← Chapters

အခန်း (၂၁၆၇-၂၁၆၈)

Vol. 155 Ch. 2167-2168

အခန်း (၂၁၆၇-၂၁၆၈)

Vol. 155 Ch. 2167-2168

အပိုင်း(၂၁၆၇)

သူ၏လေသံထဲတွင် လှောင်ပြောင်ရယ်မောလိုသော အရိပ်အယောင်များ ပါဝင်နေ၏။ ဤကဲ့သို့သော တည်ရှိမှုများထံမှ သေမျိုးတစ်ဦးက ယခုကဲ့သို့ အာရုံစိုက်မှု ရရှိနေခြင်းမှာ မည်မျှအထိ ရယ်စရာကောင်းကြောင်းကို သူကဲ့သို့သော သူများသာ နားလည်ကြသည်။

"သေမျိုးမျှော်လင့်ချက်မဲ့ခြင်း ကပ်ဘေးက မစတင်သေးဘူး..."

မြရောင်အတောင်ပံပိုင်ရှင်က စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သည်။ သူသည် မရေမတွက်နိုင်သော အလင်းလုံးပင်လယ်ထဲမှ သီးခြားလုံးဝန်းသော အလင်းလုံးတစ်ခုကို လက်ညှိုးညွှန်ပြလိုက်သည်။ ထို့နောက် မြရောင်အတောင်ပံပိုင်ရှင်သည် ငရဲတစ်ခုလုံးကို လွှမ်းမိုးထားကာ အတိုင်းအဆမရှိသော လက်မောင်းများ၊ မျက်လုံးများနှင့် ကျယ်ပြောလှသော အရိပ်မည်းကြီးကို မော့ကြည့် လိုက်သည်။

မြရောင်အတောင်ပံပိုင်ရှင် စကားမပြောမီမှာပင် အရောင်အသွေးစုံလင်သော အလင်းလုံးပေါင်း ဒါဇင်နှင့်ချီ၍ အရပ်မျက်နှာအသီးသီးမှ ရောက်ရှိလာကြသည်။ ထိုအလင်းလုံးများမှာ အရောင်အသွေးနှင့် အော်ရာအမျိုးမျိုးရှိသော အတောင်ပံပါ ပုံရိပ်များအဖြစ် ပြောင်းလဲသွားကြရာ တစ်ဦးထက်တစ်ဦး ပိုမိုထူးဆန်းနေကြသည်။ ၎င်းတို့ထဲတွင် တောက်လောင်နေသော်လည်း အပူရှိန်တစ်စက်မျှမရှိဘဲ ဝိညာဉ်၊ သက်ရှိနှင့် အချိန်တို့ကိုပင် ခဲသွားစေနိုင်သည့် အလွန်အမင်း အေးစက်သော အအေးဓာတ်ကို ထုတ်လွှတ်နေသည့် မီးတောက်အနီရောင် အတောင်ပံပိုင်ရှင်လည်း ပါဝင်သည်။

ထိုမီးတောက်အနီရောင် အတောင်ပံပိုင်ရှင်၏ ဘေးတွင်မူ ရေခဲပြင်နှင့်တူသော်လည်း ဖန်တီးသမျှကို လောင်ကျွမ်းစေရန် ပြင်းထန်သော အပူရှိန်ကို ထုတ်လွှတ်နေသည့် အတောင်ပံပိုင်ရှင်တစ်ဦး ရှိနေသည်။ ကြည့်ရှုသူပေါင်းစုံ ရှိနေကြပြီး သူတို့၏ အရေအတွက်မှာလည်း တိုးပွားနေဆဲပင်။

သူတို့အားလုံးမှာ ရှေ့ဆုံးတန်းမှ ကြည့်ရှုရန် ရောက်ရှိလာကြသူများ ဖြစ်သည်။ သူတို့ စောင့်ကြည့်မည့် ပြပွဲမှာ မာန အပြစ်သား သေမျိုး၏ အသက် သို့မဟုတ် သေခြင်းတရားပင် ဖြစ်သည်။

အကယ်၍ ဝေ့ဝူယင်သာ ဤအခြေအနေကို သိရှိခဲ့ပါက သူ ကပ်ဘေးများကို ရင်ဆိုင်သည်ကို ကြည့်ရှုခွင့်အတွက် အခကြေးငွေ တောင်းခံကာ ဤအခြေအနေကို အမြတ်ထုတ်ပေလိမ့်မည်။ ထိုသို့သာဆိုလျှင် သူသည် အတိုင်းအဆမရှိသော ချမ်းသာကြွယ်ဝမှုကို ပိုင်ဆိုင်ပေလိမ့်မည်။ သို့သော်လည်း ကံမကောင်းစွာဖြင့်...

"နေဦး..."

ကျောက်စိမ်းကဲ့သို့ ချောမွေ့သော်လည်း ညစ်ညမ်းသော အနံ့အသက်များနှင့်အတူ နောက်ကျိသော အော်ရာကို ထုတ်ဖော်နေသည့် အဖြူရောင် အတောင်ပံပိုင်ရှင်က ဆေးလိပ် အလွန်အမင်း သောက်ထားသူတစ်ဦး၏ အသံမျိုးဖြင့် ပြောလိုက်သည်။ သူက အနီရောင် ဖုန်မှုန့် ဒိုင်မန်းရှင်း ပါဝင်သော အလင်းလုံးကို လက်ညှိုးညွှန်ပြရင်း...

"ဒါက မာန အပြစ်သား သေမျိုး မဟုတ်ဘူး"

သူ၏ စကားကြောင့် အလုအယက် ရောက်ရှိလာကြသော အတောင်ပံပိုင်ရှင်များမှာ အနီရောင် ဖုန်မှုန့် ဒိုင်မန်းရှင်း အလင်းလုံးကို စိုက်ကြည့်လိုက်ကြပြီး အတွင်းရှိ ပုဂ္ဂိုလ်၏ အပြစ်သား အော်ရာကို အာရုံခံကြည့်လိုက်ကြသည်။

"ဟမ်..."

အတော်များများမှာ အံ့အားသင့်သွားကြသည်။ အပြစ်တရားကို ဆက်ခံသူတစ်ဦး၏ အော်ရာမှာ လုံးဝ မှားယွင်းနိုင်စရာမရှိပေ။ သို့သော် ဤအော်ရာမှာ မာန အစစ်အမှန် မဟုတ်ချေ။ အမှန်စင်စစ် သူတို့သိထားသော အပြစ်ခုနစ်ပါးထဲမှ မည်သည့်အရာနှင့်မျှ အံဝင်ခွင်ကျ မဖြစ်ပေ။ ထို့အပြင် ဤဝိညာဉ်မှာ တည်ရှိမှုအဆင့်အရ မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်သော သူတော်စင်အဆင့် မဟုတ်သေးသော်လည်း သာမန်သေမျိုးထက်မူ ပို၍မြင့်မားသော အဆင့်တွင် ရှိနေသည်။ အမှားတစ်ခုခုများ ဖြစ်သွားခဲ့လေသလား။

ငွေရောင်အတောင်ပံနှင့် ကြက်သွေးရောင်အတောင်ပံ ပိုင်ရှင်နှစ်ဦးမှာ ကပ်ဘေးတစ်ခု စတင်တော့မည်ဟု သတိပေးချက်ဖြင့် ငရဲ၏ စတုတ္ထထပ်သို့ အလုအယက် ရောက်ရှိလာကြသော်လည်း မည်သည့်အရာကိုမျှ မတွေ့ရှိရဘဲ စောင့်ဆိုင်းခဲ့ရသည်ကို သူတို့ ပြန်လည် သတိရမိကြသည်။ အချို့၏ နှလုံးသားထဲတွင် ဒေါသများ ဆူပွက်လာခဲ့သည်။

သို့သော်လည်း ငွေရောင်အတောင်ပံပိုင်ရှင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။

"အသိဉာဏ် မရှိလိုက်ကြတာ"

မိစ္ဆာတစ်ဦး၏ ရှေ့နေကဲ့သို့ ယုတ်မာသော အသံမျိုး ဟိန်းထွက်လာရာ အားလုံး၏ မျက်လုံးများမှာ ရန်လိုမှုအပြည့်ဖြင့် သူတို့ဘက်သို့ လှည့်လာကြသည်။

"ဟဲဟဲ... ဘာလဲ... အမှန်တရားက နာကျင်စေလို့လား"

ကြက်သွေးရောင် အတောင်ပံပိုင်ရှင်က သက်ပြင်းချလိုက်၏။

"ဒါက ငါတို့ရဲ့ မာန အပြစ်သား သေမျိုး အစစ်အမှန်ပါပဲ... ဒါပေမဲ့ သူက သာမန်သေမျိုးတစ်ဦးမို့လို့ ငါတို့က ဒီလောက်အထိ အချိန်ပေးပြီး စောင့်ကြည့်နေတယ်လို့ မင်းတို့ ထင်နေကြတာလား၊ မကြာသေးခင်ကပဲ သူဟာ မာန အပြစ်သား သေမျိုးအဖြစ် မဟုတ်ဘဲ ရမ္မက် အပြစ်သား သေမျိုး အဖြစ် ဆင်းသက်လာခဲ့တာ"

"အပြစ်နှစ်မျိုး ထမ်းပိုးထားတဲ့ သေမျိုးလား..."

ကောင်းကင်ပြာရောင် တိမ်တိုက်များဖြင့် ဖွဲ့စည်းထားပုံရသော အတောင်ပံပိုင်ရှင်က ရေရွတ်လိုက်သည်။ အလေးချိန်မရှိသကဲ့သို့ ပေါ့ပါးသော သူ၏ ခန္ဓာကိုယ် လှုပ်ရှားမှုတိုင်းတွင် ဝိညာဉ်များကိုပင် ကြိတ်ခြေနိုင်သည့် ပြင်းထန်သော အားတစ်ခု ထွက်ပေါ်နေသည်။ အခြားသော အတောင်ပံပိုင်ရှင်များမှာ သူ၏ ဆွဲငင်အားထဲသို့ မပါဝင်သွားစေရန် သူ့ကို ဝေးဝေးမှ ရှောင်ကြဉ်ကြသည်။

"မဖြစ်နိုင်တာ"

ကျောက်စိမ်းကဲ့သို့ အဖြူရောင်ပုံရိပ်က ငြင်းဆိုလိုက်သည်။ သေမျိုးတစ်ဦးသည် အပြစ်သား၏ စမ်းသပ်မှုများကို တစ်ကြိမ် အောင်မြင်နိုင်သည်မှာ ဖြစ်နိုင်သော်လည်း ရမ္မက်နှင့် မာနကဲ့သို့သော မတူညီသည့် အပြစ်နှစ်မျိုးလုံးကို နှစ်ကြိမ်တိုင်တိုင် အောင်မြင်ရန် ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။ ဤသူက မိမိကိုယ်ကို ပထမဆုံး အပြစ်သား၏ မျိုးဆက်ဟု ထင်နေသည်လား။

သို့သော်လည်း အားလုံးက ထိုကန့်ကွက်မှုကို လျစ်လျူရှုလိုက်ကြသည်။ ငွေရောင်အတောင်ပံပိုင်ရှင်က ပိုမိုဝမ်းမြောက်သော လေသံဖြင့် ပြောလိုက်၏။

"သူက အပြစ်နှစ်မျိုး ထမ်းပိုးထားတဲ့ သေမျိုး ဖြစ်လာရုံတင် မဟုတ်ဘူး၊ ဒီသေမျိုးဟာ ကျန်တဲ့ ဒိုင်မန်းရှင်း သုံးခုကိုလည်း တစ်ဦးတည်း အောင်နိုင်ခဲ့ပြန်ပြီ၊ သူတို့ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ ဒိုင်မန်းရှင်းဟာ သူတို့အတွက်တော့ အရမ်းကို လွယ်ကူနေလိမ့်မယ်လို့ ငါ ခန့်မှန်းတယ်၊ တကယ်တော့ သူဟာ ငရဲ ၁၈ ထပ်လုံးကို အောင်နိုင်မယ့် အခွင့်အရေးတောင် ရှိနေတာ"

"..."

"..."

"..."

ခဏအကြာတွင် ကြက်သွေးရောင်နှင့် ငွေရောင်အတောင်ပံပိုင်ရှင် နှစ်ဦးမှလွဲ၍ ကျန်သူအားလုံးမှာ ဆူညံစွာ ရယ်မောလိုက်ကြသည်။ သူတို့၏ ရယ်သံများမှာ ကျယ်လောင်လှပြီး စစ်မှန်သော အတွေးများကို မဖုံးကွယ်နိုင်ကြချေ။ ဝေ့ဝူယင် အောင်မြင်ရန် မျှော်လင့်ထားသူများပင်လျှင် မိမိကိုယ်ကို လှည့်ဖြား၍ မရနိုင်တော့ပေ။

ဤအပြစ်နှစ်မျိုး ထမ်းပိုးထားသူ၏ စွမ်းဆောင်ချက်များမှာ အံ့ဩစရာ ကောင်းသော်လည်း စတုတ္ထမြောက် ကပ်ဘေးဖြစ်သော "သေမျိုးမျှော်လင့်ချက်မဲ့ခြင်း ကပ်ဘေး" ဆိုသည်မှာ မည်သည့် တည်ရှိမှုမျိုးမျှ အသက်ရှင်ရန် မျှော်လင့်နိုင်သော အရာမဟုတ်ပေ။ အထူးသဖြင့် သေမျိုးတစ်ဦးအတွက် ပို၍ပင် မဖြစ်နိုင်ချေ။ ဝေ့ဝူယင်၏ ဝိညာဉ်မှာ အဆင့်တက်လှမ်းသွားပြီ ဖြစ်သော်လည်း သူတို့၏ မျက်လုံးထဲတွင်မူ သူသည် သေမျိုးတစ်ဦးသာ ဖြစ်နေဆဲပင်။

သူတို့၏ မျက်လုံးထဲတွင် သေမျိုး နှင့် မသေမျိုး ဟူ၍ နှစ်မျိုးသာ ကွဲပြားသည်။ သူတို့ကြားမှ လျှို့ဝှက် အာဏာရှင် အဆင့် ဆိုသည်မှာ မရေမတွက်နိုင်သောသူများ ကျရှုံးခဲ့ရသည့် တံတားတစ်ခုမျှသာ ဖြစ်သည်။

ငရဲ ၁၈ ထပ်ကို အောင်နိုင်မည် ဟူသည်က ရယ်စရာပင်။

"ဒါဆိုရင်... ငါတို့..."

ကြက်သွေးရောင် အတောင်ပံပိုင်ရှင်က နှေးကွေးစွာ ပြောလိုက်၏။

"လောင်းမလား..."

ဟိန်းထွက်နေသော အသံကြီးတစ်ခု ထွက်ပေါ်လာရာ အတောင်ပံပါ ပုံရိပ်များအားလုံး ပြင်းထန်စွာ တုန်လှုပ်သွားကြသည်။

"ကမ္မ ချည်နှောင်မှုတွေ မလုပ်ရဘူး..."

အရိပ်မည်းကြီးက ငြင်းပယ်၍မရသော အာဏာစက်ဖြင့် ပြောဆိုလိုက်ရာ အတောင်ပံပါ ပုံရိပ်များအားလုံး တိတ်ဆိတ်သွားကြသည်။ အချို့ကမူ စကားအနည်းငယ်ဖြင့် သူတို့ကို နှုတ်ပိတ်နိုင်ခဲ့သည့် ကြက်သွေးရောင် အတောင်ပံပိုင်ရှင်ကို စိုက်ကြည့်နေကြသည်။

သို့သော်လည်း... သူတို့ အလင်းလုံးကို ကြည့်သည့် အမြင်များမှာ ပြောင်းလဲသွားခဲ့သည်။ အရိပ်မည်းကြီးက ကမ္မ ချည်နှာင်ခြင်းကို ခွင့်မပြုခြင်းမှာ ထူးဆန်းသည်တော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတွင် ဝေ့ဝူယင် တစ်ဦးတည်းသာမက ငရဲ၏ ကပ်ဘေး ၁၈ ခုလုံး ပါဝင်နေသောကြောင့် ဖြစ်သည်။

သူတို့က ဤအပြစ်နှစ်မျိုး ထမ်းပိုးထားသူအပေါ် လောင်းကြေးထပ်ခြင်းဖြင့် ကံကောင်းခြင်းနှင့် ကံဆိုးခြင်းများကို ချိတ်ဆက်ရန် ကြိုးစားခြင်းမှာ...

ထိုလူငယ်မှာ အမှန်တကယ်ပင် အောင်နိုင်နိုင်သူတစ်ဦး ဖြစ်နေသောကြောင့် လော... လောင်းကြေးထပ်ရန်ပင် တားမြစ်ထားရလောက်အောင်လော...။

မဖြစ်နိုင်ပါချေ။

"ဒီသေမျိုး သေတာကိုပဲ စောင့်ကြည့်ကြတာပေါ့..."

ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းများမှာ ချွန်ထက်သော ကျောက်ဆောင်များနှင့် တူသည့် အနီရောင်ရင့်ရင့် အတောင်ပံပိုင်ရှင်က ပြောလိုက်သည်။ သူသည် အလွန်အမင်း ပေါ့ပါးသော အော်ရာကို ထုတ်ဖော်နေပြီး ခဏတာပေါ်လာသော အတွေးတစ်ခု သို့မဟုတ် ယာယီတိမ်တိုက်တစ်ခုကဲ့သို့ တည်ရှိမှုမျိုး ဖြစ်သည်။

"သေမျိုးမျှော်လင့်ချက်မဲ့ခြင်း ကပ်ဘေး စတင်နေပြီ..."

ငရဲ၏ စတုတ္ထထပ် တစ်ခုလုံးတွင် စက်ရုပ်ဆန်ဆန် တည်ငြိမ်၍ ဂရုမစိုက်ဟန်ရှိသော အသံကြီး ဟိန်းထွက်သွားတော့သည်။

***

အပိုင်း(၂၁၆၈)

"ကျိကျိ... ကျိကျိ..."

တိမ်အနည်းငယ်မျှသာ ရှိသည့် သာယာလှပသော နံနက်ခင်း ကောင်းကင်အောက်တွင် ငှက်ကလေးများ၏ တေးဆိုသံသည် ပျံ့လွင့်နေ၏။ လတ်ဆတ်သော လေညင်းသည် မြက်ခင်းပြင်ကျယ်ကြီးကို ချစ်သူတစ်ဦး၏ ပွတ်သပ်မှုကဲ့သို့ ညင်သာစွာ ဖြတ်သန်းတိုက်ခတ်သွားရာ သစ်ကိုင်း သစ်ရွက်ကလေးများမှာ နေဝင်ချိန်ဟောင်းကို နှုတ်ဆက်၍ လှပသော အာရုဏ်ဦးသစ်ကို ကြိုဆိုသည့်အလား ပျော်ရွှင်စွာ ကခုန်နေကြတော့သည်။

ဤနေ့သစ်၏ အစောပိုင်းအချိန်တွင် မှန်သား အလား ချောမွေ့နေအောင် ထိပ်ပိုင်းကို အတိဖြတ်ထားသည့် ကျောက်တုံးငယ်တစ်ခုပေါ်၌ မျက်ဝန်းများ ကြည်လင်သော လူငယ်လေးတစ်ဦး ထိုင်နေသည်။

သူသည် လပြည့်ဝန်း အဖြူရောင် ဝတ်စုံကို ဆင်မြန်းထားပြီး နက်မှောင်သော ဆံကေသာ၊ စင်ကြယ်သော အသားအရေနှင့် ကလေးဆန်သော ပါးဖောင်းဖောင်းလေးများကို ပိုင်ဆိုင်ထား၏။ သူ၏ မျက်ခုံးနှစ်ခုကြားတွင် သေးငယ်သော မွေးရာပါ အမှတ်တစ်ခု ရှိနေ၏။ ၎င်းမှာ အရောင်ခုနစ်မျိုးရှိသော သစ်ကိုင်းနှင့် အမြစ်များရှိသည့် သစ်ပင်ငယ်တစ်ပင် ဖြစ်ပြီး အရွက်များမှာ ငွေရောင် တလက်လက် တောက်ပနေကာ အမြစ်များကမူ အဖြူရောင် အလင်းလုံးတစ်ခုကို ရစ်ပတ်ထားသည်။

ထိုတောက်ပသော မျက်ဝန်းအိမ်များထဲတွင် ကလေးငယ်တို့၏ ဖြူစင်မှု၊ ဘဝ၏ လောကဓံကို မသိနားမလည်မှုနှင့် ဆင်းရဲဒုက္ခများ၏ အညစ်အကြေး မရှိမှုတို့ ကိန်းအောင်းနေကာ ပျော်ရွှင်မှု အရိပ်အယောင်တို့ကို တွေ့မြင်နိုင်သည်။ သို့သော် ထိုလူငယ်လေး၏ မျက်လုံးများမှာ သာမန်နှင့် မတူပါချေ။

ဘယ်ဘက်မျက်လုံး၏ သူငယ်အိမ်မှာ နေရောင်ခြည် တလက်လက် တောက်ပနေသော ကြယ်တစ်ပွင့်သဏ္ဌာန် ရှိနေပြီး ညာဘက်မျက်လုံး၏ သူငယ်အိမ်မှာမူ မှန်းဆ၍မရအောင် ထက်မြက်လှသော ဆေဘာတစ်လက်သဏ္ဌာန် ရှိနေသည်။

အသက် သုံးနှစ်ခန့်သာ ရှိသေးသော ထိုကလေးငယ်သည် ခြေထောက်ကလေးများကို ဟိုဘက်ဒီဘက် ပျော်ရွှင်စွာ လွှဲယမ်းနေသည်။ သူ၏ ထူးခြားသော မျက်ဝန်းအစုံမှာ မလှုပ်မယှက် မတ်တတ်ရပ်နေသော အရိပ်တစ်ခုထံတွင် စိုက်ကြည့်နေ၏။

ထိုအရိပ်မှာ မျက်လုံးများကို မှိတ်ထားပြီး ဝိညာဉ်၏ အစစ်အမှန် စည်းချက်အတိုင်း အသက်ရှူနေသော လူငယ်တစ်ဦးပင် ဖြစ်သည်။ ထိုလူငယ်ထံမှ ကြီးမားသော တောင်ကြီးတစ်လုံးကဲ့သို့ တည်ငြိမ်မှု၊ မတုန်မလှုပ်မှုနှင့် မိမိ၏ ရည်မှန်းချက်အပေါ် နောင်တကင်းမဲ့မှုတို့မှာ အထင်အသား ထွက်ပေါ်နေကာ ကြည့်ရုံမျှဖြင့်ပင် အားကျစိတ်ကို ဖြစ်ပေါ်စေသည်။

ထိုလူငယ်သည် ခါး၌ ချိတ်ဆွဲထားသော အနက်ရောင် ဓားအိမ်ရှိ ဆေဘာရိုးကို ညာဘက်လက်ဖြင့် မြဲမြံစွာ ဆုပ်ကိုင်ထား၏။ စိတ်ကူးလိုက်ရုံမျှဖြင့် အတွင်းရှိ အရာကို ထုတ်ယူရန် အသင့်ရှိနေသည့်အလား...။ လေညင်းသည် အဝေးမှ တိုက်ခတ်လာကာ သူ၏ ဆံနွယ်များနှင့် ဝတ်စုံကို လွင့်ပျံ့စေသည်။

အချို့အတွက် ထာဝရဟု ထင်ရပြီး အချို့အတွက်မူ ခဏတာမျှသာ ဖြစ်သော အချိန်အတန်ကြာပြီးနောက် ထိုတည်ငြိမ်သော လူငယ်သည် ဓားရိုးပေါ်မှ သူ၏ လက်ကို ဖယ်ရှားလိုက်သည်။ ထိုအခိုက်အတန့်၌ပင် လေညင်းသည် လမ်းကြောင်းပြောင်းသွားကာ လူငယ်၏ ခြေဖဝါးအောက်တွင် ဝဲဂရက်သဏ္ဌာန် လှည့်ပတ်သွားတော့သည်။ ၎င်းမှာ အသက်ချမ်းသာရာ ရရှိသည့်အတွက် ကျေးဇူးတင် ဂါရဝပြုနေသည့်နှယ်ပင်။

ထိုမြင်ကွင်းမှာ မေ့နိုင်ဖွယ် မရှိပေ။ အချိန်အခါမှာလည်း အလွန်ပင် ကွက်တိကျလှသည်။

"မင်း နားလည်ရဲ့လား..."

လူငယ်က သူ၏ မျက်လုံးများကို ဖွင့်လိုက်သောအခါ ရည်မှန်းချက် အရှိန်အဝါ၊ အသက်အရွယ်ထက် သာလွန်သော အသိပညာနှင့် သေမျိုးရော နတ်ဘုရားတို့ကိုပါ ဆွဲဆောင်နိုင်သည့် နွေးထွေးမှုတို့ ပြည့်နှက်နေသော မှောင်နက်သည့် မျက်ဝန်းတစ်စုံ ထွက်ပေါ်လာသည်။

ကလေးငယ်လေးက ပြုံးလိုက်ပြီး ခြေထောက်လွှဲနေသည်ကို ရပ်ကာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်၏။ ထို့နောက် သာယာသော အသံလေးဖြင့် အားပါပါ ခေါင်းညိမ့်ပြလိုက်သည်။

“ဟုတ်ကဲ့ အစ်ကိုကြီး...”

လူငယ်က နူးညံ့စွာ ပြုံးလိုက်၏။

"ဒါဆိုရင် ငါ့ကို ရှင်းပြစမ်း... ခုနက မင်း ဘာကို မြင်လိုက်ရသလဲ"

ကလေးငယ်က လူငယ်၏ ပုံရိပ်ကို သူ၏ မျက်လုံး သူငယ်အိမ်များထဲတွင် စွဲထင်ကျန်ရစ်စေလိုသည့်အလား စိုက်ကြည့်လိုက်လိုက်ရင်း...

"ထိန်းချုပ်နိုင်မှုက လေးစားမှုကို ဖြစ်စေတယ်၊ ကောင်းကင်ထက်က နေကြယ်ရောင်ခြည်တွေလို ရည်ရွယ်ချက်က ရှင်းလင်းနေမှ၊ တိမ်တိုက်တွေကြားက လေညင်းလို ခံစားချက်က ထက်မြက်နေမှ၊ ကိုယ့်ရဲ့ နှလုံးခုန်သံကို ကိုယ်တိုင် ပြန်ကြားနေရမှ... အဲ့ဒီအခါကျမှ ဆေဘာကို ထုတ်ရမယ်"

ကလေးငယ်၏ အသံမှာ ကောင်းကင်ထက်က ကြယ်တာရာကဲ့သို့ ကြည်လင်လှသည်။ လူငယ်၏ မျက်ဝန်းများမှာ နက်ရှိုင်းစွာ တောက်ပသွား၏။

"ဟား ဟား... မင်းရဲ့ မှတ်ဉာဏ်က အမြဲတမ်း ကောင်းနေတုန်းပဲ... ငါ့မှာ ဒီလောက် တော်တဲ့ ညီလေး တစ်ယောက် ရှိတာပဲ"

သူက လျှောက်လာပြီး ကလေးငယ်၏ ခေါင်းကို အားရပါးရ ပွတ်သပ်ပေးကာ သူ၏ ဂုဏ်ယူမှုကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။ ကလေးငယ်မှာလည်း မထိန်းနိုင်ပဲ ပြုံးလိုက်၏။

"ကျွန်တော်က တော်တာပေါ့... ဟဲ ဟဲ..."

ဤမြင်ကွင်းမှာ ကဗျာဆရာတစ်ဦးကို ကဗျာစာသား ထောင်ချီ ရေးစပ်ရန် ခွန်အားပေးနိုင်စွမ်း ရှိပေသည်။ သို့သော် ထိုမြင်ကွင်းမှာ ရုတ်တရက် ရပ်တန့်သွားသည်။ လေညင်း၊ လူငယ်နှင့် နေရောင်ခြည် အားလုံးမှာ အေးခဲသွားခဲ့သည်။ ထူးခြားသော မျက်လုံး သူငယ်အိမ်ပိုင်ရှင် ကလေးငယ် တစ်ဦးတည်းသာ မထိခိုက်ဘဲ ကျန်ရစ်ခဲ့သည်။

ကလေးငယ်သည် လူငယ်၏ မျက်နှာကို စိုက်ကြည့်ရင်း သူ၏ မျက်ဝန်းအိမ်တွင် ဝမ်းသာလွန်၍ မျက်ရည်များ ဝဲတက်လာခဲ့သည်။

"အစ်ကိုကြီးသာ အစစ်အမှန် ဖြစ်ခဲ့ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ..."

ကလေးငယ်က တိုးတိုးလေး ရေရွတ်လိုက်သည်။ ထိုစကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် ပြောင်းလဲသွားကာ မြေပြင်၊ မြက်ခင်း၊ ကျောက်တုံးနှင့် ကောင်းကင်တို့မှာ သွေးကဲ့သို့ နီရဲလာပြီး ဖုန်မှုန့်များအဖြစ် လွင့်ပျံ့သွားတော့သည်။ ထိုဖုန်မှုန့်များသည် အနီရောင် ရေအလျဉ်ကြီးသဖွယ် ဖြစ်လာပြီး ပုံရိပ်နှစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။

ကလေးငယ်သည် သူ၏ ခေါင်းကို ပွတ်သပ်နေသော လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိသည်။ သူ၏ လက်ချောင်းလေးများမှာ မခွဲခွာလိုသောစိတ်ကြောင့် တုန်ယင်နေ၏။

"ကျွန်တော် မှတ်မိပါတယ် အကိုကြီး... ကျွန်တော် အမြဲတမ်း မှတ်မိနေမှာပါ"

ကံဆိုးစွာပင်... ကလေးငယ်သည် အချိန်တိုအတွင်း အစွမ်းထက်သော ကျင့်ကြံသူ ဖြစ်လာခဲ့သော်လည်း ဤအာဏာစက် နယ်ပယ်ကိုမူ သူ မထိန်းချုပ်နိုင်သေးပေ။ လူငယ်၏ ခန္ဓာကိုယ်မှာ ပြိုကွဲစပြုလာ၏။

သို့သော်... သူ၏ အပြုံးမှာ ဂုဏ်ယူမှုများဖြင့် တောက်ပနေဆဲ၊ သူ၏ မျက်နှာမှာ ပျော်ရွှင်မှုများဖြင့် ရယ်မောနေဆဲပင်။ ထို့နောက်တွင်တော့ သူသည် မြေနီဖုန်မှုန့်များအဖြစ် ပြိုကွဲပျောက်ကွယ်သွားတော့သည်။

နီရဲသော ဖုန်မှုန့် လေပွေကြီးထဲတွင် ထိုင်နေရင်း ကလေးငယ်သည် ထိုဖုန်မှုန့်များက ကမ္ဘာသစ်တစ်ခုကို ပြန်လည် တည်ဆောက်သည်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။

"အနီရောင် ဖုန်မှုန့် ဆိုတာ သေမျိုးတစ်ဦးရဲ့ ဘဝအနှစ်သာရကို ကိုယ်စားပြုတယ်လို့ ဆိုကြတယ်၊ ဒါဟာ နေ့စဉ်ဘဝရဲ့ ကဏ္ဍပေါင်းစုံကို ပြသနေတာပဲ"

ကလေးငယ်သည် အသက် သုံးနှစ်မှ ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးအဖြစ် ကြီးထွားလာပြီး ဝတ်စုံမှာလည်း ခန္ဓာကိုယ်နှင့်အညီ လပြည့်ဝန်း အဖြူရောင်အဖြစ် ပြောင်းလဲသွားသည်။

သူသည် လေးဦးစာ ပြင်ဆင်ထားသော စားပွဲဝိုင်းတစ်ခုတွင် ထိုင်နေ၏။ ကျန်းမာသန်စွမ်းသော အော်ရာရှိသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် မြိန်ယှက်စွာ စားသောက်နေသည်။ အကြီးအကဲ နေရာဟူ၍ သီးသန့်မရှိသော်လည်း ထိုသူမှာ သဘာဝအတိုင်း ခေါင်းဆောင်တစ်ဦးကဲ့သို့ ဖြစ်နေသည်။ အစောပိုင်းက လူငယ်သည်လည်း ထိုနေရာတွင် ရှိနေပြီး လူလတ်ပိုင်း အမျိုးသားနှင့် အလွန်တူကာ မြိန်ယှက်စွာ စားသောက်နေသည်။

ကလေးငယ်၏ မျက်စောင်းထိုးတွင်မူ အလွန်လှပသော အမျိုးသမီးတစ်ဦး ပြုံးလျက် ထိုင်နေ၏။ ကလေးငယ်၏ လှပသော ရုပ်ရည်မှာ သူမထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။ သူ ကြီးပြင်းလာသောအခါတွင်မူ နတ်ဘုရားနှင့် မိစ္ဆာတို့ကိုပါ မိန်းမောသွားစေနိုင်မည့် ယောက်ျားပီသသော ရုပ်ရည်မျိုး ဖြစ်လာပေလိမ့်မည်။

"စားလေ"

သူမက ပြုံးလျက် တူဖြင့် အချက်ပြလိုက်သည်။ သူမ၏ စားသောက်ပုံမှာလည်း အခြားသူများကဲ့သို့ပင် တက်ကြွလှသည်။ ၎င်းကို မြင်သောအခါ ကလေးငယ်မှာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်... လေးဦးတည်းသော မိသားစုဝင်များသည် တစ်ဆယ့်နှစ်ဦးစာ ဟင်းပွဲများကို အားရပါးရ စားသောက်နေကြတော့သည်။

အမျိုးသမီး၏ သာယာကြည်လင်သော အသံသည် လူငယ်လေး၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်နေပြီး သူ၏ လက်ချောင်းလေးများမှာ အနည်းငယ် တုန်ယင်နေမိသည်။ စကားတစ်ခွန်းမျှသာ ဖြစ်သော်လည်း ပူပြင်းခြောက်သွေ့သော သဲကန္တာရထဲတွင် နှစ်ပေါင်းရာချီ လမ်းလျှောက်လာရသူတစ်ဦး အေးမြသော ရေတစ်ခွက်ကို သောက်လိုက်ရသကဲ့သို့ လန်းဆန်းမှုကို ပေးစွမ်းနိုင်လှသည်။

လူငယ်လေးသည် ဤနေ့ကို မှတ်မိနေသည်။ ဤနေ့သည်... ထိုနေ့ပင် ဖြစ်သည်။

စားသောက်ပြီးကြသောအခါ လူလတ်ပိုင်း အမျိုးသားက သူ၏ ဗိုက်ပူပူကို ပွတ်သပ်ရင်း ရန်သူ့တပ်မတော်ကြီးကို အောင်နိုင်လိုက်သည့်အလား အားရပါးရ ဟစ်ကြွေးလိုက်သည်။ လူငယ်သည်လည်း နောက်ထပ် စက္ကန့်အနည်းငယ်အကြာတွင် စားသောက်ပြီးစီးသွားကာ မျိုးဆက်သစ်နှင့် မျိုးဆက်ဟောင်းတို့အကြား အမြင်မတော်သော တိုက်ပွဲငယ်လေးတွင် ရှုံးနိမ့်သွားခဲ့ရသည်။ သို့သော် သူ၏ မျက်ဝန်းများမှာမူ နောက်တစ်ကြိမ်တွင် အနိုင်ယူမည်ဟူသော ခိုင်မာသည့် ဆုံးဖြတ်ချက်များဖြင့် တည်ငြိမ်နေဆဲပင်။

လှပသော အမျိုးသမီးသည် ပြုံးလျက် ထမင်းဝိုင်း၏ အသုံးအဆောင်များကို သပ်ရပ်စွာ သိမ်းဆည်းလိုက်သည်။ သူမ၏ မှတ်ဉာဏ်များမှာ မှေးမှိန်စပြုနေပြီ ဖြစ်သော်လည်း ယဉ်ကျေးသိမ်မွေ့သော အလေ့အထကမူ ဘယ်သောအခါမျှ ပျောက်ကွယ်မသွားခဲ့ချေ။

လူငယ်လေးသည်လည်း စိတ်အလိုအလျောက်ပင် ထိုအတိုင်း လိုက်လံ လုပ်ဆောင်မိသည်။

"ငါ့မှာ ပြောစရာ သတင်းတစ်ခု ရှိတယ်..."

လူလတ်ပိုင်း အမျိုးသားက အသက်ကို ပြင်းပြင်းရှူကာ ပြောလိုက်ရာ ပျော်ရွှင်နေသော ပတ်ဝန်းကျင်မှာ မသိမသာ အုံ့မှိုင်း လာခဲ့တော့သည်။ လှပသော အမျိုးသမီး၏ အပြုံးမှာလည်း တဖြည်းဖြည်း မှေးမှိန်သွားခဲ့လေ၏။

***

All Chapters