အခန်း (၄၉၆-၄၉၈)
Vol. 34 Ch. 496-498
အခန်း ၄၉၆ ။ ကောင်းကင်တာအို တွက်ချက်မှုများ
ကူယွဲ့ နှုတ်ခမ်းသပ်လိုက်တယ်။ ကောင်းပြီလေ၊ ကောင်းကင်တာအိုက ဒီကိစ္စတွေကို သည်းခံနေခဲ့ရတာ ကြာလှပြီ။
"ကြည့်ရတာ ငါ အရေးယူစရာမလိုတော့ဘူး" သူက ဓားအင်းကွက်ကို ပြန်ဖြည်ကာ အောက်ကအုပ်စုကို ဝေ့ဝဲကြည့်လိုက်တယ်။
"ကောင်းပြီလေ၊ ကောင်းကင်တာအိုက မင်းတို့လို တီကောင်တွေပို ဘယ်လိုအရေးယူမလဲ ကြည့်ရတာပေါ့" အဲလိုနဲ့ သူက ရှန်းရင်ဘေး ပြန်ဆုတ်လာကာ စားဖိုမှူးဆွဲထားတဲ့ အကန့်အသတ်ဘောင်ထဲ ဆုတ်သွားပြီး ထိုင်ခုံတစ်လုံးထုတ်ထိုင်လိုက်တယ်။
ကူယွဲ့ ထိုင်ထိုင်ချင်း ပွင့်ကာစဘုံတံခါးက ပြန်ပိတ်သွားတယ်။ လေထဲက ခဲရောင်တိမ်တိုက်တွေက ပိုထူထဲလာတော့တယ်။
"ဒါ... ဒါ ဝဋ်ကြွေးချေမိုးကြိုးလား" သူတို့ မယုံကြည်နိုင်စွာ မော့ကြည့်လိုက်ကြတယ်။ ဘာလို့ ဝဋ်ကြွေးချေမိုးကြိုးက ရုတ်တရက် ပေါ်လာတာလဲ။ ဘယ်သူမှ မသေမျိုးဆီ တက်လှမ်းမှာမှ မဟုတ်တာ။ ပြီးတော့ ဒါက သေမျိုးဘုံ။ သူတို့က အမတဘုံကလေ။ အမတတွေရဲ့ ဝဋ်ကြွေးချေမိုးကြိုးက သေမျိုးဘုံမှာ ဘာလုပ်နေတာလဲ။
ဒီလိုမျိုး ဖြစ်သွားတာ သနားစရာပဲ/ လျှပ်စီးတိမ်တိုက်တွေက တခြား ဝဋ်ကြွေးချေလျှပ်စီးတွေထက် ဆယ်ဆလောက် ပိုဆိုးယုတ်တဲ့ပုံ။ နောက်ဆုံး သူတို့ မိုးခြိမ်းသံကြားလိုက်ရတယ်။ ကောင်းကင်ကနေ လျှပ်စီးကြောင်းဆယ်ခုကျော် လူအုပ်ဆီကျရောက်လာတော့တယ်။
ယွီကန်းတို့ ခုခံကာကွယ်ဖို့ အပြင်းအထန် ကြိုးစားပေမဲ့ အချည်းနှီး။ သူတို့ရဲ့အကောင်းဆုံး အမတလက်နက်တွေက လျှပ်စီးအရှိန်ကြောင့် အပိုင်းပိုင်း ပျက်စီးပြီး သူတို့ ကျင့်ကြံဆင့်တွေပါ ရိုက်ချက်ကြောင့် လျော့ကျသွားခဲ့တယ်။ နောက်လျှပ်စီးကြောင်းက ထိန်းမထားနိုင်တော့သလိုမျိုး ရိုက်ခတ်ပြန်တယ်။
အဲအခိုက်အတန့်မှာ ကူယွဲ့ ဘာလို့ သူတို့ကောင်းမှုတွေကို ယူသွားရလဲ နောက်ဆုံးတော့ နားလည်သွားခဲ့တယ်။ ဒါပေမဲ့ နောက်ကျလွန်းသွားပြီ။
ဝဋ်ကြွေးချေမိုးကြိုးက ဆက်သွားနေတာ အချိန်အတော်ကြာတာတောင် ရပ်မဲ့ပုံမပေါ်...။
——————
မိုးကြိုးက အချိန်အတော်ကြာအောင် ဆွဲဆန့်နေခဲ့တယ်။ အနီရောင်မိုးကြိုးက ခရမ်းရောင် နောက်တော့ အဖြူရောင် ပြောင်းလဲသွားတယ်။ မိုးကြိုးအရောင်က အများကြီးပဲ - ဝဋ်ကြွေးချေမိုးကြိုးထဲမပါတံ့ မိုးကြိုးတွေတောင် ပါလာတယ်။ ဝဋ်ကြွေးချေမိုးကြိုးရဲ့ဖိနှိပ်မှုက အောက်ကလူတွေကို အသက်တောင်ရှူမရ ဖြစ်စေတယ်။ အချိန်ကြာလာတာနဲ့အမျှ မိုးကြိုးတန်းတွေက ပါးသထက် ပါးလာတယ်။ ကောင်းကင်တာအိုက ဒီလူအုပ်udk လွှတ်ပေးဖို့ ဆုံးဖြတ်တာတော့မဟုတ်ဘူး။ ကောင်းကင်တာအိုက မိုးကြိုးတစ်ချက်ချင်းစီက လူအုပ်ကို တစ်ယောက်ပြီးတစ်ယောက် ဖြတ်သွားတဲ့ ဓားသွားလိုမျိုးဖြစ်အောင် ချွန်ထက်စေချင်တာပဲ။
ယွီကန်းတို့တွေ မိုးကြိုးပထမအချက်တွေကို ခုခံဖို့ အတတ်နိုင်ဆုံး အားကုန်ထုတ်သုံးပြီးပြီ။ သူတို့တွေ ထပ်ပြီးတိုက်ခိုက်ဖို့ အားမရှိတော့ဘူး။ သူတို့လုပ်နိုင်သမျှက သူတို့အမတစွမ်းအားတွေနဲ့ ခွန်အားတွေက မိုးကြိုးတစ်ချက်ချင်းစီအပြီးမှာ ယုတ်လျော့သွားတာကို ရပ်ကြည့်နေရုံပဲရှိတယ်။
ကူယွဲ့နှုတ်ခမ်းထောင့်တွေ တွန့်သွားတယ်။ သူ တကယ် ဒီလူတွေကို မုန်းတီးပေမဲ့ ကောင်းကင်တာအိုက သူတို့ကို အဲလောက်ခက်ထန်စွာ ဆက်ဆံမယ် မထင်မိခဲ့ဘူး။ သူတို့ကိုရင်ဆိုင်ဖို့ ဒီလိုကောက်ကျစ်တဲ့ နည်းလမ်းတွေကိုပါ သုံးတယ်။ ပြီးတော့ မိုးကြိုးပစ်နေတာ တော်တော်ကိုကြာပြီ။ အဲလိုနဲ့ပဲ လအနည်းငယ် ကြာသွားခဲ့တယ်။ ပွဲကြည့်ပရိသတ်ရဲ့ စိတ်လှုပ်ရှားမှုက ပျောက်ဆုံးသွားကာ မချင့်မရဲပါဖြစ်လာတော့တယ်။
သုံးလအကြာမှာတော့ တိမ်မည်းတွေက စတင်ပြိုကွဲလာတယ်။ တစ်ချိန်က ဂုဏ်သရေထည်ဝါခဲ့တဲ့ ဟော်ရန်နန်းက မြေကွက်ကြီးတစ်ခုကလွဲ ဘာမှမဟုတ်တော့ဘူး။ တောင်ထွတ်တစ်ခုလုံးက ပင်လယ်ပြင်ပေါ် လဲနေပြီး ဘေးက ကျွန်းထက်တောင်သေးတယ်။ စတင်ကာစ ချီမွမ်းမံအဆင့် တပည့်တွေကလွဲ ဟော်ရန်နန်းက တပည့်တွေအားလုံး ပြာမှုန့်တွေအဖြစ် ပြောင်းကုန်တယ်။
ယိချင်းက အပျက်အစီးပုံကို ဟိုဟိုဒီဒီကြည့်လိုက်တယ်။
"ဒီဘုံငယ်လေးရဲ့ သဘာဝဖိအားဥပဒေက တစ်ဝက်ပြန်ကောင်းသွားပြီ"
"ဘာလို့တစ်ဝက်တည်းလဲ" ကူယွဲ့ တန့်သွားတယ်။ သေချာစစ်ဆေးကြည့်တော့ စောနက ပျောက်သွားတဲ့ သဘာဝတရားဖိအားက အခု မြောက်ဘက်ဆီ ပျံသန်းသွားတာကိုနားလည်လိုက်ရတယ်။ သူတို့တွေက ခဲရောင်တိမ်တိုက်တွေ ဆက်ဖွဲ့စည်းနေတယ်။ ကူယွဲ့ မျက်လုံးတွေ တောက်ပသွားတယ်။
"မိုးကြိုးတိမ်တိုက်တွေက တော်ဝင်အထွတ်အမြတ်ဂိုဏ်းဆီ ဦးတည်နေတာပဲ" တကယ်ပဲ ကောင်းကင်တာအိုက အကြွေးတွေအားလုံးကို စာရင်းမှတ်ထားတာပေါ့။ အခု သူက အားလုံးကို တစ်ခါတည်း အကြွေးပြန်တောင်းတော့မယ်။ "တော်ဝင်အထွတ်အမြတ်ဂိုဏ်းမှာ သွားပျော်ကြရအောင်"
"ဒါပေမဲ့..." ဖက်တီးက တုံ့ဆိုင်းနေပြီးသူတို့ရှေ့က ပင်လယ်ဆီ လက်ညှိုးထိုးတယ်။
"ကျွန်တော်တို့ ရှေးဟောင်းခက်ထန်သားရဲနဲ့ ပတ်သက်ပြီး ဘာလုပ်ကြမလဲ" ငိုကြွေးသားရဲက အိမ်မွေးဆိုပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ရှေးဟောင်းခက်ထန်သားရဲပဲလေ။
ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ အဲဒါ တကယ်ကိုပြဿနာပဲ။ သူတို့ အဲသားရဲကို ရင်ဆိုင်ရဦးမယ်။
"ဒီတိုင်းထားခဲ့တယ်လို့ရတယ် ထင်တာပဲဓ စားဖိုမှူးက ရုတ်တရက်ပြောလာတယ်။
"ငိုကြွေးသားရဲက အသွေးအသားကို သဘောကျပေမဲ့ ဝိညာဉ်အနေနဲ့ယင်ချီ၊ အသိစိတ်အနေနဲ့ အမုန်းချီ၊ အရိုးအနေနဲ့ အငြိုးအတေးစွမ်းအင်တွေရှိနေတာ၊ အခု ဟော်ရန်နန်းက ပျောက်သွားပြီဆိုတော့ ကြာမြစ်ထဲက အလောင်းတွေရောပေါ့၊ သိပ်မကြာခင် မကွေ့မကောက်ပင်လယ်ပေါ်က ယင်လေပြင်းတွေလည်း ပျောက်သွားလိမ့်မယ်၊ ငိုကြွေးသားရဲလည်း သဘာဝအလျောက် ပျောက်ကွယ်သွားမှာပဲ”
ကူယွဲ့ တုံ့ဆိုင်းသွားတယ်။
"မင်းပြောချင်တာ... ပင်လယ်ပေါ်က ယင်ချီက ကြာမြစ်ဆီက လာတာလား"
ယိချင်းက ခေါင်းညိတ်ပြတယ်။
"ချီး" ကူယွဲ့ ဟော်ရန်နန်းက ခွေးသားတစ်သိုက်ကို မဆဲဘဲ မနေနိုင်တော့ဘူး။ သူတို့တွေက တကယ့်ကို လူတစ်ကိုယ်လုံးကို ဝါးမျိုပြီး အကြွင်းအကျန်တွေကို ကြာမြစ်အောက်ခြေမှာ ပစ်ထားခဲ့တာပဲ။ ပတ်လည်မှာ အငြိုးအတေးစွမ်းအင်တွေ အများကြီးရှိနေတာမဆန်းတော့ဘူး။ ပြီးတော့ အရိုးတွေကို မမြှုပ်ထားဘူးလေ။ အချိန်ကြာတာနဲ့အမျှ ယင်ချီတွေ ပိုပြီးထွက်လာမှာ။ အဲဒါကြောင့် မကွေ့မကောက်ပင်လယ်က ဒီလိုပုံဖြစ်နေတာ။ ငိုကြွေးသားရဲက နေရင်းထိုင်ရင်း ပေါ်လာတာ မဟုတ်ဘူး ဒီ ပတ်ဝန်းကျင်ကြောင့်ပဲ။
ဒီဘုံရဲ့ သဘာတဝရားဖိအားက ဒီအကြောင်းရင်းကြောင့် ရှုပ်ထွေးနေခဲ့တာ။ ယွီကန်းတို့တွေက ဖက်တီးရဲ့ အရင်ဘဝတွေက အသွေးအသားအားလုံးကို သုံးစွဲခဲ့ကြတယ်။ ဒါကြောင့် ကောင်းကင်တာအိုက သူတို့ကိုဖက်တီးလို့ အထင်မှားပြီး အမတဆီ တက်လှမ်းခွင့်ပြုခဲ့တာပဲ။ ကောင်းကင်တာအိုက ဒါကိုနားလည်သွားချိန် နောက်ကျလွန်းသွားပြီ။
ပြီးတော့ ကောင်းကင်တာအိုက အသိစိတ်ရှိတာ မဟုတ်ဘူး။ သူက ဆုပေးဒဏ်ပေးကို ဆရာကျကျ မှတ်တမ်းတင်ထားတဲ့စနစ်တစ်မျိုးပဲ။ ဒီဟော်ရန်နန်းရဲ့ ထပ်တလဲလဲ လေ့ကျင့်မှုက တွက်ချက်မှုစနစ်ကို ချို့ယွင်းသွားစေခဲ့တယ်။ ဒီအရှုပ်ကို ဖြေရှင်းဖို့နည်းမရှိတော့ ဒီလိုအဖြစ်အပျက်တွေကို ချုံ့ဖို့အတွက် ဘုံတံခါးကိုပိတ်ခဲ့ရတော့တာပဲ။
ကူယွဲ့တို့တွေ အောက်ဘုံကိုသွားပြီး ဒီလူတွေ မပိုင်တဲ့ ကုသိုလ်တွေကို ဖယ်ရှားပြီး အရှုပ်တစ်ဝက်ကို ဖြေရှင်းချိန်ကျမှ ကောင်းကင်တာအိုက ဖြည်းဖြည်းချင်း ပုံမှန်ပြန်ဖြစ်လာတာ။ တော်ဝင်အထွတ်အမြတ်ဂိုဏ်းသားတွေနဲ့ ဖြေရှင်းပြီးရင် ဒီဘုံငယ်လေးရဲ့ သဘာဝတရားဖိအားက အပြည့်အဝ ပုံမှန်ပြန်ဖြစ်သွားလောက်ပြီ။
အဲအတွေးကြောင့် ကူယွဲ့ တော်ဝင်အထွတ်အမြတ်ဂိုဏ်းဆီသွားပြီး သူတို့ဘယ်လိုခံစားရမလဲဆိုတာ ကြည့်ဖို့ မစောင့်နိုင်တော့ဘူး။
သူတို့ အဆုံးမှာတော့ ဖက်တီး မသေမျိုးဆီ တက်လှမ်းလို့ ဘယ်လိုဖြေရှင်းလဲ မကြည့်လိုက်ရတာ နှမြောစရာပဲ။ သဘာဝတရားဖိအားက ပြန်ကောင်းသွားတာနဲ့ ဖက်တီးရဲ့ ဝိညာဉ်ချီက ပေါက်ကွဲထွက်သွားပြီး ကောင်းကင်ထဲ ခဲရောင်တိမ်တိုက်တွေ စုဝေးလာပြန်တယ်။ ဒီတစ်ကြိမ်တော့ သာမန် ဝဋ်ကြွေးချေမိုးကြိုးပဲ။
ကူယွဲ့ မိုးကြိုးရဲ့ ပြင်းအားကို လှမ်းကြည့်လိုက်တယ်။ သူက ဒီတစ်ကြိမ်တော့ ဖက်တီးအတွက် နည်းနည်းလေးတောင် မစိုးရိမ်။ ဝဋ်ကြွေးချေမိုးကြိုးက ကူယွဲ့ ဖက်တီးကို လေ့ကျင့်ခိုင်းတာလောက်တောင် မပြင်းဘူး။
"ငါတို့ အထက်ဘုံကို အရင်ပြန်နှင့်မယ်” သူက ဖက်တီးကိုပြောကာ ရှန်းရင်နဲ့ ယိချင်းကို ဘုံတံခါးကတစ်ဆင့်ဆွဲပြီး အထက်ဘုံဆီ ပြန်လာခဲ့လိုက်တယ်။
ဝဋ်ကြွေးချေမိုးကြိုးကို ဖြတ်သန်းတဲ့ ဖက်တီးနဲ့ ပတ်သက်ပြီး ကူယွဲ့မှာ ပြဿနာမရှိဘူး။ သူ့ ဝဋ်ကြွေးချေမိုးကြိုးကို နှောင့်ယှက်မဲ့ အထက်က တစ်ယောက်ယောက်ရှိမှာကိုပဲ စိုးရိမ်နေတာ။ ယွီကန်းရဲ့ အရှေ့ထိုက်တစ်ဝက်ကျော်က မသေမျိုးကို တက်လှမ်းလာသူတွေကို ဆွဲဆောင်ဖို့ အဲထူးဆန်းတဲ့နည်းလမ်းတွေကို အသုံးပြုခဲ့ကြတယ်။ ယွီကန်းက ယခုသေဆုံးသွားပေမဲ့ အထက်ဘုံမှာ တခြားဘယ်သူမှ ဒီလို အလားတူသိုင်းတွေကို အသုံးပြုထားလား ကူယွဲ့ မသေချာ။
အဲ့ကြောင့် ဖက်တီး အတိအကျတက်လှမ်းမဲ့နေရာကိုရှာပြီး၊ သူ့ တက်လှမ်းမှုကို ကာကွယ်နိုင်ဖို့ အရင်ပြန်မယ် ဆုံးဖြတ်ခဲ့တာပဲ။
အထက်ဘုံဆီ ရောက်ချိိန် အတွေးလွန်နေမှန်း သိလိုက်ရတယ်။ ဘုံတံခါးကို ဖြတ်လျှောက်လာတာနဲ့ ရင်းနှီးနေတဲ့ မိုးခြိမ်းသံတွေကို ကြားလိုက်ရတယ်။ မသေမျိုးနယ်ပယ်က ပိန်းပိတ်အောင် မည်းမှောင်လာပြီး မီးခိုးရောင်တိမ်တိုက်တွေက အရှေ့ထိုက်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ အမတမြို့တစ်ခုလုံး အမှောင်ကျသွားစေခဲ့တယ်။ မိုးခြိမ်းသံနဲ့အတူ လျှပ်စီးကြောင်းတွေက ရိုက်ခတ်လာတော့တယ်။
အမတဘုံထဲ ရောက်ကာစသုံးယောက် အရှုပ်ထုတ်ထဲ ဆွဲသွင်းခံရတော့မလို့။ ကူယွဲ့ သူ့နှုတ်ခမ်းတွေကို သပ်လိုက်တယ်။ ဒီတစ်ကြိမ် ကောင်းကင်တာအိုက ပြစ်ဒဏ်တွေကို ရှင်းရမှာ ပျော်ရွှင်နေမှန်း သိသာတယ်။ အမတဘုံမှာပါ ရှိနေတာပဲ။ မသေမျိုးလမ်းဆီ လှည့်စားခဲ့သူတွေကို ခွင့်လွှတ်ပေးဖို့ လုံးဝရည်ရွယ်ချက်မရှိပုံပဲ။
ကူယွဲ့ သက်ပြင်းချလိုက်တယ်။ ကောင်းကင်တာအိုက ဒီလို ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးနေတာကို သူစိတ်ထဲမထား။ ကူယွဲ့က ဖက်တီး တက်လာမဲ့နေရာကို ခန့်မှန်းပြီး ရှန်းရင်နဲ့ ယိချင်းကို ခေါ်ဆောင်ကာ လမ်းကြောင်းတစ်လျှောက် ပျံသန်းခဲ့တယ်။ အမှန်ပဲ၊ သူတို့ လမ်းတစ်လျှောက် ဖက်တီးရဲ့ အရှိန်အဝါကို ကြုံရာမြက်ခင်းပြင်မှာ ခံစားလိုက်ရတယ်။ ပတ်ဝန်းကျင်တစ်ခုလုံး မသေမျိုးချီက တလိမ့်လိမ့် မြင့်တက်လာပြီး အမတတက်လှမ်းမှုစင်မြင့်ကို စတင်ဖွဲ့စည်းနေတယ်။ သိပ်မကြာခင်မှာပဲ စင်ပေါ်ကို ကြိုဆိုတဲ့ အလင်းတန်းဖြူဖြူတွေ လင်းလက်လာတော့တယ်။
...
အခန်း ၄၉၇ ။ ဖက်တီးတက်လှမ်း
"အမှန်ပဲ" ကူယွဲ့က ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားတယ်။ "ဖက်တီးက ဘယ်လ်ုလုပ် သူ့ကိုယ်မှာ အဲလောက် ကုသိုလ်ရှိနေရတာလဲ" ယွီကန်းတို့တွေက ကောင်းကင်တာအိုကို လှည့်ဖျားဖို့ အဲကုသိုလ်အားလုံးကို သုံးခဲ့တယ်မဟုတ်လား။ "သူက ဘဝတိုင်း သူ့ကိုယ်ထဲက အဲကုသိုလ်အားလုံးကို ထိန်းသိမ်းထားခဲ့တယ်ပေါ့" သူ ကုသိုလ် ဘယ်လောက်တောင် စုဆောင်းခဲ့တာလဲ။ အဲလောက် ဘဝအများကြီး ဘယ်လိုလုပ် တောင့်ခံနိုင်ခဲ့တာလဲ။
ဆရာတပည့်နှစ်ယောက်က တုံ့ဆိုင်းသွားတယ်။ တစ်အောင့်နေတော့ သူတို့က အပြစ်ကင်းစွာ စပ်ဖြဲဖြဲရယ်ပြ့လေတယ်။
"မသိဘူး၊ ဒီအသေးစိတ်လေးတွေကို စိတ်ထဲမထားကြရအောင် ဖေဖေနျို၊ အသီးဘာညာစားချင်လား"
"ဆရာပြောတာမှန်တယ်၊ ဖေဖေနျို အဆာသွတ်မုန့်စားချင်လား"
ကူယွဲ့အမူအရာ မည်းမှောင်သွားကာ သံသယနဲ့ ကြည့်လိုက်တယ်။
"မင်းတို့တွေ... ငါ့ကို လျှို့ဝှက်ထားတာ ရှိလား"
"ဟင့်အင်း" နှစ်ယောက်လုံး တစ်ပြိုင်နက် ထအော်ကြတယ်။ သူ ဒဲ့မှန်သွားပြီပဲ။
"ဟီးဟီးဟီး" သူတို့ ကျိန်းသေပေါက် တစ်ခုခု သူ့ကိုဖုံးကွယ်ထားတာပဲ
ကူယွဲ့ သူတို့ကို စစ်မေးမို့ရှိသေး ဘုံတံခါးတွေက ပွင့်လာတယ်။ ဖက်တီးရဲ့ ကိုယ်က အထဲကနေ ပေါ်လာလေတယ်။ သူ့အမတအရိုးတွေ ပေါ်လာပြီး ကိုယ်ထဲက ဝိညာဉ်ချီအားလုံးက မသေမျိုးချီအဖြစ် ပြောင်းလဲသွားပြီ။ ဖြစ်နိုင်တာ မသေမျိုးချီက ဝိညာဉ်ချီထက် ပေါကြွယ်ဝလို့ထင် ဖက်တီးရဲ့ကိုယ်က အရင်နဲ့မတူဘဲ ကွဲပြားသွားပြီ။ သိသာဆုံး ပြောင်းလဲမှုကတော့ သူ့ကိုယ်က ဝိုင်းမနေတော့တာဘဲ။ ကီလို၃၀၀ ဖက်တီးက မျက်စိတစ်မှိတ်အတွင်း ပိန်ကျသွားခဲ့တယ်။
သူက အသားအများကြီးရှိလို့ ဝတာမဟုတ်ဘဲ သူ့ကိုယ်က ဝိညာဉ်ချီတွေနဲ့ ပြည့်နေလို့ပဲ။
ကူယွဲ့ဘသက်ပြင်းချကာ သူ့ဆီ လျှောက်လာခဲ့တယ်။ ကြိုဆိုတဲ့အလင်းရောင်က ပျောက်သွားပြီ။ ကူယွဲ့ရှေ့မှာ ရပ်နေတာ အတော်လေးကို ရင်းနှီးနေတဲ့မျက်နှာနဲ့ ဖက်တီးတစ်ဝက်စာ လူတစ်ယောက်...။
ကူယွဲ့ တန့်သွားကာ မျက်လုံးတွေ ပြူးကျယ်ကုန်တယ်။ သူ့ဆံပင်မွှေးကို ထောင်စေပြီး သွေးတိုးစေတဲ့ မျက်နှာကို ကြည့်လိုက်တယ်။ ချက်ချင်း သူ့လက်ထဲက ယပ်တောင်ကို ဖြန့်ကာ အော်မိသွားတယ်။
"မိစ္ဆာနတ်ဘုရား"
ဟိုလီရှစ်
သူ လှည့်ကြည့်လိုက်တော့ ဆရာတပည့်နှစ်ယောက်က ပျောက်သွားပြီဆိုတာ တွေ့လိုက်ရတယ်။
ချီး၊ သူ အဲခွေးကောင်လေးတွေကို သတ်ပစ်မယ်။
ဖက်တီးကတော့ ကူယွဲ့ကို အူကြောင်ကြောင် စိုက်ကြည့်နေပြီးမှ အပျော်လွန်စွာနဲ့ ပြေးလာတယ်။
"ဆရာ ကျွန်တော် အောင်အောင်မြင်မြင် တက်-"
"ထွက်သွား"
"အယ်"
"ခုကစပြီး မင်းက ငါ့ဂိုဏ်းက မဟုတ်တော့ဘူး"
"..." ဟင့်အင်း ဆရာ
(; ́༎ຶД༎ຶ`)
—————
ဖေဖေနျို ခုတလော အတော်လေး ပေါက်ကွဲလွယ်နေတယ်။ သူက ကြည့်ရတာ အမြဲ တခြားသူတွေကို မထုထောင်းမိအောင် စိတ်ကို တွန်းလှန်နေရတဲ့ပုံ။ အထူးသဖြင့် အမှိုက်သရိုက်လေးနှစ်ယောက်ကို။ သူတို့နှစ်ယောက်က ဖက်တီးဟာ မိစ္ဆာနတ်ဘုရားရဲ့ ပြန်လည်ဝင်စားတဲ့ပုံစံဆိုတာ အစောကြီးတည်းက သိထားတာ သိသာတယ်။ ဒါပေမဲ့ သူတို့က သူ မတက်လှမ်းခင်ထိ ဖုံးကွယ်ထားရဲတယ်။ သူတို့တွေ အရမ်းလွန်သွားပြီ။
"အိုက်ယား ဖေဖေနျို ဒီအသေးစိတ်လေးတွေကို သိပ်ပြီးစိတ်ထဲမထားကြရအောင်၊ ဟုတ်ပြီလား"
ရှန်းရင်က အသီးကိုကိုက်ရင်း ပြောလာတယ်။
"ဟုတ်တယ် ဖေဖေနျို၊ ကျွန်တော်လည်း ကြာမြစ်အောက်ခြေဆီ သွားမှ သိခဲ့တာ" ယိချင်းက ထပ်ပြောတယ်။
"ပြီးတော့ ဖက်တီးကဖက်တီး၊ မိစ္ဆာနတ်ဘုရားက မိစ္ဆာနတ်ဘုရားလေ၊ သူတို့က တူညီတဲ့လူတွေ မဟုတ်တော့ဘူး"
"ဆရာပြောတာမှန်တယ် အတိတ်ကို အတိတ်မှာပဲ ထားခဲ့ကြရအောင်၊ ဘယ်လိုပဲဖြစ်ဖြစ် ဖက်တီးက အတိတ်ကိုမှ မမှတ်မိနိုင်တာ"
ကူယွဲ့က သူတို့ကို အေးစက်ကာ မာကြောတဲ့ အကြည့်နဲ့ ကြည့်လေတယ်။ "ထွက်သွား"
ငါ မင်းတို့နှစ်ယောက်လုံးပေါ် တစ်ပြားတောင် အလဟသဖြုန်းမယ်မထင်နဲ့။
သူ့မှာ ထူးခြားတဲ့ကိုယ်ရှိတာ မဆန်းတော့ဘူး။ သူအကြိမ်ပေါင်းများစွာ ပြန်လည်ဝင်စားတာတောင် အရိုးထဲ အဲလောက်ကုသိုလ်အများကြီး ရှိနေခဲ့တာ မဆန်းတော့ဘူး။ သူက ဖန်တီးသူ နတ်ဘုရားတွေထဲက တစ်ယောက်။ မျက်နှာပြင်ကို ကာကွယ်ခဲ့တာကြာလှပြီ။ သူက ကုသိုလ်အများကြီး စုဆောင်းမိခဲ့တာ မဆန်းတော့။ ပြီးတော့ သူက အစတည်းက ကောင်းကင်တာအိုကို တာဝန်ယူရတဲ့ နတ်ဘုရား။ ကောင်းကင်တာအိုက အချိုးအကွေ့တိုင်းမှာ သူ့အတွက် ကြားဖြတ်လမ်းတွေရှာပေးမှာ မထူးဆန်း။
သဘောတရားက ရှင်းပေမဲ့ ကူယွဲ့ ဒေါသထွက်ဆဲပဲ။
ဖက်တီးက ဖန်တီးမှုနတ်ဘုရားတွေထဲက တစ်ပါး မဟုတ်တော့တာ သိပြီး ဖက်တီးကဖက်တီးပဲဆိုတာ နားလည်ပေမဲ့ ကူယွဲ့ သူနှစ်ပေါင်းများစွာ လေ့ကျင့်ပေးခဲ့တဲ့ ဒီလူက တကယ်တော့ သူ့ကို အကြိမ်ပေါင်းများစွာ လိမ်လည်ခဲ့သူ ဖြစ်နေတဲ့အချက်ကို တွေးမိတိုင်း အောက်ဘုံဆီ ပြန်ထိုးထည့်ချင်စိတ်တွေ ပေါ်လာသေးတယ်။
သူ ဒီလူ့ကို ဂရုမစိုက်တော့ဘူး
"ဆရာ..." ဘာတွေဖြစ်နေလဲမသိတဲ့ ဖက်တီးက သူ့ကိုဇဝေဇဝါကြည့်လာတယ်။ ဘာလို့ ဆရာက ရုတ်တရက်ကြီး ကြောက်စရာအပြုအမူလုပ်နေရတာတုန်း။ ဆရာက သူ့ကို အမြဲ ရိုင်းရိုင်းဆက်ဆံခဲ့ပေမဲ့ ဘယ်တုန်းကမှ ဒီလောက်မဆိုးခဲ့ဘူး။ အခု ဒေါသက လွန်ကဲနေတဲ့ပုံပဲ။ ဖက်တီး စကားနည်းနည်းလေး ကျယ်ကျယ်ပြောတာနဲ့ ကူယွဲ့ဆီက သေမလိုစူးစိုက်တဲ့အကြည့် ရတော့တယ်။
သူ တက်လှမ်းတာ မှားယွင်းသွားခဲ့လို့လား။ လမ်းမှာ တစ်ခုခုကို ချန်ထားခဲ့မိလို့များလား။
ဖက်တီးရင်ထဲ နာကျင်သွားပြီး ထောင့်မှာ သူ့ကိုယ်သူ ဖက်ထားတော့တယ်။ သူ ရွေးစရာမရှိတော့ဘဲ အမတလှေထောင့်မှာ ကူယွဲ့ကို ဒေါသထွက်အောင် လုပ်မိရင် ကန်ချခံရမှာစိုးလို့ ကျုံ့နေရရှာတယ်။
ဖက်တီးက ဖိအားအများကြီး ရှိနေတယ်ထင်။ သူ ရှိနေတဲ့ထောင့်မှာ လေ့ကျင့်နေတာကလွဲ တခြား ဘာမှမလုပ်နိုင်။ အဲလိုနဲ့ပဲ သူက ဝလာပြန်တော့တယ် တကယ်တော့ အရင်ကထက်တောင် ပိုဝလာတာ။
ရှန်းရင် ။ ။ "..."
ယိချင်း ။ ။ "..."
ဘာမှမလုပ်ဘဲနဲ့တောင် သူက ဝလာပြန်တယ်။ တကယ့်ကို သူ့ရာသီခွင်က 'ဘောလုံး' ပဲ။
သူက ကောက်ကျစ်တဲ့ မိစ္ဆာနတ်ဘုရားနဲ့ ခေါင်းစခြေဆုံး ကွာခြားလို့ထင် ကူယွဲ့ ဒေါသက ပြေလျော့လာခဲ့ပြီး ဖက်တီးအပေါ် အေးစက်မှု လျော့နည်းလာခဲ့တယ်။ အနည်းဆုံးတော့ ဖက်တီး လှေပေါ်က ကန်ချခံရနိုင်ခြေ ရှိတယ်လို့ မခံစားရတော့ဘူး။
ဖက်တီးက အချိန်ကြာလာတာနဲ့အမျှ တစ်စုံတစ်ခုကို နားလည်သွားပုံပဲ။ အဲတော့ ဆရာက သူ ဝိတ်ကျသွားလို့ ဒေါသထွက်ခဲ့တာလား။ ဆရာ့နှလုံးသားက သူ့အတွက် အောင့်ပေးခဲ့တာလား။
ရုတ်တရက် ဖက်တီးရဲ့ နှလုံးသား အရည်ပျော်သွားခဲ့တယ်။ သူ ကူယွဲ့ စိတ်ပူစရာမလိုအောင် အမြဲဒီလိုပဲဝိုင်းစက်နေဖို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ ဖက်တီးက ကူယွဲ့ကို အချိန်ကြာလာတာနံ့အမျှ မကြောက်တော့ဘူး။ ကူယွဲ့ အကြည့်က ဘယ်လောက်ပဲ ကြောက်စရာကောင်းကောင်း သူ့မျက်လုံးထဲ နွေးထွေးမှု၊ တောက်ပမှုနဲ့ အမြဲ ပြန်ကြည့်တယ်။
ကူယွဲ့က ဖက်တီး သူ့ကို ကြည့်တိုင်း မသက်မသာဖြစ်လွန်းပြီး တစ်ကိုယ်လုံး ကြက်သီးတွေပါထလာတယ်။ သူ ဖက်တီးကို ထုထောင်းတာ ဦးနှောက်ပါထိသွားတာများလား။ ဟမ့် မိစ္ဆာနတ်ဘုရားက တကယ့်ကို တလွဲပဲ။
ဖက်တီးက အရှေ့ထိုက်ထဲ တက်လှမ်းလာတာ။သူက အလျင်မလိုတာကြောင့် ဝူတိနန်းတော်ကို အမတလှေနဲ့ ၉ရက်ကြာမှ ပြန်ရောက်လာခဲ့တယ်။
သူတို့တွေ အောက်ဘုံမှာ နှစ်ချီကြာညောင်းခဲ့ပေမဲ့ အချိန်ကွာခြားချက်ကြောင့် အမတဘုံမှာတော့ သူတို့သွားတာ ၂ရက်ပဲရှိသေးတယ်။ ခရီးရှည်ကြီးက သူတို့ အမတဘုံတစ်လျှောက် တွေ့ခဲ့ရတဲ့ နှောင့်နှေးမှုတွေရဲ့ ရလဒ်ပဲ။
ကူယွဲ့က ဖက်တီးကို ယွီဟုန်ဆီ လွှဲပေးချင်ပေမဲ့ ယွီဟုန်က တခြားတိုက်ကြီးဆီ အလုပ်ကိစ္စနဲ့ သွားနာ သိလ်ိုက်ရတယ်။ စစ်ယွီတောင် ဂိုဏ်းထဲ ဘယ်မှာမှရှာမတွေ့။ သူတို့ အနားယူဖို့ အနောက်ဆောင်ဆီ ပြန်လာချိန် ခြံဝန်းထဲ တိရစ္ဆာန်လေးတွေ အများကြီးနံ့ ပြည့်နေတာမို့ အရှေ့တံခါးကိုတောင် မမြင်ရတော့ဘူး။ အချိန်နဲ့အမျှ တိရစ္ဆာန်ငယ်လေးတွေ အူသံကိုလည်း ကြားရတယ်။
"ဒါဘာလဲ" ကူယွဲ့ အမူအရာမည်းနက်သွားတယ်။ "ဘယ်သူက ဒီနေရာမှာ တိရစ္ဆာန်ငယ်လေးတွေကို သိမ်းထားတာလဲ၊ ဘာလို့ ဘာလို့ ဒီတိရစ္ဆာန်တွေကနေ အပြာရောင် နတ်ဘုရားစွမ်းအင် ထွက်နေတာတုန်း"
ဒါတွေက ကောင်းကင်... သားရဲတွေ
(⊙_⊙)
"ကြီးမြတ်တဲ့နတ်ဒေဝါ ပြန်ရောက်လာပြီပဲ" ငမည်းလေးက ဘယ်ကမှန်းမသိ ခုန်ထွက်လာတယ်။ သူက ယွီဟုန့်ကို လက်ထပ်ပြီးတဲ့နောက် ယုံကြည်ချက် ပိုရှိလာတဲ့ပုံ။ ရှန်းရင်ကိုမြင်ရင် တုန်ယင်မနေတော့ဘူး။ အခု သူက ခြံထဲက တိရစ္ဆာန်လေးတွေကို လှမ်းကြည့်လိုက်တယ်။ သူတို့စိတ်ထဲကမေးခွန်းတွေကို ဖက်သလိုမျိုး သူကရှင်းပြတယ်။
"အိုး၊ ဒါတွေက ဟုန်မုန့်လို့ခေါ်တဲ့ လူတစ်ယောက်ဆီက လက်ဆောင်တွေပါ၊ သူပြောတာ ကြီးမြတ်တဲ့ နတ်ဒေဝါအတွက်တဲ့"
"ဟုန်မုန့်လား" ကူယွဲ့ တန့်သွားတယ်။ အဲတော့မှ တခြားမျက်နှာပြင်မှာ ဘာဖြစ်ခဲ့လဲ သူပြန်အမှတ်ရသွားတယ်။ ရှန်းရင်က အဲမျက်နှာပြင်ကို တည်ဆောက်ဖို့ ကူညီပေးခဲ့တာဆိုတော့ ဟုန်မုန့်က ရံဖန်ရံခါ လက်ဆောင်တွေပို့ပေးမှာ သဘာဝပဲ။ ဒါပေမဲ့ ဒီလောက် လက်ဆောင်အများကြီးတော့ ပို့ပေးဖို့မလိုဘူးမလား။ ဒီတိရစ္ဆာန်တွေက ရှန်းရင်အတွက် နှစ်ချီဟင်းပွဲတွေလောက် ရှိမယ်။
"ခင်ဗျားတို့ထွက်သွားတည်းက သူကမနက်တိုင်း ကြီးမြတ်တဲ့နတ်သမီးကို လာရှာနေတာ"
ငမည်းလေးက ဆက်ပြောတယ်။ "သူက အကြိမ်တိုင်း လက်ဆောင်တွေလည်း ပိုယူလာတာမို့... ဒီလောက်များနေတာပါ"
...
အခန်း ၄၉၈ ။ ဟုန်မုန့်၏ ဒုက္ခများ
ကူယွဲ့က ဆရာတပည့်နှစ်ယောက် ဝမ်းသာသွားပြီး လျှောက်ပြေးနေတဲ့ တိရစ္ဆာန်လေးတွေကို သူတို့သိုလှောင်အိတ်ထဲ ဆံ့အောင်ထည့်ဖို့ ကြိုးစားနေတာကို ကြည့်နေရတယ်။ သူတို့တွေက ဖက်တီးကိုတောင် ကူညီခိုင်းလိုက်သေးတယ်။ သူက ငမည်းလေးဘက် လှည့်ကာ မေးတယ်။
"သူက ငါတို့အတွက် သတင်းစကားချန်ခဲ့သေးလား" ဟုန်မုန့်က သူတို့ကျေနပ်အောင် ဒီလောက်အားထုတ်ဖို့ ကြိုးစားနေတာက အကြောင်းရင်းတော့ရှိရမယ်။
ငမည်းလေးက ခဏစဉ်းစားပြီးတဲ့နောက် ခေါင်းညိတ်တယ်။ "အင်း သူတစ်ခုခု ပြောခဲ့တယ်ထင်တာပဲ၊ သူက... သူက... ကြီးမြတ်တဲ့နတ်သမီးကို အပြင်မျက်နှာပြင် တစ်ခုခုမှာ စောင့်နေမယ်ဆိုလားပဲ"
"မျက်နှာပြင် အပြင်ဘက်က ဘုံတဲ့လား" ကူယွဲ့ တန့်သွားတယ်။ ကောင်းကင်ဘုံကို ဆိုလိုတာလား။ ရှန်းရင်က အစက အဲကမျက်နှာပြင်ဆီ ဂိတ်တံခါးတစ်ခု ချန်ထားခဲ့တယ်။ ကြည့်ရတာ ဟုန်မုန့်တကယ် ဒုက္ခရောက်နေပုံပဲ။
ကူယွဲ့ မျက်မှောင်ကြုတ်ပြီး ငမည်းလေးက်ု ဖက်တီးနေလို့ရမဲ့အခန်း ရှာပေးဖို့ ညွှန်ကြားလိုက်တယ်။ နောက်တော့ ရှန်းရင်နဲ့ ယိချင်းကို လတ်လတ်ဆတ်ဆတ် အသားတွေအားလုံး သိမ်းဆည်းဖို့ ကူညီပေးပြီး အခြေအနေ ရှင်းပြလိုက်တယ်။ နောက်တော့ သူက ကောင်းကင်ဘုံဆီ တံခါးဖွင့်လိုက်တယ်။
ဟုန်မုန့်က တကယ်ပဲ ကောင်းကင်ဘုံထဲ စောင့်နေပြီး မျက်နှာပြင်သစ်ပင်ဘေးက မြက်ခင်းပြင်ပေါ် စိတ်ပူပန်စွာ ထိုင်နေတယ်။ ကြည့်ရတာ သူစောင့်နေတာ တော်တော့်ကိုကြာနေတဲ့ပုံ။ သူ့ပတ်လည်မှာ မြက်ခင်းပြင်တစ်ပုံ တင်နေလောက်တဲ့အထိ မြက်တွေကို ဆွဲနုတ်ပြီးပြီ။
"လူကြီးမင်းတို့ နောက်ဆုံးတော့ ရောက်လာပြီပဲ" သူက သူတို့ကိုမြင်မြင်ချင်း ပြုံးရွှင်ကာ ရှေ့ကို လျှောက်လာတယ်။
"ဟေး အာ... မုန်မုန့်လား" ရှန်းရင်က သူ့ကို လက်ယမ်းပြလိုက်တယ်။
ဟုန်မုန့် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
နာမည်တစ်ခုတောင် မှတ်မိနိုင်ရဲ့လား။
"ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော့်နာမည်က ဟုန်မုန့်ပါ"
ဟုန်မုန့်က မျက်မှောင်ကြုတ်ရင်းပြောတယ်။
"အိုး" ရှန်းရင်က ခေါင်းညိတ်တယ်။
"နင့်တိရစ္ဆာန်လေးတွေအားလုံးကို သိမ်းပြီးပြီ မုန့်မုန့်၊ သူတို့က ကောင်းတယ် မုန့်မုန့်၊ ကျေးဇူးပါ မုန့်မုန့်"
"..." ကောင်းပါပြီ ခင်ဗျား ပျော်နေသရွေ့ပေါ့။
"ဟုန်မုန့်၊ မင်း ငါတို့ကို အဲလောက် အရေးတကြီး ရှာရတဲ့ အကြောင်းရင်းရှိလား" ကူယွဲ့က ရှေ့ကို တက်ကာ မေးလာတယ်။
"ဟုတ်ကဲ့ သေချာပေါက်ပေါ့" ဟုန်မုန့်က နာမည်ခေါ်တဲ့ကိစ္စကို ဘေးဖယ်ပြီး သူတို့ကို တည်ကြည်တဲ့အမူအရာနဲ့ လက်သီးတွေကို အုပ်မိုးကာပြောလာတယ်။
"ကျွန်တော် ဒီနေ့လာတာ မျက်နှာပြင်မှာ ကိစ္စတစ်ခုဖြစ်နေလို့ပါ၊ ခင်ဗျား၊ ခေါင်းဆောင်နဲ့ လက်ထောက်တွေရဲ့ အကူအညီကို လာတောင်းဖို့ကလွဲ ရွေးစရာမရှိတော့ဘူး"
"မင်းမျက်နှာပြင်မှာ ဘာဖြစ်တာလဲ" သူတို့က ခုမှ မျက်နှာပြင်ကို ပြန်စတင်တာ မဟုတ်ဘူးလား။ သူတို့သက်ရှိတွေအားလုံးက မွေးကာစမဟုတ်ဘူးလား။
"ကျူးကျော်သူ ရှိတယ်လို့တော့မပြောနဲ့နော်" ကူယွဲ့ အမူအရာမည်းမှောင်သွားတယ်။
"ဟင့်အင်း အဲလိုမဟုတ်ပါဘူး" ဟုန်မုန့်က သူ့ခေါင်းကိုယမ်းတယ်။
"ကျွန်တော်တို့က မျက်နှာပြင်ကို ပြန်စတင်ကာစဆိုတော့ ကျူးကျော်သူ မရှိပါဘူး" ဘယ်သူမှ သူတို့မျက်နှာပြင်ကို သိမ်းပိုက်ဖို့ ဂရုစိုက်မှာမဟုတ်။
"ဒါဆို ဘာကိစ္စလဲ"ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။
"နဂိုရင်းမြစ်က သက်ရှိသတ္တဝါတွေက အဲမှာနေလာတာ အရမ်းကိုကြာပြီလေ၊။ သူတို့တွေက ချီမျိုးစုံရောနေပြီး တခြားအရှိန်အဝါတွေ စွန်းထင်းနေတာ၊ သက်ရှိသတ္တဝါတွေကို ကျွန်တော်တို့ မျက်နှာပြင်ဆီ ပြန်ဆွဲဆောင်ဖို့ လုပ်ငန်းစဉ်အသစ်ဖန်တီးရတော့တာပေါ့၊ ဒါပေမဲ့ ကျွန်တော်တို့လို ရှေးဟောင်းနတ်ဘုရားတွေက စိတ်တိုင်းကျ မျက်နှာပြင်ကို နှောင့်ယှက်လို့မရဘူးလေ၊။ အဲဒါကြောင့် တခြား၁၂ ယောက်က သာမန်သက်ရှိသတ္တဝါတွေအဖြစ် ပြန်လည်ဝင်စားပြီး တခြားသူတွေကို ပြန်ဦးဆောင်နိုင်ဖို့ သံသရာထဲဝင်သွားခဲ့တယ်"
"ပြီးတော့ရော"
"ပြီးတော့... တစ်ခုခု ဖြစ်သွားခဲ့တယ်" ဟုန်မုန့်က ပိုသတိထားပြီး ပိုကြောက်လာတဲ့ပုံ။
"သူတို့ သံသရာက ပြန်လာပြီးတဲ့နောက် သူတို့မှတ်ဉာဏ်တွေအားလုံး ပျောက်သွားတယ်၊ ကျွန်တော်က နောက်က ထိန်းချုပ်သူဆိုပေမဲ့ ကျွန်တော်က တစ်ယောက်တည်းဖြစ်ပြီး ပြဿနာတိုင်းကို မဖြေရှင်းနိုင်ဘူးလေ၊ ပြီးတော့ ကျွန်တော်က စိတ်တိုင်းကျ ဝင်နှောင့်ယှက်လို့မရဘူးလေ၊ အဲဒါကြောင့် စနစ်အသစ်က ကောင်းကောင်း အလုပ်မလုပ်ဘူးဖြစ်နေတာ"
သူက သူတို့သုံးယောက်ကို မျှော်လင့်တကြီး ကြည့်တယ်။
"ကြင်နာတဲ့လူကြီးမင်းတို့၊ ခင်တို့မျက်နှာပြင်ထဲကအခြေအနေက တည်ငြိမ်နေပြီ၊ အဲဒါကြောင့် သတ္တိစုဆောင်းပြီး အကူအညီ လာတောင်းရတာပါ၊ ကျေးဇူးပြုပြီး ကျွန်တော့်မျက်နှာပြင်နောက် လိုက်ခဲ့ပြီး နောက်ဆုံးတစ်ကြိမ် ကူညီပေးလို့ရမလား"
"ဆိုလိုတာ ကောင်းကင်တာအိုကို ပြန်တည်ဆောက်ဖို့ မင်းနဲ့လိုက်စေချင်တယ် ပြောနေတာလား"
"ဟုတ်ဟုတ်ဟုတ်" ဟုန်မုန့်က အသည်းအသန် ခေါင်းညိတ်တယ်။
"မရပါဘူး" ကူယွဲ့ တစ်ခါတည်း ငြင်းလိုက်တယ်။
"ဟမ်... အာ" ဟုန်မုန့်က ဝမ်းနည်းပက်လက် သူ့ကိုအူကြောင်ကြောင် စိုက်ကြည့်နေတယ်။
"အဲဒါ မင်းရဲ့ကိုယ်ပိုင်မျက်နှာပြင်ပြဿနာလေ၊ ဘာလို့ ကိုယ့်ဘာသာ မဖြေရှင်းနိုင်ရတာတုံး" သူတို့က အလှူပေးတယ်များထင်နေလား။
"ဒါပေမဲ့..."
"သွားကြစို့ ဖေဖေနျို" ရှန်းရင်က ရုတ်တရက်စကားပြောလာတယ်။
"ရှန်းရင်" ကူယွဲ့ သူမကို စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။ သူတို့ တစ်ခါကူညီပြီးပြီကို အဲဒါကြောင့် သူမ မေ့မျောသွားခဲ့တာလေ။ ဒီတစ်ကြိမ် ဘာဖြစ်မလဲ ဘယ်သူသိမှာ။
"အဆင်ပြေမှာပါ" ရှန်းရင်က အသီးတစ်လုံးကို ကိုက်ရင်း ခေါင်းစောင်းကာပြောတယ်။
"ပြီးတော့... ငါတို့ တိရစ္ဆာန်ငယ်လေးတွေကို လက်ခံပြီးပြီလေ"
ကူယွဲ့ အမူအရာ မည်းနက်သွားတယ်။
"ဒါဆို ပြန်ပေးလိုက်"
ဆရာတပည့်က သူတို့သိုလှောင်အိတ်ပေါ် ကာကွယ်တဲ့လက်တစ်ဖက် အလိုလိုတင်ကာ ခြေတစ်လှမ်း ပြန်ဆုတ်လိုက်တယ်။
"ရှန်းရင်" ခွေးလေးနှစ်ကောင် - မင်း ငါ့ကို သေတွင်းတူးပို့ချင်နေတာလား။ ကူယွဲ့ ပေါက်ကွဲခါနီးမှာတင် စားဖိုမှူး တီးတိုးပြောသံကိုကြားလိုက်ရတယ်။
"ဖေဖေနျို အကြီးအကဲ ရှန်းကျင်းက ဆရာဒီမျက်နှာပြင်ကို စီမံမှာ သဘောတူချိန် ဘာပြောခဲ့လဲ မှတ်မိလား"
ကူယွဲ့ သူ့ကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။
"အဲဒါက ဒါနဲ့ဘာဆိုင်လဲ၊ ရှန်းကျင်းက သူ လွှဲယူမှာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ် မဟုတ်ဘူးလား၊ ပြောသေးတာက ရှန်းရင်သာ ကိုယ်ပိုင်မျက်နှာပြင် တကယ်လိုချင်ရင် သူ့ဘာသာတည်ထောင်-" ကူယွဲ့ပြောနေရင်း ရပ်သွားပြီး မျက်လုံးပြူးကုန်တယ်။
"ဟိုလီရှစ် မင်းအတည်ပြောနေတာလား"
ယိချင်းက လေးနက်စွာ ခေါင်းညိတ်တယ်။
"အဲမျက်နှာပြင်က အလိုအလျောက် တည်ရှိလာတာ မဟုတ်ဘူးလေ၊ ဆရာက ဖန်တီးခဲ့တဲ့သူ၊ ပြောရရင် ဆရာက အဲတခြားမျက်နှာပြင်မှာလည်း စီမံထိန်းသိမ်းသူပဲ၊ ကျွန်တော်တို့က အဲမျက်နှာပြင်ရဲ့ လက်ထောက်တွေ မဟုတ်ပေမဲ့ အဲမှာ တစ်ခုခုမှားသွားရင် ဆရာ့ကိုပါ သက်ရောက်နိုင်တယ်"
ချီး၊ ရှန်းရင်က တကယ်ပဲ မျက်နှာပြင်နှစ်ခုကို တစ်ပြိုင်နက် ထိန်းချုပ်ရမှာလား။
ကူယွဲ့ သက်ပြင်းမောကြီးချပြီး သူ့ရင်ထဲက ဒေါ သမြင့်တက်လာတာကို ဖိနှိပ်ဖို့ကြိုးစားလိုက်တယ်။ တခြားနည်းနဲ့ပြောရင် သူ ထပ်ပြီး မငြင်းနိုင်တော့ဘူး။
"ဖေဖေနျို စိတ်အေးအေးထားဖို့ အသီးလေးဘာလေး စားလိုက်ပါ" ရှန်းရင်က အသီးတစ်လုံး ကမ်းပေးလာတယ်။
ကူယွဲ့ သူမကို ဝါးစားမလိုကြည့်လိုက်တယ်။
"စိတ်ရင်းပါရင် မမှည့်တဲ့အသီးမပေးနဲ့" ငါ့ကို ဖက်တီးလို့များ ထင်နေလား။
"အာ..." ရှန်းရင် လက်ပြန်ရုတ်လိုက်တယ်။
"ကောင်းပြီလေ" ကူယွဲ့က ဟုန်မုန့်ကို လှမ်းပြောလိုက်တယ်။
"ငါတို့ မင်းကို ဒီတစ်ကြိမ်ပဲကူညီမယ်"
ဟုန်မုန့်က အပျော်လွန်သွားတဲ့ပုံ။ ကူယွဲ့စိတ်ကို ဘာက ရုတ်တရက် ပြောင်းလဲသွားစေလဲမသိပေမဲ့ သူလက်သီးတွေကိုဆုပ်ကာ ဂါရ၀ပြုလိုက်တယ်။
"အားလုံးကို ကျေးဇူးတင်ပါတယ်" သူတို့စိတ်ပြောင်းမှာကို ကြောက်သလိုမျိုး သူ အမြန် တစ်ဖက်လှည့်ကာ မျက်နှာပြင်ဘုံတံခါးတွေကို ဖွင့်လိုက်တယ်။
"စားဖိုမှူး" ရှန်းရင်က ရုတ်တရက် တစ်ဖက်လှည့်ကာ လှမ်းခေါ်လိုက်တယ်။
"ဖက်တီးကိုပါ ခေါ်လိုက်"
"ဟုတ်ကဲ့ ဆရာ"
"စောင့်ဦး" ကူယွဲ့ တုံ့ဆိုင်းသွားတယ်။
"ဘာလို့ ဖက်တီးကို ခေါ်ဖို့လိုတာလဲ"
နောက်ကျလွန်းသွားပြီ။ ယိချင်းက ပျောက်သွားကာ ကူယွဲ့ နောက်အခိုက်အတန့်မှာ သိလိုက်ရတာတော့ ယိချင်းက ဖက်တီးကို သူတို့ဆီ ဆွဲခေါ်လာပြီဆိုတာပဲ။
"သူ့မှာ အတွေ့အကြုံရှိတယ်လေ" ရှန်းရင်က ဖြေတယ်။
ကူယွဲ့ သဘောမတူ။ "သူက အရင်က အတွေ့အကြုံရှိပေမဲ့ ခုက..." မိစ္ဆာနတ်ဘုရား မဟုတ်တော့ဘူးလေ။
သူ စကားမဆုံးခင် ရှန်းရင်က သူမလက်ကိုမြှောက်ကာ ဖက်တီးနဖူးအလယ်ကို သူမလက်ချောင်းတွေနဲ့ ထောက်လိုက်တယ်။ ဖက်တီးရဲ့ကိုယ်ခန္ဓာက ထူထဲတဲ့မသေမျိုးချီက ပျောက်ကွယ်သွားပြီး ဟုန်မုန့်လိုမျိုး ကြောက်ခမန်းလိလိအရှိန်အဝါနဲ့ အစားထိုးသွားခဲ့တယ်။
ရှန်းရင်က ဖက်တီးထဲ ဖန်တီးသူနတ်ဘုရားတွေရဲ့ အစွမ်းတွေကို ပြန်ရအောင်လုပ်ပေးလိုက်တာပဲ။
(⊙ o ⊙)
ကူယွဲ့ နှုတ်ခမ်းသပ်လိုက်တယ်။ ပြီးရောလေ၊ သူတို့ ပျော်သရွေ့ပေါ့။
ဖက်တီးက ဇဝေဇဝါဖြစ်နေပြီး သူ့နားမှာ ဘာတွေဖြစ်နေလဲ နားမလည်နိုင်။ သူက အုပ်စုကို လေ့လာလိုက်တယ်။ ငါဘယ်မှာလဲ။ ခုလေးတင် ဘာတွေဖြစ်သွားတာလဲ။
"သွားကြစို့"
သွားမယ်လား။ ဘယ်သွားမှာ။ တစ်ယောက်ယောက် သူ့ကို ဘာတွေဖြစ်နေလဲ ရှင်းပြလို့ရမလား။
သူ့ရှေ့က၃ယောက်က အရှေ့မှာလင်းထိန်နေတဲ့ အဖြူရောင်အလင်းထဲ ပျောက်ကွယ်သွားပြီးပြီ။ ဖက်တီးက ဟိုဟိုဒီဒီ ကြည့်ကာ သူတို့နောက် တံခါးကတစ်ဆင့်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။
မျက်စိကျိန်းစရာ အလင်းဖြူပေါ်လာပြီးတဲ့နောက် သူ့မျက်စိရှေ့က မြင်ကွင်းက ပြောင်းလဲသွားတယ်။ သူတို့အမြင် မရှင်းသွားခင်ပတ်ပတ်လည်မှာ တိုက်မိသံတွေ ကြားလိုက်ရတယ်။ တစ်ခုခု သူတို့ဆီ ပြုတ်ကျလာနေတာပဲ။