← Chapters

အခန်း (၅၀၂-၅၀၄)

Vol. 34 Ch. 502-504

အခန်း (၅၀၂-၅၀၄)

Vol. 34 Ch. 502-504

အခန်း ၅၀၂ ။ အကောင်းဆုံးဆရာ

ကျောင်းသားတွေ အများကြီးက တကယ်ပဲ သင်ယူဖို့ ဒီကိုရောက်လာပေမဲ့ အခြေအနေကို ကြည့်ဖို့ ရောက်လာကြတာပိုများတယ်။ ခေါင်းဆောင်၁၂ယောက်ကို ကယ်ဖို့လာသူတချို့ အပါအဝင်ပေါ့။ သေချာပေါက် အများစုကတော့ ပျော်ပွဲရွှင်ပွဲ ကြည့်ဖို့ပဲ။

ကူယွဲ့ သိပ်တော့ ဂရုမစိုက်ပါဘူး။ သူတို့ ဒီကိုရောက်လာပြီဆိုမှတော့ ထွက်သွားဖို့ အိပ်မက် မမက်နဲ့တော့။

ကူယွဲ့က ဟုန်မုန့်ကို ကွင်းကို၁၀ဆ ထပ်ချဲ့ခိုင်းကာ အပြင်ဘက်မှာ အင်းကွက်တွေအများကြီး ပြင်ဆင်လိုက်ပြီး ‌အထဲလာသူကောင်းကင်မျိုးနွယ်တွေအားလုံးကို ပိတ်လှောင်ထားလိုက်တယ်။ နာမည်အမိုက်စား ပေးရရင်တော့ အကျဉ်းချစတိုင် ပညာရေးပေါ့။

သူတို့တွေ တပည့်တွေနဲ့ နေရာရှိပြီဆိုတော့ နောက်တစ်ခုက သင်ကြားရေးကို တရားဝင်စတင်ဖို့ပဲ။ ကူယွဲ့ အဲတော့မှ ပြဿနာကြီးတစ်ရပ်ကို တွေးမိသွားတယ်။ ဒီလူတွေက... အခြေခံအုတ်မြစ်မရှိဘူး။ သူတို့တွေက ကျင့်ကြံခြင်းမှာ အုတ်မြစ်မရှိတာ မဟုတ်ဘဲ အခြေခံဘာသာစကား အုတ်မြစ်တောင် မရှိတာ။ ပြီးတော့ ကသောင်းကနင်းအရှိန်အဝ် လွှမ်းမိုးမှုကြောင့် သူတို့ရဲ့နားလည်နိုင်စွမ်းကတောင် ပြဿနာရှိကြောင်း သက်သေပြနိုင်လောက်တယ်။

ဒီကိစ္စအတွက် သူတို့ ပညာရေးကော်မတီ အစည်းအဝေး ကျင်းပခဲ့ရတယ်။

ဒီလူတွေက စာဖတ်ဖို့ အခြေခံကနေ စသင်ပေးရမှာ အသိသာကြီး။ ဒါပေမဲ့ သော့ချက်က ဘယ်သူ သူတို့ကို သင်ပေးမှာလဲ။

"ငါတို့ အရင်ကမ္ဘာက သင်ကြားရေးရဲ့ အဆင့်နဲ့နည်းလမ်းက ပိုပြီးမိုက်သေးတယ်လို့ ခံစားရတာပဲ" ကူယွဲ့ ရှန်းရင်ကို လှမ်းကြည့်ကာ ပြောလိုက်တယ်။

"ရှန်းရင် နှစ်ရာချီတချို့ သင်ပြီးတဲ့နောက်မှာ ငါ ကိစ္စတော်တော်များများကို မေ့သွားပြီ၊ မင်း သင်ပါလား"

"ဟမ်" ရုတ်တရက် ခေါ်ခံလိုက်ရတဲ့ ရှန်းရင် ကြောင်အမ်းသွားတယ်။

"ငါတို့တွေက သင်ခဲ့ရတဲ့စနစ် မတူဘူးလေ၊ နင်ငါ့ကို သင်စေချင်တာ သေချာရဲ့လား"

"..."

ချီး သူမက ကမ္ဘာမြေပေါ် ခဏလေးပဲ နေတယ်ဆိုရုံလေးနေခဲ့ပြီး မူလတန်းမှာတောင် တစ်နှစ် နှစ်ကျခဲ့တာကို မေ့လုနီးပါး ဖြစ်သွားခဲ့တာ။

"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ၊ စားဖိုမှူး မင်းလုပ်နိုင်လား"

"ကျွန်တော်လည်း အခြေခံအစတွေအကြောင်း သိပ်မမှတ်မိဘူး" စားဖိုမှူးက ခေါင်းယမ်းတယ်။

ကူယွဲ့ ဟုန်မုန့်ကိုသာ လှမ်းကြည့်ရတော့တယ်။

"ကျွန်တော့်အတွက်ဆို ပိုတောင်ကြာလှပြီ" သူက အမြန် လက်ကိုယမ်းတော့တယ်။

ဖက်တီးက လက်တစ်ဖက်ကို ပျော့တိပျော့ဖတ်နဲ့ ‌လက်မြှောက်လာတယ်။

"ဆရာ..."

"ဘာလို့လဲ၊ မင်းသင်ပေးချင်လို့လား"

"မဟုတ်ပါဘူး မဟုတ်ပါဘူး" ဖက်တီးက ခေါင်းယမ်းတယ်။

"ကျွန်တော်ပြောချင်တာက... ညီကိုယုန်ဆိုရင်ရော"

ရှန်းရင် ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

ကူယွဲ့ ထရပ်ကာ ဖက်တီးပခုံးပေါ် တစ်ချက်ပုတ်လိုက်တယ်။

"ဖက်တီး ဒီလောက်နှစ်တွေ အကြာကြီးအပြီးမှာ မင်းနောက်ဆုံးတော့ လူဆန်တဲ့စကားပြောခဲ့ပြီပဲ"

"..." ဆရာက သူ့ကို ချီးကျူးနေတာလား၊ ဆူနေတာလား။

ကူယွဲ့က အချိန်မဆွဲဘဲ တခြားမျက်နှာပြင်ဆီ တန်းသွားကာ သူတို့ အရင်ကရှိနေခဲ့တဲ့ ကမ္ဘာငယ်လေးဆီ ဝင်ပြီး တောင်ဘက်မြေက နတ်ဆိုးဘုရင်နန်းတော်ထဲ ပျော်ရွှင်စွာ မုန်လာဥနီဝါးနေတဲ့ ယုန်ရှေ့ ပေါ်လာတော့တယ်။

ယုန်ရဲ့ လက်တွေတုန်ယင်သွားပြီး သလွန်ပေါ်က ပြုတ်ကျလုနီးပါးတောင် ဖြစ်သွားလေရဲ့။

"ကြီး... ကြီးမြတ်... ကြီးမြတ်တဲ့ ကြီးမြတ်တဲ့နတ်ဒေဝါ၊ ခင်ဗျား ဘာလို့..."

သူ စကာမဆုံးခင် ကူယွဲ့က သူ့ခေါင်းထိပ်ဖျားက နားရွက်တွေကို ‌ဆွဲကိုင်ပြီး လေးနက်မှုအပြည့်နဲ့ မေးလိုက်တယ်။

"ယုန် ငါမင်းကို ခု မသေမျိုးဆီ တက်လှမ်းဖို့ အခွင့်အရေးပေးမယ်... အိုး မဟုတ်ဘူး၊ နတ်ဘုရားတစ်ပါး ဖြစ်ဖို့ အခွင့်အရေးပဲ၊ မင်းလိုချင်လား"

"ဟမ်... ဟမ်"

ဘုတ် ဒီတစ်ကြိမ်တော့ ယုန်က တကယ် ပြုတ်ကျသွားခဲ့တယ်။

သူ ခုကြားယောင်နေတာလား။

(゚Д゚≡゚Д゚)

အ‌ချိန်အတော်ကြာ ငေးငိုင်နေပြီးမှ သူက ခပ်တောင့်တောင့် ခေါင်းညိတ်မိတယ်။

"ဟုတ်... ဆန္ဒရှိပါတယ်၊ ဒါပေမဲ့..." သူက ယုန်တစ်ကောင်ပဲလေ၊ နတ်ဘုရား မပြောနဲ့ မသေမျိုးတက်လှမ်းမှုကတောင် ခမ်းနားတဲ့ ဆန္ဒတစ်ခုဖြစ်နေပြီ။

"မင်း လိုချင်သရွေ့ သွားကြမယ်" ကူယွဲ့ ထပ်ပြီး စကားပြော အချိန်ဖြုန်းမနေတော့ဘဲ ယုန်ကိုဆွဲမပြီး ထွက်လာခဲ့တယ်။

ယုန်က လုံးဝကို ကြောင်အမ်းနေတယ်။ သူ အသိပြန်ဝင်လာချိန် မရင်းနှီးတဲ့ တိရစ္ဆာန်တွေထဲ ပစ်ထည့်ခံလိုက်ရတယ်။ များလွန်းလို့ ယုန်က အဆုံးကိုတောင် မမြင်ရဘူး။ သူတို့တွေက ကောင်းကင်ဖိနှိပ်မှုတွေ ထုတ်လွှတ်နေလို့ ကြောက်လန့်မှုနဲ့ တုန်ယင်နေတော့တယ်။ ယုန်ရဲ့ခြေထောက်တွေက ပျော့ခွေကုန်တယ်။ တကယ်လို့ ကူယွဲ့ ထိန်းထားတာကြောင့်သာ မဟုတ်ရင် သူ မြေကြီးပေါ် ရေအိုင်ဖြစ်တော့မှာပဲ။

သူတို့အားလုံးက ကောင်း... ကောင်းကင်... ပောင်းကင်မျိုးနွယ်ပဲ သူ ကောင်းကင် လောကထဲ ရောက်လာပြီလား။

(⊙_⊙)

ယုန်ခဏလောက် မေ့မျောချင်သွားတယ်။

ဒါပေမဲ့ သေချာပေါက် ကူယွဲ့က အခွင့်အရေးမပေးဘဲ သူ့လက်ထဲ စာအုပ်တစ်အုပ် ထိုးထည့်ပေးလာတယ်။

"ရော၊ ဒါ မင်းရဲ့ သင်ကြားရေးအထောက်အကူ၊ ခုကစပြီး မင်း သူတို့ကို စာဖတ်တတ်ဖို့ သင်ရင်ရပြီ"

"ဟမ်" ယုန်က ကြောင်အမ်းနေဆဲ။ စာဖတ်ဖို့လား

ကောင်းကင်မျိုးနွယ်ကိုလေ။ သူကလား။

"ကြီးမြတ်... ကြီးမြတ်တဲ့ အမတ၊ မဟုတ်ဘူး မဟုတ်ဘူး ကြီးမြတ်တဲ့နတ်ဘုရား ကျွန်တော်က ယုန်လေးပဲလေ"

"ဘာလို့လဲ မဖတ်နိုင်ဘူးလား"

"ဖတ်နိုင်ပါတယ်" ဒါပေမဲ့ ဒါက စာဖတ်တတ် မဖတ်တတ် ပြဿနာပဲမဟုတ်ဘူးလေ။ ပြီးတော့ ဘာလို့ ကောင်းကင်မျိုးနွယ်က စာမဖတ်နိုင်ရတာလဲ။

"ဒါဆို အဲဒါအလုပ်ဖြစ်တယ်လေ၊ သူတို့ကို မင်းလက်ထဲ လွှဲခဲ့ပြီယုန်ရေ" ကူယွဲ့က သူ့ပခုံးကိုပုတ်ကာ ယုန်ကို လေထဲက သင်ကြားရေးခုံမြင့်ဆီ ပျံသန်းခေါ်သွားတယ်။ သူက အင်းကွက်အထပ်ထပ်တောင် ပြင်ဆင်ပေးတယ်။ ယုန် သူ့ကိုယ်ပေါ် လေးလံစွာ ကျရောက်နေတဲ့ ကောင်းကင်ဖိနှိပ်မှုက ချက်ချင်း ပျောက်ကွယ်သွားတာကို ခံစားလိုက်ရတယ်။

သူ အသိစိတ်ပြန်ဝင်လာချိန် ကူယွဲ့က ပျောက်သွားပြီဖြစ်ကာ ယုန်ငယ်လေးတစ်ကောင်ကို လေထဲက ခုံမြင့်ဆီ ချန်ထားခဲ့ပြီး အောက်မှာတော့ ကောင်းကင်မျိုးနွယ်ရဲ့ အဆုံးမရှိတဲ့စစ်တပ်ကြီးဖြစ်တဲ့ အနက်ရောင်ပင်လယ်။

ယုန်ရဲ့ခြေထောက်တွေက တုန်ယင်စပြုလာပြန်တယ်။ ဒါက ကြီးမြတ်တဲ့အမတစီစဉ်တဲ့ နောက်ဆုံးစမ်းသပ်မှုလား။ ဒါပေမဲ့ သူက ဒီကိုရောက်နေပြီဆိုမှတော့ အံကြိတ်ပြီး လုပ်ရုံပဲ ရှိတော့တာပေါ့။ တုန်ယင်နေတဲ့လက်တွေနဲ့ စာအုပ်ကို တစ်ချက် လှန်ဖွင့်ကြည့်လိုက်တော့ ဉာဏ်အလင်းပွင့်မှုအကြောင်း စာအုပ်ဖြစ်ကာ နားလည်ရလွယ်ကူပြီး သရုပ်ဖော်ပုံတွေတောင် ပါတယ်။

သူက နဖူးပေါ်က ချွေးကိုသုတ်ပြီး အံကြိတ်ရင်း အခင်းပေါ် ထိုင်ချလိုက်တယ်။ ချက်ချင်းဆိုသလိုပဲ သူ့ခြေဖဝါးအောက်က အစီအရင်က အသက်ဝင်သွားတယ်။ ခပ်ရေးရေး သူ့အရိပ်တစ်ခု ကောင်းကင်ထဲ ချက်ချင်းပေါ်လာတယ်။ အဲအရိပ်က အရမ်းကို ကျယ်ပြန့်ပြီး ကောင်းကင်တစ်ခုလုံးနီးပါး ဖုံးလွှမ်းသွားကာ မျိုးနွယ်စုအမျိုးမျိုးရဲ့ ကျောင်းသားတွေ့ရှေ့ ရှင်းရှင်းလင်းလင်း ပေါ်လာတယ်။

ဒီလိုခေတ်သစ်နည်းပညာကို တစ်ခါမှ မမြင်ဖူးတဲ့ မျိုးနွယ်စုတွေက ကြောင်အမ်းကုန်ပြီး ကောင်းကင်ထဲက အရိပ်ကို မော့ကြည့်ရင်း မျက်နှာပေါ် အံ့ဩမှင်တက်မှုအပြည့်နဲ့ ငြိမ်ကျကုန်တယ်။

တစ်ချိန်တည်းမှာပဲ ယုန်ရဲ့အသံကလည်း သူတို့နားထဲ ကြည်လင်စွာ ပဲ့တင်ထပ်နေတယ်။

ယုန်က လက်ထဲက စာအုပ်ကို ဖွင့်လိုက်တာနဲ့ ချက်ချင်း စာအုပ်ထဲက အကြောင်းအရင်းတွေကလည်း ပါဝါပွိုင့်လို ကောင်းကင်ထဲ ပေါ်လာတယ်။

"အဟမ်း ခု သင်ခန်းစာစတင်ကြရအောင်" ယုန်က တရားဝင် အလင်းပွင့်သင်ကြားရေး အလုပ်အကိုင်ကိုစတင်ခဲ့တယ်။

အဲတည်းက ခရမ်းရောင်ညနန်းတော်မှာ 'ငန်းငန်းငန်း၊ လည်ပင်းကွေး၊ ကောင်းကင်ဆီ တေးဆို'၊ 'ကွင်းပြင်က မြက်ခင်းစိမ်း' နဲ့ တခြား ခပ်ဆင်ဆင်အသံတွေ မကြာခဏ ထွက်လာတယ်။

ယုန်က အစကတော့ ကြောက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရှေ့က ကောင်းကင်မျိုးနွယ်အုပ်ကြိးလေ။ သူကတော့ ဧကဒဿမအဆင့် တက်လှမ်းကာစယုန် ဖြစ်ပြီး နောက်ဖေးတံခါးကနေ ဝင်လာတာ။ မျိုးနွယ်စုအသီးသီးရဲ့ ဖိနှိပ်မှုအောက် ကြောက်တာ သဘာဝပဲ။ ဒါပေမဲ့ တဖြည်းဖြည်း... သူ ကျင့်သားရလာတယ်။

╮(╯▽╰)╭

ပြီးတော့ သင်ကြားရေးတင်မက တစ်ခါတလေ လူတိုင်းကို လိုက်ဖတ်ဖို့ပါ အားပေးတယ်။

အောက်က ကောင်းကင်မျိုးနွယ်တွေက ရက်ပိုင်းတော့ ဒီခမ်းနားမှုအပေါ် စိတ်ဝင်စားမှု၊ သိချင်မှုတို့နဲ့ အာရုံစိုက်သင်ကြားတယ်။ ဒါပေမဲ့ အချိန်တစ်ခုအကြာမှာ စာဖတ်ဖို့ ပျင်းစရာ သင်ကြားရေး သင်ခန်းစာတွေပဲဆိုတာ နားလည်သွားပြီး စိတ်အနည်းငယ်ရှုပ်ကာ စိတ်မရှည်ဖြစ်ပြီး အင်းကွက်အစီအရင်ထဲကပါ ပြေးထွက်ချင်နေတယ်။ သူတို့တွေက အရိုင်းဆန်ပြီး ချုပ်နှောင်မှုအပေါ် တစ်ခါမှ မကျရောက်ဖူးဘူး။ သူတို့ကြမ်းတမ်းတဲ့ သဘာဝပါ ထည့်ပေါင်းလိုက်တော့ သူတို့က စိတ်သိပ်မရှည်ဘူးပေါ့။ မဟုတ်ရင် သူတို့တွေ စက္ကန့်တိုင်းတိုက်ခိုက်ပြီး လောကကြီးကို ကသောင်းကနင်း ဖြစ်စေမှာ မဟုတ်ဘူး။

အင်းကွက်ထဲကနေ ပြေးထွက်လို့မရတော့ ဒီကောင်းကင်မျိုးနွယ်တွေက စင်မြင့်ပေါ်က ယုန်ကို ဒေါသပုံချတော့တယ်။ သူတို့တွေက ဓားစာခံအဖြစ် သူ့ကို ဖမ်းဆီးချင်ပေမဲ့ အပေါ်က အင်းကွက်ကြောင့် ဒဏ်ရာရကုန်တယ်။

ကူယွဲ့က ယုန်ကို စိုးရိမ်စရာမလိုဘဲ ဒီမှာထားနိုင်တည်းက ဖြေရှင်းနည်းတွေ ‌စဉ်းစားပြီးသား။ ရက်နည်းနည်းလေး ရှိသေး ကွင်းပြင်ထဲက ကသောင်းကနင်း ဖြစ်နေတာမြင်တော့ ကူယွဲ့က စည်းကမ်းထိန်းသိမ်းရေးဆရာ - စားဖိုမှူးကို လွှတ်လိုက်တယ်။ ဒီကလန်ကဆန်ကျောင်းသားတစ်အုပ်နဲ့ ပတ်သက်ပြီး ထိရောက်တဲ့နည်းလမ်းတစ်ခုပဲ ရှိတယ် - ကောင်းကောင်းထုထောင်းပေးလိုက်။

ဒါကြောင့် လူတိုင်း တစ်ကြိမ်စီ ထုထောင်းခံရပြီးတဲ့နောက် သင်ကြားရေးကွင်းပြင်တစ်ခုလုံး နဂိုအစီအစဉ်အတိုင်း ဆက်လုပ်ကြတယ်။

စားဖိုမှူးကလည်း နေ့တိုင်း မထင်မှတ်တဲ့အချိန်တွေမှာ ကွင်းကို ဓားတစ်ချောင်းနဲ့ ကင်းလှည့်တယ်။ တစ်ယောက်ယောက် မလိမ္မာတာ မြင်ရင် သူက ဓားနဲ့တန်းချတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်မျိုးနွယ်က ကြမ်းတမ်းတဲ့ အရေပြားရှိတော့ သူတို့ကို ဒဏ်ရာရစေသူက စားဖိုမှူးဆိုရင်တောင် ပြန်သက်သာမှာပဲ... နှစ်အနည်းငယ်ကြာရင်ပေါ့လေ။

...

အခန်း ၅၀၃ ။ စည်းကမ်းထိန်းသိမ်းရေးဆရာ

စားဖိုမှူးကလည်း အစက သူတို့ ယုန်ကိုအန္တရာယ်ပေးမှာကို တားမြစ်၊ သူတို့ထွက်ပြေးမှာကို တားဆီး၊ သူတို့ကြား တိုက်ခိုက်မှာကို တားမြစ်ဖို့သွားရင်းကနေ သူတို့ မငိုက်အောင် တားဖို့ပဲ လိုတော့တယ်။

အဲအပြင် ယုန်ရဲ့သင်ကြားရေးက စပြီးတော့ သက်ရောက်မှုရှိလာတယ်။ ယုန်ပဲဖြစ်ဖြစ် အောက်က ကောင်းကင်မျိုးနွယ်ကပဲ ဖြစ်ဖြစ် ဘယ်လိုပဲနေနေ အိပ်ဖို့မလိုဘူးလေ။ ‌ဆိုလိုတာက သင်ခန်းစာတွေကြား အနားယူဖို့ မလို။ သူတို့ နေ့နေ့ညည သင်ကြားရေးကို ဆက်လုပ်နိုင်တယ်။ ပွစိပွစိပြောတတ်သူအနေနဲ့ ယုန်က သင်ကြားရေးနဲ့ ပတ်သက်ပြီး အတော်လေး ခေါင်းကြောမာတယ်။ တကယ်လို့ သူတို့တစ်ကြိမ်တည်းနဲ့ နားမလည်ရင် ထပ်ပြောတယ်။ နှစ်ကြိမ် အလုပ်မဖြစ်ရင် ကျောင်းသားတွေ နားလည်တဲ့ထိ ၁၀ကြိမ်လောက်ပြောတယ်။

အထူးသဖြင့် ယုန်က သူတို့ သူ့ကို အန္တရာယ်ပေးလို့မရတာ နားလည်သွားတဲ့နောက် သူက သူ့ကိုယ်သူ စိတ်လွှတ်ချလိုက်တယ်။ သူ့ရဲ့ထိပ်တန်း စကားပြောစွမ်းရည်ကို ထုတ်လာတဲ့အပြင် သူ့ခံစားချက်တွေကို လည်ပတ်စေဖို့ မုန်လာဥနီကို တဂျွတ်ဂျွတ် ဝါးနေလေတယ်။ အဲအပြင် စကားနား‌မထောင်တဲ့ ကျောင်းသားတွေနဲ့ဆို သူက ရပ်ပြီး သူတို့ကို ညင်သာစွာ လမ်းညွှန်အကြံပေးတယ်...။

"ဟေး အဲဒါလုပ်လို့ ဘာအကျိုးရှိမှာလဲ၊ ဒီအစီအရင်အင်းကွက်ကို ချိုးဖောက်နိုင်မှာမဟုတ်သလို တန်ပြန်မှုပါ ခံရမယ်တာ သိသာတာပဲ၊ ဘာလို့ ဒီလို အမြတ်ထက် အရှုံးပိုခံရမဲ့ ရူးမိုက်တဲ့အရာတွေ လုပ်တာလဲ၊ ငါတို့ နည်းနည်းလောက် ပိုပြီးသင့်မြတ်ရင် မကောင်းဘူးလား၊ ငါက မင်းတို့ ဖတ်တတ်အောင် သင်ကြားဖို့ ဒီရောက်နေတာ၊ မင်းတို့ နှစ်နည်းနည်းတည်းနဲ့ အားလုံးကို အလွယ်လေး နားလည်နိုင်တယ်၊ ဆိုရိုးအတိုင်း အနာမခံရင် အသာမစံရတဲ့... ဘလာ ဘလာ ဘလာ"

"ဟမ် အဲဒီဆရာသခင်ကောင်းကင်အရှင်၊ ဘာလုပ်နေတာလဲ၊ ဘယ်လိုလုပ် ဘေးက သူငယ်ချင်းကို ကိုက်နိုင်ရတာလဲ၊ ငါတို့ပြောပြသလိုပဲ ကျင့်ကြံစဉ်မတိုင်ခင် အစာ ကင်းလွတ်ရမယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သူက မင်းနဲ့အတူ အတန်းနားထောင်တဲ့ စာသင်ဖက်ပဲ၊ ဘယ်လိုလုပ်စားနိုင်ရတာလဲ၊ နှစ်ယောက်ကြား ဘယ်လောက် အငြိုးအတေးတွေ ကြီးကြီး အခု ဒီလို ဆက်ဆံရေး လက်ဆောင်နဲ့အတူ လွှတ်ပေးဖို့ အချိန်တန်ပြီ၊ မင်းတို့သိသင့်တယ်... ဘလာဘလာဘလာ"

"အိုး သူ့ခြေထောက်ကို ကုတ်နေတဲ့ ကျောင်းသားလည်း ကျေးဇူးပြုပြီး ခြေထောက်ချလိုက်ပါ၊ မင်း ဘေးကကျောင်းသားက မေ့မျောသွားပြီဆိုတာ မမြင်ဘူးလား၊ လူတိုင်းက နတ်ဘုရားပဲ၊ ဒီနေရာမှာ စုဝေးဖို့ နှီးနွယ်မှုရှိအောင် တစ်ယောက်နဲ့ တစ်ယောက် နားလည်ပြီးလေးစားရမယ်၊ ကုတ်ဖို့ကို အတန်းချိန်ပြီးတဲ့ထိ စောင့်လို့မရဘူးလား၊ ပြီးတော့လည်း... ဘလာဘလာဘလာ"

ယုန်ရဲ့သင်ကြားရေးစံနှုန်းက အဆင့်တစ်ဆို သူ့ရဲ့စကားပြောစွမ်းရည်နဲ့ ပေါက်တတ်ကရ ပြောနိုင်စွမ်းက အဆင့်တစ်ဆယ်ပဲ။ မင်းရဲ့လူသား... မဟုတ်ပါဘူး မင်းရဲ့ နတ်ဘုရား ဖြစ်တည်မှုကို သံသယရှိလာတဲ့အထိ သေချာပေါက် နားပူနာဆာလုပ်လိမ့်မယ်"

မျိုးနွယ်စုအသီးသီးက ကျောင်းသားတွေက ဘယ်လိုဖြေရှင်းရမလဲ မသိဘဲ အံကြိတ်ရင်း အားလုံးကို နားထောင်ရတာ တစ်လောကလုံး သူ့ဗျစ်တောက်ဗျစ်တောက်ပြောမှုနဲ့ တဝီဝီမြည်နေတယ်လို့ ခံစားရတဲ့အထိပဲ။ ပို‌‌ဆိုးတာက သူတို့ကို မြန်မြန်သင်ကြားဖို့ ကူယွဲ့ စင်မြင့်ပေါ်ချထားတဲ့ အင်းကွက်တွေထဲက တစ်ခုက သူတို့အသိစိတ်နဲ့ တိုက်ရိုက်ချိတ်ဆက်နေတယ်။ သူဘာပြောပြော အောက်က ကျောင်းသားတွေရဲ့ စိတ်တွေထဲ စာတန်းထိုးလို ပေါ်လာတာပဲ။ ဒါကြောင့် သူပြောတာနဲ့ ရွှေရောင်စကားလုံးတွေက ကျောင်းသားတွေရဲ့ ဦးနှောက်တွေထဲ တစ်လုံးပြီးတစ်လုံး ဝင်ရောက်လာကြတယ်။ ရပ်လို့ မရတာမျိုးပဲ။ ဘယ်သူမှ ဒီလိုဆက်တိုက် တိုက်ခိုက်မှုကို မခံစားနိုင်ဘူး။

ဒါကြောင့် ယုန် ပါးစပ်ဟာ "အမ် အဲဒီ..." လို့ ပြောလိုက်တာနဲ့ ကျောင်းသားတွေအားလုံးက ကျယ်လောင်စွာ ငိုကြွေးကျတော့တယ်။

"ကျွန်တော်တို့ မှားသွားပါတယ် ထပ်မလုပ်တော့ပါဘူး ဆရာ၊ ကျေးဇူးပြုပြီး... ကျွန်တော်တို့ နဂိုသင်ခန်းစာတွေ ဆက်သင်လို့ရမလား"

"အင်း၊ အလားအလာရှိပြီး သင်ကြားရတာ ထိုက်တန်တယ်" ယုန်က မုန်လာဥဖြူကို ကိုက်စားရင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ်။

လုံးဝအလုပ်လက်မဲ့ ဖြစ်သွားသော စည်းကမ်းထိန်းသိမ်းရေးဆရာယိချင်း ။ ။ "..."

သူ ဆရာ ညစာလုပ်တာကိုကူညီပေးဖို့ အနောက်နန်းတော်ဆီ ပြန်တာပိုကောင်းမယ်။

ကူယွဲ့လည်း ယုန်ရဲ့သင်ကြားရေးအရည်အ‌သွေးကို အသိအမှတ်ပြုကြောင်း ဖော်ပြပြီး ဖက်တီးအပေါ် သဘောထားကတောင် တိုးတက်လာတယ်။ သူက ယုန်ကို ဒီတစ်ခုပြီးရင် တခြားသင်ခန်းစာတချို့ပါ ဆက်သင်ခွင့်ပြုဖို့ စဉ်းစားနေတယ်။ ဟုတ်တာပေါ့၊ သူ့ရဲ့ထူးချွန်တဲ့ဝန်ထမ်းအတွက် အနောက်တောင်မှာ မုန်လာဥနီတွေ စိုက်ပျိုးဖို့ မြေကွက်တောင်းဆိုချက်ကို အဆင်သင့်သဘောတူလိုက်တယ်။

ဟုန်မုန့် ။ ။ "..." မြေကွက်က သူပိုင်တာလိုပဲနော်။

ယုန်ရဲ့သင်ခန်းစာက ၃နှစ်တာ ကြာမြင့်သွားခဲ့ပြီး သူ့ရဲ့ နေ့နေ့ညည ဇွန်းခွံ့ကျွေးတဲ့ သင်ကြားရေးနည်းလမ်းတွေကြောင့် နောက်ဆုံးတော့ ဒီစာမတတ်ပေမတတ် လူသောင်းချီကို ဘာသာစကားမှာ အတော်လေး ခိုင်မာတဲ့အုတ်မြစ်ကို ပေးခဲ့တယ်။ အထူးသဖြင့် ယုန်က သူတို့ကို အကြိမ်တိုင်း ကျိုးကြောင်းပြောတဲ့ နောက်ပိုင်းအဆင့်မှာ အားလုံးက အင်မတန်စိတ်လှုပ်ရှားပြီး အချိန်အများစုမှာ ယုန်က တစ်ခေါက်သာ ရှင်းပြဖို့လိုကာ တစ်ယောက်ချင်းစီက ကျွမ်းကျင်စွာ လိုက်ပြောနိုင်တယ်။ မဟုတ်ရင် ယုန်က အကြိမ်တစ်ရာလောက် ပြန်ကျော့ဖတ်ပြမှာလေ...။

ကူယွဲ့လည်း တခြားသင်ခန်းစာတွေ သင်ကြားဖို့ အချိန်လို့ ခံစားလာရတယ်။ ဒါကြောင့် နေရာမှာတင် တစ်ရက် နားခွင့်ပေးပြီး မနက်ဖြန်ကျ သူသင်ဖို့အလှည့်။

ယုန်က စင်မြင့်ပေါ်က ဆင်းသွားချိန်မှာတင် နေရာက ကောင်းကင်မျိုးနွယ်ဝင်တွေအားလုံး တူတူ သက်မချကုန်တယ်။ သူတို့ နှစ်ချီ မတ်ထားတဲ့ကျောပြင်တွေက တစ်ခါတည်း ညွတ်ကျကုန်လေရဲ့။ တချို့ဆို ရုတ်တရက် အနားရတဲ့ဖိအားကိုတောင် မခံနိုင်ဘဲ မေ့မျောကုန်တယ်။

ကြောက်စရာကောင်းလွန်းတယ် ဓားကိုင်တဲ့တစ်ယောက်ထက် ကြောက်ဖို့ကောင်းတာ။ ယုန်ဆိုတဲ့ မျိုးနွယ်က ဒီလိုကြောက်စရာကောင်းတဲ့ မျိုးနွယ် ဖြစ်နေတာလား။ နတ်ဘုရားတွေအားလုံး ကြောက်လန့်မှုနဲ့ တုန်ယင်ကုန်လေရဲ့။

အဲချိန် အတန်းပြီးသွားတဲ့ယုန်ကတော့ မုန်လာဥနီတွေ သွားစိုက်ဖို့ သူ့ညီနောင်ဖက်တီးကို ပျော်ရွှင်စွာ ဆွဲခေါ်သွားပြီ။ ဘယ်လိုပဲဖြစ်ဖြစ် သူ၃နှစ်လောက် စားနေတာဆိုတော့ သိုလှောင်ထားတာက ဗလာကျင်းကုန်ပြီ။

ကူယွဲ့ နဂိုကတော့ နောက်တစ်နေ့ သင်ခန်းစာစတင်ဖို့ စီစဉ်ခဲ့ပေမဲ့ မေ့သွားတဲ့နတ်ဘုရားတွေ ရှိပြီး တချို့က ပြန်မနိုးလာသေးတာ သိသွားတော့ နောက်တစ်နေ့ဆီ ရွှေ့ရုံပဲရှိတော့တယ်။ သူတို့တွေ တတိယနေ့မှာ သူတို့ ဒုတိယသင်ခန်းစာကို စတင်ခဲ့ရတယ်။

ဒီတစ်ကြိမ် သူ ကိုယ်တိုင်သင်ကြားနေပြီး ပထမဆုံးသင်ခန်းစာကတော့ အသွင်လဲတာ။ လူတိုင်းက ကောင်းကင်မျိုးနွယ်ဖြစ်ပြီး နဂိုတည်းက အသွင်ပြောင်းသိုင်း ပါလာပေမဲ့ ပိုကြီးတာ ပိုသေးတာဆီ ဒါမှမဟုတ် မတူတဲ့အရောင်ပြောင်းတာဆီပဲ ကန့်သတ်ထားတယ်။ ဥပမာအနေနဲ့ အခုလက်ရှိ နေရာကလူအားလုံး သူတို့ကိုယ်သူ ပိုပြီးသေးတဲ့ပုံစံတွေအဖြစ် ဖိနှိပ်ထားခဲ့တာ။ မဟုတ်ရင် သူတို့ ဆံ့မှာတောင် မဟုတ်ဘူး။

ဒါပေမဲ့ တစ်ယောက်မှ အသွင်မလဲနိုင်ဘူး။ အသွင်လဲတယ်ဆိုတာ လူပုံစံအဖြစ် အသွင်လဲတာကို ပြောတာ၊ မှော်အတတ်လိုမျိုး ယာယီပုံစံလုပ်ရုံသက်သက် မဟုတ်ဘဲ ခန္ဓာကိုယ်နဲ့ တစ်ကိုယ်လုံးက သွေးကြောတွေကို ပြောင်းလဲပစ်တာမျိုး။ သူတို့ လူအသွင်လဲရမဲ့အကြောင်းရင်းက ကျင့်ကြံဆင့်ကို လေ့ကျင့်ဖို့အတွက် အကောင်းဆုံးပုံစံပဲ။ လူတွေက ပုံမှန်အားဖြင့် 'တာအိုကိုယ်ခန္ဓာ' လို့ပြောကြတယ်။ 'တာအိုခန္ဓာကိုယ်' အဖြစ် အသွင်ပြောင်းတာက တာအိုထဲဝင်ရောက်ဖို့ ပထမဆုံးခြေလှမ်းပဲ။

ကူယွဲ့က ယုန်ထက် အများကြီးပိုဒဲ့တိုးဆန်ပြီး ဂါထာတစ်ခုဖန်တီးကာ အသွင်လဲသိုင်းကို လူတိုင်းရဲ့ အသိစိတ်ထဲ ပို့ပေးပြီး ညွှန်ကြားချက်ထည့်ခဲ့တယ်။

"မင်းတို့အားလုံး ကိုယ့်ဘာသာ ဒီနည်းလမ်းပေါ် အခြေခံပြီး ကျင့်ကြံကြ၊ ငါ ငါးရက်နေရင် ပြန်လာစစ်မယ်"

လူတိုင်း အစကတော့ အရမ်းပျော်နေတာပေါ့။ ဒီဆရာအသစ်က ဆရာယုန်ထက် အများကြီး ပိုတဲ့တိုးဆန်မယ် မထင်ခဲ့ဘူး။ သူတို့တွေ ယုန်က သူတို့အသိစိတ်ထဲ စကားတွေအဆက်မပြတ်ပို့နေတဲ့ နာကျင်မှုကို သည်းခံစရာ မလိုတော့ဘူး။ သူတို့ နောက်ဆုံးတော့ မျှော်လင့်ချက်ရောင်ခြည် မြင်ပြီထင်ခဲ့တာ ငါးရက်အကြာ ငရဲထဲပြန်မကျခင်ထိပေါ့...။

သူတို့ ကူယွဲ့ပြောတဲ့ စစ်ဆေးမှုက တစ်ယောက်ချင်းစစ်ဆေးမှုလို့ တစ်ခါမှမစဉ်းစားဖူးဘူး။ သူတို့ အသွင်လဲတာကို ကျရှုံးရင် မကျွမ်းကျင်မချင်း ပြန်လုပ်ရတယ်။ အဲဒါတင်မက အသွင်လဲမှုမပေါ် သူ့တောင်းဆိုမှုကလည်း အတော်လေး စည်းကမ်းတင်းကြပ်တယ်။ ခြေလက်လေးချောင်းဖန်တီးပြီး သူတို့နဂိုပုံစံကို ဖုံးကွယ်ထားရုံနဲ့ မလုံလောက်။ အရပ်အရမ်းရှည်လွန်း၊ ပိန်လွန်း၊ ဝလွန်း၊ ပုလွန်း၊ ရုပ်ဆိုးလွန်းလို့မရ။ အမွှေးနည်းနည်းလေး ဝတ်ရင်တောင် ကျရှုံးတယ် အရုပ်ဆိုးတဲ့အဝတ်အစား ဝတ်ရင်တောင် ကျရှုံးတယ်

အားလုံး ။ ။ "..."

ဒီဆရာက အရင်တစ်ယောက်ထက် ပိုရူးတာကို နားလည်သွားချိန် သူတို့ဘာလုပ်ရမလဲ။ သူတို့ အသည်းအသန် အကူအညီတောင်းခံတော့တာပေါ့ သေရေးရှင်ရေးပါနေတဲ့ အမျိုးအစားမျိုး

ဘယ်သူမှ မတွန်းလှန်တာမဟုတ်ဘဲ ဘာလို့လဲဆိုတော့... သူတို့ သူ့ကို အနိုင်မယူနိုင်တာ

○| ̄|_

တစ်နေ့ကို အကြိမ်ရေတစ်ရာလောက် အသွင်လဲဖို့ ဖိအာပေးခံရတော့ သေချာပေါက် တိုက်ခိုက်ချင်တဲ့အထိ တရှူးရှူးတရှဲရှဲ ဖြစ်တဲ့ ကျောင်းသားတွေ အများကြီးပေါ့။ ဒါပေမဲ့ သူတို့ သူ့ရှေ့ နှစ်မီတာတောင် မရောက်ခင် မြေကြီးပေါ် အပုံလိုက် ထုထောင်းခံရပြီးပြီ။ သူက တကယ်ပဲ ဆရာယုန်လို ဗျစ်တောက်ဗျစ်တောက် မပြောဘဲ အဆိပ်ကို သုံးတာ။

"ဒီလို ရုပ်ဆိုးတဲ့အသွင်ကိုပြောင်းပြီး ငါ့ကိုလာပြရဲသေးတယ်ပေါ့၊ မင်းကိုယ်မင်း ပြန်တည်ဆောက်ဖို့ပါ ငါကူညီပေးရမှာလား၊ ပြန်လုပ်"

"မင်း နဂိုပုံစံက ဝက်လား၊ မင်းကိုယ်မင်း အဲလောက်ဝအောင်လုပ်ပြီး မျိုးနွယ်ပြောင်းဖို့လား၊ မင်းကျေနပ်အောင် သံသရာဆီ ပြန်ပို့ပေးဖို့ရောလိုလား၊ ပြန်လုပ်"

"ဒီမျက်နှာက စောနက ငှက်စိမ်း အသွင်လဲခဲ့တဲ့ဟာမလား၊ မင်းလိုသမင်က တခြားသူတွေရဲ့ ဝမ်းကွဲလို့ ကြုံရာကျပန်းခေါ်ဖို့လုပ်နေတာလား၊ ပြန်လုပ်"

"ပြီးတော့ မင်းတို့နှစ်ယောက်က ဘာလို့ အဲလောက်ဆင်နေရတာလဲ၊ ငါ့ရှေ့စုံတွဲမျက်နှာတွေ အသွင် လာလဲနေတာလား၊ ငါတောင် ဈေးဦး မပေါက်သေးတာ၊ မင်းတို့ ငါ့ရှေ့ စုံတွဲအဖြစ် ဟန်ဆောင်ဖို့ ဘာအခွင့်အရေးရှိလဲ၊ ပြန်လုပ်"

...

အခန်း ၅၀၄ ။ မသင်ရင်စားခံရ

အဆုံးမှာတော့ ကူယွဲ့က သူတို့ရဲ့ အသွင်လဲမှုညံ့ဖျင်းမှုအပေါ် အထင်အမြင်ရှိလို့လား၊ ထုထောင်းရတာ ပင်ပန်းသွားလို့လားမသိ အေးစက်စွာ ပြောလာတယ်။

"မင်းတို့တွေ သေချာတောင် အသွင်မလဲနိုင်တာ အများဆုံးမှ မင်းတို့က လူတွေ စားတာခံရမဲ့ တိရစ္ဆာန်လေးတွေပဲ ဖြစ်နိုင်မယ်"

အစကတော့ မျိုးနွယ်စုတွေက သူ ဘာဆိုလိုလဲမသိ။ နောက်‌တစ်နေ့ရောက်တော့ သူက စားဖိုမှူးကို မီးဖိုချောင်ကို ဧည့်သည်ခန်းဆောင်က နေရာလွတ်ဆီ ရွှေ့စေလိုက်တယ်။ မျိုးနွယ်စုတွေရှေ့ သူက သူတို့မျိုးနွယ်ဝင်တွေရဲ့ အလောင်းတွေကို ထုတ်ပြီး ကျွမ်းကျင်စွာနဲ့ ရေကိုတည်၊ အမွှေးနုတ်၊ အူတွေကို သန့်စင်၊ နုပ်နုပ်စဉ်းပြီး ကြွပ်ကြွပ်ကြော်တော့တယ်...။

သိပ်မဝေးတဲ့နေရာက စားပွဲမှာ အနီရောင်ဝတ်စုံဝတ်ထားပြီး တူနဲ့ ပန်းကန်လုံးကို ခေါက်နေရင်း ရံဖန်ရံခါ မေးခွန်းတွေ ထုတ်နေတဲ့ လူတစ်ယောက်ရှိနေတယ်။

"စားဖိုမှူး၊ ဟင်းကျက်ပြီလား၊ ငါ အရမ်းဗိုက်ဆာနေပြီ" ဟူး၊ မီးဖိုချောင်ရွှေ့လိုက်တာ သူမ စားသောက်မဲ့အချိန် တစ်မိနစ်တောင် နောက်ကျသွားပြီ။

"ဟုတ်ကဲ့ဆရာ ချက်ချင်းရပါပြီဆရာ" ယိချင်းက သူ့အကြော်အလှော်ကို အရှိန်မြှင့်လိုက်တယ်။

မျိုးနွယ်စု‌တွေ အကုန်တုန်ယင်ကုန်ပြီး သူတို့နှလုံးသားထဲထိ ကြက်သီးထကုန်တယ်။ ဆရာပြောသွားတဲ့ 'စားခံရတဲ့ တိရစ္ဆာန်လေးတွေ' ဆိုတာ တကယ်ပဲ၊ သူတို့တကယ် အစားခံရမှာ။

(; ́༎ຶД༎ຶ`)

ကြောက်စရာကောင်းလိုက်တာ မေမေ သားအိမ်ပြန်ချင်တယ်။ ဟင့်အင်း ဟင့်အင်း ဆရာ ကျွန်တော် အတန်းတက်ချင်တယ်။

ရုတ်တရက် မျိုးနွယ်စုတွေအားလုံး သူတို့ရဲ့အရင် ဆရာ ဆရာယုန်ကို လွမ်းလာကြတယ်။

နားပူနာ‌ဆာ လုပ်ခံရတာက စားခံရတာထက်တော့ သာတယ်။ ပိုပြီးကြောက်ဖို့ကောင်းတာက သူတို့တောင်... အနံ့ကနည်းနည်း သွားရည်ယိုစရာကောင်းတယ် ခံစားရတာ။

အချိန်မရွေး စားခံရနိုင်တဲ့ဖြစ်နိုင်ခြေအောက် မျိုးနွယ်စုတွေက သူတို့ရဲ့အသက်ကို လောင်းကြေးထပ်ပြီး သင်ကြားရေး စတင်ရတော့တယ်။ သူတို့ ယုန်ဆီကနေ သင်ယူခဲ့တုန်းက‌ထက်တောင် အားထုတ်ကြတော့တယ်။

ကူယွဲ့နေ့စဉ် သတ်မှတ်ပေးတဲ့ အနားယူချိန်တွေမှာတောင် သူတို့က လေ့ကျင့်ဖို့မမေ့။

ယုန်က ဖြတ်သွားဖြတ်လာ လာချိန်မှ သူတို့အားလုံး သူ့ဆီ တမ်းတတဲ့အကြည့်တွေ လှမ်းကြည့်ကြတော့တယ်။

အင်မတန် ဇဝေဇဝါ ဖြစ်သွားသောယုန် ။ ။ "..."

အင်း ဒါက လွမ်းဆွတ်တမ်းတနေတဲ့ ကျောင်းသားကောင်းတစ်သုတ်ဖြစ်နိုင်တယ်။

ဆိုရိုးရှိသလိုပဲ ဖိအားနဲ့ဆို စိတ်အားထက်သန်မှုလည်းရပြီး နှစ်နှစ်အတွင်းမှာတင် ကောင်းကင်မျိုးနွယ်ရဲ့ ကျောင်းသားတွေအားလုံး အသွင်လဲမှုကို ကျွမ်းကျင်သွားကြတယ်။ နဂိုက စနစ်မကျတဲ့ ကွင်းပြင်က ချက်ချင်း ချောမောတဲ့အမျိုးသားတွေ၊ လှပတဲ့အမျိုးသမီးတွေနဲ့ ပြည့်သွားခဲ့တယ်။ လူတစ်ယောက် လှမ်းကြည့်လိုက်ရင် ကြယ်တွေလွှမ်းနေတဲ့ကွင်းပြင်နဲ့ တူပြီး ကောင်းကင်မျိုးနွယ်တွေရဲ့ ကြည့်ကောင်းတဲ့ရုပ်ရည်စံနှုန်းကို အရင်းအမြစ်ကနေ မြှင့်တင်ပေးခဲ့တယ်လို့ပြောနိုင်တယ်။

အဲအခိုက်အတန့်ကစပြီး ကူယွဲ့က တရားဝင် ကျင့်ကြံရေးနည်းလမ်းတွေကို သင်ကြားပေးတော့တယ်။ တကယ်တော့ ကောင်းကင်မျိုးနွယ်ရဲ့ ကိုယ်ကာယပိုင်းက နဂိုတည်းက အားကြီးပြီးသား၊ ထပ်ပြီးတိုးတက်စရာ သိပ်မရှိဘူးပေါ့။ ကွာခြားချက်က သူတို့ကိုယ်ပိုင်စွမ်းရည်တွေကို ကျိုးသင့်ကြောင်းသင့် ပြေပြေပြစ်ပြစ်နဲ့ ဘယ်လိုအသုံးချမလဲဆိုတာပဲ။ ကူယွဲ့ သင်ပေးချင်တာက ကောင်းကင်မျိုးနွယ် ကျင့်ကြံစဉ်ထဲက အသက်ရှူသိုင်း။ ဒီကောင်းကင်မျိုးနွယ်တွေက ပထမဆုံး သက်ရှိသတ္တဝါတွေမို့ သူတို့ကိုယ်ထဲက ကသောင်းကနင်း အရှိန်အဝါကို ဖယ်ရှားဖို့လိုပြီး သူတို့ကောင်းကင်စွမ်းအင်ကို သန့်စင်ဖို့ အသက်ရှူခြင်းကို လေ့ကျင့်တာက ကသောင်းကနင်း အရှိန်အဝါကို သူတို့ကိုယ်ထဲကနေ ဖယ်ရှားနိုင်လိမ့်မယ်။ တစ်ယောက်ချင်းစီ အဲလောက်ဒေါသထွက်ပြီး သွေးဆာနေတာက သူတို့ကိုယ်ထဲ ကသောင်းကနင်း အရှိန်အဝါရှိလို့ပဲ။ တခြားမျက်နှာပြင်ပေါ်က ကောင်းကင်မျိုးနွယ်တွေကြား ဒီလိုခံစားချက်တွေကို မမြင်ရသလောက်နီးပါးပဲ။

တာအိုကိုယ်ထဲ အခု အသွင်လဲနိုင်သွားတဲ့ ကောင်းကင်မျိုးနွယ်တွေဆီ ဒါတွေအားလုံးက မခက်ခဲ။ ကူယွဲ့ သူတို့ကို တစ်ခါ သင်ကြားပေးပြီးတော့ မှတ်သားစရာ အဓိကသော့ချက်တွေအားလုံးကို စာရင်းလုပ်ပြီးရင် သူတို့က နားလည်သွားပြီဖြစ်ကာ သူတို့ကိုယ်ထဲက ကသောင်းကနင်းအရှိန်အဝါက လျော့ကျလာတယ်။

ဒါပေမဲ့ ဒါက အင်မတန် ရှည်ကြာတဲ့လုပ်ငန်းစဉ်ဖြစ်ပြီး ငြိမ်ကျသွားဖို့ စိတ်ရှည်မှုနဲ့ ဆန္ဒအများကြီး လိုအပ်တယ်။ သေချာပေါက် သင်ကြားရေးအသင်းအတွက် မျိုးနွယ်တွေက စိတ်ရှည်မှုနဲ့ ဆန္ဒရှိပ့ါမလား မသိပေမဲ့ သေချာပေါက် ငြိမ်ကျအောင်တော့လုပ်နိုင်တယ်။

လူတွေ အကျယ်ကြီး စာဖတ်သံ၊ ငိုယိုနေသံတွေပြည့်နေတဲ့ အရင်အတန်း၂ခုနဲ့ယှဉ်ရင် ဒီတစ်ကြိမ်သင်ကြားရေးကွင်းတစ်ခုလုံး တိတ်ဆိတ်နေတယ်။

ကူယွဲ့ အားယားနေတော့ သူ့ကောင်းကင်စိတ်အာရုံကိုသုံးပြီး ကွင်းပြင်ထဲက ကျောင်းသား သောင်းချီကို ကောင်းကောင်း တစ်ချက်ကြည့်လိုက်တယ်။ သူ ဒီကောင်းကင်မျိုးနွယ်တွေက မျိုးနွယ်စုတွေကြား ကွဲပြားနေသေးတယ်ဆိုတာ သိလိုက်ရတယ်။ အတင်းအကြပ် သင်ယူဖို့စေခိုင်းခံရပြီး အများဆုံး ဆိုးဆိုးဝါးဝါး ထုထောင်းခံရတဲ့ ခေါင်းဆောင်၁၂ယောက်ကလွဲ တခြားကောင်းကင်မျိုးနွယ်တွေရဲ့ ကျင့်ကြံဆင့်က အမြင့်ဆုံး မဟုတ်ဘူး။

ရွှေနဂါးတွေက နဂါးမျိုးနွယ်ထဲ အကြည်ညိုခံဖြစ်ချိန် နဂါးနက်တွေကတော့ အန်မ့်ဆုံးဖြစ်ကာ ရေနေသတ္တဝါတွေအားလုံးက နဂါးဖြစ်‌လာအောင် ကျင့်ကြံဖို့ အခွင့်အရေး ရှိတယ်။ အတောင်ပံကိုးခုနဲ့ ဇာမဏီတွေက ဇာမဏီမျိုးနွယ်ထဲ အသန်မာဆုံးဖြစ်ပြီး အမြင့်ဆုံးသတ်မှတ်ခံရချိန် အတောင်၁ခု၁ခု ဇာမဏီတွေကတော့ မျိုးနွယ်ထဲကလို့ သတ်မှတ်ပေမဲ့ အဆင့်တော့ မတူဘူး။ ဒီကောင်းကင်မျိုးနွယ်တွေမှာလည်း အတူတူပဲ။ ခုမြင်ရတဲ့ ကွာခြားချက်တွေဆိုလို့ သူတို့က အကြမ်းထည်ခွန်အားကိုသာ သုံးပြီး နည်းစွမ်းရည်တွေ သိပ်မပါဘူး။ ဒါကြောင့် သူတို့တစ်ပြိုင်နက် တိုက်ခိုက်တာတောင် စားဖိုမှူးနှိမ်နင်းတာကို အလွယ်လေးခံခဲ့ရတာပဲ။

ကျင့်ကြံဆင့်တချို့တလေ သိတဲ့သူတွေက ပြန်လည်ဝင်စားလာတဲ့၁၂ယောက်ပဲ ရှိတယ်။ သူတို့က မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားခဲ့ပေမဲ့ ကျင့်ကြံစဉ်တွေကို ထိန်းရင်း ပြန်လည်ဝင်စားခဲ့တာမို့ သူတို့တွေက တခြားသူတွေ မသိတဲ့ သိုင်းတချို့တော့သိတယ်။ ဒါကလည်း သူတို့ လက်ချင်းတွဲပြီး ဟုန်မုန့်ကို နိုင်ခဲ့တဲ့အကြောင်းရင်းပဲ။

ဒါကြောင့် သူတို့ကို ဘယ်လိုကျင့်ကြံရမလဲနဲ့ သူတို့ရဲ့ ကိုယ်ကာယပိုင်းစွမ်းအားကို တိုက်ရိုက် သင်ကြားပေးတာနဲ့ယှဉ်ရင် သူတို့ကို ကောင်းကင်တာအိုအကြောင်း အသိဝင်စေကာ နားလည်စေတာ ပိုကောင်းမယ်။ တကယ်တော့ ကောင်းကင်တာအိုပဲဖြစ်ဖြစ် ဥပဒေတွေပဲဖြစ်ဖြစ် သူတို့က ကမ္ဘာတစ်ခုလုံး လည်ပတ်ပြီး အဆက်မပြတ် ဘဝသံသရာဖြစ်စေဖို့ အနိမ့်ဆုံးလိုအပ်ချက်တွေပဲ။ ဒါက ဒီမျက်နှာပြင်ရဲ့ အောက်ခြေလိုအပ်ချက်ဖြစ်တာကြောင့် ဒီအတွင်း သက်ရှိသတ္တဝါအားလုံးကို ကာကွယ်ထားပြီး မျိုးပွားကာ သံသရာကိုဖြတ်သန်းပြီး ပြန်ရတယ်။ မင်းတို့ မဟာတာအိုလမ်းထောင်ချီထဲက ရွေးချယ်နိုင်ပေမဲ့ ဒီအခြေခံစည်းမျဉ်းကိုတော့ သွားထိလို့မရဘူး။

ဥပမာအနေနဲ့ ကျူးကျော်သူတွေလို ဒါမှမဟုတ် တော်ဝင်အထွတ်အမြတ်ဂိုဏ်းလို တက်လှမ်းမှုမှာ ကလိမ်ကျတာ ဒါတွေအားလုံးကို ခွင့်မပြုထားဘူး။ ပထမတစ်ခုက မျက်နှာပြင်ရဲ့မတည်ငြိမ်မှုကို ဖြစ်စေပြီး ဒုတိယကတော့ သံသရာကို နှောင့်ယှက်လိမ့်မယ်။ ကောင်းကင်တာအိုက အဲဒီကမ္ဘာငယ်လေးကို ပိတ်ခဲ့ရတဲ့အကြောင်းရင်းက ဖက်တီးက မိစ္ဆာနတ်ဘုရား ဖြစ်ခဲ့ဖူးလို့ နေနေသာသာ ဒီလိုတက်လှမ်းမှုနည်းလမ်းက ကောက်ကျစ်ပြီး ယုတ်ပဲ့တာကြောင့်တင် မဟုတ် သူတို့က သံသရာရဲ့စည်းချက်ကို နှောင့်ယှက်ခဲ့ပြီး ဝိညာဉ်တွေကို မြေအောက်ဘုံဆီ မသွားဘဲ တိုက်ရိုက် ပြန်လည်ဝင်စားစေခဲ့တာကြောင့်မို့ပဲ။

ပြီးတော့ ဒီလို ဆက်ဆံခံရတာ သေချာပေါက် ဖက်တီးတစ်ယောက်တည်းတင် မဟုတ်ဘူး။ အဲဟော်ရန်နန်းက ဝိညာဉ်နုတ်ဆေးလုံးတွေနဲ့ ရောထားတဲ့ သက်စောင့်ဆေးတွေကို လုပ်နေတာက အကောင်းဆုံးသက်သေပဲ။ သူတို့က ဒါတွေကို ဂိုဏ်းအသီးသီးဆီတောင် ဖြန့်ခဲ့သေးတယ်။ ဒီလိုနည်းနဲ့ဆို သူတို့သေသွားရင်တောင် အားလုံးက တူညီတဲ့ဒီကမ္ဘာငယ်လေးမှာပဲ ပြန်လည်ဝင်စားဖို့ တူညီတဲ့ နည်းလမ်းကို သုံးကာ သူတို့ကျင့်ကြံခြင်းခရီးစဉ်ကို ရှေ့ဆက်ရုံပဲ။ သူတို့ကြားထဲ ဖက်တီးရဲ့ အသွေးအသားကို ဘယ်သူအရင်သုံးစွဲမလဲဆိုတာ ဆုံးဖြတ်ဖို့ အဆင့်စာရင်းတောင် ရှိနိုင်တယ်။

ဒီလိုနည်းနဲ့ သူတို့က ကောင်းကင်တာအိုရဲ့ သည်းခံနိုင်စွမ်းကို အတော်လေး ချိုးဖောက်ခဲ့တာမို့ ဘုံတံခါးကို တန်းချိပ်ပိတ်ခဲ့တယ်။ မင်းတို့ တက်လှမ်းချင်တာမဟုတ်လား။ ဒါဆို တစ်ယောက်မှ အဲလိုလုပ်ခွင့် မရစေရဘူး။ မြေအောက်ကမ္ဘာကို ဖြတ်မသွားတဲ့လူတွေက သူတို့ဝိညာဥ်ကို သူတို့ ပင်ပန်းကုန်ခမ်းစေမှာမို့ ဒီကမ္ဘာငယ်လေးထဲက မူမမှန်မှုတွေကို သတိမထားမိရင်တောင် အချိန်ကြာလာရင် ဒီသူ့သည်းခံနိုင်စွမ်းကို ချိုးဖောက်တဲ့လူတွေကို ထာဝရ ပျောက်ကွယ်သွားခွင့် ပြုလိုက်လိမ့်မယ်။

ဒါကိုစဉ်းစားမိတော့ ကူယွဲ့ စိတ်အေးသွားပြီး သက်ပြင်းချလိုက်တယ်။ သူအခု ဒီအစာကွင်းဆက်ထိပ်မှာ မွေးလာတဲ့ ကောင်းကင်မျိုးနွယ်တွေကို ဘာ‌သင်ပေးရမလဲ သိခဲ့ရတယ်။ သေချာပေါက် သူက ကောင်းကင်တာအိုက ဘာလဲဆိုတာတော့ တိုက်ရိုက် မရှင်းပြနိုင်ဘူးပေါ့။ သူ အရင်မျက်နှာပြင်က ကောင်းကင်တာအိုရဲ့ စည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး သဘောတရားတွေအားလုံးကို ပြန်စဉ်းစားကာ ရှန်းရင် အရင်ကတွေ့ခဲ့တဲ့ တာအိုနဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ကို တွေးပြီး သူ့စကားလုံးတွေကို စီပြီးမှ တာအိုအကြောင်း သင်ကြားရေးစတယ်။

သူ တစ်ခုချင်းအားလုံးကို ရှင်းပြတယ်။ ကောင်းကင်တာအိုကစလို့ သက်ရှိသတ္တဝါများတာအို၊ လူသားတာအို၊ အဆုံးသတ်တာအို။ နောက်တော့ သူ ထောင်တျဲ့ချင်း၊ မဟာငြိမ်းချမ်းရေးကျမ်း၊ တာ့တောက်လွင်နဲ့ အသွင်ထိန်းဖို့ တခြားရှေးဟောင်းစာပေနဲ့ပတ်သက်တဲ့ စာအုပ်တချို့ကိုတွေ့ခဲ့တယ်။ သူကသေချာဖတ်ပြီးတာနဲ့ သူတို့နားမလည်မှာစိုးတဲ့အတွက် အရပ်သားအသုံးတွေနဲ့ အသေးစိတ် ရှင်းပြတယ်။

All Chapters