အခန်း (၄၅၁-၄၅၃)
Vol. 31 Ch. 451-453
အခန်း ၄၅၁ ။ ဖက်တီးကို ရှာခြင်း
တစ်ယောက်သော လမ်းပျောက်တတ်တဲ့ အမှုထမ်းကြောင့် ကူယွဲ့ တစ်နေ့လုံး အချိန်ပုတ်ခဲ့တာ။ ဒါကြောင့် သူနဲ့ စားဖိုမှူး ညဘက် ဒီကမ္ဘာငယ်လေးရဲ့အခြေအနေကို အာရုံခံရပေမဲ့ ရလဒ်မထွက်လာ။ သူတို့တွေ ဒီမှာ ဘာပြဿနာလဲဆိုတာ မမြင်ရသေးဘူး။ ကြည့်ရတာ ယွီကန်းပြောသလို ဘုံတံခါးပိတ်ဆို့မှုပဲထင်။ ကိစ္စက ထင်သလောက်မရိုးရှင်းဘဲ သူတို့ တစ်ခုခုကို လျစ်လျူရှုမိခဲ့တယ်လို့တော့ ကူယွဲ့ခံစားနေရသေးတယ်။ ဒါကြောင့် နောက်တစ်နေ့ မနက်စောစောမှာ သူက ဒီကမ္ဘာငယ်လေးရဲ့ အခြေအနေကို လိုက်လံမေးမြန်းခဲ့တယ်။
အဲတော့မှပဲ သူသိခဲ့ရတာ ဒီကမ္ဘာငယ်ကို ကောင်းကင်ရောက်ကမ္ဘာလို့ခေါ်ပြီး သူ့ဝိညာဉ်ချီက အင်မတန် ပေါကြွယ်ဝတာ အမတသွေးကြောတွေရှိတဲ့ ထျန်းလန်လောကသုံးခွင်ထက်တောင် ထူထဲတယ်ဆိုတာပဲ။ ဒါကြောင့် ဒီကမ္ဘာငယ်ထဲက လူအများစုက ဝိညာဉ်ကြောတွေရှိကြပြီး သေမျိုးအင်မတန်နည်းတယ်။ ကျင့်ကြံဆင့်က နာမည်ကြီးတဲ့နေရာလို့ သတ်မှတ်နိုင်တယ်။ မရေမတွက်နိုင်တဲ့ ဂိုဏ်းတွေနဲ့ မျိုးနွယ်တွေ။ သူတို့ထဲ တော်ဝင်အထွတ်အမြတ်ဂိုဏ်းက အထင်ရှားဆုံးပဲ။
ဒီတော်ဝင်အထွတ်အမြတ်ဂိုဏ်းက ဂိုဏ်းတစ်ခုထက် ကျင့်ကြံမှုအဖွဲ့နဲ့ပိုတူတယ်။ သူတို့ဂိုဏ်းထဲ ဂိုဏ်းခွဲတွေ အများကြီးရှိပြီး သူတို့ ရှန်းရင်ကို စောနက ကောက်ခေါ်လာခဲ့တဲ့ တောအုပ်က ဂိုဏ်းခွဲ၆ခုထဲ အကြီးဆုံးပဲ။ အကြီးအကဲကလည်း ထိပ်တန်းအဆင့်ကျင့်ကြံရေးမျိုးနွယ်ဖြစ်တဲ့ ချီမျိုးနွယ်ရဲ့ ခေါင်းဆောင်။
သူ အစကတော့ ကျင့်ကြံခြင်းမျိုးနွယ်ရဲ့ ခေါင်းဆောင်က ဘာကြောင့် တော်ဝင်အထွတ်အမြတ်ဂိုဏ်းရဲ့ ဂိုဏ်းခွဲဖြစ်လာရလဲ သိချင်ခဲ့တယ်။ နောက်တော့ တော်ဝင်အထွတ်အမြတ်ဂိုဏ်းက ဟိုးအစတုန်းက မျိုးနွယ်ကြီးခြောက်ခုရဲ့ စုပေါင်းအင်အားနဲ့ ဖွဲ့စည်းခဲ့တာမှန်း နားလည်သွားခဲ့တယ်။ ပြောကြတဲ့ ဂိုဏ်းခွဲတွေက တကယ်တော့ အဲဒီမျိုးနွယ်တွေကိုယ်တိုင်ရဲ့ တည်နေရာတွေပဲ။ အစတည်းက ဒီမျိုးနွယ်ခြောက်ခုက ကောင်းကင်ရောက်ကမ္ဘာရဲ့ ထိပ်တန်းအဆင့် ကျင့်ကြံခြင်းမျိုးနွယ်တွေဖြစ်ပြီး သူတို့ပူးပေါင်းလိုက်ကြတော့ အလိုလို အင်အားအကြီးဆုံး မျိုးနွယ်ဖြစ်လာတာပေါ့။
ကူယွဲ့က တကယ်တော့ မျိုးနွယ်တွေက ဒီလိုအသိစိတ်ရှိတဲ့အတွက် ဘာရယ်မဟုတ် အံ့ဩမိတယ်။ ဂိုဏ်းတွေနဲ့ယှဉ်ရင် မျိုးနွယ်တွေက ယေဘုယျအားဖြင့် ပိုရှေးဆန်ပြီး တသီးတသန့်ဆန်တယ်။ အစတည်းက ကမ္ဘာငယ်လေးတစ်ခုထဲ ဝိညာဉ်ချီဘယ်လောက်ထူထူ အရင်းအမြစ်တွေက ကန့်သတ်ချက်ရှိတယ်။ လူမှုဝန်းကျင်ရှိတဲ့နေရာမှာ ပဋိပက္ခဆိုတာရှိမှာပဲ။ ပြီးတော့ မျိုးနွယ်တွေရဲ့ တည်ရှိမှုက သူတို့ကိုယ်ပိုင်အကျိုးအမြတ်ရဲ့ သရုပ်သကန်ပဲ။ တူညီတဲ့သွေးသားနဲ့ မိသားစုနာမည်တွေနဲ့ လူတွေရဲ့ ပူးပေါင်းမှုက သေချာပေါက် တစ်ယောက်တည်း တိုက်ခိုက်တာထက်တော့ အလိုလိုသာတာပေါ့။ ဆိုလိုတာ သူတို့က ရှည်လျားတဲ့ အမွေအနှစ်နဲ့ မိသားစုစီးပွားရေးပေါ့။ ဒီလိုစီးပွားရေးတွေကို ပြန်လည်ဖွဲ့စည်းဖို့က ခက်ပေမဲ့ ဒီကမ္ဘာငယ်လေးက တကယ်ပဲလုပ်ခဲ့ပြီး တစ်ခုတောင်မဟုတ် မျိုးနွယ်၆ခုတဲ့။
တော်ဝင်အထွတ်အမြတ်ဂိုဏ်းက မျိုးနွယ်တွေ ဖွဲ့စည်းထားတာဖြစ်ချိန် သူတို့တွေက တပည့်တွေကို ညီတူညီမျှဆက်ဆံပြီး နှစ်တိုင်းတပည့်သစ်တွေခေါ်တာကိုလည်း သိတယ်။ တပည့်သစ်တွေခေါ်ယူမှုက တာဝန်ထမ်းရွက်မှုအပေါ်ပဲ မူတည်ပြီး မိသားစုနောက်ခံမပါ။ ဒီဘိုရေရှည်စီစဉ်မှုကို ကူယွဲ့ အတော်လေး လေးစားမိတယ်။
ပြီးတော့ သေမျိုးအရေအတွက်က နည်းပါးတာကြောင့်ထင် တာအိုသမားတွေနဲ့ မကောင်းဆိုးဝါးကျင့်ကြံသူတွေက အတော်လေးသင့်မြတ်ကြတယ်။ ကျင့်ကြံဖို့ သက်ရှိလူတွေကို အသုံးချတဲ့ အင်မတန်ကောက်ကျစ်တဲ့ မကောင်းဆိုးဝါးကျင့်ကြံသူတွေမရှိဘဲ အချင်းချင်း မတွန်းလှန်ကြဘူး။
ကူယွဲ့ အမတမြို့မှာ တစ်နေ့လုံး သတင်းစုခဲ့ပေမဲ့ အသုံးဝင်တာ၊ ထူးဆန်းတာ ဘာတစ်ခုမှမရခဲ့ဘူး။ ပြောရရင် ပြဿနာရှိတဲ့ ဘယ်ကမ္ဘာငယ်မဆို ရောက်တာနဲ့ မူမမှန်မှုကို ချက်ချင်း သတိထားမိသင့်တာ။ အရင်မှိုကမ္ဘာမှာဆို သူ ဆင်းသွားသွားချင်း သူ့ကိုယ်က အလုယက်ခံခဲ့ရတယ်လေ။ ပြီးတော့ စုန့်ရန်ကမ္ဘာထဲက သွေဖယ်တစ္ဆေတွေ။ ပြီးတော့ အရင်က ထျန်းလန်လောကသုံးခွင်ကို ကျူးကျော်မှု သတိပေးချက်တွေရောပဲ။
"စားဖိုမှူး မင်းဘက်ရောဘယ်လိုလဲ" သူက သူတို့ဆုံဖို့ ကတိပေးထားတဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်ချကာ တစ်ယောက်သောသူအတွက် လက်ဖက်ရည် ငှဲ့ပေးနေတဲ့ယိချင်းကို တစ်ချက်ကြည့်လိုက်တယ်။
"ဘာမှမရှိဘူး" ယိချင်း ခေါင်းယမ်းလိုက်တယ်။
"ဆရာနဲ့ ကျွန်တော် လျှောက်သွားကြည့်ခဲ့ပေမဲ့ ထူးခြားတာဘာမှမတွေ့ခဲ့ဘူး"
ထူးဆန်းလိုက်တာ။ ဘာကြောင့်များ ကောင်းကင်တာအိုက ဒီဘက်ခြမ်းက ဘုံတံခါးကို ပိတ်ဆို့ရတာတုံး။
"ဒီနေရာက တခြားကမ္ဘာငယ်တွေနဲ့ မကွဲပြားပေမဲ့..." ယိချင်းက တစ်ခုခု တွေးမိသွားပုံပဲ။ သူ စကားပြောမို့ဆဲဆဲ အောက်ထပ်ကနေ တစ်ခုခုဖြစ်သလိုမျိုး ဆူညံသံတချို့ ထွက်လာတယ်။ အော်သံတချို့လည်း မသည်းမကွဲကြားရလေရဲ့။
နှစ်ယောက်သား အကြည့်ချင်းဖလှယ်လိုက်တယ်။ နောက်အခိုက်အတန့်မှာ ဆိုင်ရှင်က ကျင့်ကြံသူတချို့နဲ့ ဝင်လာတာကို မြင်လိုက်ရတယ်။ ကျင့်ကြံသူတွေအားလုံးက ဆင်တူဝတ်ဆင်ထားကြပြီး မီးတောက်အဆင်တွေကို သူတို့ဝတ်ရုံလက်အနားခေါက်တွေမှာ ချုပ်ထားလေတယ်။ ကူယွဲ့ တစ်ချက်ကြည့်ပြီး အားလုံးက စဉ်းစားစရာကျင့်ကြံမှုတွေ ရှိကြတာကို သိလိုက်ရတယ်။ အနိမ့်ဆုံးက ရွှေအမြုတေအဆင့်။ အလယ်က သက်လတ်ပိုင်းလူဆို နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်တစ်ဝက်တောင် ရောက်နေပြီ။ သူ အတော်လေး အံ့ဩသွားတယ်။ ဒီကမ္ဘာရဲ့ သင်ကြားရေးက ဒီလိုအဆင့်မြင့်တာလား။
သူတို့တွေက တစ်ခုခုကို ရှာနေတဲ့ပုံပဲ။ သူတို့ ဒုတိယထပ်မှာ ဟိုဟိုဒီဒီကြည့်တယ်။ နောက်တော့ ကောင်းကင်စိတ်အာရုံအမျှင်တန်းတစ်ခုက လှမ်းကြည့်လာဝာာကို ခံစားမိလိုက်တယ်။ သူ အလိုလို တားဆီးချင်ပေမဲ့ အဲဆန္ဒကို ထိန်းချုပ်ကာ သူ့ဘေးက စားဖိုမှူးကို တစ်ချက်ကြည့်ပြီး အဲကောင်းကင်စိတ်အာရုံကို ဝေ့ဝဲလာခွင့်ပေးလိုက်တယ်။ တကယ်ပဲ အဲဒါက အနားမှာ မနေဘဲ တခြားဝိုင်းတွေက ဧည့်သည်တွေဆီ တန်းတန်းမတ်မတ်သွားလေရဲ့။
အဲလူက တည်းခိုဆောင်တစ်ခုလုံးကိုရှာကာ ကြည့်ရတာ ဘာမူမမှန်တာမှ မတွေ့လို့ သူ့မျက်နှာက ပိုမည်းမှောင်လာတယ်။
"ဆရာဦးလေး" ရွှေအမြုတေတပည့်က အရဲစွန့်ခေါ်လာတယ်။
အဲလူက ခေါင်းကိုယမ်းပြီး တစ်ဖက်လှည့်ထွက်ဖို့ပြင်တယ်။ သူ့အကြည့်က ကူယွဲ့နဲ့ ယိချင်းဆီ ဖျတ်ခနဲ ရောက်လာတယ်။ ရုတ်တရက် တစ်ခုခုကိုနားလည်သွားသလိုမျိုး သူက မျက်မှောင်ကြုတ်ကာ လျှောက်လှမ်းလာတယ်။ သူ့ကောင်းကင်စိတ်အာရုံက ခုလေးတင် လှမ်းကြည့်လာတော့ သေချာပေါက် ဖိနှိပ်မှုတချို့ရှိမှာပေါ့။ နေရာမှာရှိတဲ့ ကျင့်ကြံသူတွေအားလုံးက ကြောက်လန့်မှု၊ စိတ်လှုပ်ရှားမှု အမူအရာတွေ ပြနေပေမဲ့ သူတို့ကို တော်ဝင်အထွတ်အမြတ်ဂိုဏ်းကမှန်း မှတ်မိနေလို့ တိတ်နေရုံသာ ဖြစ်တယ်။ ဒါကြောင့် ပေါ့ပေါ့ပါးပါး ရှိနေတဲ့ကူယွဲ့အုပ်စုက အတော်လေး ထူးခြားနေတာပေါ့။
"ဒီတာအိုရောင်းရင်းနှစ်ယောက်ကို မမြင်ဖူးဘူးနော်" သူက သုံးယောက်သား စားပွဲဘေးရပ်လိုက်တယ်။
"ခင်ဗျားတို့က ဘယ်မျိုးနွယ်ဘယ်ဂိုဏ်းကလဒဆိုတာ သိခွင့်ရှိမလား" သူက နှစ်ယောက်ကို တစ်ကြိမ် ထပ်ဝေ့ဝဲကြည့်ပေမဲ့ သူတို့ကိုယ်ထဲ ဝိညာဉ်ချီ နည်းနည်းလေးတောင် ရှိမနေတာ သိလိုက်ရတယ်။ ချက်ချင်းပဲ သူ ထိတ်လန့်သွားပါလေရော။
"မင်းတို့က သေမျိုးတွေလား"
"တာအိုရောင်းရင်း နောက်နေတာပဲဖြစ်ရမယ်" ကူယွဲ့ရဲ့မျက်နှာက မည်းနက်သွားပြီး အစော်ကားခံရသလိုမျိုး ဟန်ဆောင်လိုက်တယ်။
"ကျွန်တော်တို့တွေက မျိုးနွယ်၊ ဂိုဏ်းတွေမရှိတဲ့ လေလွင့်ကျင့်ကြံသူတွေဆိုပေမဲ့ ကျင့်ကြံမှုအတွက် နှစ်ပေါင်းများစွာ လေ့ကျင့်ကြိုးစားခဲ့တာ၊ ဘယ်လိုလုပ် သေမျိုးဖြစ်မှာလဲ"
"လေလွင့်ကျင့်ကြံသူတွေလား" သူက ခဏတာ မှင်တက်သွားတယ်။ သူတို့ကျင့်ကြံဆင့်ကို စစ်ဆေးဖို့ နောက်တစ်ကြိမ် ကောင်းကင်စိတ်အာရုံကို လွှတ်လိုက်တော့ တကယ်ပဲ သူတို့က အုတ်မြစ်အခြေတည်အဆင့်သာသာ ကျင့်ကြံသူတွေပဲ။ သူက စားစရာအားလုံး ကုန်နေတဲ့ ပန်းကန်ပြားအလွတ်တွေကို ငုံ့ကြည့်ကာ မနှစ်မျို့မှုတချို့နဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ သူ ခုလေးတင် အမှားလုပ်မိတာပဲ။ အုတ်မြစ်အခြေတည်အဆင့် ရောက်တာတောင် ဆန်လွတ်မြောက်မှု မရသေးတော့ သူတို့ဝိညာဉ်ကြောတွေနဲ့ နားလည်နိုင်စွမ်းက တကယ့်ကို နိမ့်ကျလွန်းတာပဲဖြစ်ရမယ်။ သူတို့က လေလွင့်ကျင့်ကြံသူတွေ ဖြစ်နေတာ မဆန်းတော့ဘူး။ သူတို့ စောနက သူ့ကောင်းကင်စိတ်အာရုံကို လျစ်လျူရှုခဲ့တာက သူတို့ လုံးဝနားမလည်ခဲ့တာကြောင့်ဖြစ်ရမယ်။
အဲလိုနဲ့ သူက ဆက်မနေတော့ဘူး။ သူက တန်းလှည့်ထွက်ကာ အောက်ထပ်ကိုဆင်းပြီး သူ့တပည့်အုပ်စုကို ဦးဆောင်ကာ ထွက်သွားလေတယ်။ ကူယွဲ့ ပြတင်းပေါက်အပြင်ကို တစ်ချက်လှည့်ကြည့်လိုက်တော့ သူတို့မျက်နှာချင်းဆိုင်က ဆိုင်ဆီ တန်းတန်းမတ်မတ်ဝင်သွားပြီး တစ်ခုခုကို ဆက်ရှာဖွေနေတာ မြင်လိုက်ရတယ်။
"မြို့ထဲမှာ ဒီနေ့အဆင့်မြင့်ကျင့်ကြံသူတွေ ပိုများနေတယ်" ယိချင်းက နောက်ဆုံးတော့ သူစောနက ပြောနေတာကို ဆက်ပြောလာတယ်။
"နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေတင်မက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ၃ယောက်တောင်"
ကူယွဲ့ ခဏမှင်တက်သွားတယ်။ တစ်ခုခုကို မှတ်မိသွားပြီး သူ ဘေးမှာ လက်ဖက်ရည်သောက်ရင်း ဗိုက်ပွတ်နေတဲ့ရှန်းရင်ဘက် လှည့်လိုက်တယ်။ သူက သင်ပြင်းချလိုက်တယ်။
"ရှန်းရင် ကြည့်ရတာ မင်းမနေ့က ခေါ်လာခဲ့တဲ့ ဖက်တီးက ပြဿနာကြီးကြီးတက်နေပုံပဲ"
"ဟမ်" ရှန်းရင်က သူ့ကိုတစ်ချက်ကြည့်ကာ ခေါင်းစောင်းသွားလေရဲ့။
"ဘာဖက်တီးလဲ"
ကူယွဲ့ နှုတ်ခမ်းထောင့် တွန့်သွားတယ်။ မင်း သူ့ကို မနေ့ကတင် ကျွေးမွေးနေတာကို ဒီနေ့မေ့သွားပြီပေါ့။
"ဘာမှမဟုတ်ဘူး၊ ဆက်သောက်"
"အိုး"
သူ လမ်းတစ်ဖက်က ဆိုင်ကို နောက်တစ်ကြိမ်ကြည့်ကာ ဘာရာ်မဟုတ် ပေါ့ပေါ့ပြောလ်ုက်တယ်။
"ကျင့်ကြံဆင့်ရော ထူးထူးခြားခြား ဘာမှမရှိတဲ့ သေမျိုးတစ်ယောက်က ဒီလောက်ပြဿနာကြီးကို ဘယ်လိုဖန်တီးနိုင်တာလဲ မသိဘူး" နတ်ဝိညာဉ်နဲ့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေတောင် ပါဝင်နေတယ်။
ယိချင်းက ခဏမှင်တက်သွားကာ မျက်မှောင်ကြုတ်တယ်။
"ထူးခြားတယ်ပြောမှ... ကျွန်တော် ကိစ္စတစ်ခုအကြောင်းစဉ်းစားနေတာ" သူ့လက်ကလှည့်လိုက်တော့ ရင်းနှီးနေတဲ့ အဝါရောင်စာရွက်တစ်ရွက် သူ့လက်ထဲ ချက်ချင်းပေါ်လာတယ်။ အဲဒါ ဖက်တီး မနေ့က သူ့လက်ထဲ အတင်းထိုးထည့်ပေးသွားတဲ့ အရှိန်အဝါကာအဆောင်ပဲ။
...
အခန်း ၄၅၂ ။ ဖက်တီးနှင့်အတူတူ
"မင်း ဒီအသုံးမဝင်တဲ့စာရွက်ဝါတွေကို ဘာလို့သိမ်းထားတာလဲ" ကူယွဲ့က သူ့ကိုလှမ်းကြည့်လိုက်တယ်။ တစ်ခုခုကို စဉ်းစားမိသွားသလိုမျိုး သူ့မျက်လုံးကပြူးသွားတယ်။
"ဒီအဆောင်တွေက တကယ်ပဲအလုပ်ဖြစ်တာလား"
"လုံးဝကြီးတော့ မဟုတ်ဘူး" ယိချင်းက ဝိညာဉ်ချီနည်းနည်းကို တန်းထုတ်လွှတ်လိုက်တယ်။ ခဏအတွင်း အဲဒီအဆောင်စာရွက်ပုံကြီးက လှုပ်သွားကာ အဝါရောင်အင်းကွက်က မပီမသစွာနဲ့ သူ့လက်ပေါ်က နေရာဆီ တည့်တည့် ပျံတက်သွားလေတယ်။
"ဟိုလီရှစ်၊ ဒီဖက်တီးရဲ့ လက်လုပ်အဆောင်က တကယ်အလုပ်လုပ်နိုင်တာပဲ" ကူယွဲ့ အင်မတန် မတည်မငြိမ်ဖြစ်ကာ မပြည့်စုံပေမဲ့ အောင်မြင်လုနီးပါး လမ်းတစ်ဝက် ရောက်နေတဲ့ အဆောင်စာရွက်တစ်ပိုင်းကိုယူလိုက်တယ်။ ခဏ... သူ့လက်က တောင့်တင်းသွားပြီး တစ်ခုခုကို သတိထားမိသွားသလိုမျိုး ရုတ်ခြည်း မျက်လုံးပြူးသွားတော့တယ်။
အဲတော့မှ ယိချင်းက တစ်လုံးချင်း စကားပြောတယ်။
"သူက သေမျိုးလေ"
"ချီး"
ကူယွဲ့ နောက်ဆုံးတော့ ဒီကိစ္စကို တွေးမိသွားပြီ။ ဝိညာဉ်ချီကိုတောင် မသုံးနိုင်တဲ့ သေမျိုးတစ်ယောက်က အလုပ်လုပ်တဲ့ ရှုပ်ရှုပ်ယှက်ယှက် အဆောင်တွေကို ဆွဲနိုင်တယ်။ သူက အင်မတန်ထူးခြားတဲ့ အရည်အသွေး ဒါမှမဟုတ် ထူးခြားတဲ့ ရတနာတွေရှိတာပဲဖြစ်ရမယ်။ ခုပုံစံအရတော့ ဒုတိယတစ် ခုဖြစ်နိုင်တယ်။ တကယ့်ကို ရိုးရှင်းတဲ့ဖက်တီး မဟုတ်ဘူးပဲ။ တော်ဝင်အထွတ်အမြတ်ဂိုဏ်းက သူ့ကို အသည်းအသန် ရှာဖွေချင်နေတာ မဆန်းတော့ဘူး။
"ကိစ္စမရှိဘူး၊ ငါတို့နဲ့မှ မဆိုင်တာ" ကူယွဲ့ ဒီကိစ္စတွေကို တကယ်ပဲ စိတ်မဝင်စားဘူး။ သူ အရည်အသွေးကောင်းအတွက် ကျင့်ကြံသူတွေ တိုက်ခိုက်ကြတာကို မြင်ပါများနေပြီ။ ဒီလိုအရာတွေက သုံးလောကရဲ့ အခိုက်အတန့်တိုင်းမှာ ဖြစ်နေတာ။ ပြီးတော့ ဝဋ်ကြွေးတွေအားလုံးကို ကောင်းကင်တာအိုက မှတ်တမ်းတင်ပြီးသား။ အကောင်းအဆိုး အကုန်ပြန်ပေးဆပ်ရမယ်။ သူတို့ ကြားဝင်လို့ မကောင်းဘူး။
"တည်းခိုဆောင်ဆီ အရင်ပြန်သွားကြစို့၊ ငါတို့မနက်ဖြန် သတင်းရဖို့ တခြားအမတမြို့တွေဆီ သွားကြမယ်"
ကူယွဲ့က အဲဒီဝတုတ်ကို နောက်တစ်ကြိမ် ဘယ်တော့မှ မတွေ့ရတော့ဘူးလို့ထင်ခဲ့တာ။ ဘယ်လိုပဲဖြစ်ဖြစ် သူက သေမျိုးတစ်ယောက်ပဲလေ။ သူ ဘယ်လောက်ပုန်းပုန်း နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေ ရှာဖွေမှုကနေ မလွတ်မြောက်နိုင်ဘူး။ အဲဒါက... သူ ရုတ်တရက် သူတို့အိမ်ခေါင်မိုးပေါ် တက်လာပြီး တစ်အိမ်လုံးကို အက်သွားစေတဲ့နည်းလမ်းနဲ့ တုန်မနေရင်ပေါ့။
ပြီးတော့ သူက တုန်ရင်နေချိန် သူ့ကိုယ်သူ နှစ်သိမ့်သလိုမျိုး ထပ်တလဲလံ ပြောနေတယ်။
"သူတို့ ငါ့ကိုမတွေ့ပါဘူး၊ မတွေ့နိုင်ဘူး မတွေ့နိုင်ဘူး..."
ခုမှဝင်လာကာစ ကူယွဲ့ ။ ။ "..."
ခုမှဝင်လာကာစ ယိချင်း ။ ။ "..."
"ဟေး ဖက်တီး" ရှန်းရင်က တကယ်ပဲ မော့ကြည့်ကာ သူမအပေါ်ကလူကိုနှုတ်ဆက်တယ်။
"နင်စားပြီးပြီလား"
ခေါင်မိုးကိုမှီနေတဲ့ တစ်ယောက်သောအရာကြီးက တုန်ရင်သွားတယ်။ နောက်အခိုက်အတန့်မှာ အက်ကွဲကြောင်းတစ်ခုနဲ့အတူ တစ်ယောက်သောလူရဲ့ကိုယ်အလေးချိန်ကို မထောက်ထားနိုင်တော့တဲ့ ထုတ်တန်းက ကျိုးကာ ဘန်းခနဲအောက်ကိုကျလာလေတယ်။ သူတို့အပေါ်က ခေါင်မိုးတစ်ဝက်တောင် ကျိုးသွားလေရဲ့။
ယိချင်း မြန်ဆန်စွာ တုံ့ပြန်ကာ ရှန်းရင်ကို သူ့လက်မောင်းထဲ တန်းဆွဲသွင်းပြီး ဘေးကင်းတဲ့နေရာဆီ နောက်ဆုတ်လိုက်ကြတယ်။ ကူယွဲ့လည်း ဘေးကိုရှောင်လိုက်တယ်။ အချိန်တစ်ခဏ အခန်းထဲ ဖုန်မှုန့်တွေ လွင့်ပျံ့သွားတယ်။
"..."
ကူယွဲ့ လေဂါထာတစ်ခုကို ထုတ်ကာ အခန်းထဲက ဖုန်မှုန့်ကိုရှင်းပြီး ကြမ်းပြင်ပေါ်က အမှိုက်တွေနဲ့ အဲထဲမြုပ်နေတဲ့ ဖက်တီးကို ဖော်လိုက်တယ်။ သူ့ကြည့်ရတာ ပြုတ်ကျတာကနေ နည်းနည်းရီဝေနေပုံပဲ။ နည်းနည်း မူးတူးတူးဖြစ်နေပုံနဲ့ သူကခေါင်းကိုခါကာ ရှေ့ကလူကိုကြည့်တယ်။
"မိန်းကလေး... ရှန်းလား" သူက ခဏမှင်တက်သွားပြီး ထရပ်ဖို့ ကြိုးစားတယ်။
"ခင်ဗျား ဘာလို့..."
သူ စကားမဆုံးခင် ခြေသံကျယ်ကြီးတွေက မနီးမဝေးကထွက်လာတယ်။ ကြည့်ရတာ ဒီကဝရုန်းသုန်းကားဖြစ်မှုက လူစိတ်ဝင်စားမှု ခံသွားရပုံပဲ။ စူးစမ်းနေတဲ့ ဖိနှိပ်မှုတချို့ကို ဝိုးတဝါးခံစားရတယ်။
"ဘာဖြစ်တာလဲ"
ကူယွဲ့ အခန်းအပြင်ကိုကြည့်ကာ တည်းခိုဆောင်ပိုင်ရှင်နဲ့ စောနက လက်ဖက်ရည်ဆိုင်ထဲကလူတွေနဲ့ တစ်ပုံစံတည်း အဖြူရောင် ဝတ်ထားတဲ့ကျင့်ကြံသူအုပ်စုက သူတို့ရှိရာဘက် လျင်မြန်စွာ လျှောက်လာတာကို မြင်လိုက်ရတယ်။
ခုလေးတင်ထရပ်တဲ့ လူက နှင်းလိုဖြူဖျော့နေတယ်။ သူ့ခန္ဓာကိုယ်ကြီးက ပိုပြီးတောင် အပြင်းအထန် တုန်ရင်လာပြီး အစက သေးငယ်နေတဲ့မျက်ဝန်းတွေက ကြောက်လန့်မှုအပြည့်နဲ့ စက်ဝိုင်းအဖြစ် ကျယ်သွားတယ်။
ရှန်းရင်က အသီးကို တစ်ကိုက်ကိုက်ကာ ချက်ချင်း ကူယွဲ့ဘေးသွားပြီး သူနဲ့အတူ ကြည့်လိုက်တယ်။ သူမက ဝတုတ်ရဲ့ ရှေ့တည့်တည့်ဆီ ရောက်သွားတယ်။
"ဘာဖြစ်တာလဲ" အဲဒီအဖြူရောင်ဝတ်ရုံနဲ့ ကျင့်ကြံသူတွေက ခဏအတွင်း သူတို့ရှေ့ရောက်လာတယ်။ သူက ကူယွဲ့ကို သံသယနဲ့ ကြည့်လာပြီး နောက်တော့ ရှန်းရင်နဲ့ ဖက်တီးကို ကျော်ကာ ယိချင်းဆီ ရောက်သွားတယ်။ သူ့ကောင်းကင်စိတ်အာရုံက အညှာအတာကင်းမဲ့စွာနဲ့ အခန်းထဲ အကြိမ်ရေတချို့ ဖြတ်ပြေးသွားလေရဲ့။ အချိန်အတော်ကြာပြီးတဲ့နောက် သူက ရလဒ်မရှိ အကြည့် ပြန်ရုတ်သွားခဲ့တယ်။
"ဒီအခန်းက ဘာလို့ရုတ်တရက် ပျက်စီးသွားတာလဲ"
ကူယွဲ့ အသီးကို ကိုက်စားနေတဲ့တစ်ယောက်သောသူကို တစ်ချက်ကြည့်ကာ တစ်စုံတရာက သူ့မျက်လုံးထဲ ဖြတ်ပြေးသွားတယ်။
"ဘာလို့လဲ၊ ကျုပ်မေးချင်တာ ဘာလို့လဲ"
သူက နောက်ကရောက်လာတဲ့ တည်းခိုဆောင်ပိုင်ရှင်ဘက် လှည့်ကာ ဒေါသထွက်နေတဲ့မျက်နှာနဲ့ မေးခွန်းထုတ်တယ်။
"သူဌေး ဒါ ခင်ဗျားရဲ့ အကောင်းဆုံး အခန်းတဲ့လား၊ ကျုပ်တို့ နေ့ဘက် အထဲမှာ မနေမိတာ တော်သေးတာပေါ့၊ မဟုတ်ရင် ဘာဖြစ်မယ်ဆိုတာ ဘယ်သူသိမလဲ ခင်ဗျားတို့တည်းခိုဆောင်က တောပုန်းဓားပြတွေ ဦးစီးနေတာလား"
"မဟုတ် မဟုတ်ပါဘူး၊ တာအိုရောင်းရင်း အထင်မှားနေပါပြီ" တည်းခိုဆောင်ပိုင်ရှင်က ရှေ့ကိုတက်လာကာ သူ့မျက်နှာက သတိအပြည့်နဲ့ အမြန်တောင်းပန်လေတယ်။
"တကယ် တောင်းပန်ပါတယ် ဒီအခန်းပြိုကျမယ် တစ်ခါမှမတွေးဖူးဘူး၊ ကျွန်တော် နောက်ထပ် အဆင့်မြင့်အခန်းတစ်ခု ပြင်ပေးရမလား"
"နောက်အခန်းတစ်ခုကို ပြင်ပေးတာနဲ့ပဲလား" ကူယွဲ့က နှာမှုတ်ကာ သူ့အကြည့်က အကြင်နာတရား မဲ့နေတယ်။
"ဘယ်သူက ခင်ဗျားတို့ဒီအိမ်မှာ နေရဲတော့မှာလဲ၊ ထပ်ပြိုပြန်ရင်ရော"
"ဒါဆို... ဒီရက်တွေအတွက် တည်းခိုဆောင်ခ ကင်းလွတ်ခွင့်ပေးရင်ရော"
ကူယွဲ့က မျက်ခုံးပင့်ကာ သူ့မျက်နှာက အနည်းငယ်တည်ငြိမ်သွားတယ်။
"ငါတို့မှာ လူသုံးယောက်ရှိတယ်"
"သုံးယောက်စာလုံး ကင်းဘွတ်ခွင့်ပေးတာပေါ့" တည်းခိုဆောင်ပိုင်ရှင်က အလောတကြီး ထည့်ပြောတယ်။
"အဲဒါဆို ပိုကောင်းတယ်'
အဖြူရောင်နဲ့ အဲဒီကျင့်ကြံသူတွေက မျက်မှောင်ကြုတ်ကာ ကူယွဲ့ရဲ့အမူအရာကို သဘောမတွေ့တဲ့ပုံ။ စောနက မေးခွန်းမေးတဲ့ ကျင့်ကြံသူက တန်းပြောတယ်။
"ကောင်းပြီလေ၊ ဘယ်သူမှ ဒဏ်ရာမရတာ တော်သေးတယ်၊ အော် ဟုတ်သား စောနက တခြားလူတစ်ယောက်ယောက် တွေ့မိလား"
"ဘာလူလဲ"
ကျင့်ကြံသူက တစ်ခုခု ပြောချင်ပုံပေါ်ပေမဲ့ တစ်အောင့်အကြာမှာတော့ ပြောဖို့ကို ထိန်းချုပ်လိုက်တဲ့ပုံ။
"ထားလိုက်တော့" သူ အခန်းကို နောက်တစ်ကြိမ် လှည့်ကြည့်ကာ တခြားဘာမှရှာမတွေ့သေးဘူး။ သူက တစ်ဖက်ကို လှည့်ကာ အဲဒီအဖြူရောင်နဲ့ ကျင့်ကြံသူတွေကို ဦးဆောင်ပြီး ထွက်သွားတယ်။
တည်းခိုဆောင်ပိုင်ရှင်က နေရစ်ပြီး သူတို့အုပ်စုကို အကောင်းပတိရှိတဲ့ နောက်တစ်ခန်းဆီ အင်မတန်ယဉ်ကျေးစွာနဲ့ ခေါ်သွားပေးတယ်။
ဝတုတ်က ရှန်းရင်နောက်ကနေ လုံးဝဇဝေဇဝါဖြစ်နေတဲ့ အမူအရာနဲ့လိုက်လာတယ်။ သူ့ကိုယ်က ရှန်းရင်ထက် ၂ဆလောက်နီးပါး ကြီးပေမဲ့ အရှေ့က တည်းခိုဆောင်ပိုင်ရှင်က နောက်ထပ်လူတစ်ယောက် ရှိတာ သတိထားမိပုံလုံးဝမပေါ်။ တစ်ချိန်လုံး သူက တစ်ချက်တောင် မကြည့်လာ။
ဟင့်အင်း၊ သူ့ကိုရော မိန်းကလေးရှန်းကိုရော တစ်ချက်တောင်မကြည့်တာ။
"လူကြီးမင်းနှစ်ယောက်၊ ကောင်းကောင်းအနားယူကြပါ၊ ကျွန်တော် မနှောင့်ယှက်တော့ပါဘူး"
တည်းခိုဆောင်ပိုင်ရှင်က သူတို့ကိုပြုံးကာ တစ်ဖက်ကို လှည့်ထွက်သွားတယ်။
နှစ်ယောက်လား။ ဝတုတ် မှင်တက်သွားတယ်။ သူ အုပ်စုကြား အကြိမ်ရေတချို့ ကြည့်လိုက်ပြီး ရုတ်တရက် တစ်ခုခုကို နားလည်သွားကာ ရှန်းရင်ဘက်လှည့်သွားတယ်။
"မိန်းကလေး... မိန်းကလေးရှန်း၊ ခင်ဗျား ကျွန်တော့်အပေါ် ကိုယ်ပျောက်အဆောင်သုံးခဲ့တာလား"
ကိုယ်ပျောက်အဆောင်တွေပဲ လူတစ်ယောက်ကို လုံးဝမမြင်ရဖြစ်စေတာ။
"ဟင့်အင်း မလုပ်ခဲ့ပါဘူး" ရှန်းရင်က အမှန်တိုင်းဖြေလိုက်တယ်။
"ဒါဆို..." စောနက လူတွေက ကန်းနေတာလား။
"ကိုယ်ပျောက်အဆောင်လား" ကူယွဲ့က ရယ်တယ်။
"သူမတစ်ကိုယ်လုံးက ကိုယ်ပျောက်အဆောင်ပဲ၊ ကိုယ်ပိုင်တောက်ပမှုမျိုး ရှိတဲ့ဟာမျိုးပဲ"
ရှန်းရင် ။ ။ "..."
ဟွေ့ကျယ် ။ ။ "..."
သူနားမလည်ပေမဲ့ နားထောင်ရတာတော့ အရမ်းမိုက်ပုံပဲ။ ဟွေ့ကျယ်က ရှန်းရင်ကို နောက်တစ်ခါ ကြည့်ကာ အုပ်စုကို အမြန်ဂါရ၀ပြုလိုက်တယ်။
"ကျွန်တော့်ကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်၊ ဟွေ့ကျယ် ထာဝရအမှတ်ရနေပြီး တစ်နေ့ကျ သေချာပေါက် ပြန်ပေးဆပ်ပါ့မယ်"
"မလိုပါဘူး" ကူယွဲ့ ဂရုမထားစွာ လက်ယမ်းပြလိုက်တယ်။
"ဒါပေမဲ့ ဘယ်ချိန်က ရုတ်တရက် အိမ်ခေါင်မိုးပေါ် ပုန်းနေတာတုံး" ပြီးတော့ သူ့အမိုး။
"တမင်သက်သက် မဟုတ်ပါဘူး" သူ အမြန်ရှင်းပြလိုက်တယ်။
"ကျွန်တော် လိုက်ခံရပြီး ဒီတည်းခိုဆောင်ထဲ မသိလိုက်ပါဘဲ ပုန်းမိသွားတာ၊ ကျွန်တော် ပုန်းဖို့ နေရာရှာမရတော့..." သူက အားနာတဲ့အကြည့် ကြည့်လိုက်တယ်။
"ခင်ဗျားတို့အားလုံး ဒီတည်းခိုဆောင်မှာ နေကြတာ အရင်ကမသိခဲ့ဘူး"
"အဲလိုလား" ကူယွဲ့ သူ့ကိုလှမ်းကြည့်လိုက်တယ်။
"အဲဒီ တော်ဝင်အထွတ်အမြတ်ကျင့်ကြံသူတွေက မင်းကို လိုက်ရှာနေတာမလား၊ ဒီလောက် လူတွေအများကြီး ပါဝင်နေတာ တာဝန်ရှိသူတစ်ယောက်ကို အပြစ်ပြုမိတာမျိုးထက် ပိုမယ်ထင်တယ်"
ဟွေ့ကျယ် ယာယီမှင်တက်သွားပြီး သူ့မျက်နှာက ဖြူဖျော့သွားကာ သူ့ကိုယ်ဘေးက လက်က တင်းကြပ်သွားပေမဲ့ အချိန်အတော်ကြာတဲ့ထိ စကားမပြော။
"ထားလိုက်တော့၊ ငါ မင်းကိစ္စ စိတ်မဝင်စားဘူး" ကူယွဲ့ လက်တစ်ဖက်ယမ်းလိုက်တယ်။
"ဒါပေမဲ့ ကျွန်တော် ဒီအမတမြို့ကနေ မနက်ဖြန်ဆို ထွက်ခွာတော့မှာ၊ မင်းကိုယ်မင်း စောင့်ရှောက်တာကောင်းမယ်"
ဟွေ့ကျယ် ထိတ်လန့်သွားပြီး သူ့မျက်လုံးတွေက သွေးပျက်မှုအပြည့်။ သူက ရှန်းရင်ကို တစ်ချက်ကြည့်လိုက်တယ်။ ခဏ အတော်ကြာ တုံ့ဆိုင်းသွားပြီးတဲ့နောက် သူ အင်မတန် ဂရုစိုက်စွာ မေးလိုက်တယ်။
"မိန်းကလေးရှန်း၊ ကျွန်တော်... ကျွန်တော် ခင်ဗျားတို့အုပ်စုနဲ့ လိုက်လာလို့ရလား"
"မင်းလိုက်လာမယ် မပြောခင် ငါတို့သွားမှာ ဘယ်လဲရောသိရဲ့လား"
ကူယွဲ့က ပြောလာတယ်။
"ကိစ္စမရှိပါဘူး" သူက ခေါင်းယမ်းတယ်။ "ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်မှာ သွားစရာနေရာ မရှိဘူးလေ၊ ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေပါတယ်"
ဒါဆို သူက သူတို့ရဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်ချင်တာပေါ့။ ကူယွဲ့ ငြင်းမို့ရှိသေး ရှန်းရင်က ရုတ်တရက် စကားပြောလာတယ်။
"ကောင်းပြီလေ"
"ရှန်းရင်"
"ဆရာ"
ကူယွဲ့နဲ့ ယိချင်း ပြိုင်တူ သဘောမတူဟန် ပြောတယ်။ ဒီလူက ပြဿနာကြီးဆိုတာ အသိသာကြီး။
"အင်မတန်ကျေးဇူတင်ပါတယ် မိန်းကလေးရှန်း ဟွေ့ကျယ်အကြည့်က ပျော်ရွှင်မှုအပြည့်။ သု စဉ်းစားပြီး ဝိညာဉ်ကျောက်တုံးပုံကြီးတစ်ခု ထုတ်ကာ စားပွဲပေါ်တင်လိုက်တယ်။
"ခင်ဗျားတို့ကို ကျေးဇူးတင်စရာ ဘာမှမရှိတော့ ဝိညာဉ်ကျောက်တုံးတချို့ပဲရှိတယ်၊ သူတို့ကို သုံးလို့ရမယ် မျှော်လင့်ပါတယ်"
"..."
နောက်အခိုက်အတန့်...။
ကူယွဲ့က မြန်ဆန်စွာ ထရပ်ကာ ဟွေ့ကျယ်ပခုံးကိုပုတ်တော့တယ်။
"မစိုးရိမ်ပါနဲ့ ညီကိုဖက်တီး၊ ခင်ဗျားကိုလမ်းမှာ ကာကွယ်ပေးရုံမလား၊ လုံးဝ ပြဿနာမရှိပါဘူး"
ရှန်းရင် ။ ။ "..."
ယိချင်း ။ ။ "..."
"..." သူ့အရှက်တရား ဘယ်မှာလဲ။
...
အခန်း ၄၅၃ ။ တောင်ဘက်သို့ ဖက်တီး
ဟွေ့ကျယ်က မြို့ပြင်ကို ဘေးကင်းကင်းထွက်ရတဲ့အပြင် နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ရှေ့ကပါ ပေါ့ပေါ့ပါးပါး ဖြတ်သန်းလို့ရမယ်မထင်ခဲ့ဘူး။ မြို့တံခါးက တော်ဝင်အထွတ်အမြတ်ဂိုဏ်းတပည့်တွေက အကုန်လုံးအတူတူ ကန်းနေကြသလိုမျိုး သူ့ကို လုံးဝလျစ်လျူရှုထားတာ။ အဲလိုနဲ့ပဲ သူရှန်းရင်နောက်ကလိုက်ပြီး မြို့တံခါးအပြင်ထိ ထွက်ခဲ့တော့တယ်။
အစကတော့ သူ ဒီရက်ပိုင်းပြေးတာနဲ့ အလုပ်များနေပြီး သူ့ပုံပန်းကိုဂရုမစိုက်တော့လို့ သူတို့ မမှတ်မိဘူးထင်နေခဲ့တာ။ ဒါပေမဲ့ မြို့ပြင်ထွက်ပြီးနောက်မှာ သူ မနေနိုင်ဘဲ မြစ်ထဲသွားကြည့်လိုက်တော့ သူ့ရုပ်ရည်က ညစ်ပတ်နေတာကလွဲ အတော်လေးမှတ်မိလွယ်ဆဲဆိုတာ သိလိုက်ရတယ်။ ပြီးတော့ ကျင့်ကြံသူတွေက ရုပ်ရည်နဲ့တင် လူတွေကို မှတ်မိတာမဟုတ်ဘဲ ပိုအရေးကြီးတာက အရှိန်အဝါနဲ့။ ဒါပေမဲ့ အံ့ဩဖို့ကောင်းလောက်စွာ ဘယ်သူမှသူ့ကိုမမှတ်မိကြဘူး။
သူ မနေနိုင်ဘဲ အသီးကိုကိုက်စားနေတဲ့ ရှန်းရင်ကို လှည့်ကြည့်လိုက်တယ်။ အဆောင်မှာ မနေ့က ဖြစ်ခဲ့တာတွေကို သတိရသွားတော့ မိန်းကလေးရှန်းက သူမြို့ထဲက ဘေးကင်းကင်း ထွက်နိုင်အောင် တစ်ခုခုလုပ်ခဲ့တာပဲဖြစ်ရမယ်ဆိုတာ နားလည်သွားတယ်။ သေမျိုးတစ်ယောက်သာ ဖြစ်တဲ့သူမက ဒီလောက်တတ်နိုင်ပြီး အင်မတန်ကြင်နာတတ်ကာ ပြန်ပေးဆပ်ဖို့ကို မတောင်းဆိုဘဲ တိတ်တိတ်လေး ကူညီပေးမယ် မထင်ခဲ့ဘူး။ သူအရင်ကမြင်ဖူးတဲ့ အဲဒီလှပတဲ့မိန်းမပျက်တွေနဲ့ အင်မတန် ကွာခြားလွန်းတယ်။
ဟွေ့ကျယ်က ရင်ထဲထိသွားခဲ့တယ်။ သူ ရှန်းရင်ကိုကြည့်တဲ့အကြည့်က အလင်းလို တောက်ပနေလေရဲ့။
ဘေးမှာ အသီးခွာနေတဲ့ တစ်ယောက်သော စားဖိုမှူးကတော့ လက်မှာအားပါလာတယ်။ ဂျွတ်ခနဲ သံအသီးလှီးဓားက နှစ်ပိုင်း ကျိုးပဲ့သွားတော့တယ်။ သူ့တစ်ကိုယ်လုံးပေါ်က အေးစက်မှုက ဖက်တီးဆီ တန်းရောက်သွားတယ်။ သူတို့ပတ်လည်က အပူချိန်က ချက်ချင်း ပလုံခနဲကျသွားခဲ့တယ်။
ဒါက ဆရာ့အတွက် သူနဲ့ တိုက်ခိုက်ဖို့ရောက်လာတဲ့ နောက်ထပ်ခွေးကောင်လေးဆိုတာ သိသားပဲ။
凸(艹皿艹)
သူက ရှေ့ကို တန်းတက်လာကာ သူ့ကိုယ်သူ နှစ်ယောက်ကြားဝင်ပြီး တစ်ယောက်သောလူရဲ့ တစိုက်မတ်မတ် အကြည့်ကို အတင်း ဖြတ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ လက်ထဲက လှီးထားတဲ့ အသီးကို ရှန်းရင်ဆီ ကမ်းပေးလိုက်တယ်။
ရှန်းရင်က ယာယီမှင်တက်သွားတယ်။ သူမက ရုတ်တရက် တိုးဝင်လာတဲ့ စားဖိုမှူးကို ကြည့်ပြီး သစ်သီးကို ယူကာ အရွယ်အစားကြောင့် ပိတ်ဆို့မခံထားရတဲ့ နောက်က ဖက်တီးကို ကြည့်လိုက်တယ်။
တစ်စုံတစ်ခုက သူမမျက်လုံးထဲ ဖြတ်ပြေးသွားပြီး ရုတ်တရက် ခပ်ပေါ့ပေါ့လေသံနဲ့ မေးတယ်။
"ဖက်တီး နင်ဗိုက်ဆာလား"
ဟမ်။
ဟွေ့ကျယ်က နည်းနည်းမှင်တက်သွားတယ်။ သူ မဆာပါဘူး။
သူ ဖြေမို့ရှိသေး ရှန်းရင်က သူမဘေးက ကူယွဲ့ဆီ လေးနက်တဲ့အကြည့်နဲ့ လှည့်ကြည့်လေပြီ။
"ဖေဖေနျို၊ ဖက်တီးက ဗိုက်ဆာနေတာ၊ ခဏလောက်နားပြီး နေ့လယ်စာစားရင်ရော"
သောက်ကျိုးနည်းစား
ကူယွဲ့က သူမကို စိုက်ကြည့်လိုက်တယ်။ သူ ဗိုက်ဆာတာဖြစ်ပြီး မင်းစားချင်လို့မဟုတ်တာ သေချာရဲ့လား။
"သောက်ကျိုးနည်းတော်ပြီ၊ ငါတို့ စောနကတင် မနက်စာ စားထားတာကို အခု..."
"ဖေဖေနျို" သူ စကားမဆုံးခင် ရှန်းရင်က ထပ်ပြောတယ်။
"သူက သူဌေးနော်"
"..."
သူ ဒီတစ်ယောက်ကို ကန်ထုတ်ချင်နေပြီ။ မင်း အလုပ်လုပ်ဖို့လား ခရီးထွက်လာတာလား။ ဟဲလို
ကူယွဲ့ နှုတ်ခမ်းထောင့်က တွန့်သွားတယ်။ သူ ကောင်းကင်ကိုကြည့်ကာ ဓမ္မအသုံးအဆောင်ကို ထိန်းချုပ်တဲ့ ဂါထာတစ်ခု ပြုလုပ်ပြီး မြစ်တစ်ခုဘေးမှာ ဆင်းသက်စေလိုက်တယ်။
"ငါတို့ခဏနားပြီး ဆက်သွားကြတာပေါ့" အဲလိုနဲ့ သူက စားဖိုမှူးကို သတိပေးတဲ့စိုက်ကြည့်မှု ပေးလိုက်တယ်။
"နားပဲနားမှာ၊ မချက်ရဘူး"
ဟင်းချက်ပစ္စည်းတွေကို ထုတ်ကာစ ယိချင်းက ယာယီမှင်တက်သွားတယ်။ သူ့ဘေးက ဆရာ မျက်နှာ ဆူပုတ်သွားတာမြင်တော့ ဖေဖေနျိုကြည့်မနေချိန် သူ အမြန် အဆာပြေမုန့်ထုတ်တချို့ကို ထုတ်ပေးကာ ရှန်းရင်ဘေးက သိုလှောင်အိတ်ထဲ တိတ်တိတ်လေး ထိုးထည့်ပေးလိုက်တယ်။
အင်း၊ ဒါတွေအားလုံးက သူ ဒီရက်ပိုင်း တစ်ယောက်သောသူရဲ့ နောက်ကွယ်မှာ ဆရာ့အတွက် စုဆောင်းထားခဲ့တဲ့ အဆာပြေမုန့်တွေပဲ။ ဖေဖေနျို ရှာမတွေ့ခင် သူ အမြန်လုပ်ရပြီး ခိုးကြောင်ခိုးဝှက် လုပ်ခဲ့တာပဲ။
ရှန်းရင်မျက်လုံးတွေ တောက်ပသွားပြီး သူ့ကို တိတ်ဆိတ်လေး လက်မထောင်ပြလိုက်တယ်။
ကိစ္စတစ်ခုလုံးကို ကြည့်နေသော ဟွေ့ကျယ် ။ ။ "..."
မိန်းကလေးရှန်းဘဝက အတော်လေး ခဲယဉ်းတယ်လို့ ရုတ်တရက် သူ ဘာကြောင့်ခံစားရတာပါလိမ့်။
( ̄△̄;)
ကူယွဲ့ မြစ်ဘေးသွားကာ ရေခပ်လိုက်တယ်။ ခဏတွေးပြီးတော့ မီးဂါထာနဲ့ ရေကျိုကာ ရေနွေးဖြစ်အောင်လုပ်ပြီး အအေးခံလိုက်တယ်။ သူ့လက်က ရေနွေးကို ရှန်းရင်ဘက် ကမ်းပေးလိုက်တယ်။
"ရော့" ရေအေးက ဗိုက်အောင့်စေနိုင်တယ်။
နောက်ထပ်ဘူးတစ်ဘူးက စားဖိုမှူးဆီ ဟင်းဆက်ချက်ဖို့အတွက် ကမ်းပေးလာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဂါထာနဲ့ ဖန်တီးတဲ့ ရေက သဘာဝဟာတွေလောက် မကောင်းနိုင်ဘူးလေ။
ဒါတွေအားလုံး ပြီးတဲ့နောက် ကူယွဲ့ နောက်ဆုံးတော့ ဘေးမှာအနည်းငယ် ဇဝေဇဝါဖြစ်နေဆဲ ဝတုတ်ဘက် လှည့်ဖို့ အားသွားတော့တယ်။
"ညီကို" သူက တောက်ပစွာ ပြုံးပြလိုက်တယ်။ သိသိသာသာ နူးညံ့တဲ့အရှိန်အဝါက သူ့တစ်ကိုယ်လုံးကနေ လွှင့်ထုတ်လာတော့တယ်။ ဒါပေမဲ့ ဟွေ့ကျယ် အကြောင်းရင်းမရှိ ကြက်သီးထသွားလေရဲ့။ သူ့ဝိညာဉ်ကျောက်တုံးတွေ တစ်ဖက်လူအိတ်ကပ်ထဲ ပျံဝင်သွားသလို မြင်ယောင်နေတဲ့အတိုင်းပဲ။
"အခု ငါတို့ အမတမြို့အပြင် ရောက်ပြီဆိုတော့ မင်းမှာ အနာဂတ်အတွက် ဘာအစီအစဉ်ရှိလဲ၊ မင်းသွားချင်တဲ့ တစ်နေရာရာရော၊ ငါတို့ လိုက်ပို့နိုင်တယ်"
"ကျွန်တော်..." ဟွေ့ကျယ်က မှင်တက်သွားတယ်။ သူ့မျက်နှာပေါ်က ဇဝေဇဝါဖြစ်မှုကပိုတောင် များလာတယ်။ သူ သွားစရာ နေရာမရှိဘဲ ကြုံတဲ့နေရာဘယ်မဆို သွားမယ်လို့ပြောချင်တာ။ ဒါပေမဲ့ သူ အမြဲတမ်း သူတို့နောက် လိုက်လို့မရတာလည်း နားလည်တယ်။ သူတို့က ဆက်နွယ်မှု မရှိသလို မိန်းကလေးရှန်းနဲ့ သူကတောင် သာမန်အသိတွေဆိုရုံပဲ။ သူတို့က သူ့ကိုအန္တရာယ်ကနေ လွတ်အောင် နှစ်ကြိမ်အရဲစွန့်ပေးပြီး သူ့နောက်လိုက်နေတဲ့ အဲဒီအားလုံးနဲ့ဆိုတော့... သူ ထာဝရ သူတို့ကို ဒုက္ခမပေးနိုင်ဘူး။
သူ စဉ်းစားကြည့်ကာ အတော်ကြာတဲ့နောက် အံကြိတ်လိုက်တယ်။
"ကျွန်တော်... တောင်ဘက်အစွန်ဆုံးမှာ ကျင့်ကြံသူတွေ လည်ပတ်တာရှားတဲ့ တောအုပ်ကြီးတစ်ခု ရှိတယ်ကြားဖူးတယ်၊ အထဲက ရှုခင်းတွေက... တကယ်ကို ခမ်းနားမှာပဲ" သူ့မျက်နှာက ပြောင်းလဲသွားပေမဲ့ ရိုးသားတဲ့အပြုံးတော့ ပြုံးပြနိုင်တယ်။
"ကျွန်တော် အမြဲ... သွားတွေ့ချင်ခဲ့တာ၊ ကျွန်တော့်ကို လိုက်ပို့ဖို့ဆန္ဒရှိလား"
"တောင်ဘက်အစွန်ဆုံး..."
"ဟုတ်" သူက အသည်းအသန်ခေါင်းညိတ်တယ်။ သူ့မျက်လုံးတွေက ဖျတ်ခနဲဖြစ်သွားပေမဲ့ ပြောနေတုန်း ပြုံးနေဆဲ။
"ဒီကနေ အတော်လေးဝေးရုံတစ်ခုပါပဲ၊ ပြီးတော့ နေရာရွှေ့ပြောင်းအစီအရင် မရှိတော့ ဓားတွေနဲ့ သွားဖို့ဆို ရက်အနည်းငယ်ကြာမှာ"
"မင်း အဲလိုနေရာသွားချင်တာ သေချာရဲ့လား" ကူယွဲ့ မျက်မှောင်ကြုတ်ကာ သူ့ကိုအံ့ဩတကြီး ကြည့်လိုက်တယ်။
"လူတွေလည်ပတ်တာ နည်းပြီး ကျင့်ကြံသူတွေ ရှောင်တဲ့ တောအုပ်ထူတွေက ဘယ်လိုနေရာတွေလဲ သိရဲ့လား"
"..." သူ့မျက်နှာက တောင့်တင်းသွားပေမဲ့ မဖြေ။
"ဒီလိုနေရာတွေက အဆင့်မြင့် မိစ္ဆာသားရဲတွေအပြည့် ဒါမှမဟုတ် နတ်ဆိုးအရှိန်အဝါတွေနဲ့ သောင်းကျန်းနေတာ၊ ဝင်သွားတဲ့လူတွေ အသက်ရှင်လျက်ထွက်လာနိုင်ခြေ နည်းတဲ့နေရာတွေ၊ မင်းသေတွင်း မင်းတူးဖို့ ငါတို့ကို ဒီနေရာဆီ မင်းကို ပို့ပေးစေချင်တာ သေချာရဲ့လား"
ဟွေ့ကျယ်မျက်နှာက စာရွက်တစ်ရွက်လို ချက်ချင်းဖြူဖျော့သွားတယ်။
"မင်း အဲဒီတောထဲဝင်တာနဲ့ မင်းမှာရှိတဲ့အသားနဲ့ အဆီတွေအားလုံး ဘာမှမကျန်တော့မှာ ယုံလား"
သူ့ကိုယ်က ပိုပြီးတောင် တောင့်တင်းသွားတယ်။ သူ အသက်ပြင်းပြင်းရှူလိုက်တယ်။ အတော်ကြာပြီးတဲ့နောက်မှာ သူ့ကိုယ်သူ အတင်းရယ်မိအောင် လုပ်ပြီး ပြောလိုက်တယ်။
"ဟားဟားဟား... တာအိုရောင်းရင်း ကျွန်တော့်ကို မခြောက်ပါနဲ့၊ ကျွန်တော် သတိထားပါ့မယ် ပြီးတော့... ပြီးတော့ ကျွန်တော့်မှာ အရှိန်အဝါကွယ်အဆောင်တွေရှိတယ်" အဲလိုပြောပြီး သူက အဲဒီရှုပ်ယှက်ခတ်နေတဲ့ အဆောင်စာရွက်တွေကို စတင်ထုတ်ကာ အတင်းအကြပ် စိတ်အေးတဲ့ပုံစံနဲ့ ပြောလေတယ်။
"အဆင်ပြေမှာပါ" သူ မယုံကြည်မှာ စိုးရိမ်တော့ စဉ်းစားပြီး အမြန်ထပ်ပြောလိုက်တယ်။
"ကျွန်တော့်ကြောင့် သက်ရောက်မှာမစိူရိမ်ပါနဲ့၊ ခင်ဗျားတို့ ကျွန်တော့်ကို တောင်ဘက်ပိုင်းပဲ ပို့ပေးဖို့လိုတာပါ၊ အထဲထိ သွားစရာမလိုပါဘူး၊ တကယ်ပါ"
ကူယွဲ့ တိတ်ဆိတ်သွားတယ်။ သူ့ရှေ့က ဖားယားလုနီးပါးပုံစံမျိုးပြုံးပြနေတဲ့ လူကိုကြည့်လိုက်တယ်။ သူ့နှလုံးသားထဲ ချက်ချင်း စိတ်အနှောင့်ယှက် ဖြစ်သွားကာ လက်ထဲက ယပ်တောင်ကို ဆော့ကစားနေမိတယ်။ အတော်ကြာပြီးတဲ့နောက် သူ့ဘာသာ ဆဲရေးမိလိုက်တယ်။
"ချီး"
ဒီလူရဲ့ ကရိကထများတဲ့ကိစ္စတွေကို လုံးဝဂရုစိုက်ဖို့ မရည်ရွယ်ခဲ့တာ အသိသာကြီး။ သူ ခေါင်းစခြေဆုံး ကြည့်လိုက်တယ်။
"ဒါကြောင့်... မင်း တကယ်တော့ တော်ဝင်အထွတ်အမြတ်ဂိုဏ်းကနေ ဘာယူခဲ့တာလဲ" ဒီလိုနေရာမှာ ပုန်းဖို့လိုတဲ့အထိလေ။
ဝတုတ်က မှင်တက်သွားတယ်။
"ဘာ-ဘာကို"
"ငါတို့မင်းကို ကယ်ဖို့ မြို့ပြင်ခေါ်ထုတ်ခဲ့တာ" ကူယွဲ့ သက်ပြင်းချလိုက်တယ်။
"ထားလိုက်တော့၊ အချိန်နည်းနည်း ပိုကုန်ရုံပဲ၊ အခု ငါတို့ကယ်ပေးခဲ့တော့ မင်းကို သေတွင်းပို့ဖို့ဆိုတာ အဓိပ္ပာယ်မရှိဘူး၊ မင်း ငါတို့ကိုကိစ္စတစ်ခုလုံး ပြောတာ ပိုကောင်းတယ်၊ အရင်တစ်ကြိမ်က အဲဒီဝိညာဉ်ကျောက်တုံးတွေ အတွက်ကြောင့် ငါတို့ မင်းကိုကူညီပေးနိုင်လောက်တယ်"