ဒါက နိုင်ငံ့ရတနာကွ ဘယ်လောက်တန်တယ် ထင်လဲ...
Vol. 8 Ch. 75
ဆယ်မိနစ်အကြာ ဝမ်ချောင်သည် ကိရိယာတန်ဆာပလာအချို့ကို ကိုင်ဆောင်ကာ အခန်းထဲမှ ထွက်လာသောအခါ၊ ဧည့်ခန်းရှိ အဖေကြီးဝမ်မှာ စားပွဲပေါ်ရှိ တရုတ်ပန်းချီကားကို အချိန်အတော်ကြာအောင် ငေးမောကြည့်ရှုနေသည်ကို တွေ့လိုက်ရသည်။
သူ၏ အကြည့်များမှာ လောကတွင် အလှပဆုံးသော မိန်းမပျိုတစ်ဦးကို တွေ့လိုက်ရသကဲ့သို့ စွဲလန်းနှစ်ခြိုက်နေသည့် ပုံစံမျိုးပင်။
"အဖေ... ဘာတွေလုပ်နေတာလဲ ယဉ်ကျေးမှု ရနံ့တွေကို ရှူရှိုက်နေတာလား ... ဟားဟားဟား"
ဝမ်ချောင်က မနေနိုင်ဘဲ အော်ရယ်လိုက်သည်။
မမျှော်လင့်ဘဲ ဖခင်ဝမ်က ခေါင်းမော့လာပြီး သားဖြစ်သူကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။
-"ငါ့ကို အမှန်အတိုင်းပြောစမ်း၊ ဒီစာနဲ့ ပန်းချီက ဘယ်ကရတာလဲ"
ဖခင်ဖြစ်သူ၏ လေးနက်လွန်းသော လေသံကြောင့် ဝမ်ချောင့်ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး
"ဘာဖြစ်လို့လဲ အဖေ တစ်နေရာရာက ရလာတဲ့ အတုကြီး ဖြစ်နေလို့လား"
ဟု သတိထားကာ မေးလိုက်သည်။
ဖခင်နှင့် နှစ်ပေါင်းများစွာ အတူနေလာခဲ့သော်လည်း ဖခင်ဝမ် ဤမျှအထိ တည်ကြည်လေးနက်နေသည်ကို ဝမ်ချုန်း ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
"မင်းက ဒါကို အတုလို့ ပြောတာလား တကယ့်ကို လူအပဲ ဒီပန်းချီစတိုင်နဲ့ နည်းစနစ်မျိုးကို အခုထိ ပြည်တွင်းမှာ ယှဉ်နိုင်တဲ့သူ မရှိသလောက်ပဲ၊ ဘယ်သူက အတုလုပ်နိုင်မှာလဲ"
ဝမ်ချောင်၏ စကားကြောင့် ဖခင်ဝမ်မှာ ဒေါသထွက်လွန်း၍ မုတ်ဆိတ်မွေးများပင် တလှုပ်လှုပ် ဖြစ်သွားပြီး၊ ဒီဘာမှမသိသည့် သားဖြစ်သူကို ထရိုက်တော့မည့်ပုံစံမျိုး ဖြစ်နေသည်။
"အဲ... အတုမဟုတ်ရင်လည်း အဖေက ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ"
ဝမ်ချောင်မှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားသည်။ အတုမဟုတ်လျှင် အဘယ်ကြောင့် ဒေါသထွက်နေရသနည်း။
"ဒါ ဘယ်သူ့ပန်းချီလဲဆိုတာ မင်းသိရဲ့လား"
ဖခင်ဝမ်က လေးနက်သည့် မျက်နှာထားဖြင့် မေးသည်။
ဝမ်ချောင်က ခေါင်းကုတ်ရင်း
"ပန်းချီက ကောင်းတယ်ဆိုတာတော့ ကျွန်တော် မြင်ပါတယ်၊ ဒါပေမဲ့ ဒီလောက်အထိတော့ နှံ့နှံ့စပ်စပ် မသိဘူးလေ"
ဟု ဝန်ခံလိုက်သည်။ အမှန်တော့ သူ ပန်းချီဝါသနာပါသည်ဆိုသည်မှာလည်း ဖခင်ဝမ်၏ လွှမ်းမိုးမှုကြောင့်သာ ဖြစ်သည်။
"ဒါက မြောက်ပိုင်းဆုန့်မင်းဆက်ခေတ်က မင်းသမီးရဲ့ ကြင်ယာတော်လည်းဖြစ်၊ စစ်သူကြီးလည်းဖြစ်တဲ့ ဝမ်ရှန်ရဲ့ 'တောင်တန်း၊ စမ်းရေနဲ့ ဆောင်းဦးအလှ' ပန်းချီကားပဲ ဝမ်ရှန်ဟာ ရှုခင်းပုံတွေ ရေးဆွဲရာမှာ အလွန်ကျွမ်းကျင်ပြီး သူ့ရဲ့ လက်ရာတွေဟာ သေသပ်လှပသလို ခံစားချက်လည်း အပြည့်ပါတယ် လက်ရှိ ကျန်ရစ်သမျှ သူ့ရဲ့ လက်ရာတိုင်းဟာ တန်ဖိုးဖြတ်လို့ မရနိုင်တဲ့ အရာတွေချည်းပဲ"
"ဒါဆို... ဒီပန်းချီကားက ဘယ်လောက်လောက် တန်မလဲ အဖေ"
ဝမ်ချောင်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
သူ့အထင် ငွေကြေးတန်ဖိုးမှာ လက်ရာတစ်ခုကို တိုင်းတာသည့် အဓိကအချက် ဖြစ်သည်။
ထို့ပြင် သူ ရှင်းရှင်းလင်းလင်း မှတ်မိသည်မှာ... လင်းဖန်က ဤပန်းချီကားကို ဖြုတ်ပေးလိုက်ပြီးနောက် ထိုနေရာတွင်ပင် ဤလက်ရာနှင့် မခြားနားသော အခြား တရုတ်ပန်းချီကားတစ်ချပ်ကို ချက်ချင်း ပြန်ချိတ်လိုက်ခြင်း ဖြစ်သည်။ လင်းဖန်၏ အိမ်တွင် ဤကဲ့သို့သော ပန်းချီကားများ အများကြီး ရှိနေပုံရသဖြင့် ဤပန်းချီကားမှာလည်း သိပ်တန်ဖိုးမကြီးဟု သူ ထင်နေခြင်း ဖြစ်သည်။
"အဟက်"
ဖခင်ဝမ်က သားဖြစ်သူကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။
"၂၀၁၅ ခုနှစ်က Christie's လေလံပွဲမှာ ဝမ်ရှန်ရဲ့ မူရင်းလက်ရေးမူတစ်ခုတင် ယွမ် ၆၅ သန်းနဲ့ ရောင်းထွက်ခဲ့တာ ဝါရှင်တန်က Freer အနုပညာပြတိုက်မှာလည်း သူ့ရဲ့ 'Xishan Autumn Picture' ကို သိမ်းဆည်းထားတယ် ဒါ ဘာကို ဆိုလိုသလဲ မင်းသိလား"
"'Xishan Autumn Picture' ဆိုတာ ပန်းချီကားတစ်ချပ်တင် မဟုတ်ဘူး၊ ရှေးဟောင်း တရုတ်ယဉ်ကျေးမှုရဲ့ အရေးကြီးတဲ့ သက်သေအထောက်အထားပဲ ဒါကို 'အမျိုးသားရတနာ'လို့ ခေါ်ရင်တောင် မမှားဘူး"
ဝမ်ချောင်မှာ နေရာမဗာတင် မှင်တက်သွားတော့သည်။ လင်းဖန်၏ အိမ်တွင် တွေ့ခဲ့သော ပန်းချီကားမှာ တကယ်တမ်းတွင် အမျိုးသားရတနာကြီး ဖြစ်နေသည်တဲ့လား။
ဒါဆို လင်းဖန်အိမ်က ရှေးဟောင်း အလှဆင်ပစ္စည်းတွေ အားလုံးက အစစ်တွေပေါ့..။ အဲဒီလူက အမျိုးသားရတနာတွေကို အိမ်အနှံ့ လျှောက်ချိတ်ထားတာလားဘုရားရေ....
"အမှန်အတိုင်းပြော၊ ဒီပန်းချီကား ဘယ်ကရတာလဲ"
ဖခင်ဝမ်က ဝမ်ချောင်ကို စူးရှသည့် မျက်လုံးအစုံဖြင့် ကြည့်လိုက်သည်။ အကယ်၍ စကားကသာ အဆီအငေါမတည့်ပါက ထရိုက်တော့မည့်ပုံစံမျိုးပင်။
"အဖေ... ကျွန်တော် ပြောပြီးပြီပဲ၊ ဒါက သူငယ်ချင်းတစ်ယောက်က ပေးတာပါ ချင်းလင်နဲ့ ကျွန်တော် လင်းဖန်အိမ်ကို သွားပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးရင်းနဲ့ နံရံမှာ ချိတ်ထားတာ တွေ့လို့ လှတယ်ဆိုပြီး ပြောမိတာ သူ့ဆီကနေ ဝယ်ဖို့တောင် စိတ်ကူးထားတာပါ..."
ဝမ်ချောင်က မတတ်သာသလို ဆက်ပြောသည်။
- "သူက ကျွန်တော့်ကို တန်းပေးလိုက်လိမ့်မယ်လို့ မထင်ထားဘူး အဲဒီအချိန်တုန်းက တန်ဖိုးသိပ်မကြီးဘူး ထင်လို့ မငြင်းဘဲ ယူလာမိတာ ဒီဥစ္စာက အမျိုးသားရတနာမှန်း သိရင် သေတောင် မယူရဲပါဘူး ဒါက ကျေးဇူးအကြီးကြီး တင်သွားတာပဲ"
"လင်းဖန်ဆိုတဲ့သူက မင်းတို့ စီမံကိန်းအတွက် ရင်းနှီးငွေတွေ အကုန်ပေးလိုက်ပြီလား"
ထိုစကားကို ကြားသောအခါ ဖခင်ဝမ်က ဝမ်ချောင်ကို အလေးအနက် မေးသည်။
ဝမ်ချောင်က ခေါင်းငြိမ့်ပြသည်။
- "ဟုတ်တယ်အဖေ သူက စီမံကိန်း ရင်းနှီးငွေ အများစုကို ထုတ်ပေးတာ ချင်းလင်နဲ့ ကျွန်တော်က ၃ ဘီလီယံစီပဲ ထည့်ပြီး ရှယ်ယာ ၃၀ ရာခိုင်နှုန်း ရထားတာ ဒါက တကယ့်ကို အခွင့်အရေးကောင်းပဲ၊ အဲဒါကို အဖေ့ကို ပြောပြမလို့ လုပ်နေတာ"
"လင်းဖန်က ကျွန်တော်တို့အကောင့်ထဲ ငွေလွှဲပေးပြီးပြီ၊ ဘယ်လိုလုပ်ကိုင်မလဲဆိုတာ သူ လုံးဝ ဝင်မစွက်ဖက်ဘူး ငွေစာရင်းကို ကြီးကြပ်ဖို့ ဘဏ္ဍာရေးအရာရှိ တစ်ယောက်ပဲ လွှတ်တယ်၊ ကျန်တာ အကုန်လုံး ကျွန်တော်တို့ စိတ်ကြိုက်ပဲ"
"စီမံကိန်းက တော်တော်ကြီးတာမို့ ချင်းလင်းနဲ့ ကျွန်တော် တိုင်ပင်ပြီး ဝမ်ထုနဲ့ မော်စီးတီး တည်ဆောက်ရေးတို့ ပူးပေါင်းပြီး လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်"
"ဘာ"
ဖခင်ဝမ်မှာ ပို၍ပင် စူးစမ်းချင်စိတ် ပြင်းပြလာသည်။ ဝမ်ထု လုပ်ဆောင်သော စီမံကိန်းများမှာ အနည်းဆုံး ဒေါ်လာ ဘီလီယံချီသော အရာများ ဖြစ်သည်။ သားဖြစ်သူ၏ စီမံကိန်းမှာ မည်မျှအထိ ကြီးမားနေသဖြင့် ဝမ်ထုနှင့် မော်စီးတီး တည်ဆောက်ရေးတို့ ပူးပေါင်းရန် လိုအပ်နေရသနည်း။
"ကဲ... မင်းတို့ရဲ့ အစီအစဉ်က ဘာလဲဆိုတာ ငါ့ကို ပြောပြစမ်း"
သူက ဝမ်ချောင်ကို မနေနိုင်တော့ဘဲ မေးလိုက်သည်။
ဝမ်ချောင်သည်လည်း ဖခင်ဖြစ်သူကို လုံးဝ ဖုံးကွယ်မထားရဲပေ။ ဤစီမံကိန်းမှာ နောက်ဆုံးတွင် ဝမ်ထု၏ အကူအညီများစွာ လိုအပ်မည် ဖြစ်သည်။ အစီအစဉ်တစ်ခုလုံးကို အသေအချာ မပြောပြလျှင် နောင်တွင် ဖခင်ဖြစ်သူ၏ အပြစ်ပေးခြင်းကို ခံရပေမည်။ ချင်းလင်တစ်ယောက် ဖုန်းနှင့် ပြောလို့ရပါလျက် ရှန်ဟိုင်းသို့ အပြေးအလွှား ပြန်ကာ ဖခင်ဖြစ်သူကို ရှင်းပြရခြင်းမှာလည်း ဤအကြောင်းကြောင့်ပင် ဖြစ်သည်။
"အဖေ မူလက ကျွန်တော်တို့ နိုင်ငံအနှံ့က မြို့ကြီးတွေမှာ ကိုယ်ပိုင်ရုပ်ရှင်ရုံတွေ တစ်ရုံစီ ဆောက်ဖို့ စီစဉ်ထားတာပါ ဒီရုံတွေမှာ ဖျော်ဖြေရေး၊ အနားယူတာနဲ့ စားသောက်တာတွေကို တစ်ခါတည်း ပေါင်းစပ်ထားမှာပါ၊ ဒါပေမဲ့..."
"ဟူး..."
ဝမ်ချောင်၏ အစီအစဉ်တစ်ခုလုံးကို ကြားပြီးနောက် ဖခင်ဝမ်ပင် သက်ပြင်းတစ်ချက် ရှိုက်လိုက်ရသည်။ တကယ့်ကို လူထူးခြားပင်။ ယွမ် ၇၀ ဘီလီယံကျော် တန်ဖိုးရှိသော စီမံကိန်းကြီး။ ဝမ်ထုနှင့် မော်စီးတီး တည်ဆောက်ရေးတို့ ပူးပေါင်းရမည်ဆိုသည်မှာ မဆန်းတော့ပေ။
စီးပွားရေးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သည့် သူ့အနေဖြင့် ဤကိုယ်ပိုင်ရုပ်ရှင်ရုံ၏ အလားအလာကို ချက်ချင်း မြင်လိုက်သည်။ ၎င်းမှာ ရုပ်ရှင်ရုံတစ်ခုထက် လူငယ်စုံတွဲများအတွက် အကောင်းဆုံး ချိန်းတွေ့ရာ နေရာတစ်ခု ဖြစ်လာပေလိမ့်မည်။
ခေတ်ကာလ တိုးတက်လာသည်နှင့်အမျှ လူငယ်များ၏ လိုအပ်ချက်မှာ ဈေးဝယ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းနှင့် စားသောက်ခြင်းတို့ထက် ပိုမိုမြင့်မားလာသည်။ ဝမ်ချောင်က ဤလိုအပ်ချက်အားလုံးကို တစ်နေရာတည်းတွင် စုစည်းလိုက်ခြင်းပင်။
ဤစီမံကိန်းသာ အကောင်အထည်ပေါ်လာပါက အခြားသူများလည်း အတုလိုက်လုပ်ကြမည်မှာ အမှန်ပင်။ သို့သော် လင်းဖန်က ဈေးကွက်တစ်ခုလုံးကို တစ်ခါတည်း သိမ်းပိုက်ရန် ဆုံးဖြတ်လိုက်ခြင်းမှာ နောက်ကျသူများအတွက် အကြွင်းအကျန်မျှသာ ချန်ထားပေးမည့် ပြတ်သားသော မဟာဗျူဟာပင် ဖြစ်သည်။
"ကောင်းပြီ၊ ဒါဆိုရင် အသေးစိတ် အစီအစဉ်တစ်ခုကို အရင်ရေးဆွဲလိုက်၊ သုံးရက်နေရင် ဒါကို ဒါရိုက်တာအဖွဲ့ အစည်းအဝေးမှာ ဆွေးနွေးကြတာပေါ့"
ခဏစဉ်းစားပြီးနောက် ဖခင်ဝမ်က ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ အဖေ"
ဝမ်ချောင်က ခေါင်းငြိမ့်လိုက်သည်။
ကိုယ်ပိုင်ရုပ်ရှင်ရုံ စီမံကိန်းတစ်ခုတည်းကပင် နိုင်ငံ၏ အချမ်းသာဆုံး လုပ်ငန်းစုကြီး နှစ်ခုကို လှုပ်ခတ်သွားစေခဲ့သည်။ ဝမ်ချောင်က ဖခင်ဖြစ်သူနှင့် ဆွေးနွေးနေချိန်တွင် ချင်းလင်သည်လည်း မိသားစုနှင့် တိုင်ပင်နေပြီ ဖြစ်သည်။
မော်စီးတီး တည်ဆောက်ရေးအဖွဲ့မှာ ဝမ်ထုလောက် မကြီးမားသော်လည်း၊ အိမ်ခြံမြေလောက၏ ဘီလူးကြီးတစ်ဦး ဖြစ်သဖြင့် အကျိုးအမြတ်ကို ကောင်းကောင်း မြင်နိုင်ကြသည်။ သူတို့ ပို၍ စူးစမ်းချင်နေသည်မှာ... ဝမ်ချောင်နှင့် ချင်းလင်တို့ကို ယွမ် ၇၀ ဘီလီယံ တစ်ခါတည်း ပုံအောပေးလိုက်သော လင်းဖန် ဆိုသည့် လူငယ်ပင် ဖြစ်သည်။
နိုင်ငံ၏ အိမ်ခြံမြေ ဘီလူးကြီး နှစ်ဦးစလုံးသည် လင်းဖန်အကြောင်းကို အပြင်းအထန် စုံစမ်းထောက်လှမ်းနေကြပြီ ဖြစ်တော့သည်။