← Chapters

အခန်း (၂၁၆၃-၂၁၆၄)

Vol. 155 Ch. 2163-2164

အခန်း (၂၁၆၃-၂၁၆၄)

Vol. 155 Ch. 2163-2164

အပိုင်း(၂၁၆၃)

ဝေ့ဝူယင်က ပြန်မဖြေဘဲ တည်ငြိမ်စွာသာ ပြုံးနေလေသည်။

"..."

မေရှန့်ယောင်မှာ စိတ်ထဲတွင် တစ်ခုခုကို ဆုံးဖြတ်ရန် ရုန်းကန်နေပုံရသည်။ အချိန်အတော်ကြာပြီးနောက်တွင်မှ သူမသည် ဆုံးဖြတ်ချက် တစ်ခု ချလိုက်တော့သည်။ သူမသည် လျှို့ဝှက်အာဏာရှင်အဆင့်၏ ပဥ္စမအဆင့်ဖြစ်သော လောကရှန့်ထိုအဆင့်တွင် ရှိနေပြီး သူမ၏ ရည်မှန်းချက်မှာလည်း မသေးလှပေ။

အဂ္ဂိရတ်တာအိုကို ကြိုးစားလေ့ကျင့်သူများအတွက် ဆေးဖော်စပ်ချိန် ကြာမြင့်ခြင်း၊ မကြာခဏ ကျရှုံးခြင်းနှင့် ဆေးဖော်စပ်ရန် ကုန်ကြမ်းဝယ်ယူရန် ထုတ်ကုန်များပြန်ရောင်းရခြင်းတို့ကြောင့် ကျင့်ကြံခြင်း အခြေခံမှာ အားနည်းတတ်ကြသည်။ မေရှန့်ယောင်သည်လည်း ထိုနည်းတူပင် ဖြစ်ပြီး သူမ ရင်ဆိုင်ခဲ့သည့် နောက်ဆုံးသော ကပ်ဘေးမှာလည်း သူမ၏ အသက်ကို နုတ်ယူလုနီးပါး ဖြစ်ခဲ့သဖြင့် ယခုတိုင် စိတ်ဒဏ်ရာ ရနေဆဲ ဖြစ်သည်။

နောက်ဆုံးတွင် မေရှန့်ယောင် သတ္တိကို မွေးမြူ၍ စကားပြောလိုက်၏။

"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက... အဖွဲ့အစည်းတစ်ခုထဲကို ကျွန်မ ထည့်သွင်းထားတဲ့ ဟင်းလင်းပြင် မုဆိုးတစ်ယောက်ဟာ နှစ်ပေါင်းသန်းချီ သက်တမ်းရှိတဲ့ ရှေးဟောင်းအပျက်အစီးတွေရှိတဲ့ ဟင်းလင်းပြင် နယ်ပယ်တစ်ခုထဲမှာ ဆေးဖော်စပ်နည်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်... အဲဒါဟာ လွန်ခဲ့တဲ့ ဂလက်ဆီ မျိုးဆက်နှစ်ခုက အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီရဲ့ ရှေးဟောင်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ သန့်စင်ခြင်းဇုန် မျှော်စင် တစ်ခုရဲ့ လျှို့ဝှက်နယ်မြေ ဖြစ်တယ်ဆိုတာ ကျွန်မ သိလိုက်ရတယ်"

သူမ၏ စကားလုံးများကို နားထောင်ရင်း သူမ၏ တာအိုအစောင့်အရှောက်၊ လော့နင်နှင့် ပါခက်တို့၏ မျက်လုံးများမှာ အံ့အားသင့်လွန်း၍ ပြူးကျယ်လာခဲ့ကြသည်။ ဝေ့ဝူယင်ကမူ တည်ငြိမ်နေသော်လည်း သူ၏ ရင်ထဲတွင်တော့ စိတ်ဝင်စားမှုများ တဖွားဖွား ပေါ်ပေါက်လာသည်။

"ဒီဆေးဖော်စပ်နည်းက...”

သူမက ဆက်မပြောပဲ ခဏရပ်လိုက်ကာ ဝေ့ဝူယင်ကို အရင် မေးလိုက်၏။

“ဆရာ အဆင့်ကိုး ကြယ်တာရာ ပဲ့တင်ထပ်ခြင်း ဆေးလုံး အကြောင်း ကြားဖူးပါသလား"

ဝေ့ဝူယင်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ သူသည် ထိုဆေးအကြောင်းကို သိရုံသာမကပေ။ ထိုဆေးကြောင့်ပင် ရှေးဟောင်း ချိပ်ပိတ်နယ်မြေမှာ မှောင်မိုက်သော ခေတ်ဆိုးကြီးထဲသို့ ကျရောက်ခဲ့ရဖူးသည်။ ထို့ပြင် ၎င်းသည် သူ၏ ကျင့်ကြံခြင်းလမ်းစဉ်အတွက် အလွန်ပင် အရေးပါလှသည်။

"ဒါဆို ဆရာ သိတဲ့အတိုင်းပဲ၊ အဲဒီဆေးကို ဖော်စပ်ဖို့ သဘာဝ နေကြယ်တွေ လိုအပ်ပါတယ်... ဒါဟာ ကျင့်ကြံခြင်း လူ့အဖွဲ့အစည်းအတွက် အလွန် အန္တရာယ်များပြီး ရေရှည်မှာ အလားအလာတွေကို ပျက်စီးစေနိုင်ပါတယ်... သူတို့ ရှာဖွေတွေ့ရှိခဲ့တဲ့ ဆေးနည်းကတော့... လျှို့ဝှက်လောကအဆင့်ရဲ့ အထွတ်အထိပ်ဆေး... မဟုတ်သေးဘူး... အမြင့်တကာ့ အမြင့်ဆုံးအဆင့် ဆေးလုံး ဖြစ်တဲ့ စစ်မှန်တဲ့ ကောင်းကင် သန့်စင် ပဲ့တင်ထပ် ဆေးလုံးပဲ ဖြစ်ပါတယ်"

"..."

ထိုနာမည်ကို ကြားလိုက်ရသည်နှင့် ဝေ့ဝူယင်၏ ရင်ခုန်သံများ မြန်လာတော့၏။ ဤသည်မှာ... အဖြူရောင် ကောင်းကင်ကို အသက် ချမ်သာပေးခြင်းဖြင့် ကောင်းကင်တာအိုက သူ့ကို လမ်းပြပေးလိုက်သည့် ကံကြမ္မာပင် ဖြစ်လေတော့သည်။

....

ရှေးဟောင်းချိပ်ပိတ် နယ်မြေသို့ ပြန်သွားရလျှင် ကြယ်တာရာ ပဲ့တင်ထပ် ဆေးလုံးမှာ လျှို့ဝှက်ဆန်းကြယ်မှု၊ သေဆုံးခြင်းများဖြင့် စွန်းထင်နေသော ရှုပ်ထွေး၍ မှောင်မိုက်သည့် သမိုင်းကြောင်းရှိခဲ့သည်။ ၎င်းကို ရှေးဟောင်း ချိပ်ပိတ်နယ်မြေ သူတော်စင် ခုနစ်ပါး မျှော်စင်၏ တည်ထောင်သူတစ်ဦးက စတင်ဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး ထိုသူမှာ သမိုင်းမှတ်တမ်းများအရ ဒြပ်စင်မူလ ရည်ရွယ်ချက်ကို ပထမဆုံး နားလည်သဘောပေါက်ခဲ့သူလည်း ဖြစ်သည်။

၎င်းသည် အမှောင် ကြယ်တာရာ ခေတ်၏ ဇစ်မြစ် ဖြစ်ခဲ့ပြီး သာမန်ပြည်သူများအကြား ကြီးမားသော ကပ်ဘေးကို ဖြစ်ပွားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ပိုမိုမြင့်မား၍ နက်နဲသော အဆင့်များသို့ တက်လှမ်းလိုသည့် ရည်မှန်းချက်ကြီးသော ကျင့်ကြံသူများမှာ သူတို့၏ အခြေခံကို ခိုင်မာစေရန်အတွက် သဘာဝ နေကြယ် များကို ခိုးယူခြင်း သို့မဟုတ် အပိုင်စီးခြင်းများ ပြုလုပ်ခဲ့ကြသောကြောင့် ဖြစ်သည်။

ထိုရည်မှန်းချက်မှာ အောင်မြင်ခဲ့သည်။ သန်းကုဋေပေါင်းများစွာသော သက်ရှိများ၏ အသက်ကို ပိုမိုကောင်းမွန်သော ကျင့်ကြံခြင်း လူ့အဖွဲ့အစည်းတစ်ခုနှင့် လဲလှယ်ခဲ့ကြသည်။ ထိုရည်မှန်းချက်ကြီးသူများသည် လျှို့ဝှက်အာဏာရှင်အဆင့်သို့ တက်လှမ်းရန် အရည်အချင်းပြည့်မီသော အခြေခံကောင်းများကို တည်ဆောက်နိုင်ခဲ့ကြသည်။

သို့သော် ရှေးဟောင်းချိပ်ပိတ်နယ်မြေ၏ အစိတ်အပိုင်းအများစုမှာ ပျက်စီးခြင်းသို့ ဆိုက်ရောက်ခဲ့ရပြီး မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုတည်းသာ ကျင့်ကြံသူများအတွက် ဗဟိုချက်မအဖြစ် ကျန်ရစ်ခဲ့တော့သည်။

ထိုအမှောင်ခေတ်ဆိုးကြီးသည် သဘာဝ နေကြယ်များကို ကြောက်ခမန်းလိလိ ပျက်သုဉ်း စေခဲ့ပြီး ရှေးဟောင်း ချိပ်ပိတ်နယ်မြေ၏ အနာဂတ် အလားအလာများကို ကြီးမားစွာ ထိခိုက်စေခဲ့သည်။ အလွန်ပါရမီထူးသော ကျင့်ကြံသူများပင်လျှင် လျှို့ဝှက်အာဏာရှင်အဆင့်သို့ မတက်လှမ်းမီ ပြီးပြည့်စုံသည် အခြေခံတစ်ခုကို မတည်ဆောက်နိုင်တော့ပေ။ လောကချည်နှောင် ကြယ်တာရာ နယ်မြေ မရှိခြင်း၏ ရိုက်ခတ်မှုမှာ အလွန်ကြီးမားခဲ့ပြီး ထိုအမြော်အမြင်မရှိသည့် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသော ဆုံးဖြတ်ချက်များ၏ နောက်ဆက်တွဲဆိုးကျိုးများကို သမိုင်းတစ်လျှောက်လုံး ခံစားခဲ့ကြရသည်။

"ကောင်းကင် သန့်စင် ဟိန်းဟောက်သံ ဆေးလုံး..."

မေရှန့်ယောင်၏ တာအိုအစောင့်အရှောက် ဖြစ်သော ပုတုတုနှင့် တောင့်တင်းသော ခန္ဓာကိုယ်ရှိသည့် လျှို့ဝှက်အရှင်သခင်မှာ မိမိ၏ အမူအရာကိုပင် မထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်မိသည်။ ထိုမြင်ကွင်းကြောင့် ဝေ့ဝူယင်ထံမှ မေရှန့်ယောင် မည်သည့်အရာကို တောင်းဆိုမည်နည်းဟု အာရုံစိုက် နားထောင်နေသော အဖြူရောင် ကောင်းကင်ပင် လန့်သွားရသည်။

လူတိုင်း၏ အကြည့်မှာ ထိုပုတုတု တာအိုအစောင့်အရှောက်ထံသို့ ကျရောက်သွားတော့သည်။ ထိုအခါမှသာ သူသည် မိမိ၏ တုံ့ပြန်မှုမှာ လွန်ကဲသွားကြောင်း သိရှိသွားပြီး ချောင်းဟန့်ကာ ရှင်းပြလိုက်ရသည်။

"ကောင်းကင်သန့်စင် ပဲ့တင်သံ ဆေးလုံးဆိုတာ ဘယ်လိုမှ သာမန်ဆေးလုံး မဟုတ်ပါဘူး... ကျွန်တော် တစ်ကိုယ်တော် ဘဝ မိန်ကလေးမေ့နဲ့ မဆုံခင်မှာ ရှေးဦးစာကြည့်တိုက်ထဲကို ဝင်ခွင့်ရခဲ့ဖူးတဲ့ ကံကောင်းမှု ရှိခဲ့ပါတယ်... အဲဒီမှာ ဉာဏ်အလင်းရ ပညာရှင်တစ်ဦး ကောင်းချီးပေးထားတဲ့ လိပ်စာစာမူတစ်ခုကို တွေ့ခဲ့ဖူးတယ်... အဲဒီမှာ ဒီဆေးလုံးနဲ့ အာနိသင်တွေအကြောင်း ဖော်ပြထားတယ်"

"အဲဒီထဲမှာ လူတစ်ယောက်ရဲ့ အခြေခံကို သန့်စင်ဖို့အတွက် အမြင့်ဆုံးဆေးလုံးတစ်လုံးအဖြစ် ဖော်ပြထားတယ်... ဒါပေမဲ့ အဲဒီတုန်းက ဖော်ပြထားတဲ့ဆေးက လျှို့ဝှက်လောက အဆင့်မဟုတ်ဘဲ လျှို့ဝှက်ဝိညာဉ် အဆင့်ဖြစ်နေပါတယ်... ဒါပေမဲ့ နာမည်ကတော့ အတူတူပဲ..."

ထိုတာအိုအစောင့်အရှောက်၏ စကားကြောင့် လူတိုင်း၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။ ဝေ့ဝူယင်လည်း အပါအဝင်ပင်...။

လျှို့ဝှက်အဆင့် အဂ္ဂိရတ်ထုတ်ကုန်များကို အပိုင်းလေးပိုင်း ခွဲခြားထားသည် - လျှို့ဝှက်မြေကြီး၊ လျှို့ဝှက်‌လောက၊ လျှို့ဝှက်ကောင်းကင်၊ လျှို့ဝှက်ဝိညာဉ် တို့ဖြစ်သည်။ အဆင့်တစ်ုချင်းစီသည် လျှို့ဝှက်တာအို၏ နက်နဲသော အစိတ်အပိုင်းတစ်ခုစီကို လွှမ်းခြုံထားသည်။ ပထမ နှစ်ခုမှာ လျှို့ဝှက်တာအို၏ အခြေခံကို သတ်မှတ်ပြီး၊ ဒုတိယပိုင်း နှစ်ခုမှာမူ လျှို့ဝှက်ဆန်းကြယ်မှုနှင့် ထာဝရရှင်သန်ခြင်းကို ဆက်သွယ်ပေးခြင်းဖြင့် မသေမျိုးအဖြစ်သို့ တက်လှမ်းမည့် လမ်းစဉ်ကို သတ်မှတ်ပေးသည်။

အရိုးရှင်းဆုံး နားလည်ထားကြသည်က လျှို့ဝှက်မြေကြီးအဆင့်သည် လျှို့ဝှက်ဝိညာဉ်၊ သေမျိုးတစ်ပိုင်း အရှင်၊ မြေကြီး ရှန့်ထိုများ အတွက် ဖြစ်ပြီး လျှို့ဝှက်လောက အဆင့်မျာမူ လောက ရှန့်ထို၊ အာဏာရှင် ရှန့်ထို၊ လျှို့ဝှက် အရှင်နှင့် သူတော်စင်များ အတွက် ဖြစ်သည်။ ဤအဆင့်နှစ်ခုမှာ လျှို့ဝှက်အာဏာရှင်အဆင့်ကို ကြီးကြပ်သည်။

ဝေ့ဝူယင်၏ ခန့်မှန်းချက်အရ လျှို့ဝှက်ကောင်းကင်နှင့် လျှို့ဝှက် ဝိညာဉ်အဆင့်မှာမူ ရိုးရွဲ သူတော်စင်၊ ကန်းပန် သူတော်စင်နှင့် မူလ သူတော်စင် အဆင့်တို့၏ စွမ်းအားများနှင့် သက်ဆိုင်ပေလိမ့်မည်။ လျှို့ဝှက်ကောင်းကင် အဆင့် ဝိညာဉ်ဆေးလုံးသည် ပဲ့တင်ထပ် ဝိညာဉ် အဆင့် (အထွတ်အထိပ် သူတောာ်စင်) သို့ တက်လှမ်းရန် ကောင်းချီးပေးနိုင်သည် ဟူသော အချက်မှာ အလွန်ပင် ထင်ရှားလှသည်။

ပါခက်က လေးနက်စွာ ဝင်ပြောလိုက်၏။

"ထုတ်ကုန်တစ်ခုမှာ အဆင့်နိမ့် ဆင့်ပွားဆေးတွေ ရှိနေတတ်တာက မထူးဆန်းပါဘူး"

"ဒါပေမဲ့ နာမည်က အတူတူပဲ ရှိလို့လား..."

တာအိုအစောင့်အရှောက်က ပြန်မေးရာ ပါခက်မှာ ဘာပြန်ပြောရမှန်း မသိပဲထုတ်ကုန်နှစ်မျိုးမှာ နာမည်တစ်ခုတည်း ရှိနေခြင်းမှာ မကြားဖူးသော ကိစ္စပင်။

လော့နင်ကလည်း သူမ၏ အတွေးများကို မထိန်းနိုင်ဘဲ ဝင်မေးလိုက်၏။

"ဒါက ပြောင်းလဲနိုင်သော ဆေးဖော်စပ်နည်းမျိုး ဖြစ်နေလို့လား"

၎င်းမှာ ဆေးအမျိုးအစား တစ်မျိုးတည်းကိုပင် ရည်ရွယ်ချက်ရှိရှိ အဆင့်အမျိုးမျိုးဖြင့် ဖော်စပ်နိုင်သော နည်းလမ်းဖြစ်ပြီး "အမတေ ဆေးလုံး များတွင် တွေ့ရလေ့ရှိသည်။

အဖြူရောင် ကောင်းကင်က ခေါင်းယမ်းလိုက်၏။

"ရှင် ဘာကြောင့် အဲဒီလို ယူဆသလဲဆိုတာ ကျွန်မ နားလည်ပါတယ်... ရှင်သိထားတဲ့ အတိုင်း အမတေ ဆေးလုံးတွေမှာ ဆိုရင် အပိုပြောင်းလဲမှုမရှိတဲ့ ပုံသေကုန်ကြမ်းတွေ လိုအပ်တယ်... ဒါပေမဲ့... ဒါက တကယ်ပဲ လျှို့ဝှက်ဝိညာဉ် အဆင့် ဆိုရင် လျှို့ဝှက် အာဏာရှင် လုံးဝကွဲပြားတဲ့ ကုန်ကြမ်းတွေ လိုအပ်လိမ့်မယ်"

နောက်ဆုံးတွင် မေရှန့်ယောင်လည်း ဇဝေဇဝါ ဖြစ်သွားရသည်။ ရှေးဦးစာကြည့်တိုက် ဆိုသည်မှာ အသက် ၁,၅၀၀ အောက် ရှိသူများသာ ဝင်ခွင့်ရသည့် ဒဏ္ဍာရီလာ နေရာတစ်ခု ဖြစ်သည်။ ၎င်းတွင် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီနှင့် အိမ်နီးချင်းများ၏ အနက်ရှိုင်းဆုံး၊ အစစ်မှန်ဆုံးသော သမိုင်းကြောင်းများ ရှိနေသည်။ ထိုနေရာကို မည်သူက တည်ဆောက်ခဲ့သည်ကို မသိရသော်လည်း သမိုင်းကြောင်းကို မှန်ကန်စွာ ထိန်းသိမ်းရန် တာဝန်ရှိသည့် ရှေးဟောင်းအင်အားစုတစ်ခုက တည်ဆောက်ခဲ့သည်ဟု ကောလာဟလများ ရှိသည်။

ပုတုတု တာအိုအစောင့်အရှောက်မှာ ထိုနေရာသို့ ဝင်ရောက်နိုင်ခဲ့ပြီး ထိုဆေးလုံးအကြောင်းကို ဖတ်ခဲ့ရသည်ဆိုလျှင်...

ဝေ့ဝူယင်မှာ လူနုံ့လူအ တစ်ယောက် မဟုတ်ပါချေ။ ဤသည်မှာ ကောင်းကင်တာအို၏ နက်နဲသော အကြံအစည်များနှင့် မခန့်မှန်းနိုင်သော စီစဉ်ညွှန်ကြားမှုများပင် ဖြစ်ရမည်။

သူ၏ ကမ္မတန်ဖိုးများမှာ ကုန်ခမ်းနေပြီဖြစ်သဖြင့် မည်သည့် မည်သည့် စိတ်ပိုင်းဆိုင်ရာ တွန်းအားပေးမှုမျိုးကိုမျှ မရရှိတော့သော်လည်း၊ အဖြူရောင် ကောင်းကင်သည် ကောင်းချီးခံ တစ်ဦး သို့မဟုတ် အင်ပီရီယန် တစ်ဦးအတွက် ကံကြမ္မာပေးသော တွေ့ဆုံမှုတစ်ခုဖြစ်ကြောင်း ဝေ့ဝူယင် အပြည့်အဝ နားလည်ထားသည်။ သူ၏ ကမ္မတန်ဖိုးများ ဆုံးရှုံးသွားသော်လည်း သူ၏ အင်ပီရီယန် အဆင့်အတန်းကို ဖော်ပြသည့် အနက်နှင့် ရွှေရောင် တက်တူးမှာမူ ရှိနေဆဲပင်။

***

အပိုင်း(၂၁၆၄)

မည်သည့် ရှုထောင့်မှ ကြည့်ကြည့် အဖြူရောင် ကောင်းကင်ကို အသက်ချမ်းသာပေးခဲ့ခြင်းမှာ မေရှန့်ယောင်နှင့် တွေ့ဆုံရန် လမ်းစတစ်ခုသာ ဖြစ်သည်။ အဖြူရောင် ကောင်းကင်သည် ကောင်းကင်တာအို၏ ပညတ်ချက်များကို ဆန့်ကျင်ခဲ့သော "ဉာဏ်အလင်းရ ရှန့်ထို နွေဦးကွင်းပြင်" ၏ လုပ်ရပ်များတွင် ကြံရာပါဖြစ်ခဲ့ဖူးသဖြင့် ကောင်းကင်တာအိုသည် သူမကို သည်အတိုင်း လွှတ်ထားမည်မဟုတ်ဘဲ အသုံးချရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ဤအခွင့်အရေးမှာ မည်သူ့အတွက်နည်း။ ထျန်းရှောင်လော့ အတွက်လော။ သို့မဟုတ်... အခြားတစ်ယောက်ယောက်လော။

ဝေ့ဝူယင်သည် ဤအခွင့်အရေးကို နည်းလမ်းမျိုးစုံဖြင့် ရရှိနိုင်သည်။ အဖြူရောင် ကောင်းကင်ကို အပြစ်ပေးခံရစေခြင်းဖြင့် မေရှန့်ယောင်နှင့် ဆက်သွယ်မှု တည်ဆောက်ခြင်း၊ သို့မဟုတ် အဂ္ဂိရတ်တာအို တိုက်ပွဲဖြင့် မေရှန့်ယောင်ကို စိန်ခေါ်ကာ သူမ၏ အပြစ်ဒဏ်ကို ပြောင်းပြန်လှန်ပစ်ခြင်း စသည်ဖြင့် များပြားလှပေသည်။ ထိုသို့ဆိုလျှင် မေရှန့်ယောင်ကိုယ်တိုင်ကပင် သူမ၏ ကျင့်ကြံခြင်းအဆင့် သို့မဟုတ် အဂ္ဂိရတ်အဆင့် တက်လှမ်းရန်အတွက် ဤဆေးနည်းဖြင့် လာရောက် လဲလှယ်ကောင်း လဲလှယ်နိုင်သည်။

သို့တည်းမဟုတ်... သူ၏ ဆွဲဆောင်မှုနှင့် ရုပ်ရည်ကို အသုံးချကာ သူမ၏ နှလုံးသားကို သိမ်းပိုက်ခြင်းဖြင့်လည်း ရနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ပထမဆုံး တွေ့ဆုံမှုကတည်းက ဤအိမ်ထောင်သည် အမျိုးသမီးကို သူ၏ အိပ်ရာထဲသို့ ခေါ်ဆောင်ရန်မှာ စကားအနည်းငယ် ပြောရုံဖြင့် ဖြစ်နိုင်ကြောင်း ဝေ့ဝူယင် သံသယမရှိခဲ့ပေ။

ဤထုတ်ကုန်သည် နောက်ဆုံးတွင် လျှို့ဝှက်ဝိညာဉ်အဆင့် ရှိသည့် အစစ်အမှန် "ကောင်းကင်သန့်စင် ပဲ့တင်သံ ဆေးလုံး" ဆီသို့ ဦးတည်သွားမည့် ပထမခြေလှမ်း ဖြစ်ကြောင်း ဝေ့ဝူယင် ခန့်မှန်းမိသွားပြီ ဖြစ်သည်။

"ကျုပ် ကြည့်ပါရစေ..."

ဝေ့ဝူယင်က ငြင်းခုံမနေတော့ဘဲ တိုက်ရိုက်ပင် ကြည့်ရှုရန် တောင်းဆိုလိုက်သည်။ မေရှန့်ယောင်ကိုယ်တိုင်ပင် ဤဆေးနည်းမှာ စစ်မှန်ခြင်း ရှိမရှိ သံသယရှိနေမိသည်။ တာအိုအစောင့်အရှောက်၏ စကားကြောင့် သူမသည် အပေးအယူလုပ်ရန်ထက် ဤဆေးနည်းကို ဝေ့ဝူယင်အား ပြသရန်သာ အာရုံစိုက်လိုက်တော့သည်။

ဝေ့ဝူယင် မျှော်လင့်ထားသည့်အတိုင်း မေရှန့်ယောင် ထုတ်ပြလိုက်သော ရှေးဟောင်း သားရေစာရွက်မှာ လျှို့ဝှက်လောကအဆင့်နှင့် ကိုက်ညီနေသည်။ ၎င်းကို ဆေးလုံး၊ ဆေးရည်၊ ဆေးတောင့် သို့မဟုတ် ဆေးအနှစ် အဖြစ် ဖော်စပ်ရမည်လား ဆိုသည်ကိုမူ ဖော်ပြမထားပေ။

လူတိုင်းက စူးစမ်းစွာ ကြည့်ရှုနေကြ၏။ ၎င်းတွင် မူလဝိညာဉ် ချည်နှောင် ပန်းပွင့်၏ အရွက် သို့မဟုတ် အပွင့်တစ်ခုလုံးနှင့်အတူ "ကောင်းကင်အမတေရည်" ကိုးစက် လိုအပ်သည်ဟု ပါရှိသည်။ ထိုအမတေရည်မှာ ကောင်းကင်ရှန့်ထို တစ်ဦး နှစ်ပေါင်း တစ်သောင်းခန့် အချိန်ပေးမှ တစ်စက်သာ ရနိုင်သော အရာဖြစ်သည်။

၎င်းတို့မှာ အဓိက ကုန်ကြမ်းများပင် မဟုတ်သေးပေ။ သဘာဝအလျောက် ဖြစ်ပေါ်ပြီး ကြီးမားသော နေကြယ် တစ်ခုလည်း လိုအပ်သည်။ ၎င်းမှာ "လျှို့ဝှက်လမ်းစဉ် ကိုးပါး" ဖြင့် သန့်စင်ထားသော "လျှို့ဝှက် နေကြယ်" စစ်စစ် ဖြစ်ရမည်။ ၎င်းကို လျှို့ဝှက်အရှင်တစ်ဦး သို့မဟုတ် မူလ တရားသူကြီး အယောက်ပေါင်းများစွာ ပေါင်းမှသာ လုပ်ဆောင်နိုင်သည်။

၎င်းတို့မှာ မယုံနိုင်လောက်အောင် ရှားပါးလှသည်။ ထို့ပြင် ဆေးတစ်ကြိမ် ဖော်စပ်ရန်အတွက် နေကြယ် တစ်လုံး လိုအပ်ခြင်း ဖြစ်သည်။ အကြိမ်တိုင်းအတွက် တစ်လုံးစီပင်။

ပါခက်၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး ဝေ့ဝူယင်ကို စိုးရိမ်စွာ ကြည့်လိုက်မိသည်။ အကယ်၍ ဝေ့ဝူယင်သာ ထိုနေကြယ်များကို စိတ်ကြိုက် အသုံးပြုမည်ဆိုလျှင် ဂလက်ဆီတစ်ခုလုံး၏ အနာဂတ်မှာ ပျက်စီးသွားနိုင်သောကြောင့် ဖြစ်သည်။

"ငါ အဲဒီလို မလုပ်ပါဘူး"

ဝေ့ဝူယင်က တိုးညှင်းစွာ ဆိုလိုက်သည်။ ပါခက်၏ ရင်ထဲမှ စိုးရိမ်ပူပန်မှုများမှာ ထိုစကားလေး လေးလုံးကြောင့် ချက်ချင်းပင် လွင့်စဉ်သွားခဲ့တော့သည်။

ဝေ့ဝူယင်၏ အဂ္ဂိရတ်ကြယ်တာရာ မျက်လုံးများမှာ ဆေးနည်းကို စိုက်ကြည့်နေရင်း သူ၏ အမူအရာမှာလည်း အနည်းငယ် ထူးဆန်း သွားလေ၏။

"ဘာဖြစ်လို့လဲ"

မေရှန့်ယောင်က စိုးရိမ်တကြီး မေးလိုက်သည်။

"သာလွန် သန့်စင် အဂ္ဂိရတ်ကြယ်တာရာတွေဟာ အဂ္ဂိရတ်တာအိုရဲ့ အသေးစိတ်အချက်အလက်တွေကို မြင်နိုင်စွမ်း ရှိတယ်... အဲဒီထဲမှာ ထုတ်ကုန်တစ်ခုရဲ့ မူလနာမည်ကို တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တဲ့ စွမ်းရည်လည်း ပါဝင်တယ်"

ဝေ့ဝူယင်က ဆိုလိုက်သည်။ မေရှန့်ယောင်နှင့် အခြားသူများလည်း ဤစွမ်းရည်အကြောင်း သိထားကြသော်လည်း သူတို့မှာ ထိုအဆင့်သို့ မရောက်ကြသေးပေ။ သူမသည် ဤဆေးနည်းကို သူမ၏ အကြီးမားဆုံးသော အခွင့်အလမ်းအဖြစ် သတ်မှတ်ထားသဖြင့် ယခင်က မည်သူ့ကိုမျှ မပြခဲ့ပေ။

"ဒါက တကယ်ပဲ ကောင်းကင်သန့်စင် ပဲ့တင်သံ ဆေးလုံး ဆေးညွှန်းပါပဲ..."

ဝေ့ဝူယင်က အတည်ပြုလိုက်သည်။

"တကယ်ပဲလား..."

အဖြူရောင် ကောင်းကင်က အာမေဍိတ်သံထွက်ကာ အော်ဟစ်လိုက်မိ၏။

ပုတုတု တာအိုအစောင့်အရှောက်မှာမူ မယုံနိုင်ဘဲ ဖြစ်နေသည်။ ရှေးဦးစာကြည့်တိုက်ထဲမှ အချက်အလက်များမှာ ဘယ်သောအခါမှ မမှားနိုင်ဟု သူ ယူဆထားသောကြောင့် ဖြစ်သည်။ ထိုဆေးလုံးမှာ လျှို့ဝှက်ဝိညာဉ်အဆင့်ဖြစ်ရမည် မဟုတ်ပါလား။

"ဒီကိစ္စရဲ့ အဖြေကို ငါ သိပြီထင်တယ်..."

ဝေ့ဝူယင်က သူ၏ မေးစေ့ကို ပွတ်ရင်း စဉ်းစားဟန်ဖြင့် ဆိုလိုက်သည်။

"ဒါပေမဲ့ အဖြေအမှန်ကို သိဖို့အတွက် ငါ နောက်ထပ် သုတေသနတွေ လုပ်ဖို့ လိုအပ်လိမ့်မယ်"

အခြားသူများကို ထိုသို့ပြောလိုက်သော်လည်း ဝေ့ဝူယင်မှာမူ ဤသည်မှာ လျှို့ဝှက်အဆင့် အဂ္ဂိရတ်ထုတ်ကုန် စစ်စစ်တစ်ခုဖြစ်ကြောင်း နားလည်လိုက်ပြီ ဖြစ်သည်။ ၎င်းမှာ မြေကြီး၊ လောက၊ ကောင်းကင်နှင့် ဝိညာဉ်အဆင့် လေးဆင့်လုံးတွင် ဆေးနည်းအမျိုးမျိုး၊ အာနိသင်အမျိုးမျိုးဖြင့် ရှိနေသော်လည်း နာမည်တစ်ခုတည်းအောက်တွင် စုစည်းထားခြင်း ဖြစ်သည်။

ဤထုတ်ကုန်ကို တီထွင်ခဲ့သော အစွမ်းထက်သည့် အဂ္ဂိရတ်ပညာရှင်မှာ နိမ့်ကျသော ကျင့်ကြံခြင်း လူ့အဖွဲ့အစည်းများအနေဖြင့် ဤဆေးကို မတော်တဆ ရှာမတွေ့နိုင်အောင် အဆင့်ဆင့် ကန့်သတ်ထားခြင်း ဖြစ်ရမည်။

သို့သော် ဤသားရေစာရွက်မှာ အဆင့်လေးဆင့်လုံး ပါဝင်သော စာအုပ်အပြည့်အစုံမှ ဆွဲဖြဲထားသည့် စာရွက်တစ်ရွက်ဖြစ်ကြောင်း ဝေ့ဝူယင် သေချာပေါက် သိလိုက်သည်။ ကောင်းကင်တာအိုသည် ပဟေဠိအပိုင်းအစများကို သူ၏ ရှေ့မှောက်သို့ ချပေးလိုက်ပြီ ဖြစ်ရာ၊ ယခုအခါ ၎င်းကို ရှာဖွေရန်မှာ သူ၏ အခွင့်အလမ်းပင် ဖြစ်တော့သည်။

"ရှေးဦးစာကြည့်တိုက်..."

ထိုစာကြည့်တိုက်သည် နောက်ထပ် အချက်အလက်များကို ရှာဖွေရန်အတွက် သူ့အတွက် နောက်ထပ်ခြေလှမ်းတစ်ခု ဖြစ်ပေလိမ့်မည်။

...

ဝေ့ဝူယင် တည်ဆောက်လိုက်သော အာကာသနှင့် အချိန်ဆိုင်ရာ အမြင်အာရုံ တားဆီးပိတ်ပင်မှု အစီအရင်မှာ တစ်လောကလုံးကို အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့သည်။ ဝေ့ဝူယင်သည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီအတွင်းသို့ စတင်ခြေချစဉ်ကပင် တောက်ပသော ကြယ်နန်းတော်သခင် အပါအဝင် အင်အားကြီး ကျင့်ကြံသူ အပေါင်းကို တုန်လှုပ်စေခဲ့ရုံမျှမက ဂလက်ဆီ သတင်းဌာနများ၏ အာရုံစိုက်မှုကိုပါ ရယူနိုင်ခဲ့သည်။

ဝေ့ဝူယင် မည်သည့်နေရာသို့ သွားလာသည်ဖြစ်စေ သူ့နောက်၌ စောင့်ကြည့်နေသော မျက်လုံးများ အမြဲရှိနေစမြဲပင်။ သို့သော်လည်း သူ၏ သာမည အာကာသ ဥပဒေသနှင့် သာမည အချိန် ဥပဒေသတို့ကို ပေါင်းစပ်၍ အတားအဆီး အစီအရင်ကို တည်ဆောက်လိုက်သောအခါတွင်မူ ထိုစောင့်ကြည့်မှုများမှာ အဆုံးသတ်သွားပြီး ခန့်မှန်းချက်များမှာ ပိုမိုပြင်းထန်လာခဲ့သည်။

ဝေ့ဝူယင်၏ ကျင့်ကြံခြင်း အဆင့်မှာ လူပြောအများဆုံး အကြောင်းအရာ ဖြစ်လာခဲ့သည်။ ဝေ့ဝူယင်သည် အာဏာရှင် အဆင့်သို့ တက်လှမ်းပြီးနောက်တွင်လည်းကောင်း၊ အစစ်အမှန် ဟင်းလင်းပြင် နဂါးသွေးမျိုးဆက်ကို အဆင့်မြှင့်တင်ပြီးနောက်တွင်လည်းကောင်း၊ ဉာဏ်အလင်းရ သူတော်စင်များနှင့် အထွတ်အထိပ် သူတော်စင်များ၏ ဝိညာဉ်အာရုံခံစားမှုမှာပင် သူ့ကို အကဲမဖြတ်နိုင်တော့ချေ။ ထို့အပြင် ဝိညာဉ်အော်ရာကိုလည်း သူ ပိုမိုလုံခြုံစွာ ဖုံးကွယ်ထားနိူသ်ခဲ့သည်။

အကယ်၍ သူ၏ ကျင့်ကြံခြင်းမှာ လျှို့ဝှက် ကြယ်တာရာ အဆင့်၌သာ ရှိသေးကြောင်း သို့မဟုတ် သူ၏ အစစ်အမှန် အသက်အရွယ် စောစီးစွာ ပေါက်ကြားသွားပါက အလွန်အမင်း အနှောင့်အယှက် ဖြစ်စေနိုင်သည်။ အနည်းဆုံးအား... ဂလက်ဆီ၏ အထက်တန်းလွှာများထံသို့ ထိုသတင်းကို ချပြသည့်အခါ အဆင်ပြေချောမွေ့စွာ လက်ခံနိုင်စေရန် ကြိုတင်ပြင်ဆင်မှုများနှင့် အာမခံချက်အချို့ကို သူ တည်ဆောက်ထားရမည် ဖြစ်သည်။

အတားအဆီး အစီအရင်ကြောင့် အပြင်ပန်းကြည့်ရှုသူအားလုံးမှာ မျက်လုံးများ ပိတ်ဆို့ခံလိုက်ရပြီး အတင်းအဖျင်းပြောလိုသော မြေခွေးအချို့မှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ကောင်းကင် နိမိတ်ဖတ် ပညာရှင် တစ်ဦးမှာ ကျင့်ကြံခြင်း သွေဖီကာ အချိန်နှင့် အာကာသ၏ ပြင်းထန်သော တုန်ခါမှုကြောင့် သတိလစ်မေ့မြောသည့် အဆင့်သို့ပင် ရောက်ရှိသွားခဲ့သည်။

ထို့နောက်တွင်တော့... အစီအရင်၏ နက်နဲသော အော်ရာကြောင့်ပင် ဝေ့ဝူယင်ကို တိုက်ရိုက် ရန်စမိမည်စိုး၍ မည်သူမျှ မဆင်မခြင် ကျူးကျော်ခြင်း မပြုဝံ့ကြချေ။ ဝေ့ဝူယင်သည် ကိုယ်ပိုင်လွတ်လပ်မှုကို ကန့်သတ်ထားခြင်း ဖြစ်ရာ ထိုအရာကို ချိုးဖောက်ခြင်းမှာ ရန်များရုံသာ ရှိမည်ဖြစ်ပြီး အကယ်၍ အောင်မြင်ခဲ့လျှင်ပင် ဝေ့ဝူယင်က ချက်ချင်း သိရှိနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ရန်စရန်မှာ လုံးဝ မထိုက်တန်ပေ။

လောကရှန့်ထို အဖြူရောင် ကောင်းကင် နှင့် လောကရှန့်ထို ကြည်နူးကျောက်စိမ်းတို့၏ ကိစ္စများမှာ တစ်နာရီခန့် ဆွေးနွေးသဘောတူညီပြီးနောက် ပြေလည်သွားခဲ့သည်။

အစီအရင်ကို မသိမ်ဆည်းမီ ဝေ့ဝူယင်က မေရှန့်ယောင် အတွက် "ကောင်းကင်သန့်စင် ပဲ့တင်သံ ဆေးလုံး” ကို ဖော်စပ်ပေးရန် သဘောတူခဲ့သည်။ သို့သော်လည်း အဆင့်နိမ့် အရည်အသွေးကိုသာ အများဆုံး ဖော်စပ်ပေးမည်ဖြစ်ပြီး သတ်မှတ်ရက်မှာ နောက်ထပ် နှစ်ပေါင်းတစ်သောင်းအတွင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် သူမကို လောကလျှို့ဝှက် အမတေဆေးလုံး ဆယ်လုံး ပေးအပ်ခဲ့လေသည်။

***

All Chapters