အခန်း (၄၉၃-၄၉၅)
Vol. 33 Ch. 493-495
အခန်း ၄၉၃ ။ ကောင်းမှု၏ အမှန်တရား
ယိချင်းက မေ့လဲသွားပြီဖြစ်တဲ့ဖက်တီးကို ငုံ့ကြည့်ကာ ဂါထာတစ်ခု ဖန်တီးလိုက်တယ်။ ဝိညာဉ်ချီ စီးကြောင်းတစ်ခုက သူ့မူလရင်းမြစ်ဆီ ချက်ချင်းဖြတ်ပြေးသွားပြီး တစ်စက္ကန့်အတွင်း အနီရောင်အမှတ်အသားက တဖြည်းဖြည်း ဖက်တီးခေါင်းပေါ် ပေါ်လာတယ်။
"ဟော်ရန်နန်းနဲ့ တော်ဝင်အထွတ်အမြတ်ဂိုဏ်းက အစတည်းက ပူးပေါင်းထားတာပဲ၊ ဖက်တီးက အမှတ်အသား ပြုခံထားရတာ ကြာပြီ"
ယိချင်းက သက်ပြင်းချတယ်။ "သူတို့တွေက ဖက်တီးရဲ့အရိုးတွေကို ဒီနေရာဆီ တင်ပို့ပြီး ဖက်တီးဝိညာဉ်ကို တခြားကမ္ဘာငယ်တွေဆီ ပြန်မဝင်စားစေချင်တဲ့အထိပဲ၊ အဲ့အပြင် တော်ဝင်အထွတ်အမြတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တိုင်းက မွေးရာပါအားနည်းပြီး အသက်၃၀မကျော်ဘူးလို့ ကောလာဟလတွေက ပြောကြတယ်လေ၊ ဒါတွေအားလုံးပေါင်းလိုက်ရင်... အရမ်းသိသာနေပြီ"
ယိချင်း သူတို့ ပတ်လည်က အရိုးတွေကို ငုံ့ကြည့်ကာ ဖြည်းဖြည်းချင်း စကားပြောတယ်။ စကားတစ်လုံးချင်းက အင်မတန် ရှင်းလင်းပြတ်သားနေတယ်။
"ဖက်တီး တော်ဝင်အထွတ်အမြတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်တာ ပထမဆုံးအကြိမ် မဟုတ်ဘူး၊ ဒီအရိုးတွေ... အားလုံးက ဖက်တီးဟာပဲ"
ဒီကျင့်ကြံသူတွေရဲ့ ကျင့်ကြံဆင့်ကို မြှင့်တင်ဖို့ သူ့အသွေးအသားတွေ သုံးစွဲခံခဲ့ရတာ ဖက်တီးပဲ။ ဘဝတိုင်းမှာ ကောင်းမှုတိုင်းအတွက် သူ့အရိုးတွေပါ ခြောက်ခန်းတဲ့အထိ ညှစ်ထုတ်ခံခဲ့ရတာပဲ။
အဲဒါကြောင့် သူက ဒီနေရာကို ရောက်ရောက်ချင်း မူမမှန်သလို ပြုမူနေတာပဲ။ ဒီရေအောက်ကြမ်းပြင်ပေါ်က အရိုးတိုင်းက သူမို့ ရုတ်တရက် အဲလောက် ဒေါသထွက်လာတာပဲ။ သူ့အသွေးအသားက ထူးခြားတာကြောင့်နဲ့ ဘဝတိုင်းမှာ သူက ကုသိုလ် ရွှေရောင်ကိုယ်ခန္ဓာဖြစ်ခဲ့တယ်။ ဒီကမ္ဘာငယ်လေးမှာ ပြန်ဝင်စားတဲ့ဘဝတိုင်း သူက အဲကျင့်ကြံသူတွေရဲ့လက်တွေထဲ ကျင့်ကြံခြင်းဆိုတဲ့အရာအတွက် နှံ့နှံ့စပ်စပ် အသုံးချတာခံရပြီး သေဆုံးခဲ့ရတယ်။
သူတို့တွေက သူ့မူလဝိညာဉ်ထဲမှာ အမှတ်အသားပါ လုပ်ခဲ့ပြီး ပြန်ဝင်စားတဲ့ခန္ဓာကိုယ်အားလုံးကို ထိန်းချုပ်ကာ တော်ဝင်အထွတ်အမြတ်ဂိုဏ်းရဲ့ ပိုင်နက်ထဲ အမဲဖျက်ခံရမဲ့ဝက်လို သိမ်းထားခဲ့တယ်။
သူ မနေနိုင်တော့ဘဲ ရှန်းရင်ဆီ ငိုကြွေးမိခဲ့တာက သူ... တိုင်တန်းမိရုံမို့ပဲ။ ကောင်းကင်တာအိုတောင် အရေးမယူနိုင်တဲ့ တရားမမျှတမှုကို သူ ရှန်းရင်ဆီပဲ တိုင်တန်းနိုင်တော့တယ်။
"ငါ-ိုး" ကူယွဲ့ တောက်ခေါက်ပြီး သူ့နှလုံးအောက်ခြေကနေ တစ်ခါမှမခံစားဖူးတဲ့ ဒေါသ အလိမ့်လိုက် ထွက်လာတယ်။
"ဒီခွေးသားတစ်သိုက်ကတော့" တစ်ခါတည်း သူ့ကိုယ်ထဲက ဓားချီကို မထိန်းချုပ်နိုင်တော့ဘဲ ပေါက်ကွဲထွက်လာပြီး ရေအောက်ကြမ်းပြင်ဆီ ချွန်မြတဲ့ဓားတွေလို ဖြတ်ပြေးသွားကာ အရိုးကြမ်းပြင်က ပြာမှုန့်တွေအဖြစ် ပြောင်းကုန်တယ်။ ဓားချီက ရေမျက်နှာပြင်ကနေ ပေါက်ကွဲမြင့်တက်လာပြီး နဂိုက ဆယ်မီတာကျော်နက်တဲ့ ရေထုထည်က ရေငွေ့ပျံကုန်တယ်။
ကူယွဲ့ရဲ့သဏ္ဌာန်က အရောင်လက်သွားပြီး သူက ကောင်းကင်ထဲ ရောက်နေပြီ။
ယိချင်း အလိုလို သူ့ဓားကိုဆင့်ခေါ်ကာ လိုက်ပါပြီး ကူညီချင်နေတယ်။
"စားဖိုမှူး" ရှန်းရင်က ရုတ်တရက် သူ့ကို ပြန်ဆွဲထားတယ်။ "ငါတို့ ကလေးတွေ လူကြီးတွေကိစ္စ ဝင်မပါကြရအောင်" အဲလိုပြောပြီး သူမက သူတို့ခြေထောက်ဘေးက လူကို လက်ညှိုးထိုးလိုက်တယ်။
"ဖက်တီးကိုပါ ခေါ်လာခဲ့၊ ငါတို့ဘေးကနေပဲ ကြည့်ကြမယ်" နင်ပါသွားရင် ဖက်တီးကိုသယ်မဲ့လူ ရှိတော့မှာမဟုတ်ဘူး။
"ဟုတ်ကဲ့ ဆရာ" ယိချင်းက သံသယနည်းနည်းလေးတောင် မရှိ သူ့ဓားအင်းကွက်ကိုသိမ်းကာ ကီလိုဂရမ်၁၅၀ကျော် လေးတဲ့ဖက်တီးကို မပြီး ခြောက်ခန်းနေပြီဖြစ်တဲ့ ရေကြမ်းပြင်ကနေ တန်းပျံသန်းထွက်လာခဲ့တယ်။ သူတို့တွေ ပျံတက်လာပြီးမှ စောနက ဟော်ရန်နန်းဆောင်ရဲ့ အနောက်တောင်က ကြာကန်ကြီးထဲ ရောက်နေခဲ့တယ်ဆိုတာ နားလည်သွားခဲ့တယ်။
ထင်ထားတဲ့အတိုင်းပဲ သူ အဲတုန်းက အနံ့ရခဲ့တဲ့ အငြိုးအတေးချီက အမှားအယွင်း မဟုတ်ခဲ့ဘူး။ အတော်လေးတော့ ရယ်ရတယ်။ ကောင်းမှုကုသိုလ်ကျင့်ကြံရာမှာ အထူးပြုတဲ့ ဗုဒ္ဓကျင့်ကြံသူတစ်သိုက် ဆိုပေမဲ့ သူတို့ကိုယ်ထဲက ကောင်းမှုအားလုံးက မတရားမှုနဲ့ ထပ်ခါတလဲလဲ သေဆုံးခဲ့ရတဲ့ ရေကန်ထဲက လူရဲ့အရိုးတွေဆီကတဲ့။
သူတို့ဘက်ခြမ်းက ဂယက်ထမှုက သေချာပေါက် ဟော်ရန်နန်းက လူတွေကို အသိပေးလိုက်တာပေါ့။ ခဏအတွင်း ချန်းကျီက ကျင့်ကြံသူတွေ အများကြီးနဲ့ ပျံသန်းလာပြီး ကူယွဲ့ကို လေထဲမှာ မြင်တော့ ကြောင်အမ်းသွားပြီး မျက်နှာပြင်မှာ မယုံကြည်နိုင်မှုအပြည့် ရေးသားထားလေတယ်။
"မင်း... မင်းဘယ်လို" ချန်းကျီ မျက်လုံးတွေ ရုတ်ခြည်းပြူးကုန်တယ်။
"ဒါ မဖြစ်နိုင်တာ"
"ဟမ့်" ကူယွဲ့က အေးစက်စွာ ရယ်တယ်။
"မင်းတို့ ဆန္ဒရှိသလို ငါ့ကိုသားရဲက မစားသွားတာ အရမ်းအံ့ဩနေတယ်လား၊ ကောင်းပါတယ်၊ မင်းတို့ ပိုပြီးတောင် အံ့ဩရဦးမှာ"
အဲလိုနဲ့သူကလက်ကို လှည့်လိုက်တောာ့ ဝိညာဉ်ဓားအပြည့်ကောင်းကင်တစ်ခု ပေါ်လာပြီး ထူထဲစွာ လွှမ်းမိုးသွားကာ လုံးဝခုခံလို့မရတဲ့ ဖိနှိပ်မှုနဲ့အတူ ကောင်းကင်ကနေ ဆင်းကျလာတော့တယ်။
ချန်းကျီ တုန်ယင်သွားပြီး သူ့ကိုယ်သူ ဟန်ချက်မထိန်းနိုင်တော့ဘဲ လေထဲကနေ ကျသွားတယ်။ သူ့ဘေးက တခြားကျင့်ကြံသူတွေလည်းအတူတူပဲ။ သူတို့တွေက ခေါင်းမထောင်နိုင်တဲ့အထ် ဖိနှိပ်ခံလိုက်ရလေတယ်။
"မင်းက တကယ်ပဲဘယ်သူလဲ" ချန်းကျီက သွေးပျက်နေတဲ့ အမူအရာနဲ့ လေထဲကလူကို ကြည့်တယ်။ ကရုဏာသက်မှုအပြည့် မျက်နှာဖုံးက ကောက်ကျစ်ပြီး ရက်စက်တဲ့တစ်ခုနဲ့ အစားထိုးသွားခဲ့ပြီ။ သာမန်ကျင့်ကြံသူတစ်ယောက် ဒီလိုစွမ်းရည်မျိုး ပိုင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ရုတ်တရက် တစ်စုံတစ်ခုက သူ့အတွေးထဲ ရောက်လာကာ မျက်လုံးပြူးသွားခဲ့တယ်။ အထက်ဘုံက လူများလား။
"ငါက ဘယ်သူလဲ၊ ငါက ဖက်တီးရဲ့ဆရာပဲ" ကူယွဲ့မျက်ဝန်းတွေ အေးစက်သွားခဲ့တယ်။
"ငါ့စိတ်နေစိတ်ထားက အများကြီးမရှိဘူး၊ ငါချစ်တဲ့သူတွေကို အရမ်းကာကွယ်ပြီး ဘက်လိုက်ရုံပဲ၊ သူက ဖက်တီးဆိုပေမဲ့ မင်းတို့အနိုင်ကျင့်စရာမဟုတ်ဘူး" သူ စကားပြောရင်း ပိုပြီးကြီးမားတဲ့ ဖိအားတစ်ခုက တွန်းလာကာ အောက်ကလူတွေက မခံနိုင်တော့ဘဲ သူတို့သွေးနဲ့ ချီတွေ တလိမ့်လိမ့် တက်လာကာ သွေးတွေပါ အန်ထွက်တော့တယ်။
"အိုး အမလေး အမလေး..." ရှန်းရင်က ဒေါသမီးတထောင်းထောင်းထနေတဲ့ ဖေဖေနျိုကို ခေါင်းမော့ကြည့်ရင်း အကဲပိုစွာ အာမေဋိတ်ရေရွတ်တော့တယ်။
"ဖေဖေနျိုက တကယ့်ကို ဖက်တီးကို ဆက်ဆံတာ မတူဘူးပဲ"
ယိချင်းက အူလည်လည်ဖြစ်သွားပြီး အမြန် မှတ်ချက်ပြုလေတယ်။
"ဆရာမှန်တယ်"
တစ်ဖက်ခြမ်းမှာတော့ ချန်းကျီက ပြိုလဲခါနီးဖြစ်ပြီး ဖိနှိပ်မှုအပြည့်ကောင်းကင် ခြေမွှတာကို ခံရခါနီးဆဲဆဲ ပုံသဏ္ဌာန်တစ်ခုက တောင်ထွတ်ကနေ ပျံသန်းလာတယ်။
"မိစ္ဆာဒိဋ္ဌိကျင့်ကြံသူ၊ မင်းရဲ့ ရက်စက်ကြမ်းကြုတ်မှုကို အဆုံးသတ်လိုက်စမ်း" ဟော်ရန်နန်းရဲ့ မျိုးနွယ်စုခေါင်းဆောင် ကျင်းတျဲ့က ထွက်လာပြီး သူ့လက်ထဲက ဓမ္မလက်နက်ကိုပါ လက်တစ်ဖက် မြှောက်ကာ ကူယွဲ့ဆီ ပစ်ထုတ်လာလေတယ်။
ချက်ချင်း ထီးစိမ်းကြီးတစ်ခုက လေထဲပေါ်လာပြီး ဆယ်ဆကြီးသွားကာ ကူယွဲ့ရှိရာဘက် တိုက်ခိုက်တော့တယ်။
"ဓမ္မလက်နက်လား" ကူယွဲ့ တုံ့ဆိုင်းသွားပြီး ဒါက တော်ဝင်အထွတ်အမြတ် အရင်နှစ်ခေါက်က ထုတ်လာတဲ့ ထီးပဲဆိုတာ မှတ်မိသွားတယ်။ သူတို့တွေက တကယ့်ကို အလိုတူအလိုပါ ကြံရာပါတွေပဲ။ ကူယွဲ့ရင်ထဲက အမျက်မီးတောက်က နောက်တစ်ကြိမ် အလိမ့်လိုက်တက်လာပြန်တယ်။ သူ့လက်ထဲက ဓားက ဝေ့ဝဲသွားပြီး ဓားချီလှိုင်းတစ်ခုက ထီးကို ပိုင်းချလိုက်တော့တယ်ဧ
"ဟမ့် မင်းက အိပ်မက်မက်နေတယ်ပေါ့၊ ငါ့ထီးကိုချိုး..." ကျင်းတျဲ့ စကားမဆုံးခင် အဲထီးက ထက်ခြမ်းပြတ်သွားကာ သူ့မသေမျိုးချီက ချက်ချင်းလွင့်ပျံ့သွားပြီး ထီးစုတ်ကြီးတစ်ချောင်းအဖြစ် လေထဲကနေ ပြုတ်ကျလာတော့တယ်။
သူ ဒီထီးကို မျက်စိစူးစရာအဖြစ် မြင်နေတာကြာပြီ။ အမှိုက်သာသာကို စင်ပေါ်တင်တာ ခဏခဏဆိုတော့ ဘယ်လောက်တောင် ပြဇာတ်ဆန်လိုက်လဲ။
ကျင်းတျဲ့မျက်လုံးတွေ မယုံကြည်နိုင်စွာ ပြူးသွားတယ်။ သူ့ဓမ္မလက်နက်...။ အဲနောက်က လိုက်လာတာတော့ ရင်ဘက်ထဲ အဆမတန်နာကျင်မှု ဖြစ်ပြီး ဓမ္မလက်နက် ပျက်စီးသွားခြင်းရဲ့ တုံ့ပြန်မှုက အပြေးရောက်လာတယ်။ သူ့တစ်ကိုယ်လုံးက သွေးနဲ့ချီတွေ ပြောင်းပြန်စီးကာ သွေးတွေ အန်ထွက်ပြီး သူ့ဓားပျံကို ဆက်မစီးနိုင်တော့ဘဲ ချန်းကျီတို့အပုံထဲ ရောက်သွားလေတယ်။
"ဟမ့် အဲလို အမှိုက်ကို ဓမ္မလက်နက်လို့ ဘယ်လိုလုပ် ခေါ်ရဲတာလဲ" ကူယွဲ့ရဲ့ လှောင်ရယ်မှုက ပေါ်လာတယ်။ "မင်းတို့အားလုံးကို ပြမယ်၊ ဓမ္မလက်နက်အစစ်ကို"
အဲလိုနဲ့ သူ့လက်ကို လှန်လိုက်တော့ ရွှေရောင်နာရီကြီးတစ်ခု သူ့လက်ထဲ ချက်ချင်းပေါ်လာကာ ကြီးမားလာတယ်။
အောက်က ကြည့်နေတဲ့ ယိချင်းက တန့်သွားပြီး မျက်မှောင်ကြုတ်လေတယ်။ "ဆရာ၊ ဖေဖေနျို့မှာ ရှိတဲ့ဟာက ကောင်းကင်လက်နက်လား"
ဒါက ကောင်းကင်သန့်စင်လက်နက်ဆိုတာ သိသာတယ်။ ကောင်းကင်ဓမ္မလက်နက်ဆယ်ခုထဲက တစ်ခု။ ဒီတစ်ခုက ဖေဖေနျို ရွှင်ရှူးကို မူရင်းကို တုပလုပ်ခိုင်းထားတဲ့ အတုဆိုပေမဲ့ပေါ့။ ဒါပေမဲ့ ဒါက ကောင်းကင်ဓမ္မလက်နက် ဖြစ်နေဆဲပဲ။
ရှန်းရင်က သူ့ပခုံးကို ပုတ်လေတယ်။
"ဟေး ဖေဖေနျိုက ကောင်းကင်လက်နက်ဆို ကောင်းကင်လက်နက်ပေါ့" ငါတို့တွေ တစ်ယောက်တည်း နေတဲ့ တစ်ကိုယ်တည်းလူကြီးသူမတွေကို ဂရုစိုက်ရမယ်။
"ဆရာပြောတာမှန်တယ်၊ အဲဒါ ကောင်းကင်လက်နက်ပဲ"
သတိပြန်ရကာစ ဖက်တီး ။ ။ "..."
ကောင်းကင်သန့်စင်နာရီကို ပစ်ထုတ်ပြီးပြီဖြစ်ကာ ယိချင်းက ကီလိုဂရမ်၁၅၀ ဖက်တီးနဲ့အတူ သူ့ဆရာကိုပါ အမြန် ဟော်ရန်နန်းအပြင်ဆီ ဆွဲခေါ်ပြီး အဝေးမှာနေနေတယ်။
နောက်အခိုက်အတန့်မှာ သူတို့တွေ ကြီးမားတဲ့ဖိနှိပ်မှုအောက် ဝရုန်းသုန်းကားအသံကြားလိုက်ရပြီး နဂိုက ခမ်းနားခဲ့တဲ့နန်းတော်ကြီးရဲ့ အစိတ်အပိုင်းကြီးတစ်ခု ပြိုကျလာတယ်။ ဟော်ရန်နန်းရှိရာ တောင်တစ်ခုလုံး ပြိုလဲလာပြီး တစ်စပြီးတစ်စ ပင်လယ်ထဲ ပြုတ်ကျသွားတာများ လုံးဝတစ်စစီ ဖြစ်ကုန်သလိုပဲ။
ချန်းကျီတို့တွေ နာရီအောက် ပိတော့မို့ရှိသေး ရွှေရောင်အလင်းတန်းတစ်ခု လက်လာကာ ကောင်းကင်သန့်စင်နာရီက လေထဲရပ်သွားလေတယ်။
အာ။
...
အခန်း ၄၉၄ ။ တက်လှမ်းမှု၏ အစစ်အမှန်
ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ ရွှေရောင်အလင်းက တကယ်ပဲ ဟော်ရန်နန်းက လူတွေရဲ့ ကိုယ်ကနေ ရောင်ဝါထွက်နေတာပဲ။
ကျင့်ကြံသူတွေအားလုံး အစကတောင့်ခဲကုန်ပြီး နောက်တော့ အပျော်လွန်တဲ့ အမူအရာက သူတို့မျက်နှာတွေပေါ် ပေါ်လာတယ်။
"ကုသိုလ်ရောင်ဝါပဲ၊ ငါတို့ပေါ် ကုသိုလ်ရှိတယ် မိစ္ဆာဒိဋ္ဌိကျင့်ကြံသူ၊ မင်း ငါတို့ကို အန္တရာယ်ပေးဖို့ အိပ်မက် မမက်နဲ့"
"ကုသိုလ်လား" အရိုးအပြည့် ရေကန်က ချက်ချင်း ကူယွဲ့ စိတ်ထဲ ပေါ်လာကာ သူ့ရင်ထဲကဒေါသက မြင့်တက်သွားတယ်။ "ခိုးယူပြီးရလာတဲ့ ကုသိုလ်ကို ကုသိုလ်လို့ စဉ်းစားလို့ရသေးရဲ့လား"
လက်တစ်ဖက်လှည့်ပြီး သူ့လက်ထောက်စွမ်းရည်တွေ သုံးလိုက်တော့ တစ်စက္ကန့်အတွင်း လူတိုင်းရဲ့ ကိုယ်ပေါ်က ရွှေရောင်အလင်းက အလင်းစက်သန်းချီအဖြစ် ပြောင်းလဲကုန်ပြီး အားလုံးက လက်ထဲပျံသန်းလာကာ ရွှေရောင်အလုံးလေးအဖြစ် ဖွဲ့စည်းကုန်တယ်။
ကူယွဲ့ တစ်ချက် ကြည့်လိုက်ပြီး ရွှေရောင်အလုံးက နှစ်ချက် တောက်ပသွားကာ ပျောက်သွားခဲ့တယ်။ သူ နောက်တော့ ကောင်းကင်ထဲကတစ်နေရာကိုမော့ကြည့်ကာ အပြစ်တင်လိုက်တယ်။
"ဒီလိုအရာတွေကို လူတိုင်းကို လွယ်လင့်တကူမပေးနဲ့"
မိုးကြိုးဂျလိန်းဂျလိန်းအသံက ရုတ်တရက် ကောင်းကင်ကနေ သူ့ကိုတုံ့ပြန်သလို ထွက်လာပြီး မကျေမချမ်းတဲ့ခံစားမှုမျိုးပါ ပါဝင်နေတယ်။
ကုသိုလ်ဆုံးရှုံးသွားတဲ့ အောက်ကလူတိုင်းကတော့ သူတို့ရဲ့ ဟန်ဆောင်မှု ဆုတ်ဖြဲခံလိုက်ရသလိုမျိုး သူတို့အရေပြားတစ်လျှောက်မှ ရုပ်ဆိုးတဲ့ အမည်းလိုင်းကြောင်းတွေ ပေါ်လာတယ်။ ဒါက နတ်ဆိုးဖြစ်လာတဲ့ အရိပ်အယောင်ပဲ
"ဒါ... ဒါ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ" ချန်းကျီရဲ့ မျက်လုံးတွေက ပြူးကျယ်ကုန်တယ်။ အဲလူက ကျင့်ကြံသူတစ်ယောက် ပုံစံပဲဟာ။ ဘာလို့ သူတို့ကုသိုလ်တွေကို အဲလောက်အလွယ်လေး သိမ်းပစ်နိုင်ရတာလဲ။ သူ့မျက်နှာကကြောက်လန့်မှုတွေ ပြည့်သွားပြီး ခဏစဉ်းစားပြီးတော့ ရုတ်တရက် ကျင်းတျဲ့ကို လှမ်းအော်ပြောလိုက်တယ်။
"မျိုးနွယ်စုခေါင်းဆောင်၊ သူက သေချာပေါက် အထက်ဘုံကပဲ မြန်မြန် မြန်မြန် အမတဆရာသခင်ကို ခေါ်လိုက်ပါ"
ကျင်းတျဲ့က အူလည်လည် ဖြစ်နေပြီးမှ မျက်လုံးတွေတောက်ပကုန်ပြီး အသိပြန်ဝင်လာတယ်။ အမြန် သူက ခရမ်းရောင် အဆောင်တစ်ခု ထုတ်လိုက်ပြီး သူ့ဝိညာဥ်စွမ်းအင် နောက်ဆုံးလက်ကျန်ကို အတင်း စီးဆင်းစေကာ ကျယ်လောင်စွာ အော်ခေါ်လေတယ်။
"အမတ ဆရာသခင်ကို ဒီနေရာဆီ လာဖို့ ပင့်ဖိတ်ပါတယ်၊ ဟော်ရန်နန်းရဲ့ တပည့်တို့ကို ကာကွယ်ပေးပါ"
တခြားတပည့်တွေကလည်း လိုက်ပြောကြတယ်။ "အမတဆရာသခင်ကို ကျွန်တော်တို့ဆီ လာဖို့ တောင်းပန်ပါတယ်၊ ဟော်ရန်နန်းက တပည့်တို့ကို ကာကွယ်ပေးပါ"
ကောင်းကင်သန့်စင်နာရီကို သုံးတော့မဲ့ ကူယွဲ့ တုံ့ဆိုင်းသွားတယ်။ ကြည့်ရတာ ဖက်တီးရဲ့ အဖြစ်အပျက်က အမတဘုံနဲ့ ဆက်စပ်နေပုံပဲ။ တွေးပြီးတဲ့နောက် သူ ကောင်းကင်သန့်စင်နာရီကို ပြန်ရုပ်လိုက်တယ်။ သေချာပေါက် သူ အမတဘုံက ဘယ်ခွေးစုတ်လဲဆိုတာ စောင့်ကြည့်ရမှာပေါ့။
"စားဖိုမှူး" အသီးကို ကိုက်နေတဲ့ ရှန်းရင်က ရုတ်တရက် ညွှန်ကြားလာတယ်။
"ဘုံတံခါးကိုဖွင့်"
"ဆရာ" ယိချင်းက မှင်တက်သွားပြီး ဇဝေဇဝါဖြစ်မှုအချို့နဲ့ ပြန်ဖြေတယ်။
"ဒါပေမဲ့ ဒီဘုံတံခါးကို ကောင်းကင်တာအိုက ပိတ်ထားတာလေ၊ တကယ်လို့ ကျွန်တော်တို့ အတင်းအကျပ်ဖွင့်ရင်..."
"ခုဖွင့်လို့ရပြီ"
ယိချင်းက တုံ့လည်းလည်းဖြစ်သွားပြီး တစ်ခုခုကို သတိရသွားသလိုမျိုး ခေါင်းညိတ်တယ်။
"ဟုတ်ကဲ့ ဆရာ"
သူက ကောင်းကင်ကို မော့ကြည့်ကာ အတွေးတစ်ချက်နဲ့တင် အပေါ်က ဘုံတံခါးကို ပိတ်ထားတဲ့ အခွင့်အာဏာပိုင်စွမ်းအင်က ချက်ချင်း ပျောက်ကွယ်သွားကာ ဘုံတံခါးက ပွင့်လာတယ်။
ဘုံတံခါးက ပုံမှန်ပြန်ဖြစ်သွားတဲ့ တစ်ချိန်တည်းမှာပဲ ကောင်းကင်ကနေ အလင်းတန်းတစ်ခု ကျဆင်းလာတယ်။ ကောင်းကင်ကနေ တံခါးတစ်ချပ် ပွင့်သွားသလိုမျိုး မသေမျိုးချီအပြည့် ကောင်းကင်က ဒီလောကထဲ အလိမ့်လိုက်ဝင်လာတယ်။ တစ်ခါတည်း ဟော်ရန်နန်းရဲ့ ပြိုလဲနေတဲ့တောင်ပေါ်က ဝိညာဉ်ဆေးပင်တွေက အရူးအမူး ပေါက်ရောက်လာပြီး အပျက်အစီးပုံတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တယ်။
"အမတဆရာသခင် အမတဆရာသခင် ရောက်လာပြီ;" ဆိုးဆိုးရွားရွား ဒဏ်ရာရနေတဲ့ တပည့်တစ်ယောက်က ထအော်ပြီး အဲအလင်းတန်းကို စိတ်လှုပ်ရှားစွာကြည့်နေတယ်။ စောနက အကြောက်တရားက လုံးဝကို ပျောက်သွားပြီ။ ချန်းကျီနဲ့ ကျင်းတျဲ့တောင် ပြန် လက်တုံ့ပြန်ခွင့်ရတော့မလို စိတ်လှုပ်ရှားနေတဲ့ အကြည့်တွေနဲ့။
ခမ်းနားတဲ့အသံတစ်သံက ကောင်းကင်ကနေ ပဲ့တင်ထပ်လာတယ်။
"ဘယ်သူက ငါ့တပည့်တွေကို အနိုင်ကျင့်ရဲတာလဲ"
ကူယွဲ့ မျက်လုံးတွေ မှေးသွားပြီး ရုတ်တရက် သူ သူတို့ကို စောနက အလျှော့ပေးလွန်းတယ်လို့ ခံစားလိုက်ရတယ်။ သူ သူတို့ကို ပြသင့်တာ အမတဘုံရဲ့ အောက်ဆုံးအဆင့်က အကြောက်တရားက ဘာမျိုးလဲဆိုတာ။
အလင်းတန်းက ပိုတောက်ပလာပြီး တစ်ခဏနေတော့ မသေမျိုးချီ လွှမ်းခြုံထားတဲ့ သဏ္ဌာန်တစ်ခုက အလင်းတန်းကြား ပေါ်လာကာ တိမ်ထုတွေကြား ပုန်းအောင်းနေပြီး ပဲ့တင်ထပ်နေတဲ့ တေးသံသာတွေနဲ့အတူ တဖြည်းဖြည်းဆင်းသက်လာတယ်။
ကူယွဲ့ နှုတ်ခမ်း တွန့်သွားတယ်။ သူ တကယ်ကို စိတ်မရှည်ဖြစ်ပြီး အော်မိတော့တယ်။
"သောက်ကျိုးနည်း ဘာလို့ အဲလောက် အချိန်ကြာနေရတာတုန်း၊ ဆင်းလာချင်ရင် ဒီကိုဆင်းလာခဲ့ မင်းအတွက်မင်း ဘာတွေနောက်ခံတေး ဖွင့်နေတာတုန်းဟ" အဲလိုနဲ့ သူက ဓားအင်းကွက်ကို အလင်းတန်းဆီ လွှဲယမ်းလိုက်ပြီး ပေါ်လာကာစ ခြေထောက်တစ်ချောင်းကို ရစ်ပတ်သွားကာ ဆွဲချလိုက်တယ်။
"အမလေးဟ" "အမတဆရာသခင်" ဆိုတဲ့သူက စွန်ပြတ်လို ချက်ချင်း မြေကြီးပေါ်ပြုတ်ကျလာတယ်။
"ပြီးတော့ ကျန်တဲ့သူတွေ" ကူယွဲ့က ကောင်းကင်ကို မော့ကြည့်နေဆဲ။
"ဆင်းလာချင်ရင် အားလုံးတူတူဆင်းလာ" အဲလိုနဲ့ ဓားအင်းကွက်က အလင်းတန်းဝင်ပေါက်ဆီ ရောက်သွားတယ်။ နောက်အခိုက်အတန့်မှာတော့ ကောင်းကင်ကနေ ဖက်ထုတ်တွေ ရွာကျလာသလိုပဲ၊ ဘုတ် ဘုတ် ဘုတ်...။
တစ်ယောက်ပြီး တစ်ယောက် လူတစ်သုတ်က ဟော်ရန်နန်းက အိုမင်းအားနည်း ချိနဲ့နေတဲ့ လူပုံကြီးထဲ ပြုတ်ကျလာပြီး တချို့မရှောင်နိုင်ဘဲ တိုက်မိကုန်တယ်။
ချန်းကျီ ။ ။ "..."
ကျင်းတျဲ့ ။ ။ "..."
အားလုံး ။ ။ "..."
ဘာတွေဖြစ်နေတာလဲ။ ခုလေးတင် ဘာတွေဖြစ်သွားတာ။
"မိုက်မဲလိုက်တာ" ဆွဲချခံရတဲ့ အမတတွေကြား အမြင့်ဆုံး ကျင့်ကြံသူက ချက်ချင်း တုံ့ပြန်လာပြီး သူ့ခန္ဓာကိုယ်ထဲက မသေမျိုးချီက ပေါက်ကွဲထွက်လာတယ်။ "ဘယ်သူက ငါ့ကို လုပ်ကြံဖို့ သတ္တိရှိတာလဲ"
"ဟေး ရင်းနှီးတဲ့မျက်နှာတစ်ခုပဲ၊ ငါတကယ်မထင်ထားဘူး…" ကူယွဲ့က အောက်ဆင်းပြီး စကားပြောစ အမတကို ကြည့်လိုက်တယ်။
"ဧကရာဇ်ယွီကန်း မတွေ့တာကြာပြီ" ဒီလူက အရှေ့ ထိုက်ဧကရာဇ်ယွီကန်း ဝူတိဂိုဏ်းဆီသွားပြီး အောက်ပိုင်းဘုံမှာ မူမမှန်မှုတွေ ရှိကြောင်း အခိုင်အမာဆိုခဲ့သူပဲ။ ဖက်တီးရဲ့ကိစ္စမှာ သူပါဝင်ပတ်သက်နေတယ်ဆိုတာ မမျှော်လင့်ထားဘူး။ ပေါ်ယပင်လယ်က အရှေ့ထိုက်တပ်သစ်တွေရဲ့ ပုန်ကန်မှုကို ရုတ်တရက် သတိရသွားတယ်။ အခု သူတို့က ဒီကမ္ဘာငယ်လေးရဲ့ စည်းမျဉ်းတွေကို ရှုပ်ယှက်ခတ်စေခဲ့တဲ့သူတွေ ဖြစ်ပုံရတယ်။ အရှေ့ထိုက်က ကျင့်ကြံသူ အများစုက ဒီကမ္ဘာငယ်လေးက တက်လာခဲ့ကြပြီး ဖက်တီးရဲ့ ဘဝပေါင်းများစွာနဲ့ ပတ်သက်မှုတစ်ခုခု ရှိကောင်းရှိနိုင်တယ်။
"ကူယွဲ့... ဧကရာဇ်ငယ်" ယွီကန်း တောင့်ခဲသွားကာ သူ့ရှေ့ကလူကို မှတ်မိသွားတာမို့ မျက်နှာ ဖြူဖျော့သွားခဲ့တယ်။ သူ အလိုလို ဟိုဟိုဒီဒီ ရှာကြည့်လိုက်တော့ ချက်ချင်း သိပ်မဝေးတဲ့နေရာကနေ ကြည့်နေတဲ့ ယိချင်းကို ချက်ချင်း တွေ့သွားတယ်။
"ဧ... ဧကရာဇ်ယိချင်း ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာ... ဘုံတံခါးက ခုမှ..."
"ပွင့်ခါစလား" ကူယွဲ့ မျက်လုံးတွေ မည်းနက်သွားခဲ့တယ်။
"ယွီကန်း၊ ဘုံတံခါး ဘာလို့ပိတ်သွားလဲ ငါတို့မသိဘူးများ ထင်နေလား"
ယွီကန်းက ခေါင်းငုံ့သွားပြီး သွေးပျက်တဲ့ အရိပ်အယောင် သူ့မျက်စိထဲ ဖြတ်ပြေးသွားတယ်။
"ဒီကမ္ဘာငယ်လေးက လူတွေက ဖြောင့်မတ်တဲ့အတွေး မရှိဘဲ တခြားသူရဲ့ အသွေးအသားကိုသုံးပြီး သူတို့ကျင့်ကြံဆင့်ကို မြှင့်တင်ကြတယ်၊ ဒါကို လျှို့ဝှက်လှည့်ဖျားဖို့ တွေးနေကြတော့ ဘုံတံခါး ပိတ်ဆို့သွားခဲ့တာပဲ" ကူယွဲ့ ဟော်ရန်နန်းက လူတွေကို တစ်ချက်ဝေ့ဝဲကြည့်ပြီး ယွီကန်းတို့ဘက် လှည့်လိုက်တယ်။
"ခန့်မှန်းတာမှန်ရင် မင်းတို့ အရှေ့ထိုက်က ကျင့်ကြံသူတော်တော်များများက ဒီလို တရားမဝင်နည်းလမ်းနဲ့ တက်လှမ်းခဲ့တာပဲ"
ယွီကန်း အမူအရာ ပြောင်းလဲသွားပေမဲ့ သူက အတင်းပြုံးနေဆဲ။
"ဧကရာဇ်ငယ်ကူယွဲ့၊ ဘာတွေပြောနေတာလဲ၊ ကျွန်တော်တို့ ဒီနေ့ဆင်းလာတာ ဘုံတံခါး ရုတ်တရက် ပွင့်သွားလို့ အခြေအနေ သိရအောင်ပါ၊ အသွေးအသားကို သုံးပြီး စတေးတာ၊ လျှို့ဝှက်ချက်ကြီးတွေကို ဖုံးကွယ်တာတွေက ဘာတွေလဲ၊ ကျွန်တော် ဒါကိုမသိဘူး"
"ငါတို့ဘာမှမသိဘူးလို့ မင်းတကယ်ထင်နေတာလား၊ စောစောက ကောင်းကင်တံခါးက ဒီလူတွေ သူတို့ရဲ့ အမတဆရာသခင်ကို အော်ခေါ်နေလို့ ဖွင့်ခဲ့တာ မဟုတ်ဘူးလား"
"ဒီဂိုဏ်းက ဗုဒ္ဓကျင့်ကြံသူတွေထဲ ကျွန်တော့်လက်အောက် ရှိနေတဲ့အမတတွေ တကယ်ပဲရှိတယ်၊ ဒါပေမဲ့ ဒါက ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး၊ အောက်ဘုံမှာ သူတို့ဘာတွေလုပ်နေလဲ မသိဘူး" ယွီကန်းက ဝန်ခံဖို့ ငြင်းဆန်ဆဲဖြစ်ပြီး အဝေးက ယိချင်းဆီ တုန်လှုပ်ချောက်ချားစွာနဲ့ ကြည့်နေလေတယ်။
"အဇဋာဧကရာဇ်ရှေ့ ဧကရာဇ်ငယ်ကူယွဲ့ လူကောင်းတစ်ဦးကို မမှားစေဖို့ ဂရုပြုသင့်တယ်"
"ဟုတ်လား" ကူယွဲ့လည်း သူနဲ့စကားပြောရင်း အချိန်မဖြုန်းချင်ဘူး။ သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ သူတို့အပေါ် တွန်းလှန်မရတဲ့ မကြုံစဖူး ဖိနှိပ်မှုတစ်ခု လွှမ်းခြုံစေလိုက်တယ်။
ယွီကန်းက အလိုလို ခုခံကာကွယ်တဲ့အနေအထားလုပ်လိုက်ပေမဲ့ အဲဖိနှိပ်မှုမှာ ရန်လိုမှုတစ်စုံတစ်ရာမရှိ။ နောက်အခိုက်အတန့်မှာ သူတို့ခန္ဓာကိုယ်က မသေမျိုးချီ ကွယ်ပျောက်သွားပြီး ရောက်လာကာစ အမတတွေရဲ့ ခန္ဓာကိုယ်တွေမှာ ချန်းကျီတို့တွေ စောနက ဖြာထွက်ခဲ့တဲ့ ကုသိုလ်အလင်းစက်ဝိုင်းလို ဖျတ်ခနဲ ဖြာထွက်လာလေတော့တယ်။
သူ့ရင်ထဲ ထိတ်လန့်ကာ မျက်နှာနည်းနည်းဖြူဖျော့သွားတယ်။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။ သူ့ကိုယ်သူ သန့်စင်တဲ့အထိ လုပ်ခဲ့တာကို။ ဘာလို့ ပြန်ပေါ်လာသေးတာလဲ။
"တိုင်းပြည်ဧကရာဇ်ယွီကို မေးလို့ရမလား၊ မင်းရဲ့ ခန္ဓာကိုယ်ထဲက ဒီလို ပြင်းထန်တဲ့ ကုသိုလ်အလင်းရောင်က ဘယ်ကလာတာလဲ"
"ကျွန်တော်… ကျွန်တော်… တစ်ချိန်က အောက်ဘုံမှာ ဗုဒ္ဓကျင့်ကြံသူ ဖြစ်ခဲ့တယ်" ယွီကန်း အမူအရာ လုံးဝ ပျာယာသွားပြီး အံကြိတ်ကာ ပြန်ဖြေလိုက်တယ်။ "အမှန်ပဲ၊ နောက်မှ ကျင့်ကြံမှုကို ပြောင်းလိုက်တာ၊ အဲဒါ ခွင့်မရှိဘူးလား"
"ရှိတာပေါ့" ကူယွဲ့က အေးစက်စွာ ရယ်မောလိုက်တယ်။ "ဒါပေမဲ့ မင်းရဲ့နောက်ကွယ်က လက်အောက်ငယ်သားတွေအားလုံးကလည်း မင်းလုပ်သလိုမျိုး ကျင့်ကြံမှု ပြောင်းသွားသလား၊ အဲဒါဆို တကယ်တိုက်ဆိုင်တာပဲ"
...
အခန်း ၄၉၅ ။ ကောင်းကင်တာအိုစည်းမျဉ်းများ
ယွီကန်းက မှင်တက်သွားပြီး သူ့အမူအရာက မည်းမှောင်သွားတယ်။ ကူယွဲ့အပေါ် အကြည့်က အမုန်းတရားတွေနဲ့ပါ ရောနေပြီ။ ဒီနေ့ကိစ္စရပ်တွေမှာ အဆုံးသတ်ကောင်းရှိမှာ မဟုတ်တာကို မျှော်လင့်ထားသလိုမျိုး နဂိုက သူ့ရဲ့ပျာယာခတ်နေတဲ့ အမူအရာက ပြောင်းလဲသွားကာ စိန်းစိန်းဝါးဝါး ကြည့်လာတယ်။
"ဧကရာဇ်ငယ်ကူယွဲ့က ဒါဆို တခြားသူတွေအတွက် ရပ်တည်ပေးဖို့ ရည်ရွယ်နေတာလား"
"ငါက မင်းတို့ ကပ်ပါးကောင်တွေ ဒီကမ္ဘာငယ်လေးရဲ့ သဘာဝကို နှောင့်ယှက်နေတဲ့မြင်ကွင်းကို သည်းမခံနိုင်ရုံပဲ"
"ဟမ့် ဘာသဘာဝလဲ" ယွီကန်းက အေးစက်စက်ရယ်တယ်။
"ငါ့ရဲ့ အထွတ်အမြတ်ဆိုက်ရောက်ဘုံက ကံကောင်းပြီး တက်လှမ်းဖို့ ပိုထိရောက်တဲ့ နည်းလမ်းရှာတွေ့တာ ဘာမှားလဲ၊ ကျင့်ကြံခြင်းပဲဟာကို ငါတို့နည်းလမ်းက ပိုမြန်၊ ပိုလွယ်တာကြောင့်နဲ့ မှားတယ်လား"
"မင်းတို့ပြောတဲ့ နည်းလမ်းက သက်ရှိလူတစ်ယောက်ကို စတေးပြီး မူလဝိညာဉ်အမှတ်အသားတောင် လုပ်၊ ထာဝရပိတ်လှောင်ဖို့ ရည်ရွယ်တဲ့အထိ အောက်ဘုံကကျင့်ကြံသူတွေနဲ့ ပူးပေါင်းဖို့လေ"
ဒီလိုလူမျိုးက ဘယ်လိုလုပ် အမတဖြစ်ဖို့ ထိုက်တန်မှာလဲ။
"ဘာလို့မလုပ်ရမှာလဲ" ယွီကန်းက ကျယ်လောင်စွာ တုံ့ပြန်လာတယ်။ သူတင်မက၊ သူ့နောက်က လူအုပ်ကြီးနဲ့ ဟော်ရန်နန်းက လူတိုင်း ဒါသဘာဝပဲလေဆိုတဲ့ အကြည့်နဲ့။
"သူတစ်ယောက်တည်းကို စတေးတာက ငါတို့အားလုံးကို အောင်မြင်ဖို့ ကူညီပေးနိုင်တယ်၊ ဘာလို့ ဒီကမ်းလှမ်းချက်ကို လက်မခံနိုင်ရမှာလဲ"
"တကယ်လို့ တစ်ယောက်ယောက်ကို အပြစ်တင်ရမယ်ဆိုရင် ငါတို့ ဘဝတိုင်းမှာ ဒီလိုထူးခြားတဲ့ဘကိုယ်ခန္ဓာဖွဲ့စည်းမှုနဲ့ မွေးလာတဲ့သူ့ကိုပဲ အပြစ်တင်ရမယ်၊ သူက မတူညီတဲ့ကိုယ်နဲ့ ဝိညာဉ်အရိုးတွေနဲ့ မွေးဖွားလာတာတောင် သူ့အရိုးခွံတွေကပါ ကုသိုလ်ရောင်ဝါထွက်နေတာ"
သူ့အသံက ပိုပိုကျယ်လောင်လာကာ အရဲတင့်လာတယ်။
"ဒီလိုထူးခြားတဲ့ ဖွဲ့စည်းမှုက ကောင်းကင်တာအိုကြောင့်ပဲ၊ ဒါဆို ငါတို့ သူ့အသွေးအသားကို သုံးပြီးတက်လှမ်းတာလည်း ငါတို့ကံကောင်းမှုပဲ၊ ငါတို့ အောင်အောင်မြင်မြင် တက်လှမ်းနိုင်တာက အကောင်းဆုံး သက်သေပဲ၊ ဒါ ကောင်းကင်ဘုံဆန္ဒပဲ၊ ငါတို့မှားတယ်လို့ မင်းမှာ ဘာပြောခွင့်ရှိလဲ"
သူစကားဆုံးတာနဲ့ တခြားသူတွေကလည်း တုံ့ပြန်လာပြီး သူတို့ကိုယ်သူတို့ ကျိုးကြောင်းသင့်လျော်တဲ့ ဘက်မှာ စဉ်းစားနေကြတယ်။
"အမှန်ပဲ၊ သူကထူးခြားတဲ့ ကိုယ်ခန္ဓာဖွဲ့စည်းမှုနဲ့ မွေးလာတာ၊ ဒါဆိုသူက တခြားသူတွေအတွက် သားကောင်ဖြစ်သင့်တာပဲ"
"ထူးခြားတဲ့အသား၊ ဝိညာဉ်အရိုးတွေနဲ့ ဒီလိုသဘာဝကို အာခံနေတဲ့ ဖွဲ့စည်းပုံတွေက လူတစ်ယောက်ကိုယ်ပေါ်မှာ အစတည်းက ပေါ်မလာသင့်တာ"
"အမှန်ပဲ၊ သူ့မှာတန်ဖိုးရှိတဲ့ ခန္ဓာကိုယ်ရှိတာမို့ မတူညီတဲ့ဘဝရသင့်တာပဲ"
"ဝိညာဉ်ဆေးပင်တွေနဲ့ အပင်တွေတောင် အမတဆေးပင်တွေအဖြစ် လုပ်လို့ရတာ၊ ဘာလိုပ သူ့ကိုလုပ်လို့မရမှာလဲ"
သူတို့တွေက စကားပြောရင်း လွန်လာပြီး လုံးဝဖက်တီးကို လူတစ်ယောက်အနေနဲ့ မသတ်မှတ်တော့ဘဲ ဝိညာဉ်ဆေးပင်ရဲ့ အကိုင်းအခတ်တစ်ခု အရာဝတ္ထုအဖြစ်ပဲ မှတ်ယူကြတော့တယ်။
သတိရလာတာ မကြာသေးတဲ့ဖက်တီး သူတို့ကို နားထောင်ရင်း ဖြူဖျော့လာကာ သူ့တစ်ကိုယ်လုံး တုန်ယင်လာပြီး ဟန်ချက်ပျက်တော့မလို ဖြစ်သွားတယ်။ ရှန်းရင်က သူ့ကိုဆွဲထိန်းပြီး ခဏစဉ်းစားပြီးတော့ ခေါင်းစောင်းကာ ရုတ်တရက်ပြောလာတယ်။
"နင်က လူသားပဲ၊ တိရစ္ဆာန်လေးတွေကြောင့် စိတ်အနှောင့်အယှက်မဖြစ်နဲ့"
ဖက်တီးက ခဏတာ ငေးငိုင်သွားကာ သူမ ဘာဆိုလိုလဲနားမလည်။
စားဖိုမှူးက နောက်တော့ ရှင်းပြတယ်။
"ဆရာဆိုလိုတာ အဲလူတွေကို လူတွေလို့ မခေါ်သင့်ဘူး၊ သူတို့တွေက သားရဲတွေပဲ"
ဖက်တီးက တုံ့ဆိုင်းဆိုင်းဖြစ်သွားကာ နွေးထွေးမှုက သူ့နှလုံးသားထဲ စီးဝင်သွားပြီး စောနက မြင့်တက်လာတဲ့ အေးစက်မှုကို အရည်ဖျော်ပစ်လိုက်လေတယ်။ တကယ်တော့ သူ စောနက ကြာကန်ထဲက အရိုးတွေကို မြင်ခဲ့ရချိန် သူတို့က သူပဲဆိုတာအာရုံခံမိနေပြီ။ သူ အရင်ဘဝရဲ့ အတိတ်ဘဝတုန်းက မှတ်ဉာဏ်တွေ မရှိတော့ပေမဲ့ သူတို့ပြောတာကနေ သူဘယ်လိုသေဆုံးခဲ့လဲ ခန့်မှန်းနိုင်သေးတယ်။
ဒါတွေက လူအများရဲ့ ထိပ်ဖျားမှာ ရပ်တဲ့ အမတတွေဖြစ်ပြီး သူတို့က သူ့ကို အကြိမ်ပေါင်း မြောက်များစွာ ခုတ်ထစ်ခဲ့တာတောင် ဘာလို့ တရားမျှတတဲ့ အမူအရာနဲ့ ပြုမူနိုင်ဆဲဖြစ်ပြီး သူ့ကို ဒီလိုခန္ဓာကိုယ်ရှိတဲ့အတွက် အပြစ်တင်နေနိုင်ရသေးတာလဲ။ သူတို့ရင်ထဲ ဘာလို့ ဝန်ထုတ်ဝန်ပိုး မခံစားရဘဲ နည်းနည်းတောင် ဒါကို မှားယွင်းတယ်လို့ အသိအမှတ်မပြုရတာလဲ။ ဒါပေမဲ့ ဒါဆို သူ အမှားလုပ်မိလို့လဲ။ သူ့မှာထူးခြားတဲ့ ကိုယ်ခန္ဓာရှိတာကြောင့်နဲ့လား။
သူ မတွေးမိဘဲ မနေနိုင်။ တကယ်လို့ သူသာ ဒီဘဝမှာ ဆရာ့ကို မတွေ့ခဲ့ရင်၊ မိန်းကလေးရှန်း မရှိရင် သူ သူတို့ပြောတဲ့ ကျင့်ကြံခြင်းပါဝင်ပစ္စည်းဖြစ်လာဦးမှာလား။ သူက လူတစ်ယောက်အနေနဲ့တောင် တန်ဖိုးမရှိ ဖြစ်နေဦးမှာမလား။ သူ ဘာလို့ဒီလိုလူတွေ ဒီလောကထဲ ရှိနေရလဲ နားမလည်နိုင်ဘူး။
သူ အလိုလို ရှန်းရင်နောက်ဆီ ခြေလှမ်းအနည်းငယ်ဆုတ်သွားမိတယ်။ ကံကောင်းလို့... ကံကောင်းလို့ မတူညီတဲ့ လူတွေ ရှိသေးတာပဲ။
တစ်ဖက်က စားဖိုမှူးကတော့ သူ့ကို တစ်ချက်လှမ်းကြည့်ကာ ခဏမျက်မှောင်ကြုတ်သွားပေမဲ့ မတားလိုက်လေဘူး။
"ဧကရာဇ်ငယ်ကူယွဲ့၊ ငါတို့က တက်လှမ်းမှု ဝဋ်ကြွေးချေမိုးကြိုးကိုတောင် အောင်မြင်ပြီးပြီ၊ ငါတို့နည်းလမ်းနဲ့ ပတ်သက်ပြီး ဘာမှမမှားယွင်းဘူးဆိုတာ သက်သေပြနေတာပဲ" ယွီကန်းက နောက်တစ်ကြိမ် သတ္တိရှိသွားပုံပေါ်ပြီး အဝေးက ယိချင်းကိုတောင် လှမ်းကြည့်တယ်။
"ကောင်းကင်တာအိုတောင် ကြားဝင်မပါတဲ့အရာနော်၊ ဒါက..."
"ကောင်းကင်တာအိုက ကြားဝင်မပါဘူးလို့ ဘယ်သူပြောလဲ" ကူယွဲ့ အမူအရာက အေးခဲသွားပြီး သူ့ကို တန်းကြားဖြတ်ပြောလာတယ်။
"မင်းတို့အားလုံးက ဒီလိုရွံစရာကောင်းပြီး လူသားမဆန်တဲ့အရာတွေ လုပ်ပြီးတာတောင် ကောင်းကင်တာအိုက မင်းတို့ကို လုပ်ခွင့်ပေးမယ်လို့ တကယ်တွေးနေတာလား"
"ဘာဆိုလိုတာလဲ" ယွီကန်းက ကြောင်သွားပြီး သွေးပျက်မှုအရိပ်အယောင် သူ့မျက်စိထဲ ဖြတ်ပြေးသွားပေမဲ့ ကူယွဲ့ လေလုံးထွားနေရုံလို့လည်း ခံစားနေရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘေးက အဇဋာဧကရာဇ်ယိချင်းတောင် ဘာမှမပြောသေးတာ။ သူက သေမျိုးဘုံကိစ္စတွေကို ဝင်မပါချင်တာ ထင်တယ်။ သူ ဝင်မပါသရွေ့ ဧကရာဇ်ငယ်ကူယွဲ့တစ်ယောက်တည်းနဲ့ဆို သူ မကြောက်သလောက်ပဲ။
"မင်းတို့က ကောင်းကင်တာအိုကို သံသယဖြစ်နေတာ မဟုတ်လား" ကူယွဲ့က ပိုပြီးတောင် အေးစက်စက် ရယ်လိုက်တယ်။ ဒီလူအုပ်ကြီးက သူ့ကိုလုံးဝ ရွံရှာစေတယ်။
"ဒါဆို မင်းတို့အားလုံးကို ပြပေးရမှာပေါ့၊ ကောင်းကင်အပြစ်ပေးမှုဆိုတာ ဘာလဲဆိုတာ"
သေစမ်း၊ သူ သူတို့နေ့စဉ်ဘဝမှာ ကိုယ့်ကိုယ်ကိုယ် မခုခံနိုင်တဲ့အထိ မထုထောင်းရင် သူ့နာမည် မျိုးရိုးနျို မဟုတ်တော့ဘူး။
သူတို့ကို စကားပြောရင်း အချိန်မဖြုန်းချင်တော့တာမို့ သူလက်တစ်ဖက်ကိုယမ်းတော့ ရင်းနှီးနေတဲ့ဖိနှိပ်မှုက အားလုံးဆီ ချက်ချင်းရောက်သွားတယ်။ ယွီကန်းတို့တွေ အသိစိတ် ပြန်မဝင်လာသေးဘဲ တစ်ခုခုကို သူတို့ဆီကနေ ဆွဲထုတ်သွားသလိုမျိုး သူတို့ကိုယ်တွေ ပေါ့လာတာ ခံစားလိုက်ရတယ်။ အနီးကပ် သေချာကြည့်လိုက်တော့ နဂိုက သူတို့ကိုယ်မှာရစ်ဝဲနေတဲ့ ရွှေရောင်အလင်းက ရွှေမှုန်လေးတွေ ဖြစ်လာကာ ကူယွဲ့ဆီ မျောလွင့်ပြီး ပျောက်ကွယ်သွားတယ်။
ယွီကန်း ထိတ်လန့်သွားတယ်။ အဲဒီကောင်းမှုတွေက အဲထူးခြားတဲ့ဖြစ်တည်မှုရဲ့ အသွေးအသားကနေ လာတာ။ သူတို့ တက်လှမ်းသွားတဲ့နောက် သူတို့နည်းမျိုးစုံ ကြိုးစားခဲ့ပေမဲ့ ဖယ်ရှားမရနိုင်ခဲ့ဘဲ ဖုံးကွယ်ထားရုံပဲ တတ်နိုင်ခဲ့ပေမဲ့ ကူယွဲ့က အဲလောက်အလွယ်လေး ထိန်းချုပ်ပစ်နိုင်မယ် မထင်ခဲ့ဘူး။ ကောင်းမှုတွေက အသုံးဝင်ပေမဲ့ အထက်ဘုံမှာတော့ သူတို့အများကြီးက ကုသိုလ်အလင်းတွေ ပိုင်ဆိုင်နေရင် မျက်စိစူးစရာကောင်းလိမ့်မယ်။ အခု ပျောက်သွားတာက သူတို့လိုချင်ခဲ့တာဖြစ်ပြီး ကူယွဲ့ရည်ရွယ်ချက်ကို မသိပေမဲ့ သူ့ရင်ထဲ အသည်းအသန် ဝမ်းမြောက်သွားခဲ့ပေမဲ့ နောက်အခိုက်အတန့်မှာတော့ ပြန်စိတ်ထင့်သွားခဲ့ပြန်တယ်။
ကူယွဲ့က ကောင်းကင်လောက်ကြီးတဲ့ ဓားအင်းကွက်ကြီးတစ်ခု တန်းဆင့်ခေါ်လိုက်တယ်။ ဒီတစ်ကြိမ်တော့ ဝိညာဉ်ချီနဲ့ မဟုတ်ဘဲ မသေမျိုးချီနဲ့။ သူ့စိတ်ထဲ ဒေါသထွက်နေပြီး သနားညှာတာဖို့ မရည်ရွယ်ထား။ ခဏအတွင်း ကောင်းကင်ဝင်ရိုးစွန်းက ထက်ရှတဲ့ဓားချီနဲ့ပြည့်သွားခဲ့တယ်။
"ဧကရာဇ်ငယ်ကူယွဲ့က ငါတို့ကို အရေးယူဖို့ ဖိအားပေးနေတာလား" ယွီကန်းမျက်နှာက ပျက်သွားပြီး ကူယွဲ့ကို စိတ်ထဲမထား။ သူ့နောက်က လူအုပ်ကြီးက အချင်းချင်း အကြည့်ဖလှယ်ကာ ဓမ္မလက်နက်တွေ ဆင့်ခေါ်ပြီး ချီတက်ကြတော့တယ်။
ကူယွဲ့ အေးစက်စက် ထေ့ရယ်ပြီး လက်တစ်ဖက် မှောက်လိုက်တော့ လက်ထဲက ယပ်တောင်က ချက်ချင်း ဓားရှည်အဖြစ် အသွင်ပြောင်းသွားကာသူ တိုက်တော့မို့ရှိသေး သူ့လက်က ရုတ်တရက် အားနည်းသွားတယ်။
"မင်း ဘာလုပ်နေတာလဲ" ကူယွဲ့ ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ သူ့လက်မှာ ရစ်ပတ်နေတာကတော့ အခွင့်အာဏာစွမ်းအင်။ တစ်ချိန်တည်းမှာပဲ ပတ်ဝန်းကျင်က မည်းမှောင်သွားပြီး ထူထဲတဲ့ မိုးကြိုးတိမ်တိုက်တွေ ကောင်းကင်ထဲ ရုတ်တရက်ပေါ်လာကာ တိမ်တိုက်လွှာတွေက အလင်းတန်းတစ်ခုတောင် ဖြတ်မရဘဲ လျှပ်စီးရောင်အမျိုးမျိုးသာ တိမ်တိုက်တွေထဲ တလက်လက် ဖြစ်နေတယ်။ ကောင်းကင်နဲ့ မြေကြီးရဲ့ စွဲကျန်ရစ်စရာဖိနှိပ်မှုအရှိန်အဝါနဲ့အတူပေါ့။
ယွီကန်းနဲ့ သူ့နောက်လိုက်တွေ ကြောင်အမ်းကုန်ပြီး ရုတ်တရက်ပေါ်လာတဲ့ ဝဋ်ကြွေးချေမိုးကြိုးကြောင့် ကြောက်လန့်ကုန်ကာ လေထဲ တစ်လက်မတောင် မရွေ့ရဲတော့ဘူး။ ကောင်းကင်နဲ့ မြေကြီးရဲ့ ဖိနှိပ်မှုအရှိန်အဝါက တကယ်ကို ကြောက်ခမန်းလိလိပဲ။ အားလုံးကို ဖျက်ဆီးတော့မလိုမျိုး။ ယွီကန်းတောင် ဒီလိုဖိနှိပ်မှုအောက် ဒူးထောက်ကာ ခစားချင်စိတ်ဖြစ်နေတယ်။
ဒါပေမဲ့ ဒါက ကူယွဲ့ရဲ့ မျက်လုံးထဲမှာတော့ အခြား မြင်ကွင်းတစ်ခု။ ကောင်းကင်နဲ့ မြေကြီးရဲ့ကို ဖိနှိပ်ချုပ်ချယ်မှုအရှိန်အဝါက လုံးဝ တည်ရှိမနေဘူး။ အဲဒီအစား မိုးကြိုးတိမ်လွှာတွေကနေ သူ ခံစားရတဲ့ တစ်စွန်းတစ်စက... စိတ်လှုပ်ရှားမှုလား။
သူ့လက်မှာ ရစ်ပတ်နေတဲ့ အခွင့်အာဏာ စွမ်းအင်တောင် သူ့နားထဲ အဆက်မပြတ် တောင်းနေတဲ့ အသံလေးတစ်ခု ရှိနေသလိုမျိုး အတော်လေး မြူးကြွလာတယ်။ "လုပ်ခွင့်ပေးပါ လုပ်ခွင့်ပေးပါ လုပ်ခွင့်ပေးပါ... သူတို့ကို သတ်ခွင့်ပေးပါ"
"..."