← Chapters

လိုချင်လား... ယူသွားလေ

Vol. 8 Ch. 71

လိုချင်လား... ယူသွားလေ

Vol. 8 Ch. 71

သံသယစိတ်များစွာဖြင့် ဝမ်ချောင်တစ်ယောက်ကျန့်ခမ်းယွမ် ဗီလာဝင်း၏ အလယ်ဗဟိုရှိ ဗီလာဆီသို့ အမြန်မောင်းဝင်လာခဲ့သည်။

ဤဗီလာမှာ အကျယ်အဝန်းအရရော၊ တည်နေရာအရရော အခြားဗီလာများထက် များစွာ သာလွန်ကောင်းမွန်လှသည်။

အဝေးမှ လှမ်းကြည့်လျှင် စိမ်းလန်းစိုပြေသော သစ်ပင်ပန်းမန်များကြား၌ နီရဲတောက်ပသော အဆောက်အဦးတစ်ခုကို မြင်တွေ့ရပြီး၊ ဤသည်မှာ ကျန့်ခမ်းယွမ်၏ "ဗီလာဘုရင်" ဖြစ်ကြောင်း သံသယဖြစ်စရာ မလိုပေ။

ဗီလာ အမှတ် ၁ ရှေ့တွင် စောင့်ဆိုင်းနေသော မိုရှင်းယာက လက်ပြနှုတ်ဆက်ကာ သူတို့ကို မြေအောက်ကားဂိုဒေါင်ဆီသို့ လမ်းညွှန်ခေါ်ဆောင်သွားသည်။

"ကောင်းပြီ"

ဝမ်ချောင်နှင့် ချင်းလင်တို့သည် လင်းဖန်၏ ကိုယ်ရေးကိုယ်တာအတွင်းရေးမှူး မိုရှင်းယာနှင့် 4S အရောင်းဆိုင်တွင် တွေ့ဆုံဖူးပြီး ဖြစ်သဖြင့် သိပ်ပြီး အံ့သြမနေတော့ပေ။ သူမ၏ လမ်းညွှန်မှုအတိုင်း Rolls-Royce ကားကြီးကို မြေအောက် ကားရပ်နားစခန်းထဲသို့ မောင်းဝင်လိုက်ကြသည်။

ရှေ့တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် သူတို့နှစ်ဦးစလုံး စကားမဆိုနိုင်ဘဲ မှင်တက်သွားရသည်။ လင်းဖန်၏ ချမ်းသာကြွယ်ဝမှုမှာ သူတို့ မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်သည်။ ဗီလာတစ်ခု၏ မြေအောက်ကားဂိုဒေါင်မှာပင် ကားအစီးရေ ရာနှင့်ချီ ရပ်နားနိုင်ပြီး စတုရန်းမီတာ တစ်ထောင်နီးပါး ကျယ်ဝန်းလှသည်။

ဘယ်ဘက်အခြံ၌ Koenigsegg One:1၊ Lamborghini Veneno၊ SSC Tuatara၊ Aston Martin One-77၊ Pagani Huayra စသည့် ကမ္ဘာ့ဈေးအကြီးဆုံး ထိပ်တန်းပြိုင်ကားများစွာကို စီတန်းရပ်နားထားသည်။ ညာဘက်အခြံတွင်မူ Off-road ကားများ၊ RV ကားကြီးများနှင့် ပြည်တွင်း၌ တွေ့ရခဲသော George Patton၊ Knight XV (Cavalier Fifteen)၊ Paramount Marauder (Predator) နှင့် Unimog U5000 စသည့် ဘီလူးကားကြီးများ ရှိနေသည်။

အလယ်ဗဟိုရှိ ကားဧရိယာကို မြင်လိုက်ရသောအခါ ဝမ်ချောင်၏ နှုတ်ခမ်းများ အနည်းငယ် တုန်ယင်သွားသည်။

ယနေ့ သူ မောင်းလာသော ကားမှာ Rolls-Royce Phantom ဖြစ်သော်လည်း၊ ရှေ့ဆုံးတွင် ရပ်ထားသော ကားမှာမူ ၁၉၆၀ ပြည့်လွန်နှစ်များက ထွက်ရှိခဲ့သည့် Rolls-Royce Silver Phantom ၏ အထူးပြုပြင်မွမ်းမံထားသော ဗားရှင်းဖြစ်နေသည်။ ၎င်းမှာ အသစ်စက်စက်အတိုင်း တောက်ပနေဆဲပင်။

ဘေးနားတွင်လည်း Bentley Mulsanne Deluxe Edition၊ Maserati Royal Edition စသည်ဖြင့် လူသားမဆန်အောင်ပင် ကြွယ်ဝလှသော ကားများကို တွေ့ရသည်။ ထို့ပြင် 4S ဆိုင်တွင် တွေ့ခဲ့စဉ်က လင်းဖန် တစ်ခါတည်း အကုန်သိမ်းဝယ်ခဲ့သော Mercedes-Benz G-Class နှင့် Maserati Quattroporte တို့ကိုလည်း သီးသန့်နေရာတစ်ခုတွင် တွေ့ရှိရသည်။

"ကလစ်"

ဝမ်ချောင်မှာ မနေနိုင်တော့ဘဲ ထိုမြေအောက်ကားဂိုဒေါင်ကို ဓာတ်ပုံများ ရိုက်ယူလိုက်သည်။ ထို့နောက် ဗီဒီယိုအတိုလေးတစ်ခုပါ ရိုက်ကူးကာ ဝေးပေါ် ပေါ်သို့ တင်လိုက်လေသည်။

"မင်းတို့ ယုံချင်မှ ယုံလိမ့်မယ်၊ ဒါပေမဲ့ ငါ တကယ် ဆင်းရဲတာပါ ဒါက တကယ့် သူဌေးကြီးတစ်ယောက်ရဲ့ မြေအောက် ကားဂိုဒေါင်ပဲ"

လူသန်းပေါင်းများစွာ ဖော်လိုဝါရှိနေသည့် "ပြည်သူ့ခင်ပွန်းလောင်း" ဝမ်ချောင်တင်လိုက်သည့် ထိုပို့စ်အောက် ချက်ချင်းပဲ မှတ်ချက်များစွာ ရောက်လာတော့သည်။

"ဒါ Rolls-Royce Silver Phantom မဟုတ်လား?၁၉၆၀ တုန်းက ထွက်တာလေ၊ အခုထိ ဘာလို့ ရှိနေသေးတာလဲ အသစ်ကျပ်ချွတ်ကြီးပဲ၊ ဒါ အထူးမှာယူထားတာလား"

"သူဌေးတွေရဲ့ ဘဝက ဘီလီယံချီတန်တဲ့ ကားဂိုဒေါင်နဲ့ပဲ ကုန်ဆုံးနေတာလား?အခုတော့ ဒီကားပိုင်ရှင်ကို ဘယ်လို ဖော်ပြရမှန်းတောင် မသိတော့ဘူး"

"အခုတော့ ဝမ်အဖေကြီးက ဆင်းရဲသားဖြစ်ပြီး ငါကတော့ တောင်းရမ်းစားသူတောင် မဟုတ်တဲ့ ငတ်ပြတ်နေတဲ့သူ ဖြစ်သွားပြီ"

ဝမ်ချောင်၏ ပို့စ်တစ်ခုကြောင့် ဝေးပေါ်တစ်ခုလုံး ပေါက်ကွဲသွားရုံတင်မကဘဲ Baidu ၏ ခေါင်းကြီးပိုင်း သတင်းတွင်ပင် ပါဝင်သွားခဲ့သည်။ သို့သော် ဝမ်ချောင်ကတော့ ထိုဆူညံသံများကို မသိသေးပေ။ အဘယ်ကြောင့်ဆိုသော် ယခုအခါ ရွှေကိုင်းမျက်မှန် တပ်ထားသော ဝတ်စုံပြည့် အမျိုးသမီးတစ်ဦး သူတို့ရှေ့တွင် ရပ်နေသောကြောင့် ဖြစ်သည်။

"မစ္စတာဝမ်၊ မစ္စတာချင်း သူဌေးက ရှင်တို့ကို သွားကြိုခိုင်းလိုက်လို့ပါ သူ လက်ရှိမှာ အလုပ်လေး နည်းနည်း ရှုပ်နေလို့ ချက်ချင်း မလာနိုင်တာကို တောင်းပန်ပါတယ်ရှင့်"

ဟု မိုရှင်းယာက အားနာစွာ ပြောသည်။

"ဟား တို့တွေက လူငယ်တွေပဲလေ၊ ဒါက ဘာမှ မဟုတ်ပါဘူး တို့ဘာသာ တို့ပဲ တက်သွားလိုက်ပါ့မယ်"

ဟု ဝမ်ချောင်က ပြုံးလျက် ဆိုသည်။

ချင်းလင်ကလည်း

"ဟုတ်တယ်၊ လင်းညီလေးရဲ့ ဗီလာကြီးကိုလည်း လှည့်ပတ်ကြည့်ချင်သေးတယ်"

ဟု ထောက်ခံလိုက်သည်။

"ဒါဆိုရင် ဒီဘက်က ကြွပါရှင်"

မိုရှင်းယာက သူတို့ကို ဓာတ်လှေကားဆီသို့ လမ်းညွှန်ခေါ်ဆောင်သွားသည်။

"ဒါနဲ့... လင်းဖန်က ဘာလို့ ဒီမှာ နေတာလဲလို့ ငါ သိချင်နေမိတယ် သူ ဒီလောက် ချမ်းသာတာ၊ ဘာလို့ ကိုယ်ပိုင် နန်းတော်ကြီး မဆောက်တာလဲ"

ဟု ဓာတ်လှေကားထဲ ရောက်သောအခါ ချင်းလင်က မနေနိုင်ဘဲ မေးလိုက်သည်။

"ဟုတ်တယ် ဗီလာမှာ နေတာက နည်းနည်းတော့ အလုပ်ရှုပ်တယ်၊ ပြီးတော့ သူ့မှာ ငွေမရှိတာလည်း မဟုတ်ဘူးလေ"

ဝမ်ချောင်ကလည်း ဇဝေဇဝါဖြင့် ခေါင်းခါရင်း ဆိုသည်။

ထိုစကားကို ကြားသောအခါ မိုရှင်းယာက တိတ်ဆိတ်နေလေသည်။ သူမ မည်သို့ ဖြေရမှန်း မသိတော့ပေ။ ကျန့်ခမ်းယွမ် တစ်ခုလုံးထက် ကြီးမားသော နန်းတော်မျိုးက ဘယ်မှာ ရှိပါမည်နည်း။ ထို့ပြင် ဤနေရာ၌ ကျုံးဆန်းတောင်ကို နောက်ခံထားပြီး ချင်ဟွိုင်မြစ်ကို လှမ်းကြည့်နိုင်သည့် ကျင်းလင်မြို့၏ အကောင်းဆုံး မြေနေရာ ဖြစ်နေသည် မဟုတ်ပါလား။

ခဏအကြာ၌ ဓာတ်လှေကားတံခါး ပွင့်သွားပြီး ဗီလာ၏ ပထမထပ်သို့ ရောက်ရှိလာသည်။ ထိုအခါ ဝမ်ချောင်နှင့် ချင်းလင်တို့ အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။ သာမန် သုံးထပ်ဗီလာတစ်ခုမှာ ဓာတ်လှေကား မလိုအပ်သော်လည်း ဤနေရာမှာတော့ ရှိနေသည်။

ထို့ပြင် သူတို့သည်လည်း ထိပ်တန်း သူဌေးသားများ ဖြစ်ကြရာ၊ ဤဓာတ်လှေကားမှာ သာမန်မဟုတ်ဘဲ အပြင်ဘက်မှ အသံများ လုံးဝ မကြားရအောင် စီမံထားသည့် အထူးဓာတ်လှေကားဖြစ်ကြောင်း သိရှိလိုက်ကြသည်။

သူတို့သည် ပြုံးလျက် အပြင်သို့ လှမ်းထွက်လိုက်ကြသည်။ ရှေ့၌ မြင်တွေ့လိုက်ရသည်မှာ စတုရန်းမီတာ ၇၀၀ ကျော် ကျယ်ဝန်းသော ဧည့်ခန်းမကြီး ဖြစ်သည်။ အတွင်းပိုင်း အပြင်အဆင်မှာ နန်းတော်တစ်ခုကဲ့သို့ ခမ်းနားထည်ဝါလှပေသည်။

"ရောက်လာကြပြီလား၊ ကြွပါ ကြွပါ"

ဧည့်ခန်းတွင် ထိုင်နေသည့် လင်းဖန်က သူတို့ကို မြင်လျင် ပြုံးရွှင်စွာဖြင့် လှမ်းကြိုလိုက်သည်။

"ဟောဗျာ... လင်းကြီး၊ ခင်ဗျားရဲ့ ဗီလာက လုံခြုံရေးတွေ တကယ်ကို တင်းကျပ်တာပဲဗျာ"

ဟု ချင်းလင်းက အနည်းငယ် စိတ်မကျေနပ်သလို လေသံဖြင့် အော်ပြောလိုက်သည်။

ဝမ်ချောင်ကတော့ ဘာမှ မပြောဘဲ ပတ်ဝန်းကျင်ကိုသာ လေ့လာနေမိသည်။ ဤဗီလာဝင်းမှာ တင်းကျပ်သော လုံခြုံရေးထက် ပိုမို ထူးခြားနေသည်ဟု သူ ခံစားရသည်။

သူတို့က လင်းဖန်နောက်မှ လိုက်ပါသွားရာ၊ ပရိဘောဂ အများစုမှာ ခေတ်မီ တရုတ်စတိုင်များ ဖြစ်ကြပြီး နံရံများတွင်လည်း တရုတ်ရှေးဟောင်း ပန်းချီကားများ ချိတ်ဆွဲထားသည်။ အပေါ်ယံတွင် အခမ်းနားဆုံးဟု မထင်ရသော်လည်း၊ တကယ့် ချမ်းသာကြွယ်ဝမှုမှာ ဤကဲ့သို့ တည်ငြိမ်ရင့်ကျက်မှုတွင် ရှိနေကြောင်း သူတို့ သိရှိလိုက်ရသည်။

"ဟေး... ဒီပန်းချီကားလေးက မဆိုးဘူးပဲ"

ရုတ်တရက် ဝမ်ချောင်က ဧည့်ခန်းနံရံရှိ နှစ်မီတာခန့် ရှည်လျားသော တရုတ်ပန်းချီကားတစ်ချပ် ရှေ့တွင် ရပ်တန့်သွားသည်။ သူသည် ရှေးဟောင်းပစ္စည်းများကို ဝါသနာပါသူ ဖြစ်သဖြင့် ငယ်စဉ်ကတည်းက တရုတ်ပန်းချီကားများအကြောင်း ဗဟုသုတ ကြွယ်ဝသူ ဖြစ်သည်။

"ဘယ်လိုလဲ ကြိုက်ရင် မင်းကို လက်ဆောင်ပေးလိုက်မယ်၊ ပြန်ရင် တစ်ခါတည်း ယူသွားလိုက်လေ"

ဟု လင်းဖန်က တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

ဝမ်ချောင်က အားနာသဖြင့် အစပိုင်းတွင် ငြင်းဆန်ရန် ကြံသော်လည်း၊ လင်းဖန်၏ ပေါ့ပေါ့ပါးပါး ပြောဆိုပုံကို ကြည့်ကာ လက်ခံလိုက်တော့သည်။ လင်းဖန်အတွက်မူ ဤပန်းချီကားမှာ သာမန် ပစ္စည်းတစ်ခုမျှသာ ဖြစ်ပုံရသည်။

"ကောင်းပြီ၊ ကျေးဇူးအများကြီး တင်ပါတယ်"

ဝမ်ချောင်က တိုတိုတုတ်တုတ်ပင် ပြောလိုက်သည်။

သူသည် သူ၏ ဖခင်ကဲ့သို့ပင် ပွင့်လင်းသူ ဖြစ်သဖြင့် တစ်ပါးသူ၏ ကျေးဇူးကို စကားများများ မပြောဘဲ ရင်ထဲ၌သာ မှတ်ထားတတ်သူ ဖြစ်သည်။

"အားနာမနေပါနဲ့၊ ငါတို့တွေက သူငယ်ချင်းတွေပဲ၊ ဒါက ဘာမှ မဟုတ်ပါဘူး ဒါနဲ့... ချင်းလင်၊ မင်းရော တစ်ခုလောက် လိုချင်သေးလား"

ချင်းလင်ကတော့ စဉ်းစားမနေဘဲ ခေါင်းခါလိုက်သည်။

"နေပါစေတော့ ငါက ဒီလို ပစ္စည်းတွေကို နားမလည်ပါဘူး ငါ့ကို ကစားဖို့ လှလှပပ မိန်းကလေးတွေပဲ ရှာပေးရင် ရပြီ"

ဟု အရွှန်းဖောက်လိုက်သည်။

ထိုသို့ ပြောနေစဉ်မှာပင် မိုရှင်းယာက လူလွှတ်၍ ထိုတရုတ်ပန်းချီကားကို ဖြုတ်ယူကာ ဝမ်ချောင်ယူဆောင်သွားနိုင်ရန် သေသေချာချာ ထုပ်ပိုးခိုင်းလိုက်သည်။ ထို့နောက် လွတ်သွားသော နေရာတွင် အခြားသော ရှေးဟောင်းပန်းချီကား တစ်ချပ်ကို အစားထိုး ချိတ်ဆွဲလိုက်လေတော့သည်။

All Chapters