆီသို့ သူမ၏ ဝိညာဉ်အာရုံကို ပို့လွှတ်ရန် မဝံ့ရဲဘဲ အဝေးမှသာ ကြည့်နေမိသည်။ မည်မျှ နက်နဲသော စွမ်းအားမျိုးနည်း။

"နားလည်ပါပြီ..."

မေရှန့်ယောင်မှာ အနည်းငယ် ချောင်းဆိုးလိုက်ပြီးနောက် မျက်နှာအရောင် ပြန်တက်လာသည်။ ထို့နောက် သူမက လေးနက်သော အမူအရာဖြင့် မေးလိုက်လေ၏။

"လောကရှန့်ထို အာရုဏ်ဦး... ဆရာ လျှို့ဝှက်လောကအဆင့်ရဲ့ အထွတ်အထိပ် ထုတ်ကုန်တွေကို ဖော်စပ်နိုင်ပါသလား"

***

All Chapters