အခန်း (၄၅၇-၄၅၉)
Vol. 31 Ch. 457-459
အခန်း ၄၅၇ ။ ခမ်းနားသောသဘင်
ကူယွဲ့ ဖက်တီးလိုသေမျိုးတစ်ယောက်က သဘာဝဥပဒေဖိအားနဲ့ ဘယ်လိုဆိုင်နေလဲ မသိဘူး။ သူက ကောင်းကင်တာအိုကို ဘုံတံခါးပိတ်ဖို့တောင် တွန်းအားပေးနိုင်တယ်။ ဒါပေမဲ့ ခုလောလောဆယိ သူတို့လူကို ပြန်သွားခေါ်ပြီး ကောင်းကောင်းလေ့လာရမယ်။ သူတို့ အနည်းဆုံးတော့ သူ့တည်နေရာကို သိတာ တော်သေးတယ်။
ကူယွဲ့ အားမကိုးရတဲ့ရှန်းရင်ကို အပြစ်တင်ရင်း သူတို့ ဖက်တီးကို ပထမဆုံး တွေ့ခဲ့တဲ့ တော်ဝင်အထွတ်အမြတ်ဂိုဏ်းရှိရာဘက် အပြေးသွားခဲ့ကြတယ်။ နောက်ဆုံးတော့ ဒုတိယမနက်ခင်းမှာ သူတို့ အရင်က အမတမြို့ပိုင်နယ်ထဲ ရောက်လာတယ်။
သူတို့အံ့ဩရလောက်အောင် မြို့အပြင်နဲ့အထဲက ဒီနေ့ အတော်လေး အသက်ဝင်နေတယ်။ ကျင့်ကြံသူတွေက လွန်ခဲ့တဲ့ရက်ပိုင်းနဲ့ယှဉ်ရင် အများကြီးပိုများနေတယ်။ ကူယွဲ့ ဇဝေဇဝါဖြစ်သွားကာ တော်ဝင်အထွတ်အမြတ်ဂိုဏ်းရဲ့ ဂိုဏ်းခွဲဆီ အပြေးသွားခဲ့တယ်။ ဒါပေမဲ့ သူတို့ အဲဘက်နဲ့နီးလာလေ လူတွေပိုများလာလေပဲ။အထူးသဖြင့် တော်ဝင်အထွတ်အမြတ်ဂိုဏ်းရှိရာ တောင်ခြေမှာ လမ်းက ကျင့်ကြံသူတွေနဲ့ အတော်လေး ပိတ်ဆို့နေတယ်။ အများစုက အုတ်မြစ်အခြေတည်နဲ့ ရွှေအမြုတေကျင့်ကြံသူတွေ ဒါပေမဲ့ဘယ်သူကမှ နတ်ဝိညာဉ်အဆင့်ထက် မကျော်လွန်ဘူး။ ဒီလူတွေက ၃ယောက်ကနေ ၅ယောက်အုပ်စုတွေနဲ့ စုဝေးနေကြတာ ဒါမှမဟုတ် တစ်ယောက်တည်း တရားထိုင်နေကြတာမျိုးပေမဲ့ အားလုံးက တူညီတဲ့ဘက်ဆီ မျက်နှာချင်းဆိုင်နေကြတယ်။ သူတို့တွေက တစ်ခုခုကို စောင့်နေပုံပဲ။
တောင်ပေါ်တက်ဖို့ ရည်ရွယ်ထားတဲ့ ကူယွဲ့ တိတ်တဆိတ် တုံ့ဆိုင်းသွားတယ်။ သူ ပြုံးကာ ဘေးကကျင့်ကြံသူကို မေးလိုက်တယ်။
"တာအိုရောင်းရင်း၊ ကျုပ် ဒီနေရာကို ကြုံကြိုက်လို့ဝင်လာတာပါ ဒီနေ့က ဘာနေ့လဲနဲ့ ဘာကြောင့် အဲလောက်စည်ကားနေရလဲ သိခွင့်ရှိမလား၊ တော်ဝင်အထွတ်အမြတ်ဂိုဏ်းမှာ တစ်ခုခု ကြီးကြီးမားမား ဖြစ်ခဲ့လို့လား"
"မင်း မသိဘူးလား" အဲဒီကျင့်ကြံသူက သူ့ကို အံ့ဩမှုတချို့နဲ့ ကြည့်လိုက်တယ်။
"ဒါဆို မင်းအတော်လေး ကံကောင်းတာပဲ ဒီနေ့က တော်ဝင်အထွတ်အမြတ်ဂိုဏ်းက ယွီစီကနတ်ဝိညာဉ်အဆင့် ပြီးပြည့်စုံသွားပြီမို့ ဒါက သူ့တက်လှမ်းမှုအခမ်းအနားနေ့ပါ၊ ဂိုဏ်းတွေနဲ့ မျိုးနွယ်တွေအားလုံးက သူ့ကိုဂုဏ်ပြုဖို့ လူတွေလွှတ်လိုက်တာ၊ ဂိုဏ်းသေးလေးတွေက တပည့်ကျုပ်တို့က ဖိတ်ကြားမှုကိုမရတာကြောင့် ကျက်သရေအကြွင်းအကျန်နည်းနည်းကိုပဲ ရှာမှီးနိုင်တယ်"
"တက်လှမ်းမှုအခမ်းအနားလား" ဒါ ကျင့်ကြံသူတွေပြောနေတဲ့ ကြီးကျယ်ခမ်းနားတဲ့ကိစ္စလား။ ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ ရုတ်တရက် အဲစကားတွေက တစ်ခုခုမှားနေတယ်လို့ ခံစားလိုက်ရပြီး အလိုလို မေးလိုက်မိတယ်။
"ကျုပ် နည်းနည်းပဲသိတာပါ၊ ဒါပေမဲ့ ဒီဆရာသခင်စုက မိတ်ဆွေတွေ အများကြီးရှိပြီး ဒီလိုမြင့်မားတဲ့ဂုဏ်သတင်း ရှိတာလား၊ ဖိတ်ကြားမခံရတဲ့တပည့်တွေပါ သူ့ကိုဂုဏ်ပြုဖို့ တောင်အောက်မှာ စုဝေးရတဲ့အထိလေ" ပြီးတော့ ရောက်လာသူက အများကြီးပဲ
အဲဒီကျင့်ကြံသူက ယာယီ မှင်တက်သွားတယ်။ သူက လှည့်လာကာ ထူးဆန်းသလိုကြည့်ပြီး ရုတ်တရက် ထရယ်တယ်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" သူက မင်း တုံးနေတာလား ဘာလားအထာနဲ့ကြည့်ကာ ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်ပြီး ခပ်တိုးတိုးအသံနဲ့ပြောတယ်။
"မင်း ဘာတွေစဉ်းစားနေတာလဲ၊ ကျုပ်တို့လို အဆင့်နိမ့်တပည့်တွေက နတ်ဝိညာဉ်ပြီးပြည့်စုံအဆင့် ကျင့်ကြံသူတွေကို ဘယ်လိုလုပ်သိနိုင်တဲ့အခွင့်အရေးရှိမှာလဲ၊ ဒီကလူတွေက ယွီစီ ဘယ်လိုပုံစံရှိလဲတောင် မသိလောက်ကြဘူး၊ သူတို့က သူ့ကိုဂုဏ်ပြုဖို့ ဒီနေရာကို ရောက်နေတာ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲဗျာ၊ သူတို့တွေက သူ နတ်ဝိညာဥ်အဆင့်ဖွဲ့စည်းခြင်းအဆင့်ကို အောင်အောင်မြင်မြင် ရောက်သွားတဲ့အခိုက်အတန့်မှာ ကောင်းကင်ရဲ့လျှို့ဝှက်ချက်ကို မျက်မြင်ကြုံရပြီး သူတို့ကိုယ်ပိုင်ကျင့်ကြံဆင့်ကို တိုးမြှင့်ဖို့အခွင့်အရေးအနေနဲ့ နားလည်မှုတချို့ရမလား ကြိုးစားတဲ့အနေနဲ့ ဒီမှာစောင့်စားမျှော်လင့်နေကြတာလေ"
ကူယွဲ့ မှင်တက်သွားတယ်။
"ဆိုလိုတာ သူက ဝဋ်ကြွေးချေခြင်းကို အောင်အောင်မြင်မြင် မဖြတ်ကျော်ရသေးဘူးပေါ့၊ ဒါဆို ဘာလို့ တက်လှမ်းမှုအခမ်းအနား ကျင်းပရတာလဲ၊ သူ သေသွားတဲ့အထိ မိုးကြိုးပစ်ခံရရင်ရော၊ လူတစ်ယောက် ကျင့်ကြံဆင့်မြင်လေ တက်လှမ်းမှုကြောင့် သေနိုင်ခြေ ပိုများလေပဲ ပြီးတော့ ကျရှုံးသွားရင် အနားကကျင့်ကြံသူတွေလည်း မကောင်းတဲ့သက်ရောက်မှုခံရမယ်၊ ကျင့်ကြံဆင့်မြင့်သူတွေအတွက်က အဆင်ပြေပေမဲ့ ကျင့်ကြံဆင့်နိမ့်သူတွေက ပြာမှုန့်ဖြစ်သွားနိုင်တယ်၊ သူတို့က ဘယ်လိုလုပ် လာကြည့်ရဲတဲ့သတ္တိရှိရတာလဲ"
"မင်းက ဘယ်ဂူကများ ရောက်လာတာတုံး၊ ဘာမှကိုမသိဘူးပဲ" အဲကျင့်ကြံသူက မေးခွန်းတွေကြောင့် နည်းနည်းဒေါသထွက်လာပြီး ကူယွဲ့ကို ခုမှမြို့တက်လာတဲ့ ဘာမှမသိတဲ့တောသားလိုမျိုး ကြည့်လေတယိ။
"အဲလူမျိုးရိုးနာမည်က ယွီဆိုတာ မကြားဘူးလား၊ မျိုးနွယ်ကြီး၆ခုထဲက တစ်ခုလေ၊ ပြီးတော့ သူက ပင်မမိသားစုကလူလို့ ပြောကြတယ်၊ သူတို့လို အရည်အချင်းမျိုးနဲ့ဆို နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ တစ်ယောက်က ဝဋ်ကြွေးချေခြင်းမှာ ဘယ်လိုလုပ် ကျရှုံးနိုင်မှာလဲ၊ စိတ်သာချပြီး စောင့်နေပါ၊ မကြာခင် စတော့မယ်"
အဲလိုပြောပြီး သူက ဆက်အာရုံမစိုက်တော့ဘဲ တန်းတင်ပျဉ်ခွေထိုင်ချကာ တောင်ကို သူများတွေနည်းတူ လေးနက်စွာ ကြည့်လေတယ်။
ကူယွဲ့နားထောင်လေ ထူးဆန်းလာလေပဲ။ နတ်ဝိညာဉ်အဆင့်ကနေ နတ်ဝိညာဉ်အဆင့်ဖွဲ့စည်းခြင်းဆီကို တက်လှမ်းတာက ဘယ်လိုလုပ် ဒီလူတွေမျက်လုံးထဲ ဒီလိုလွယ်ကူတဲ့ကိစ္စဖြစ်နေရတာလဲ။ ဝဋ်ကြွေးချေခြင်းကိုတောင် မဖြတ်ကျော်ရသေးခင် တက်လှမ်းမှုအခမ်းအနားကိုတောင် ပြင်ဆင်ထားကြတယ်။
ကူယွဲ့နဲ့ စားဖိုမှူး အကြည့်ချင်းဖလှယ်လိုက်ကြတယ်။ နှစ်ယောက်လုံး ဒီကိစ္စရဲ့ မူမမှန်မှုကို ခံစားနေရတာ။ ဒါကြောင့် သူတို့လူအုပ်ကြီးထဲ ချက်ချင်းပြန်ထွက်ခဲ့ပြီး အရှိန်အဝါဖျောက် အဆောင်တွေတပ်ပြီး ရှန်းရင်ကို ဆွဲ တော်ဝင်အထွတ်အမြတ်ဂိုဏ်းဆီပျံတက်ခဲ့တော့တယ်။
သုံးယောက်သား တပည့်အုပ်ကြီးနောက် တန်းလိုက်သွားပြီး ရင်ပြင်ကို အလွယ်လေးရောက်လာခဲ့တယ်။ တစ်ယောက်သော မမြင်နိုင်တဲ့ cheat ကြောင့် ဘယ်သူမှ သူတို့ရဲ့အသွင်ကို သံသယမဖြစ်ကြဘူး။
အဝေးကနေ သူတို့ ရင်ပြင်မှာ နတ်ဝိညာဉ်နှောင်းပိုင်းအဆင့် လူတစ်ယောက် ထိုင်နေတာကိုမြင်လိုက်ရတယ်။ သူနဲ့ မီတာရာချီအတွင်း လူတစ်ယောက်မှမရှိ။ ဒါပေမဲ့ သူ့ခြေထောက်အောက်မှာတော့ အကာအကွယ်အင်းကွက်ကြီးတစ်ခု ရှိနေကာ ပတ်လည်မှာတော့ ဓမ္မအသုံးအဆောင်တွေ။ သူက ဝဋ်ကြွေးချေခြင်းကို ဖြတ်သန်းရမဲ့ အဲကျင့်ကြံသူပဲ။
ကူယွဲ့ ညာဘက်ကို လှည့်ကြည့်လိုက်တယ်။ တချို့က အဲကစင်မြင့်ပေါ် ထိုင်နေကြတယ်။ အများစုကတော့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေနဲ့ အကြည့်နဲ့တင် ရာထူးမြင့်ပုံရတဲ့ ခရီးသွားအမတသုံးယောက်။ သူတို့တွေက တော်ဝင်အထွတ်အမြတ်ဂိုဏ်းရဲ့ အဖွဲ့ခေါင်းဆောင်တွေ ဖြစ်ရမယ်။ ဂုဏ်ပြုဖို့ရောက်လာကြတဲ့ တခြားဂိုဏ်းကကျင့်ကြံသူတွေရောပဲ။ သေချာကြည့်တော့ ရင်းနှီးနေတဲ့ လူ ၇ယောက်၈ယောက်ရှိနေတယ်။ သူတို့က ဖက်တီးကို ဟိုတစ်နေ့က ခေါ်သွားသူတွေပဲ။
ဒါပေမဲ့ ထူးဆန်းစွာပဲ ဖက်တီးက အဲလူအုပ်ကြားထဲမရှိ။ သူ အလိုလိုမျက်မှောင်ကြုတ်မိလိုက်တယ်။ ဖက်တီးက ဂိုဏ်းချုပ် မဟုတ်ဘူးလား။ ပြီးတော့ အဲလူတွေပြောခဲ့ကြတဲ့ ပွဲတော်ကြီးက ဒီတက်လှမ်းမှုအခမ်းအနားပဲဖြစ်ရမှာ။ အရေးကြီးအခမ်းအနားမှာ ဘာလို့ သူ့ကိုမမြင်ရတာလဲ။
ဒီရက်ပိုင်း ကူယွဲ့ တကယ်ပဲ သိချင်စိတ်နဲ့ ဖက်တီးရဲ့ ဂိုဏ်းချုပ်ဖြစ်လာမှုကို စုံစမ်းခဲ့တယ်။ တော်ဝင်အထွတ်အမြတ်ဂိုဏ်းရဲ့ သေမျိုးဂိုဏ်းချုပ်ရှိတဲ့ကိစ္စက လုံးဝလျှို့ဝှက်ချက် မဟုတ်။ ဒါကြောင့် သတင်းစုဖို့ အရမ်းလွယ်ခဲ့တယ်။ တော်ဝင်အထွတ်အမြတ်ဂိုဏ်းရဲ့ တည်ထောင်မှုနဲ့ ပတ်သက်တာပဲ။ ပြောကြတာ
မျိုးနွယ်ကြီး၆ခုရဲ့ ဘိုးဘေးတွေက ဖက်တီးရဲ့ ဘိုးဘေးကို အသက်ကယ်ပေးခဲ့တဲ့အကြွေးတင်နေကြတာ။ ဒါကြောင့် မျိုးနွယ်ကြီး၆ခုက သူတို့မျိုးဆက်ကို အဲလူရဲ့မျိုးဆက်ကို ကြင်နာစွာ ဆက်ဆံဖို့ မှာကြားခဲ့ကြတယ်။ နောက်တော့ မျိုးနွယ်ကြီး၆ခုက တော်ဝင်အထွတ်အမြတ်ဂိုဏ်းကို ပူးပေါင်း တည်ထောင်ခဲ့ကြတယ်။ သူတို့အသက်ကို ကယ်တင်ခဲ့တဲ့လူကို လေးစားမှုပြတဲ့အနေနဲ့ တော်ဝင်အထွတ်အမြတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တိုင်းက သူ့မျိုးဆက်ပဲ။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ ဟွေ့ကျယ်ရဲ့ မိသားစုမျိုးဆက်က ဘယ်တော့မှ ကလေးများများစားစား မရှိ။ မျိုးဆက်တစ်ခုစီမှာ ကလေးတစ်ယောက်ပဲ အမြဲရှိတယ်။ ပြီးတြော သူတို့ကျင့်ကြံခြင်းအရည်အသွေးက အရမ်းဆိုးတယ်။ နတ်ဝိညာဉ်တို့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်တို့ မပြောနဲ့ တစ်ဂိုဏ်းလုံးရဲ့ ပူးပေါင်းအစွမ်းနဲ့တောင် သူတို့မိသားစုထဲကနေ ရွှေအမြုတေကျင့်ကြံသူတစ်ယောက် မရခဲ့ဘူး။ အားလုံးက ငယ်ငယ်ရွယ်ရွယ် သေကုန်ကြတယ်။
အစတော့ ကူယွဲ့ များများစားစား အာရုံမစိုက်ခဲ့။ ဒါပေမဲ့ ဖက်တီးက သဘာဝဥပဒေဖိအားရဲ့ မူမမှန်မှု အကြောင်းရင်းဆိုတာ ရှန်းရင် ပြောပြပြီးတည်းက သူ ဒီကိစ္စကို နည်းနည်း ထူးဆန်းတယ်လို့ တွေးခဲ့တယ်။ ဆိုးရွားတဲ့အရည်အသွေး၊ ကလေးတစ်ယောက်မျိုးဆက်နဲ့ တကယ်ပဲ တစ်ခုခု ဖြစ်နေတာ။ သူတို့တွေ ဖက်တီးကို မြန်မြန်ရှာဖို့လိုတယ်။
ပတ်ဝန်းကျင်ကို ဖက်တီးမရှိတာ အတည်ပြုဖို့ နောက်တစ်ကြိမ် စစ်ဆေးပြီးတဲ့နောက် သူ ဖက်တီးကို တန်းအာရုံခံဖို့ ကောင်းကင်စိတ်အာရုံကို တန်းထုတ်ဖို့လုပ်လိုက်တယ်။
ဒါပေမဲ့ ကောင်းကင်က ရုတ်တရက် မှောင်လာတယ်။ မိုးကြိုးတိမ်တိုက် လှိုင်းကြီးတွေက ကောင်းကင်ထဲ စုဝေးလာကြတယ်။ မိုးကြိုးခြိမ်းသံတွေကို ဝိုးတဝါးကြားရလေရဲ့။ အဖြူရောင်အလင်းတန်းတွေက တိမ်တိုက်လွှာတွေကြား ရွေ့လျားနေကြတယ်။
"မိုးကြိုးဝဋ်ကြွေးချေခြင်းစတင်ပြီ" ယိချင်းက သူ့ကိုသတိပေးလာတယ်။
ကူယွဲ့လက်ကို ပြန်ရုတ်လိုက်ရတယ်။ ဝဋ်ကြွေးချေခြင်းရဲ့ ဝိညာဉ်ချီက သူ့အာရုံခံဂါထာကို သက်ရောက်မှာမို့ မပြီးခင်ထိ စောင့်ရတော့မယ်။
မိုးကြိုးတိမ်တိုက်တွေ အသင့်ပြင်ဖို့ကို မကြာလိုက်ဘူး။ ခဏအတွင်း လျှပ်စီးအဖြူတန်းက ကောင်းကင်ကို ဖြတ်သန်းလာကာ အလယ်ကလူရဲ့ ခန္ဓာကိုယ်တည့်တည့်ကို ထိမှန်သွားခဲ့တယ်။ ချက်ချင်း တော်ဝင်အထွတ်အမြတ်ဂိုဏ်းတစ်ခုလုံး အဖြူရောင်အလင်းနဲ့ လင်းထိန်ကုန်တယ်။ အဲအလင်း မသေသွားခင် ဝဋ်ကြွေးချေခြင်းမိုးကြိုးတွေက တစ်ခုပြီးတစ်ခုကျလာကာ တစ်ချက်ချင်းစီက အရင်တစ်ကြိမ်ထက် ပိုပြင်းထန်နေတယ်။ ပတ်ဝန်းကျင်မှာ မြန်ဆန်စွာတိုးမြင့်လာတဲ့ ဝိညာဉ်ဖိအားက အဆင့်နိမ့်တပည့်တွေကို အကာအကွယ်ဖန်တီးကာ ပြန်ဆုန်သွားစေတယ်။
လူက ပတ်ဝန်းကျင်မှာ နည်းသထက်နည်းလာတတယ်။ အဆုံးမှာတော့ သူတို့ညာဘက်က နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နဲ့ ခရီးသွားအမတကျင့်ကြံသူတွေပဲ ကျန်ခဲ့တယ်။
အရှိန်အဝါကာအင်းကွက်နဲ့ ရှန်းရင် cheat ပေါ်မှီခိုရင်း ကူယွဲ့တန်းပြီး ကျောက်တုံးတစ်ခုနောက်ရပ်ကာ အဲအတွက်နဲ့ပဲ ပုန်းလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ဘယ်သူမှသူ့ကိုမမြင်ရတာ။ တစ်ချိန်တည်းမှာပဲ သူက ဖက်တီးကို သေချာရှာရင်း အလယ်မှာ ဝဋ်ကြွေးချေခြင်းကို ဖြတ်သန်းနေတဲ့လူကို လှမ်းကြည့်လိုက်တယ်။
...
အခန်း ၄၅၈ ။ သွေးအင်းကွက်နှင့် ဖက်တီး၏စတေးမှု
ဝဋ်ကြွေးချေခြင်းကို ဖြတ်သန်းနေတဲ့အဲလူက အတော်လေး နာကျင်နေပုံပဲ။ မိုးကြိုးအချက်၂၀အတွင်း သူ့အရေပြားက ပေါက်ပြဲနေပြီး အသားတွေပေါ်နေပြီ။ သူ့ပတ်လည်က ဓမ္မအသုံးအဆောင်တွေ အားလုံးကို သုံးစွဲပြီးပြီ။ သူ ကောင်းကင်ကမိုးကြိုးကို တောင့်ခံဖို့ ဝိညာဉ်ချီအလုံအလောက်တောင်မရှိ။
ကူယွဲ့က နည်းနည်းစိတ်ကုန်သွားတယ်။ သူ ချောချောမွတ်မွတ် ဖြတ်သန်းရမှာလို့ထင်ခဲ့တာ။ ခုပုံစံကို ကြည့်တာတော့ တခြားနည်းလမ်းသာမရှိရင် အမှုန့်အဖြစ်မပြောင်းလဲခင် မိုးကြိုး၁၀ချက်တောင် ခံနိုင်မှာမဟုတ်။
တကယ်ပဲ မိုးကြိုးငါးချက်အတွင်း သူ့ကိုယ်သူ မတောင့်ခံနိုင်တော့ဘူး။ မြေကြီးပေါ် လဲကျသွားကာ သူ့ကိုယ်ထဲကဝိညာဉ်ချီက စတင်လွင့်ပျံ့လာပြီး သူ့ကိုယ်ထဲက နတ်ဝိညာဉ်တောင် ပျောက်စပြုလာတဲ့ အရိပ်အယောင်ပြနေပြီ။ နောက်ထပ်ဝဋ်ကြွေးချေမိုးကြိုးက ကောင်းကင်ကိုဖြတ်လာပြီး သူ့နတ်ဝိညာဉ်ကို လုံးဝဖျက်ဆီးတော့မယ်။
ရုတ်တရက် မြေပြင်ကနေ အလင်းရောင် တောက်ပလာပြီး သူ့ခြေထောက်အောက်က သွေးကွက်က ချက်ချင်းအသက်ဝင်လာတယ်။ မျက်စိကျိန်းစရာအနီရောင်အလင်းက ကောင်းကင်ကိုတက်သွားပြီး သူ့အသက်ကို ယူမဲ့ မိုးကြိုးကို တန်းကာဆီးလိုက်လေတယ်။
"အာ" ကူယွဲ့ မှင်တက်သွားတယ်။ "စားဖိုမှူး ဒါဘာအင်းကွက်လဲ"
"သာမန်အကာအကွယ်အင်းကွက်ပါ" စားဖိုမှူးလည်း ခေါင်းညိတ်ကာ မျက်မှောင်ကြုတ်လိုက်တယ်။
ဒါ ထင်ယောင်ထင်မှားဖြစ်မှုလား။ ဘာကြောင့် ခုလေးတင် အင်းကွက်အလင်းရောင်က ဝဋ်ကြွေးချေမိုးကြိုးရဲ့ အင်အားကို လျှော့လိုက်တဲ့ပုံ ပေါ်ရတာလဲ။
သူတို့ သေချာမစဉ်းစားနိုင်ခင် မိုးကြိုးတွေ တစ်ခုပြီးတစ်ခု ကျဆင်းလာပေမဲ့ အားလုံးကို အကာအကွယ်က ကာဆီးပြီး အထဲကလူကို အန္တရာယ်ကြီးကနေ ကယ်တင်ထားလေတယ်။ ဝဋ်ကြွေးချေမှုကို ဖြတ်သန်းနေတဲ့ ကျင့်ကြံသူက နားဖို့အခွင့်အရေးရပြီး သူ့ကိုယ်ပေါ်က ဒဏ်ရာတွေက သိသိသာသာအရှိန်နဲ့ ပြန်သက်သာလာတယ်။ သူက ဝဋ်ကြွေးချေမိုးကြိုးထဲက ဝိညာဉ်ချီနဲ့ သူ့ကိုယ်ကို ပြန်ပြုပြင်လေတယ်။ ခဏအတွင်း သူ့ပေါ်က ဆိုးဆိုးရွားရွားဒဏ်ရာတွေက အတော်လေး ပျောက်ကွယ်သွားခဲ့ပြီ။
မိုးကြိုး၈၁ချက် ပြီးမြောက်ပြီးနောက် မိုးကြိုးတိမ်တိုက်တွေက ပြန့်ကျဲသွားကာ တောက်ပတဲ့အရောင်စုံ အလင်းတန်းတွေ အပေါ်ကနေ တောက်ပလာတယ်။ ထူထဲတဲ့ဝိညာဉ်ချီက တော်ဝင်အထွတ်အမြတ်ဂိုဏ်းထဲ ပြည့်သွားပြီး အလယ်က ကျင့်ကြံသူရဲ့ ကျင့်ကြံဆင့်က နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ဆီ မြင့်တက်သွားခဲ့တယ်။
"ကောင်းကင်ကိုကြည့်လိုက်" လူတစ်ယောက်က အံ့ဩတကြီး အော်ပြောလေတယ်။
"အမြင်ပဲ ကောင်းကင်နဲ့မြေကြီးရဲ့ အမြင်ပဲ"
ကူယွဲ့နဲ့ယိချင်း အလိုလို မော့ကြည့်မိလိုက်တယ်။ တကယ်ပဲ နဂိုက ရောင်စုံတိမ်တိုက်တွေ ပြည့်နေတဲ့ ကောင်းကင်က ရုတ်တရက် နဂါးတစ်ကောင်ပုံစံနဲ့ ခပ်ဝါးဝါးအရိပ်ပြသလာလေတယ်။ အဲဒါက ဂိုဏ်းပေါ်က ကောင်းကင်ထဲနေပြီး ခပ်မှိန်မှိန်ရွှေရောင်အလင်း ထွက်နေတယ်။
ယိချင်းရဲ့နှုတ်ခမ်းတွန့်သွားတယ်။ သူ အတော်လေး အနေရခက်စွာ မျက်မှောင်ကြုတ်လိုက်တယ်။
ဒါတကယ်ကို ကောင်းကင်နဲ့မြေကြီးရဲ့ အမြင်ပဲ။ ဒီလို နက်ရှိုင်းတဲ့အမြင်တွေက လေးနက်တဲ့ကံကြမ္မာနဲ့လူတွေ ဝဋ်ကြွေးချေခြင်းကိုဖြတ်သန်းမှ ပေါ်လာတာ။ ဒါက ဝဋ်ကြွေးချေခြင်းကို ဖြတ်သန်းအောင်မြင်သွားတဲ့ လူအပေါ် ကောင်းကင်တာအိုရဲ့ အတည်ပြုချက်ပဲ။ ဝဋ်ကြွေးချေခြင်းမိုးကြိုးထဲက ဝိညာဉ်ချီက ထူရင် ဝိညာဉ်ချီနဲ့ အမတစွမ်းအင်ကိုပါကျော်ကာ နတ်ဘုရားစွမ်းအင်အဖြစ် ပြောင်းလဲသွားမဲ့ လက္ခဏာတွမှ ကောင်းကင်မျိုးနွယ်ရဲ့ မပီမပြင်အရိပ်တွေကို မြင်ရနိုင်တာ။
ဒါပေမဲ့ ဝဋ်ကြွေးချေခြင်းကိုခုလေးတင် ဖြတ်သန်းထားတဲ့လူက သူ့ကိုယ်ပေါ် အံ့ဩလောက်စရာ ကောင်းမွန်တဲ့ ကံကြမ္မာမရှိသလို သူ့ရဲ့ အောင်မြင်တဲ့ ဝဋ်ကြွေးချေခြင်းဖြတ်သန်းမှုကတောင် ကံကောင်းမှုတစ်စိတ်တစ်ပိုင်း ပါတယ်။ ဒါပေမဲ့ သူက ကောင်းကင်နဲ့မြေကြီးရဲ့အမြင်ကို စနက်ပျိုးခဲ့သေးတယ်လား။ ဒီကမ္ဘာငယ်လေးရဲ့ သဘာဝဥပဒေဖိအားက တကယ်ကို တစ်ခုခု မှားနေတာပဲ ဖြစ်ရမယ်။
အဲနဂါးအမြင်က အင်မတန် တိုတောင်းစွာ ပေါ်လာပြီး ၅စက္ကန့်အတွင်း ပျောက်သွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ပါးလွှာပြီး လတ်ဆတ်တဲ့ ထူးထူးခြားခြားဝိညာဥ်ချီတစ်မျိုး တိုက်ခတ်လာတယ်။ ချက်ချင်း တော်ဝင်အထွတ်အမြတ်ဂိုဏ်းတစ်လျှောက်မှာ ပန်းခင်းကြီးတွေက နွေဦးရောက်လာသလို ပွင့်လာတယ်။ ကူယွဲ့ခြေထောက်ဘေး ပန်းခြုံကြီးတစ်ခု ပေါက်လာလေရဲ့။
အဲဒီစင်မြင့်ပေါ်က ထိပ်တန်းအဆင့်ကျင့်ကြံသူတွေက ရင်ပြင်ဆီ လျှောက်လာကာ အောင်အောင်မြင်မြင် တက်လှမ်းထားတဲ့ ကျင့်ကြံသူကို ဂုဏ်ပြုနေပြီ။ ခဏအတွင်း လူတွေအများကြီး သူတို့ဘေး စတင်ဝိုင်းအုံလာကြပြန်တယ်။
ကူယွဲ့ 'မြန်မြန် ဖက်တီးကိုရှာမယ်' လို့ ပြောမို့ရှိသေး ဖရဲစေ့ကိုစားနေတဲ့ ရှန်းရင်က ရုတ်တရက် ရပ်သွားတယ်။
သူမက ခဏတာ ရပ်သွားပြီး လက်ထဲက အစေ့ကို ကြည့်လိုက်တယ်။
"နင်တို့... အနံ့တစ်ခုခုရလား"
ကူယွဲ့ အလိုလို အသက်ပြင်းပြင်းရှူပေမဲ့ ဝတ်မှုံအပြည့် ရှုမိလိုက်တယ်။
"အဟွတ် အဟွတ်... ဘာအနံ့လဲ" သူ ပန်းမျိုးစုံရဲ့ ဝတ်မှုံနံ့ကိုပဲ အနံ့ရတယ်။
ဒါပေမဲ့ ယိချင်းမျက်နှာက ရုတ်တရက် မည်းနက်သွားတယ်။ သူက အေးစက်တဲ့လေသံနဲ့ ပြောလာတယ်။
"သွေး"
ဘာ။
ကူယွဲ့ ထိတ်လန့်သွားတယ်။ သူ့ကောင်းကင်စိတ်အာရုံကို အရှာထွက်ကာ ချက်ချင်းပြဿနာကို ရှာတွေ့သွားတယ်။ သူ့မျက်လုံးတွေ ရုတ်ခြည်း ပြူးကျယ်သွားတာပေါ့။ "အဲဒါ မြေကြီးပေါ်က အဲအင်းကွက်ပဲ" အင်းကွက်ကိုပြုလုပ်ဖို့ သုံးခဲ့တဲ့ ဝိညာဉ်ချီနဲ့အတူရောနေတဲ့ သွေးနံ့ပြင်းပြင်းလည်း ရှိနေတယ်။ အဲဒါတကယ်တော့ သွေးအင်းကွက်ပဲ။
"သွေးနံ့က အင်းကွက်က လာတာ"
"ဟင့်အင်း..." နှစ်ယောက်သား အနီးကပ်သွားကြည့်ဖို့လုပ်ပေမဲ့ ရှန်းရင်က ရုတ်တရက် သူတို့ကိုဆွဲကာ မြေကြီးပေါ် အသီးအစေ့ ပစ်လိုက်တယ်။
"မြေအောက်ကလာတာ"
"..."
ခဏအတွင်း နှစ်ယောက်သား နားလည်သွားတယ်။ ကူယွဲ့ ချက်ချင်း မြေကြီးဖွင့်ဂါထာလုပ်ပြီး သုံးယောက်သား ရပ်နေခဲ့တဲ့နေရာကနေ ပျောက်သွားတယ်။
ပြီးတော့ နောက်အခိုက်အတန့်မှာ သူတို့ အနီရောင်အလင်းတန်းတွေထဲ တန်းပေါ်လာတယ်။
ဒါက ရင်ပြင်အောက်တည့်တည့်က နေရာပဲ။ ကြည့်ရတာ ပိတ်ဆို့ထားတဲ့ နေရာနဲ့တူပေမဲ့ အပေါ်က ဧရိယာလောက်ညကတယ်ကာ မြေကြီးပေါ် အနီရောင်အင်းကွက်ကြီးတစ်ခု တောက်ပနေတယ်။ သူ့အလင်းရောင်က နေရာတစ်ခုလုံးကို သွေးရဲရဲနီစေတယ်။ ပြီးတော့ အင်းကွက်အလယ်မှာတော့ ဂါထာတွေကို ဖမ်းယူနေတဲ့ ခပ်ဝိုင်းဝိုင်း ပုံသဏ္ဌာန်တစ်ခု လဲနေတယ်။ သူ့အရှိန်အဝါက အားနည်းလွန်းလို့ အာရုံခံလို့မရလုနီးပါးပဲ
"ဖက်တီး" သုံးယောက်သား ပြိုင်တူအော်လိုက်ကြတယ်။
သုံးယောက်သား ဖျတ်ခနဲ အင်းကွယ်အလယ်ဆီ ရောက်သွားကြပြီ။ ကူယွဲ့ လက်တစ်ဖက် တန်းယမ်းကာ သူ့ကိုဖမ်းထားတဲ့ ဂါထာကို ဖြည်လိုက်တယ်။ သူ ဂရုတစိုက် ကြည့်လိုက်တော့မှ ခြေလက်တွေပေါ်က ဒဏ်ရာတချို့က နက်ရှိုင်းလွန်းလို့ အရိုးတွေတောင် ပေါ်နေပြီ။ သွေးတွေက ဒဏ်ရာတွေကနေ အဆက်မပြတ်ထွက်နေကာ သူ့ကိုယ်အောက်က အင်းကွက်ထဲ စီးဆင်းသွားတယ်။ လတ်ဆတ်တဲ့သွေးက အလယ်က နေရာတစ်ခုမှာစုသွားပြီး နောက်တော့ အလေးချိန်မရှိသလို အပေါ်ဘက်ဆီ စတင်စီးဆင်းသွားတယ်။
ပြီးတော့ အပေါ်မှာက စောနက ဝဋ်ကြွေးချေခြင်းဖြတ်သန်းထားတဲ့လူနဲ့ အကာအကွယ်အင်းကွက်
အဲတော့မှ သူတို့တွေ အပေါ်က သွေးအင်းကွက်အတွက် ဘယ်သူ့သွေးကိုသုံး နေတာလဲနားလည်သွားကြတယ်။ နားလည်ရခက်တဲ့ ဒေါသမီးတောက်တွေ သူတို့နှလုံးသားတွေထဲ အပြေးဝင်လာတယ်။ ယိချင်း ဓားချီတချို့ လက်ဝှေ့ယမ်းထုတ်ကာ သူတို့ပတ်လည်က သွေးသုံးစွဲ အင်းကွက်ကို ဖြတ်တောက်လိုက်တယ်။ သူတို့ဖက်တီးသွေးတိတ်အောင် ဂါထာတချို့ ဖန်တီးလေတယ်။
ဒါပေမဲ့ သူက သတိလစ်နေဆဲဖြစ်ကာ အရှိန်အဝါက အားနည်းသထက်အားနည်းလာပြီ။ သူ့တစ်ကိုယ်လုံး အေးခဲနေကာ အချိန်မရွေး သေဝောာ့မလိုပဲ။ ယိချင်းက လုံးဝလွင့်ပျောက်လုနီးပါး သူ့အသက်ဓာတ်ကို ဂါထာတွေနဲ့ထိန်းထားလိုက်တယ်။ ကူယွဲ့လည်း သက်စောင့်ဆေးတစ်လုံးထုတ်ပြီး ပါးစပ်ထဲ အမြန် ထိုးထည့်လိုက်ရတယ်။ နောက်တော့ သူက ဝိညာဉ်ချီနည်းနည်းကို သုံးကာ ဆေးကို သူ့ကိုယ်ထဲ ရောက်သွားအောင် ကူညီပေးလိုက်တော့မှ အသားအရောင်က နောက်ဆုံးတော့ စတင်ပြီး ကောင်းမွန်လာခဲ့တယ်။
"ဟေး ဖက်တီး" ရှန်းရင် အကြိမ်ရေတချို့ အော်ခေါ်လိုက်တယ်။
အတော်ကြာတဲ့နောက် ဟွေ့ကျယ်က နောက်ဆုံးတော့ ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာကာ ရှန်းရင်ကို အူကြောင်ကြောင်ကြည့်တယ်။
"မိန်းကလေးရှန်းလား၊ ကျွန်တော်... အိပ်မက်မက်နေတာလား" သူ့မျက်လုံးတွေ တဖျတ်ဖျတ် ခတ်သွားပြီး လုံးဝသတိမဝင်သေးပုံနဲ့။
"ကျွန်တော်... သေပြီးသွားပြီလား၊ မဟုတ်ရင် ဘယ်လိုလုပ် ကျွန်တော်မြင်ရ... ဒါမှမဟုတ်..."
သူက ရုတ်တရက် ထိတ်လန့်သွားကာ အတော်လေး သေးတဲ့မျက်လုံးတွေက ချက်ချင်း ပြူးကျယ်ကုန်တယ်။ နောက်အခိုက်အတန့်မှာ မျက်ရည်စက်တွေက အိတ်ထဲကနေပဲစေ့တွေ ပြုတ်ကျလာသလို သူ့မျက်လုံးတွေထဲကနေ ထွက်လာတော့တယ်။
"ခင်ဗျား... ခင်ဗျားပါ ဘယ်လိုလုပ်သေသွားတာလဲ" အဲလိုပြောပြီး ဘယ်ကမှန်းမသိတဲ့ ခွန်အားက သူ့ဆီ ရောက်လာတယ်။ သူ ရှန်းရင်ကို ရင်ခွင်ထဲ ထည့်ကာ ကျယ်လောင်စွာ ငိုတော့တယ်။
"အာ... မိန်းကလေးရှန်း၊ ခင်ဗျားလည်း ဘာလို့ သေသွားတာလဲ ကျွန်တော် ခင်ဗျားကို ဒုက္ခပေးမိခဲ့တာလား၊ မသေပါနဲ့ အား... ကျွန်တော်တောင် မသေချင်တာ၊ ခင်ဗျားက ဘယ်လိုလုပ် သေရတာလဲ အား အား... အသက်ပြန်ရှင်လို့ရမလား"
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ယိချင်းလက်တွေက တင်းမာသွားပြီး ချလွင်ချလွင်အသံတွေ ထွက်လာတယ်။ သူ မနေနိုင်တော့ဘူး။ သူ တစ်ယောက်သောလူလည်ထောင်ကို တန်းဆွဲကာ ပလာစတာကို ခွာသလိုမျိုး ရှန်းရင်ဆီက ခွာထုတ်လိုက်တယ်။ သူက လူကို ဖေဖေနျိုဆီ ပစ်ထုတ်လိုက်ကာ သူ့ဆရာကို ရတနာလို လှည့်ပွေ့ဖက်လိုက်တယ်။
"ထွက်သွား" ခွေးကောင်လေး။ "မင်း သေချင်နေပြန်ပြီလား" မင်းကို လမ်းဆီပို့ပေးဖို့ ဝန်မလေးဘူး။
ဖက်တီးက သူ့ရေခဲအကြည့်ကြောင့် တောင့်ခဲသွားတယ်။ သူ့ကို ထူပေးဖို့ ရွှေ့လာတဲ့ ကူယွဲ့ကို အူကြောင်ကြောင် စိုက်ကြည့်ကာ နောက်တော့ ယိချင်း နောက်ဆုံးတော့ ရှန်းရင်ဆီ အကြည့်ရောက်လာတယ်။
"တာအိုရောင်းရင်းနျိုလား"
ကူယွဲ့ ။ ။ "..."
"တာအိုရောင်းရင်းစားဖိုမှူး"
ယိချင်း ။ ။ "..."
သောက်ကျိုးနည်း ဒီလိုခေါ်ပုံ၂မျိုးကို ဘယ်လိုများစဉ်းစားခဲ့တာလဲ။ ဟဲလို။
...
အခန်း ၄၅၉ ။ သားသတ်ခံရသော ဝတုတ်
"ခင်ဗျားတို့... ခင်ဗျားတို့ အားလုံးကို ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ" ဖက်တီး နောက်ဆုံးတော့ သဘောပေါက်သွားတယ်။
"ကျွန်တော်... ကျွန်တော် မသေဘူးလား"
"သေတော့မလို့" ကူယွဲ့ ပြန်ဖြေလိုက်တယ်။ သူ့မျက်လုံးတွေက ဖက်တီးဆီအကြည့်ရောက်သွားတယ်။
"တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ၊ ဘယ်သူက မင်းကို ဒီနေရာမှာ ပိတ်ထားတာတုံး၊ ပြီးတော့ ဒီအင်းကွက်က... သွေးစတေးမှုအတွက် မင်းကို သုံးနေတာလား။
ဖက်တီးက ခဏတာ မှင်တက်သွားပြီးတဲ့နောက် တစ်ခုခုကို သတိရသွားသလိုမျိုး သူ့မျက်နှာက ချက်ချင်း ဖြူဖျော့သွားခဲ့တယ်။ သူက အလောတကြီး ပြောလာတယ်။
"ခင်ဗျားတို့အားလုံး မြန်မြန်သွားသင့်တယ်၊ ဒီကနေ ထွက်သွားပါ၊ သူတို့ မကြာခင် ပြန်... ပြန်လာတော့မှာ"
"မင်း ဘယ်သူ့ကို ပြောနေတာလဲ၊ တော်ဝင်အထွတ်အမြတ်ဂိုဏ်းလား"
"ရှင်းပြဖို့အချိန်မရှိဘူး" သူက ညာဘက်ခြမ်းက လမ်းကြောင်းတစ်ခုကို ကြောက်လန့်တကြား ကြည့်ပြီး သုံးယောက်ကို အတင်းအကြပ်တွန်းတော့တယ်။
"တကယ်လို့ ခင်ဗျားတို့ခုမသွားရင် ထွက်သွားနိုင်တော့မှာမဟုတ်ဘူး မြန်မြန်သွားပါ သူတို့တွေက အများကြီးပဲ၊ ခင်ဗျားတို့ သူတို့ကို မနိုင်နိုင်ဘူး"
"တစ်ယောက်ယောက် ဒီရောက်နေပြီ" ယိချင်းက ရုတ်တရက် စကားပြောလာတယ်။
"ခရီးသွားအမတ၃ယောက်"
ဖက်တီးကပိုတောင် ဖြူဖျော့သွားတယ်။ သူ့ကြည့်ရတာ ကောင်းကင်ပြိုသွားသလိုပဲ။
"ငါတို့ ဘာလုပ်သင့်လဲ"
"ဒီကနေ အရင်ထွက်သွားကြတာပေါ့" ကူယွဲ့ ပြောလိုက်တယ်။
"သွားလို့မရဘူး" ဖက်တီးက စိတ်ဓာတ်ကျစွာ ခေါင်းယမ်းလေတယ်။
"ညာဘက်က အဲလမ်းကြောင်းတစ်ခုပဲ ရှိတာ၊ ကျွန်တော်တို့..."
"ညာဘက်ကလမ်းကို သုံးမယ်လို့ ဘယ်သူပြောလဲ"
ကူယွဲ့က ယိချင်းကို တစ်ချက်ကြည့်တယ်။
"အာ"
ဖက်တီးက မှင်တက်သွားပြီး မတုံ့ပြန်နိုင်ခင် ပုံသဏ္ဌာန်လေးခုက အရောင်လက်သွားကာ သူတို့ ရှိနေခဲ့တဲ့နေရာကနေ ချက်ချင်းပျောက်သွားခဲ့လေတယ်။
နောက်အခိုက်အတန့်မှာ သူတို့ တော်ဝင်အထွတ်အမြတ်ဂိုဏ်းအပေါ်က ကောင်းကင်မှာ ပေါ်လာကြတယ်။ ကူယွဲ့ရဲ့ ကိုယ်ပျောက်အင်းကွက်က ချက်ချင်း အသက်ဝင်သွားပြီး လူတစ်ယောက်မှ မနှောင့်ယှက်ခံလိုက်ရ။
အောက်ဘက်မှာတော့ ဂုဏ်ပြုနေတဲ့ လူအုပ်ကြီးက မထွက်သွားရသေး။ သူတို့က နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရောက်ကာစ ကျင့်ကြံသူကို အထပ်ထပ်ဝိုင်းထားကြတယ်။ မျက်နှာတိုင်းမှာ ပျော်ရွှင်နေတဲ့ အကြည့်တွေနဲ့။ သူတို့အပြုံးတွေက အတော်လေးကို... စိတ်ရှုပ်စရာကောင်းတယ်
ရှန်းရင်မျက်လုံးတွေ မှေးသွားတယ်။
"စားဖိုမှူး..."
"ဟုတ်ကဲ့ ဆရာ" ယိချင်း ခေါင်းညိတ်လိုက်တယ်။ သူ့ပုံသဏ္ဌာန်က အရောင်လက်သွားပြီး တန်းပျံထွက်သွားခဲ့တယ်။
သူက နဂိုခန္ဓာကိုယ်ဆီ ချက်ချင်းပြောင်းလဲလိုက်တယ်။ ရွှေရောင်နဂါးကြီးတစ်ကောင်က ကောင်းကင်ထဲ ချက်ချင်းပေါ်လာခဲ့တယ်။ နဂါးအော်ငံက ကောင်းကင်ထဲ ပဲ့တင်ထပ်သွားပြီး မြေပြင်နဲ့ ကောင်းကင်တစ်ခွင်ကိုပါ တုန်ယင်သွားစေခဲ့တယ်။
ဆူညံနေတဲ့ လူအုပ်ကြီးက တိတ်ဆိတ်သွားခဲ့တယ်။ သူတို့ မယုံကြည်နိုင်စွာ မော့ကြည့်လိုက်ပြီး တိမ်တိုက်တွေကြားထဲက ရွှေရောင်နဂါးကြီးကို ကြည့်နေကြတယ်။
"နဂါး... နဂါး၊ စောနက အမြင်က... မပြီးသေးဘူးလား"
ဘယ်သူမှ မတုံ့ပြန်နိုမငခင် အလင်းရောင်က အဲနဂါးကြီးကိုယ်အနှံ့ တောက်ပလာတယ်။ ဂျိန်းခနဲ အသံနဲ့အတူ ခရမ်းရောင်ကောင်းကင်မိုးကြိုးက ကောင်းကင်ကို ဖြတ်တောက်ကာ စောနကတင် ဝဋ်ကြွေးချေခြင်းအောင်မြင်ခါစလူဆီ တန်းတန်းမတ်မတ်သွားတော့တယ်။
"အားး"
ဝိုင်းထားတဲ့လူအုပ်ကြီးက တုံ့ပြန်ဖို့အချိန်မရလိုက်ခင် အလာ်က ကျင့်ကြံသူက ထိမှန်သွားလို့ အော်ဟစ်နေပြီ။ စောနကတင်စုဆောင်းထားတဲ့ သူ့ကိုယ်ပေါ်က ဝိညာဉ်ချီက တစ်ကိုယ်လုံး ပျံ့နှံ့သွားခဲ့တယ်။ သူ့ကျင့်ကြံဆင့်က နတ်ဝိညာဉ်ဖွဲ့စည်းခြင်းကနဦးအဆင့် သိသိသာသာ လျော့ကျသွားတယ်။ တစ်ခဏအတွင်း သူက နတ်ဝိညာဉ်အဆင့်၊ ပြီးတော့ ရွှေအမြုတေ... သူက အုတ်မြစ်အခြေတည်အဆင့်ထိ ကျသွားတော့မှာကို မြင်တော့ အနားက ကျင့်ကြံသူတွေ နောက်ဆုံးတော့ တုံ့ပြန်ကာ သူ့ကျင့်ကြံဆင့်ကို တည်ငြိမ်အောင်လုပ်ဖို့ လုပ်ကြတော့တယ်။
ဒီဖြစ်စဉ်တွေက ရုတ်တရက် ဆန်လွန်းလို့ ဘာဖြစ်နေလဲဆိုတာ ဘယ်သူမှနားမလည်ခင် နဂိုက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူက ရွှေအမြုတေကျင့်ကြံဆင့်အထိကျသွားခဲ့တယ်။ လူတိုင်း နောက်တစ်ကြိမ် မော့ကြည့်လိုက်ချိန် လေထဲက နဂါးကြီးက ဘယ်တုန်းကမှ မရှိခဲ့သလိုမျိုး ပျောက်ကွယ်သွားတယ်။
ကောင်းကင်နဲ့ မြေပြင်ရဲ့ အမြင်တွေ တစ်ခုဝယ် တစ်ခုလက်ဆောင်တဲ့။
——————
ကျင့်ကြံသူတွေရဲ့ မျက်လုံးထဲမှာတော့ ဖက်တီးရဲ့ဒဏ်ရာတွေက တကယ်တော့ အရေးမပါဆုံး အပြင်ပန်းဒဏ်ရာတွေပဲ။ ချီမွမ်းမံမှုအနိမ့်ဆုံးအဆင့် ကျင့်ကြံသူတွေအတွက်တောင် ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတချို့က လုံးဝပြဿနာကြီးကြီးမားမားမဟုတ်ဘူး။ ဒါပေမဲဘ ဖက်တီးက သေမျိုးတစ်ယောက် ဖြစ်နေတယ်။ ပြီးတော့ ဝိညာဉ်ချီနည်းနည်းလေးတောင် မရှိဘဲ နည်းနည်း ပိုပြင်းထန်တဲ့အအေးဒဏ်ကြောင့် သေနိုင်သူမျိုး။ သူ့ကိုယ်ပေါ်က အရိုးထိနက်တဲ့ ဖြတ်ရာတွေက အတော်လေး သွေးဆုံးရှုံးစေကာ ဝိညာဉ်ချီမရှိမှုကြောင့် သူ့အသက်ဓာတ်ကိုပါ လွင့်ပျံ့သွားစေခဲ့တာပဲ။
တကယ်လို့ သူတို့သာ အဲကို နည်းနည်းနောက်ကျပြီး ရောက်သွားခဲ့ရင် ဒါမှမဟုတ် သွားခဲ့သူတွေက သူတို့ မဟုတ်ခဲ့ရင် သူတို့တကယ်ပဲ သူ့ကိုမြေအောက်ဘုံမှာ သွားရှာရလောက်တယ်။ ကူယွဲ့ နောက်ဆုံးတော့ အပြည့်အဝ နိုးလာပြီဖြစ်တဲ့ ဖက်တီးကို ကြည့်ကာ ရင်ထဲနောင်တအချို့ရနေတယ်။ စောနတုန်းက သူတကယ်ပဲ ဖက်တီးပေါ်က ထူးဆန်းမှုတချို့ကို နားလည်ခဲ့တယ်။ အသိအကျွမ်းတွေ ဖြစ်နေတာမို့ သူ့ကို ပြန်ခေါ်သွားခွင့်မပေးခဲ့ဘူး။
သူ့ပါးစပ်ထဲထိုးထည့်ထားတဲ့ သက်စောင့်ဆေးက အောက်ဘုံက သက်စောင့်ဆေးတွေ တကယ်မရှိလို့ သူဌေးလန် ပြုလုပ်ထားတဲ့ သက်စောင့်ဆေးပဲ။ ဖက်တီးရဲ့ဒဏ်ရာတွေကို ကုသလိုက်ပေမဲ့ သေမျိုးတစ်ယောက်က အဲဆေးတွေရဲ့ သက်ရောက်မှုကို ခံနိုင်ရည် မရှိတာမို့ သူတို့ သူ့ကို ခေါ်လာတဲ့လမ်းတစ်လျှောက် နောက်တစ်ကြိမ် မေ့သွားခဲ့ပြန်တယ်။ အဆုံးမှာတော့ ရှန်းရင်က အချိန်မီ တွေ့သွားပြီး သူ့ကို တစ်ချက်ပုတ်လိုက်တာမို့ နောက်တစ်ကြိမ် သတိပြန်မရခင် တစ်ဝက်သုံးစွဲပြီးသား သက်စောင့်ဆေးကို အန်ထွက်စေလိုက်တယ်။
သူက တော်ဝင်အထွတ်အမြတ်ဂိုဏ်းက ထွက်လာပြီဆိုတာ နားလည်သွားတော့ ဖက်တီးက အစတော့ နည်းနည်း ပျော်ရွှင်ခဲ့ပေမဲ့ ၂စက္ကန့်အတွင်းမှာတင် သူ့မျက်နှာက နောက်တစ်ကြိမ် ပျက်ယွင်းသွားခဲ့ပြန်တယ်။ သူ့အမူအရာက အင်မတန်ရှုပ်ထွေးနေပြီး သူတို့ကို ကြည့်တဲ့အကြည့်က စိုးရိမ်မှုအပြည့်နဲ့။ သူမနေနိုင်ဘဲ အလောတကြီး ပြောလိုက်တယ်။
"မိန်းကလေးရှန်း၊ ခင်ဗျား ကျွန်တော့်ကို ပြန်ပို့ပေးသင့်တယ်ထင်တာပဲ၊ နောက်တော့ ဝေးဝေးနေပြီး ခင်ဗျားဘာမှမသိသလို ဟန်ဆောင်လိုက်ပါ၊ ပြီးတော့ ကျွန်တော့်ကိုတွေ့တဲ့အကြောင်း ဘယ်သူ့ကိုမှ မပြောပါနဲ့"
"မင်း ပြန်သွားချင်တာလား" ကူယွဲ့ သူ့ကိုခေါင်းစခြေဆုံးကြည့်ကာ သူ့အညံ့ခံမှုအတွက် နည်းနည်း ဒေါသထွက်သွားခဲ့တယ်။
"ပြီးတော့ သွေးစတေးခံအဖြစ် ထပ်အသုံးခံမယ်လား"
ဟွေ့ကျယ် သူ့ပျော့ကွက်ကို ထိခံလိုက်ရသလိုမျိုး ဖြူဖျော့သွားခဲ့တယ်။ သူ့ပုံစံက လုံးဝကို စိတ်ဓာတ်ကျလာတယ်။ သူ့လက်တွေက အဝတ်ထောင့်တွေကို တင်းတင်းဆုပ်ကိုင်ထားပြီး ခေါင်းကိုငုံ့နေကာ စိတ်ဓာတ်ကျမှု အငွေ့အသက်က သူ့တစ်ကိုယ်လုံးပေါ် လွှမ်းခြုံနေလေရဲ့။ အတော်ကြာတော့ သူက ခပ်တိုးတိုးပြောတယ်။
"ကျွန်တော်... အဆင်ပြေသွားမှာပါ"
"တော်လောက်ပြီ၊ မင်း ပြဿနာထပ်မရှာနဲ့တော့၊ ငါတို့တစ်လှေတည်းစီးနေပြီပဲ၊ မင်း ငါတို့ကို မပတ်သက်စေချင်ရင်တောင် နောက်ကျသွားပြီ" ကူယွဲ့ သက်ပြင်းချလိုက်တယ်။
"ပြီးတော့ မင်း တော်ဝင်အထွတ်အမြတ်ဂိုဏ်းက ငါတို့ မင်းကို ပြန်လွှတ်ပေးရင် တကယ်ပဲ ခြေရာမခံနိုင်တော့ဘူး ထင်လို့လား" တကယ်တော့ သူတို့ တကယ်ခြေရာမခံနိုင်ဘူး။ သူတို့ကျင့်ကြံဆင့်နဲ့ဆို အောက်ဘုံတစ်ခုလုံး တူတူရှာရင်တောင် သူတို့ကို ခြေရာမခံနိုင်ဘူး။ ရှန်းရင်က ဒီမှာရှိနေတာကိုမပြောနဲ့ဦး။
ဒါပေမဲ့ ဖက်တီးရဲ့မျက်နှာက ဖြူဖျော့နေပြီဖြစ်ကာ သူ့မျက်လုံးတွေက အပြစ်ရှိစိတ်အပြည့်။
"ငါတို့ကို ပြော၊ မင်း ဂိုဏ်းချုပ်ဖြစ်တာ ဘယ်လိုဖြစ်သွားတာလဲ" ကူယွဲ့တန်းမေးလိုက်တယ်။
"ဘာလို့ မင်းသွေးက လူတွေကို မိုးကြိုးတောင့်ခံနိုင်အောင် လုပ်ပေးနိုင်တာလဲ"
ဖက်တီးရဲ့မျက်လုံးတွေ လေးနက်သွားတယ်။ သူက ခေါင်းကိုငုံ့ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ဖြည်းဖြည်းချင်း စတင်တယ်။
"ဒါနဲ့ပတ်သက်ပြီး ကျွန်တော်လည်း မသေချာဘူးရယ်..." အကျင့်အတိုင်း သူက ပြုံးချင်ပေမဲ့ ငိုနေတဲ့ပုံနဲ့ တူနေတယ်။ ဖြစ်နိုင်တာ သူ့ဟန်ဆောင်မှုတွေ အကုန်ကွာကျကုန်လို့ထင် ဖက်တီးက သူတို့ကို အရာအားလုံး အမှန်တိုင်းပြောပြလာတယ်။
သူက မှတ်မိစအရွယ်တည်းက တော်ဝင်အထွတ်အမြတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်နေခဲ့တာ။ ငယ်ငယ်တည်းက ပင်မတောင်ထွတ်မှာ နေခဲ့တယ်။ ပင်မတောင်ထွတ်လို့ခေါ်တာက တကယ်တော့ ဂိုဏ်းနဲ့ဝေးတဲ့ အထွတ်အမြတ်တောအုပ်အပေါ်မှာ ရှိတဲ့ အထီးကျန်တောင်ထွတ်တစ်ခုပဲ။ နေရာက မိစ္ဆာသားရဲအပြည့် တောအုပ်အနက်ကြီးတွေက အဘက်ဘက်မှာ ဝိုင်းထားတာကြောင့် ပို့ဆောင်ဆက်သွယ်ရေးက ဓားပျံနဲ့ပဲစီမံနိုင်တယ်။ ဒါပေမဲ့ သူက ချို့တဲ့တဲ့ ဝိညာဉ်ကြောပဲရှိတာမို့ မွေးရာပါ မကျင့်ကြံနိုင်ဘူး။ ဒါကြောင့် သူ ဘယ်တော့မှ ပင်မတောင်ထွတ်ကနေ မထွက်ခွာခဲ့တာပဲ။
အမတဂိုဏ်းတွေက အမြဲ အမတကျင့်ကြံသူတွေရဲ့ အရည်အသွေးပေါ် အမြဲ အင်မတန် အလေးပေးခဲ့တာ။ ဒါပေမဲ့ သူတို့က မကျင့်ကြံနိုင်တဲ့သူ့ကို အင်မတန် ကောင်းမွန်တဲ့အပြုအမူတွေနဲ့ ဆက်ဆံကြတယ်။ သူတို့က သူ တော်ဝင်အထွတ်အမြတ်ဂိုဏ်းကို တကယ်စီမံတာမျိုး လုပ်ပေးဖို့ မလိုအပ်ခဲ့ပေမဲ့ သူ့နေ့စဉ်လိုအပ်ချက်တွေကိုတော့ ထူးထူးခြားခြား ဂရုစိုက်ပေးတယ်။ သူ လိုချင်တာ ဘာမဆိုနီးပါး အကုန်ရနိုင်ခဲ့တယ်။ ဂိုဏ်းရဲ့ ခရီးသွားအမတတွေနဲ့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူအကြီးအကဲတွေကတောင် တောင်ထွတ်ပေါ်က သူ့ဆီ ရံဖန်ရံခါလာခဲ့ကြတယ်။ သူတို့ သူ့ကို ကိစ္စကြီးငယ် ပြောပြတယ်။ ပင်မတောင်ထွတ်ကို ပုံမှန်ရက်တွေမှာ စောင့်ကြပ်ရတဲ့ တပည့်တွေကတောင် အနည်းဆုံး ရွှေအမြုတေအဆင့်တပည့်တွေ။ ကြည့်ရင်တော့ သူတို့က သူ့ကိုလေးစားကြတယ်ပေါ့။ သေချာပေါက် ဒါက အပြင်ပန်းပုံစံပဲဖြစ်နေခဲ့တယ်...။
"တစ်ခုခု လွဲနေတယ်ဆိုတာ ဘယ်ချိန်က စသတိထားမိခဲ့တာလဲ" ကူယွဲ့တန်းမေးလိုက်တယ်။
ဖက်တီးမျက်ဝန်းတွေ မှေးမှိန်သွားကာ လက်တွေတင်းကြပ်သွားပြီး နက်ရှိုင်းတဲ့အသံနဲ့ပြောပြလာတယ်။
"ကျွန်တော် ၅နှစ်တည်းက ဂိုဏ်းက ကျွန်တော့်ကို လာတွေ့သူတိုင်း... တစ်ခုခု ယူသွားတတ်ကြတယ်၊ အစကတော့ ဆံပင်နဲ့လက်သည်းလိုမျိုး အရာတွေပါပဲ၊ ဒါပေမဲ့ ဖြည်းဖြည်းချင်း ဖြစ်လာတာက အသွေး၊ အသား၊ ဒါမှမဟုတ်..." သူ့ကိုယ်က တုန်ယင်သွားကာ ဘက်ဘက်လက်ကို အလိုလိုထိမိလိုက်တယ်။
သုံးယောက်သား တိတ်သွားတယ်။ ကူယွဲ့မျက်နှာ တန်းမည်းနက်သွားခဲ့တယ်။ သူ စောနကတင် ဖက်တီးကို ကုသမှုလုပ်ပေးခဲ့တာ သေချာပေါက် သူ့ဘယ်လက်က ဘာဖြစ်နေလဲ သိတာပေါ့။ ကျိုးပဲ့နေတဲ့ ခြေလက်အင်္ဂါ ပြန်ထွက်လာမှု အကြွင်းအကျန်တွေ ရှိနေတယ်။
"ချီး"
သူ မနေနိုင်ဘဲ ခပ်ကျယ်ကျယ် ဆဲမိလိုက်တယ်။ စားဖိုမှူး စောနကလုပ်ခဲ့တဲ့ မိုးကြိုးက သိပ်ပျော့လွန်းတယ်လို့ ရုတ်တရက် ခံစားလိုက်ရတယ်။
အဲကျင့်ကြံသူတွေက ဖက်တီးကို ဝက်တစ်ကောင်လို မွေးမြူနေခဲ့ရုံပဲ။ အထပ်ထပ်အခါခါ သုံးလို့ရမဲ့အရာမျိုး။ သူတို့တွေက ဖက်တီး ဂိုဏ်းမှာ နေချင်ပြီး အမြတ်ထုတ်တာခံရအောင် လုပ်ချင်ရုံ အပေါ်ယံ ကောင်းခဲ့တာပဲ။ အချိန်နဲ့အမျှ သူတို့က သူ့ဆီက သွေးယူတာတို့၊ အသားဖြတ်ထာယုတ်တာတို့ လုပ်ပြီး ပြန်ထွက်လာအောင် ဝိညာဉ်ဆေးဝါးတချို့ ပေးတယ်။ ကောင်းလိုက်တဲ့ အစီအစဉ်ပဲ။