ကျုပ် ခင်ဗျားကို စောင့်နေတယ်
Vol. 93 Ch. 1294
ဆံနီအဘိုးအို၏အကြည့် မန်ဟို၏အကြည့်နှင့် ဆုံသွားလျှင်ချင်း အဘိုးအိုမှာ ချာချာလည်မူးမိုက်သွားပြီး သူ့ကိုယ်ထဲတွင် အသံတစ်သံ အော်နေသကဲ့သို့ ပြင်းထန်သော အသက်အန္တရာယ်ကို ခံစားလိုက်ရသည်။
အသက်အန္တရာယ်က အဘိုးအိုကို တုန်ရီလာစေတော့သည်။ သူ့မှာ တောင်ပင်လယ်သခင်တစ်ဦးကို ရင်ဆိုင်နေရသလို ခံစားလိုက်ရ၍ အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲတွင် ကြောက်လန့်နေလေပြီ။
ဆံနီအဘိုးအို၏ သူငယ်အိမ်နှစ်ခုက ကျုံ့သွားပြီး သူသည် ချက်ချင်း လက်ကို ဝှေ့ယမ်းလိုက်၏။
“တပ်ပြန်ဆုတ်ကြ” သူက ပြောသည်။
ထိုစကားတစ်ခွန်းက သတ္တမတောင်ပင်လယ်မှ ကျင့်ကြံသူအားလုံးကို အံ့အားသင့်သွားစေသည်။ သူတို့သည် မန်ဟို့အရှေ့တွင် လမ်းတစ်လမ်းဖွင့်ပေးရင်း နောက်ဆုတ်သွားကြလေသည်။
အဘိုးအိုက မျက်မှောင်ကြုတ်ပြီးနောက် ကြိမ်းမောင်းလိုက်သည်။ “တပ်ပြန်ဆုတ်လို့ ငါ ပြောနေတယ်လေ”
သူ့အသံသည် ကျင့်ကြံသူသောင်းပေါင်းများစွာ၏ နားထဲတွင် မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်ရင်း သူတို့အား မူးမိုက်သွားစေ၏။ ချက်ချင်းဆိုသလို သူတို့အားလုံး အကွဲကြောင်းဧရိယာမှ ဝေးရာသို့ တပ်ဖြန့်သွားကြတော့သည်။
ဆံနီအဘိုးအို၏စကားကြောင့် ကျန်တာအိုနယ်ပယ်ပညာရှင်သုံးယောက်က မျက်မှောင်ကြုတ်သွားသည်။
“ခေါင်းဆောင်ကြီးချိ ဒါက သိပ်မသင့်တော်ဘူးနော်” တာအိုသခင်က ပြောသည်။
“ပါးစပ်ပေါက် ပိတ်ထားစမ်း” ဆံနီအဘိုးအိုက မာန်မဲသည်။ “ငါ့အမိန့်ကို မင်း ဝေဖန်စရာ မလိုဘူး” သူသည် တာအိုသခင်ကို စိန်းစိန်းဝါးဝါးကြည့်ပြီးနောက် ကျန်ကျင့်ကြံသူများဘက် လှည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပြန်၏။
“ထပ်ဆုတ်ကြဦး။ ဒီနေရာကနေ ကီလိုမီတာငါးထောင် ဝေးအောင် သွားကြ။ ငါ့အမိန့်မပါဘဲ မင်းတို့တစ်ယောက်မှ ဒီဧရိယာထဲ ခြေမချနဲ့ သွားကြတော့ အခုချက်ချင်း” အဘိုးအို၏အသံသည် ကျင့်ကြံသူသောင်းပေါင်းများစွာ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေ၏။ သူတို့အနေဖြင့် မန်ဟို မည်မျှကြောက်စရာကောင်းသလဲ မခံစားရသော်လည်း ဆံနီအဘိုးအို၏အမိန့်ကို လျစ်လျူမရှုနိုင်ကြပေ။
မကြာမီ ကျင့်ကြံသူသောင်းပေါင်းများစွာလုံး ပျံထွက်သွားကြသည်။ အက်ကွဲကြောင်းထံမှ ပတ်ပတ်လည် ကီလိုမီတာငါးထောင်တွင် ခေါင်းဆောင်ဆံနီအဘိုးအိုနှင့် ကျန်တာအိုနယ်ပယ်ပညာရှင်သုံးယောက်ကလွဲ၍ မည်သူမှ မရှိကြတော့ပေ။
ဆံနီအဘိုးအိုက မန်ဟို့ကို စိုက်ကြည့်ရင်း ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
သူ၏တင်စီးသောအပြုအမူကြောင့် စောစောက သူ ဟောက်ခဲ့သော တာအိုသခင်က အေးစက်စက် နှာမှုတ်လိုက်ပြီး သူ၏မျက်လုံးများတွင် မုန်းတီးစက်ဆုပ်မှုတို့ ထင်ဟပ်လာသည်။ သို့သော် တာအိုသခင်မှာ ငြင်းခုံရန် စိတ်မပါ၍ ဘာမှမပြောပေ။ သို့သော် သူက မန်ဟို့ကို အနီးကပ်အကဲခတ်လိုက်သည့်အခါ ဆံနီအဘိုးအိုနည်းတူ မန်ဟို့ကိုယ်ထဲ၌ ငုပ်လျှိုးနေသော ကြောက်မက်ဖွယ်အငွေ့အသက်များကို ခံစားလိုက်ရသဖြင့် မျက်လုံးပြူးသွားတော့သည်။
အနှစ်သာရ ၁ ခု တာအိုနယ်ပယ်ကျင့်ကြံသူနှစ်ယောက်၏ အမူအရာများလည်း လေးနက်လာသည်။ ဆံနီအဘိုးအို ထရပ်သည့်အခါ သူတို့လည်း ထရပ်ရင်း အင်အားကြီးမားသော ပြိုင်ဘက်တစ်ဦးကို ရင်ဆိုင်ရသည့်အလား မှော်သိုင်းကွက်များနှင့် မှော်ပစ္စည်းအမျိုးမျိုးကို ဆင့်ခေါ်ရန် သူတို့၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို စုဝေးလိုက်ကြသည်။
ဆံနီအဘိုးအိုကို ကြည့်နေစဉ် မန်ဟို၏အမူအရာကတော့ တည်ငြိမ်အေးဆေးလျက်သာ ရှိသည်။ အဘိုးအိုသည် မန်ဟို၏သဘောအတိုင်း ကျင့်ကြံသူသောင်းပေါင်းများစွာကို ဝေးရာသို့ စေလွှတ်ခဲ့သည့်အတွက် မန်ဟို့အား သူ့ကို အတော်လေး သဘောကျသွားစေသည်။
ထိုလူ့နှလုံးသားထဲတွင် အတိုင်းအတာတစ်ခုအထိ စေတနာရှိ၍ သူတို့တိုက်ခိုက်သောအချိန်တွင် ပတ်ဝန်းကျင်၌ ကျန်ကျင့်ကြံသူများရှိနေပါက အကျိုးရှိလိမ့်မည်မဟုတ်ကြောင်း နားလည်ခြင်းဖြစ်သည်ဟု မန်ဟို ပြောနိုင်သည်။
အဆုံးသတ်တွင် ထိုကျင့်ကြံသူသောင်းပေါင်းများစွာသည် သေချာပေါက် အသတ်ခံရလျှင် ခံရ၊ သို့မဟုတ် ထွက်ပြေးလျှင် ထွက်ပြေးရလိမ့်မည်။ ယခု သူတို့ကို ထွက်သွားခွင့်ပေးထားခြင်းက သတ္တမတောင်ပင်လယ်၏အင်အားကို အတောင့်တင်းဆုံးအဖြစ် ထိန်းထားဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်သည်။
ဆံနီအဘိုးအိုသည် သတိအပြည့်ဖြင့် မန်ဟို့ကို ကြည့်ကာ မေးသည်။ “သင်က ဘယ်သူပါလဲ”
“မန်ဟို” ရှေ့လျှောက်လာနေသော မန်ဟို၏ တည်ငြိမ်သောအဖြေ ဖြစ်သည်။ ချက်ချင်းဆိုသလို မန္တန်ဝင်္ကပါများနှင့် တားမြစ်မန္တန်များသည် အသက်သွင်းခံလိုက်ရသဖြင့် ပြိုးပြိုးပြက်ပြက် လက်လာရင်း ကျယ်လောင်စွာ မြည်လာကြ၏။
သို့သော် ထိုအခိုက်အတန့်မှာတင် တားမြစ်မန္တန်များ ပြိုကွဲသွားပြီး မန္တန်ဝင်္ကပါများ တလက်လက် ပေါက်ကွဲကုန်သဖြင့် တဝုန်းဝုန်းမြည်သံများ ဆူညံသွားသည်။
မန်ဟို ဆက်သွားနေစဉ် တားမြစ်မန္တန်နှင့် မန္တန်ဝင်္ကပါအားလုံး ဖျက်စီးခံနေရသည်။
မန်ဟိုထံမှ တန်ခိုးလှိုင်းသည် မည်သည့်အရာကိုမဆို တွန်းလှန်နိုင်ပြီး အတားအဆီးအားလုံးကို မြက်ခြောက်များသဖွယ် နင်းခြေပစ်နိုင်သော ဖိအားကြီးဖြစ်လာခဲ့သည့်အလားပင်။
ဆံနီအဘိုးအို၏မျက်နှာပျက်သွားပြီး သူ့ဘေးရှိ တာအိုသခင်၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ အနှစ်သာရ ၁ ခု တာအိုနယ်ပယ်ပညာရှင်နှစ်ယောက်လည်း ရင်ခုန်သံများ ဗြောင်းဆန်လာသည်ကို ကြားလိုက်ရသည်။
ဤအရာအားလုံးကို ဖော်ပြရန် အချိန်တချို့ကြာလိုက်သော်လည်း တကယ်တမ်း စက္ကန့်အပိုင်းအတွင်း ဖြစ်ပျက်သွားခြင်းပင်။ မိုးမြေကို တုန်ခါဟည်းနေစေသော ပေါက်ကွဲသံများသည် အကွဲကြောင်း၏ပတ်ပတ်လည်တွင် ပြည့်နှက်နေသဖြင့် ကြယ်တာရာကောင်းကင်တစ်ခုလုံးကို လင်းထိန်စေနိုင်လောက်အောင် တောက်ပသော အရောင်အဝါများ အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည်။ ထိုအလင်း မှေးမှိန်သွားသောအခါ စောစောက လင်းထန်နေခဲ့သော ကြယ်တာရာကောင်းကင်ကြီး ပျောက်ဆုံးသွားသည့်အလား ထင်ရသည်။
ကျန်ခဲ့သည့်အရာများမှာ ကီလိုမီတာငါးထောင်ဧရိယာအပြည့် ဖြာထွက်နေသော လှိုင်းများသာ ဖြစ်ပေ၏.... ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ မန္တန်ဝင်္ကပါအားလုံး ... ရစရာမရှိအောင် ဖျက်စီးခံလိုက်ရလေပြီ။
ကီလိုမီတာငါးထောင်ဧရိယာ၏အပြင်ရှိ ကျင့်ကြံသူသောင်းပေါင်းများစွာသည် ဖြစ်ပျက်နေသောအရာကို ခံစားလိုက်ရလျှင် စိတ်နှလုံးတုန်လှုပ်သွားကြ၏။ အထူးသဖြင့် ရှေးဟောင်းနယ်ပယ်ပညာရှင်များပင်။ ထိုဧရိယာမှ ထွက်ခွာခဲ့ကြသည့်တိုင် သူတို့၏နတ်ဘုရားအာရုံက ဖြစ်ပျက်နေသောအရာကို စောင့်ကြည့်နိုင်ခဲ့၍ မန်ဟို လမ်းလျှောက်နေစဉ် သူထံမှ ဖိအားက မန္တန်ဝင်္ကပါအားလုံးကို ဖျက်စီးပစ်ခဲ့သည်ကို မြင်သောအခါ သူတို့မှာ တုန်လှုပ်ပြီးရင်း တုန်လှုပ်ကုန်ကြတော့သည်။
“အဲ့ဒါ... ဘာကျင့်ကြံခြင်းအဆင့်လဲ”
“တာအိုနယ်ပယ်... သေချာပေါက် သာမန်တာအိုနယ်ပယ်အဆင့် မဟုတ်နိုင်ဘူး” လူတိုင်း အံ့အားသင့်နေပြီး တာအိုနယ်ပယ်ပညာရှင်လေးယောက်မှာတော့ ရင်ခုန်သံများ ဆူညံနေလေပြီ။
အရာအားလုံးကို မှောင်ပိန်းသွားစေသော နားကွဲလုမတတ် ပေါက်ကွဲသံများနှင့်အတူ မန်ဟိုက လေးယောက်သား၏အရှေ့ မီတာသုံးရာအကွာလေးတွင် ဘွားခနဲ ပေါ်လာသည်။
သို့သော် သူက ထိုနေရာ၌တင် မရပ်။ ဆံနီအဘိုးအိုနှင့်အပေါင်းအပါများကို ကြည့်ပင်မကြည့်ဘဲ အေးအေးလူလူ ဆက်လျှောက်လာသည်။ သူသည် ကြယ်တာရာကောင်းကင်တွင် ပွင့်နေခဲ့သော အကွဲကြောင်းနှင့် ထိုအကွဲကြောင်းကို ဖွင့်ပေးထားဆဲဖြစ်သော သားရဲကို မမှိတ်မသုန် စိုက်ကြည့်နေ၏။
သားရဲသည် အကွဲကြောင်းကို ဆွဲဖြဲခဲ့တုန်းကလို မဟုတ်တော့ပေ။ ၎င်းက အကွဲကြောင်း၏အနားနှစ်ခုကို ဖုံးနေသော နွယ်များအသွင် ပြောင်းရင်း အပေါက်ပိတ်မသွားအောင် ထိန်းပေးထားနေ၏။
အကွဲကြောင်းနှင့် နီးကပ်လာသည်နှင့်အမျှ နီးသထက်နီးလာနေသော ကြောက်မက်ဖွယ်အသက်ဓာတ်ကို မန်ဟို ခံစားလိုက်ရသည်။ ထိုအသက်ဓာတ် အကွဲကြောင်းမှ ထွက်၍ အဋ္ဌမတောင်ပင်လယ်တွင် ခြေချဖို့ သိပ်မကြာတော့ကြောင်း သူ ပြောနိုင်သည်။
မန်ဟို အကွဲကြောင်းအနား ရောက်လာသည့်အခါ သူ လှမ်းနေသော ခြေလှမ်းများသည် သာမန်မဟုတ်တော့ပေ။ ဆံနီအဘိုးအိုနှင့် ကျန်သုံးယောက်သည် ကြောက်စရာကောင်းသော တဝုန်းဝုန်းမြည်သံများကို အာရုံရလာကြ၏။
သူတို့ ခံစားနေရသော အကြောက်တရားမှာ နောက်တစ်ဆင့်တက်သွားပြီး မြည်သံများက ပိုမိုကျယ်လောင်လာသည်။ အနှစ်သာရ ၁ ခု တာအိုနယ်ပယ်ပညာရှင်၏မျက်နှာမှာ ဖြူဆုပ်သွားပြီး သူ့ပါးစပ်မှ သွေးများ စီးကျလာသည်။ သူတို့က လိပ်ပြာလွင့်မတတ် ကြောက်နေသောဟန်ပန်များဖြင့် နောက်ဆုတ်လိုက်ကြရလေသည်။
ထို့နောက် တာအိုသခင်လည်း နောက်ဆုတ်ရသည်၊ နောက်ဆုံးတော့ ဆံနီအဘိုးအို။
သူတို့အနေဖြင့် ထိုသို့လုပ်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ မန်ဟို နီးလာနေသည်နှင့်အမျှ သူတို့အတွက် ဧရာမကျောက်တုံးကြီးများ အပေါ်မှ ဖိချနေသလို ခံစားနေရ၍ နောက်မဆုတ်လျှင် သေချာပေါက် ပြားကပ်သွားလိမ့်မည်။
ဝုန်း
မန်ဟိုက ဖြည်းဖြည်းချင်း ဆက်လျှောက်လာပြီး လေးယောက်သားမှာ ဆုတ်လိုက်ရပြန်သည်။ ထို့နောက် တာအိုသခင်၏ပါးစပ်မှ သွေးများစီးကျလာသည်။ မန်ဟို မီတာ ၁၅၀ ခန့်သာ ကွာတော့သည့်အချိန်တွင် သူတို့အပေါ် သက်ရောက်နေသော ဖိအားမှာ မိုးပြိုကျလာနေသကဲ့သို့ လွန်စွာပြင်းထန်လာသလို သူတို့၏ကြောက်စိတ်များလည်း ကြီးမားလာသည်။
အနှစ်သာရ ၁ ခု တာအိုနယ်ပယ်ပညာရှင်များ၏ ခန္ဓာကိုယ်များမှာ အရိုးကျိုးသံများ ထွက်လာကာ ပြိုကွဲစပြုလာသည်။ တာအိုသခင်၏မျက်နှာမှာ ယခုတော့ ခရမ်းရောင်သမ်းနေပြီး သူ့သွေးများမှာ သူ၏သွေးကြောများတစ်လျှောက် ခက်ခက်ခဲခဲ စီးဆင်းနေရလေသည်။
ဆံနီအဘိုးအိုမှာ တုန်ရီနေပြီး သူ့အတွက် သေမင်း၏အရိပ်အောက်တွင် ရပ်နေရသလို ခံစားနေရသည်။
သူတို့သည် မာန်သွင်းဟိန်းဟောက်လိုက်ကြပြီး သူတို့၏မျက်လုံးများတွင် ရူးမိုက်မှုတို့ ပြည့်နှက်လာသည်။ ဤဖိအားနှင့်ပတ်သက်၍ တစ်ခုခုမလုပ်လျှင် မကြာခင် သူတို့အနေဖြင့် ခုခံနိုင်စွမ်း လျော့နည်းလာလိမ့်မည်။ မန်ဟိုသာ နောက်ထပ်ခြေလှမ်းအနည်းငယ်လှမ်းလိုက်လျှင် သူတို့ သေချာပေါက် ပြားကပ်သေဆုံးရလိမ့်မည်။
ဆံနီအဘိုးအိုသည် ခေါင်းနောက်လှန်၍ ဟိန်းဟောက်ရင်း သူ၏ကျင့်ကြံခြင်းအခြေခံကို အပြည့်အဝ လှည့်ပတ်လိုက်၏။ တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်နေစဉ် သူက မန်ဟို့ဆီ ပြေးဝင်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွားသည်။ သူ၏လက်များက လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက်ကို လျင်မြန်စွာ ဖော်ဆောင်လိုက်ပြီး သူ၏သူငယ်အိမ်များမှ သူ့အရှေ့ရှိ အာကာသကို ပုံပျက်လာစေသော ဆန်းဆန်းပြားပြားရောင်စဉ်ကို ထုတ်လွှတ်လိုက်သည်။ နွားမည်းကြီးလည်း ခေါင်းနောက်လှန်၍ ဟိန်းဟောက်ပြီးနောက် မန်ဟို့ကို ချိုနှင့် ပြေးခွေ့တော့မည့်အလား ခေါင်းကို ငုံ့လိုက်သည်။
၎င်းကား ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေ၏။
ဤအခိုက်အတန့်တွင် ဆံနီအဘိုးအို၏ ကျင့်ကြံခြင်းအခြေခံသည် စွမ်းအားတို့ဖြင့် ပြည့်ဝတောက်လောင်နေ၏။ သူက လက်ကို ဝှေ့ယမ်းကာ အနှစ်သာရစွမ်းအားကို လိမ့်ထွက်သွားစေသည်။ အနှစ်သာရစီးကြောင်းလေးကြောင်း... လေ၊ မိုး၊ မိုးကြိုးနှင့် လျှပ်စီးတို့အား မြင်ရနိုင်လေသည်။
လေသည် မုန်တိုင်းနှင့်တူ၏။ မိုးက ရေအနှစ်သာရဖြစ်ကာ၊ မိုးကြိုးသည် ကြိမ်းဝါးထစ်ချုန်း၍ လျှပ်စီးများက ယိမ်းနွဲ့ကခုန်နေသည်။ အနှစ်သာရစီးကြောင်းလေးကြောင်းသည် မိုးနှင့်မြေကို လှုပ်ရမ်းနိုင်သော မန္တန်ဝင်္ကပါတစ်ခုအသွင် ပြောင်းလိုက်၏။
ဆံနီအဘိုးအိုသည် မတိုက်ခိုက်ဘဲ နေလျှင် နေမည်၊ တိုက်ခိုက်လျှင်လည်း အစွမ်းထက်ဆုံး တာအိုများဖြင့် တိုက်ခိုက်သူမျိုး ဖြစ်၏။ စောစောက အရာများအပြင် ရုတ်တရက် သူ၏ဆံပင်များက ပျံထွက်လာရင်း တစ်နေရာလုံးကို လွှမ်းခြုံထားသော ကြက်သွေးရောင်ပင်လယ်တစ်စင်းပမာ ဖြစ်လာသည်။ ပင်လယ်သည် အဘိုးအို လက်ရှိ ထုတ်လွှတ်နေသော အနှစ်သာရ၊ သူ၏ငါးခုမြောက် အနှစ်သာရဖြစ်သည့် သွေးမြူထုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွား၏။ အနှစ်သာရက မပြည့်ဝသေးသော်လည်း ကျန်အနှစ်သာရများကို အားဖြည့်ပေးသေးလေသည်။
သူ့အနောက်တွင် တာအိုသခင်သည် တုန်ရီလာပြီး နတ်ဘုရားစွမ်းရည်တစ်ခုကို ထုတ်လွှတ်ရန် မုဒြာလက်ကွက်တစ်ကွက်ဖော်၏။ အလင်းတန်းတစ်တန်းက မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ကြယ်တာရာကောင်းကင်ကို ထိုးခွင်းရင်း မန်ဟို့ဆီ ဦးတည်သွားသည်။ တစ်ဆက်တည်းမှာပင် တာအိုသခင်၏ပတ်ချာလည်တွင် ဓားပုံရိပ်များစွာ မြင်သာလာသည်။
မျက်စိတစ်မှိတ်အတွင်း ၎င်းတို့ကား အလက်တစ်သောင်းကျော်သွားလေပြီ။
သူ၏အသတ်အဖြတ်အရှိန်အဝါက အရာအားလုံး ပြင်းပြင်းထန်ထန် တုန်ခါနေသည့်တိုင်အောင် အားကောင်းလှ၏။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ဓားပုံရိပ်တစ်ခုစီ၏ အနောက်တွင် ဓားများကို မန်ဟို့ထံ တွန်းပို့လိုက်သော မကောင်းဆိုးဝါးဝိညာဉ်တစ်ကောင်စီ ရှိနေရာ မန်ဟိုမှာ ရန်သူတစ်ယောက်တည်းမဟုတ်ဘဲ ဓားသမားတစ်သောင်းကို ရင်ဆိုင်နေရသလို ဖြစ်သွားသည်။
နောက်ဆုံးတွင်တော့ အနှစ်သာရ ၁ ခု တာအိုနယ်ပယ်ကျင့်ကြံသူနှစ်ယောက်။ သူတို့၏ကျင့်ကြံခြင်းအခြေခံမှာ အားနည်းသည့်အပြင် မန်ဟို့ထံမှ ဖိအားကြောင့် လေးယောက်ထဲတွင် အများဆုံးပေးဆပ်လိုက်ရလေသည်။ သူတို့၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး မျက်လုံးများ နီရဲလာကာ အံတင်းတင်းကြိတ်လိုက်ကြ၏။ သူတို့နှစ်ယောက်တွင် အနှစ်သာရတစ်ခုထက် ပို၍မရှိသော်လည်း နှစ်ယောက်ပေါင်းအားက နေတစ်စင်း၏ပုံရိပ်ကို ဖော်ဆောင်ပေးလိုက်နိုင်သည်။
မန်ဟိုက ရန်သူလေးယောက်ကို ကြည့်ပြီးနောက် ညာခြေကို ချသည်။ ထိုသို့ချလိုက်သောအခါ သူသည် မီတာသုံးဆယ်အမှတ်ကို တစ်ခါတည်းဖြတ်သန်းကာ သူတို့၏အရှေ့တွင် ဖျတ်ခနဲ ပေါ်လာ၏။
သူ၏ခြေဖဝါး ကျသွားသောအချိန်တွင် ကြယ်တာရာကောင်းကင်သည် တဂျိန်းဂျိန်း ထစ်ချုန်းသွားပြီး အံ့မခန်းလိလိစွမ်းအားက သူ့ထံမှ လိမ့်ထွက်လာသည်။ သူ့ညာလက်က နွားမည်းကြီး၏ချိုတစ်ချောင်းကို အသာအယာတို့ထိလိုက်သည်။ နွားမှာ နာကျင်စွာ အော်ဟစ်ပြီး တစစီ ပြိုကွဲသွားတော့သည်။ တစ်ချိန်တည်းမှာပင် မန်ဟို့လက်၏ဝှေ့ယမ်းမှုက ဆံနီအဘိုးအို၏အနှစ်သာရများကို ပျက်သုဉ်းစေလိုက်သည်။ သွေးများ သူ၏ပါးစပ်မှ ဖွားခနဲ လွင့်စင်သွားပြီး သူ့မှာ လည်ထွက်သွားတော့၏။
မန်ဟိုက အေးစက်စက် နှာမှုတ်ရင်း လှည့်လိုက်သည်။ နှာမှုတ်သံက ဓားပုံရိပ်တစ်သောင်းကို ဝင်တိုက်ရင်း ခွဲပစ်လိုက်သည်။ ဓားသမားတာအိုသခင်မှာ သွေးတစ်လုပ်အန်လိုက်ရပြီး နှာမှုတ်သံလေးကြောင့် အသက်ထွက်တော့မလို ဖြစ်သွားသည်။ သူက ချက်ချင်း နောက်ဆုတ်လိုက်သည်။
အနှစ်သာရ ၁ ခု တာအိုနယ်ပယ်ကျင့်ကြံသူနှစ်ယောက်အတွက်မူ မန်ဟို့ထံမှ အကြည့်လေးတစ်ချက်သာ လိုလိုက်သည်။ သူ့အကြည့်သည် သူတို့၏နေပုံရိပ်ကို ပိုင်းချလိုက်သော ဓားတစ်လက်နှင့်တူ၍ သူတို့အား သွေးအန်ရင်း ကြောက်လန့်တကြား ဆုတ်လိုက်ရစေ၏။
“မင်းတို့ထဲက တစ်ယောက်မှာမှ အပြင်သူအရုပ်ဆေးမင်ကြောင် မရှိတာကို ငဲ့ညှာရင်း အသက်ချမ်းသာပေးမယ်” သူက အေးစက်စွာ ဆိုသည်။ ထို့နောက် အကွဲကြောင်း၏အရှေ့တည့်တည့်သို့ ရောက်သွားလေသည်။ ဆံနီအဘိုးအိုနှင့်ကျန်သုံးယောက်မှ လုံးလုံးလျားလျား တုန်လှုပ်နေပြီး မန်ဟို့ကို ထိတ်လန့်ကြောက်ရွံ့စွာ ကြည့်နေကြတော့သည်။
သူတို့ကို လျစ်လျူရှုရင်း မန်ဟိုက လင်းလက်နေသောမျက်ဝန်းများဖြင့် အကွဲကြောင်းကို ကြည့်သည်။ ထို့နောက် သူသည် တင်ပျဉ်ခွေထိုင်ချလိုက်၏။
“ကျုပ် ခင်ဗျားကို စောင့်နေတယ်” သူက အေးဆေးစွာ ပြောသည်။
တစ်ခုတည်းသော တုံ့ပြန်မှုမှာ အကွဲကြောင်းအတွင်းမှ ဖြည်းညင်းစွာ ပဲ့တင်ထပ်လာသော အေးစက်စက်နှာမှုတ်သံသာ ဖြစ်သည်။