← Chapters

မိုးသက်မုန်တိုင်းတွေ ချဉ်းကပ်လာပြီ

Vol. 93 Ch. 1293

မိုးသက်မုန်တိုင်းတွေ ချဉ်းကပ်လာပြီ

Vol. 93 Ch. 1293

တောင်ထိပ်သို့ မော့ကြည့်ရင်း ခပ်တိုးတိုးရေရွတ်နေစဉ် မန်ဟို၏အတွေးများကို ရေးသားဖော်ပြဖို့ရန်မှာ လွန်စွာခက်ခဲပေသည်။ သူသည် အဋ္ဌမတောင်ခြေ၌ အတန်ကြာသည်အထိ တိတ်ဆိတ်စွာ ရပ်နေပြီးနောက်မှ ခြေတစ်လှမ်းလှမ်းကာ တောင်ပေါ် စတက်တော့၏။

သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်အရ သူ့ကို ခရီးဖင့်အောင် လုပ်နိုင်သည့်အရာ မရှိပေ။ သို့သော် သူ့မှာ ဤခရီးက သူ့အတွက် မည်မျှအရေးပါကြောင်းနှင့် တောင်ထိပ်တွင် ဘိုးဘိုးမန်ကို မည်မျှရှိနေစေချင်ကြောင်း ဆက်တိုက်တွေးနေမိလေသည်။

အကြောင်းတချို့ကိုတော့ ရိပ်စားမိသော်လည်း ဘာကြောင့် သူ၏အဘိုးက တောင်ပင်လယ်သခင်တစ်ဦး ဖြစ်လာခဲ့သလဲ သူ သိချင်နေသေးသည်။ သို့ပင်ငြား တကယ့်တကယ် ထိုကဏ္ဍက အရေးမကြီးပေ။ အရေးကြီးသည်ကား ... သူ့အဘိုး အသက်ရှင်နေသေးခြင်း ဖြစ်သည်။

ကလေးတုန်းက မှတ်ဉာဏ်များကို ပြန်တွေးကြည့်လိုက်သောအခါ သူ့အဘိုးနှစ်ယောက် သူ့ကို မည်သို့ပွေ့ချီခဲ့ကြပုံ၊ မည်သို့ချော့မြူခဲ့ကြပုံ၊ မည်သို့ပျော်ရွှင်စွာ ပြုံးနေခဲ့ကြပုံ၊ သူ့ကို ချီရဖို့အတွက် သူ့အလှည့်ငါ့အလှည့်ပင် ငြင်းခုံခဲ့ကြပုံအစရှိသော ပုံရိပ်များကို သူ ပြန်မြင်ယောင်သွားသည်။

ပို၍ပင် မေ့မရဿော ပုံရိပ်ကတော့ သူ့ကို ကယ်တင်ဖို့ နည်းလမ်းရှာရန် ဘိုးဘိုးဖန်နှင့် ဘိုးဘိုးမန်နှစ်ယောက်လုံး ထွက်သွားခဲ့ကြသောပုံရိပ် ဖြစ်သည်။ ထွက်သွားပြီးနောက် ... သူတို့က ပြန်ရောက်မလာခဲ့ပေ။ ထိုအကြောင်းကြောင့် တစ်ချိန်က မျိုးနွယ်စု၏ ထိပ်ဆုံးတွင် မာန်အပြည့်ဖြင့် ရပ်တည်နိုင်ခဲ့ကြသော သူတို့၏သွေးဆက်နှစ်ဆက်လုံးမှာ ဩဇာအာဏာကျဆင်းလာခဲ့ရသည်။

မန်ဟိုမှာ လွန်စွာစိတ်နှလုံးလှုပ်ရှားမိသလို မိမိကိုယ်ကိုလည်း အပြစ်တင်မိနေသည့်အတွက် သည့်ထက်ပို၍ပေးဆပ်ရလျှင်တောင်မှ ဘွားဘွားမန်တို့ကို လိုလိုလားလား ကာကွယ်စောင့်ရှောက်ဦးမည်ဖြစ်သလို၊ နောင်တလည်း ရမည်မဟုတ်ပေ။ သူ့အနေဖြင့် ဖန်မျိုးနွယ်စုကို ဦးပြန်မော့နိုင်အောင် ဦးဆောင်နိုင်ခဲ့သော်လည်း မန်မျိုးနွယ်စုအတွက်မူ သူ တတ်နိုင်သမျှမှာ အကောင်းဆုံး ကာကွယ်ပေးရုံသာ ရှိသည်။

“ဘိုးဘိုး ဟုတ်ချင်လည်း ဟုတ်နေမယ်၊ မဟုတ်ရင်လည်း မဟုတ်နိုင်ဘူး” သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “အဲဒီကို ရောက်ရင် သိရလိမ့်မယ်....” အချိန်အနည်းငယ်ကြာသော် သူက အဋ္ဌမတောင်အပေါ်သို့ ဖြည်းညင်းစွာ လမ်းလျှောက်တက်သွားသည်။ ထိုသို့တက်နေစဉ် အမှတ်တရများစွာသည် သူ့စိတ်ထဲတွင် တဝဲဝဲ လည်လာ၏။

ဤသည်မှာ ကြီးမြတ်သော တောင်ကြီးကိုးလုံးထဲမှ တစ်လုံးဖြစ်ပြီး အမှန်တွင် သူ့အတွက် ထိုတောင်တစ်လုံးအပေါ်သို့ ပထမဆုံးအကြိမ် ခြေချခဲ့ခြင်း ဖြစ်ပေသည်။

၎င်းသည် သေမျိုးတစ်ယောက်အတွက် ၎င်းကို တက်နေရင်း တစ်ဘဝကုန်သွားပြီး ထိပ်ဆုံးသို့ ဘယ်တော့မှ မရောက်နိုင်လောက်အောင် ကြီးမား၏။ ကျင့်ကြံသူများအကြား၌ပင် တောင်၏ ထိပ်ဆုံးသို့ ရောက်အောင် သွားနိုင်သူ ရှားသည်။ သို့သော် ၎င်းက မန်ဟို့အတွက်တော့ အတားအဆီးမဟုတ်ပေ။ သူ လျှောက်နေစဉ် အချိန်တွေကြာမှန်းမသိ ကြာလာသည်။ မကြာမီ သူသည် တောင်၏တစ်ဝက်သို့ ရောက်လာသည့်အခါ အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့ကို မြင်လိုက်၏။

၎င်းက အဝင်အထွက် တင်းကြပ်စွာ ပိတ်ထားသည်မှအပ နဝမတောင်ပေါ်က အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့အတိုင်းပင်။ ပိတ်ထားသူများက အပြင်အင်အားစုများမှမဟုတ်၊ အတွင်းထဲမှဖြစ်လေသည်။

မန်ဟိုသည် ၎င်းကို ကြည့်၍ အထဲ၌ အလွန်အမင်းအစွမ်းထက်သော အရှိန်အဝါများအပါအဝင် ကျင့်ကြံသူများရှိနေကြောင်း ခံစားလိုက်ရ၏။ သူ သူတို့ကို လေ့လာနေသော အခိုက်အတန့်တွင် သူတို့ကလည်း သူ့ကို လေ့လာနေသည်။

အတန်ကြာသော် မန်ဟိုက လက်ယှက်ကာ အရိုအသေပေးလိုက်သည်။ ထို့နောက် သူသည် တရွေ့ရွေ့ ဆက်တက်လာခဲ့ရင်း တောင်ထိပ်နှင့် တစတစ နီးကပ်လာ၏။

နောက်ဆုံးတော့ မန်ဟိုသည် ဧရာမကျောက်စာတိုင်ကြီးတစ်တိုင်၏အရှေ့တွင် ရပ်နေရကြောင်း တွေ့လိုက်ရသည်။ ထိုကျောက်စာတိုင်ပေါ်တွင် ရေးသားထားသည့် စာလုံးများကား....

ကောင်းကင်နတ်ဘုရားအဖွဲ့အစည်း

စာလုံးများကို ကြည့်နေစဉ် ကျောက်စာတိုင်ပေါ်၌ အချိန်တိုက်စားမှုကြောင့် နှစ်ပေါင်းများစွာ ရှေးကျနေသော ခံစားချက်ကို သူ အာရုံရလိုက်သည်။ ကျောက်စာတိုင်ကို ဖြတ်လျှောက်လိုက်လျှင် လမ်းကျဉ်းလေးတစ်လမ်းကို သူ မြင်လိုက်သည်။ ထိုလမ်းက .. တောင်ထိပ်သို့ ဦးတည်နေ၏။

လမ်းသည် အသံဗလံတိတ်ဆိတ်၍ လူသူကင်းရှင်းနေသော အေးအေးချမ်းချမ်း လမ်းကျဉ်းလေး ဖြစ်ပေသည်။ သူက နတ်ရေကန်ကဲ့သို့ ရေကန်တစ်ကန်ကို မြင်ရသည်အထိ ထိုလမ်းအတိုင်း လျှောက်လာခဲ့သည်။

ရေကန်ထဲတွင် ရွှမ်းတူလိပ်ကြီးတစ်ကောင်၏ ရုပ်တု ရှိနေသည်။ ရုပ်တုနှင့်တူသည့်တိုင် ထိုရွှမ်းဝူလိပ်ရုပ်အတွင်း၌ ... တောင်ပင်လယ်လောက၏အရှိန်အဝါနှင့်အတူ ... အသက်မီးတောက်လေးတစ်စ ရှိနေကြောင်း မန်ဟို ပြောနိုင်သည်။

ထိုအခိုက်အတန့်တွင် သူ့ကိုယ်ထဲရှိ မိစ္ဆာချုပ်နှောင်မှော်အစွမ်းက တုန်ရီလာသည်။ မန်ဟိုမှာ တစ်ခုခုက သူ့ကို ခေါ်နေသည့်အလား ခံစားလာရ၏။ ရုတ်တရက်ဆိုသလို ရွှမ်းဝူလိပ်ကြီးက မျက်လုံးဖွင့်ကာ သူ့ကို ကြည့်လေသည်။

လူတစ်ယောက်၊ လိပ်တစ်ကောင်။

တစ်ယောက်ကို တစ်ယောက် ကြည့်နေကြစဉ် မန်ဟို့စိတ်မှာ ချာချာလည်လာသည်။ သူ့မှာ တောင်ပင်လယ်လောကကို တိုက်ရိုက်ကြည့်နေရသလို ခံစားလိုက်ရသည်။ အတန်ကြာမှနောက်ဆုံး မန်ဟိုသည် သူ၏အတွေးများကို အနည်ထိုင်စေလိုက်နိုင်၏။ ထို့နောက် ရွှမ်းဝူလိပ်ကြီးက ၎င်း၏သစ္စာစောင့်သိမှုကို သူ့အား ပြသနေသည့်အလား ဖြည်းဖြည်းချင်း ဦးညွတ်လေသည်။ ထိုအပြုအမူကား .... နှစ်ယောက်မရှိသော အတုမဲ့သခင်ကို တောင်ပင်လယ်လောကမှ ဂါဝရပြုနေခြင်း ဖြစ်သည်။

နတ်ရေကန်ကို လွန်လျှင် နန်းတော်တစ်ခု ရှိသည်။ ၎င်းသည် ဟိတ်ဟန်ကြီးကြီးကျယ်ကျယ် မရှိဘဲ တောင်သားအတွင်း၌ တည်ဆောက်ထားသော နန်းတော်ဖြစ်၏။ အရှေ့ဂိတ်တံခါးမှာ ပိတ်နေပြီး အရာအားလုံး တိတ်ဆိတ်အေးချမ်းနေသည်။

မန်ဟို့အကြည့်က ရွှမ်းဝူလိပ်ကြီးအပေါ် တခဏရစ်ဝဲနေပြီးမှ သူသည် ၎င်းဘေးမှ ဖြတ်ကာ နန်းတော်ဆီ လျှောက်သွား၏။ သူက ဂိတ်တံခါးအပြင်တွင် တိတ်ဆိတ်စွာ ရပ်ပြီးနောက် လက်ကို မြှောက်ကာ ၎င်းကို ဖိတွန်းလိုက်လေသည်။

ဂိတ်တံခါးသည် မည်သည့်အသံမှ မထွက်ဘဲ ဖြည်းဖြည်းချင်း ပွင့်သွားရင်း မဟူရာချပ်ဝတ်ကို ဝတ်ဆင်ထားသော ရုပ်တုများ တစ်ဖက်တစ်ချက်စီတွင် စီတန်းလျက်ရှိသည့် ရိုးရိုးပုံမှန်ခန်းမတစ်ခုကို ဖော်ပြလိုက်သည်။ အရှေ့လှမ်းလှမ်း၌မူ လူတစ်ယောက် တင်ပျဉ်ခွေထိုင်နေသော ဧရာမပလ္လင်ကြီးတစ်ဆူ ရှိသည်။

အဆိုပါလူသည် ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး မျက်နှာဖုံးတပ်ထား၏။ မန်ဟို့ကိုပင် မွန်းကြပ်သွားစေသော ဖိအားကို ထုတ်လွှတ်နေသည့် ကြောက်မက်ဖွယ်အဆုံးမဲ့စွမ်းအားသည် ထိုလူ၏ကိုယ်ထဲတွင် လှည့်ပတ်စီးဆင်းနေ၏။

ဖိအားသည် ငြိမ်သက်နေသည့်တိုင် နက်ရှိုင်းသော ပင်လယ်ကြီးတစ်စင်းအလားပင်။ ၎င်းသည် ပေါက်ကွဲထွက်သွားသည့်အခါ ကောင်းကင်ဘုံကို ဖျက်စီး၍ ကမ္ဘာမြေကို မီးလောင်တိုက်သွင်းပစ်နိုင်သော စွမ်းအားမျိုး ဖြစ်ချေ၏။ ထိုအရာအားလုံးအပြင် မန်ဟိုသည် ... တောင်ပင်လယ်လောက၏အငွေ့အသက်များကိုလည်း ခံစားနေရသည်။

၎င်းတို့က တောင်တန်းများကို မြေလှန်၍ ပင်လယ်များကို ခမ်းခြောက်စေနိုင်သော အခိုးအငွေ့များ ဖြစ်ပြီး တောင်ပင်လယ်အပေါင်း၏စွမ်းအားကို လုံးစုံသတ္တဝါ၊ ခပ်သိမ်းသောအရာကို ဖျက်စီးနိုင်သည့် ဖိအားအဖြစ် ပေါင်းစည်းပေးနိုင်ဟန်တူသည်။

မန်ဟိုက ခန်းမ၏အပြင်တွင် မတ်တပ်ရပ်နေသည်။ သူက အထဲသို့ ခြေမချဘဲ ပလ္လင်ပေါ်တွင် မလှုပ်မယှက် တင်ပျဉ်ခွေထိုင်နေသော ချပ်ဝတ်တန်ဆာနှင့်လူကို စူးစမ်းလေ့လာနေသည်။ မန်ဟို၏အမြင်သည် ချပ်ဝတ်တန်ဆာကို ထိုးဖောက်ရင်း အထဲက .... အလွန်တရာ အိုမင်းနေသော အဘိုးကြီးတစ်ဦး၏ မျက်နှာကို မြင်လိုက်သည်။

မန်ဟို ခံစားနေရသော အငွေ့အသက်များက ရင်းနှီးနေသလို၊ ထိုမျက်နှာလည်း အလားတူပင်။ ထိုမျှသာမက သူ၏သိုလှောင်အိတ်ထဲရှိ အမိန့်လည်ဆွဲသည် ထိုလူ့ဆီ သွားလိုသော လက္ခဏာများ စတင်ပြလာ၏။ ယခုတော့ မန်ဟို၏သံသယအားလုံး ရှင်းလင်းသွားလေပြီ။ သူ့မှာ စိတ်လှုပ်ရှားမှုတို့ဖြင့် တုန်ရီနေရင်း .... အရှေ့ရှိ ထိုလူမှာ သူ၏ဘိုးဘိုးမန်မှတစ်ပါး အခြားမဟုတ်ကြောင်း အတည်ပြုလိုက်တော့သည်။

“ဘိုးဘိုး....” သူက ရေရွတ်သည်။ ဤရလဒ်အတွက် စိတ်ကို ပြင်ဆင်ထားခဲ့သော်လည်း သူ၏စိတ်လှုပ်ရှားမှုကို ချုပ်တည်းဖို့ ခဲယဉ်းပေသည်။ သူ့အဘိုးနှစ်ယောက်ကို ရှာတွေ့ဖို့ သူ မျှော်လင့်နေခဲ့သည်မှာ နှစ်ပေါင်းများစွာတိုင်ခဲ့ပြီဖြစ်ပြီး အကြာမှအကြာကြီး ကြာပြီးသည့်နောက်တွင်တော့ တစ်ယောက်ကို ပြန်ရှာတွေ့ခဲ့လေပြီ။

အတန်ကြာသော် မန်ဟိုသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏မျက်လုံးများက လင်းလက်တောက်ပလာ၏။ သူ့အဘိုးနှင့်ပတ်သက်၍ တစ်စုံတစ်ခု မူမမှန်ကြောင်း သူ ပြောနိုင်သည်။ ဘိုးဘိုးမန်၏ ကျင့်ကြံခြင်းအခြေခံသည် အသက်ရှိပြီး စွမ်းအားတို့ဖြင့် လှုပ်ရှားလည်ပတ်နေသယောင် ထင်ရသော်လည်း ယင်းက အပြင်ပန်းမျှသာ ဖြစ်၏။ အတွင်းထဲတွင် သူ၏ကျင့်ကြံခြင်းအခြေခံမှ တုပ်တုပ်မှမလှုပ်ပေ။

ကြည့်ရခြင်းအားဖြင့် ... သူ့အဘိုးနှင့်ပတ်သက်သော တစ်စုံတစ်ရာ၊ သူ၏ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်စေနိုင်မည့် အရာ ပျောက်ဆုံးနေသယောင်ရှိသည် ..... ဤခန္ဓာကိုယ်၏ ဝိညာဉ် အိပ်ပျော်နေပုံပေါ်သည်။

အချိန်အနည်းငယ်ကြာပြီးနောက် မန်ဟိုက မျက်လုံးပိတ်၍ နတ်ဘုရားအာရုံတချို့ကို ခန်းမအတွင်းနှင့် ပတ်ဝန်းကျင်သို့ ဖြန့်ကျက်ကြည့်လိုက်သည်။ မကြာမီ နတ်ဘုရားအာရုံသည် အဋ္ဌမတောင်ပင်လယ်တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့၏။ အချိန်တွေ ကြာသွားသည်။ နောက်ဆုံးတော့ မန်ဟို့မျက်လုံးများ ပြန်ပွင့်လာပြီး ထူးဆန်သောအလင်းရောင်ဖြင့် တောက်ပနေသည်။

“ဘိုးဘိုးရဲ့ဝိညာဉ် မရှိတော့ဘူး....” သူက ခပ်တိုးတိုး ရေရွတ်သည်။ ၎င်းက အတော်လေး ရင်းနှီးနေသော အခြေအနေတစ်ခု ဖြစ်သည်။ ထို့နောက် သူ၏မျက်လုံးများ ဝိုင်းစက်သွားသည်။

“ငါ ဒီလိုအရာမျိုးကို ယုံမှားသံသယပျက်စီးနေတဲ့အတောအတွင်းမှာ ကြုံတွေ့ခဲ့ဖူးတယ်... ဘိုးဘိုးရဲ့ဝိညာဉ်က သူ့ကိုယ်ထဲမှ မရှိဘူး။ အပြင်တစ်နေရာကို ရောက်နေတယ်... ဒါပေမဲ့ တည်တော့ တည်ရှိနေသေးတယ်။ ကြည့်ရသလောက်တော့ အဖြေတစ်ခုပဲ ရှိတယ်... ဘိုးဘိုးမန်ရဲ့ ဝိညာဉ်ဟာ အဋ္ဌမတောင်ပင်လယ်နဲ့ တစ်သားတည်းဖြစ်သွားတာ... ဒါဆို သူ့ရဲ့ဝိညာဉ်က နေရာအနှံ့နေရာမှာပေါ့

“မိုးနဲ့မြေတစ်ခွင် စိတ်ခရီးနှင်ပြီး ပြန်လာဖို့ မေ့သွားခဲ့သလိုမျိုး” တခြားတစ်ယောက်သာဆိုလျှင် ဤမျှလွယ်ကူစွာ သုံးသပ်မိနိုင်မည်မဟုတ်ပေ။ သို့သော် မန်ဟိုက တောင်ပင်လယ်သခင်များကို တိုက်ခိုက်နိုင်သော ပုဂ္ဂိုလ်ဖြစ်သည်။ တောင်ပင်လယ်အပေါင်း၏စွမ်းအားနှင့် ရင်းနှီးမှုကြောင့် သူသည် သဲလွန်စအမျိုးမျိုးကို မြန်မြန်ဆန်ဆန် ရှာတွေ့သွား၏။

သူက ဘွားဘွားမန်တို့ ကိုယ်ထဲတွင် စိုက်နေခဲ့သော ဆူးများနှင့် ၎င်းတို့ ဖယ်ရှားခဲ့စဉ်တုန်းက ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးကို ပြန်တွေးမိလိုက်သည်။

“သွေးဆက်ကို ကျိန်စာ၊ ဆွေမျိုးတွေကို မန္တန်အနေနဲ့ သုံးတယ်” မန်ဟိုက တစ်ယောက်တည်း ပြောနေသည်။ “အပြန်လမ်း ရှာမတွေ့တော့အောင် ဝိညာဉ်ကို ချိတ်ပိတ်လိုက်တော့ ဝိညာဉ်ဟာ တဖြေးဖြေး အသိစိတ်လွတ်သွားပြီး မသိစိတ်တစ်ခုတည်းနဲ့ပဲ ပြုမူရင်း အဋ္ဌမတောင်ပင်လယ်မှာ လျှောက်သွားနေနိုင်တော့တယ်....” စိတ်မကောင်းဖြစ်နေသောအမူအရာက သူ၏မျက်နှာအပေါ်တွင် ပေါ်လာသော်လည်း တခဏကြာသော် သူ၏မျက်လုံးများ တောက်ပလာသည်။ သူက လက်ယှက်၍ သူ့အဘိုးကို လေးနက်စွာ အရိုအသေပေးပြီးနောက် ခန်းမတံခါးကို ပြန်ပိတ်ကာ အဋ္ဌမတောင်မှ ထွက်လာခဲ့သည်။

“သွေးဆက်ကျိန်စာကို ငါ ဖျက်စီးပြီးပြီ” သူက မျက်လုံးများ လင်းလက်တောက်ပနေလျက် ကြယ်တာရာကောင်းကင်တွင် ပျံသန်းနေရင်း ရေရွတ်လိုက်သည်။ “ဘိုးဘိုးရဲ့ဆွေမျိုးတွေကနေတစ်ဆင့် စီရင်ထားတဲ့ မန္တန်ကျိန်စာကိုလည်း ဖယ်ရှုားပြီးပြီ။ အခုဆို ဘိုးဘိုးမန်ဟာ နိုးထလာဖို့ လိုအပ်တဲ့အရာတွေကို ပိုင်ဆိုင်ထားပြီ... အားကောင်းတဲ့လှုံ့ဆော်မှုလေးတစ်ခုကိုပဲ လိုအပ်နေတာ

“အဲဒါသာ ရလိုက်ရင် သူ့ဝိညာဉ်ဟာ သူ့ကိုယ်ထဲ ... အလိုအလျောက် ပြန်လာလိမ့်မယ်" ယခု သူ့တွင် ဦးတည်ချက်အသစ် ရှိလာခဲ့ပြီ... သတ္တမတောင်ပင်လယ်ကို အဋ္ဌမတောင်ပင်လယ်နှင့် ဆက်သွယ်ပေးထားသော အကွဲကြောင်း။

“တောင်ပင်လယ်သခင်တစ်ဦးနဲ့ တိုက်ပွဲကနေ ဖြစ်ပေါ်လာမယ့် ပြင်းထန်တဲ့လှိုင်းဂယက်တွေထက်ပိုပြီး အားကောင်းတဲ့ လှုံ့ဆော်မှုမရှိဘူး

“သတ္တမတောင်ပင်လယ်ရဲ့ ကျုးကျော်စစ်ကို ငါ တကယ် အဆုံးသတ်ချင်ရင် အရိုးရှင်းဆုံးနည်းလမ်းက ... သတ္တမတောင်ပင်လယ်သခင်ကို သတ်ဖို့ပဲ

“ဓားပြတွေကို ဖမ်းချင်ရင် ခေါင်းဆောင်ကို အရင်ဖမ်းပါဆိုတဲ့ စကားအတိုင်းပေါ့။ သတ္တမတောင်ပင်လယ်သခင် သေရင် စစ်ပွဲဟာ နိဂုံးချုပ်သွားလိမ့်မယ်" မန်ဟိုသည် စကားတစ်ခွန်းပြောတိုင်း မျက်လုံးများ ပိုမိုစူးရှတောက်ပလာ၏။

“သတ္တမတောင်ပင်လယ်သခင် .....” သူက မျက်လုံးများတွင် ခိုင်မာပြတ်သားမှုတို့ ဝင်းလက်နေလျက် ပြောသည်။ ထို့နောက် နောက်တစ်လှမ်းလှမ်းပြီးနောက် ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာသောအခါ ကောင်းကင်နတ်ဘုရားမဟာမိတ်၏အပြင်၊ အဋ္ဌမတောင်ပင်လယ်နှင့် သတ္တမတောင်ပင်လယ်အကြားက နယ်စပ်တွင် ဖြစ်သည်။ ထိုနေရာက ... အကွဲကြောင်း တည်ရှိသော နေရာလည်း ဖြစ်၏။

သတ္တမတောင်ပင်လယ်ကား ပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော မန္တန်ဝင်္ကပါများနှင့် ကျင့်ကြံသူသောင်းပေါင်းများစွာဖြင့် ခြေကုပ်စခန်းချထားပြီးလေပြီ။

အမှန်တွင် ထိုနေရာ၌ တပ်ချထားသည့် တာအိုနယ်ပယ်ပညာရှင်လေးယောက်လည်း ရှိသည်။ သူတို့ထဲက တစ်ယောက်သည် သတ္တမတောင်ပင်လယ်တွင် မြို့စားလုနည်းတူ ထင်ရှားကျော်ကြား၏။ သူက တာအိုဥသျှောင်အဆင့်လည်း ဖြစ်ကာ နာမည်ကတော့ ခေါင်းဆောင်ကြီး ချိယန်ဟု အမည်တွင်သည်။

ကျန်သုံးယောက်အနက် တစ်ယောက်က တာအိုသခင်အဆင့်ဖြစ်၍ နောက်နှစ်ယောက်က အနှစ်သာရ ၁ ခု တာအိုနယ်ပယ်ပညာရှင်များ ဖြစ်ကြသည်။

မရေမတွက်နိုင်သော တားမြစ်မန္တန်များ၊ အခြားမန္တန်ဝင်္ကပါများနှင့် ကျင့်ကြံသူသောင်းပေါင်းများစွာအပြင် ထိုလေးယောက် စခန်းချထားခြင်းကြောင့် ဤဧရိယာသည် အဋ္ဌမတောင်ပင်လယ်ကျင့်ကြံသူတစ်ယောက်မှ အသက်ဖြောင့်ဖြောင့် မရှူဝံ့သော နေရာတစ်နေရာဖြစ်လာ၏။ ထိုမျှသာမက တစ်ယောက်ယောက်သာ အကာအကွယ်များကို ချိုးဖျက်ဖို့ ကြိုးစားသော်လည်း မြန်မြန်ဆန်ဆန် မအောင်မြင်လျှင် ကောင်းကင်နတ်ဘုရားမဟာမိတ်ကို ထိုးစစ်ဆင်နေသော ပင်မစစ်ကြောင်းနှင့်အတူ ကျန်အစွမ်းထက်ပညာရှင်များသည် ထိုလူကို ဝိုင်းဖို့ လျင်မြန်စွာ တပ်ပြန်ဆုတ်လာလိမ့်မည်။

သို့ရာတွင် ... မန်ဟိုသည် သာမန်ကျင့်ကြံသူလေးမဟုတ်။

သူက ပတ်ဝန်းကျင်တွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ့ကျင့်ကြံခြင်းအခြေခံ၏ အငွေ့အသက်များကို ဖုံးကွယ်ဖို့ ဘာမှမလုပ်ပေ။ သူသည် သူ၏ရှေးဟောင်းမန်နာကို ပေါက်ကွဲလုနီးပါး လှည့်ပတ်ထားပြီး ပါရာဂွန်တံတား၏အရှိန်အဝါကိုပင် ထုတ်ဖော်လိုက်၏။ တောင်ပင်လယ်များ၏စွမ်းအားက သူ့ကို ရစ်သိုင်းလှည့်ပတ်ရင်း မိုးပြိုမြေပြိုစေသော လေဆင်နှာမောင်းကြီးတစ်လုံးကို လည်လာစေသည်။ လေဆင်နှာမောင်းတိုက်ခတ်လာသည့်အခါ ကြယ်တာရာကောင်းကင်မှာ ပုံပျက်ရှုံ့တွလာပြီး အဆုံးမဲ့ကြယ်ပင်လယ်တစ်စင်း ပေါ်လာသည်။ တောင်တန်းများကို မြေလှန်၍ ပင်လယ်များကို ခမ်းခြောက်စေနိုင်သော ကြောက်မက်ဖွယ်စွမ်းအားကြီးက ကြယ်တာရာကောင်းကင်ကို မှေးမှိန်သွားစေပြီး ထစ်ချုန်းသံများ မြည်ဟည်းလာစေသည်။

ချက်ချင်းပင် သတ္တမတောင်ပင်လယ်မှ ကျင့်ကြံသူများမှာ တရားထိုင်နေရာမှ နိုးထလာကြကာ မျက်နှာရိပ်ခနဲ ဖြစ်ကုန်ကြသည်။ တစ်ချိန်တည်းဆိုသလို ဩဇာအပြည့်ပါသော ကြိမ်းမောင်းသံကြီးတစ်သံက အကွဲကြောင်းဧရိယာမှ ပဲ့တင်ထပ်လာသည်။

“အဲဒီက ဘယ်သူလဲ” အသံကြီး မိုးခြိမ်းသံသဖွယ် ပဲ့တင်ထပ်နေစဉ် ဆံနီအဘိုးအိုတစ်ဦး ပေါ်လာသည်။ သူ၏မျက်လုံးများ ပွင့်လာသောအခါ လုံးလုံးလျားလျား ထူးခြားဆန်းကြယ်နေ၏။ မျက်လုံးတစ်ဖက်စီတွင် သူငယ်အိမ်နှစ်ခုစီ ရှိနေချေသည်။

သူ့အနောက်တွင် မီတာသုံးထောင်တိတိ မြင့်မားသော နွားသိုးမည်းမည်းကြီးတစ်ကောင် ရှိသည်။ မန်ဟို့ကို စိုက်ကြည့်နေစဉ် ၎င်း၏မျက်လုံးများသည် ငရဲမီးကဲ့သို့ တဝင်းဝင်းတောက်လာ၏။

ထူးဆန်းစွာနှင့် နွားမည်းကြီး၏ မျက်လုံးထဲ၌ တောက်လောင်နေသော မီးက ဆံနီအဘိုးအို၏ သူငယ်အိမ်နှစ်ခုအတွင်း၌လည်း မီးတောက်နေစေသည့်အလား ထင်ရသည်။

ရလဒ်အနေဖြင့် အဘိုးအို၏မျက်လုံးကို ကြည့်မိလိုက်လျှင် သို့မဟုတ် နွားမည်းကြီး၏မျက်လုံးများကို ကြည့်မိလိုက်လျှင် အမြင်အာရုံဝေဝါးသွားသည်ကို ခံစားရလိမ့်မည်။

နောက်ထပ်အဘိုးအိုသုံးဦးက ဘေးတွင် ထိုင်နေပြီး သူတို့၏မျက်လုံးများ ပွင့်လာသည့်အခါ တာအိုနယ်ပယ်၏ အနှစ်သာရအရှိန်အဝါက သူတို့ထံမှ ပေါ်ထွက်လာသည်။

မန်ဟိုသည် ချဉ်းကပ်သွားနေစဉ် ကျင့်ကြံသူသောင်းများစွာကို မျက်လုံးဝေ့ကြည့်ပြီးနောက် ဆံနီအဘိုးအိုကို ကြည့်ကာ တည်ငြိမ်စွာ ဆို၏။ “မစဉ်းစားတတ်တဲ့ကောင်တွေကို ကျုပ် ထပ်မသတ်ချင်တော့ဘူး။ ဒီကျင့်ကြံသူတွေကို အဝေးပို့လိုက်ပါ”

All Chapters