အခန်း (၄၆၀-၄၆၂)
Vol. 31 Ch. 460-462
အခန်း ၄၆၀ ။ အသေးစား cheat အသစ်
ဖက်တီးက အငွေ့အသက်က အများကြီး ပိုတင်းမာလာတာကို အာရုံခံမိသလိုမျိုး သူတို့ကို လှမ်းကြည့်တယ်။ သူ အမြန် ပြုံးလိုက်တယ်။
"တကယ်တော့... တကယ်တော့ ကျွန်တော်က အတော်လေး ဉာဏ်ပြေးပါတယ်၊ ကျွန်တော် ထွက်ပြေးဖို့ ပြင်ဆင်နေခဲ့တာ နှစ်တွေ အရမ်းကြာနေပြီ၊ ကျွန်တော် မကျင့်ကြံနိုင်ပေမဲ့ တော်ဝင်အထွတ်အမြတ်ဂိုဏ်းရဲ့ ကျင့်ကြံသိုင်းတွေအားလုံးကို မှတ်သားထားတာမို့ အတော်များများကို ဘယ်လိုလုပ်ရမလဲဆိုတာ ခုသိနေပြီ၊ ကျွန်တော် ကိုယ့်ဘာသာ နေရာရွှေ့ပြောင်းအစီအရင်နဲ့ ကိုယ်ပျောက်အဆောင်တွေ ပြင်ခဲ့လို့ ပင်မတောင်ထွတ်ကနေ ထွက်ပြေးနိုင်ခဲ့တာလေ အရင်က" သူ့ကြည့်ရတု သူ့ကိုယ်သူ သက်သေပြဖို့ စိတ်အားထက်သန်နေပုံ။
"မစိုးရိမ်ပါနဲ့၊ ခင်ဗျားတို့မရှိရင်တောင် အဲလူတွေ ကျွန်တော့်ကို ဖမ်းမိမှာမဟုတ်ပါဘူး၊ ဟားဟားဟား... ဟား... ဟား... ဟား..."
သူ့ရဲ့အတင်းအကြပ်ရယ်သံက ကူယွဲ့ရဲ့ စိန်းစိန်းဝါးဝါးကြည့်မှုအောက် တဖြည်းဖြည်း ယုံချင်စရာ နည်းလာတယ်။ သူက ခြိမ်းခြောက်ခံရသလိုမျိုး ဘောလုံးအဖြစ် ကျုံ့သွားခဲ့တယ်။ တာအိုရောင်းရင်းနျိုက အတော်လေး ကြောက်ဖို့ကောင်းတာပဲ။ သူ့ကို စားဖို့ ခြိမ်းခြောက်ခဲ့သူတွေထက်တောင် ပိုပြီးကြောက်ဖို့ကောင်းသေး။
အခုချိန်ထိ သူက သူတို့ကို သူနဲ့အတူ ဆွဲချမိခဲ့တယ်လို့ ခံစားနေရသေးတယ်။ သူ သူတို့ကို ထွက်သွားဖို့ ထပ်တလဲလဲ နားချကြည့်တယ်။ ဘာလို့ ဒီလောကကြီးမှာ ကြာပန်းဖြူတွေ အဲလောက်များရတာလဲ။ သူတို့က ကြီးပွားတော့မဲ့ပုံနဲ့တူတယ်။
"အဲကျင့်ကြံသူတွေက မင်းအသားနဲ့အသွေးကို အသည်းအသန်လိုအပ်နေတာ၊ အဲအင်းကွက်နဲ့ဆင်တာ တစ်ခုခုဖြစ်ရမယ်၊ သူတို့က သူတို့ကိုယ်ပိုင်ကျင့်ကြံခြင်းအတွက် မင်းကို အသုံးပြုဖို့ကြိုးစားနေတာပဲ"
ကူယွဲ့ အသက်ပြင်းပြင်း ရှူကာ သူ့ကိုယ်ပိုင်အတွေးတွေကို ငြိမ်ကျအောင် ကြိုးစားတယ်။ တစ်အောင့်နေတော့ သူပြောလိုက်တယ်။
"တခြားနည်းနဲ့ပြောရရင် မင်းကိုယ်က သူများတွေနဲ့ ကွာခြားတယ်ပေါ့၊ အကြောင်းရင်းသိလား"
အဲအကြောင်းရင်းက သဘာဝဥပဒေ ကစဉ့်ကလျားဖြစ်မှုရဲ့ အကြောင်းရင်းဖြစ်ရမယ်။
ဖက်တီးက ခေါင်းယမ်းကာ ဇဝေဇဝါဖြစ်နေတယ်။
"ဒါဆို မင်း ထူးဆန်းတာ တစ်ခုခု စားခဲ့လား၊ ဒါမှမဟုတ် ထူးခြားသူတစ်ယောက်ယောက် တွေ့ခဲ့လား"
ကျူးကျော်သူလိုမျိုးလေ။
ဖက်တီးက တစ်အောင့်စဉ်းစားပြီး ခေါင်းထပ်ယမ်းပြန်တယ်။
"ကျွန်တော်က အမြဲဒီဂိုဏ်းမှာ ငယ်ငယ်တည်းကရှိနေခဲ့တာ"
ထူးဆန်းလိုက်တာ။ သူ့အသားက ဘယ်လိုလုပ် အဲလောက်တောင် အငမ်းမရ ဖြစ်ခံလာရတာလဲ။ သူတို့တွေ သေချာစစ်ဆေးကြည့်ချိန်မှာတောင် သူ့ကိုယ်နဲ့ပတ်သက်ပြီး ထူးဆန်းတာ မတွေ့ဘူး။
"စားဖိုမှူး မင်းဘယ်လိုထင်လဲ" သူ ဘေးကလူကို လှည့်ကြည့်လိုက်တယ်။
ယိချင်းက မျက်မှောင်ကြုတ်တယ်။ "ဒီကမ္ဘာမှာ လူတစ်ယောက်ကျင့်ကြံဆင့်ကို တိုးတက်အောင်လုပ်ဖို့ ဆေးလုံးတွေသန့်စင်ရာမှာ သုံးနိုင်တဲ့ ထူးခြားတဲ့သွေးကြောတွေရှိတယ်" ဥပမာ မုန်လာဥဖြူက အပင်ဝိညာဉ်။ သူ လူအဖြစ်ပြောင်းချိန် သူ့အသားကို ဖြတ်တောက်ပြီး ဆေးလုံးတွေသန့်စင်ဖို့ သုံးလို့ရတယ်။
"ဒါပေမဲ့... ကောင်းကင်မိုးကြိုးကို ခုခံနိုင်တဲ့ သွေးကြောတွေတော့ တစ်ခါမှမကြားဖူးဘူး"
ကောင်းကင်မိုးကြိုးဆိုတာ ကျင့်ကြံသူတွေအတွက် စမ်းသပ်ချက်ပဲ။ ဘယ်သူမှ ခိုးကြောင်ခိုးဝှက် ကျော်ဖြတ်လို့ မရနိုင်ဘူး။ အာ... ရှန်းရင်က လွဲပြီးတော့ပေါ့။
"ကောင်းမှုကုသိုလ်အများကြီး စုဆောင်းထားသူတောင် သူတို့ကိုယ်ပေါ်ကဖိအားကို လျှော့ဖို့ သူတို့ကိုယ်ပိုင်ခန္ဓာကိုယ်တွေကိုပဲ သုံးလို့ရနိုင်တာ" စည်းမျဉ်းတွေက စည်းမျဉ်းတွေပဲ - ကောင်းကင်မိုးကြိုးက တရားမျှတတယ်။ လောကကြီးကိုကယ်တင်မှုအတွက် ကောင်းမှုရရှိခဲ့သူ ယွင်ဟန့်လည်း ကံဆိုးတဲ့တစ္ဆေစုန့်ရန်ကို ကယ်တင်ဖို့ သူ့ကိုယ်ပိုင်ကောင်းမှုကို သုံးခဲ့ရတယ်။
"ကောင်းကင်မိုးကြိုးရဲ့ အဆုံးအဖြတ်ကို လွှမ်းမိုးဖို့ အသွေးနဲ့အသားကို အသုံးချနိုင်တဲ့လူမျိုး တစ်ခါမှ မကြားဖူးဘူး" ဖက်တီးရဲ့အသားက ကလိမ်ကျထားတဲ့ ယန္တရားလိုပဲ။
တော်ဝင်အထွတ်အမြတ်ဂိုဏ်းထဲက အဲကျင့်ကြံသူအတွက် နောက်ဆုံးမိုးကြိုးဆယ်ချက်က တကယ်ကို ခုခံခဲ့တာ။ ပြီးတော့ သူတို့ နဂိုတည်းကမှန်တယ်။ အဲမိုးကြိုးနောက်ဆုံးအချက်ရဲ့ အားကို အတော်လေး လျှော့ချခံထားရတာပဲ။ ယိချင်းက နဂါးအဖြစ် အသွင်ပြောင်းသွားချိန် သူ သွေးအင်းကွက်ကို သွားစစ်ဆေးကြည့်ခဲ့တယ်။ တကယ်ကို သာမန် ခုခံရေးအင်းကွက်တစ်ခုပဲ။ ဝဋ်ကြွေးချေမိုးကြိုး မပြောနဲ့ - ဘယ်ပုံမှန် နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူမဆို ကြိုးစားရင် အဲအင်းကွက်ကို အပိုင်းပိုင်းဖျက်ဆီးပစ်နိုင်မှာမျိုး။ တခြားနည်းနဲ့ပြောရရင်တော့ မိုးကြိုးကို တကယ်ခုခံခဲ့တာက ဖက်တီးရဲ့သွေးပဲ။
စည်းမျဉ်းတွေကြားထဲက အဟက ဒီဖက်တီးနဲ့ချိတ်ဆက်နေပုံပဲ။ ဒါပေမဲ့ သူတို့ သူ့ကိုလေ့လာလေ သာမန်လူနဲ့ ပိုတူလေ။ ပုံမှန်ထက် အသားပိုများတဲ့အချက်ကလ္ဲရင် တကယ်ကိုသူနဲ့ပတ်သက်ပြီး ထူးခြားတာဘာမှမရှိ။ ကျင့်တောင်မကျင့်ကြံနိုင်။
ခဏ သူ မကျင့်ကြံနိုင်ဘူးမလား။
ကူယွဲ့ တန့်သွားတယ်။ ရုတ်တရက် သူ ဖက်တီးနဖူးလယ်ကို လက်နှစ်ချောင်း ထောက်လိုက်တယ်။ သူ ဖက်တီးရဲ့အသိစိတ်ထဲ သူ့ကောင်းကင်စိတ်အာရုံတစ်စွန်းတစ်စကို ထုတ်လွှင့်လိုက်တယ်။ နောက်အခိုက်အတန့်မှာ သူအသံအကျယ်ကြီး ဆဲရေးမိသွားတယ်။
"ဟိုလီရှစ်"
"ဘာ... ဘာဖြစ်တာလဲဟင်" ဖက်တီး ခေါင်းထဲအေးစိမ့်စိမ့်ဖြစ်သွားတယ်။ သူ့ကြည့်ရတာ လုံးဝဇဝေဇဝါဖြစ်နေပုံ။
ယိချင်းနဲ့ ရှန်းရင်လည်း လှည့်ကြည့်လာကြတယ်။
"ဝိညာဉ်တွန်းကန်အင်းကွက်" ကူယွဲ့အမူအရာ မည်းမှောင်သွားတယ်။
"အဲဒါသူ့အသိစိတ်ထဲမှာ"
"ဝိညာဉ်တွန်းကန်အင်းကွက်" ယိချင်းလည်း ထိတ်လန့်တကြား အော်မိလိုက်တယ်။
"အဲဒါဘာကြီးလဲ" ရှန်းရင်က မေးတယ်။
"ဆရာ အဲဒါက လူတစ်ယောက်ရဲ့ဝိညာဉ်ချီကို လုံးဝသီးခြားထားနိုင်တဲ့ အင်းကွက်ပါ၊ အသိစိတ်ဆိုတာ ကျင့်ကြံသူက သူ့ဝိညာဉ်ချီကို ထိန်းချုပ်ဖို့ အသုံးပြုတဲ့ ကြားခံပဲ၊ တကယ်လို့ အင်းကွက်ကို သူ့အသိစိတ်ထဲ ခင်းကျင်းထားရင် ဆိုလိုတာက..."
"သူ ဘယ်တော့မှ ဝိညာဉ်ချီနည်းနည်းလေးတောင် စုပ်ယူနိုင်မှာ မဟုတ်ဘူး" ကူယွဲ့ ဖြည်းဖြည်းချင်း ပြောလာကာ တစ်လုံးချင်းစီကို ဖိပြောလေတယ်။
တကယ်လို့ သူ့မှာသာ တကယ်ပဲ အမှိုက်ဝိညာဉ်ကြောရှိခဲ့ရင်တော့ သူ့ကိုယ်က ဝိညာဉ်ချီနည်းနည်းလေး မစုပ်ယူနိုင်ရင်တောင် ကွာခြားချက်တော့ မရှိဘူး။ ဒါပေမဲ့ ဒီဖက်တီးက မကျင့်ကြံနိုင်ပေမဲ့ ကိုယ်ပျောက်အဆောင်ကို ဖန်တီးနိုင်ပြီး သူ့အင်းကွက်ကို သူ ပြုလုပ်နိုင်တယ်။ ဆိုလိုတာ သူ့ကိုယ်ထဲက ဝိညာဉ်ချီကတခြားလူတွေထက် အများကြီးကျော်လွန်တယ်။ လေထဲက ဝိညာဉ်ချီမရှိရင်တောင် သူက ဓမ္မအဆောင်တွေကို ဖန်တီးနိုင်တယ်လေ။
သူ့မှာ ဘာကြောင့် အမှိုက်ဝိညာဉ်ကြော ရှိနေရလဲဆိုတာကတော့ - အစတည်းက သူ့ဝိညာဉ်ကြောအစစ်ကို တစ်ယောက်ယောက် ဖျက်ဆီးတာ ခံခဲ့ရတာနေမယ်။
ဘယ်သူက သူ့ကို ဒီလိုလုပ်ခဲ့လဲဆိုတာတော့ သိသာတယ်။
ဖက်တီးက ဒါကိုကြားချိန် ဖြူဖျော့သွားတယ်။ သူ ကြောက်စရာကောင်းတဲ့ တစ်ခုခုကို ခုလေးတင် နားလည်သွားသလိုမျိုးပဲ။ သူ့တစ်ကိုယ်လုံးက တုန်ယင်စပြုလာတယ်။ သူ့ဝိညာဉ်က သူ့ကိုယ်ထဲကနေ ထွက်သွားသလိုမျိုး သူတို့ကို အူကြောင်ကြောင် ဆက်စိုက်ကြည့်နေတယ်။
သူ တွေးခဲ့တာ... တွေးခဲ့တာက ဒီလူတွေက သူ့သွေးသားကို လိုအပ်ခဲ့ရင်တောင် ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုနှစ်ပေါင်းများစွာ ပျိုးထောင်ပေးခဲ့ကြတာလေ။ သူငယ်စဉ်အခါက သူတို့ကို "ဦးလေး" လို့ ခေါ်ခဲ့တယ်။ သူ့ကိုသုံးစွဲချင်တဲ့အတွက် သူတို့ကို မမုန်းတာကို ကျေးဇူးပြန်ဆပ်မှုပုံစံတစ်မျိုးအဖြစ် မြင်ခဲ့တယ်။ အနည်းဆုံးတော့... အနည်းဆုံးတော့ သူတို့တွေ သူ့ကို သုံးစွဲဖို့ နည်းနည်း... နည်းနည်း စိတ်မကောင်း ဖြစ်မိမယ်လို့လေ။
ဒါပေမဲ့ သူတို့က တစ်ခါမှ အဲလိုမခံစားခဲ့ရပုံပဲ။
ဖက်တီးက တဖြည်းဖြည်း ဘောလုံးလိုမျိုး ကွေးကာ သေးသထက်သေးလာတာကို ကူယွဲ့ ကြည့်နေမိတယ်။ သူ မျက်မှောင်ကြုတ်ကာ ပခုံးပုတ်မပေးဘဲမနေနိုင်တော့ဘူး။
"မင်း ကျင့်ကြံချင်တယ်မဟုတ်လား၊ ငါမင်းအတွက် ဒီအင်းကွက်ဖယ်ပေးမယ်"
ဖက်တီးက တန့်သွားကာ မော့ကြည့်တယ်။
"အဲဒါ... အဲဒါဖြစ်နိုင်လား၊ တာအိုရောင်းရင်းနျို"
"..." အေး မင်း ငါ့ကို အဲလိုခေါ်တာရပ်ရင်။
ကူယွဲ့ လက်လှမ်းကာ နောက်တစ်ကြိမ် သူ့နဖူးအလယ်ကို လက်နှစ်ချောင်းနဲ့ ထောက်လိုက်တယ်။ သူ့ကောင်းကင်စိတ်အာရုံကို အသိစိတ်ထဲက အင်းကွက်ထဲ နောက်တစ်ကြိမ်ပို့လိုက်တယ်။ သူ အင်းကွက်ကိုဖျက်ရင်း ပြောလာတယ်။
"မင်းကို ရှင်းအောင်ပြောမယ်နော်၊ မင်းအသိစိတ်ထဲက အင်းကွက်က ရှင်းဖို့ လွယ်ပေမဲ့ မင်းဝိညာဉ်ကြောက ဖျက်ဆီးခံရပြီးပြီ၊ တကယ်လို့ ကျင့်ကြံချင်ရင် မင်းအရင်ဆုံး ပျက်စီးထားတဲ့ဝိညာဉ်ကြောကို ပြုပြင်ဖို့ ပတ်ဝန်းကျင်က ဝိညာဉ်ချီကို သုံးဖို့လိုတယ်၊ ဒါကြောင့် မင်းကျင့်ကြံဆင့်က အတော်လေး နှေးနှေး ဖွံ့ဖြိုးလာမှာ၊ ဒီဘုံထဲကဝိညာဉ်ချီအရည်အသွေးအရ နှစ်ဆယ်ချီတွေအတွင်း မင်း ဟို..."
သူ စကားမဆုံးခင် သူ့ပတ်လည်မှာ ဝိညာဉ်ချီတွေ ပေါက်ကွဲထွက်လာတာကို ခံစားလိုက်ရတယ်။ သူတို့ပတ်လည်က ငြိမ်သက်နေခဲ့တဲ့ ဝိညာဉ်ချီက ရုတ်တရက် အကြမ်းပတမ်း လှုပ်ရှားလာကာ ဖက်တီးဆီ ပြေးဝင်တယ်။ ချစ်သူတွေ အချိန်အတော်ကြာပြီးတဲ့နောက် ပြန်ဆုံကြတာကို ကြည့်နေရသလိုမျိုးပဲ။
အိမ်က ဖက်တီးဆီ ပြေးဝင်လာတဲ့ ဝိညာဉ်ချီအရှိန်ကို မထိန်းနိုင်ဘူး။ နံရံတွေက တုန်ခါစပြုလာပြီး စက္ကန့်အနည်းငယ်အကြာမှာ ပြိုကျကုန်တယ်။ အပိုဆောင်းနေရာနဲ့အတူ လေထဲကဝိညာဉ်ချီက အရင်ကထက်တောင် ပိုများတဲ့အရှိန်နဲ့ရွှေ့လျားနေပုံပဲ။ တိုင်ဖွန်းတစ်ခုလိုနီးပါး ဖြစ်လာတယ်။
ကူယွဲ့ တန့်သွားတယ်။ ဒီတုံ့ပြန်မှုက ဖက်တီးလေထဲက ဝိညာဉ်ချီကို စုပ်ယူတာကြောင့်ဖြစ်ရတယ်ဆိုတာ နားလည်ဖို့ တစ်မိနစ်အပြည့် ကြာသွားခဲ့တယ်။ သူ ဝိညာဉ်ချီကို ဒီလိုနည်းလမ်းနဲ့ စုပ်ယူလို့မရဘူး မဟုတ်ရင်လို့ ဝိညာဉ်ပြိုကွဲတာ ဒါမှမဟုတ် ပိုဆိုးရင် သူ့ကိုယ် ပေါက်ကွဲသွားလောက်တယ်လို့ သတိပေးမို့ရှိသေးတယ်။
သူက တစ်ဖက်လှည့်တော့ ဝိညာဉ်ချီက သူ့ဘာသာ ဖက်တီးကိုယ်ထဲက မတူညီတဲ့အစိတ်အပိုင်း၅ခုဆီ ခွဲထွက်သွားတာကို မြင်လိုက်ရတယ်။ အသုံးမဝင်တဲ့ဝိညာဉ်ချီက ခွဲခြမ်းထားခံရလေတယ်။ မတူညီတဲ့ ဝိညာဉ်ချီအရောင်၅ရောင်ကို ထင်ထင်ရှားရှားမြင်နေရတယ်။ တစ်ခုစီက ဖက်တီးကိုယ်ထဲ အလှည့်ကျ စုပ်ယူခံနေရတယ်။
ဖက်တီးက ငြိမ်သက်နေဆဲဖြစ်ကာ အိပ်ရာပေါ် အူကြောင်ကြောင်ထိုင်နေပြီး ဘာမှမလုပ်နိုင်။ သူ့ကျင့်ကြံဆင့်က သူတို့မျက်စိရှေ့မှာတင် မြင့်တက်လာတယ်။
ပထမတော့ သူက ချီမွမ်းမံမှုအလယ်ဆင့်... နောက်တော့ နှောင်းပိုင်းအဆင့်... နောက်တော့ အုတ်မြစ်အခြေတည် အစောပိုင်းအဆင့်တွေ... နှောင်းပိုင်းအဆင့်တွေ... အစောပိုင်း ရွှေအမြုတေအဆင့်... နတ်ဝိညာဉ်...။
သူက ကြီးထွားလာလိုက်တာ နတ်ဝိညာဉ်ကျင့်ကြံဆင့်ရဲ့ နှောင်းပိုင်းအဆင့်ထိ ရောက်တဲ့အထိပဲ။ နောက်တော့ ဝိညာဉ်ချီ သူ့ကိုယ်ထဲ စီးဆင်းမှု အတင်းအကြပ် ရပ်တန့်ခံလိုက်ရတယ်။
ဒါ ဖက်တီး အိပ်ရာကနေ အထိတ်တလန့် ရုတ်တရက် ထရပ်လိုက်တာမို့ ဝိညာဉ်ချီက သူ့ကိုယ်ထဲ လွတ်လွတ်လပ်လပ် မစီးဝင်နိုင်တော့တာကြောင့်ပဲ။
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
သူတို့တွေ သူသာ အဲအခိုက်အတန့်မှာ ထမရပ်ရင် ဝိညာဉ်ချီက သူ့ကိုကောင်းကင်ဆီ ချက်ချင်း တန်းပို့လိုက်မှာလို့ လောင်းရဲတယ်
"စားဖိုမှူး..." ကူယွဲ့ သူ့ဘေးကလူပခုံးကို လှည့်ပုတ်လိုက်တယ်။
"ငါမှားသွားခဲ့တယ်၊ မင်းက ကလိမ်ကကျစ်အသေးစား မဟုတ်ဘူး၊ သူပဲ"
"..."
…
အခန်း ၄၆၁ ။ Cheat ၏ မိုးကြိုးဝဋ်ကြွေးချေခြင်း
"ကျွန်တော်ဘာ... ဘာဖြစ်တာလဲ" ဖက်တီးကြည့်ရတာ လုံးဝဇဝေဇဝါဖြစ်နေပုံ။ သူက ရုတ်တရက် အရမ်းကို အားကြီးလာသလို ခံစားလိုက်ရတယ်။ သူက လူသစ်လိုပဲ။ တစ်ခါမှ ဒီလောက်သက်သောင့်သက်သာရှိပြီး အေးဆေးနေတာမျိုး မခံစားရဖူးပေမဲ့ ဒီခံစားချက်က ဘယ်ကလာလဲဆိုတာ သူမသိ။ သူ ဝါကြီးသူသုံးယောက်ကို ဇဝေဇဝါကြည့်နေရတော့တယ်။
"ဖက်တီး..." ကူယွဲ့တခြား ဘာပြောရမလဲမသိတော့ဘူး။ သေချာစစ်ဆေးကြည့်တော့ ဒီချို့ယွင်းနေတဲ့ဝိညာဉ်ကြောက တကယ်ပဲ ပြန်သက်သာလာပြီဖြစ်ကာ အရင်ကထက်တောင် ပိုထူလာတာမြင်လိုက်ရတယ်။ အံ့ဩစရာမရှိစွာဘဲ ယွင်ဟန့်လိုမျိုး ဓာတ်ကြီးငါးပါးဝိညာဉ်ကြောတစ်ခု။ သူ့မှာ လှဲနေပြီး ဘာမှမလုပ်ဘဲနေရုံနဲ့တင် မသေမျိုးဆီတက်လှမ်းစေနိုင်တဲ့ ခန္ဓာကိုယ်အမျိုးအစား ရှိနေတယ်။
"မင်း... မင်း နတ်ဝိညာဉ်အဆင့် ဖွဲ့စည်းပြီးပြီပဲ"
"ဘာ" ဟွေ့ကျယ် တန့်သွားပြီး ပိုတောင်ဇဝေဇဝါဖြစ်နေပုံ။ သူ တစ်ခုခုပြောဖို့ ပါးစပ်ဟလိုက်တယ်။ မယုံကြည်နိုင်မှုက သူ့မျက်နှာမှာ အတိုင်းသားရေးထားတယ်။
"နတ်ဝိညာဉ် ဖွဲ့... ဖွဲ့စည်းခဲ့တယ်လား" သူ ဘယ်လိုပဲဖြစ်ဖြစ် ကျင့်ကြံခြင်းဂိုဏ်းတစ်ခုမှာ နှစ်ပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့တာ။ နတ်ဝိညာဉ်ဖွဲ့စည်းတယ်ဆိုတာ ဘာအဓိပ္ပာယ်မှန်း နားလည်တာ သဘာဝပါပဲ။ သူ သူတို့ကိုယ်ပိုင် နတ်ဝိညာဥ်တွေနဲ့လူတွေအများကြီးကို မြင်ဖူးတယ်။ တစ်ယောက်စီက စမ်းသပ်မှုတွေ၊ ဝဋ်ကြွေးချေခြင်းတွေ အများကြီး ဖြတ်သန်းခဲ့ရတာ။ သူ့အသားနဲ့တောင် သူတို့တွေက တူညီတဲ့အရာကိုဖြတ်သန်းရတယ်။ ဒါပေမဲ့ ဘာကြောင့် သူကျမလိုတာလဲ။ သူ့အသိစိတ်ထဲက အင်းကွက်ကိုဖျက်ပြီးတဲ့နောက် တစ်ချက် အသက်ပြင်းပြင်းရှူရုံနဲ့တင် နတ်ဝိညာဉ်ဖွဲ့စည်းပြီးသွားတာ ဘာကြောင့်လဲ။
"မင်းအခြေအနေက..." ကူယွဲ့ စရှင်းပြဖို့လုပ်ပေမဲ့ ကောင်းကင်က မှောင်မည်းနေပြီဆိုတာ မြင်လိုက်ရတယ်။ ဝိညာဉ်ချီက နောက်တစ်ကြိမ် ဟွေ့ကျယ်ဆီ အပြေးဝင်လာပြန်တယ်။ သူတို့ဆီလာနေတဲ့ မိုးကြိုးရဲ့ဝိညာဉ်ချီတည်ရှိမှုကို ဝိုးတဝါးခံစားမိသွားတယ်။
"ချီး မင်းရဲ့ မိုးကြိုးဝဋ်ကြွေးချေခြင်းက လာနေပြီ" အဲဒါအရမ်းမြန်လွန်းတယ်။
ကူယွဲ့ ဝဋ်ကြွေးချေခြင်းတိမ်တိုက်တွေက ကောင်းကင်ထဲစုဝေးလာတာကို ကြည့်နေတယ်။ သူ ဖက်တီးကို လည်ထောင်ကနေ ဆွဲခေါ်ကာ ပျံထွက်လာခဲ့ပြီး ကွင်းပြင်တစ်ခုမှာ ရပ်လိုက်တယ်။ သူဂါထာတစ်ခု ဖန်တီးပေးကာ ညွှန်ကြားချက်တချို့ ချန်ခဲ့တယ်။
"ဖက်တီး မင်း အသက်တစ်ချက်ရှူရုံနဲ့ ပင်မအဆင့်လေးဆင့်ကို ခုလေးတင် ဖြတ်ကျော်ထားတာ၊ မိုးကြိုးဝဋ်ကြွေးက မင်းအစွမ်းတွေထက် ကျော်လွန်တော့မှာပဲ၊ ဒီဝဋ်ကြွေးချေခြင်းက မင်းရဲ့ရွှေအမြုတေနဲ့ နတ်ဝိညာဉ်နှစ်ခုလုံးအတွက် အရမ်းဖြစ်နိုင်တယ်၊ တောင့်ထားနော်၊ သတိရှိနေအောင် အတတ်နိုင်ဆုံးကြိုးစား"
"ဟမ်၊ အိုး... ကောင်းပါပြီ... ကောင်းပါပြီ" ဖက်တီးက အတွေးတွေမစုစည်းရသေးပေမဲ့ ကူယွဲ့ မြေကြီးဆီဖိချလိုက်တာကို ခံရပြီးပြီယ သူ နောက်ထပ်သိလိုက်တဲ့အရာက သူ့ပတ်ခည်က အင်းကွက်တွေအားလုံး အရောင်ထွက်လာတာပဲ။ သူ့ကို နေရာမှာမြဲမြဲထားပေးထားတဲ့ အင်းကွက်တွေ အထပ်ထပ်။
ကူယွဲ့ အဲတော့မှ နောက်ဆုတ်သွားတယ်။ သူ မြန်ဆန်စွာ မှောင်မည်းလာတဲ့ ကောင်းကင်ကို စိုးရိမ်တကြီး ကြည့်လိုက်တယ်။ သူတို့ခေါင်းပေါ် စုဝေးလာတဲ့ တိမ်အရေအတွက်က ကြောက်စရာပဲ။ အဝေးကနေတောင် သူတို့တွေ မိုးကြိုးရဲ့အရှိန်အဝါကို ခံစားရတယ်။ တိမ်တိုက်လွှာတွေက နိမိတ်မကောင်းပုံပေါ်ပြီး ထူထဲလွန်းလို့ အတော်လေးခြိမ်းခြောက်နေသလိုမျိုးပဲ။ နတ်ဝိညာဉ်ကျင့်ကြံသူတွေ ဖြတ်သန်းရတဲ့ သာမန်မိုးကြိုးဝဋ်ကြွေးချေခြင်းမျိုး မဟုတ်။ တကယ်တော့ နတ်ဘုရားဝဋ်ကြွေးချေခြင်းနဲ့ အများကြီး သိပ်မကွာခြား။
"အမတအင်းကွက်လား" ယိချင်းက ဖက်တီးပတ်လည်က အင်းကွက်တွေကို လေ့လာရင်း မေးတယ်။ တစ်ချက်ကြည့်ရုံနဲ့ အင်းကွက်တွေပ ဒီအောက်ဘုံကမဟုတ်တာ ပြောနိုင်တယ်။ သူ ဖေဖေနျို့ကို မရေမရာကြည့်လိုက်တယ်။
"ဖက်တီးက တစ်ခါမှ မလေ့ကျင့်ဖူးဘူး" ကူယွဲ့ ရှင်းပြလိုက်တယ်။ သူက နေရင်းထိုင်ရင်း နတ်ဝိညာဉ်တစ်ခုကို ဖွဲ့စည်းခဲ့တယ်ဆိုပေမဲ့ အခွံအလွတ်တစ်ခုကလွဲ ဘာမှမဟုတ်။ ကူယွဲ့ ဒီလူက ဝိညာဉ်ချီကို သူ့ကိုယ်ထဲဘယ်လိုလှည့်ပတ်ရမလဲဆိုတာပါ မသိသေးဘူးလို့ ခန့်မှန်းရဲတယ်။ မိုးကြိုး ဝဋ်ကြွေးချေခြင်း မပြောနဲ့ သာမန်မိုးကြိုးတောင် သူ့ကို အလွယ်လေးသတ်နိုင်တယ်။
"ပြီးတော့ အဆင့်ကျော်တဲ့လူတွေ ဖြတ်သန်းရတဲ့ မိုးကြိုးဝဋ်ကြွေးချေခြင်းက ပုံမှန်မိုးကြိုးဝဋ်ကြွေးချေခြင်းထက် အန္တရာယ်ရှိတတ်တာ များတယ်" ဖက်တီးက ကလိမ်ကျပြီး အဆင့်လေးဆင့် ကျော်ထားတယ်ဆိုတာ ပြောဖို့တောင်မလိုဘူး။ ကူယွဲ့ တစ်ဖက်လှည့်ကာ စားဖိုမှူးကို ခေါင်းစခြေဆုံး အထင်သေးမှုအပြည့်နဲ့ ကြည့်လိုက်တယ်။
"မင်း ဒီလိုအရာတွေနဲ့ အရမ်းရင်းနှီးတယ်မဟုတ်ဘူးလား" မင်းလည်း ခဏခဏ အဆင့်တွေ ကျော်တာပဲကို
ကူယွဲ့ရဲ့ အထင်အမြင်သေးတဲ့ အကြည့်က ယိချင်းကို ပါးစပ်ပေါက်ပိတ်သွားစေတယ်။ သူပြောတာမှန်တယ် - အဆင့်တွေကျော်တဲ့ လူတွေဖြတ်သန်းရတဲ့ ဝဋ်ကြွေးချေမိုးကြိုးက ပုံမှန်ထက် အများကြီးပိုဆိုးတယ်။ လူအားလုံးထဲမှာမှ သူနားလည်တာမို့ ဘာမှမပြောတော့ဘူး။ အဲအစား အင်းကွက်တွေအားလုံးရဲ့အလယ်က ဖက်တီးကို စိုးရိမ်တကြီး ပြန်လှည့်ကြည့်လိုက်တယ်။
ဖက်တီးက အတော်လေးစိတ်လှုပ်ရှားနေပုံ။ သူက သွေးပျက်လုနီးပါးဖြစ်နေပြီး သူ့မျက်ဝန်းတွေက ဇဝေဇဝါဖြစ်မှုတွေနဲ့ လွှမ်းမိုးနေဆဲ။ သူ ဘာတွေဖြစ်နေလဲဆိုတာ နားလည်ဖို့ အချိန်မရှိ။ လုံးဝအသုံးမကျတဲ့ သစ်သားတုံးကနေ မိနစ်ပိုင်းအတွင်း နတ်ဝိညာဥ်ကျင့်ကြံသူဖြစ်ကာ မိုးကြိုးဝဋ်ကြွေးချေခြင်းကို ဖြတ်သန်းရလဲဆိုတာ မစဉ်းစားတတ်ဘူး။ ဒါပေမဲ့ သူဘာကို ဖြတ်သန်းရမလဲဆိုတာ နားလည်တယ်။ ဒါကြောင့် သူ သူ့စိတ်ထဲ ကူယွဲ့ပြောထားတာကို ခိုင်ခိုင်မာမာ မှတ်မိနေအောင် ကြိုးစားလိုက်တယ်။ သူ ရှိနေတဲ့နေရာမှာ ထိုင်ချကာ ဘောလုံးအဖြစ်ကွေးပြီး လှုပ်တောင် မလှုပ်ရဲ။
နောက်အခိုက်အတန့်နှာ အရာအားလုံးက ပိန်းပိတ်အောင် မှောင်မည်းနေတယ်။ တိမ်တိုက်တွေရဲ့ အပေါ်မှာ အဖြူရောင်အလင်းတစ်ခု ရှိနေတယ်။ ကြည့်ရတာ တစ်ခုခုက မွှေနေပုံပဲ။ နောက်ဆုံးတော့ မိုးခြိမ်းသံကိုကြားလိုက်ရတယ်။ ထူထဲတဲ့ လျှပ်စီးတန်းကြီးတစ်ခုက မြေပြင်ကို ထိမှန်လာတယ်။
"ရောက်လာပြီ" ကူယွဲ့ရဲ့ အမူအရာက မည်းနက်သွားတယ်။ မိုးကြိုးကသူထင်ထားတာထက်တောင် ကြောက်ဖို့ကောင်းတာပဲ။ ယိချင်းပါ တိတ်ဆိတ်တဲ့အထိ မှင်တက်နေတယ်။ သူတို့မလှုပ်။ ဖက်တီးပတ်လည်က အင်းကွက်က ပိုပြီးတောင် တောက်ပလာခဲ့တယ်။
မိုးကြိုးက တဖြည်းဖြည်းနီးကပ်လာကာ ဖက်တီးခေါင်းတည့်တည့် ထိမှန်တော့မဲ့ပုံမျိုး။ ရုတ်တရက် ရွှစ်ခနဲအသံထွက်လာတာ မီးညှိမ်းခံလိုက်ရသလိုပဲ။ ကောင်းကင်ထဲ အရောင်လက်ကာ ရေစီးကြောင်းတစ်ခုစာ ထူထဲတဲ့ မိုးကြိုးတစ်ခုရှိနေပေမဲ့ တစ်ခုခုက အားနည်းသွားစေတဲ့ပုံပဲ။ ပါးသထက်ပါး ပါးပါလာပြီး... နောက်ဆုံးတော့ မိုးကြိုးရဲ့ တိုးညင်းတဲ့အသံကို ကြားလိုက်ရတယ်။ မိုးကြိုးတန်းက ဖက်တီးခေါင်းနားလေးမှာတင် ပျောက်ကွယ်သွားလေတယ်။
မိုးကြိုးပစ်ဖို့ထား - ဖက်တီးကို ထိတောင်မထိ။ အဲအစား ကောင်းကင်ထဲ ပျောက်သွားလေတယ်။
ဟမ်။
(⊙_⊙)
ဘာတွေဖြစ်နေတာလဲ။
အင်းကွက်ကိုကြည့်နေတဲ့ နှစ်ယောက်က လုံးဝကို ရှုပ်ထွေးနေတယ်။ ဒီမိုးကြိုးဝဋ်ကြွေးချေခြင်းက ပုံမှန်ထက် အများကြီးပိုဆိုးရမှာ မဟုတ်ဘူးလား။ အင်းကွက်တွေက နေရာအနှံ့မှာ ရှိနေပြီး - ဒါကတော့ ဖြစ်ခဲ့တဲ့အရာတဲ့
အဲဒါ အဆုံး မဟုတ်ဘူး။ နောက်ထပ် မိုးကြိုးဆယ်ချက်မှာလည်း တစ်ပုံစံတည်းပဲ။ သူတို့က အရင် ကောင်းကင်မှာပေါ်လာချိန် တစ်ခုချင်းစီက အရင်တစ်ခုထက်တောင် ပိုကြောက်ဖို့ကောင်းတယ်။ ဒါပေမဲ့ တစ်ခုစီကလည်း အရင်တစ်ခုထက် ပိုပြီးမြန်မြန်ပျောက်ကွယ်သွားတယ်။ ကောင်းကင်တွေက သူတို့အပေါ် လှည့်ကွက်ကစားနေသလိုမျိုးနီးပါးပဲ။
နောက်ထပ် မိုးကြိုးအချက်၂၀အတွင်း မိုးကြိုးဝဋ်ကြွေးချေခြင်းက အလျှော့ပေးလိုက်တဲ့ပုံ။ သူတို့ဆီ လျှပ်စီးတန်းတွေပို့နေတာကို ရပ်သွားလေတယ်။ ထူထဲတဲ့ မီးခိုးရောင်တိမ်တွေက အဝေးကို လိမ့်သွားကာ ပတ်ဝန်းကျင်က ပိုတောက်ပလာခဲ့တယ်။
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ဒီဖက်တီးက ကောင်းကင်တာအိုရဲ့ တရားမဝင်သားလားဟ။
အသီးကိုတစ်ချိန်လုံး စားနေဆဲ ရှန်းရင်က မျက်လုံးတွေမှေးသွားပြီး ခေါင်းစောင်းခိုက်လေတယ်။
"ဟေး..."
နောက်အခိုက်အတန့်မှာ နေရောင်ခြည်က ကောင်းကင်ကနေ တောက်ပစွာ ကျဆင်းလာတယ်။ ပတ်ဝန်းကျင်က ဝိညာဉ်ချီက နောက်တစ်ကြိမ် ဖက်တီးဆီ ပြေးဝင်လာပြန်ပြီး သူ့ခန္ဓာကိုယ်အနားမှာ စုဝေးနေကြတယ်။ သူ့ယိုင်တိုင်တိုင်နတ်ဝိညာဉ်က ခိုင်မာသွားခဲ့ပြီ။
ဖြစ်ရပ်ဆန်းတစ်ခုက ကောင်းကင်ထဲ နောက်တစ်ကြိမ် ပေါ်လာပြန်တယ်။ သူတို့ စောနက တော်ဝင်အထွတ်အမြတ်ဂိုဏ်းမှာ မြင်ခဲ့ရတာနဲ့ အနည်းငယ်ကွာခြားတယ်။ အဲအခိုက်အတ့်မှာ ကောင်းကင်ထဲ နဂါးတစ်ကောင်ပုံရိပ် ပေါ်လညတယ်။ ချက်ချင်း ဇာမဏီတစ်ကောင်နဲ့ အစားထိုးတယ်။ နောက်တော့ ချီလင်းတစ်ကောင်၊ ပြီးတော့ မဟူရာလိပ်နဲ့ ပိုင်ကျယ် အစရှိသဖြင့်။ ကောင်းကင်က ဘုံတွေမှာ လျှောက်လှမ်းဖူးသမျှ ကောင်းကင်မျိုးနွယ်တိုင်းရဲ့ကားချပ်ကို ပြသနေသလိုပဲ။ ကားချပ်က ဆက်သွားနေတာ မိနစ်တချို့ကြာနေခဲ့တယ်။
ကူယွဲ့ နှုတ်ခမ်းကိုသပ်ကာ မနေနိုင်ဘဲ အဲကားချပ်ကိုပြနေတဲ့ဘယ်သူ့ကိုမဆို ဆူဖို့ ကောင်းကင်ဆီ မော့ကြည့်လိုက်တယ်။
"ဟေး မင်း ပြီးဦးမှာလား" ကောင်းကင်က သူ ဧကရာဇ်ငယ်အဖြစ် တက်လှမ်းတုန်းကတောင် အဲလောက်မပျော်ခဲ့တဲ့ပုံပဲ။ သူတို့တွေက ဘယ်သူ့အတွက် အလုပ်လုပ်ပေးနေလဲဆိုတာ အဲလောက်ရှင်းလင်းနိုင်ရဲ့လား။
အဲတော့မှ ကောင်းကင်ထဲက ကားချပ်က တုံ့ဆိုင်းဆိုင်း ပျောက်ကွယ်သွားခဲ့တယ်။ ပုံရိပ်တွေ လုံးဝ မပျောက်ကွယ်သွားခင်မှာတင် အလင်းတန်းတွေက ဇဝေဇဝါဖြစ်နေဆဲ ဖက်တီးပေါ် ကျဆင်းလာကာ နတ်ဝိညာဉ်နှောင်းပိုင်းအဆင့်တွေထိ တွန်းတင်ပေးလိုက်လေတယ်။
"..."
ကူယွဲ့ စိတ်ထဲ အဆဲစကားတွေအများကြီး ပြည့်သွားတော့တယ် - သူ သူတို့ကို ထွေးထုတ်ရမယ်
သူ့ဘေးကယိချင်းလည်း တစ်ခုခုကို ခံစားမိပုံပဲ။ သူက ရှေ့ကိုတက်လာကာ ကောင်းကင်ဆီ မော့ကြည့်တယ်။
"ဘာကိစ္စလဲ" ကူယွဲ့မေးလိုက်တယ်။
"ဘုံတံခါးက... လှုပ်သွားတယ်"
ကူယွဲ့ တန့်သွားကယ ဘုံတံခါးကိုမော့ကြည့်လိုက်တယ်။ တကယ်ပဲ ဘုံတံခါးပေါ်က တင်းကျပ်နေခဲ့တဲ့ ချိပ်ပိတ်မှုက ပြေလျော့သွားပုံပဲ။ လုံးဝပြေသွားတာမျိုး မဟုတ်ပေမဲ့ သူတို့ပတ်လည်မှာရှိတဲ့ စည်းမျဉ်းတွေ အများကြီးကနေ ဖွဲ့စည်းထားတဲ့ သဘာဝဥပဒေဖိအားက သိသိသာသာ လျော့ကျသွားပုံပဲ။
ဘာတွေဖြစ်နေတာလဲ။
သူ အင်းကွက်အလယ်မှာ ဝိညာဥ်ချီအားလုံးကိုစုပ်ယူနေဆဲ ဖက်တီးဘက် လှည့်ကြည့်လိုက်တယ်။ ကူယွဲ့ သူ့ကိုယ်ကို သေချာလေ့လာလိုက်တော့ လျင်မြန်စွာ ပျောက်ကွယ်နေတဲ့ သဘာဝဥပဒေဖိအားရဲ့ အကြွင်းအကျန်တွေကို တွေ့ရတယ်။ ကူယွဲ့ ကောင်းကင်ဘုံမှာ တွေ့ဖူးတဲ့ အမျိုးအစားပဲ - ဘုံငယ်လေးတွေကို ဝိုင်းထားတဲ့ ဖိအားမျိုး။
ဘုံတံခါးက ဖက်တီးကြောင့် ပွင့်လာတော့မှာလား သူ့ တိုးမြင့်လာတဲ့ကျင့်ကြံမှုက သဘာဝဥပဒေဖိအားရဲ့ ချုပ်ထိန်းမှုတွေကို ပြေလျော့စေတာလား။
"ရှန်းရင် ဘာတွေဖြစ်-" ကူယွဲ့ ဒီကိစ္စကို အစားသရဲနဲ့ ရှင်းလင်းဖို့လုပ်ပေမဲ့ သူမက အဲမှာ ရပ်မနေတော့တာ တွေ့လိုက်ရတယ်။
"အယ်"
သူ ဟိုဟိုဒီဒီကြည့်လိုက်တော့ ရှန်းရင်က ဖက်တီးဘေးရောက်နေပြီ။ သူမက အသီးကို ကိုက်ဝါးပြီး အင်းကွက်ထဲ မလှုပ်ရဲဘဲ နာနာခံခံ ထိုင်နေဆဲလူကို လေ့လာလိုက်တယ်။ သူမက သူ့ကိုနှုတ်ဆက်ဖို့ လက်မြှောက်တယ်။
"ဟေး ငါတို့ မတွေ့တာကြာပြီနော်"
"မိန်းကလေး... မိန်းကလေးရှန်း" ဖက်တီးက အတော်လေး ဇဝေဇဝါဖြစ်နေသေးပုံ ပေါ်ပေမဲ့လည်း ကြီးမားတဲ့လျှော့ဈေးနဲ့ ခုလေးတင် ကြုံထားသလိုမျိုး။ အားနည်းစွာနဲ့ သူက မေးတယ်။
"မိုးကြိုးဝဋ်ကြွေးချေခြင်းက ပြီးသွားပြီလား" သူ အခု လှုပ်လို့ရပြီလား။
"မင်း ခုထွက်လာလို့ရပြီ" ကူယွဲ့လည်း လျှောက်လာကာ သူ့ကံကောင်းမှုကို အားကျစွာနဲ့ စိန်းစိန်းဝါးဝါး ကြည့်နေတယ်။ သူ သူ့ပတ်လည်က အင်းကွက်တွေကို ဖြည်ပေးလိုက်တယ်။ ဖွီ ဒီကလိမ်ကျတဲ့ခွေးတွေ
ဖက်တီးက အပျော်လွန်သွားတယ်။ သူ မြန်မြန် ထရပ်ကာ သူတို့ကို ကျေးဇူးစတင်ပေမဲ့ ရင်းနှီးနေတဲ့ အရှိန်အဝါတစ်ခု သူတို့နားနီးသထက်နီးလာတာကို ခံစားမိလိုက်တယ်။ အရောင်က သူ့မျက်နှာကနေ လျော့ကျသွားတော့တယ်။ သူ အမြန် နောက်ပြန်လှည့်လိုက်တယ်။
"တစ်ယောက်ယောက် ကျွန်တော်တို့နောက်လိုက်နေတယ်... ထင်တာပဲ"
…
အခန်း ၄၆၂ ။ နည်းနည်းချန်ပေးထားပါ
"ဟေး သူတို့က မင်းကို ရှာနေတာပဲ" ကူယွဲ့က ဘာဖြစ်နေလဲဆိုတာ သိပြီးသလိုမျိုး ဖြေလေတယ်။ သူက တစ်ခဏစဉ်းစားကာ ပြောတယ်။
"စုစုပေါင်း လူ၂၃ယောက်၊ သူတို့အားလုံးက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေ ဒါမှမဟုတ် ခရီးသွားအမတတွေ၊ သူတို့အားလုံး အဲလောက်ဝန်းကျင်ပဲ" စောနကတင်ဖြစ်သွားတဲ့ ထူးဆန်းဖြစ်အင်က သံသယမရှိ အာရုံစိုက်ခံလိုက်ရတာပဲ။
ဖက်တီးက ချက်ချင်း ဖြူဖျော့သွားတယ်။ သွေးပျက်တဲ့ အရိပ်အယောင်တွေ သူ့မျက်နှာပေါ် ဖြတ်ပြေးသွားတယ်။
"ကျွန်တော် ဘာလုပ်သင့်မလဲ၊ ခုချက်ချင်း ထွက်ခွာကြရအောင်"
"ထွက်သွားရမှာလား၊ ဘာလို့လဲ" ကူယွဲ့ သူ့ကိုလှမ်းကြည့်လိုက်တယ်။
"မင်း ဒါကို အနှေးနဲ့အမြန် ဖြေရှင်းရမှာပဲ၊ သူတို့ ဒီကိုရောက်လာတာ ကောင်းတာပေါ့၊ ကါတို့ သူတို့ကိုရှာရတဲ့အချိန် သက်သာတယ်"
"ဖြေရှင်း... ဖြေရှင်းမှာလား" ဖက်တီးက စကားထစ်နေတယ်။ ကူယွဲ့က ဒါကို အလေးအနက် ထားနေတာမြင်တော့ သူ ပိုပြီးတောင် သွေးပျက်လာတယ်။
"သူတို့က အကျိုးအကြောင်း နားထောင်မှာ မဟုတ်ဘူး"
"သူတို့ကို အကျိုးအကြောင်းညှိမယ်လို့ ဘယ်သူပြောလဲ"
"အာ အဲလိုမဟုတ်ဘူးလား"
ကူယွဲ့က ခပ်ပြတ်ပြတ်ရယ်ကာ သူ့လက်ထဲက ယပ်တောင်ကို ဖြန့်လိုက်တယ်။ တစ်လုံးချင်းစီ သူက ဖိပြောလေတယ်။
"ငါတို့လုပ်ဖို့လိုတာက သူတို့ကို ကောင်းကောင်းရိုက်နှက်ရုံပဲ" တခြားသူတွေကို သုံးစွဲဖို့တောင် တွေးခဲ့သူတွေကို ဖြေရှင်းဖို့ တစ်ခုတည်းသောနည်းက လက်သီးပြဖို့ပဲ။
ဖက်တီး ။ ။ "..."
ဖြေရှင်းမယ်ဆိုတာ ဒါကိုဆိုလိုတာလား။ ဒါ ပြဿနာ ပိုပြီးဖြစ်စေနိုင်တာမဟုတ်ဘူးလား။
"ခင်ဗျား... သူတို့၂၃ယောက်ရှိတယ်လို့ ပြောခဲ့တယ်မဟုတ်လား၊ အားလုံးက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေ ဒါမှမဟုတ် ခရီးသွားအမတတွေဆို"
"အင်းလေ ပြီးတော့"
"ကျွန်တော်တို့က လေးယောက်တည်းလေ"
ဖက်တီးကပြိုလဲခါနီးဆဲဆဲ ဖြစ်နေတယ်။ သူက အသည်းအသန် စိတ်ပူပန်နေလေရဲ့။ တာအိုရောင်းရင်းနျိုနဲ့ တာအိုရောင်းရင်းစားဖိုမှူးက အင်မတန်ထူးခြားတဲ့ ကြောက်ခမန်းလိလိ လျှို့ဝှက် စွမ်းအားတွေ ပိုင်ဆိုင်ထားတယ်ဆိုတာ သိတယ်။ မဟုတ်ရင် သူတို့ ဖက်တီး ဘာဖြစ်နေလဲဆိုတာတောင် ရှာတွေ့နိုင်ခဲ့မှာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့တွေ အရေအတွက်မမျှတာ အရှင်းလင်းကြီး။
"လူတွေအများကြီးပဲ၊ ပြီးတော့ သူတို့အားလုံးမှာ အမတလက်နက်တွေရှိကြတယ်"
"မင်းပြောတာ မှန်တယ်၊ ငါတို့လေးယောက်က အရမ်းများလွန်းတယ်" ကူယွဲ့က ယပ်တောင်ကို သိမ်းကာ တစ်ဖက်လှည့် သက်ပြင်းချတယ်။
"စားဖိုမှူး သူတို့အားလုံးကို မင်းဆီ လွှဲပေးလိုက်ပြီ"
သူက စကားပြောရင်း နောက်ဆုတ်ကာ ဘေးထွက်ရပ်တယ်။ စားဖိုမှူးက တိုက်ခိုက်ရာမှာ ပညာရှင်ပီသဆုံးပဲ ကူယွဲ့ သူ့ကို တောအုပ်မှာ ကလိမ်ကျထားတဲ့ ဆရာတပည့်ကို လက်စားချေဖို့ ဒီလိုလုပ်တာ လုံးဝမဟုတ်
"..." ဖက်တီးက ကူယွဲ့ကို အူကြောင်ကြောင်စိုက်ကြည့်နေမိတယ်။ သူတို့က များတယ်လို့ သူ မထင်ပါဘူး။ သူ ကူယွဲ့ကို နားချဖို့ ဆက်ကြိုးစားလိုက်တယ်။
"ကျွန်တော်မဆိုလို-"
သူ စကားမဆုံးခင် ယိချင်းက လက်မောင်းကိုမြှောက်လိုက်တော့ ဓားရှည်တစ်ချောင်း သူ့လက်ထဲပေါ်လာတယ်။ စောနက ကောင်းကင်မှာပြည့်နေခဲ့တဲ့ ဝဋ်ကြွေးချေမိုးကြိုးရဲ့ အရှိန်အဝါထက်တောင် ပိုပြီးကြောက်စရာကောင်းကာ ရှိန်လောက်စရာ ဓားချီကကောင်းကင်ထဲ ပြည့်စပြုလာတယ်။ သူတို့အားလုံးကို လွှမ်းမိုးဖို့ ခြိမ်းခြောက်နေလေရဲ့။
ဖက်တီး ခြေထောက်တွေ ပျော့ခွေလာသလိုပဲ။ သူ ဒူးထောကခကျခါနီးဆဲဆဲ မနည်းပြန်ထိန်းလိုက်ရတယ်။ သူတို့နဲ့ အဝေးကြီးကလူတွေတောင် အရှိန်အဝါကိုခံစားမိပြီး တချို့ ကောင်းကင်ကနေ ကျဆင်းကုန်တယ်။
ဖက်တီးက အခု သူ့နောက်ရောက်နေပြီဖြစ်တဲ့ ယိချင်းကို လှည့်လေ့လာလိုက်တယ်။ သူ သူ့ကျင့်ကြံဆင့်ကို ဖွံ့ဖြိုးအောင်မလုပ်ခင် ဒီယိချင်းကို အာရုံမခံခဲ့မိဘူး။ အခုတော့ လူတစ်ယောက် ရင်ဘတ်ထဲထိ အကြောက်တရားကို ပြည့်တက်လာစေတဲ့အထိ သူ့တစ်ကိုယ်လုံးက ကြောက်ခမန်းလိလိ အရှိန်အဝါ ထုတ်လွှင့်နေတာကို နားလည်သွားခဲ့ပြီ။
ယိချင်းက ရှေ့ကိုနည်းနည်းတိုးသွားကာ သူတို့ဆီဦးတည်လာနေတဲ့လူတွေဆီ သွားလေတယ်။ သူက ပေါ့ပေါ့ပါးပါး ရှေ့ကိုလျှောက်နေရုံဆိုပေမဲ့ သူ့ကိုယ်ထဲကနေ ဓားချီတွေစီးထွက်နေတာကို ဖက်တီး ခံစားရတယ်။ ဖက်တီးရင်ထဲ တင်းကြပ်သွားခဲဘတယ်။ ဒါ သူတို့ စွမ်းအားအစစ်အမှန်လား။
သူက မြင်ဖူးသမျှ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူတွေနဲ့ အမတကျင့်ကြံသူအားလုံးထက်တောင် ပိုကြောက်ဖို့ကောင်းတယ်။ ရုတ်တရက် ကူယွဲ့ပြောစကားကို သူနားလည်သွားခဲ့တယ်။ သူတို့လေးယောက်က တကယ်ပဲ သူတို့ဆီဦးတည်နေတဲ့အုပ်စုကို ရင်ဆိုင်ဖို့ လုံလောက်တာထက် ပိုနေတယ်။ တကယ်တမ်းတော့ ယိချင်းတစ်ယောက်နဲ့တင် လုံလောက်နေပြီ - လုံလောက်တာထက် ပိုတယ်။
ကူယွဲ့ နောက်နေတာမဟုတ်။ ယိချင်းက တကယ်ပဲ တစ်ယောက်တည်း လုပ်နိုင်တယ်။
ရုတ်တရက် ဖက်တီး နားလည်သဘောပေါက်သွားတယ်။ သူ စိတ်မပူပန်တော့သလို စိုးရိမ်မှုလည်း မရှိတော့ဘူး။ အဲအစား အင်မတန်တိတ်ဆိတ်သွားတယ်။ ကျင့်ကြံသူဆိုတာ ဒါကိုဆိုလိုတာလား။ လူတစ်ယောက်က ဒီလောက်သန်မာနိုင်မယ်လို့ သူမသိခဲ့ဘူး - သန်မာလွန်းလို့ ဘာခြိမ်းခြောက်မှု၊ ဘာအန္တရာယ်ကိုမှ စိုးရိမ်စရာမလို။ သူ လက်သီးတင်းတင်းဆုပ်ကာ ဆန္ဒနဲ့မျှော်လင့်ချက်တွေ သူ့ရင်ထဲ ပေါက်ဖွားလာခဲ့တယ်။
တကယ်လို့ သူသာတတ်နိုင်ရင်...။
ယိချင်းက နောက်ပြန်လှည့်လာကာ ကူယွဲ့ကိုကြည့်တယ်။
"ဆရာ့ကို ဂရုစိုက်ပါ၊ မပျောက်စေနဲ့ဦး"
"နားလည်ပြီ" ကူယွဲ့ အကျင့်အတိုင်း လက်ယမ်းပြလိုက်တယ်။
ယိချင်း ဓားကိုတင်းတင်းဆုပ်ကိုင်ကာ သူ့ကိုယ်ပတ်လည်က ဓားချီက ထူထဲလာဆဲ။ နောက်တော့ သူကလေထဲပျံတက်ကာ တိုက်ပွဲဆီဦးတည်ဖို့ပြင်လိုက်တယ်။
"ခဏ" ဖက်တီးက တစ်ခုခုကို နားလည်သွားသလိုမျိုး ရုတ်တရက် လှမ်းခေါ်လိုက်တယ်။ သူ့ ဘောလုံးလိုမျိုးမျက်နှာက တည်ငြိမ်နေတဲ့အမူအရာနဲ့။ သူက လက်သီးဆုပ်ကာ နှစ်ယောက်ဆီ ဂါရ၀ပြုတယ်။
"ကျင့်ကြံသူတွေကို အရေးမယူဖို့ ကျေးဇူးပြုပြီးတောင်းဆိုလို့ရမလားဟင်"
"မင်းနောက်နေတာပဲ ဖက်တီး" ကူယွဲ့ သူ့ရှေ့က ဖြူစင်အပြစ်ကင်းပြီး ဖြူစွတ်နေတဲ့မျက်နှာကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်။
"မင်း သူတို့ကိုလွှတ်ပေးချင်နေတာလား"
"မဟုတ်ပါဘူး" ဖက်တီးက အကျောက်အကန် ခေါင်းကိုယမ်းတယ်။ သူက လက်သီးကို ဆုပ်လိုက် ပြန်ဖြည်လိုက် အကြိမ်ကြိမ်လုပ်နေပြီးမှ ပြောလာတယ်။
"သူတို့နဲ့ ကျွန်တော့်ကိုယ်ပိုင် အငြိုးအတေးတွေကို ဖြေရှင်းချင်လို့ပါ"
"..." ကူယွဲ့က ယိချင်းကို အဓိပ္ပာယ်ပါပါလှမ်းကြည့်ကာ တိတ်သွားတယ်။
"ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပေးကြပါ၊ ကျွန်တော်က ခုကျင့်ကြံသူဖြစ်နေပြီ၊ အနှေးနဲ့အမြန် ကျွန်တော့်ကိုယ်ပိုင်တရားမျှတမှုကို ရှာချင်တယ်" သူက နှစ်ယောက်သားဘက်လှည့်ကာ အင်မတန်လေးနက်စွာပြောလေတယ်။
"ကျေးဇူးပြုပြီး ကျွန်တော့်ကို ဒီအခွင့်အရေးပေးပါ၊ အခု ထိန်းထားပေးလို့ရမလား၊ တာအိုရောင်းရင်းစားဖိုမှူး"
"ဟင့်အင်း" ယိချင်းက ဓားကိုချကာ နှုတ်ခမ်းကိုသပ်လိုက်တယ်။ သူ ဒီငနဲကို ငြင်းရမှာပေါ့ ဘယ်သူက သောက်ကျိုးနည်း တာအိုရောင်းရင်းစားဖိုမှူးတုံး။
ဟမ်။
Σ(°△°|||)
"ဘာ... ဘာလို့လဲဟင်" ဖက်တီးရဲ့ တည်ကြည်တဲ့အမူအရာက ပြိုလဲသွားကာ ကူကယ်ရာမဲ့မှုနဲ့အစားထိုးသွားခဲ့တယ်။ သူက ကူယွဲ့ဘက်လှည့်ပြောတယ်။
"ကျေးဇူးပြုပြီး သူ့ကိုပြောပါဦး တာအိုရောင်းရင်းနျို"
ကူယွဲ့လည်း မျက်နှာရွဲ့သွားလေရဲ့။
"စားဖိုမှူး၊ ဆက်လုပ်၊ သူ့အတွက် တစ်ယောက်တောင် မချန်နဲ့" ကူယွဲ့ အမူအရာက အင်မတန်ပုပ်သိုးနေကာ ဖက်တီးအပေါ် သူ့အပြုအမူက အေးစက်နေတယ်။ တာအိုရောင်းရင်းနျိုဆိုတာ ဘာကြီးတုံး။
အယ် အာ အာ...
(゚Д゚≡゚Д゚)
"ဟင့်အင်း တာအိုရောင်းရင်းတို့" သူတို့က ဘာလို့ သူ့ကိုယ်ပိုင်လက်စားချေမှုကိုရဖို့ အခွင့်အရေး မပေးနိုင်ရတာလဲ။
သူ စားဖိုမှူး သူတို့ဆီ ဓားနဲ့ပျံထွက်သွားတာကို ကြည့်နေရတယ်။ နဂိုက အချောင်ခိုဖို့ ပြင်နေတဲ့ကူယွဲ့တောင် ဓားကိုဆွဲထုတ်နေတယ်။ ဖက်တီး အသည်းအသန်ဖြစ်ကာ ကျန်ခဲ့လေရဲ့။
"စားဖိုမှူး" ရှန်းရင်က ရုတ်တရက် အသီးကိုကိုက်ဝါးနေရင်း လှမ်းခေါ်လာတယ်။
"ငါဗိုက်ဆာနေပြီ"
သူမက နောက်တစ်ကိုက်ကိုက်လိုက်တယ်...။
အုပ်စုဆီတန်းတန်းမတ်မတ် ဦးတည်နေတဲ့ သဏ္ဌာန်က လေထဲတန့်သွားကာ ပြန်လှည့်လာတယ်။
"ဟုတ်ကဲ့ဆရာ ပြဿနာမရှိပါဘူး ဆရာ"
ယိချင်းပတ်လည်ဓားချီက ချက်ချင်း အနားယူကာ ပျောက်သွားတယ်။ သူက ရှန်းရင်ဆီ ပြန်ပျံသန်းလာတယ်။ နောက်တော့ သူက သူ့သိုလှောင်အိတ်ထဲက ဟင်းချက်ပစ္စည်းတွေ အားလုံးကို ထုတ်ကာ စတင်ချက်ပြုတ်တော့တယ်...။
ကူယွဲ့ ။ ။ "..."
ဖက်တီး ။ ။ "..."
——————
ငါးမိနစ်အကြာ။
ပုံသဏ္ဌာန်ဆယ်ခုကျော်က ကောင်းကင်က ဆင်းသက်လာတယ်။ တစ်ယောက်စီက အရည်အချင်းမြင့် ကျင့်ကြံသူတွေ။ သူတို့ထဲက အနိမ့်ဆုံးစွမ်းရည်နဲ့လူတောင် နတ်ဝိညာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ။ သူတို့က အုပ်စုရပ်နေတဲ့ နေရာနဲ့ မနီးမဝေးက တဲကုပ်ဆီသွားပြီး အထဲရောအပြင်ပါ ကြည့်လေတယ်။ တစ်ယောက်ချင်းစီက တဲကုပ်ပတ်လည်ကို စစ်ဆေးဖို့ ကောင်းကင်စိတ်အာရုံကိုလွှတ်လေတယ်။ ဒါပေမဲ့ သူတို့ ဘာမှရှာမတွေ့။
"ထူးဆန်းလိုက်တာ။ အရှိန်အဝါက ဘာလို့ပျောက်သွားတာလဲ။ ငါတို့နောက်ကျသွားလွန်းတာ ဖြစ်နိုင်လား၊ သူ လွတ်သွားတာ ဖြစ်နိုင်တယ်"
"သူက သေမျိုးတစ်ယောက်ပဲဟာ၊ သူ ဒီလောက်အပြင်းအထန် ဒဏ်ရာရပြီးတာတောင် အသက်ရှင်သေးရင် သူ ဘယ်လိုလုပ် ငါတို့မြင်ကွင်းအောက်ကနေ လွတ်မြောက်နိုင်မှာလဲ၊ ငါတို့ကောင်းကင်မှာ မြင်ခဲ့ရတဲ့ ထူးခြားဖြစ်စဉ်က သူ့ကြောင့်ဖြစ်တာ မဟုတ်ဘူးထင်တယ်"
"မဖြစ်နိုင်တာ သေချာပေါက် သူပဲ၊ ငါ သူ့အရှိန်အဝါကို အာရုံခံမိတယ်၊ ငါတို့ဂိုဏ်းကို အပြင်လောကနဲ့ ခြားထားတဲ့အင်းကွက်လည်း ဖျက်ဆီးခံခဲ့ရတယ်၊ ဆိုလိုတာ ဟိုးအရင်က သူ့အသိစိတ်ထဲ ငါတို့ ဖန်တီးထားတဲ့ အင်းကွက်လည်း ဖျက်ဆီးခံလိုက်ရပြီ၊ ဟွေ့ကျယ်ကလွဲ ဘယ်သူမှ ကောင်းကင်ထဲ ဒီလိုထူးခြားဖြစ်စဉ်ကို မဖြစ်စေနိုင်ဘူး"
"ဒါပေမဲ့ သူ့အမြုတေကို ဖွဲ့စည်းပြီးမှ ဖြစ်စေနိုင်မှာလေ၊ တကယ်လို့ သူ တကယ်ပဲ စတင်ကျင့်ကြံနိုင်ပြီဆိုရင်တောင် သူ့အမြုတေကို ဖွဲ့စည်းပြီးတာတော့ မဖြစ်နိုင်ဘူး"
"အရင်ကလို ဖြစ်မှာပဲ ကြောက်မိတာ - တစ်ယောက်ယောက်က သူ့ကို ကျုပ်တို့လက်ထဲကနေ ပုန်းဖို့ ကူညီပေးထားနိုင်တယ်"
"ဘာပဲဖြစ်ဖြစ် ငါတို့ သူ့ကိုအရင်ရှာရမယ်၊ မင်းတို့ မေ့သွားပြီထင် - မိတ်ဆက်ပွဲနေ့က ရောက်တော့မယ်၊ ငါတို့ သူ့ကိုရှာမတွေ့ရင် ငါတို့ထဲက ဘယ်သူက သူတို့ကို စိတ်ကျေနပ်စေနိုင်မှာလဲ"
တစ်ခုခုကို နားလည်သွားသလို ကျင့်ကြံသူအားလုံးရဲ့ အမူအရာက ပြောင်းလဲသွားတယ်။ အတော်ကြာတဲ့နောက်မှာ အရင်စကားစပြောသူက သူတို့နောက်လိုက်လေတယ်။
"သူ့ကိုရှာ အပိုင်းတစ်စပဲ ကျန်တော့ရင်တောင်၊ သူ ခြောက်ပေအနက်မြေအောက်ထဲ မြုပ်ခံထားရရင်တောင်"
အုပ်စုက လူစုခွဲကား သူ့ကို ထပ်ထပ်ပြီး ရှာဖို့ပြင်တော့တယ်။ တစ်ယောက်ပြီးတစ်ယောက် တဲကုပ်ထဲက ထွက်ကာ နေရာပိုရောက်အောင် ခွဲထွက်ကုန်ကြတယ်။
သူတို့နဲ့ ဆယ်ပေအကွာက အင်းကွက်ထဲမှာတင် စားသောက်နေသောလူများ ။ ။ "..."
ဖက်တီးက အမြန် သက်သောင့်သက်သာ ဖြစ်သွားတယ်။ သူ့စိတ်ထဲ မကောင်းတဲ့အတွေး တစ်စက်လေးတောင် မရှိ။ အဲအစား သူလုပ်သမျှက နောက်ထမင်းတစ်ပန်းကန် တောင်းရုံပဲ။