အနန္တတာအိုနိယာမ အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ရှိခြင်း
Vol. 49 Ch. 518
ရှေးဟောင်းဘိုးဘေးနယ်မြေ တည်ရှိရာ ကမ္ဘာငယ်လေး ပြိုလဲမသွားခင်မှာပင် ထန်ထျန်းမှာ နယ်မြေကူးပြောင်း အစီအရင်မှတစ်ဆင့် မြေအောက်လျှို့ဝှက်ခန်းထဲသို့ ပြန်ရောက်လာသည်။
ယဇ်ပလ္လင်ပေါ် ပြန်ရောက်ပြီးတာနဲ့ ယဇ်ပလ္လင်ထက်မှာ သေးငယ်သော အက်ကြောင်းလေးများ ပေါ်လာသည်။
မူလက ရှိနေသော အားနည်းလှသည့် အစီအရင်လှိုင်းများမှာလည်း လျင်မြန်စွာပင် ပျောက်ကွယ်သွားတော့သည်။
ကျန်းရှီကျောက်စာတိုင် မရှိတော့သည့်အတွက် ထိုရှေးဟောင်းနယ်မြေမှာ လုံးဝဥဿုံ ပျက်စီးပျောက်ကွယ်သွားပြီဆိုတာ ထန်ထျန်း နားလည်လိုက်သည်။
တစ်ချိန်က အလွန်တရာ တောက်ပခဲ့သော ပြိုင်ဘက်ကင်း အင်မော်တယ်နိုင်ငံ ကြီးမှာ သမိုင်းမြစ် ထဲမှာ အပြီးတိုင် ပျောက်ကွယ်သွားခဲ့ပြီပင်။
ထန်ထျန်း စိတ်ထဲကနေ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
'ဘယ်လောက်ပဲ ပြိုင်ဘက်ကင်းပါစေ၊ ဘယ်လောက်ပဲ ကောင်းကင်ကို ဆန့်ကျင်နိုင်ပါစေ၊ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ'
အချိန်ကာလ၏ ရှေ့မှောက်မှာတော့ ထိုအရာများအားလုံးမှာ ဘာမှမဟုတ်တော့ဘဲ တစ်နေ့နေ့မှာ လူတို့၏ မေ့လျော့ခြင်းကို ခံရမှာပဲပင်။
ဒဏ္ဍာရီလာ ယုံဟန်ကျိကျွင်း အဆင့် ကို ရောက်မှသာ တကယ်ပင် မသေနိုင်သော တည်ရှိမှု ဖြစ်နိုင်မှာ ဖြစ်သည်။
ရှေးယခင်ကတည်းက မရေမတွက်နိုင်သော အထွတ်အထိပ် တည်ရှိမှုများမှာ ကမ္ဘာပေါင်းများစွာကို ဖျက်ဆီးပြီး သတ္တဝါများကို ဒုက္ခရောက်စေခဲ့တာတောင် ယုံဟန်ကျိကျွင်း အဆင့်သို့ ရောက်ဖို့ ဘာလို့ ကြိုးစားခဲ့ကြသလဲဆိုတာ နားလည်နိုင်ပါသည်။
ဒါပေမဲ့ အဆုံးမဲ့လှသော အချိန်ကာလတစ်လျှောက်မှာ တကယ်ပင် ယုံဟန်ကျိကျွင်း အဆင့်သို့ ရောက်နိုင်သောသူ ဘယ်နှစ်ယောက် ရှိပါ့မလဲ။
အများစုကတော့ အိပ်မက်တစ်ခုလိုပင် အဆုံးသတ်သွားခဲ့ရတာပါပဲပင်။
ထန်ထျန်း ခေါင်းကို ခါယမ်းလိုက်ပြီး စိတ်ထဲမှ အတွေးများကို ဖယ်ထုတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် သူ၏ ဒီတစ်ခေါက် ရည်ရွယ်ချက်ကတော့ တကယ်ပင် အောင်မြင်သွားခဲ့ပြီပင်။
မျှော်လင့်မထားသော ရလဒ်များအနေဖြင့် ရှေးဟောင်းသမိုင်းကြောင်းများကို သိလိုက်ရရုံတင်မကဘဲ အဆင့်မြင့် အင်မော်တယ်ကျင့်စဉ်များနှင့် မူလတာအိုကျင့်စဉ်များ အများကြီးကိုပါ ရရှိခဲ့သည်။
အချိန်ကို တွက်ချက်ကြည့်လိုက်တော့ သူ ဒီအပျက်အစီးနယ်မြေထဲ ရောက်နေတာ ၆ နာရီလောက်ပဲ ရှိပါသေးသည်။
အချိန်က အများကြီး ကျန်နေသေးသလို သူ၏တာဝန်များ ပြီးမြောက်ဖို့အတွက်လည်း စိုးရိမ်ပူပန်မှု မရှိတာကြောင့် ခုနက သင်ယူခဲ့သော တာအိုကျင့်စဉ်အားလုံးကို ဒီနေရာမှာတင် အောင်မြင်မှု အထွတ်အထိပ်အထိ တွန်းတင်ဖို့ ဆုံးဖြတ်လိုက်သည်။
ဒီကျင့်စဉ်များက သူ၏ အနန္တတာအိုနိယာမ ကို အထွတ်အထိပ်အဆင့်အထိ ပို့ပေးနိုင်မလားဆိုတာကိုလည်း စမ်းသပ်ကြည့်ချင်နေသည်။
စဉ်းစားပြီးတာနဲ့ ချက်ချင်းပင် အကောင်အထည်ဖော်လိုက်သည်။
ဒီနေရာက နိယာမများမှာ တည်ငြိမ်နေသေးတာကြောင့် ထန်ထျန်းမှာ ယဇ်ပလ္လင်ပေါ်မှာတင် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး ကျင့်စဉ်များကို ပေါင်းစပ် ဖို့အတွက် ဉာဏ်အလင်းပွင့်မှု အကြိမ်အရေအတွက် အများအပြားကို လဲလှယ်လိုက်သည်။
အနန္တတာအိုနိယာမ နယ်မြေ ကို ချက်ချင်း ဖြန့်ကြက်လိုက်သည့်အခါ ထန်ထျန်း၏ ပတ်ပတ်လည်မှာ တောက်ပသော ကြယ်တာရာပင်လယ်ကြီး ပေါ်လာသည်။
သူ ပေါင်းစပ်မှုများ ဆက်တိုက်လုပ်နေတာနဲ့အမျှ ကြီးမားတောက်ပသော ကြယ်များမှာ ပင်လယ်ပြင်ထဲကနေ တစ်လုံးပြီးတစ်လုံး မြင့်တက်လာပြီး ကောင်းကင်မှာ ဝန်းရံနေကြသည်။
ဒီကြယ်များမှာ အရင်က ကြယ်များထက် ပို၍ လင်းလက်နေသည်။ ဒါက ဘိုးဘေးပိုင်ရွှီဆီက သင်ယူခဲ့သော အဆင့်မြင့် အင်မော်တယ်ကျင့်စဉ်များ၏ အရည်အသွေးမှာ အရင်သူသင်ယူခဲ့တာတွေထက် ပို၍ အစွမ်းထက်သည်ဆိုတာကို ပြနေခြင်း ဖြစ်သည်။
တစ်ခေတ်တစ်ခါက ယွီဟွား အင်မော်တယ်နိုင်ငံတစ်ခု၏ အခြေခံအုတ်မြစ်မှာ တကယ့်ကို ကြောက်စရာကောင်းလှသည်။
သိပ်မကြာခင်မှာပင် ကြယ်များ တစ်လုံးပြီးတစ်လုံး တက်လာတာနဲ့အမျှ ကြယ်တာရာပင်လယ်ကြီး၏ တောက်ပမှုမှာ အဆပေါင်းများစွာ တိုးလာသလို အနန္တတာအိုနိယာမ နယ်မြေ၏ အကျယ်အဝန်းမှာလည်း အဆပေါင်းများစွာ ကျယ်ပြန့်သွားသည်။
အနန္တတာအိုနိယာမ မှာ နောက်ဆုံး အတားအဆီးကို တဖြည်းဖြည်း ချဉ်းကပ်လာနေပြီဆိုတာကို ထန်ထျန်း ခံစားနေရသည်။
နောက်ဆုံးမှာတော့ အလွန်ကြီးမားတောက်ပသော ကြယ်တစ်လုံး မြင့်တက်လာသည့်အချိန်မှာ တစ်ခုလုံးသော ကြယ်တာရာပင်လယ်ကြီးမှာ ချက်ချင်းပင် ထိန်ထိန်လင်းသွားတော့သည်။
အဲဒါက အဆင့်မြင့် အင်မော်တယ်ကျင့်စဉ်ထက် ပိုမြင့်သော မူလတာအိုကျင့်စဉ် တစ်ခုပင် ဖြစ်သည်။
ထိုကြယ်တစ်လုံးတည်း၏ တောက်ပမှုမှာ အရင်က ရှိသမျှ ကြယ်အားလုံးကိုတောင် ကျော်လွန်နေသည်။
ဒီအချိန်မှာပင် အနန္တတာအိုနိယာမ မှာ တိတ်တဆိတ် အဆင့်တက်သွားပြီး အောင်မြင်မှု အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားပြီပင်။
အနန္တတာအိုနိယာမ နယ်မြေ၏ အကျယ်အဝန်းမှာ တစ်ဖန် ရူးသွပ် စွာ ထပ်မံကျယ်ပြန့်သွားပြီး အဆုံးမဲ့ ဝေးကွာသောနေရာများအထိ ပျံ့နှံ့သွားသည်။
နိယာမစွမ်းအား အမြောက်အမြားမှာ နယ်မြေထဲမှာ မြင့်တက်လာပြီး ဒီနယ်မြေအတွင်းမှာဆိုပါက စစ်မှန်သော နိယာမများကို အသုံးမပြုဘဲနှင့်တောင် ထန်ထျန်းမှာ နိယာမစွမ်းအားများကို ထိန်းချုပ်နိုင်သော စွမ်းရည် ရရှိသွားသည်။
ဒါပေမဲ့ အနန္တတာအိုနိယာမ ၏ ကြီးထွားမှုမှာတော့ ရပ်မသွားသေးပေ။
အရင်ကြယ်နှင့် ရင်ဘောင်တန်းနိုင်သော နောက်ထပ် ကြယ်ကြီး ရှစ်လုံးမှာလည်း တစ်လုံးပြီးတစ်လုံး မြင့်တက်လာသည်။
နောက်ဆုံးမှာတော့ ကြယ်ကိုးလုံးမှာ ကြယ်တာရာပင်လယ်ထက်မှာ ဝန်းရံသွားပြီး ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် အော်ရာ ကြောင့် ပိုင်ရှင်ဖြစ်သော ထန်ထျန်းကိုယ်တိုင်ပင် တုန်လှုပ်သွားရသည်။
အခုဆိုရင် သူက အင်မော်တယ်ဧကရာဇ် အဆင့် ပညာရှင်တစ်ယောက်နှင့် ရင်ဆိုင်ရပါက ကောင်းကင်နိယာမစွမ်းအားများကို အသုံးမပြုဘဲ သူ၏ ကိုယ်ပိုင်စွမ်းရည်နှင့်တင် အပြတ်အသတ် အနိုင်ယူ နိုင်စွမ်း ရှိသွားပြီပင်။
ဘာလို့လဲဆိုတော့ ဒါက အဆင့်ချင်း လုံးဝ မတူတော့သော စွမ်းအားဖြစ်နေလို့ပင်။
ကျင့်စဉ်အားလုံးကို ပေါင်းစပ် ပြီးသည့်နောက်မှာတော့ ထန်ထျန်း မျက်လုံးဖွင့်လိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်သည်။
ထို့နောက် သူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မျက်နှာမှာ စိတ်လှုပ်ရှားသော အရိပ်အယောင်များ ပေါ်လာသည်။
'ဒီလို အစွမ်းထက်တဲ့ ခံစားချက်က သုံးစွဲမှုအမှတ် တွေနဲ့ နိယာမတွေကို တိုက်ရိုက်လဲလှယ်ရတဲ့ ခံစားချက်နဲ့ လုံးဝ မတူဘူးပဲ'
နိယာမများကို လဲလှယ်တာက သာမန်လူတစ်ယောက်က အစွမ်းထက်သော နတ်ဘုရားလက်နက်တစ်ခုကို ကိုင်ဆောင်ထားသလိုပါပင်။ အရမ်းစွမ်းအားကြီး ပေမဲ့ အဲဒါက ပြင်ပအင်အားသာ ဖြစ်နေသည်။
ဒါပေမဲ့ အနန္တတာအိုနိယာမ ကတော့ သာမန်လူတစ်ယောက်က ကျင့်ကြံမှုမှတစ်ဆင့် သူ့ကိုယ်သူ တကယ် အစွမ်းထက်လာအောင် လုပ်လိုက်သလိုပင်။
ဒီလို အစွမ်းမျိုးက ပိုပြီး ယုံကြည်မှု ရှိလာစေသည်။
အနန္တတာအိုနိယာမ အထွတ်အထိပ် ရောက်သွားပြီးနောက် ထန်ထျန်း အရင်က ဖန်တီးခဲ့သော အနန္တတာအိုနိယာမ လက်သီးငယ် မှာလည်း ထူးခြားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။
ထန်ထျန်း၏ ခန့်မှန်းချက်အရ အနန္တတာအိုနိယာမ လက်သီးငယ်၏ အစွမ်းမှာ ကောင်းကင်နိယာမများဖြင့် ဖန်တီးထားသော အနန္တတာအိုနိယာမ လက်သီးကြီး ထက် သိပ်မလျော့တော့ပေ။
တကယ်လို့ အစွမ်းထက်သော မူလတာအိုကျင့်စဉ်များကို ထပ်ပြီး စုဆောင်းနိုင်ဦးမည်ဆိုပါက သက်ရှိ တို့ ကိုယ်တိုင်ဖန်တီးသော ဒီလို တိုက်ခိုက်ရေးကျင့်စဉ်မှာ အနန္တတာအိုနိယာမ လက်သီးကြီးလိုမျိုး မူလတိုက်ခိုက်ရေးကျင့်စဉ်များကို တကယ်ပင် ယှဉ်နိုင်မှာ ဖြစ်သည်။
ဒါပေမဲ့ ဒါတွေကတော့ နောက်မှပေါ့။
မူလတာအိုကျင့်စဉ်ဆိုတာ စကြဝဠာအနန္တမှာတောင် ရှားမှရှားပင်။ ယွီဟွားအင်မော်တယ်နိုင်ငံလို အင်အားကြီးသော နိုင်ငံမှာတောင် မူလတာအိုကျင့်စဉ် သုံးမျိုးပဲ ရှိပြီး ကျန်သော ခြောက်မျိုးမှာ ဘိုးဘေးတို့ ကိုယ်တိုင်ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ဒါကြောင့် အနန္တတာအိုနိယာမ ကို ထပ်ပြီး အဆင့်တက်ချင်တယ်ဆိုရင်တော့ ကောင်းကင်ထိပ်ဆုံး သို့ ရောက်မှပဲ ဆက်ပြီး စဉ်းစားရမှာ ဖြစ်သည်။
အသေအချာ ခံစားကြည့်ပြီးနောက် ထန်ထျန်းမှာ အနန္တတာအိုနိယာမ နယ်မြေကို ရုပ်သိမ်းလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
စမ်းသပ်ပွဲ ပြီးဆုံးဖို့အတွက် ၅ နာရီလောက် လိုနေသေးတာကြောင့် အပြင်ထွက်ပြီး တာဝန်များကို လုပ်ဖို့ အချိန်တန်ပြီပင်။
တခြား တပည့်များရော ကမ္ဘာ့မူလ များကို ဘယ်လောက်တောင် စုဆောင်းမိနေပြီလဲဆိုတာကိုလည်း ကြည့်ရဦးမည်။
တကယ်လို့ သူတို့က အများကြီး ရနေမည်ဆိုပါက စနစ် ထဲကနေ ထပ်ပြီး လဲလှယ်ရမှာ ဖြစ်သည်။ မြင့်မြတ်သားတော် ရာထူးမှာ တော်တော်လေး အရေးကြီးတာပင်။
ဒါက ကောင်းကင်ထိပ်ဆုံးဆီသို့ သွားမည့် သော့တစ်ချောင်း ဖြစ်တာကြောင့် ထန်ထျန်း ထိုနေရာ ကို မဖြစ်မနေ ရယူရမှာ ဖြစ်သည်။
ထို့နောက် ထန်ထျန်းမှာ ယဇ်ပလ္လင်ပေါ်ကနေ ဆင်းလိုက်ပြီး တစ်ချိန်က သတ္တဝါအပေါင်းတို့၏ သွေးကန် ကို ကျော်ဖြတ်ကာ ဒီမြေအောက်ခန်းကနေ ထွက်လာခဲ့သည်။
ခဏအကြာမှာတော့ သူက အပျက်အစီးနယ်မြေပေါ်မှာ ပြန်ပေါ်လာသည်။
အပြင်လောကမှာတော့ သဲမုန်တိုင်းများက တိုက်ခတ်နေတုန်းပဲပင်။ သဲမုန်တိုင်းထဲက မိုးကြိုး များမှာ အရင်ကထက် ပို၍ ပြင်းထန်လာသလို ခံစားရသည်။ ဒါက ကျန်းရှီကျောက်စာတိုင်ကို သူ ယူလိုက်လို့ ဖြစ်လာတာလားတော့ မသိပေ ။
ဒါပေမဲ့ စိတ်အထင်လည်း ဖြစ်နိုင်သည်။ ကျန်းရှီကျောက်စာတိုင်က ဒီကမ္ဘာအပေါ် သက်ရောက်မှု ရှိသည်ဆိုလျှင်တောင် ဒီလောက် မြန်မြန်ဆန်ဆန်ကြီးတော့ မဖြစ်နိုင်ပေ။
ထန်ထျန်း ခေါင်းခါကာ အဲဒါကို လျစ်လျူရှုလိုက်ပြီးနောက် လမ်းကြောင်းကို မှန်းဆကာ အပျက်အစီးနယ်မြေ၏ အတွင်းပိုင်းဆီသို့ အရှိန်ဖြင့် ပြေးထွက်သွားသည်။
ရှင်းဟယ် အင်မော်တယ်ဧကရာဇ် ပြောဖူးတာကတော့ အပျက်အစီးနယ်မြေ၏ အတွင်းပိုင်းကို ချဉ်းကပ်လေလေ ရတနာများ ရနိုင်ခြေ ပိုများလေလေပင်။
ဒါပေမဲ့ ကြုံတွေ့ရမည့် အန္တရာယ်များမှာလည်း ပိုများလာမှာ ဖြစ်သည်။
ဒါပေမဲ့ ဒီလို အန္တရာယ်များကတော့ မာနကြီးလှသည့် ပါရမီရှင် လူငယ်များကို တားဆီးနိုင်မှာ မဟုတ်ပေ။
ထန်ထျန်းမှာ သူ၏ အာရုံခံစားမှုကို ဖွင့်ထားပြီး ရှာရခက်သော ဟင်းလင်းပြင်အက်ကြောင်းများကို ရှောင်ရှားရင်း အရှိန်ပြင်းပြင်း သွားနေသည်။
လမ်းမှာ ကမ္ဘာ့မူလ အော်ရာ အချို့ကို ခံစားမိတာကြောင့် လက်လွတ်မခံဘဲ သိမ်းခဲ့သည်။
ဒါပေမဲ့ တစ်ခါရလျှင် တစ်ခုတည်းပဲ ရတာကြောင့် 'ဒီနေရာကို တစ်ယောက်ယောက်များ အရင် ရောက်နှင့်နေပြီလား' လို့တောင် ထန်ထျန်း သံသယ ဝင်မိသည်။
နာရီဝက်လောက် သွားပြီးနောက်မှာတော့ ရုတ်တရက် ပြင်းထန်သော တာအိုကျင့်စဉ် လှိုင်း တစ်ခု အဝေး မှ ထွက်ပေါ်လာသည်။
'မြင်မြတ်သားတော် လောင်းလျာလား'
ထန်ထျန်း စိတ်လှုပ်ရှားသွားပြီး အဲဒီနေရာဆီသို့ ချဉ်းကပ်သွားတော့သည်။